← Chapters

Chapter 47

Vol. 5 Ch. 47

Chapter 47

Vol. 5 Ch. 47

ဝမ်လွန်သည် အဖြူရောင်ဆွယ်တာအပွလေးကို သာမန်ဆန်ဆန်သာ ဝတ်ဆင်ထားလေသည်။ သူ့သူငယ်ချင်းတွေကို နှုတ်ဆက်စကားပြောပြီးသည့်နောက် ကျန်းယွီနှင့် ချူးလီဆီသို့ လျှောက်လာခဲ့ခြင်းဖြစ်သည်။

“မင်းစောနကပြောတာက သိပ်တော့မမှန်ဘူး။ ဘဲလေးက Jazz တို့ hip-hop တို့လို တစ်ကိုယ်တော်ဖျော်ဖြေမှု မဟုတ်ဘူး။ ဘဲလေးက အုပ်စုလိုက် ဖျော်ဖြေမှုပဲ။ လူတိုင်းမှာ သူတို့ပင်ကိုစရိုက်ရှိနေတယ်ဆိုရင် ဖျော်ဖြေမှုကို ပြီးမြောက်အောင်လုပ်နိုင်ဖို့ မဖြစ်နိုင်ဘူး။ အဲ့ဒါကြောင့် ပိုင်ရှုယီညွှန်ပြတဲ့ စံသတ်မှတ်ချက်တွေဆိုတာ တကယ်ကို အရေးကြီးတယ်”

သူရောက်လာသည်နှင့် ချူးလီမျက်နှာထက်က သိမ်မွေ့မှုများနှင့် အပြုံးများမှာ ချက်ချင်းပျောက်ကွယ်သွားလေတော့သည်။ ထို့နောက် မျက်လုံးများပါ တိမ်ဝင်သွားလေသည်။

“အပြင်လူရဲ့ အမြင်အရဆိုရင် ကိုယ့်ရည်းစားကတာကို ကြည့်လိုက်တိုင်း သူမသက်တောင့်သက်သာဖြစ်နေဖို့ကို မျှော်လင့်တယ်လေ။ အဲ့ဒါမှ သူကိုယ်တိုင်လည်း သက်တောင့်သက်သာဖြစ်မှာပေါ့။ သူသာ သဘာဝဆန်ဆန် မကနေဘူးဆိုရင် သေချာပေါက် ကြည့်နေတဲ့လူလည်း စိတ်ကသိကအောက် ဖြစ်ရမှာပဲလေ”

ဝမ်လွန်လည်း ‘ရည်းစား’ ဆိုသည့် စကားလုံးများကို ကြားလိုက်သည်နှင့် သူ့ကိုယ်သူမသိလိုက်ခင်မှာပဲ ချူးလီကို စိုက်ကြည့်မိလိုက်ပြီး ကျန်းယွီကို မေးလိုက်တော့သည်။

“သူဘယ်လိုဝင်လာတာလဲ”

“သူက.. ဒီမှာ ငါ့ကိုလူမှုဝန်ထမ်းတာဝန်တွေ ကူလုပ်ပေးဖို့ ရောက်လာတာ”

ဝမ်လွန်သည် ချူးလီခြေဖဝါးထက်က ပြင်ထားသည့်ဖိနပ်များကို မသိမသာ လှမ်းကြည့်လိုက်ပြီး ပြောလိုက်သည်။

“ဒါပေါ့.. ကိုယ့်ရည်းစားကို အကောင်းဆုံး ဖျော်ဖြေစေချင်မှာပဲလေ။ ဒါပေမယ့် အားလုံးကို ခြုံပြောရမယ်ဆိုရင် ကျောင်းရဲ့ စံချိန်စံနှုန်းတွေကို ထိန်းသိမ်းထားဖို့ကလည်း လိုအပ်တယ်။ ဒါကတော့ ငါ့ရဲ့ပရော်ဖက်ရှင်နယ်အမြင်ပါ”

ကျန်းယွီလည်း ဒီနှစ်ယောက်ကြားက မသိမသာ သူတင်ကိုယ်တင်ဖြစ်နေတာလေးကို မြင်နေရလေသည်။ ထို့ကြောင့် သူမသည် ဝမ်လွန်ကို မြန်မြန်ပြန်ပြောလိုက်သည်။

“ငါ့ကောင်လေးက သာမန်လူပါ။ သူဘဲလေးအကြောင်း ဘာမှနားလည်တာ မဟုတ်ဘူး။ ပြီးတော့ သူကနားချလို့ သိပ်မလွယ်ဘူး အတော်ခေါင်းမာတာ”

ဝမ်လွန်လည်း လျော့ပေးလိုက်ဖို့လုပ်နေရင်း ခေါင်းငြိမ့်လိုက်သော်လည်း ချူးလီကတော့ ထပ်ပြောလိုက်လေသည်။

“ပုထျန်းယန်ကရော ဘာလုပ်ခဲ့လဲ?”

“ဘာ?”

ချူးလီသည် သူ့မေးကို ပင့်လိုက်ကာ ဝမ်လွန်ကိုကြည့်ပြီး တည်တည်ငြိမ်ငြိမ်လေး ပြောလိုက်သည်။

“မင်းတို့နယ်ပယ်ထဲမှာ ပုထျန်းယန်က အကောင်းဆုံးကချေသည်လို့ အသိအမှတ် ပြုခံထားရတာလေ။ သူ့ရဲ့ ဖျော်ဖြေရေးဗီဒီယိုတွေ အကုန်လုံးကို ငါကြည့်ပြီးသွားပြီ။ သူကမင်းတို့ပြောနေတဲ့ စံသတ်မှတ်ချက်တွေအတိုင်း လိုက်လုပ်တဲ့ ကချေသည်မဟုတ်ပါဘူး။ သူကဒီအတိုင်း ပေါ့ပေါ့ပါးပါးပဲ ကသွားတာပဲ.. အရင်က ရှောင်ယွီလုပ်သလိုပေါ့”

ချူးလီသည် မရှိတော့သော ပုထျန်းယန်ကိုပါ ဆွဲထည့်လိုက်သဖြင့် ဝမ်လွန်တင်မက ကျန်းယွီပါ ဆွံ့အသွားလေတော့သည်။

အရင်တုန်းက ချူးလီသည် ဘဲလေးအပေါ်တွင် ရှိခဲ့သောစိတ်ဝင်စားမှုမှာ သာမန်သာဖြစ်ပေသည်။ ထို့ကြောင့် ဒီလိုမျိုး ပုထျန်းယန်၏ ဖျော်ဖြေရေးဗီဒီယိုတွေကို အကုန်ရှာကြည့်ခဲ့လိမ့်မယ်လို့ သူမအတော်ကို မမျှော်လင့်ထားပေ။

သူ့ကြည့်ရတာ သူမပြောသည့်စကားတိုင်းကို ဂရုမစိုက်သလို နေခဲ့သည်မှာလည်း အသိသာကြီးပင်။ သို့သော် ဒီလိုမျိုး ရင်ထဲတွင်သိမ်းထားပြီး အလေးအနက်ထားသည်တဲ့လား။

ဝမ်လွန်လည်း ခဏလောက် တွေဝေမိသွားသည်။ ပုထျန်းယန်၏အကနှင့် ပတ်သတ်ပြီး ပြန်ရှင်းပြဖို့ ဘာစကားလုံးမှ သူရှာမတွေ့ပေ။ ပြောရမည်ဆိုလျှင်... သူမသည် ဘဲလေးလောက၏ ဘုရင်မဖြစ်သည်။ ထို့အပြင် ဒီလောက်နှစ်တွေ အများကြီးကြာခဲ့ပြီးတာတောင်မှ နောက်ထပ်ပုထျန်းယန်တစ်ယောက်ကို ရှာမတွေ့ကြသေးဘူး မဟုတ်ပါလား။

သူလည်း ရှက်သွားတော့သည်။

“မင်းပေးလိုက်တဲ့ ဥပမာက အကြွင်းမဲ့လက်ခံထားကြတဲ့အရာမဟုတ်ဘူး။ ပြောရရင် လူတိုင်းက ပုထျန်းယန်မဖြစ်လာနိုင်ဘူးလေ”

ချူးလီသည် သရော်ပြုံးပြုံးလိုက်ကာ ဆက်ပြောလိုက်သည်။

“တကယ်ကို အကြောင်းမလှတာပဲ။ ဒါပေမယ့် ငါတို့အိမ်က ရှောင်ယွီကတော့ လုပ်နိုင်တယ်လေ”

ကျန်းယွီလည်း အနည်းငယ်ရှက်သွားကာ သူ့လက်ကို တိတ်တိတ်လေး လှမ်းဆွဲလိုက်တော့သည်။

ဒီလိုမျိုး အပြင်လူတွေရှေ့တွင် သူ့ကောင်မလေးကို တစ်ခါမှ မချီးကျူးခဲ့ဖူးပေ။

ဝမ်လွန်သည် ရည်ရည်မွန်မွန်ပဲ ပြုံးလိုက်ကာ ပြန်ပြောလိုက်သည်။

“မင်းပြောတာကို ငါနားလည်နိုင်ပါတယ်”

ကျန်းယွီကတော့ မြန်မြန်ပြန်ချေပလိုက်သည်။

“စိတ်မရှိနဲ့နော် ငါ့ကောင်လေးက အဲ့လိုပဲ နည်းနည်းခေါင်းမာလို့”

“ရပါတယ်”

ဝမ်လွန်သည် ကျန်းယွီကိုပြောလိုက်သည်။

“လေ့ကျင့်ရေးစခန်းပြီးရင် စင်ပေါ်မှာ ငါနင်နဲ့အတူတူကချင်တယ်။ နှစ်ယောက်လုံး ဘယ်သူမှ အဆင့်ချမခံရအောင် တိုက်ပွဲဝင်ကြတာပေါ့။ တီချယ်ပိုင်ရဲ့ တပည့်တွေ ဆက်ဖြစ်နေကြဦးဖို့လေ”

“အာ.. ဒါပေါ့”

သူမသာ ဝမ်လွန်နှင့် အတူပူးပေါင်းလိုက်မည်ဆိုလျှင် ကျိန်းသေပေါက်ကို အကောင်းဆုံးရလဒ်များ ရနိုင်ပေလိမ့်မည်။ ပြောရမယ်ဆိုရင် Esmeralda ကယောင်္ကျားလေးကချေသည်များထဲတွင် ဝမ်လွန်၏ ခွန်အားက အထူးချွန်ဆုံးပဲလေ..။ ထို့အပြင် ကျန်းယွီ၏ အနက်ရောင်ဘဲငန်းကလည်း ‘နတ်ဆိုးဘုရင်’ ဒါမှမဟုတ် မင်းသားလေး၏ ပူးပေါင်းမှု လိုအပ်ပေသည်။

“ငါတို့တွေက နေ့ဘက်ကျ အတန်းတက်ရတယ်ဆိုတော့ ညဘက်မှပဲ လေ့ကျင့်ဖို့အချိန်ရှိမှာ။ အဲ့ဒါကြောင့် စီမံခန့်ခွဲရေးက ဆရာမဆီကနေ ငါ့ အကခန်းသော့တောင်းထားတယ်။ ငါတို့တွေ မြန်မြန်လုပ်ဖို့တော့ လိုတယ်”

ကျန်းယွီသည် ချူးလီကို တစ်ချက်လှမ်းကြည့်လိုက်သည်။

ချူးလီကတော့ မျက်နှာကြီး စူပုပ်နေသည်ပင်။ ထို့အပြင် သူသဝန်တိုနေတယ်ဆိုတာလည်း သိသာအောင် ပြနေတော့သည်။ ကျန်းယွီသည် သူ့ခံစားချက်တွေကိုပါ ထည့်သွင်းစဉ်းစားပေးသင့်တယ်လို့ ထင်တာကြောင့် ငြင်းဆိုလိုက်တော့သည်။

“ငါ့ကောင်လေးကို အဖော်ပြုပေးရဦးမှာဆိုတော့လေ.. မဟုတ်ရင်လည်း နင်တွဲဖို့ပါတနာကို တစ်ခြားကောင်မလေးကို ရှာလို့ရတယ်နော်...”

ဝမ်လွန်ကတော့ အနည်းငယ် စိတ်ပျက်မိသွားသည်။

“ကောင်းပြီလေ ဒါဆိုလည်း ငါနောက်တစ်ယောက် ရှာ..”

သူပြောလို့မပြီးသေးခင်မှာပဲ ချူးလီက မျက်နှာတည်ကြီးနဲ့ ဝင်ပြောလိုက်သည်။

“ဘယ်သူက မင်းကို အဖော်လုပ်ခိုင်းနေလို့လဲ”

ပြောပြီးသည်နှင့် ချူးလီသည် သူတို့ကို သိပ်မကြည့်တော့ဘဲ အကြည့်တစ်ချက်သာ ပေးလိုက်ပြီး ထထွက်သွားလေတော့သည်။

ဝမ်လွန်ကတော့ ဘာမှမတတ်နိုင်ဘဲ ပြန်ပြောလိုက်တော့သည်။

“အဲ့ဒါက... နင့်ကောင်လေးက နည်းနည်းတော့ စိတ်ဆတ်သားပဲ”

ကျန်းယွီလည်း ချူးလီထွက်သွားတာကို ကြည့်နေရင်း အနည်းငယ် မျက်မှောင်ကြုံ့လိုက်လေသည်။

ဒါပေါ့.. ချူးလီ အခုချိန်မှာ ထထွက်သွားတာက သူမကိုအခွင့်အရေးပေးချင်လို့ဆိုတာ ကျန်းယွီသိလေသည်။ သူမကို ဝမ်လွန်၏ ပါတနာဖြစ်လာမည့် အခွင့်အရေးကို မလွတ်သွားစေချင်လို့လေ။

ဒါပေမယ့်...ဘာလားဟ။

ဒီမကောင်းတဲ့ ဒေါသအိုးကတော့..။

ချူးလီကတော့ အိမ်ပြန်နေသည့်လမ်းတစ်လျှောက်လုံး စိတ်အခြေအနေကောင်းမနေပေ။ ထို့အပြင် ကျန်းယွီပို့လိုက်သော မက်ဆေ့ချ်ကိုလည်း လစ်လျူရှုလိုက်သေး၏။

ဒီနေ့ သူအရမ်းရက်ရောနေတယ်ဆိုတာကို သူခံစားမိလိုက်သည်။ ထို့နောက် ဒါမျိုးက မလိုအပ်ဘူးဆိုတာကိုလည်း သူ့ရင်ထဲမှာ ဆက်တိုက်ပြောနေတော့သည်။ ကျန်းယွီသည် သူပိုင်တာဖြစ်သည်။ ထို့ကြောင့် သူမ ဒီမျက်နှာဖြူကောင်နဲ့ ပတ်သတ်စရာ ဘာအကြောင်းမှမရှိပေ။

သဝန်မတိုနဲ့.. သူမကိုအရှက်ရအောင် မလုပ်နဲ့...

ဒါပေမယ့်လည်း... သူမတတ်နိုင်တော့ပေ။

ဝမ်လွန်သူမကို ကြည့်သည့်အကြည့်တွေနှင့် ဝမ်လွန့်အကြောင်း သူတွေးလေလေ.. သူ့ရင်ထဲတွင် အဆိပ်ရှိမြွေနှစ်ကောင် ရစ်ပတ်နေသည့်အလား ဖြစ်လာပေတော့သည်။ ထိုအတွေးများမှာ သူ့စိတ်ထဲကို ထိုးဖောက်ဝင်ရောက်နေပြီး သူ့ရင်ထဲက အပျော့ညံ့ဆုံးနှင့် အသိမ်ငယ်ဆုံးနေရာကို တည့်တည့်သွားထိနေလေသည်။

ချူးလီ၏ကျောပြင်သည် နံရံကို အရှိန်ပြင်းပြင်း ဝင်ဆောင့်မိသွားသည်။ ထို့နောက် သူ့တစ်ကိုယ်လုံး လှုပ်မရတော့ဘဲ တောင့်တောင့်ကြီး ဖြစ်သွားတာကို သူခံစားမိလိုက်သည်။ ကြည့်ရတာ တစ်ကမ္ဘာလုံးသည် အကာအကွယ်ဒိုင်းကာကြီး တပ်ဆင်လိုက်သည့်အတိုင်းပင်။ ဘာအသံမှလည်း မကြားရတော့သလို ဘာအပူချိန်မှကိုလည်း ခံစားလို့မရတော့ပေ။

သူ့စိတ်ထဲတွင်တော့.. သူ့ကိုကြည့်နေသည့် ဝမ်လွန်၏ မျက်လုံးများသာ အပြည့်ဖြစ်နေပေသည်။

ချူးလီသည် စားပွဲပေါ်က ဓားတစ်ချောင်းကို ဆွဲယူလိုက်ပြီး တုံ့ဆိုင်းခြင်းတစ်ချက်မရှိဘဲ လက်မောင်းကို ဆွဲခြစ်လိုက်သည်။

ဓားသွားထက်ထက်လေး ဖြတ်သွားသည်နှင့် သွေးများထွက်လာကာ လက်ဖျံတစ်လျှောက်ကို စီးကျသွားလေတော့သည်။

ရုတ်တရက်ဆိုသလို စူးရှရှ နာကျင်မှုတစ်ခုကို သူခံစားလိုက်ရလေသည်။ ထို့အပြင် ဒီနာကျင်မှုသည် သူ၏ထုံနေသောကမ္ဘာထဲကနေ တကယ့်လူလောကကို ရုတ်တရက်ပြန်ဆွဲခေါ်လိုက်တော့သည်။

တကယ်ကို နာတာပင်။

ကျန်းယွီနှင့် ပတ်သတ်သမျှ ဘာမဆို သူခံစားနိုင်လေသည်။

နာကျင်မှု၊ ပျော်ရွှင်မှု၊ ဝမ်းနည်းမှု… သူ၏ အဖြူအမည်းကမ္ဘာကြီးထဲတွင် သူမသည် တစ်ခုတည်းသော အရောင်လေးဖြစ်ပေသည်။

ချူးလီသည် နံရံကို ကျောမှီလိုက်ကာ ပြီးတော့ဖြင့် ရှက်လာတာကြောင့် ကြမ်းပြင်ပေါ်သို့ ခွေကျသွားတော့သည်။

ကျန်းယွီလည်း ညတုန်းက ကနေစဉ်တစ်လျှောက်လုံး စိတ်မသက်သာဖြစ်နေရလေသည်။ ထို့ကြောင့် ချူးလီဆီကို စာတစ်စောင် ပို့လိုက်သော်လည်း သူကတော့ သူမကို စာမပြန်ခဲ့ပေ။

အဲ့စိတ်ပုပ်တဲ့ လူ့ကန့်လန့်ကောင်တော့ ထပ်စိတ်ဆိုးနေပြန်ပြီ ထင်ပါရဲ့...။

နောက်နေ့မနက်ကျတော့ ကျန်းယွီလည်း တမင်စောစောထကာ ကန်တင်းကို သွားလိုက်သည်။

ချူးလီကတော့ ရောက်နှင့်နေပြီဖြစ်ပြီး တစ်ကိုယ်လုံး အဖြူရောင် ဝတ်ဆင်ထားပေသည်။ ခဏနေရင် အသုံးပြုမယ့် ပန်းကန်တွေကို ဆေးကြောနေခြင်းဖြစ်သည်။

ကျန်းယွီသည် သူမသိအောင် နောက်ကနေ တိတ်တိတ်လေး ဝင်လာလိုက်ပြီး သူသတိမထားမိသည့်အချိန်တွင် ခြောက်လန့်ဖို့ အဆင်သင့်ပြင်ထားလေသည်။

ရေများကလည်း ဆက်တိုက်ကျနေပေသည်။ ကျန်းယွီသည် သူ့ကျောပြင်ကို ပိတ်ရိုက်လိုက်ပြီး အော်လိုက်သည်။

“ဟေး!”

ချူးလီကတော့ တစ်ချက်တောင် တွန့်မသွားပေ။ ကြောက်လည်းကြောက်မသွားသလို လှည့်လည်းမကြည့်ပေ။ ကြားကိုမကြားလိုက်သည့်အတိုင်းပင်။

ကျန်းယွီလည်း နှုတ်ခမ်းထော်လိုက်ပြီး မကျေမနပ်ပြန်ပြောဖို့ကြံနေသည့် အချိန်တွင် ရုတ်တရက်ကြီး သူ့လက်ဖျံပေါ်က ပလာစတာ၂ခုကို မြင်လိုက်လေသည်။ အင်္ကျီလက်များကို ခေါက်တင်ထားသောကြောင့် သေချာကို မြင်နေရခြင်းပင်။

သူမသည် လက်မောင်းကို လှမ်းဆွဲလိုက်ပြီး ပလာစတာကို ဆွဲခွာလိုက်သည်။

ပလာစတာ၂ခုမှာ ဆက်ထားတာဖြစ်ပြီး ထိုအောက်တွင်တော့ လောလောလတ်လတ်ရှထားသည့် ဒဏ်ရာလေးရှိနေပေသည်။ ကြည့်ရတာ ဓားထက်ထက်တစ်ချောင်းနှင့် ရှမိထားသလိုပင်။

ဒဏ်ရာက မနက်ပေမယ့် သွေးကတော့ ထွက်လာခဲ့မှာပဲ။

ချူးလီသည် သူမလက်ကို ရုန်းလိုက်ပြီး အနည်းငယ် မျက်မှောင်ကြုံ့ကာ ပြန်ပြောလိုက်သည်။

“ဖြည်းဖြည်းလုပ်လို့မရဘူးလား? နာလိုက်တာ သေတော့မယ်”

“နာမှန်းတော့ သိသေးတယ်ပေါ့ ဟုတ်လား?”

ကျန်းယွီလည်း စိတ်လှုပ်ရှားလာကာ သူ့လက်မောင်းကို ဆွဲကိုင်လိုက်ပြီး ခံစားချက်အပြည့်ဖြင့် ပြောလိုက်သည်။

“နင့်လက်မောင်းကိုနင်ကြည့်လိုက်ဦး။ တစ်ခုလုံးမှာ ကောင်းတဲ့အသားကို မရှိတော့ဘူး။ နင် ငါ့ကို ဘာကတိပေးထားလဲ မေ့သွားပြီလား ဟမ်?”

ချူးလီ၏ လက်မောင်းသည် အလွန်ကိုလှပရမည့်အရာပင်။ အသားအရည်မှာ ဖြူဖွေးနေပြီး သွေးကြောလေးများကိုလည်း ရေးရေးလေးမြင်နေရပေသည်။ သို့သော်လည်း သူ့လက်မောင်းတစ်လျှောက်မှာတော့ သူ့ကိုယ်သူထိခိုက်အောင်လုပ်ထားသည့် အရာများ အများအပြား ရှိနေတော့သည်။ ဒဏ်ရာသိပ်မနက်သောအရာများမှာ မမြင်ရသော်လည်း သူမစောနက ဆွဲခွာလိုက်သည့် ပလာစတာအောက်ကနေတော့ သွေးများထပ်စို့လာတော့သည်။

ကျန်းယွီလည်း သူမလုပ်လိုက်တာ နည်းနည်းလွန်သွားပြီဆိုတာကို ခံစားလိုက်ရသည်။

သူ့ကို အရင်ကထက် အများကြီး ပိုကောင်းလာအောင် သူမခက်ခက်ခဲခဲ ကြိုးစားခဲ့ရတာပင်။ ဒါပေမယ့် သူသာ သူ့ကိုယ်သူထိခိုက်အောင် လုပ်တတ်တဲ့ ဒီအကျင့်ဆိုးကို မဖျောက်ဘူးဆိုရင် ဘယ်လိုလုပ်ပြီး လူကောင်းတစ်ယောက် ဖြစ်လာတော့မှာတဲ့လဲ။

“နင်တကယ်ပဲ ဘာဖြစ်နေတာလဲ.. ကိုယ့်ကိုယ်ကိုယ် ဒုက္ခမပေးတော့ဖို့ နင်ပြတ်ပြတ်သားသား ကတိပေးခဲ့တာကိုလေ!”

“ကိုယ့်ကိုဂရုစိုက်တာပဲ...”

ချူးလီသည် သူ့လက်ကို ပြန်သိမ်းလိုက်ပြီး ပန်းကန်များကို ဆက်ဆေးကြောလိုက်သည်။ သူ့လက်ပေါ်က သွေးများကို ရေအေးအေးလေးအား ဆေးကြောသွားခွင့် ပြုလိုက်လေသည်။

“မနေ့က၀ ဝမ်လွန်နဲ့ကဖို့ မင်းကိုယ့်ကို မေးခဲ့တယ်မလား”

ချူးလီသည် ငေးကြောင်ကြောင်မျက်နှာနှင့် ဆက်ပြောလိုက်သည်။

“ငါ... ငါနောက်ဆုံးကျတော့လည်း လူဖျင်းတစ်ကောင်လို ဒေါသထွက်သွားခဲ့တာပဲ”

“ဒါဆို နင်က ငါ့ကို ဘာလုပ်စေချင်လို့လဲ.. ငါနားထောင်ကြည့်မယ် ပြော။ အဲ့ဒီနင်ပြောတဲ့စကားကို နားမထောင်ဘူးဆိုရင်တောင်ပေါ့”

“ဒါဆိုလည်း သွားတော့!”

ချူးလီလည်း သူ့စိတ်အခြေအနေက အတော်လေး ဆိုးရွားပြီးပြဿနာ များတယ်ဆိုတာကို နားလည်လိုက်ပေသည်။ ထို့အပြင် သူ့ခံစားချက်တွေကို သူမထိန်းချုပ်နိုင် ဖြစ်ခဲ့တာပင်။

ထို့ကြောင့် ရလဒ်အနေနဲ့က... သူ့ဘေးနားကလူတွေကို နာကျင်စေမိတော့သည်။ ပြောရမယ်ဆိုရင် ကျန်းယွီကိုပေါ့။

ဒါကြောင့်လည်း ဒီနှစ်တွေအကြာကြီးထဲမှာ သူ့အမေကို သူသွားမတွေ့ရဲခဲ့တာပင်။ သူ့ရဲ့ ဒီလိုမျိုး ပျက်စီးယိုယွင်းနေတဲ့ပုံစံမျိုးကို သူမကို ပေးမမြင်ချင်ပေ။

“သွားတော့လို့!”

ကျန်းယွီလည်း သူအော်တာခံရပြီးနောက် ခြေလှမ်းအနည်းငယ် နောက်ဆုတ်လိုက်တော့သည်။ ထို့အပြင် သူမ၏မျက်လုံးထောင့်လေးများမှာလည်း အနည်းငယ် နီရဲနေလေသည်။

“ငါသာတကယ်ထွက်သွားရင် နောင်တရမနေနဲ့”

“ထွက်သွား!”

ကျန်းယွီသည် သူ့ကိုပေးဖို့ယူလာသည့် ကြာပန်းစေ့ပေါင်မုန့်ကို အောက်ကိုပစ်ချလိုက်ကာ လှည့်ထွက်သွားတော့သည်။

ချူးလီသည် ထွက်သွားသော သူမ၏ ကျောပြင်ကို ကြည့်လိုက်ကာ နောက်တော့ ဘောလုံးလေးလိုနယ်ထားသည့် ပေါင်မုန့်လေးကို ကြည့်လိုက်သည်။ သူ့နှလုံးသားတစ်ခုလုံးကတော့ ရုတ်ချည်း ဗလာဖြစ်သွားတော့သည်။

ကျန်းယွီ မီးဖိုချောင်ထဲက ထွက်သွားတော့အချိန်တွင် ချူးလီသည် ယိုင်တိတိနှင့် ပြေးသွားလိုက်ကာ သူမနောက်ကျောကို လှမ်းဆွဲလိုက်ပြီး နံရံနှင့်ကပ်ထားလိုက်ကာ သူမကို တင်းတင်းကြပ်ကြပ် ဖက်ထားလိုက်တော့သည်။

“မသွားနဲ့.. မသွားပါနဲ့...မမ”

သူမကို ‘မမ’ လို့ခေါ်တာကို ကြားလိုက်ရသည့် ထိုအခိုက်အတန့်လေးတွင်တော့ ကျန်းယွီတစ်ယောက် ရင်တွေ အစိတ်စိတ်အမွှာမွှာ ဖြစ်သွားတော့မလိုပင်။

“လူဆိုးကောင်!”

သူမသည် အကြိမ်အနည်းငယ်လောက်တော့ ရုန်းကန်လိုက်သေးသည်။ ထို့နောက် သူ၏နွေးထွေးနေသော ခန္ဓာကိုယ်လေးကို သူမအား တင်းတင်းကြပ်ကြပ်ဖက်ထားခွင့် ပေးလိုက်တော့သည်။

“ကိုယ်မှားသွားပါတယ်”

“မှားမှန်းတော့သိတယ်။ ဒါပေမယ့် နင် အဲ့ဒါကို ဘယ်တော့မှ ပြောင်းလဲမှာ မဟုတ်ဘူး”

ကျန်းယွီလည်း ငိုနေပေတော့သည်။

“ငါဘာပဲလုပ်လုပ် နင်ပြောင်းလဲမှာမဟုတ်ဘူး။ ငါ နင့်ကို ဘယ်တော့မှ ကူညီနိုင်မှာ မဟုတ်ဘူး”

ချူးလီလည်း ရင်ကွဲရပေတော့သည်။

သူမ၏ ခေါင်းလေးကို ကိုင်လိုက်ကာ သူမမျက်နှာလေးကို သူ့ရင်ဘတ်ပေါ်တွင် တင်းတင်းကြပ်ကြပ် ကပ်ထားလိုက်တော့သည်။ ထို့နောက် သူမ၏လည်တိုင်ကြားက ဆံပင်လေးများပေါ်တွင် သူ့ခေါင်းကို ပွတ်သပ်နေလိုက်ကာ သူမကိုပြောလိုက်သည်။ သူ့အသံကတော့ အက်ကွဲနေပြီး ကူရာမဲ့နေသလိုပင်။

“ရှောင်ယွီ... ကိုယ်တကယ်ကို လူကောင်းတစ်ယောက် ဖြစ်လာချင်တယ်။ ကိုယ့်ကို လက်မလျော့လိုက်ပါနဲ့.. ကိုယ်...”

All Chapters