← Chapters

Chapter 42

Vol. 5 Ch. 42

Chapter 42

Vol. 5 Ch. 42

ကျန်းယွီကတော့ ရှန်အုန်ချင်းတစ်ယောက် သူမကို ဒီလိုလေသံမျိုးနှင့် စကားပြောတာကို မကြိုက်ချေ။ ထို့အပြင် သူမသည် ရှန်အုန်ချင်းနှင့် ရင်းနှီးတာလည်း မဟုတ်ပေ။ ထို့ကြောင့် သူမကို ပါးစပ်ပိတ်သွားအောင်သာ ပြန်ပြောပေးလိုက်ခြင်းဖြစ်သည်။ တစ်ကမ္ဘာလုံးက သူ့အမေလိုများ မှတ်နေတာလားမသိဘူး..။

ကျန်းယွီကတော့ သူမကို ဂရုမစိုက်ပါ။

လင်းမြောင်သည် အံ့အားသင့်မှုအပြည့်ဖြင့် ကျန်းယွီကို ဆိုလိုက်သည်။

“ဟယ် ဘုရားရေ.. လူတစ်ယောက်ကို ရုပ်ကလေးကြည့်ရုံနဲ့ မသိနိုင်ဘူးပဲ။ နင်က တကယ်ကြီး တီချယ်ပိုင်ရဲ့ အနီးကပ်တပည့်ဖြစ်နေတာပါလား! ဝမ်လွန်နဲ့အတူတူလေ... ဘုရားရေ! ငါပထမဆုံး သူငယ်ချင်းလုပ်မိတဲ့လူက ဒီလိုအဆင့်အတန်းမြင့်မြင့်ထဲက ဖြစ်နေတာပဲ”

ကျန်းယွီကတော့ အပြုံးလေးနှင့် ပြန်ပြောလိုက်သည်။

“အဲ့လိုလည်း မဟုတ်ပါဘူးဟာ.. ငါကဒီအတိုင်း ကံကောင်းရုံပါပဲ”

လင်းရွမ်အာကတော့ အခုလေးတင် မျက်နှာပျက်ထားရတာကြောင့် ကျန်းယွီကို ထပ်ပြီး ရန်မစရဲတော့ပေ။ ထို့ကြောင့် သူမဒေါသများကိုပဲ မျိုသိပ်ပြီး လင်းမြောင်ကို အော်လိုက်တော့သည်။

“ဟဲ့ ဘာလုပ်နေတာလဲ! အဆောင်ကို ငါ့လက်ဆွဲအိတ် သယ်သွားတော့လေ”

လင်းမြောင်သည် ပြောစကားကို နားထောင်၍ သူမ၏ ခရီးဆောင်လက်ဆွဲသေတ္တာကို သွားဆွဲလိုက်တော့သည်။ ထို့နောက် ကျန်းယွီဘက်ကိုလှည့်ပြီး ပြောလိုက်သေး၏။

“ခဏနေရင် ငါတို့တစ်ယောက်နဲ့တစ်ယောက် WeChat မှာ အပ်ထားကြရအောင်”

ကျန်းယွီလည်း ခေါင်းငြိမ့်လိုက်သည်။ ထွက်သွားသော လင်းရွမ်အာနှင့် လင်းမြောင်တို့၏ နောက်ကျောကိုကြည့်၍ (စင်ဒရဲလားကို ကယ်တင်ခြင်း) တာဝန်မှာ အတော်ကိုရှည်ကြာမည့် ခရီးစဉ်တစ်ခုဖြစ်တော့မည်ဆိုတာကို သူမနက်နက်ရှိုင်းရှိုင်း ခံစားမိလိုက်သည်။

ခဏနေတော့ ကျန်းယွီလည်း ဝမ်လွန်နှင့် တွေ့လေသည်။

ဝမ်လွန်သည် အဖြူရောင် အားကစားဆွယ်တာအပါးလေးကို ဝတ်ဆင်ထားပြီး ကော်ရစ်ဒါတွင် တစ်ယောက်တည်း မတ်တပ်ရပ်နေသည်။ သူ့ကိုမြင်လိုက်ရတဲ့ ပထမဆုံးထင်မြင်ချက်ကတော့ သူသည်လူချောလေးတစ်ယောက်ပင်။

သူရပ်နေသည့်ပုံစံမှာ တစ်ခြားကောင်လေးများလို တစ်ဖက်ကိုယိုင်ပြီး ရပ်နေတာမျိုးမဟုတ်ဘဲ မတ်မတ်ရပ်နေတာ ဖြစ်ပေသည်။

သူရပ်နေသည့်ပုံစံသည် အချိန်မရွေး ထကနိုင်သည်ဆိုသည့် ထင်မြင်ချက်ကိုလည်း ပေးစွမ်းနေလေသည်။

လူအတော်များများသည် ဘဲလေးကချေသည်များနှင့် ပတ်သတ်၍ အထင်မှားတတ်ကြပြီး သူတို့ကို ‘ပိန်ပါးသည်’ ဟု တံဆိပ်ကပ်တတ်ကြပေသည်။

တကယ်တမ်းပြောရမည်ဆိုလျှင် ဘဲလေးကချေသည်များသည် အတော်ကို ကြည့်ကောင်းကြပေသည်။ သူတို့သာ အကဝတ်စုံ ကိုယ်ကြပ်များကို မဝတ်ဘဲ တစ်ခြားအဝတ်များကိုသာ ပြောင်းဝတ်မည်ဆိုလျှင် သူတို့ကြည့်ရတာ ကျိန်းသေပေါက်ပင် အဝတ်လှမ်းသည့်ချိတ်လေးလို ဖြစ်နေပေလိမ့်မည်။

ဝမ်လွန်လိုမျိုး ချောမောသည့် ပုံပန်းသွင်ပြင်နဲ့သာ ပေါင်းစပ်လိုက်မည်ဆိုလျှင် ထိုလိုလူမျိုးသည် လက်တွေ့ဘဝတွင် သေချာပေါက်ကို အဆင့်အတန်းမြင့်မားလှသည့် နတ်ဘုရားတစ်ပါးလို သတ်မှတ်ခံရမည်ပင်။

ကျန်းယွီသည် ဝမ်လွန်ကို သိပေသည်။ ဝမ်လွန်သည် ငယ်စဉ်ကတည်းက နာမည်ကြီးခဲ့သူတစ်ဦးပင်။ ရှန်အုန်ချင်းနှင့် မတူတာကတော့ သူမသည် ပြိုင်ပွဲများစွာကို ဝင်ပြိုင်ခဲ့ပြီး ဆုတံဆိပ်အများအပြားကိုလည်း ကလေးဘဝတည်းက ရခဲ့ခြင်းဖြစ်သည်။ ဝမ်လွန်ကတော့ အတော်ကို သိုသိုသိပ်သိပ်နေတတ်သူဖြစ်ပြီး ဘာပြိုင်ပွဲမှာမှ ဝင်မပြိုင်ခဲ့ပေ။ အဲ့အစား သူ့အချိန်များကို ဘဲလေးလေ့ကျင့်ဖို့သာ အသုံးချခြင်းပင်။ ထို့သို့ လူရှေ့သိပ်မထွက်ပြသောကြောင့် သူ၏အံ့ဩဖွယ်ရာ ဖျော်ဖြေတင်ဆက်မှုများမှာ ပို၍ပင်ထူးခြားပြောင်မြောက်နေရတော့သည်။

ဝမ်လွန်နှင့် ကျန်းယွီသည် တီချယ်ပိုင်ရှုယီရုံးခန်းကို အတူတူသွားလိုက်ကြပြီး သွားနေသောလမ်းတွင် အချင်းချင်း ရိုးရိုးရှင်းရှင်းလေး နားလည်လာကြသည်။

ဝမ်လွန်သည် ဟန်ဆောင်မှုကင်းမဲ့သူဖြစ်ပြီး ကိုယ့်ကိုယ်ကိုယ်နှိမ့်ချတတ်ကာ ယဉ်ကျေးပျူဌာလေသည်။ သူ့အသားအရေမှာတော့ ဖြူဖွေးနေပြီး နှုတ်ခမ်းလေးများမှာ နီရဲနေသည်။ သူ့ကိုကြည့်လိုက်လျှင် တန်ဖိုးရှိပြီး သူမတူအောင်ကောင်းသော သားလေးတစ်ယောက်၏ ခံစားချက်မျိုးကို လူတွေအား ပေးစွမ်းနိုင်ပေသည်။

ကျန်းယွီကတော့ နာမည်ကြီးလည်း မဟုတ်သည့်အပြင် သာမန်ရိုးရိုးသာ ဝတ်ဆင်ထားပေသည်။ သို့သော် ဝမ်လွန်သည် သူမကို နည်းနည်းလေးမျှ အထင်မသေးပါ။ ထို့အပြင် သူမ၏လက်ဆွဲအိတ်ကိုတောင် ကူဆွဲပေးလိုက်သေးသည်။

ရုံးခန်းထဲတွင်တော့ ပိုင်ရှုယီသည် ဝမ်လွန်အား ညကျရင်လုပ်ဆောင်ရမည့် တာဝန်များအကြောင်း စကားနည်းနည်းပြောလိုက်သည်။ ထို့နောက် အဆောင်သို့သွား၍ ပစ္စည်းတွေချဖို့ ပြောလိုက်သည်။

ဝမ်လွန်သည် ယဉ်ယဉ်ကျေးကျေးသာ ခေါင်းငြိမ့်ပြပြီး ထွက်သွားလိုက်သည်။

ပိုင်ရှုယီသည် နောက်လှည့်လိုက်ပြီး သူမလက်ကို ကျန်းယွီပခုံးပေါ် တင်လိုက်ကာ စကားပြောလိုက်သည်။

“ရှောင်ယွီ.. သမီးက Esmeralda ကိုကျောင်းစရိတ်အလကားနဲ့ စကော်လာရထားပေမယ့် အဆောင်ကြေးကိုတော့ ပေးဖို့လိုသေးတယ်နော် အိုခေတယ်မလား?”

“တီချယ်ပိုင်.. ဒါကဖြစ်သင့်တာပါပဲ”

“ကောင်းပြီ.. တီချယ် ဝမ်လွန့်ကို အပြင်မှာစောင့်ခိုင်းထားလိုက်မယ်။ ပြီးရင် သမီးတို့နှစ်ယောက် အဆောင်ကို အတူတူသွားကြပေါ့”

“တီချယ်ပိုင်.. သမီးမေးချင်တာလေးရှိတယ်။ အဆောင်မှာ လူဘယ်နှယောက်ရှိလဲ ပြီးတော့ ဘယ်လောက်ကျလဲမသိဘူး”

“အော်.. အတန်းတွေ ABCDEF ပေါ်လိုက်ပြီး အဆောင်ကြေးတွေကလည်း မတူဘူးလေ။ E နဲ့ F တန်းကတော့ လေးယောက်ခန်းတွေ သူတို့အဆောင်ကြေးကတော့ လဝက်ကို ယွမ်၃ထောင်ပေါ့။ C နဲ့ D ခန်းကတော့ သုံးယောက်ခန်းကိုမှ ယွမ်၆ထောင်။ သမီးနဲ့ဝမ်လွန်ကတော့ တီချယ့်ရဲ့ သီးသန့်သင်ကြားမှုကိုခံရမှာဆိုတော့ အကောင်းဆုံးအခန်းမှာနေရမှာလေ.. သူကတော့ ယွမ်၃သောင်းခွဲပေါ့”

ကျန်းယွီ - ...

Esmeralda က တကယ်ကို လူချမ်းသာတွေအတွက် အနုပညာ ကျောင်းတစ်ကျောင်းပါလား။ လဝက်စာ နေထိုင်စရိတ်ကတောင် သူမအမေ လပေါင်းများစွာ ကြိုးကြိုးစားစားအလုပ်လုပ်ပြီးမှ ရလာတဲ့ ပမာဏလောက်ရှိတယ်။

အခု ကျန်းယွီတွင် ပိုက်ဆံရှာနိုင်သည့် အရည်အချင်းရှိနေပြီဆိုသော်ငြားလည်း သူမဒီလိုမျိုး အသုံးအဖြုန်းကြီးလို့ မဖြစ်ပေ။ ထို့ကြောင့် သူမသည် ရိုးရိုးသားသားသာ ပြန်ပြောလိုက်သည်။

“တီချယ်ပိုင်.. သမီး F ခန်းရဲ့ လေးယောက်ခန်းမှာပဲ ပြောင်းနေလို့ရမလား? သမီး အုပ်စုဖွဲ့ပြီးနေရတာကို ပိုသဘောကျလို့ပါ”

ပိုင်ရှုယီသည် ကျန်းယွီ၏ ငွေရေးကြေးရေးအခက်အခဲကို သိသောကြောင့် ရိုးရိုးရှင်းရှင်းသာ ဆိုလိုက်သည်။

“ကိစ္စတော့မရှိပါဘူး။ စာရင်းအင်းဌာနကို သွားပြီး ကိုယ်တိုင်သွားပြောလိုက်လို့ရတယ် သမီး။ အဆောင်ပြောင်းလိုက်ပေါ့”

“ကျေးဇူးတင်ပါတယ် တီချယ်ပိုင်.. သမီးကို သွားခွင့်ပြုပါဦး”

“ခဏလေး”

ပိုင်ရှုယီသည် ကျန်းယွီကို တားလိုက်ပြီး ဆိုလိုက်သည်။

“သမီးက ကျောင်းကို စကော်လာရှစ်နဲ့ ဝင်လာတာလေ.. တီချယ်တို့ Esmeralda မှာလည်း စည်းမျဉ်းစည်းကမ်းတစ်ချို့ရှိတယ်။ စကော်လာရှစ်က အလကားတော့မရဘူးလေနော်။ လူမှုဝန်ထမ်းတာဝန်တစ်ချို့တော့ ပြန်လုပ်ပေးရမယ်။ သမီးလုပ်နိုင်မယ်မလား?”

“တီချယ်ပြောချင်တာက..?”

“အဲ့ဒါက.. မနက်ဆိုရင် စောစောထဖို့လိုတယ်။ စားသောက်ဆိုင်မှာ အလုပ်လုပ်၊ စာလုပ်ရမယ်။ မဟုတ်ရင် လေ့ကျင့်ရေးပြီးတာနဲ့ အခန်းကို သန့်ရှင်းရေးလုပ်ရမှာမျိုးပေါ့။ စိတ်မပူပါနဲ့.. အရမ်းကြီး ခက်ခဲတာမျိုး မဟုတ်ပါဘူး”

“အိုး.. အဆင်ပြေပါတယ်”

ကျန်းယွီသည် လွယ်လွယ်ကူကူပဲ သဘောတူလိုက်သည်။

“အိုခေ.. ဒါဆို သမီးသွားလို့ရပြီ”

ဒီလိုနှင့် ကျန်းယွီတစ်ယောက် ပိုင်ရှုယီရုံးခန်းကနေ ထွက်လာခဲ့တော့သည်။ အချိန်အတော်ကြာပြီးသည့်နောက်မှာတော့ ပိုင်ရှုယီသည် ဖြည်းဖြည်းချင်း နောက်ပြန်လှည့်လိုက်ပြီး ဆုများထားရာ ဗီရိုစင်နားကို လျှောက်သွားလိုက်သည်။

စင်ထဲတွင်တော့ သူမတို့အတန်း Esmeralda ကနေ ဘွဲ့ရကြတုံးက ရိုက်ထားသည့် အဝါရောင်သမ်းနေသော ဓာတ်ပုံဟောင်းလေး ရှိပေသည်။

ပုထျန်းယန်ကတော့ အတန်းဖော်များ၏ အလယ်တွင် မတ်တပ်ရပ်နေပြီး သူမ၏အပြုံးမှာ တောက်ပလွန်းပြီး လှပနေပေသည်။

ပိုင်ရှုယီ၏ နှုတ်ခမ်းထောင့်လေးမှာ အနည်းငယ် ပင့်တက်သွားလေသည်။ သူမသည် စင်ကိုဖွင့်လိုက်ပြီး ဓာတ်ပုံဘောင်ကို အောက်ကိုဖိချလိုက်တော့သည်။

.....

ကျန်းယွီသည် ငွေစာရင်းဌာနကို သွားလိုက်ပြီး သူမ၏ အဆောင်ကို ပြောင်းလိုက်သည်။ ထို့နောက် လဝက်စာနေထိုင်စရိတ်ကိုလည်း တစ်ခါတည်းပေးချေလိုက်သည်။

လဝက်ကို ယွမ်၃ထောင်ဆိုသည်မှာ အဆင်မြင့်ဟိုတယ်တစ်ခုတွင် နေထိုင်တာထက်ပင် ပိုစျေးကြီးနေသေးသည်။ ဒါကြောင့်လည်း ဒီလိုသိပ္ပံမြို့ထဲမှာ ဝန်းအကျယ်ကြီးနှင့် ကျောင်းဆောက်နိုင်သည်မှာ သိပ်အံ့ဩစရာတော့ မရှိပေ။

ကံကောင်းထောက်မစွာဖြင့် သူမနှင့်လင်းမြောင်သည် အဆောင်တစ်ခုတည်း ကျပေသည်။ (စင်ဒရဲလားကို ကယ်တင်ခြင်း) တာဝန်ကို လုပ်ဆောင်နိုင်ဖို့ သူမအတွက် ပိုလွယ်ကူသွားတာပေါ့။

လင်းမြောင်ကတော့ ကျန်းယွီတစ်ယောက် အိတ်ဆွဲပြီးဝင်လာတာကို မြင်ကတည်းက အလွန်ပျော်ရွှင်နေတော့သည်။ ထို့နောက် အိပ်ရာခင်းတို့ ဂွမ်းကပ်တို့ ခင်းတာနှင့် ခုံကိုသန့်ရှင်းရေးလုပ်တာတို့ကို တက်တက်ကြွကြွဖြင့် ဝိုင်းကူညီပေးလိုက်သည်။

လက်ဆွဲအိတ်ထဲက အထုပ်အပိုးတွေ ဖြည်ပြီးနောက်မှာတော့ အဆောင်က ကောင်မလေးအများစုသည် အလှအပနှင့် ဆံပင်စတိုင် အကြောင်းအရာများကို စုဝေးဆွေးနွေးနေကြသည်။ လင်းမြောင်လည်း သူမတန်ဖိုးထားရသော ဆံပင်တု၂ခုကို ထုတ်လိုက်ပြီး မှန်ရှေ့တွင် စမ်းဝတ်ကြည့်လိုက်သည်။

ရေလှိုင်းကောက် ဆံပင်တုလေးကို ဝတ်ဆင်လိုက်ပြီးနောက်မှာတော့ လင်းမြောင်၏ ပုံပန်းသွင်ပြင်မှာ အတော်ကြီးကို ပြောင်းလဲသွားလေတော့သည်။ ထို့အပြင် သူမသည် ပိန်ပိန်ပါးပါးနှင့် အရပ်ရှည်ပေသည်။ ဆံပင်တုကို ဝတ်ဆင်လိုက်သည်နှင့် သူမ၏ နတ်ဘုရားမသဏ္ဌာန်မှာ ပေါ်ထွက်လာပေတော့သည်။ သူတို့နေ့စဉ်မြင်တွေ့နေကျ ယောင်္ကျားလျှာပုံစံနှင့် လုံးဝမတူတော့ချေ။

ကျန်းယွီလည်း သက်ပြင်းတစ်ချက်မချဘဲ မနေနိုင်တော့ပါ။ သူမမှာ တကယ်ကို စင်ဒရဲလားဖြစ်ဖို့ အလားအလာရှိနေတာပဲ..။

မုကျီရှန်းဆိုသည့် မင်းသမီးလိုဆံပင်အတိုညှပ်ထားသော ဆံပင်အတိနှင့် အိန္ဒြေရှိရှိ ကောင်မလေးသည် စပ်စုချင်စိတ်ဖြင့် ထမေးလိုက်သည်။

“နင်က ဆံပင်အရှည်နဲ့ အရမ်းကြည့်ကောင်းတာပဲ.. ဘာလို့ ယောင်္ကျားလေးတွေလို ဆံပင်အတိုကြီး ညှပ်ထားရတာလဲ? အခုခေတ်မှာ မိန်းကလေးတွေ ဆံပင်ကို ဒီလောက်ထိ တိုနေအောင်ညှပ်တယ်ဆိုတာ အတော်လေးရှားနေပြီ”

ဒီမေးခွန်းကို ကျန်းယွီလည်း မေးချင်နေခဲ့သည်ပင်။ သို့သော် လင်းရွမ်အာကို မြင်လိုက်ပြီးကတည်းက သူမမေးဖို့မလိုတော့အောင် ခန့်မှန်းမိလိုက်ပြီး ဖြစ်ပေသည်။

သူမ ခန့်မှန်းချက်ပို၍ပင် သေချာသွားအောင် လင်းမြောင် ရှင်းပြတာကို နားထောင်လိုက်သည်။

“ငါ့ညီမ လင်းရွမ်အာလေ.. သူကငါ့ကို ဆံပင်အရှည်ထားခွင့်မပေးဘူး။ ပုံမှန်ဂုပ်ဝဲကေလေးတောင် ပေးမထားတာ။ ယောင်္ကျားလေးတွေလိုမျိုး အတော်လေးတိုတိုညှပ်မှ ရတာလေ”

မုကျီရှန်းလည်း အံ့အားသင့်လွန်း၍ ဆိုလိုက်သည်။

“အမေရေ! ဒါဘယ်လိုတောင် ထူးဆန်းတဲ့ကိစ္စကြီးပါလိမ့်.. အရမ်းတရားလွန်တာပဲ! နင့်ညီမက.. အရင်းလား? ဘယ်လိုတောင် ဖြစ်ရတာလဲ!”

လင်းမြောင်ကတော့ ကူရာမဲ့နေသည့်အလား ပြန်ဖြေလိုက်သည်။

“သူက ငါ့မိထွေး သူ့အရင်ယောင်္ကျားနဲ့ ရခဲ့တဲ့သမီးလေ။ ငါ့အဖေနဲ့ ဘာမှမဆိုင်ဘူး”

“ဒါဆိုရင် နင်က တကယ်ကြီးကို...”

မုကျီရှန်းနှင့် ကျန်းယွီတို့သည် တစ်ယောက်နှင့်တစ်ယောက် ကြည့်လိုက်ကြပြီး တူညီသောစကား၄ခွန်း သူတို့စိတ်ထဲတွင် ပြိုင်တူပေါ်လာတော့သည် - ‘စင်ဒရဲလား’

ဒါမဟုတ်နေလို့လား? စင်ဒရဲလားက သူ့မိထွေးနဲ့ သူ့လင်ပါသမီးကို သူ့ရဲ့ကိုယ်ပိုင် အသိုက်အမြုံထဲ ပေးဝင်ထားပြီး ပိုင်ရှင်အာဏာ ပေးအပ်ထားရုံတင်မကဘူး.. မိသားစုရဲ့ အစေခံနဲ့ အိမ်ဖော်တောင်မှ ဖြစ်လာခဲ့တာလေ။

အခုလင်းမြောင်ကြည့်ရတာလည်း လင်းရွမ်အာကို ခစားနေရတဲ့ အစေခံအတိုင်းပဲ မဟုတ်ဘူးလား?

“နင်ပြန်ခုခံရမှာပေါ့”

မုကျီရှန်းသည် စိတ်လှုပ်ရှားမှုအပြည့်ဖြင့် ပြောလိုက်သည်။

“နင်သူ့ကို သည်းခံလေလေ၊ ဒီအတိုင်းလွှတ်ပေးလိုက်လေလေ သူက နင့်ကို ပိုပိုပြီးနင်းချေလာမှာပဲ။ နင်ကတစ်လက်မလောက် ပေးလိုက်ရင် သူကတစ်မိုင်လောက်ပြန်ယူမှာ။ ကိုယ့်ကိုယ်ကိုယ် ပြန်ကာကွယ်တတ်အောင် နင်သင်မှရမယ်”

လင်းမြောင်သည် သက်ပြင်းလေးသာချလိုက်သည်။

“သူ့အမေက အိမ်မှာ ဘာမှမှမပြောတာ။ ငါပြန်ခုခံခဲ့ရင် ငါ့အသုံးစရိတ်တွေ အကုန်လုံး ဖြတ်ခံရလိမ့်မယ်။ ဘဲလေးကဖို့ မပြောနဲ့ အစားတောင် စားနိုင်တော့မှာ မဟုတ်ဘူးလေ”

“နင့်အဖေကရော?”

ကျန်းယွီလည်း သိချင်စိတ်ဖြင့် မေးလိုက်သည်။

“သူက နင့်မိထွေးကို ဂရုစိုက်လား? သူတို့နင့်ကို ဒီလိုအနိုင်ကျင့်နေတာကို ဘာလို့များ လွှတ်ပေးထားရတာလဲ?”

“ငါ့အဖေက မိထွေးကို သိပ်ချစ်တာလေ။ မိထွေးက အချိန်ပြည့် အိမ်ထောင်ရှင်မဆိုတော့ ငွေရေးကြေးရေးကို သူပဲကိုင်ထားတာ။ လင်းရွမ်အာက အလိုလိုက်ခံထားရတော့ ဟန်ဆောင်တဲ့နေရာမှာ အရမ်းတော်တာလေ။ အဲ့ဒါနဲ့ပဲ ငါ့အဖေနဲ့ငါ တစ်ခါစကားများကြတယ်။ ရလဒ်အနေနဲ့ကတော့ ငါတို့သားအဖဆက်ဆံရေးက... အတော်လေး ဆိုးရွားသွားတယ်လေ။ ငါအဖေနဲ့ စကားမပြောဖြစ်တာ အချိန်အတော်တောင် ကြာနေခဲ့ပြီ”

လင်းမြောင်ပြောတာကို နားထောင်ပြီးတော့ ကျန်းယွီတစ်ယောက် နဖူးပေါ်လက်တင်ရင်း အတော်ခံစားလိုက်ရသည်..။ လင်းမြောင်က သူ့ကိုယ်သူ ဒီအခြေအနေရောက်အောင် ဆွဲချနေတာပဲ...

အစကတော့ မိထွေးသည် အချိန်ပြည့် အလုပ်လုပ်နေတာ မဟုတ်ပေ။ ထို့ကြောင့် သူ့အဖေတွင် ငွေရေးကြေးရေးနဲ့ ပတ်သတ်ပြီး ဆုံးဖြတ်ချက်ချနိုင်သည့် အာဏာရှိခဲ့သည်ပင်။ ထို့အပြင် လင်းရွမ်အာသည် မယားပါသမီးဖြစ်တာမို့ ဘာမှသွေးသားမတော်စပ်နေပေ။ လင်းမြောင်သည်သာ ဒီမိသားစု၏ တစ်ဦးတည်းသောသမီး ဖြစ်ပေသည်။

သို့သော်လည်း လင်းမြောင်ကတော့ ဒီသူစိမ်းသားအမိကို သူ့အသိုက်အမြုံထဲ ပေးအပိုင်စီးနေလေသည်။

ဒါကတကယ်ကို ခေတ်သစ်စင်ဒရဲလားပေပဲ.. မင်းသားလေး မရှိတာကလွဲလို့ပေါ့။

ထို့ကြောင့် ကျန်းယွီသည် သူ့ကိုယ်သူ ‘နတ်သမီးဖွားဖွား’နေရာတွင်နေ၍ လင်းမြောင်၏ လက်ရှိအခြေအနေကို ပြောင်းလဲပစ်ဖို့ ကူညီရမည်ဟု ဆုံးဖြတ်ချက်ခိုင်ခိုင်မာမာ ချလိုက်တော့သည်။

သူမသည် လင်းမြောင်၏ ပခုံးကို ကိုင်လိုက်ပြီး သူမကို အလေးအနက် မေးကြည့်လိုက်သည်။

“နင်ဒါတွေကို ပြောင်းလဲပြီးတော့ လင်းရွမ်အာဆီကနေ အနိုင်ကျင့်ခံရတာတွေ ရပ်သွားချင်လား?”

“ငါ..”

လင်းမြောင်ကြည့်ရတာ ရှက်နေပုံပေါ်ပြီး တွန့်လည်းတွန့်ဆုတ်နေပေသည်။

“ဘာလုပ်လို့ရမှာတဲ့လဲ? အဖေက ဒီသားအမိစကားကိုပဲ နားထောင်တာလေ.. ငါဘာမှလုပ်လို့မရဘူး”

“နင်သာ ပြောင်းလဲချင်တယ်ဆိုရင် ငါကူညီပေးမယ်။ ဒါပေမယ့် နင်က အခုလက်ရှိဘဝကိုပဲ စိတ်ကျေနပ်နေမယ်ဆိုရင်တော့ အပြင်လူတွေက ဘာမှဝင်စွက်ဖက်ပေးလို့ ရမှာမဟုတ်ဘူး”

လင်းမြောင်သည် မျက်မှောင်ကြုံ့ကာ နက်ရှိုင်းသောအတွေးများဖြင့် လိမ်ယှက်နေပေသည်။

ထိုအချိန်တွင် အဆောင်ရှေ့မှ လင်းရွမ်အာ၏ ဝုန်းဒိုင်းပုတ်ခတ်သံများ ပေါ်ထွက်လာလေသည်။

“လင်းမြောင်ဘယ်မှာလဲ! လင်းမြောင် ထွက်လာခဲ့စမ်း! လင်းမြောင်!”

သူမသည် ပြောပြောဆိုဆိုနှင့် အဆောင်ထဲသို့ ကမူးရှူးထိုးဝင်ချလာသည်။

“လင်းမြောင်.. နင်ငါ့အထုပ်တွေ ဖြည်နေတုန်းက ငါ့ဖုန်းကို တမင်ဖွက်ထားတာမလား”

“အာ! ငါ.. ငါ့မှာမရှိပါဘူး”

“ငါ့ ဖုန်းကို ရှာမတွေ့တော့ဘူး။ နင်ဖွက်ထားတာပဲ ဖြစ်ရမယ် ခွေးမ! လာခဲ့စမ်း! နင်တစ်နေကုန် မကောင်းတာတွေပဲ တွေးနေတာ.. ငါ့ကို ဘယ်လိုဒုက္ခပေးချင်နေတာလဲဆိုတာ ငါသိတာမဟုတ်ဘူး”

သူမပြောချင်ရာပြောပြီးသည်နှင့် လူတိုင်းပြန်မတုံ့ပြန်ရသေးခင်မှာပဲ လင်းရွမ်အာသည် လင်းမြောင်ကို ပါးရိုက်လိုက်လေတော့သည်။

လင်းမြောင်သည် ခေါင်းတစ်ခုလုံး တစ်ဖက်လှည့်သွားပြီး သူမ၏ ပါးများမှာ တစ်ဆစ်ဆစ်ဖြစ်လာကာ မှင်သက်သွားလေတော့သည်။

အဆောင်မှာရှိသော ဘေးဘီတဝိုက်က ကောင်မလေးများပါ အံ့ဩမှင်သက်သွားကြလေသည်။ လင်းရွမ်အာတစ်ယောက် ဒီလောက်ထိ အာဏာရှိပြီး သူ့အစ်မကိုတောင် ပြန်ရိုက်ရဲလိမ့်မယ်လို့ သူတို့အားလုံး မထင်ထားကြပေ။

ဒါက... တကယ်ကို ဆိုးဆိုးရွားရွားပင်။

ကောင်မလေးများလည်း တံခါးနားတွင် စုလာကြပြီး တီးတိုးပြောလိုက်ကြသည်။

ကျန်းယွီကတော့ လင်းရွမ်အာကို အေးတိအေးစက်အသံဖြင့် ပြန်ပြောလိုက်သည်။

“နင်က ဝက်လား (ဦးနှောက်မရှိဘူးလားလို့ ပြောတာပါ) ဖုန်းက နင့်လက်ထဲမှာ ကိုင်ထားတာ မဟုတ်ဘူးလား”

လင်းရွမ်အာလည်း ကျန်းယွီပြောတာကိုကြားပြီး ချက်ချင်းကြည့်လိုက်မိသည်။

သူမ၏ ဘယ်ဘက်လက်တွင် ဖုန်းကိုကိုင်ထားခြင်းပင်။ သို့သော် ဒါကိုသတိမထားမိဘဲ လိုက်ရှာနေခြင်းဖြစ်သည်။

ဒါက...တကယ်ပါပဲ..! ထားလိုက်တော့ ထားလိုက်တော့”

လင်းရွမ်အာလည်း သူမမှားသွားပြီဆိုတာကို သိလေသည်။ ထို့ကြောင့် ခပ်ရွဲ့ရွဲ့ အပြုံးဖြင့် ဘေးပတ်ဝန်းကျင်က ဝိုင်းကြည့်နေကြသူများကို ပြန်ပြောလိုက်သည်။

“ကိစ္စကပြီးသွားပြီ.. ဘာကြည့်နေကြသေးတာလဲ”

“လင်းရွမ်အာ နင်သူများကို မဟုတ်မမှန်တွေ စွပ်စွဲပြီးတော့ လက်တောင်ပါလိုက်သေးတာ ပြန်တောင်းပန်သင့်တယ်လေ”

ကျန်းယွီသည် သူမရှိသမျှအားနှင့် သူမနောက်ကျောကို ဆွဲထားလိုက်သည်။

“လူတိုင်းကြည့်နေတာနော်.. သူ့ကို ပါးတော့ရိုက်ပြီး တောင်းပန်စကားကျ ပြန်မပြောဘူးပေါ့?”

“အဲ့ဒါ နင့်အပူပါလို့လား?”

လင်းရွမ်အာသည် ဒေါကြီးမောကြီးနှင့် ပြန်ပြောလိုက်သည်။

“သူကတောင်မှ ငါ့ကိုတောင်းပန်ဖို့ မပြောတာ နင်ကကြားကနေ ဝင်ကာဆီးကာဆီးလုပ်ရအောင် နင့်ကိုယ်နင်ဘာမှတ်နေတာလဲ?”

All Chapters