Chapter 44
Vol. 5 Ch. 44
သူ့အသက်ရှုသံမှာ တံ့နေသော်လည်း သူ့အသံကတော့ သာမန်ထက်လွန်ကဲစွာ နူးညံ့သိမ်မွေ့နေလေသည်။
“မင်း ငါ့ဘေးမှာ ရှိနေမှသာ ငါတကယ့်လူတစ်ယောက်လို အသက်ရှင်နိုင်တယ်လို့ ခံစားရတယ်..”
“အဲ့ဒါကြောင့် ဖုန်းမချလိုက်ပါနဲ့"
ကျန်းယွီလည်း စိတ်ပျော့သွားပြန်၏။ သူ့ကိုအပြစ်မယူတာက မဖြစ်သင့်ဘူးဆိုသော်လည်း သူမ,မတတ်နိုင်တော့ပေ။
သူ့ကိုသနားလည်းသနားသလို တကယ်လည်းစာနာမိသည်။ သူ့စကားတွေကို ကြားရတုံးကလည်း သူမနှလုံးသားမှာ အရည်ပျော်သွားသလိုပင်။
ကြည့်ရတာ... သူ့အတွက်ဆိုရင် သူမဘာမဆို လုပ်နိုင်နေပြီ ထင်ပါရဲ့။
“ချူးလီ”
“အင်း”
“ငါတို့လဝက်နေပြီးရင် တွေ့လို့ရပြီလေ”
သူမသည် စကားလမ်းကြောင်းလွှဲရန် ကြိုးစားလိုက်သည်။
“ငါပေချန်တက္ကသိုလ်ကိုတော့ ကျိန်းသေပေါက် ဝင်ခွင့်ရမယ်မထင်ဘူး။ ဒါပေမယ့် ငါတစ်ခြားတက္ကသိုလ်တွေတော့ ဝင်ခွင့်ရမှာပဲလေ။ အဲ့တော့ ဘယ်လိုပဲဖြစ်ဖြစ် ငါပေချန်မှာပဲ နေဖြစ်မှာ”
“ငါ့အတွက်လား”
“ငါ Esmeralda မှာနေချင်တာပါ။ နောက်ဆုံးတော့ ဒီကိုဝင်လာနိုင်ခဲ့ပြီလေ။ သေချာပေါက် တစ်ခြားနေရာတွေ ဘယ်သွားလို့ရမလဲ။ တစ်ခြားနေရာတွေမှာ ကျောင်းခွဲတွေ ရှိတယ်ဆိုပေမယ့်လည်း မြောက်ပိုင်းမြို့က ဌာနချုပ်လေ.. ဒီမှာရှိတဲ့ ဆရာတွေ စင်တွေကလည်း အကောင်းဆုံးပဲ”
ချူးလီသည် ဖုန်းစခရင်ကို ကြည့်လိုက်သည်။ လမ်းမီးတိုင်လေးများမှ အရိပ်လေးများသည် သူမမျက်နှာပေါ်သို့ ဖြာကျနေပေသည်။ သူမပါးလေးများမှာ နီရဲနေပြီး နှုတ်ခမ်းလေးများမှာလည်း နှင်းဆီရောင်လေး သမ်းနေပေသည်။ သူမ၏ ကြည်လင်လှသော မျက်ဝန်းလေးတစ်စုံမှာလည်း သားရဲငယ်လေးတစ်ကောင်လို ရွှန်းလက်တောက်ပနေလေသည်။
သူမပြုံးလိုက်ပုံလေးမှာလည်း ချစ်စရာကောင်းလှပေသည်။
သူမ၏ အိပ်မက်အကြောင်းပြောတိုင်း ဒီလိုမျိုး တောက်ပလာတဲ့ သူမမျက်ဝန်းထဲက အလင်းရောင်လေးများကိုကြည့်ရတာ ချူးလီသဘောကျပေသည်။
မှောင်မိုက်နေသောငရဲထဲကို နက်နက်ရှိုင်းရှိုင်း ကျဖူးသူတစ်ယောက်အဖို့တော့ ဒီလိုအလင်းရောင်မျိုးကို မြင်ရခြင်းသည် မျှော်လင့်ချက် အရိပ်အယောင်လေးကို ခံစားမိစေသည်။
“ဒီအတိုင်းလေးပဲ ဆက်ထိန်းထား”
အမှောင်ထဲတွင် ချူးလီသည် သူမမျက်ဝန်းလေးများကို ကြည့်ကာ လေးလေးနက်နက်ညပြောလိုက်သည်။
“အကြီးဆုံးနဲ့ အလှပဆုံးစင်ပေါ်မှာ ရပ်ပြီး ကိုယ့်ကိုကပြပါ”
ကျန်းယွီလည်း ပြုံးလိုက်ပြီး ခေါင်းငြိမ့်လိုက်သည်။
“ဒါဆိုရင် နင့်မှာရှိသမျှအားအကုန်နဲ့ ငါ့ကိုလက်ခုပ်တီးပေးရမှာနော်”
“အင်း မင်းကိုလက်ခုပ်တီးပေးဖို့ ကိုယ့်လက်ကိုဖြတ်ပေးမယ်လေ”
“...”
ဒီလောက်ထိ မလိုအပ်တာကို!
“ငါမီးဖွင့်ပြီးတော့ အိမ်စာလုပ်လိုက်ဦးမယ်.. ဖုန်းချလိုက်တော့မယ်နော်”
ဗီဒီယိုထဲကနေ စာရွက်တစ်ရွက်လှမ်းယူသံကို ကျန်းယွီကြားလိုက်ရသည်။ ဒါကြောင့် ကျန်းယွီလည်း အေးဆေးပဲ ပြန်မေးလိုက်သည်။
“အဲ့လောက်မြန်မြန်ပဲလား?”
“မြန်တာလား?”
ကျန်းယွီလည်း သူမတစ်ခုခု မှားပြောလိုက်မိပြီဆိုတာကို သတိထားမိလိုက်သည်။ ထို့ကြောင့် ချက်ချင်းပဲ ပြန်ရှင်းပြလိုက်ရသည်။
“မဟုတ်ဘူး ငါပြောချင်တာက... စကားပြောတာ ခဏလေးပဲလားလို့။ နင့်ကို အထင်သေးသလိုကြီး မဟုတ်ဘူးနော်..”
ချူးလီသည် ခပ်ဖွဖွလေး ခိုးခစ်ရယ်လိုက်ပြီး “ငါလည်း ဘာမှမပြောပါဘူး”
“...”
“ချလိုက်တော့!”
ကျန်းယွီလည်း သူမအတော်တုံးတာပဲလို့ ခံစားလိုက်ရသည်။ သူမပိုပိုပြီး ဖော်ပြလေ သူကပိုပြီး အမှောင်ဘက်ရောက်လာလေပဲ။
ဗီဒီယိုကောလ်ခေါ်ပြီးတော့ ကျန်းယွီလည်း မြက်ခင်းစိမ်းတစ်လျှောက်ကို လမ်းလျှောက်ထွက်လိုက်သည်။ ခဏနေတော့ ချူးလီသည် သူ့အိမ်စာကို ဓာတ်ပုံရိုက်ပို့လိုက်သည်။
ဒီလောက်ဆိုးတာတွေ အများကြီး လုပ်ပြီးတာတောင်မှ အိမ်စာလုပ်ဖို့တော့ မမေ့ဘူးပဲ.. တကယ့်ကို ထိပ်တန်းကျောင်းသားလို့ မပြောရဘူး။
ကျန်းယွီသည် ဒီလိုမျိုး နှုတ်ဆက်လိုက်ရတာကို အင်တင်တင် ဖြစ်နေသေးသည့်အတွက် သူ့ကိုစာတစ်စောင် ပို့လိုက်သည်။
“နင့်အမှတ်တွေ အရမ်းကောင်းတာတောင် နင်ကစာကြိုးစားနေတုန်းပဲ။ ငါတို့လို အမှတ်နည်းတဲ့လူတွေကို အသက်ရှင်ခွင့်လေးတော့ ပေးပါဦးလား”
“ရှောင်ယွီ.. ကိုယ်အကောင်းဆုံးဖြစ်ချင်တယ်”
အရာအားလုံးသည် အများကြီး အဆင်ပြေလာခဲ့ပြီ ဖြစ်သည်။ ပြီးတော့ သူမနှင့်အတူရှိနေတာမို့ ဘဝကြီးမှာလည်း အဓိပ္ပာယ်ရှိလာပြီလေ။ ထို့ကြောင့် သူ့ကိုယ်သူလည်း အကောင်းဆုံးပုံစံ ဖြစ်လာချင်မိသည်။
သူ့အမေဆီသွားပြီးတော့ သူ့ကိုထားခဲ့ဖို့ သူမဆုံးဖြတ်ခဲ့တာ မှားယွင်းခဲ့ကြောင်းကိုလည်း ပြောပြရပေဦးမည်။
သူမဘဝကို ဂုဏ်သိက္ခာကျစေမယ့်အစား သူသည် သူမ၏ ဂုဏ်ယူစရာလေးဖြစ်လာချင်သည်။
ကျန်းယွီလည်း ထပ်မေးလိုက်သည်။
“နေတာထိုင်တာကရော ဘယ်လိုနေလဲ.. စားဖို့ ပိုက်ဆံရော ရှိရဲ့လား? ငါနင့်အတွက် ပိုက်ဆံလွှဲပေးလိုက်ရမလား?”
ချူးလီလည်း ပြုံးလိုက်တော့သည်။
“ချစ်က ကိုယ့်ကိုဂရုစိုက်ပေးမှာလား”
ကျန်းယွီတစ်ယောက် ခပ်မြန်မြန်သာ ပြန်ပြောလိုက်သည်။
“ငါ နင့်ကို ကူညီနေတာလို့ မတွေးစမ်းနဲ့။ အနာဂတ်ကျရင် နင် ငါ့ကိုပြန်ပေးရမှာ”
ချူးလီ - “ဒါဖြင့် ကိုယ့်ကောင်မလေးက ကိုယ့်ကိုဂရုစိုက်ပေးသင့်တာပေါ့”
ကျန်းယွီ - ....
သူမသည် ချူးလီဆီကို ယွမ် ၄ထောင် လွှဲပေးလိုက်သည်။ ချူးလီကတော့ လက်ခံလိုက်ပြီးတော့ စာပြန်ပို့လိုက်သည်။
“ကျေးဇူးပါ ကောင်မလေး”
ထို့နောက် ချူးလီသည် သူမကို ယွမ်၅ထောင် လွှဲလိုက်သည်။
ကျန်းယွီ - ?
ချူးလီ - “ကိုယ့်မှာ ယွင်ရှီးအထက်တန်းကျောင်းရဲ့ ပမာဏအမြင့်ဆုံး စကော်လာရှိပါတယ်။ နေဖို့ထိုင်ဖို့က ပြဿနာမရှိပါဘူး”
ကျန်းယွီ - “ငါ့ရည်းစားလေးက မိုက်လိုက်တာ။ စကော်လာတောင်ရအောင် ယူနိုင်သေးတယ်”
ချူးလီ - “ကိုယ် မင်းကို ဂုဏ်ယူရအောင် လုပ်ပေးမှာပါ”
ကျန်းယွီ - “ငါနင့်အတွက် ဂုဏ်ယူမိတယ်”
“ပြောရမယ်ဆိုရင် ဒီမှာနေတာက ငါ့အိပ်မက်ရဲ့ တစ်ဝက်ပဲရှိသေးတယ်။ နောက်တစ်ဝက်တော့ နင်ပေါ့”
ကျန်းယွီသည် ထိုစာပိုဒ်ကို မပို့ခင် ပြန်ပြင်လိုက်သည်။ မြက်ခင်းနှင့် သိပ်မဝေးသောနေရာတွင် လင်းမြောင်နှင့် မုကျီရှန်းတို့ လာနေတာကို သူမတွေ့လိုက်လေသည်။
“ကောင်မလေးတစ်ယောက် ဒီလိုရယ်နေတာ သေချာပေါက် ရည်းစားနဲ့ စာပို့နေတာပဲ ဖြစ်ရမယ်”
မုကျီရှန်းမှ ပြောလိုက်သည်။
“ကြည့်စမ်း.. ပါးစပ်က နားရွက်တောင် တက်ချိတ်တော့မယ်”
ကျန်းယွီလည်း ရှက်ရှက်နှင့်သာ ခေါင်းငြိမ့်ပြလိုက်သည်။
“အင်း.. ရည်းစား”
လင်းမြောင်ကတော့ အားကျမှုအပြည့်နှင့် ပြန်ပြောလိုက်သည်။
“ဝါး.. ကြည့်ရတာ ငါတို့ရှောင်ယွီက သူ့ကိုအတော်လေးကြိုက်တဲ့ပုံပဲ”
ကျန်းယွီတစ်ယောက် အံ့အားသင့်သွားလေသည်။
“ဘယ်လိုလုပ်သိတာလဲ!”
“တစ်ယောက်ယောက်ကို အဲ့လောက်ထိ မကြိုက်ဘူးဆိုရင် ဒီလိုပြုံးပျော်နေတဲ့ အပြုံးမျိုးက ဘယ်လိုလုပ်ပေါ်လာမှာတဲ့လဲ”
“ငါပုံမှန်အတိုင်းပဲ ပြုံးနေတာပါ”
လင်းမြောင်ကြည့်ရတာ အတော်လေး အတွေ့အကြုံရှိပုံ ပေါ်လေသည်။
“ရှင်းပြဖို့ မလိုပါဘူးကွယ်.. နင်လည်း လူတွေထဲက လူတွေဆိုတာ ပြောပြရုံပါ”
“မဟုတ်ပါဘူး...”
ကျန်းယွီကတော့ ဝန်ခံဖို့ ငြင်းဆန်နေဆဲပင်။ ထို့အပြင် သူနှင့် ချူးလီတို့၏ ဆက်ဆံရေးဟာလည်း တစ်ခြားသူတွေ နားလည်နိုင်မည့်အရာ မဟုတ်ပေ။
သို့သော်လည်း... ကိုယ့်ရည်းစားကို အတော်လေးသဘောကျတယ်ဆိုတာ ရှက်စရာမှ မဟုတ်ဘဲ။
“စကားမစပ် နင်တို့နှစ်ယောက် ငါ့ကိုအတူတူလာတွေ့တာ ကိစ္စတစ်ခုခုရှိလို့လား?”
မုကျီရှန်းလည်း ခပ်သွက်သွက် ပြောလိုက်တော့သည်။
“ငါတို့ တကယ့်ကိစ္စကိုမှ မေ့တော့မလို့ ကြည့်စမ်း.. ဟောခန်းထဲမှာ ကြိုဆိုပွဲပါတီရှိတယ်။ ငါတို့နဲ့လိုက်ခဲ့လေ အတူတူပျော်ကြမယ်”
“သွားကြမယ်လေ.. သွားကြည့်ကြတာပေါ့”
ကျန်းယွီသည် သူမသူငယ်ချင်းများနှင့် ဟောခန်းဆီသို့ လာခဲ့ကြသည်။ ပါတီကတော့ စနှင့်နေလေပြီ။ ကောင်မလေးများသည် သူတို့၏ ဂါဝန်လှလှလေးများကို ဝတ်ဆင်ထားကြပြီး မိတ်ကပ်လိမ်းထားကြကာ ဟောခန်းဆီသို့ လျှောက်သွားကြသည်။
ကျန်းယွီသည် နေ့စဉ်ဝတ်နေကျ ထသွားထလာ အဝတ်အစားများကို ဝတ်ဆင်ထားလေသည်။ ထို့နောက် သူမသည် မုကျီရှန်းနှင့် လင်းမြောင်ကို ထပ်ကြည့်လိုက်သည်။
မုကျီရှန်းကတော့ ထသွားထလာ ချစ်စရာဂါဝန်အတိုလေးကို ဝတ်ဆင်ထားပြီး လင်းမြောင်ကတော့ ဂျင်းနှင့်ဂျာကင်လေးကိုသာ အတော်သာမန်ဆန်ဆန် ဝတ်ဆင်ထားလေသည်။
သူ့ကြည့်ရတာ သာမန်နဲ့တောင် တူမနေဘဲ ဖြတ်သွားဖြတ်လာတစ်ယောက်နဲ့တောင် ပိုတူနေသေးသည်။
လင်းမြောင်သည် လင်းရွမ်အာ၏ ပရိသတ်အာရုံကို ခိုးယူမိမှာကို ကြောက်နေမှာဖြစ်ကြောင်း ကျန်းယွီသိလေသည်။ ထို့ကြောင့်လည်း ဒီလိုမျိုး ထသွားထလာ အဝတ်အစားမျိုး ဝတ်ဆင်ထားခြင်း ဖြစ်ပေသည်။
လင်းရွမ်အာသည် သူမကို ဆံပင်ရှည်ထားတာတောင် သည်းမခံနိုင်တာ တမင်သက်သက် ပြင်ဆင်ဝတ်စားမှာမျိုးကို ဘယ်လိုလုပ် သည်းခံနိုင်မှာတဲ့လဲ။
“မဖြစ်တော့ဘူးပဲ”
ကျန်းယွီလည်း ကောင်မလေးနှစ်ယောက်ကို ပြောလိုက်သည်။
“လူတိုင်းက အဝတ်အစား လှလှပပလေးတွေ ဝတ်ထားကြတာ။ နင်ဘာလို့ ဒီလိုလမ်းသွားလမ်းလာလို ပုံစံကြီး ဝတ်ထားရတာလဲ? လာ အဝတ်အစားသွားပြန်လဲကြမယ်”
လင်းမြောင်ကတော့ တွန့်ဆုတ်တွန့်ဆုတ်ဖြင့် ပြန်ပြောလိုက်သည်။
“မလိုပါဘူး။ ဒီအတိုင်း ဝင်ကပြီး ပျော်သာပျော်ကြရအောင်ပါ”
“ဘာလို့မလိုအပ်ရမှာလဲ.. လိုအပ်တာပေါ့ နင့်မှာအခုထိ ရည်းစားမရှိသေးဘူးလေ”
မုကျီရှန်းသည် ကျန်းယွီတစ်ယောက် လင်းမြောင်ကို ပုံစံရွှိုင်းပေးပြီး သူမအပေါ် လူတွေမြင်မည့်အမြင်ကို ပြောင်းလဲပေးချင်နေမှန်း ရိပ်မိလိုက်သည်။ ထို့ကြောင့် သူမလည်း မြန်မြန်ဝင်ပြောလိုက်တော့သည်။
“အဲ့လိုဆိုမှ ငါလည်းပြန်ပြီး မိတ်ကပ်နည်းနည်းလောက်ပြင်ဖို့ လိုသေးတယ်.. သွားကြမယ်ဟေ့”
ဒီလိုနှင့် သူမတို့နှစ်ယောက်သည် လင်းမြောင်ကို အဆောင်သို့ ပြန်ခေါ်သွားလိုက်ကြကာ မိတ်ကပ်လှလှပပလေး ပြင်ပေးလိုက်ကြသည်။ မုကျီရှန်းက ဂါဝန်လှလှလေးကိုပါ ဌားပေးလိုက်သေးသည်။
ဘဲလေးကသော ကောင်မလေးအများစုသည် အားလုံးဆိုဒ်အတူတူပင် ဖြစ်လေသည်။ လင်းမြောင်သည် မုကျီရှန်း၏ မင်းသမီးဂါဝန်လေးကို ဝတ်ဆင်လိုက်သည့်အခါမှာတော့ သူမ၏ ပုံပန်းသဏ္ဌာန်က အတော်လွန်လွန်ကြူးကြူး ပြောင်းလဲသွားတော့သည်။ ရွှေဖရုံသီးရထားလုံးလေးထဲက စင်ဒရဲလားလေးနှင့် အတော်လေးကို တူသွားပေသည်။
မုကျီရှန်းသည် သူမရှေ့ကကောင်မလေးကို ကြည့်ပြီး သက်ပြင်းချကာ ပြောလိုက်သည်။
“ငါတို့ပထမဆုံးတွေ့ကြတုံးက ငါနင့်ကို ယောင်္ကျားလျှာလို့ ထင်မိတော့မလို့ပဲ။ ဒါပေမယ့် ဒီလိုဂါဝန်မျိုးနဲ့ကျတော့ နင်ဒီလောက်ထိ ချစ်ဖို့ကောင်းလိမ့်မယ်လို့ ငါတကယ်ကို မထင်ထားဘူး သိလား”
လင်းမြောင်သည် သူမကိုယ်သူမ မှန်ထဲတွင် ကြည့်လိုက်သည်။ သိမ်မွေ့နူးညံ့သော မိတ်ကပ်လေးလိမ်းထားသည့် သူမမျက်နှာလေးနှင့် အဝတ်အစား ကောင်းကောင်းလေး ဝတ်ဆင်ထားသော သူမခန္ဓာကိုယ်ကိုပေါ့လေ..။ ဒီလိုအိပ်မက်ဆန်ဆန် မင်းသမီးဂါဝန်လေးနဲ့... လင်းမြောင်တစ်ယောက် မနေနိုင်တော့ဘဲ မှန်လေးကို ထိကြည့်လိုက်သည်။
ဘယ်မိန်းကလေးက အလှအပကို မကြိုက်မှာတဲ့လဲ။ ဒါပေမယ့် သူမကိုယ်သူမ ကောင်းကောင်းမဝတ်စားခဲ့ရသည်မှာ နှစ်တွေအများကြီးတောင် ကြာခဲ့ပေပြီ။ သူမဆံပင်အတုတပ်တာတောင်မှ လျို့လျို့ဝှက်ဝှက်သာ တပ်နိုင်ခဲ့ပေသည်။ သူမ တကယ်ကို ဆံပင်ရှည်ထားချင်နေတာလေ။
ကျန်းယွီသည် စိတ်ကျေနပ်မှုအပြည့်နှင့် လင်းမြောင်ကို ကြည့်လိုက်သည်။
“ပြီးသွားပြီ သွားကြတာပေါ့”
လင်းမြောင်သည် စကတ်သာလဲထားသော ကျန်းယွီကိုကြည့်ပြီး မေးလိုက်သည်။
“နင်မိတ်ကပ် မလိမ်းတော့ဘူးလား?”
“ငါကမလိုဘူးလေ.. ဘယ်လိုပဲဖြစ်ဖြစ် ဒီမှာငါ့ရည်းစားလည်း ရှိတာမှမဟုတ်တာ”
“ယို့.. စောနကငြင်းနေတာ ဘယ်သူလဲ”
မုကျီရှန်းလည်း ရယ်လိုက်ပြီး “ဒီကောင်မလေးတော့ မိပြီပဲ”
လင်းမြောင်မှ ထပ်ပြောလိုက်သည်။
“ဒါကလေ မိန်းမတစ်ယောက်က သူ့ကိုယ်သူ စိတ်ချမ်းသာအောင် လှည့်စားနေတာလို့ ခေါ်တယ်ကွယ့်”
ကျန်းယွီသည် မိနစ်အနည်းငယ်လောက် ဆွံ့အမိသွားသည်။ ပြီးတော့မှ သူမလက်ကို ခါရမ်းရင်း ပြန်ပြောလိုက်သည်။
“မဟုတ်ပါဘူး”
“ရှင်းနေတာပဲကို”
ကျန်းယွီသည် နှစ်ကူးနေ့တုန်းက အကြောင်းကို ပြန်တွေးလိုက်မိသည်။ ကျန်းယွီသည် သူမအမေ ဝယ်လာပေးသော အဝတ်အစားလှလှလေးတွေ ဝတ်ခဲ့ပြီး ချူးလီဆီကို ပထမဆုံးအကြိမ်အဖြစ် ဓာတ်ပုံရိုက်ပို့ခဲ့သည် မဟုတ်ပါလား။
မိန်းမတစ်ယောက်က... သူမကိုယ်သူမ စိတ်ကျေနပ်အောင်ပဲ ဝတ်စားတတ်သူတစ်ယောက်ကလေ..။
အဲ့လိုကြီး ဖြစ်နေတာလား?
စကားပြောနေလျက်ပဲ သူတို့တွေ ဟောခန်းထဲက ကြိုဆိုပွဲပါတီကို သွားလိုက်ကြသည်။
ဟောခန်းမှာတော့ လူစည်ကားလျက်ရှိနေပြီး Esmeralda ရှိ အမျိုးသားများနှင့် အမျိုးသမီးများသည် ရုပ်ရည်ချောမောကြကာ အတော်လေး မျက်စိကို ဖမ်းစားနိုင်ကြပေသည်။
ပြောရမည်ဆိုလျှင် ဘဲလေးကသည့် ကောင်လေးများနှင့် ကောင်မလေးများသည် ကြည့်မကောင်းသောရုပ်ရည် တစ်ယောက်မှမရှိကြချေ။ ထို့အပြင် ချမ်းချမ်းသာသာနှင့် ပျိုးထောင်ခံလာရသူများ ဖြစ်ပေသည်။ တစ်ခြားအရာတွေကို မဆိုထားနှင့် သူတို့အားလုံးသည် အသားအရည်အတော်ကို ကောင်းလှပေသည်။ ဖြူဖွေး နူးညံ့နေကြပြီး သူတို့၏ အပြုအမူတိုင်းမှာလည်း ကြော့မော့ရည်မွန်ကြကာ သိက္ခာရှိလှပေသည်။
ဒါပေါ့.. ခြွင်းချက်လေးတွေလည်း ရှိတာပေါ့။
လင်းရွမ်အာသည် ကျန်းယွီနှင့် လင်းမြောင်တို့ ဝင်လာတာကို တွေ့လိုက်သည်နှင့် ကြက်တိုက်ပွဲက အမွှေးအတောင်တွေဖွာနေသည့် ကြက်ဖတစ်ကောင်လို ဖြစ်လာတော့သည်။ လင်းမြောင်တစ်ယောက် မိတ်ကပ်လိမ်းထားတာကို မြင်လိုက်ရသည့်အခါမှာတော့ ပို၍ပင် ဒေါသထွက်လာတော့သည်။
လင်းမြောင်သည် ထိုမင်းသမီးဝတ်စုံလေးကို ဝတ်ဆင်ထားပြီး မိတ်ကပ်ပါးပါးလေး လိမ်းထားခြင်းကြောင့် ပတ်ဝန်းကျင်က အတန်းသားများလည်း သူမကို မမှတ်မိနိုင်ဖြစ်သွားကြတော့သည်။
သူမသည် အရင်တုန်းက ဒီလိုမျိုး တစ်ခါမှ မဝတ်ဖူးဘူးလေ။
“ဟယ် ဘုရားရေ... နင်က လင်းမြောင်လား?”
“ရွှေဖရုံသီးရထားလုံးထဲက ဆင်းလာတဲ့ စင်ဒရဲလားလေးလို့ ထင်လိုက်တာ”
“ထင်ထားတဲ့အတိုင်းပဲ.. မိန်းကလေးတွေက ပျင်းနေလို့ မရဘူးပဲနော်.. မိတ်ကပ်လိမ်းကို လိမ်းသင့်တယ်! နင်အရမ်းလှတာပဲဟယ်”
“ဒီဂါဝန်လေးကလည်း တအားကောင်းတာပဲ.. နင်နဲ့လိုက်တယ်”
လင်းမြောင်သည် တစ်ယောက်ချင်းစီကို ပျော်ပျော်ရွှင်ရွှင်နှင့် ပြန်ကျေးဇူးတင်စကား ဆိုလိုက်သည်။ ထို့နောက် ကျန်းယွီအား ကျေးဇူးတင်စွာဖြင့် ကြည့်လိုက်တော့သည်။
ထိုအချိန်တွင် လင်းရွမ်အာတစ်ယောက်ကတော့ ဝိုင်ခွက်လေးကိုင်ကာ ရောက်လာပြီး ကျန်းယွီကို စကားပြောလိုက်သည်။
“နင်.. သွားပြီး ငါ့အတွက် အအေးတစ်ခွက်ငှဲ့ခဲ့”
ကျန်းယွီကတော့ ဘွင်းဘွင်းသာ ပြန်ငြင်းလိုက်သည်။
“ငါက ဘာလို့ နင့်အတွက် အအေးငှဲ့ပေးရမှာလဲ?”
“ဘာလို့လဲဆိုတော့ နင်က ကျောင်းစရိတ်မပေးဘဲ စကော်လာနဲ့လာတက်တာလေ။ Esmeralda ရဲ့စည်းမျဉ်းက စကော်လာယူထားတယ်ဆိုရင် လူမှုဝန်ထမ်းတာဝန် လုပ်ပေးရမှာပဲ”
လင်းရွမ်အာသည် ကျန်းယွီအား အထင်သေးစွာ မထီမဲ့မြင်ကြည့်လိုက်ပြီး“ဒီလောကကြီးမှာ အလကားရတဲ့အရာရှိတယ်လို့ ထင်လို့လား? ငမွဲမ”
ကျန်းယွီသည် ပိုင်ရှုယီ ပြောခဲ့သောစကားကို ချက်ချင်းပြန်သတိရလိုက်သည်။ စကော်လာရှစ်ရခြင်း၏ နောက်ဆက်တွဲအနေနဲ့ သူမသည် မနက်စောစောထပြီး စားသောက်ဆိုင်တွင် တစ်ချို့အလုပ်များကို ကူညီလုပ်ကိုင်ပေးရမည်ဖြစ်သည်။
ဒီကိစ္စတွင် ကျန်းယွီလည်း ဘာမှသိပ်ပြောမနေတော့ပါ။ ကိုယ်တိုင်ယူစနစ်နှင့် စားပွဲဆီသို့ သွားလိုက်ပြီး အအေးခွက်တစ်ခုကိုယူကာ သူမဘေးနားက လင်းမြောင်အတွက် အအေးငှဲ့ပေးလိုက်ပြီး လင်းရွမ်အာကိုတော့ လစ်လျူရှုလိုက်ပေသည်။
လင်းရွမ်အာသည် ခွက်အလွတ်ကို ကိုင်ထားတာဖြစ်ပြီး ကျန်းယွီသည် လင်းမြောင်အတွက် အအေးအရင်ငှဲ့ပေးလိုက်တာကြောင့် ဒါသူမကိုသက်သက် အထင်သေးလို့ဆိုတာ သိသာနေပေသည်။
လင်းရွမ်အာသည် ဒေါသတကြီးဖြင့် ပြောလိုက်တော့သည်။
“ဟဲ့! သူ့ကိုအရင်ငှဲ့ပေးရမယ်လို့ နင့်ကိုဘယ်သူပြောလဲ!”
“အရာအားလုံးက ဦးသူယူစနစ်ရှိတယ်လေ.. အိမ်ရှင်နဲ့ ဧည့်သည်ကြားမှာ ခြားနားချက်ရှိသလိုပေါ့”
ကျန်းယွီသည် အေးဆေး ဆက်ပြောလိုက်သည်။
“အဲ့တော့ ငါသူ့ခွက်ကို အရင်ငှဲ့ပေးတယ် အဲ့ဒါပြဿနာရှိလို့လား”
ကျန်းယွီတစ်ယောက် သူမကို လှောင်နေတာဖြစ်လို့ လင်းရွမ်အာလည်း စိတ်ဆိုးဆိုးနှင့် ပြန်ပြောလိုက်သည်။
“နင်မဟုတ်တာတွေ မပြောနဲ့။ ငါ့ကိုအအေးငှဲ့ပေး မဟုတ်ရင် ငွေစာရင်းဌာနက ဆရာမကို သွားတိုင်ပြီးတော့ နင့်စကော်လာကို ဖျက်သိမ်းခိုင်းလိုက်မှာ”
အဖြူရောင်ရှပ်အင်္ကျီလေး ဝတ်ထားသော ဝမ်လွန်လည်း ထိုနားကိုလျှောက်လာလိုက်ပြီး ကျန်းယွီလက်ထဲက အအေးပုလင်းကို လှမ်းယူလိုက်သည်။
“ဒါတွေလုပ်ဖို့မလိုဘူး။ စကော်လာရှစ်ရတဲ့ ကျောင်းသားတွေရဲ့ လူမှုဝန်ထမ်းတာဝန်ထမ်းဆောင်ရမည့် အချိန်တွေက သတ်မှတ်ထားပြီးသား။ ပြီးတော့ ဒီလိုအချိန်တွေမှာလည်း လူတစ်ချို့အတွက် လူမှုဝန်ထမ်းဝန်ဆောင်မှုတွေ ပေးစရာမလိုဘူး”
ပြောပြီးသည်နှင့် ဝမ်လွန်သည် လင်းရွမ်အာကို အေးစက်စက်အကြည့်ဖြင့် ကြည့်ပေးလိုက်သည်။