Chapter 40
Vol. 4 Ch. 40
ကျန်းယွီသည် သူမအင်္ကျီကော်လံများနှင့် မျက်ရည်များကို သုတ်လိုက်ပြီး ပြုံးလိုက်သည်။
“ငါ နင်နဲ့အတူသွားမယ်”
ဒီလိုဖြင့် သူမသည် သူ့ကိုဆေးရုံခေါ်သွားလိုက်သည်။ ဆရာဝန်ကတော့ ကြည့်လိုက်တာနဲ့ ဒါမီးပန်းပေါက်တာ မဟုတ်ဘူးဆိုတာကို ကျိန်းသေသိလေသည်။
သို့သော်လည်း ကံကောင်းထောက်မစွာဖြင့် ကျန်းယွီသည် သူထိခိုက်သွားလားဆိုတာနှင့် အမာရွတ်ကျန်မလားဆိုတာကိုသာ စိတ်ပူနေတာဖြစ်လို့ နှိုက်နှိုက်ချွတ်ချွတ် မမေးခဲ့ချေ။
ဒေါက်တာသည် သူ့အတွက်လိုအပ်သည့် ဆေးဝါးများကို အညွှန်းစာရေးပေးလိုက်ပြီး သူနာပြုအား ဒဏ်ရာကို ပတ်တီးစည်းခိုင်းလိုက်သည်။
ဆေးရုံကထွက်သည်နှင့် ချူးလီသည် ဖိနပ်ဆိုင်ကို သွားလိုက်သည်။ မူရင်းဖိနပ်နှင့် တစ်ထပ်တည်းတူသည့် ဖိနပ်ကြိုးများကို ယူလိုက်ပြီး ဖိနပ်ပြင်ဆရာအား ဖိနပ်ကိုပြန်ပြင်ခိုင်းလိုက်သည်။
ဖိနပ်ပြင်ဆရာသည် လယ်သာရှေ့ဖုံးခါးစည်းလေး ဝတ်ဆင်ထားပြီး ထိုင်ခုံတွင် ထိုင်နေကာ ဖိနပ်များကိုယူ၍ ကြည့်လိုက်သည်။ ထို့နောက် မျက်မှောင်ကြုံ့၍ ပြန်ပြောလိုက်သည်။
“ဘယ်လိုလုပ်ပြီး ဒီလိုမျိုး ကျွမ်းသွားရတာလဲ”
“ပြင်လို့ရနိုင်လား"
“ကြည့်စမ်းပါဦး.. အကုန်မီးကျွမ်းနေတာ။ ကြည့်ရတာမကောင်းတော့ဘူး။ လူငယ်ပဲကို ဒါကြီးပြန်မဝတ်သင့်တော့ဘူး”
“ကျေးဇူးပြုပြီး ပြင်သာပြင်ပေးပါ.. ပိုက်ဆံဘယ်လောက်ပဲကျကျ”
ဒါကိုကြားတော့ ကျန်းယွီလည်း မနေနိုင်တော့ဘဲ ဝင်ပြောလိုက်ရသည်။
“ထားလိုက်ပါတော့.. ဒီ့ထက်ပိုကြည့်လို့ကောင်းတဲ့ တစ်ရံ ငါအသစ်ပြန်ဝယ်ပေးပါမယ်”
“ငါဒီတစ်ရံကို လိုချင်တာ”
သူမသည် သူ၏ခေါင်းမာသောလေသံကို နားထောင်လိုက်ပြီး ဒီကောင်လေး ခေါင်းကြောမာပုံက ဘယ်သူမှ ဖြောင်းဖြလို့ရမှာ မဟုတ်ကြောင်းကို သိလေသည်။
ဖိနပ်ပြင်ဆရာသည် ဖိနပ်ကို တတ်နိုင်သလောက် ကော်နှင့်ပြန်ကပ်ပေးလိုက်ပြီး လောင်ကျွမ်းသွားသောနေရာများကို တစ်ခြားအရောင်များနှင့် ပြန်အစားထိုးပေးလိုက်သည်။ ကြည့်ရတာ ကြမ်းထော်ပြီး ရိုးရှင်းနေပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် စီးလို့တော့ ရသွားပေသည်။
ချူးလီသည် ပိုက်ဆံပေးလိုက်ပြီး ထိုင်ခုံအသေးလေးတွင် ထိုင်လိုက်ကာ ထိုဖိနပ်များကို စီးကြည့်လိုက်သည်။
ကျန်းယွီသည် ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး သူ့လက်ထဲက ဖိနပ်ကြိုးများကိုယူကာ သေချာလေး ဖဲပြားပုံစံ ချည်ပေးလိုက်လေသည်။
“ကြည့်လို့ကောင်းသေးတာပဲ”
သူမသည် ဖိနပ်လေးများကိုကြည့်ပြီး ချူးလီကိုမော့ကြည့်လိုက်သည်။ သူမ၏ မျက်ဝန်းထောင့်လေးများမှာ လလေးအတိုင်းပင်။
“ငါ့ကောင်လေးက ဘာပဲဖြစ်ဖြစ် အကုန်ကြည့်ကောင်းနေတော့တာပဲ”
သူမပြောလို့မပြီးသေးခင်မှာပဲ ချူးလီသည် သူမ၏မေးလေးကို ပင့်လိုက်ကာ သူမ၏နဖူးလေးကို နမ်းလိုက်တော့သည်။
သူမ,မကြိုက်တာကိုလုပ်မိမှာ ကြောက်နေသဖြင့် အတော်လေးကို ဖွဖွလေးဖြစ်ပေသည်။ ထို့အပြင် သူမကလည်း သူ့ကိုနောက်ထပ် ကုတ်ရာခြစ်ရာများ ပေးလိုက်မိမည်ကို ကြောက်နေတာဖြစ်ပေသည်။
ချူးလီသည် နမ်းပြီးသည်နှင့် မလုံမလဲဖြစ်ပြီး သူမကိုချက်ချင်းလွှတ်လိုက်ကာ ဆိုင်ထဲကနေ ကမူးရှူးထိုးပြေးသွားလေတော့သည်။
ကျန်းယွီသည် မတ်တပ်ထရပ်လိုက်ပြီး သူ့ကိုအော်ပြောလိုက်ရတော့သည်။
“ဘာလို့ပြေးသွားတာလဲ?”
ဖိနပ်ပြင်ခမှာ မပေးရသေးပေ။
ကျန်းယွီသည် ငွေချေရန် ကုတ်ကို စကန်ဖတ်လိုက်သည်။ ထို့နောက် သူမ၏နဖူးလေးကို ထိကြည့်လိုက်မိသည်။
ဒီကောင်လေးရဲ့ နှုတ်ခမ်းရာလေးက သူမနဖူးပေါ်မှာ ပူပူနွေးနွေး ရှိနေဆဲပင်။ ထို့အပြင် သူမ,မရယ်ဘဲ မနေနိုင်တော့ပေ...
နှလုံးသားတစ်ခုလုံး ကလိကလိဖြစ်နေပါရောလား...။
......
နှစ်သစ်၏ လေးရက်မြောက်နေ့တွင် Esmeralda သည် ဝင်ခွင့်ရသော ကျောင်းသားများအားလုံးကို ကျောင်းဖိတ်စာပေးပို့ခဲ့သည်။ ထို့နောက် အနာဂတ်တွင် ကျောင်းနှင့်နေသားကျလာရန် ဒီနှစ်၏ မောင်မယ်သစ်လွင်ကြိုဆိုရေး လေ့ကျင့်ရေးစခန်းကို ဆောင်းရာသီကျောင်းပိတ်ရက်၏ နောက်ဆုံးလဝက်တွင် စီစဉ်ခဲ့ပေသည်။
ကျန်းမန့်ယီသည် ကျန်းယွီအား အထုပ်အပိုးများ ပြင်ဆင်ပေးပြီး သူမအား ကျောင်းဂိတ်ပေါက်အထိ လိုက်ပို့လိုက်သည်။
အနုပညာစင်တာသည် ပေချန်မြို့၏ အရှေ့ဘက်ရှိ သိပ္ပံမြို့တွင် တည်ရှိပေသည်။ ဝန်းကြီးမှာ အတော်လေးကြီးလှပြီး ပတ်ဝန်းကျင်အနေအထားကလည်း တော်တော်ကောင်းမွန်ပေသည်။ စင်တာပတ်ပတ်လည်တွင်လည်း စိမ်းစိုနေသောရပ်ဝန်းများ၊ ဥယျာဉ်များ၊ သဘာဝကို တုပပြုလုပ်ထားသော မြစ်ငယ်အတုလေးများနှင့် ရေပန်းပန်းပုရုပ်ကြီးများ တည်ရှိနေလေသည်။
ဒီနေရာတွင် အိမ်ခြေအနည်းငယ်မျှသာရှိပြီး အိမ်ခြံမြေစျေးမှာလည်း မတန်တဆ မြင့်မားလွန်းပေသည်။ ထို့အတူပင် ပြန်ရသော အရည်အသွေးမှာလည်း တကယ့်အမြင့်စားပင်။ မြောက်ပိုင်းမြို့၏ အချမ်းသာဆုံးနေရာလို့ပင် ဆိုရမည့်နေရာပေ။
ကျောင်းတည်နေရာသည် အထက်တန်းကျောင်းတစ်ခု၏ ပရဝုဒ်နှင့်ပင် ယှဉ်လို့ရပေသည်။ အဓိကဝင်ပေါက်ရှေ့က လေးထောင့်ကွက်လပ်တွင်တော့ ‘ဘဲငန်းရေကန်’ ကို ချီးကျူးဂုဏ်ပြုထားသည့် အနက်ရောင်နှင့် အဖြူရောင် ငန်းပန်းပုရုပ်ကြီးများ ရှိနေလေသည်။
ကျန်းမန့်ယီသည် ကျန်းယွီအား လက်ဆွဲအိတ်ကို လက်လွဲပေးလိုက်ပြီး သူမ၏ အင်္ကျီကော်လံလေးနှင့် လည်ပတ်ပဝါလေးကို သပ်သပ်ရပ်ရပ် လုပ်ပေးလိုက်ကာ ပူပန်စွာဖြင့်ပြောလိုက်သည်။
“တစ်ခုခုဆိုရင် အမေ့ကို ဖုန်းခေါ်လိုက်နော်။ အနိုင်ကျင့်ခံရရင်လည်း အမေ့ကိုသာခေါ်လိုက်။ အမေလာကူညီပေးမယ်။ ပြီးတော့ ပိုက်ဆံလိုရင်လည်း သမီးဘာဝယ်ချင်တာလဲဆိုတာကိုသာ အမေ့ကိုပြောလိုက်။ သူများတွေတောင်ရှိရင် အမေတို့မိသားစုမှာလည်း ရှိရမှာပေါ့”
သူမတို့မိသားစု၏ ငွေရေးကြေးရေးက သိပ်မပြေလည်သော်လည်း ကျန်းမန့်ယီသည် သူမအား ဘယ်တော့မှ လိုတာမရှိရလေအောင် ထားလေသည်။
ကျန်းယွီသည် သူမသမီးအရင်းလေး မဟုတ်သောကြောင့် ကျန်းမန့်ယီမှာ ပို၍ပင် မလုံမလဲဖြစ်ရလေသည်။ ထို့ကြောင့်လည်း သူမ၏ အမေအရင်းအတိုင်း အတတ်နိုင်ဆုံး ကြိုးစားပေးနေခြင်း ဖြစ်ပေသည်။ အတန်းဖော်များကြားထဲတွင်လည်း သမီးလေးကို မျက်နှာမငယ်စေချင်ပေ။
ကျန်းယွီသည် ကျန်းမန့်ယီကို ပြန်တွန်းလိုက်ပြီး “သိပါပြီ မေမေရဲ့.. လဝက်လောက်ပဲ လေ့ကျင့်ရေးစခန်းဝင်မှာပါ။ ပြီးတော့ ဒါကနှစ်ပတ်လေးပဲကို။ အနာဂတ်မှာ သမီးတက္ကသိုလ်တက်ရင် အမေအခုလိုကြီး အဲ့လောက်စိုးရိမ်နေလို့ မရဘူးလေ။ အဲ့ကျရင်ရော ကျောင်းအတူတူလိုက်တက်ပေးမလို့လား ပြော?”
ကျန်းမန့်ယီကတော့ ဒီကိစ္စကို လုံးဝစိတ်မပူပေ။
“Esmeralda ကိုဝင်ခွင့်ရခဲ့ပြီပဲ.. တက္ကသိုလ်တက်ဖို့ ပေချန်ကနေ ထွက်သွားလို့ မရတော့ဘူးလေ”
“မလိုပါဘူး.. ပေချန်မှာလည်း တက္ကသိုလ်ကောင်းကောင်း ရှိတာပဲ။ ဝင်ခွင့်စာမေးပွဲကိုတော့ အောင်နိုင်မယ်မထင်ပေမယ့် မသိနိုင်ဘူးလေ။ ပျော်ဖို့က စောသေးတာပဲ”
“အတန်းပိုင်ဆရာကို အမေမေးကြည့်တာ။ သမီးတွဲနေတဲ့ကောင်လေးက အမှတ်တွေ တော်တော်ကောင်းတာပဲ။ သေချာပေါက်ကို ငါတို့စီရင်စုရဲ့ လူရည်ချွန်အလောင်းအလျာပဲ။ ကြည့်ရတာ နောက်ကျရင် ပေချန်တက္ကသိုလ်က သူ့ကိုလူလာရွေးမယ်ထင်တယ်။ အဲ့ကလေးနဲ့ပဲ ကျောင်းအတူတူတက်လို့ရတယ်လေ”
ကျန်းယွီကတော့ အတော်လေး ဆွံ့အနေရသည်။
“အမေရေ ဘယ်လိုမိဘမျိုးက အတန်းပိုင်ကို အဲ့လိုကိစ္စတွေ သွားမေးနိုင်ရတာလဲလို့?”
“ဟုတ်တယ်လေ.. ငါမေးရမှာပေါ့”
ကျန်းမန့်ယီသည် ကျန်းယွီကို နားရွက်လေးလိမ်ဆွဲလိုက်ပြီး “နင်ကဖို့အတွက် ငါသဘောတူပြီးသွားပြီလေ.. ဒါပေမယ့် ပညာရေးကလည်း နောက်ကျကျန်ခဲ့လို့မှ မရတာ သိတယ်မဟုတ်လား?”
“သိပါတယ်.. လွှတ် လွှတ်ပါတော့”
ကျန်းယွီသည် ကျန်းမန့်ယီကို တွန်းထုတ်လိုက်သည်။
“ဟုတ်သားပဲ.. အမေ သမီးကို ပြောစရာတစ်ခုရှိသေးတယ်”
ကျန်းမန့်ယီသည် သူမနားကပ်လိုက်ပြီး ပြောလိုက်သည်။
“ကျောင်းကိုဝင်ပြီးပြီဆိုတာနဲ့ ကောင်းကောင်းကပြီး သင်စရာရှိတဲ့ အရည်အချင်းတွေကိုပဲ သေချာသင်ယူ.. သူများတွေကို သိပ်မယုံနဲ့။ အဲ့မယုံရမယ့်ထဲမှာ ပိုင်ရွှေယီနဲ့ ရွယ်ကျားယီလည်း ပါတယ်။ သူတို့နှစ်ယောက်လုံးက သမီးအမေရဲ့... သူတို့က ပုထျန်းယန်ရဲ့ အတန်းဖော်တွေ။ ဒါပေမယ့် သူတို့အချင်းချင်းကြားက ဆက်ဆံရေးက သိပ်ကောင်းခဲ့တာ မဟုတ်ဘူး။ လိုရင်းကိုပြောရမယ်ဆိုရင် သူတို့ကို မယုံနဲ့"
ကျန်းယွီကတော့ ကျန်းမန့်ယီတစ်ယောက် အတွေးလွန်နေတာလို့သာ ထင်မိသည်။ သူမသည် ကျောင်းသူတစ်ယောက်သာ ဖြစ်ပေသည်။ သူမမှာ ပုထျန်းယန်နှင့် ပတ်သတ်ပြီး ဘာမှလုပ်စရာရှိမနေပေ။ ဆရာမနှစ်ယောက်လုံးက အတိတ်တုန်းက ပုထျန်းယန်နဲ့ ကိစ္စလေးတွေ ရှိခဲ့တယ်ဆိုရင်တောင် သူမလို ဆင်းရဲနွမ်းပါးတဲ့ကျောင်းသူလေးအပေါ် ဘာလို့အမှားလာလုပ်မှာတဲ့လဲ..။
သို့သော်ငြားလည်း ကျန်းမန့်ယီတစ်ယောက် ဆက်ပြီးစိတ်ပူမနေစေတော့ဖို့တော့ သူမသည် သေသေချာချာကို ခေါင်းငြိမ့်ပေးလိုက်သည်။
“သမီးသတိထားပါမယ်နော် မေမေ”
ထိုအချိန်တွင် ကျောင်းဂိတ်ဝသို့ ဇိမ်ခံကားအများအပြား မောင်းလာသည်ကို တွေ့ရလေသည်။ ကျန်းမန့်ယီသည် နောက်ပြန်လှည့်ကြည့်လိုက်ပြီး ကျန်းယွီအား သူမကိုယ်သူမ မမေ့ဖို့၊ သူမကို စိတ်အားမငယ်ဖို့၊ သူမအမေကလည်း ချမ်းသာတယ်ဆိုတာကို ပြောလိုက်လေသည်။
ကျန်းယွီလည်း ရင်ထဲအတော်ထိသွားလေသည်။ သူမကို ငယ်ငယ်လေးထဲက တစ်ယောက်တည်း ပျိုးထောင်လာရတာမို့ အမေသည် တကယ့်လူစွမ်းကောင်းတစ်ယောက်ဆိုတာကိုလည်း ကျန်းယွီအမြဲတမ်း ခံစားမိခဲ့သည်။
ဒီလိုအမေမျိုးသာ သူမနောက်မှာ ရှိနေမယ်ဆိုရင် သူမသည် ခေါင်းမော့ရင်ကော့စွာ နေနိုင်ပြီး ဘယ်တော့မှ သိမ်ငယ်မိမည်လည်း မဟုတ်ပေ။
ကျန်းယွီတစ်ယောက် Esmeralda ၏ တံခါးပေါက်ကို မဝင်ခင်လေးမှာတော့ ‘တိန်’ ဆိုသည့် အသံလေး ပေါ်ထွက်လာခဲ့သည်။ ထိုအသံလေးမှာတော့ app ကပေးပို့သည့် စာဝင်လာခြင်းပင် ဖြစ်သည်။
“အခုကစပြီး ‘အနီးအနားရှိလူများ’ function (လုပ်ငန်းတာဝန်)ကို အစပျိုးလိုက်ပါပြီ။ system သည် ကာစတမ်မာနှင့် အလိုအလျောက် ချိတ်ဆက်၍ တာဝန်ပေးအပ်ပါလိမ့်မည်။ (စင်ဒရဲလားအား ကယ်တင်ခြင်း) တာဝန်သည် ယွမ်၈သောင်း ဖြစ်ပါသည်။ လက်ခံပါမည်လား?”
ကျန်းယွီသည် အံ့အားသင့်စွာဖြင့် စာကိုကြည့်လိုက်သည်။ ဒီလိုစာမျိုး အရင်တုန်းက တစ်ခါမှ မရခဲ့ဖူးချေ။ သူမသည် မြန်မြန်ဆန်ဆန်ပဲ အက်မင်အကောင့်ကို စာပြန်ပို့လိုက်သည်။
“အဲ့ဒီ ‘အနီးအနားရှိလူများ’ ကိုအစပျိုးလိုက်တယ်ဆိုတာ ဘာကိုပြောတာလဲ”
အက်မင်အကောင့်မှ စာပြန်လိုက်သည်။
“သင့်အနီးပတ်ဝန်းကျင်က ကာစတမ်မာကို system ကနေ အာရုံခံပေးတာပါ။ သူတို့တွေက သင့်အခန်းဖော်လည်း ဖြစ်နိုင်သလို သူငယ်ချင်းလည်း ဖြစ်နိုင်ပါတယ်။ ဒီလိုနဲ့ တာဝန်ကို အလိုအလျောက် အပ်နှံပါလိမ့်မယ်”
ကျန်းယွီလည်း သဘောပေါက်သွားလေသည်။ ထိုအရာက တက္ကစီဌားစီးသလိုပင်။ system သည် ကားမောင်းသူ ဒရိုက်ဘာအား ကာစတမ်မာနှင့် အနီးစပ်ဆုံးနေရာကို ညွှန်ပြပေလိမ့်မည်။ ဒီလိုနှင့် ဒရိုက်ဘာသည် ကာစတမ်မာရှိရာနေရာသို့ အချိန်တိုအတွင်း အမြန်ဆုံး လာရောက်နိုင်ပေမည်။
T/N : ဒီမှာဆိုရင်တော့ Grab ဌားစီးသလိုပေါ့။
ကြည့်ရတာ app က ဒီလို function မျိုးလည်း ရှိသေးတာပဲ။
ဒီလိုစဉ်းစားကြည့်မယ်ဆိုရင် ကာစတမ်မာက ကျောင်းထဲမှာ ရှိနေမှာပဲ။
သူမသည်လည်း ဒီနေရာမှာ လဝက်လောက် နေရဦးမှာ ဖြစ်တာမို့ ကျန်းယွီလည်း တာဝန်ကို လက်ခံလိုက်လေတော့သည်။
ခဏအကြာတွင်တော့ (လင်းမြောင်) အမည်ရှိသော ကောင်မလေးတစ်ယောက်သည် ကျန်းယွီကို သူငယ်ချင်းလာ add လေသည်။ ထို့နောက် ကျန်းယွီအား အကြောင်းအရာကိုသာ တန်းတန်းမတ်မတ် ပြောလေသည်။
“ငါ့ကို ဒီအကြပ်အတည်းထဲကနေ ကူညီပေးနိုင်ဖို့ မျှော်လင့်တယ်"
ကျန်းယွီ - “နင်အသေးစိတ် ပြောပြပေးမှ ရမယ်နော်”
လင်းမြောင် - “အဲ့အချိန်တုန်းက ငါ့ကိုတွေ့ရင် အခြေအနေကို တိတိကျကျ နင်သိသွားမှာပါ”
ကျန်းယွီ - “?”
အဲ့တော့ ဒါက ဘယ်လိုအခြေအနေမျိုးကြီးလဲ?
ဘာမှမပြောဘဲနဲ့ သူမကို ဘယ်လိုလုပ် ကူညီပေးလို့ ရမှာတဲ့လဲ?
လင်းမြောင်ကတော့ လိုင်းပေါ်က ဆင်းသွားပေသည်။
ကျန်းယွီသည် ဘာမှနားမလည်လိုက်သော်လည်း သိပ်တော့စိတ်ပူစရာမရှိပါ။ လင်းမြောင်ပြောသည့်အတိုင်းပင် သူမကိုမြင်တာနဲ့ အလိုလို နားလည်သွားပေလိမ့်မည်။
ကျန်းယွီသည် ကျောင်းထဲကို ဝင်လိုက်ပြီး ပရဝုဒ်ထဲက မောင်မယ်သစ်လွင်များ စာရင်းပေးသွင်းရာ ဟောခန်းကို ရှာတွေ့လိုက်သည်။
ကျောင်းသားသစ်များ စာရင်းပေးသွင်းရာ ဟောခန်းကြီး၏ မျက်နှာကျက်မှာတော့ ၇မီတာ,၈မီတာလောက် ရှိပေသည်။ ကျောက်ပြားခင်းထားသော ကြမ်းပြင်မှာလည်း ဘာဖုန်၊ ဘာအစက်အပြောက်မှမရှိဘဲ ချောမွေ့လှပြီး လူတွေရဲ့အရိပ်တွေတောင် ထင်နေပေသည်။ အလယ်တွင်တော့ ပန်းပုရုပ်အကြီးကြီးရှိနေပြီး ကြည့်ရတာ သာမန်ထက်လွန်ကဲစွာ ခမ်းနားကြီးကျယ်နေလှပေသည်။
စာရင်းပေးသွင်းရမည့်နေရာတွေကတော့ အများကြီးရှိနေပြီး အတန်းများကိုလည်း ABCDEF ဆိုပြီး တံဆိပ်ကပ်ထားပေသည်။ ကျောင်းသားများသည် ကိုယ်နှင့်သက်ဆိုင်ရာအတန်း၏ သက်ဆိုင်ရာနေရာများတွင် စာရင်းပေးသွင်းရမှာ ဖြစ်ပေသည်။
မောင်မယ်သစ်လွင်များ ရွေးချယ်တုန်းက ကျောင်းသားအားလုံးသည် အရည်အချင်း အကဲဖြတ်ခံပြီးသား ဖြစ်တာမို့ သက်ဆိုင်ရာအတန်းအသီးသီး ရှိကြပြီဖြစ်သည်။
အခန်း A နှင့် B မှာတော့ ကျောင်းသားအရေအတွက်မှာ အနည်းဆုံးဖြစ်ပြီး စုစုပေါင်းကျောင်းသားက ၁၀ယောက်ပင် မကျော်ချေ။ ကျောင်းသားဦးရေကတော့ အတန်းအစဉ်လိုက်အတိုင်း တိုးတိုးသွားလေသည်။ ထို့ကြောင့် အခန်း E နှင့် F တွင် ကျောင်းသားများမှာ တစ်ရာလောက် ရှိပေသည်။
အခန်း A နှင့် B မှကျောင်းသားများသည် ရှိုးပွဲများအတွက် အဓိကဇာတ်ကောင်နေရာများအတွက် အရွေးချယ်ခံထားရခြင်း ဖြစ်ပေသည်။ ပြောရလျှင်.. ‘ဘဲငန်းရေကန်’ တွင် ဘဲငန်းဘုရင်မကဲ့သို့သော အဓိကဇာတ်လိုက်များ၊ မင်းသားများ၊ နတ်ဆိုးများ၊ အစရှိသည်ဖြင့်ပေါ့..။ ဒီလိုဇာတ်ကောင်များသည် ပုံမှန်အားဖြင့် ထိုအခန်း၂ခန်းမှသာ ဖြစ်ပေသည်။
အခန်း C နှင့် D ကတော့ ပြကွက်၏ အချို့နေရာဖြစ်သည့် ဘဲငန်းလေး၄ကောင် နေရာကဲ့သို့သော ကချေသည်များကို မွေးထုတ်ပေးလေသည်။
အခန်း E နှင့် F ကတော့ အုပ်စုလိုက်အကများတွင် ဝင်ရောက်ဖျော်ဖြေပေးရသည့် ကချေသည်များ ဖြစ်ပေသည်။ သူတို့၏ ပြကွက်များမှာ သေးငယ်သည်လို့လည်း မဆိုနိုင်သလို သူတို့သည် လူအများသတိမထားမိသော်လည်း ပြဇာတ်တစ်ခု၏ အဓိကနောက်ခံကျောရိုးများပင် ဖြစ်ပေသည်။
လေ့ကျင့်ရေးပြီးဆုံးသည်နှင့် အတန်းများကို ပြန်ခွဲမည်ဖြစ်ကြောင်းကို Esmeralda ၏ဖိတ်စာထဲတွင်လည်း တစ်ခါတည်း ဖော်ပြပြီးသားဖြစ်ပေသည်။
ဆိုလိုသည်မှာ A တန်းသို့ ဝင်ခွင့်ရထားသော ကျောင်းသားများသည်လည်း F ခန်းကို ပြန်ကျသွားနိုင်သလို F ခန်းမှသူများကလည်း A ခန်းကို တက်သွားနိုင်ပေသည်။
ထို့ကြောင့် ဒီမောင်မယ်သစ်လွင် လေ့ကျင့်ရေးစခန်းသည် အတော်လေး အရေးပါအရာရောက်ပေသည်။
ကျန်းယွီလက်ခံရရှိခဲ့သော ဖိတ်စာကတော့ သူမဝင်ခွင့်ရသည့်အတန်းကို အတိအကျ မဖော်ပြထားပေ။ ထို့အပြင် တာဝန်ကျဝန်ထမ်းကလည်း သူမကို ခဏလောက်သာ စောင့်ခိုင်းခဲ့လေသည်။
ကျန်းယွီသည် သူမဘေးနားက ထိုင်ခုံတွင် ထိုင်လိုက်ပြီး ဟောခန်းထဲသို့ တစ်ယောက်ပြီးတစ်ယောက် လျှောက်ဝင်လာကြသော ကောင်လေးများ၊ ကောင်မလေးများကို ကြည့်နေလိုက်သည်။ သူတို့ထဲက ဘယ်သူကများ လင်းမြောင်ဖြစ်မလဲလို့ တွေးနေမိလေသည်။
ကျောင်းသားသစ်များထဲတွင် ငယ်ငယ်လေးနှင့် နာမည်ကြီး ဖြစ်နေပြီဖြစ်သည့် မြင်ဖူးနေကျမျက်နှာတစ်ချို့လည်း ပါဝင်ပေသည်။ တစ်ချို့ဆိုလျှင် ရှန်အုန်ချင်းကဲ့သို့သော နယ်လှည့်ဖျော်ဖြေပွဲအများအပြားတွင် ပါဝင်ဖူးသည့် နာမည်ကြီးဘဲလေးကချေသည်များပင်။ သူမကတော့ ဝင်လာကတည်းက ထိုသူများကြားတွင် ရော၍ပျောက်ကွယ်သွားသယောင်ပင်။
ဘဲလေးကို သင်ယူဖူးသည့် မိန်းကလေးတိုင်း ရှန်အုန်ချင်းကို သိကြပေသည်။ သူမသည် အလွန်ကိုနာမည်ကြီးသူတစ်ယောက်ပင်။ ကမ္ဘာ့နာမည်ကြီး ကချေသည်များနှင့်လည်း ပူးပေါင်းမှုများ ပြုလုပ်ဖူးပြီး အတော်ကို လူသိများသည့် ဘဲလေးကြယ်ပွင့်တစ်ယောက်ပေ။
ကောင်မလေးအများစုကတော့ သူမကို လက်မှတ်ထိုးခိုင်းဖို့ စုရုံးနေကြပေသည်။ ထို့အပြင် သူမသည်လည်း ထင်ထားသည့်အတိုင်းပင် A ခန်းမှာ စာရင်းသွင်းလိုက်လေသည်။
ခဏအကြာတွင်တော့ အရပ်ရှည်ရှည်၊ ဆံပင်အတို၊ အနက်ရောင်တောက်တောက် မျက်ဝန်းတစ်စုံနှင့် ကောင်မလေးတစ်ယောက်သည် ကျန်းယွီနားလာပြီး ထိုင်လိုက်သည်။
သူမ၏ဆံပင်အတိုမှာ ယောင်္ကျားလေးဆန်သည်လို့ ဆိုရပေမည်။ ထို့အတူ ကျန်းယွီ၏ အာရုံကိုလည်း ချက်ချင်းဖမ်းစားလိုက်နိုင်သည်။
ဘဲလေးကသော ကောင်မလေးများထဲတွင် အနည်းစုသာ ဆံပင်ကို အတိုထားကြသည်ပင်။
ထိုကောင်မလေးကတော့ အတော်ကိုသိမ်မွေ့တဲ့ ပုံပန်းသွင်ပြင်ရှိပြီး ချောမောပေသည်။ သူမ၏ ဆံပင်အတိုကြောင့်သာ မဟုတ်ရင် သူမသည် လူတိုင်းအမြင်ကို ဖမ်းစားနိုင်လိမ့်မည်ပင်။
ကောင်မလေးသည် ပြုံးပြပြီး သူမကိုပြောလိုက်သည်။
“မင်္ဂလာပါ.. ငါ့နာမည်က လင်းမြောင်ပါ”
“အာ! နင်က...”
ကျန်းယွီတစ်ယောင် ယောင်ပြီးလွှတ်ခနဲပြောမိတော့မလို့ပင်။
“ဟင်? ငါကဘာလဲ?”
“မဟုတ်ပါဘူး.. နင့်နာမည်က ငါ့သူငယ်ချင်းတစ်ယောက်ကို သတိရသွားစေလို့လေ”
“အိုး.. နာမည်အတူတူနဲ့လူတွေ အများကြီးရှိတာပဲကို။ ငါ့နာမည်က အရမ်းကြီးတော့ တစ်မူထူးခြားမနေဘူးလေ ဟုတ်တယ်မလား?”
လင်းမြောင်ကတော့ သိပ်တွေးတောမနေဘဲ ပြောနေခြင်းသာဖြစ်သည်။
“မင်္ဂလာပါ.. ငါက ကျန်းယွီလို့ ခေါ်တယ်။ တွေ့ရတာဝမ်းသာပါတယ်”
သူမသည်လည်း ဧည့်ခန်းထဲက ထိုင်ခုံတွင် ထိုင်နေတာဖြစ်သောကြောင့် ကျန်းယွီလည်း ပုံမှန်အတိုင်းသာ သူမနှင့် စကားစမြည်ပြောလိုက်သည်။
“နင်ဘယ်အတန်းမှာကျလဲ မသိဘူးလား”
“မဟုတ်ပါဘူး..ငါက F ခန်းလေ”
လင်းမြောင်ကတော့ တုန့်ဆိုင်းမှုမရှိဘဲ ပြန်ပြောလိုက်သည်။
“ဒါပေမယ့် တန်းစီနေရတဲ့ လူတန်းက ရှည်နေလို့လေ နောက်မှပဲ သွားမလို့”
ကျန်းယွီလည်း နောက်လှည့်ကြည့်လိုက်တော့ F ခန်းတွင် လူတန်းအရှည်ကြီး ဖြစ်နေတာကို တွေ့လိုက်ရလေသည်။ F ခန်းမှာတော့ ကျောင်းသားဦးရေမှာ အများဆုံးဖြစ်ပြီး A ခန်းနှင့် B ခန်းရှေ့မှာတော့ ကျောင်းသားက နည်းနည်းလေးပေ။