← Chapters

Chapter 46

Vol. 5 Ch. 46

Chapter 46

Vol. 5 Ch. 46

ကျန်းယွီကတော့ မနက်တိုင်း ၅နာရီတွင် အိပ်ရာထကာ ကိုယ်လက်သန့်စင်ပြီးတာနဲ့ ကန်တင်းကို သွားလိုက်သည်။ အန်တီကြီးများနှင့်အတူ ကျောင်းသားများအတွက် မနက်စာပြင်ဆင်ပေးဖို့ပင်။

အစကတော့ ကျန်းယွီသည် ဒီအလုပ်ကို သူမ လုပ်နိုင်လိမ့်မည်ဟု ထင်ခဲ့သည်။ သို့သော် ကျောင်းမှပေးသော လေ့ကျင့်ခန်းများမှာ တစ်နေ့တစ်ခြား ပိုပိုဝန်များလာတော့သည်။ နေ့တိုင်းလည်း ညနောက်ကျမှ သူမ၏ ပင်ပန်းနေပြီဖြစ်သည့် ခန္ဓာကိုယ်ကို အဆောင်သို့ ပြန်ရောက်အောင် မနည်းရုန်းကန်နေရလေသည်။ ထို့နောက် မနက်ကျတော့လည်း အစောကြီးထကာ အလုပ်လုပ်ရပြန်သည်။ ကြာလာတော့ သူမတကယ်မခံနိုင်တော့ပါ။

Esmeralda သည် သူမကို ကျောင်းလခယွမ်၂သိန်း သက်သာစေပြီး မနက်တိုင်းတော့ အချိန်ပိုင်းအလုပ်ကို လုပ်ခိုင်းလေသည်။ တကယ်တော့ ဒါဟာ မကျေမနပ်ဖြစ်စရာမရှိပေ။

ပြောရမယ်ဆိုရင် ဘယ်သမာအာဇီဝရှိတဲ့ အလုပ်သမားတစ်ယောက်က လဝက်တည်းနဲ့ ယွမ်၂သိန်းရှာနိုင်မှာတဲ့လဲ။

ထို့ကြောင့် ကျန်းယွီလည်း အံကြိတ်ကာ အလုပ်ဆက်လုပ်နေလိုက်သည်။

Esmeralda ၏ကန်တင်းမှာ တကယ်ကို အဆင့်မြင့်လှပေသည်။ မနက်စာမှာ ဘူဖေးဖြစ်သဖြင့် အစားအသောက်များနှင့် မုန့်များကို အချိန်မရွေး ထပ်ထည့်ပေးဖို့ လိုအပ်ပေသည်။ ထို့အပြင် ပန်းကန်ခွက်ယောက်များကို ဆေးကြောခြင်းနှင့် စားပွဲပေါ်ကတူများကိုလည်း အချိန်မရွေး ထရှင်းရသေးသည်။

ထို့ကြောင့် မနက်ခင်းတိုင်းတွင် ကျန်းယွီတစ်ယောက် အလုပ်များနေတတ်ပြီး ကန်တင်းတစ်ခုလုံးကို လှည့်ပတ်သွားနေရပေသည်။

ဆရာမအတူတူဖြစ်သည့် ဝမ်လွန်ကတော့ သူမကိုမကြည့်ရက်တော့ပေ။ သူမနားကိုလာပြီး ပြောလိုက်သည်။

“ငါကူလုပ်ပေးမယ်”

“အာ ငါပဲလုပ်ပါမယ်.. မြန်မြန်အတန်းကိုသွားတော့။ နင်နောက်ကျရင် တီချယ်ပိုင်က ဆူနေဦးမယ်”

ဝမ်လွန်သည် သူဘာမှဖြစ်ဖြစ်မြောက်မြောက် ကူညီနိုင်မှာ မဟုတ်ဘူးဆိုတာကိုတော့ သိလေသည်။ သူသည် ချမ်းသာသည့် မိသားစုကဖြစ်လို့ ဒီလိုမျိုးအလုပ်တွေကို ငယ်စဉ်ကတည်းက တစ်ခါမှ မလုပ်ခဲ့ဖူးပေ။

“ဒါဆိုရင် ငါတီချယ်ပိုင့်ကို သွားပြောပေးမယ်.. မနက်ပိုင်းအလုပ်ကနေ နင့်ကို ခွင့်ပေးလိုက်တော့ဖို့ပေါ့။ နင်အရမ်းပင်ပန်းနေပြီ။ ပြီးတော့ မနက်ပိုင်းအတန်းက အရမ်းအရေးကြီးတာ။ ရှင်းရှင်းပြောရရင် တီချယ်သင်ပေးတဲ့ ဗဟုသုတရမယ့်အချက်တွေအကုန်လုံး နင်လွတ်နေပြီ”

“ဟဲ့ နင်သွားမလုပ်နဲ့နော်”

ကျန်းယွီသည် မြန်မြန်ပြန်ပြောလိုက်သည်။

“ဒါလဝက်ပဲလေ။ ဒါလေးတောင်မှ ငါဖြစ်မြောက်အောင် မလုပ်နိုင်ရင် တစ်ခြားလူတွေက ငါ့ကိုဘာပြောကြလိမ့်မလဲ"

ဝမ်လွန်ကတော့ သူမကို စိတ်ပူပူနှင့် ကြည့်လိုက်သည်။

“တကယ် ရပါ့မလား?”

“ကိစ္စမရှိပါဘူး။ အခုအတန်းသွားလိုက်ပါ”

ဝမ်လွန်သည် ခြေလှမ်းအနည်းငယ် လျှောက်လိုက်ပြီး သူမကို စိတ်ပူစွာဖြင့် ပြန်လှည့်ကြည့်လိုက်သည်။ စိတ်ထဲမှာလည်း အတော်ကသိကအောက် ဖြစ်နေတော့သည်။

ကျန်းယွီကတော့ သမ်းလိုက်ပြီး ပျင်းပျင်းရိရိနှင့် ကြက်ဥများကို ဆက်ကြော်လိုက်သည်။ ထိုအချိန်တွင် သူမဘေးက တစ်ယောက်သည် သူမလက်ထဲက ယောက်မကိုယူကာ တိတ်တိတ်လေးသာ ကြက်ဥများကို လှန်ပေးလိုက်သည်။

ကျန်းယွီလည်း သူမခေါင်းကို လှည့်ကြည့်လိုက်သည့်အခါမှာတော့ တစ်ကိုယ်လုံး အဖြူရောင်ဝတ်ထားသည့် ချူးလီကို တွေ့လိုက်ရသည်။

သူမသည် မယုံကြည်နိုင်စွာဖြင့် မျက်လုံးများကို ပွတ်ကြည့်မိလိုက်သည်။ မနက်တုံးက သူမအိပ်ရေးမဝခဲ့လို့ အိပ်မက်မက်နေတာလို့ တွေးနေမိလို့ပင်။

ချူးလီကတကယ့်ကို အဝတ်ချိတ်ပဲ။ ဒီလိုလုပ်ငန်းခွင်ယူနီဖောင်း အဖြူရောင်လေးကတောင်မှ သူ့ကြည့်ရတာ ညို့ဓာတ်ပြင်းအောင် လုပ်ပေးနိုင်ပေသည်။

T/N : အဝတ်ချိတ် ဆိုတာက ဘာဝတ်ဝတ် ကြည့်ကောင်းတယ်လို့ ပြောချင်တာပါ။ ချိတ်မှာ ဘယ်လိုအဝတ်အစားမျိုးပဲ ချိတ်ချိတ်၊ ချိတ်လို့ရတာမို့လေ။

“နင်.. ဘယ်လိုလုပ် ဒီကိုရောက်လာတာလဲ?”

ချူးလီသည် ကြက်ဥများကိုကြော်နေရင်း ပြန်ပြောလိုက်သည်။

“ဆောင်းရာသီကျောင်းပိတ်ရက်မှာ ငါပျင်းနေတာလေ။ အဲ့ဒါနဲ့ ဒီနေရာမှာ အလုပ်ရှိတယ်ဆိုတာကို အင်တာနက်ပေါ်ကနေ တွေ့လို့ ရောက်လာတာ”

“ငါ့အတွက် ရောက်လာပေးတာလား?”

ချူးလီကတော့ သူမကို အသက်မပါသည့် အကြည့်များဖြင့် ကြည့်လိုက်သည်။ ထို့နောက် ပေါ့ပေါ့ပါးပါးလေးသာ ပြန်ပြောလိုက်သည်။

“ဒီလိုပဲဖြစ်သွားတာ”

“မဟုတ်ပါဘူး.. ရည်းစားလေးက ငါ့အတွက် ရောက်လာတာပါ”

ကျန်းယွီ၏ မျက်လုံးများကတော့ တောက်ပနေလေသည်။

“ငါ့ကို လွမ်းနေတာလား?”

“အရမ်းကြီးလည်း မဟုတ်ပါဘူး”

ချုးလီကတော့ တည်တည်ငြိမ်ငြိမ်သာ ပြန်ပြောလိုက်သည်။

“နည်းနည်းလေးပါပဲ...”

ကျန်းယွီကတော့ သူပြောသည့် နည်းနည်းလေးဆိုတာ အများကြီးဖြစ်လိမ့်မှာကို သိပေသည်။

ချူးလီသည် သံပူပြားပေါ်တွင် ပေနေသည့်ဆီအကျန်များကို တဂျစ်ဂျစ်မြည်သွားအောင် ပွတ်ဆွဲလိုက်ပြီးတော့မှ ဆီထပ်ထည့်လိုက်သည်။ ထို့နောက် ကြက်ဥတစ်ချို့ကို ကျကျနနကြော်လိုက်ရင်း စကားပြောလိုက်သည်။

“ဒီမှာ ဒါတွေလုပ်ဖို့ လာခဲ့တာမို့လား?”

“မဟုတ်ပါဘူး.. ကျောင်းစရိတ်ကို စကော်လာရတော့ လူမှုဝန်ထမ်းဝန်ဆောင်မှုကတော့ လုပ်ပေးရမှာပဲလေ”

ချူးလီကတော့ ဘာမှပြန်မပြောပေ။ သူမ၏ လက်ကိုသာ ဆွဲကိုင်လိုက်ပြီး သူမ၏ လက်ချောင်းလေးများကို အဖိုးတန်ကျောက်စိမ်းလေးများ စီတန်းထားသဖွယ် ပွတ်သပ်လိုက်သည်။

“ရည်းစားလေး.. ဒါတွေလုပ်ဖို့မလိုပါဘူး။ နောက်ကျရင် ဒါတွေကို ကိုယ်လုပ်ပေးမယ်”

“မလိုပါဘူး.. နင်ကဒီမှာ အချိန်ပိုင်းအလုပ် လာလုပ်တာလေ။ နင့်အလုပ်ကိုပဲ နင်လုပ်ရမှာပေါ့”

“အချိန်ပိုင်းအလုပ်ဆိုပေမယ့် ငါလစာမတောင်းခဲ့ဘူးလေ”

“ဟမ်?”

“နောက်ကျရင် မင်းရဲ့အလုပ်တွေကို ငါ့ကိုပေးရမှာ။ မင်းကတော့ သွားကရမှာပေါ့”

ကျန်းယွီသည် သူ၏လေးနက်လှသော အမူအရာကိုကြည့်နေရင်း သူမရင်ထဲတွင် နှင်းဆီပွင့်များ ပွင့်လန်းလာတော့သည်။ ခံစားချက်တွေအကြောင်း ထပ်ပြောရမယ်ဆိုရင် အတွင်းထဲမှာ ကလိကလိဖြစ်နေတဲ့ နူးညံ့သိမ်မွေ့လှသော ကြင်နာခြင်းများလည်း ရှိနေပေတော့သည်။

“တကယ်လည်း မင်းက ဒါတွေလုပ်ဖို့ မလိုဘူးလေ...”

ကျန်းယွီကတော့ ပါးစပ်ပိတ်နေကာ ဝန်လေးနေလေသည်။ ငြင်းဆိုသည့်စကားကိုလည်း တစ်ခွန်းမှမပြောခဲ့ချေ။ အချိန်အတော်ကြာပြီးမှ သူမပြန်ပြောလိုက်မိသည်။

“ဘာလို့ ငါ့အပေါ် အဲ့လောက်ကောင်းနေရတာလဲ?”

ချူးလီသည် ပြုံးလိုက်ပြီး ပြန်ပြောလိုက်သည်။

“ဘာလို့လဲဆိုတော့ မင်းက ကိုယ့်ကောင်မလေးမို့လေ”

“ငါက နင့်ကောင်မလေးမို့လို့လား?”

ချူးလီသည် သူမနား,နားကို ကပ်လိုက်ပြီး သူမ၏ နားလေးကို သူ့နှာခေါင်းနှင့် ပွတ်သပ်ကာ သိမ်သိမ်မွေ့မွေ့လေး ဆိုလိုက်သည်။

“ပြီးတော့ မင်းက ငါအလိုချင်ဆုံးဖြစ်တဲ့ ကောင်မလေးလည်း ဖြစ်တာမို့လေ”

ကျန်းယွီသည် မျက်နှာများနီရဲလာပြီး သူမ၏ အလုပ်ယူနီဖောင်းကို လဲလိုက်တော့သည်။ မီးဖိုချောင်ထဲကနေ မြန်မြန်ထွက်သွားပြီး အတန်းကိုသွားဖို့ အဆင်သင့်တောင် ဖြစ်နေပေပြီ။

“ဒါဆိုလည်း ငါအရင်သွားနှင့်တော့မယ်။ အတန်းပြီးမှပဲ နင့်ဆီလာတော့မယ်။ နင်ဘာမှလုပ်စရာမလိုဘူး သိလား.. ငါ့တာဝန်က သိပ်မရှိဘူး”

“အင်း သွားတော့.. မြန်မြန်ပြန်လာခဲ့နော်”

ကျန်းယွီ၏ ခြေတံရှည်များသည် ထွက်သွားမလို့ ပြင်ပြီးခါမှ အနောက်ကို တစ်ဖန်ပြန်ဝင်သွားတော့သည်။ ချူးလီက သူမကို ကြောင်ပြီးကြည့်နေ၍ပင်။

ချူးလီသည် စားပွဲပေါ်က ပန်းကန်ခွက်ယောက်များနှင့် တူများကို သိမ်းဆည်းလိုက်ကာ သူ့ခေါင်းလေးကိုငုံ့ရင်း အေးဆေးပဲမေးလိုက်သည်။

“စောနက ကောင်လေးက ဘယ်သူလဲ?”

ကျန်းယွီသည် ခဏစဉ်းစားလိုက်ရပြီး နောက်မှ ရုတ်တရက်ကြီး မှတ်မိလာတော့သည်။

“အာ.. အဲ့ဒါက ဝမ်လွန်လေ ငါ့အတန်းဖော်”

“အော်”

“ဘာဖြစ်လို့လဲ”

“ဘာမှမဖြစ်ပါဘူး”

ကျန်းယွီတစ်ယောက် ထွက်သွားမယ် ထပ်လုပ်လိုက်သည့်အချိန်တွင် ချူးလီက ရုတ်တရက်ထပြောလိုက်ပြန်သည်။

“ကိုယ်နည်းနည်းသဝန်တိုမိတယ်”

“...”

ကျန်းယွီလည်း သူ့ကိုပြန်ကြည့်လိုက်သည်။

“သူက တကယ်ကို ငါ့အတန်းဖော်ပါ”

......

ကျန်းယွီသည် လမ်းတစ်လျှောက်ကို ရွရွကလေးပြေးသွားလိုက်ပြီး အစိမ်းရောင်ကစားကွင်းကို ဖြတ်သွားကာ စာသင်သည့် အဆောက်အအုံသို့ သွားလိုက်သည်။ ထို့အပြင် အခန်းထဲကို မှန်နံရံမှတစ်ဆင့် လှမ်းကြည့်လိုက်သေး၏။

ကျောင်းသားများမှာ တန်းစီနေကြပြီး မှန်ရှေ့တွင် တစ်ယောက်နှင့်တစ်ယောက် လက်ချိတ်ထားကြကာ ဆောင့်ကြောင့်ထိုင်ချသည့် လေ့ကျင့်ခန်းကို လုပ်နေကြသည်။

ပိုင်ရှုယီသည် အတန်းသား၃,၄ယောက်လောက်ကို အခြေခံလှုပ်ရှားမှုတစ်ချို့ကို သင်ပေးနေလေသည်။ ပြတင်းပေါက်နားတွင် ရပ်နေသော ကျန်းယွီကို တွေ့လိုက်တော့ သူမကို အဝတ်အစားတွေလဲပြီး လေ့ကျင့်ရေးစလုပ်ဖို့ ပြောလိုက်သည်။

ကျန်းယွီသည် လော့ကာခန်းကိုသွားကာ သင့်တော်သည့် လေ့ကျင့်ရေးဝတ်စုံများကို လဲဝတ်လိုက်ပြီး အတန်းဖော်များ၏ အနောက်ဆုံးတန်းတွင် ဝင်ရပ်လိုက်ကာ လေ့ကျင့်ရေးကို အတူတူပါဝင်လိုက်သည်။

သူမဘေးတွင်ရပ်နေသော ဝမ်လွန်ကတော့ သူ့ခေါင်းကိုလှည့်ကာ တိုးတိုးလေးပြောလိုက်သည်။

“တီချယ်ပိုင်က ငါတို့ကို ဘယ်လိုဆောင့်ကြောင့်ထိုင်ရမလဲ သင်ပေးနေတာ ငါလုပ်တဲ့အတိုင်း လိုက်လုပ်ရင်ရတယ်”

ကျန်းယွီလည်း သူ့ကိုစိတ်ရင်းနဲ့ ကျေးဇူးတင်လိုက်တော့သည်။

ပိုင်ရှုယီသည် ကျန်းယွီနားကို လျှောက်လာလိုက်သည်။ သူမ၏ ခြေတံရှည်ရှည်လေးကို သင်ကြားရေးတုတ်တံနှင့် ခေါက်လိုက်ပြီး ပြောလိုက်သည်။

“ဘဲလေးကချေသည်တွေက ပိန်ပိန်ရှည်ရှည်ခြေတံတွေ ရှိတယ်ဆိုပေမယ့် သူတို့တွေက အတော်လေး သန်မာကြတယ်။ တီချယ်တို့က ကိုယ်တွေရဲ့ခွန်အားကို စင်ပေါ်မှာ ပြသချင်တာ။ အဲ့ဒါကြောင့် (Squatting) ဆောင့်ကြောင့်ထိုင်နေတဲ့အချိန်မှာ ကိုယ့်ခန္ဓာကိုယ်ကို မြင့်နိုင်သမျှမြင့်မြင့်မြှောက်ထားဖို့ လိုတယ်”

ကျန်းယွီလည်း သူမ၏လမ်းညွှန်များအတိုင်း လိုက်လုပ်ပြီး သူမလိုချင်တဲ့ အနေအထားရောက်အောင် ကြိုးစားလိုက်သည်။

ပိုင်ရှုယီသည် သူမ၏ခြေဖဝါးကို ငုံ့ကြည့်ကာ ထပ်ပြောလိုက်သည်။

“အရင်တုံးက ဘယ်လိုလေ့ကျင့်ခံခဲ့ရလဲတော့ တီချယ်မသိဘူး။ ဒါပေမယ့် ဒီမှာတော့ တီချယ်က တကယ့်စံသတ်မှတ်ချက်တွေ၊ အဆင့်အတန်းတွေကိုပဲ လိုချင်တယ်။ ကျန်းယွီ.. ခြေထောက်တစ်ဖက်နဲ့ လုပ်ပြ”

ကျန်းယွီလည်း ခြေထောက်တစ်ဖက်တည်းနှင့် ကြိုးစားကြည့်လိုက်သည်။ ထို့သော်လည်း အနည်းငယ်တော့ အင်တင်တင် ဖြစ်သွားခဲ့သည်ပင်။

အရင်တုံးကဆိုရင် ကျန်းယွီသည် ကတိုင်း သူမအဆင်ပြေသည့် အနေအထားမျိုးနဲ့ လုပ်ခဲ့တာဖြစ်သည်။ တကယ့်စံအဆင့်အတန်း မဟုတ်သော်လည်း လက်ခံလို့ရသည့် အတိုင်းအတာထဲတော့ ရှိခဲ့လေသည်။

သူမသာ ပိုင်ရှုယီလိုချင်သလို လိုက်လုပ်မယ်ဆိုရင် လေ့ကျင့်တုန်းမှာတော့ သိပ်ပြသနာရှိမှာမဟုတ်ပေ။ သို့သော် စင်ပေါ်မှာ ဖျော်ဖြေသည့်အခါတွင်တော့ သူမလုပ်နိုင်သလောက် အကောင်းဆုံးလုပ်နိုင်တော့မှာ မဟုတ်ပေ။

နည်းနည်းစိတ်မသက်မသာဖြစ်သွားခဲ့သော်လည်း ကျန်းယွီသည် ပိုင်ရှုယီပြောသည့်အတိုင်း ဆောင့်ကြောင်ထိုင်ခြင်းလေ့ကျင့်ခန်းကို ပြီးမြောက်အောင် လုပ်နိုင်ခဲ့သည်။

အတန်းပြီးသွားတော့ ပိုင်ရှုယီသည် ကျောင်းသားများကို ပြောလိုက်သည်။

“လေ့ကျင့်ရေးစခန်းပြီးသွားတဲ့အခါကျရင် စင်ပေါ်မှာဖျော်ဖြေပြဖို့ အခွင့်အရေးပေးမှာ။ အဲ့ကျရင် ABCDEF ကိုလည်း ပြန်ခွဲမှာပေါ့။ ဒါပေါ့.. Esmeralda ကိုဝင်လာပြီဆိုရင် စာသင်နှစ်ဝက်တစ်ခုချင်းစီက ဒီလိုပဲ အဆုံးသတ်မှာပဲ။ ရှိုးပွဲပြီးသွားရင် အတန်းတွေလည်း ပြန်ခွဲခံရလိမ့်မယ်? ဒါကြောင့်မို့ ကျောင်းသားတို့.. ကိုယ့်ရည်ရွယ်ချက်တွေအတွက် လုံ့လဝီရိယရှိရှိလေ့ကျင့်ကြပြီး ကြိုးကြိုးစားစားလုပ်ကြပါ။"

သူမ၏ အားပေးစကားပြောပြီးသွားသည့်နောက်မှာတော့ ကျောင်းသားများလည် မပြန်သေးဘဲ နေခဲ့ကြပြီး ခဏလောက်တော့ ထပ်လေ့ကျင့်ကြဖို့ စိတ်အားထက်သန်နေကြပေသည်။

ပိုင်ရှုယီသည် ဝမ်လွန်နှင့် ကျန်းယွီကို စာသင်ခန်းလွတ်ထဲကို ခေါ်သွားလိုက်ကာ သူတို့ကို သီးသန့်သင်ကြားပေးလိုက်သည်။

“ဝမ်လွန်ကတော့ ဘာမှအမှားမရှိဘူး။ ဒါပေမယ့် ကျန်းယွီကတော့ ပြဿနာ အတော်ကြီးနေတာပဲ”

ပိုင်ရှုယီသည် တွန့်ဆုတ်နေခြင်းမရှိဘဲ ပြောလိုက်သည်။

“ကျန်းယွီ.. သမီးကတာ အရမ်းကို သာမန်ကာလျှံကာဖြစ်နေတယ်”

ကျန်းယွီလည်း မျက်တောင်ခတ်လိုက်ကာ ပိုင်ရှုယီကိုကြည့်လိုက်ပြီး“ဒါက... အဆင့်အတန်းမမှီသေးဘူးလား?”

“အတော်ကို ဘောင်မဝင်ဘူး”

ပိုင်ရှုယီသည် မျက်မှောင်ကြုံ့ရင်း ဆက်ပြောလိုက်သည်။

“အရင်ဆရာက ဘယ်လိုသင်ခဲ့လည်းတော့ ငါမသိဘူး။ ဒါပေမယ့် Esmeralda မှာကတော့ တီချယ်တို့က ကချေသည်တိုင်းကို သတ်မှတ်ထားတဲ့စံနှုန်းထဲ ဝင်နေဖို့လိုအပ်တယ်”

ကျန်းယွီသည် ဝန်လေးနေကာ ပြန်ပြောလိုက်သည်။

“ဒါပေမယ့် ကချေသည်တွေက စင်ပေါ်မှာ သူတို့အဆင်အပြေဆုံးဖြစ်မယ့် အနေအထားကို ရှာသင့်တာမဟုတ်ဘူးလား.. အဲ့ဒါမှ သူတို့ရဲ့အကောင်းဆုံးတွေကို လုပ်ဆောင်နိုင်မှာလေ”

“အဲ့တော့ သမီးပြောချင်တာက အရည်အသွေးပြည့်ဝမှုနဲ့ သတ်မှတ်ထားတဲ့စံတွေက အရေးမကြီးဘူးလို့ ပြောချင်တာလား.. ပြီးတော့ အရေးအကြီးဆုံးအရာက အပျော်ရှာဖို့လား?”

“သမီးပြောချင်တာ အဲ့လိုမဟုတ်ပါဘူး”

“ငါပြောတဲ့အတိုင်းလုပ်။ Esmeralda က ပြဿနာတအားများနေတဲ့ ကျောင်းသားတွေကို မလိုအပ်ဘူး”

တီချယ်ပိုင်ရှုယီသည် ပိတ်ရက်များတွင် အရမ်းနူးညံ့ချိုသာကာ သူမကိုကောင်းကောင်းဆက်ဆံသော်လည်း အတန်းထဲတွင်တော့ တကယ်ကို တင်းကျပ်ကာ ခက်ထန်သည်ဆိုတာကို ကျန်းယွီသိလိုက်မိသည်။

ဒါကလည်း သူမတစ်ယောက်တည်းကို မဟုတ်ပေ။ ပိုင်ရှုယီသည် လူတိုင်းကို တန်းတူစည်းကမ်းတင်းကြပ်တာ ဖြစ်ပေသည်။ စောနကလည်း ကောင်မလေးတစ်ယောက်ကို ငိုအောင်တောင် လုပ်ခဲ့သေး၏။

ဆရာတစ်ယောက်က ကျောင်းသားတွေအပေါ် တင်းကြပ်တာ ကောင်းတယ်လို့တော့ ကျန်းယွီထင်မိသည်။ ဆရာတစ်ယောက်က တစ်ချိန်လုံး ပျော့နေမယ်ဆိုရင် ကျောင်းသားတွေလည်း ဘယ်တော့မှ တိုးတက်လာတော့မှာ မဟုတ်ပေ။ Esmeralda ကို သူမဝင်လာရသည့် အကြောင်းပြချက်မှာလည်း ကောင်းကောင်းကနိုင်ဖို့ပဲ မဟုတ်ပါဘူးလား..။

ပိုင်ရှုယီ လိုချင်သည့်အတိုင်း သူမသည် လုပ်ဆောင်မှုတစ်ခုချင်းစီကို ပြီးမြောက်အောင် ဆောင်ရွက်လိုက်တော့သည်။

ညနေဘက်ကတော့ Esmeralda ၏ရှားရှားပါးပါး အနားယူချိန်ဖြစ်ပေသည်။ ကောင်မလေးအများစုသည် ပန်းခြံနောက်က အစိမ်းရောင်ရေပန်းကြီးနားတွင် ထိုင်ရတာကို သဘောကျကြပြီး အနားယူကာ စကားစမြည်ပြောကြသည်။

ခေါင်းစွပ်ပါသော ဆွယ်တာအပွလေးကို ဝတ်ဆင်ထားရင်း ကျန်းယွီသည် ဒီနေ့သူမလေ့ကျင့်ခဲ့သော “La Traviata” ၏ ကောက်နုတ်ချက်များကို ကလိုက်ပေသည်။

ချူးလီသည် မြက်ချောင်းလေးကို ပါးစပ်ထဲထည့်ကာ မြေကြီးပေါ်တွင် ထိုင်နေပြီး နေရောင်ကိုနောက်ခံထားကာ သူမကိုကြည့်နေလေသည်။ သို့သော် သူ့မျက်လုံးများကတော့ အနည်းငယ် မှေးထားလေသည်။

“ဒါမင်း ဝင်ခွင့်ရဖို့ ခက်ခက်ခဲခဲနဲ့ ကြိုးစားခဲ့ရတဲ့ကျောင်းက သင်ပေးလိုက်တာလား?”

ကျန်းယွီကတော့ သူ့ကို လစ်လျူရှုလိုက်သည်။ သူမသည် kick (ခြေထောက်နှင့်ကန်ထိုးခြင်း) အကြီးစားများကိုသာ ဆက်လုပ်နေလိုက်သည်။

“ငါ့ကောင်လေးက ဘယ်တုန်းကများ ဘဲလေးနဲ့ပတ်သတ်ပြီး အတွေ့အကြုံတွေ ရလာတာလဲ”

“ဒိတ်လုပ်တဲ့အချိန်တိုင်းမှာ ငါ့ကောင်မလေးက အကကျင့်ရင်ကျင့်နေ ဒါမှမဟုတ်ရင် အကလေ့ကျင့်ဖို့နေရာ ရှာနေခဲ့တာလေ။ အခုဆိုရင် ငါ့မှာ ပရော်ဖက်ရှင်နယ်တစ်ယောက်တောင် ဖြစ်လာတော့မယ်”

ကျန်းယွီသည် သူ့ဆီကို လျှောက်သွားလိုက်ပြီး ဆောင့်ကြောင့်ထိုင်ချလိုက်ကာ မေးလိုက်သည်။

“ဒါဖြင့် ပြောပြပါလား.. ဘာလို့ ငါကနေတာက မကောင်းရတာလဲ?”

ချူးလီသည် သူမမျက်နှာပေါ်က ချွေးများကို သူ့အင်္ကျီလက်နှင့် သုတ်ပေးလိုက်ကာ ပြန်ပြောလိုက်သည်။

“ဒါက အရင်လို သဘာဝမဆန်တော့ဘူး။ အရင်တုံးက မင်းကတိုင်း ကိုယ့်ကိုပြုံးပြလေ့ရှိတယ်လေ။ ဒါပေမယ့် စောနတုံးက ကိုယ့်ကိုမပြုံးပြဘူး”

“ဒါပဲလား.. အဲ့တော့ ငါ့ကောင်လေးရဲ့ ဝေဖန်ဖို့ သတ်မှတ်ထားတဲ့စံက ငါသူ့ကို ပြုံးပြလား မပြုံးပြလား ဆိုတာပဲပေါ့?”

“ဒါအရမ်းအရေးကြီးတယ်လေ”

ချူးလီသည် သူမမျက်နှာပေါ်က နှာခေါင်းလေးကို ညှစ်လိုက်ပြီး“မင်းမပြုံးပြဘူးဆိုရင် အဲ့ဒါကို ကြည့်ကောင်းတယ်လို့ ကိုယ်မထင်ဘူး”

“ငါတော့ တကယ်ဂရုစိုက်ဘူးနော်”

ကျန်းယွီသည် သူ့လက်ကို တွန်းလိုက်ကာ သေချာတွေးပြီး ပြန်ပြောလိုက်သည်။

“အရင်ရက်တွေတုနက တီချယ်ပိုင်က ငါ့လှုပ်ရှားမှုအတော်များများကို အသေးစိတ်အထိ တူးဆွနေခဲ့တာ။ ပြီးတော့ သူ့လမ်းညွှန်ချက်တွေက အတော်လေး တင်းကြပ်တယ်။ အဲ့ဒါကြောင့်မို့လို့ သတ်မှတ်ထားတဲ့စံအတိုင်း လုပ်ဖို့လုပ်နေတယ်”

“အဲ့ဒါတကယ်ပဲ ဘာအတွက်လဲ?”

ကျန်းယွီလည်း သူ့ကိုခက်ခက်ထန်ထန် အကြည့်လေး ပေးလိုက်တော့သည်။ ထို့နောက် ချူးလီသည် သူ့စကားလုံးများကို ပြောင်းလဲလိုက်တော့သည်။

“ဒါဖြင့် ဒါကအတော်စိတ်ဝင်စားဖို့ကောင်းတာပဲ။ လူတိုင်းသာ အကုန်တစ်ထပ်တည်းကနေကြမယ်ဆိုရင် ဒါကစက်ရုပ်အကကို ကြည့်နေရတာ ဖြစ်မသွားဘူးလား”

“...”

“လူလိုပြောစမ်းပါ”

“အရင်တုန်းက... မင်းတကယ်ကို လွတ်လပ်ပေါ့ပါးစွာ ကခဲ့တာ။ အဲ့ဒါကြောင့် ကြည့်လိုက်တိုင်း စိတ်ခံစားချက်ကောင်းလာစေတယ်”

“အဓိပ္ပာယ်တော့ ရှိသလိုပဲ”

ထိုအချိန်တွင် အသံပျော့ပျော့လေးတစ်ခု ထွက်ပေါ်လာလေသည်။

“ပရော်ဖက်ရှင်နယ်ဆန်ဆန် ရှုထောင့်ကကြည့်မယ်ဆိုရင် ဘဲလေးက စံစနစ်သတ်မှတ်ချက်တွေနဲ့ အတော်ကိုကိုက်ညီဖို့ လိုအပ်တယ်”

ကျန်းယွီလှည့်ကြည့်လိုက်သည့်အခါမှာတော့ အနားကိုလျှောက်လာသည့် ဝမ်လွန်ကို တွေ့လိုက်ရသည်။

All Chapters