← Chapters

Chapter 45

Vol. 5 Ch. 45

Chapter 45

Vol. 5 Ch. 45

“ကျန်းယွီရဲ့ စကော်လာက မစ္စတာရှဲ့ကိုယ်တိုင် ပေးအပ်ထားတာ။ ငွေစာရင်းဌာနမပြောနဲ့ မင်းတီချယ်ပိုင်ကို သွားအစီရင်ခံရင်တောင် ဖျက်သိမ်းခံရဖို့ဆိုတာ မဖြစ်နိုင်ဘူး”

ဝမ်လွန်ပြောတာကြားပြီး လင်းရွမ်အာလည်း ရုတ်တရက်ကြီး ရှက်လာကာ သောကများလာတော့သည်။

ဝမ်လွန်ဆိုသည်မှာ ဘဲလေးနယ်ပယ်၏ အငယ်တန်းမျိုးဆက်ထဲတွင် အမျိုးသားနတ်ဘုရားတစ်ပါးအဖြစ် အသိအမှတ်ပြုခံထားရသူ ဖြစ်ပေသည်။ Esmeralda ကိုဝင်လာသည့် ကျောင်းသူတစ်ဝက်လောက်ကလည်း ဝမ်လွန်ကို ကိုးကွယ်ကြပေသည် (အရူးအမူးကြိုက်နှစ်သက်ကြတာပါ)။ ဒါပေါ့.. အဲ့ထဲ လင်းရွမ်အာလည်း ပါတယ်လေ..။

အခုတော့ ဝမ်လွန်သည် လူတိုင်းရှေ့တွင် ကျန်းယွီကြောင့် သူမကိုပြက်ရယ်ပြုနေလေသည်။ ကျန်းယွီကို ကာကွယ်ပေးနေသည်ဆိုတာကိုလည်း သိသိသာသာဖော်ပြနေပေသည်။

လင်းရွမ်အာလည်း ဘာမှမတတ်နိုင်တော့ဘဲ ဒေါသသာထွက်နေရတော့သည်။ ဝမ်လွန့်မျက်နှာကြောင့် ကျန်းယွီကို ထပ်တိုက်ခိုက်ဖို့ကလည်း မလွယ်ကူပေ။ ထို့ကြောင့် သူမသည် လင်းမြောင်ကို စိုက်ကြည့်လိုက်တော့သည်။

“နင်သေတော့မယ်! ဒီလိုလူမျိုးနဲ့ ပေါင်းနေတယ်ပေါ့.. သွား အအေးသွားငှဲ့!”

လင်းမြောင်သည် ကျန်းယွီကိုကြည့်လိုက်သည်။

ကျန်းယွီကတော့ သူမ ဘာလုပ်မလဲဆိုတာကို သိချင်သည့် မျှော်လင့်စောင့်စားနေသော မျက်လုံးများဖြင့် ပြန်ကြည့်လိုက်သည်။ သူမကို အေးဆေးလွှတ်ထားပေးပြီး သူမလုပ်ချင်တာကိုပဲ ပေးလုပ်မှာဖြစ်သည်။

မုကျီရှန်းကလည်း လင်းမြောင်၏ လက်ကို လှုပ်လိုက်သည်။ သူတို့နှစ်ယောက်လုံး သူမနောက်မှာရှိနေတယ်ဆိုတာကို သတိပေးသည့်သဘောနှင့်ပင်။

“ဟဲ့ ဘာလား! သတိထားနော် မဟုတ်ရင် ငါအမေ့ကို ပြောလိုက်မှာ”

လင်းရွမ်အာကတော့ ထုံးစံအတိုင်း လင်းမြောင်ကို အော်ဟစ်လိုက်သည်။

“နင့်ကို နေစားစရိတ်တွေ မပေးအောင်လုပ်လိုက်မယ်! ကျောင်းလည်း ထွက်ခိုင်းမှာ!”

အအေးခွက်သည် လင်းရွမ်အာ၏ ခေါင်းပေါ် တည့်တည့်လောင်းချခံလိုက်ရတော့သည်။

“သောက်လိုက်!”

စပါကလင်ကိုလာလေးသည် လင်းရွမ်အာ၏ ဆံပင်များထက်ကနေ တစ်စက်စီ စီးကျလာတော့သည်။ သူမသည် လင်းမြောင်ကို မယုံနိုင်စွာ ကြည့်လိုက်သည်။ အဲ့လောက်ထိ စကားနာခံတတ်တဲ့ သူ့အစ်မက ဒီလိုမျိုး ရိုင်းရိုင်းစိုင်းစိုင်း လုပ်လာလိမ့်မည်ဟု သူမဘယ်တုံးကမှ မမျှော်လင့်ထားခဲ့ပေ။

လင်းရွမ်အာ၏ မျက်နှာပေါ်က ကြွက်သားများသည် ဒေါသကြောင့် ဆန့်တငင်ငင် ဖြစ်နေတော့သည်။ ထို့နောက် သူမသည် ဖုန်းကိုထုတ်လိုက်ကာ

“နင်စောင့်နေ အခုပဲငါ့အမေကို လှမ်းခေါ်လိုက်မယ်.. နင်သေဖို့သာပြင်ထား!”

ပြောပြီးသည်နှင့် သူမသည် ကော်ရစ်ဒါအပြင်ကို ပြေးထွက်သွားကာ သူမအမေကို ဖုန်းခေါ်လိုက်ပြီး အချိန်အတော်ကြာအောင် ငိုပြနေလေသည်။ သူမ၏မျက်ဝန်းများကတော့ လင်းမြောင်ကို မုန်းသည့်အမုန်းများဖြင့် အပြည့်ဖြစ်နေပေတော့သည်။

ကျန်းယွီက သူမအိတ်ကပ်ထဲက ဖုန်းကိုထုတ်ပြီး မပေးလာခင်အထိ လင်းမြောင်သည် အနည်းငယ်တော့ ကြောက်နေခဲ့တာပင်။

“နင့်အဖေကိုခေါ်လိုက်”

“ငါ့အဖေကို ခေါ်ရမှာလား?”

ကျန်းယွီသည် နှုတ်ခမ်းလေးမဲ့ကာ ပြန်ပြောလိုက်သည်။

“တကယ့် အရည်အချင်းတွေ ပြရတော့မယ့် အချိန်ပဲ!”

လင်းရွမ်အာသည် လင်းမြောင်၏ ကြမ်းကြမ်းတမ်းတမ်းအပြုအမူကို တိုင်တန်းဖို့ သူမအမေကို မြန်မြန်ဖုန်းခေါ်လိုက်သည်။ ကျန်းယွီနှင့် မုကျီရှန်းတို့၏ အားပေးထောက်ခံမှုအရ လင်းမြောင်ကလည်း သူမအဖေကို ဖုန်းဆက်လိုက်လေသည်။

ဖုန်းကိုင်လိုက်သည်နှင့် လင်းမြောင်သည် မုကျီရှန်းလုပ်ပြထားသည့် နှုတ်စလျှာစအတိုင်း ပထမဆုံးစကားကိုစပြောလိုက်ပြီး ငိုခြင်းချလိုက်တော့သည်။

“ဖေဖေ!”

“ဘာဖြစ်လို့လဲသမီး?”

လင်းမြောင်၏ အဖေကတော့ အစည်းအဝေးလုပ်နေတာ ဖြစ်ပေသည်။ သို့သော် သူ့သမီး၏ မူမမှန်နေသောအသံကို ကြားလိုက်သည်နှင့် အစည်းအဝေးကို ချက်ချင်းရပ်လိုက်တော့သည်။ ထို့နောက် အပြင်ကို ခပ်သုတ်သုတ်ထွက်သွားကာ အလောတကော မေးကြည့်လေ၏။

“သမီး ဘာတွေဖြစ်ခဲ့လို့လဲ?”

“ဖေဖေ... သမီးတကယ်မရည်ရွယ်ပါဘူး.. သမီးမှားသွားပါတယ်။ ပြီးတော့ သမီးဂရုလည်း စိုက်မနေတော့ဘူး”

“ဘာဖြစ်လို့လဲ? ဖေဖေ့ကို ရှင်းအောင်ပြော ဘာတွေဖြစ်နေတာလဲ?”

“စောနက ကပွဲထဲမှာ ညီမလေးက သမီးကိုအအေးငှဲ့ခိုင်းတာ။ အဲ့ဒါကိုသမီး မတော်တဆ သူ့ဂါဝန်ပေါ် မှောက်ကျမိသွားတယ်။ ညီမလေးက အရမ်းစိတ်ဆိုးပြီး အန်တီကျိုးကို ဖုန်းသွားခေါ်နေတယ်။ ဖေဖေ သမီးဘယ်လိုလုပ်ရမလဲ.. သမီး Esmeralda ကနေ ကျောင်းမထွက်ချင်ဘူး။ သမီး ဆက်ကချင်သေးတယ်!”

ကျန်းယွီနှင့် မုကျီရှန်းလည်း သူမကို လက်မထောင်ပြလိုက်တော့သည်။

လင်းမြောင်အဖေလည်း ချက်ချင်း သူမကိုစကားပြန်ထောက်လိုက်သည်။

“သူ့မှာလက်မပါဘူးလား သမီးက ဘာလို့ သူ့အတွက်ငှဲ့ပေးရမှာလဲ?”

“အမြဲဒီလိုပဲလေဖေဖေရယ်.. ကြည့်ရတာ ညီမလေးက အကျင့်ပါသွားပြီ ထင်ပါရဲ့။ အန်တီကျိုးကပြောတယ် သမီးကအစ်မကြီးဖြစ်တော့ ညီမလေးစကားကိုနားထောင်ပြီး သူခိုင်းသမျှ လုပ်ပေးရမယ်တဲ့”

လင်းမြောင်သည် စိတ်ထိခိုက်မှုအပြည့်ဖြင့် ဆက်ပြောလိုက်သည်။

“သမီးသိပါတယ်.. ဒါသမီးလုပ်ပေးရမယ်ဆိုတာကို။ ဒါပေမယ့် ဖေဖေ အန်တီကျိုးကို သမီးအတွက် နားချပေးပါနော်။ သမီးတကယ်ကို ကျောင်းမထွက်ချင်ဘူး။ သမီးအကသင်ချင်တယ်”

ဖုန်းတစ်ဖက်တွင်တော့ လင်းမြောင်အဖေ၏ သိမ်မွေ့သော စိတ်နေစိတ်ထားလေးမှာ ပြောင်းလဲစပြုလာတော့ကာ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလေသည်။

ပြောရမယ်ဆိုရင် ဒီရိုးဖြောင့်သောလူကြီးသည် ကိုယ်ကျင့်သိက္ခာကို အစဉ်လေးစားလိုက်နာသူပင်။ ထို့အပြင် သူသည် မိသားစု၏ ကျောထောက်နောက်ခံ ဖြစ်ပေသည်။ ဒါကို သူ့သမီးအရင်းလေးကို လွှတ်ပေးဖို့ သူ့ဇနီးဆီကနေ ခခယယတောင်းဆိုပေးရမည်တဲ့လား။

“သူအဲ့လိုကျောင်းထွက်ဖို့ပြောလိုက်တာနဲ့ သမီးကို ကျောင်းထွက်ခိုင်းလို့ မရဘူးလေ”

“ဒါပေမယ့်.. အန်တီကျိုးပြောတာက သမီးကို Esmeralda မှာကျောင်းတက်ခွင့်ပေးခဲ့တာက ညီမလေးကို စောင့်ရှောက်ပေးဖို့တဲ့။ အခု ညီမလေးကို ကောင်းကောင်း မပြုစုမစောင့်ရှောက်ပေးနိုင်မှတော့ သမီးကို ကျောင်းထွက်ခိုင်းမှာ၊ အဲ့လိုပဲဖြစ်မှာဖေဖေရဲ့”

“အဓိပ္ပာယ်မရှိတာ!”

လင်းမြောင်အဖေလည်း ရုတ်တရက်ဆိုသလို စိတ်တိုလာတော့သည်။

“ငါ့သမီး ဘဲလေးသင်တာက သူများနဲ့ဘာဆိုင်လို့လဲ! ဘာလို့သူများကို ဂရုစိုက်ပေးရမှာလဲ?”

အရင်က လင်းမြောင်သည် သူမအဖေကို ဒီလိုမျိုး တစ်ခါမှ မပြောခဲ့ဘူးချေ။ သူမခံစားခဲ့ရသည်မှာ ပြောပြလည်း အသုံးမဝင်ဘူးဟုပင်။ ထို့အပြင် သူမ၏ ဖြောင့်မတ်ရိုးသားသောပုံစံနှင့်ကလည်း အဖေနဲ့ ဆက်ဆံရေးတင်းမာလာစေရုံသာ ဖြစ်စေခဲ့သည်။

သူမ၏ အေးတိအေးစက်နိုင်သော စကားလုံးများက သူမမိထွေး၏ နွေးထွေးပြီး သိမ်မွေ့သော စကားလုံးများလို အဖေ့နားထဲကို ဘယ်ရောက်မှာတဲ့လဲ။

သို့သော်လည်း ယခုအချိန်တွင်တော့ တစ်ခါတစ်လေကျရင် ခပ်ဆိုးဆိုးကလေးတစ်ယောက်လုပ်ပြီး အားနည်းချင်ယောင်ဆောင်ပြတာက သူမအတွက် အများကြီးအကျိုးရှိစေသည်ဆိုတာကို လင်းမြောင်တစ်ယောက် နားလည်စပြုလာလေသည်။ လင်းရွမ်အာတစ်ယောက် သူမအဖေအပေါ် နှစ်ပေါင်းများစွာ လုပ်လာသည့်အတိုင်းပေါ့။

လင်းရွမ်အာသည် ထိုနည်းလမ်းကို တစ်ဆင့်ချင်းတစ်ဆင့်ချင်း အသုံးချကာ လင်းမြောင်ကို မိသားစုထဲကနေ ပထုတ်လာခြင်းဖြစ်ပေသည်။

“မြောင်မြောင်.. ဒါသမီးအမှားမဟုတ်ဘူး။ ဖေဖေအကုန်လုံးကို ရှင်းပေးမယ်”

ပြောပြီးသည်နှင့် လင်းမြောင်၏ အဖေလည်း ဖုန်းချသွားတော့သည်။

သိပ်မလှမ်းမကမ်းက လင်းရွမ်အာသည်လည်း ငိုယိုပြီး ဖုန်းချလိုက်သည်။ ထို့နောက် ရွံရှာနေသော မျက်လုံးများဖြင့် လင်းမြောင်ကို လှမ်းကြည့်လိုက်ပြီး ရေရွတ်ပြလိုက်သေးသည်။

“စောင့်ကြည့်နေ”

လင်းမြောင်ကတော့ အခုအခိုက်အတန့်တွင် အနည်းငယ် ရှက်နေလေသည်။ ဘယ်လိုပဲဖြစ်ဖြစ် သူမသည် မိထွေး၏ ဉာဏ်နီဉာဏ်နက်များကို ပြတ်ပြတ်သားသားပြောပြနိုင်ခဲ့သည်။ ပြီးတော့ ဒီလောက်နှစ်တွေအများကြီး ကြာပြီးတာတောင်မှ မိထွေးက သူ့အဖေကိုတော့ အဆုံးထိမလွန်ဆန်နိုင်သေးဘူးလေ။

ဒီလို ကိုယ့်ကိုယ်ကိုယ် ထောက်ထားတာမျိုးက ဒီလောက်ထိ အသုံးဝင်လိမ့်မယ်လို့ သူမလုံးဝမသိခဲ့ပေ။

ကျန်းယွီသည် သူမလက်ကို လှမ်းကိုင်လိုက်သည့်အခါမှာတော့ သူမလက်ဖဝါးတစ်ခုလုံး ချွေးအေးတွေ စိုရွဲနေတာကို တွေ့လိုက်ရသည်။

လူတစ်ယောက်က ညတွင်းချင်းတော့ တစ်ခြားလူတစ်ယောက်လို လုံးလုံးလျားလျား မပြောင်းလဲသွားနိုင်ဘူးလေ.. ဒီလောက်တော့ ရှိဦးမှာပေါ့။

သတ္တိမရှိတာကို စွန့်လွှတ်တာတွေ၊ သိမ်ငယ်စိတ်တွေကို ဖျောက်ပစ်ရတာတွေ၊ ကိုယ့်ကိုယ်ကိုယ် အတွေးသစ်အမြင်သစ် ပြောင်းလဲပစ်ရတာတွေ... ဒါတွေက တကယ်ကို လွယ်ကူတဲ့ကိစ္စတွေ မဟုတ်ဘူးကိုး..။

ကျန်းယွီလို တစ်ခါသေဖူးပြီး ပြန်လည်မွေးဖွားလာသူတောင် အရင်က သူမကို နက်နက်ရှိုင်းရှိုင်း ချည်နှောင်ထားသည့် အထွေးအပတ်အများကြီးကို ကြိုးစားပြီး ဖြည်ခဲ့ရသည်မဟုတ်ပါလား..။

အရင်တုန်းကတော့ သူမချည်နှောင်ထားသည့် အထွေးအပတ်လေးသည် အပြင်လောက,ကလာသည့် လေပြင်းများ၊ ဓားများ၊ ဆီးနှင်းဆဲများကို ကူ၍ကာကွယ်တားဆီးပေးပြီး သူမကို လုံခြုံမှုရှိသည်ဆိုသည့် အတွေးကို ပေးခဲ့တာဖြစ်လိမ့်မည်မှာ သေချာပေါက်ပင်။

သို့သော်လည်း တစ်ချိန်တည်းမှာပဲ ထိုအထွေးအပတ်တွေက သူမကို ဒီအကာအကွယ် အလွှာလေးထဲမှာပဲ ပုန်းနေစေခဲ့ပြီး သူမကို ဘာဆိုဘာမှမပြောရဲစေတော့တဲ့ သနားစရာသတ္တဝါလေး ဖြစ်စေခဲ့တာလေ။

ပြောရမယ်ဆိုရင် ဖျက်ဆီးပစ်မလား ဒီအတိုင်းဆက်နေမလားပဲ ရှိတာပေါ့။

ထိုအထွေးအပတ်အလွှာတွေကို ဖျက်ဆီးပစ်ရင် ရလာမယ့်ဒဏ်ရာတွေက အတော်လေးနာကျင်ရမယ်ဆိုပေမယ့်လည်း နောက်ဆုံးကျရင်တော့ ထိုနာကျင်မှုက တန်မှာပဲလေ.. ဘာလို့လဲဆိုတော့ ကမ္ဘာအသစ်ကြီးက ဘာတွေဆက်ဖြစ်လာမလဲ မသိနိုင်ဘူးလေ။ အံ့ဩစရာတွေနဲ့ ပြည့်နှက်နေတာ။

ခဏနေတော့ လင်းရွမ်အာ၏ ဖုန်း ထပ်မြည်လာလေသည်။ သူမအမေဆီက ဝင်လာသည့်ဖုန်းပင်။

“ဟယ်လို မေမေ.. ဘာပြောမှာလဲ ဒီခွေးမကို ခေါ်ထုတ်သွားပေးမှာမလား! သမီး သူနဲ့တစ်ကျောင်းတည်းတက်ရတာ တကယ်ကို နည်းနည်းလေးမှ သည်းမခံနိုင်တော့ဘူး!”

သို့သော်လည်း သူ့အမေပြောတာနားထောင်ပြီးသည့်နောက်မှာတော့ လင်းရွမ်အာတစ်ယောက် ဆွံ့အသွားလေတော့သည်။ ထို့အပြင် အကြာကြီးနေမှ တုန်တုန်ရီရီနှင့် သူမပါးစပ်ကနေ စကားလုံး၃လုံး ထွက်လာခဲ့သည်။

“ဦးလေးလင်း...”

အဆုံးသတ်ကတော့ လွယ်လွယ်ခန့်မှန်းလို့ရတာပေါ့။

လင်းရွမ်အာအမေသည် သူမကို ဖုန်းထဲကနေ သင်ခန်းစာပေးလိုက်ပြီး လင်းမြောင်ကို ပြန်တောင်းပန်ဖို့ ပြောလိုက်သည်။

အစကတော့ လင်းရွမ်အာလည်း အရင်လိုပဲ ငြင်းဆန်လေသည်။

လာနောက်နေတာလား.. သူမက လင်းမြောင်ကို ဘယ်လိုလုပ် တောင်းပန်နိုင်မှာတဲ့လဲ! ကလေးဘဝတည်းက အခုချိန်ထိ လင်းမြောင်ကသာ သူမကို တောင်းပန်လာခဲ့ရတာလေ.. သူမကဘယ်လိုလုပ်ပြီး...

သို့သော်လည်း သူမအမေပြန်ပြောလိုက်သည်က အကယ်၍ သူမသာ မတောင်းပန်ဘူးဆိုရင် သူမ Esmeralda ကနေ ကျောင်းထွက်ရနိုင်သည်ဟုပင်။ လင်းရွမ်အာလည်း အတော်လေးကို မှင်သက်မိသွားသည်။

“ကျောင်းထွက်ရမယ်.. ကျောင်းထွက်ရမယ်ဟုတ်လား? မဖြစ်နိုင်တာတွေ မေမေရယ်။ သမီးပဲ နားကြားမှားသွားတာလား? ဦးလေးလင်းက ဘယ်လိုလုပ် သမီးကို ကျောင်းထွက်ခိုင်းမှာတဲ့လဲ? သူအမြဲတမ်း သမီးကိုသာ အလိုအလိုက်ဆုံးပဲလေ!”

သူမ၏ စကားများကိုကြားတော့ ကျန်းယွီလည်း မထိန်းနိုင်တော့ဘဲ လှောင်ပြုံးပြုံးမိတော့သည်။

လင်းမြောင်၏ အဖေသည် ဘယ်လောက်ပဲ လင်းရွမ်အာအပေါ်ကောင်းပါစေ သူမသည် သမီးအရင်း မဟုတ်ဘူးလေ..။ သူ့ကိုကောင်းကောင်း ဆက်ဆံတယ်ဆိုရင်တောင် ပြောရမယ်ဆိုရင် ဒါယဉ်ကျေးနေတာ သက်သက်ပဲကို။

ဒါကို သူမက အလိုက်ကမ်းဆိုးနားမလည်ဘဲ သူများအသိုက်အမြုံကို ဝင်အပိုင်စီးပြီးတော့ သမီးအရင်းကိုကန်ထုတ်မယ်၊ အဖေ့ရဲ့ အချစ်တွေနဲ့ စည်းစိမ်တွေ အကုန်လုံးကို သူမတစ်ယောက်တည်း ခံစားမယ်လို့ တွေးနေတာဆိုရင်.. သူမတကယ်ကို မိုက်မဲတာပဲပေါ့။

နောက်ဆုံးတွင်တော့ သူမအမေ၏ မကူနိုင်မဆယ်နိုင် ဖိအားပေးမှုကြောင့် လင်းရွမ်အာသည် စိတ်မပါလက်မပါဖြင့် လင်းမြောင်ကို တောင်းပန်လိုက်ရတော့သည်။ ထို့အပြင် လင်းမြောင်ကို နောက်ဘယ်တော့မှ အနိုင်မကျင့်တော့ပါဘူးဆို၍လည်း မျက်ရည်ချူကာ ကတိပေးခဲ့လေသည်။

ပထဆုံးတိုက်ပွဲကို အနိုင်ရခဲ့ပြီးနောက်မှာတော့ လင်းမြောင်တစ်ယောက် စိတ်လှုပ်ရှားလွန်း၍ ညသန်းခေါင်ရောက်တဲ့အထိ အိပ်မပျော်နိုင်ဖြစ်နေတော့သည်။ သူမသည် ကျန်းယွီ၏ လက်ကို တစ်ချိန်လုံး မလွှတ်တမ်းကိုင်ထားရင်း အနာဂတ်ကို တွေးတောနေလိုက်သည်။

သူမဆံပင်ကိုလည်း အရှည်ပြန်ထားတော့မှာမလို့ ညို့ချက်ပြင်းလှသည့် ဘဲငန်းပေါက်လေးဖြစ်လာဖို့ စိတ်အားထက်သန်တော့သည်။ ထို့အပြင် ဗိုက်တွင်ကြွက်သားအမြှောင်း၈ခုရှိသည့် ကောင်လေးတစ်ယောက်နှင့်လည်း အချစ်ဇာတ်လမ်းမြူးမြူးလေးတစ်ခု ရှိလာအောင် လုပ်ပေဦးမည်...

အရင်တုံးက သူမတွေးတောင် မတွေးဝံ့ခဲ့သော အရာများအားလုံးကို အခုတော့ သူမတွေးနေနိုင်လေပြီ။

လရောင်လေးမှာ သူမ၏ အိပ်ရာခေါင်းရင်းသို့ ဖြာကျနေပေကာ သူမ၏ နှင်းခဲသဖွယ် အသားဖြူဖြူလေးပေါ်တွင် ရေးရေးလေး တောက်ပနေတော့သည်။

ကိုယ့်ကိုယ်ကိုယ်ချည်နှောင်ထားတဲ့ အထွေးအပတ်တွေ ပြေကျသွားပြီးချိန်မှာတော့ လောကကြီးက အင်မတန်ကိုမှ လှပနေပါရောလား...။

ကျန်းယွီလည်း မယုံနိုင်စွာဖြင့် သူမကိုကြည့်လိုက်သည်။ လင်းမြောင်အတွက် တကယ့်ကို စိတ်ရင်းနဲ့ ပျော်နေလေကာ သူမလုပ်သင့်သည့်အရာလည်း ပြီးမြောက်သွားတာကို ခံစားလိုက်ရသည်။

ညတုံးကတော့ ကျန်းယွီတစ်ယောက် အိပ်ရာထဲလှဲနေတုံး ဖုန်းထဲကနေ ‘တိန်’ ဆိုသည့် အသံလေးဝင်လာခဲ့သည်။ app ကနေ သူမကိုစာပို့လိုက်ခြင်းပင်။

“(စင်ဒရဲလားကို ကယ်တင်ခြင်း) တာဝန်ကို ပြီးမြောက်အောင် လုပ်နိုင်ခဲ့လို့ ပြန်လည်မွေးဖွားလာသူကို ဂုဏ်ပြုပါတယ်။ ဝန်ဆောင်ခ ယွမ်၆၄,၀၀၀ ကိုလွှဲပြီးပါပြီ”

ကျန်းယွီသည် ထိုမက်ဆေ့ချ်ကိုကြည့်နေရင်း ဒီညဖြစ်ခဲ့သော ‘တိုက်ပွဲ’ သည် လင်းမြောင် လွတ်မြောက်ခြင်းရဲ့ အစသာရှိသေးတယ်ဆိုတာကို တွေးနေမိသည်။

ဒါပေမယ့် အခုချိန်ကစပြီး သူမသည် ပစ်စလက်ခတ်တွေဖြစ်ကာ နှာရှုံ့နေရသည့် စင်ဒရဲလားလေး ဆက်လုပ်မှာ မဟုတ်တော့ပေ။

အဲ့ဒီအစား အတောင်တွေဖြန့်ကာ ပျံသန်းတော့မည့် ‘ဘဲငန်းဖြူလေး’ ဖြစ်လာပေတော့မည်။

......

ညနေတုန်းက ပိုင်ရှုယီသည် ရုံးခန်းတံခါးကို သော့ခတ်လိုက်ပြီး ရွယ်ကျားယီကို တွေ့ဖို့ လှည့်လာလိုက်သည်။

ရွယ်ကျားယီသည် ဆွဲဆောင်မှုရှိသည့် A ပုံစံစကတ်အကပ်လေးကို ဝတ်ဆင်ထားပြီး လက်ပိုက်ထားလျက် လက်ချောင်းများထဲတွင် စီးကရက်ကို ကိုင်ထားကာ ပိုင်ရှုယီဘေးနားကို လျှောက်သွားလိုက်သည်။

“ကျောင်းမှာ ဆေးလိပ်သောက်ခွင့်မရှိဘူး”

ပိုင်ရှုယီသည် ရွယ်ကျားယီကိုပြောလိုက်သည်။

ရွယ်ကျားယီကတော့ သူမကို ဂရုမစိုက်ပါ။ သူမသည် အဖြူရောင် မီးခိုးများကိုပင် မှုတ်ထုတ်လိုက်ပြီး ညို့ဓာတ်ပြင်းသော အသက်အက်အက်လေးနှင့် ပြန်ပြောလိုက်သည်။

“အခုပဲ ကပွဲမှာ ဘာဖြစ်သွားလဲ သိလိုက်လား”

“ဝမ်လွန်ပြောလို့ ကြားတာတော့ ကောင်မလေးတွေကြားထဲမှာ သဘောထားကွဲလွဲမှုရှိသွားတာဆိုတော့ ဒါပုံမှန်ပါပဲ”

“အဲ့ကောင်မလေးရှိတဲ့နေရာတိုင်းမှာ အမြဲတမ်းတစ်ခုခုဖြစ်တယ်လို့ နင်မထင်ဘူးလား”

ဒါပေါ့.. ရွယ်ကျားယီပြောနေတဲ့ ကောင်မလေးဆိုတာ ကျန်းယွီကို ရည်ညွှန်းနေတာမှန်း ပိုင်ရှုယီလည်း သိတယ်လေ။

“ငါမေးပြီးသွားပြီ။ ဒီကိစ္စက သူနဲ့ဘာမှမပတ်သတ်ဘူး။ သူ့အခန်းဖော်ကဖြစ်တာ”

“သူ့ကို တကယ်ပဲ နင့်အနီးကပ် တပည့်လို့ သဘောထားနေတာလား.. အဲ့ဒါကြောင့် အခုလို ကာကွယ်ပေးနေတာပေါ့လေ?”

ရွယ်ကျားယီမှ ဆက်ပြောလိုက်သည်။ “သူကလေ ပုထျန်းယန်နဲ့ အရမ်းကြီးဆင်နေတယ်လို့ နင်မထင်ဘူးလား”

ထိုစကားလုံးများကို ကြားလိုက်ရသည်နှင့် ပိုင်ရှုယီ၏ ခြေလှမ်းများမှာ ရပ်တန့်သွားလေတော့သည်။

“သူနဲ့တူရုံတင်မကဘူး သူ့လိုပါကတာနော်။ ပြီးတော့ သူ့ခန္ဓာကိုယ်တည်ဆောက်ပုံကတောင် ပုထျန်းယန်နဲ့ ဆင်နေတာ”

ရွယ်ကျားယီသည် ဆက်ပြောလိုက်သည်။

“သူဒီမှာ ရှိနေသေးသရွေ့ ဘယ်တော့မှ ငြိမ်းချမ်းမှာ မဟုတ်တော့ဘူး”

ပိုင်ရှုယီသည် မျက်နှာကြီး စူပုပ်ကာ ပြန်ပြောလိုက်သည်။

“နင်ဘာတွေပြောနေတာလဲ ငါမသိဘူး။ သူကသူ၊ ပုထျန်းယန်က ပုထျန်းယန်ပဲ။ တစ်ယောက်နဲ့တစ်ယောက် ဘာမှမသက်ဆိုင်တဲ့ဟာတွေ.. အတင်းဆွဲမထည့်စမ်းနဲ့”

“နင်တကယ်ပဲ ဂရုမစိုက်ဘူးပေါ့?”

“ငါကဘာကို ဂရုစိုက်ရမှာလဲ? ပုထျန်းယန်က ငါ့အချစ်ဆုံးသူငယ်ချင်းပဲ။ ပြီးတော့ အခုသူ့ကို အမှီလိုက်နိုင်မယ့် ကျောင်းသားရှိလာတာလေ။ အရမ်းကြီးနောက်မကျသေးတာကိုပဲ ငါဝမ်းသာတယ်”

ရွယ်ကျားယီမှ ရုတ်တရက်ကြီး ထရယ်လိုက်တော့သည်။ ထို့အပြင် ထိုရယ်သံမှာ ကော်ရစ်ဒါအလွတ်တစ်ခုလုံးကိုပင် ထိုးဖောက်ဝင်ရောက်သွားလေတော့သည်။

“ပိုင်ရှုယီ.. ပိုင်ရှုယီ.. နင်ဒီလောက် ခက်ခက်ခဲခဲကြိုးစားနေတာတောင် ရှဲ့ယွမ်က နင့်ကိုလှည့်တောင်မကြည့်ဘူးနော်”

ပိုင်ရှုယီသည် အေးတိအေးစက် မျက်နှာထားဖြင့် ပြန်ပြောလိုက်သည်။

“နင် ဘာကိုပြောချင်နေတာလဲ”

“နင့်လိုမျိုး အမျိုးကောင်းသမီးကောင်းလေးတွေက ဗိုင်းကောင်းကျောက်ဖိနဲ့ သူများကို ကိုယ့်အတွင်းစိတ် မဖွင့်ပြကြဖို့ မွေးဖွားလာကြတာပဲ။ သူများအတွက်တော့ အဲ့ဒါက စိတ်အနှောင့်အယှက်အဖြစ်ရဆုံးပဲလေ”

ရွယ်ကျားယီသည် သူမကိုကြည့်၍ ပြောလိုက်သည်။

“ကြောင်သူတော်မ”

ပိုင်ရှုယီကတော့ သူမနှင့် စကားမများချင်ပါ။ ထို့ကြောင့် နူးညံ့စွာသာ နှာတစ်ချက်မှုတ်လိုက်ပြီး ထွက်သွားဖို့ပြင်လိုက်သည်။

အနောက်က ရွယ်ကျားယီကတော့ ဆက်ပြောလိုက်သည်။

“နင်တကယ်ပဲ သူ့ကိုပျိုးထောင်ပေးဖို့ နင့်လက်အောက်ကိုခေါ်လိုက်တာလား ဒါမှမဟုတ် တစ်ခြားရည်ရွယ်ချက်ရှိနေတာလား?”

“ငါက ဘာရည်ရွယ်ချက် ရှိရမှာလဲ?”

“ဥပမာ.. သူ့လိုမျိုး အရည်အချင်းရှိတဲ့လူတွေကြားကနေ သူ့ကိုဖုံးထားတာမျိုးပေါ့...”

All Chapters