← Chapters

Chapter 48

Vol. 5 Ch. 48

Chapter 48

Vol. 5 Ch. 48

ကျန်းယွီသည် အနည်းငယ် စိတ်ကိုလျော့ချလိုက်သည်။ ချူးလီမှာ စိတ်ကျန်းမာရေးပြသနာ ရှိတယ်ဆိုတာကို သူမသိသောကြောင့်ပင်။ ထို့အပြင် တစ်လောကလုံးက သူ့အပေါ်လက်လျော့လိုက်တယ် ဆိုရင်တောင် သူမကတော့ သူ့အပေါ် အဲ့လိုလုပ်မှာမဟုတ်ပေ...

သူမသည် ချူးလီကို အသက်ကယ်တင်နိုင်မည့် တစ်ခုတည်းသော ကောက်ရိုးမျှင်လေးပင်။ ထို့ကြောင့် သူမသည် သူ့အား တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားပေးရပေလိမ့်မည်။

“အင်း ငါထွက်မသွားတော့ဘူး အရင်ဆုံး ငါ့ကိုလွှတ်”

ချူးလီကတော့ နည်းနည်းမှ မလှုပ်ပါ။

“ခဏနေရင် အန်တီကြီးတွေ လာတော့မှာ။ သူတို့မြင်သွားရင် မကောင်းဘူး”

ထိုအရာကိုကြားသည်နှင့် ချူးလီသည် သူ့လက်မောင်းများကို အတန်ငယ် ဖြေလျော့လိုက်သည်။ သူမဆံပင်တွေ ရှုပ်ပွနေတာကို တွေ့တာမို့ သူ့လက်လေးနှင့် သူမဆံပင်များကို ဖြီးပေးလိုက်တော့သည်။ အတော်ညင်ညင်သာသာလေး လုပ်ပေးလိုက်ခြင်းပင်။

“ဒါဖြင့် အခု ငါ့ကိုပြောတော့.. ဘာလို့ ကိုယ့်ကိုယ်ကိုယ်နာကျင်အောင်လုပ်ရတာလဲ?”

ချူးလီသည် သူမဆံပင်လေးများနှင့် အင်္ကျီကော်လံများကို သပ်သပ်ရပ်ရပ်ဖြစ်အောင် လုပ်ပေးနေရင်း ပြန်ပြောလိုက်သည်။

“အဲ့ဒါက မင်းနဲ့အရမ်းဝေးနေလို့”

“မင်းမရှိရင် ငါဘယ်အရာကိုမှ ခံစားလို့မရဘူး”

သူသည် ခေါင်းငြိမ့်လိုက်ကာ သူ့လက်မောင်းပေါ်ကာ ဓားခြစ်ရာလေးများကို ကြည့်၍ တည်တည်ကြည်ကြည် ဆက်ပြောလိုက်သည်။

“ဝမ်လွန်ကြောင့်လည်း နည်းနည်းပါမယ်ထင်တယ်"

ကျန်းယွီသည် ပြုံးလိုက်ကာ “သေချာတာပေါ့။ စိတ်ပုပ်တဲ့ကောင်လေး ပြန်ရောက်လာတာပဲကို”

ချူးလီသည် သူမကို ပြန်ခံငြင်းမနေတော့ဘဲ သူ့ခေါင်းကို မော့လိုက်ကာ ယုံကြည်မှုရှိရှိနှင့် ပြောလိုက်သည်။

“ကိုယ်က ဒီအတိုင်းမနာလိုတာပါ”

“အဲ့ဒါဆိုလည်း အမြဲတမ်း ဒီလိုလုပ်လို့မရဘူးလေ။ ဝမ်လွန်က ငါ့ရဲ့အကပါတနာ။ နင်သာ အမြဲတမ်း ဒီလိုလုပ်နေမယ်ဆိုရင် ငါဘယ်လိုလုပ် သူနဲ့ကလို့ရတော့မှာလဲ”

ချူးလီကတော့ ဘာမှပြန်မပြောပါ။

“ဒါဆိုလည်း ငါ သူ့ကို သွားငြင်းလိုက်တော့မယ်။ ငါ့ရည်းစားက ငါ့ကို တစ်ခြားကောင်လေးတွေနဲ့ ပေးကခွင့်မပေးဘူးလို့ သွားပြောလိုက်မယ်”

ကျန်းယွီသည် စကားပြောပြီးတာနှင့် လှည့်ထွက်သွားဖို့ လုပ်လိုက်တော့သည်။ ချူးလီသည် သူမကို လှမ်းဆွဲလိုက်ကာ ကသိကအောက်ဖြစ်ဖြစ်နှင့် ပြန်ပြောလိုက်သည်။

“ကိုယ် မင်းကို မကခွင့် မပေးနိုင်ဘူး”

သူမလည်း ကြိတ်ပြီးပြုံးလိုက်မိသည်။ ချူးလီက သဝန်တိုတတ်တယ်ဆိုပေမယ့်လည်း သူမအတွက်တော့ သူစဉ်းစားပေးတတ်တယ်ဆိုတာကို ကျန်းယွီသိလေသည်။ ဝမ်လွန်သည် ကျန်းယွီအတွက် အသင့်တော်ဆုံး ပါတနာတစ်ယောက်ပင်။ ထို့အပြင် ဝမ်လွန်သာ သူမအတွက် ကောင်းတဲ့အရာတွေကိုပဲ လုပ်ပေးနိုင်မယ်ဆိုလျှင် ချူးလီတစ်ယောက် သူမကို ဘယ်တော့မှ ပိတ်ပင်ထားလိမ့်မည် မဟုတ်ပါ။

“မင်းစိတ်ထဲမှာ ဝန်ထုပ်ဝန်ပိုးကြီးတစ်ခု ထားနေဖို့မလိုပါဘူး”

ချူးလီသည် သူမကို သူ့နားပြန်ဆွဲလိုက်ပြီး သူမ၏ ခေါင်းလေးကို ပွတ်လိုက်ကာ တည်ကြည်စွာဖြင့် ပြောလိုက်သည်။

“မင်းလုပ်စရာရှိတာကိုပဲ လုပ်ပါ။ ကိုယ့်အတွက် မစိုးရိမ်ပါနဲ့။ ကိုယ်က လူနာလည်း မဟုတ်ပါဘူး”

“မဟုတ်ဘူးဆိုတာ ငါသိတာပေါ့”

သူ့မှာ စိတ်ကျန်းမာရေးပြသနာတွေ ရှိတယ်ဆိုပေမယ့်လည်း သူသည် ဟော့ချန်ကဲ့သို့ မကောင်းတဲ့ကောင်မဟုတ်ပါ။ ဟော့ချန်ကတော့ အပြင်မှာဆိုလျှင် လူကြီးလူကောင်းပီသလှတဲ့ ယောင်္ကျားကောင်းတစ်ယောက်လိုဖြစ်ပြီး အိမ်ရောက်ရင်တော့ မိန်းမကို မဲကာ အသေဖိနှိပ်တတ်သူဖြစ်သည်။

ဒါကြောင့်လည်း အစတုန်းက ချူးလီကို သူမကြောက်ခဲ့ပေမယ့် သူ့နားကို ချဉ်းကပ်ရဲခဲ့တာဖြစ်သည်။

“ချူးလီ.. လေ့ကျင့်ရေးပြီးရင် ငါတို့ဆရာဝန်နဲ့ သွားပြကြည့်ကြမလား?”

ကျန်းယွီသည် မရဲတရဲဖြင့် စမ်းပြောကြည့်လိုက်တော့သည်။

“ဆရာဝန်ကတော့ နင့်ကို ကူညီနိုင်မယ်ထင်တယ်”

“မလိုပါဘူး”

ချူးလီ၏ မျက်နှာထားကတော့ အေးစက်သည့်အနေအထား ပြောင်းလဲသွားလေသည်။

“ဆရာဝန်တွေက ငါ့ကိုမကူညီနိုင်ဘူး။ သူတို့က ငါလိုချင်တာကို ပေးနိုင်တာမှ မဟုတ်တာ”

ဆရာဝန်များသည် သူလိုချင်နေသော အရောင်များကို မပေးစွမ်းနိုင်ပေ။ ဒီကမ္ဘာပေါ်တွင် ကျန်းယွီတစ်ယောက်သာ သူ့ကိုကူညီနိုင်ပေသည်။

“နင်ပြောတာက နင်ငါနဲ့အတူရှိနေရင် အာရုံခံနိုင်စွမ်းရတယ်ဆို... ဒါပေမယ့် ဒါတွေအကုန်လုံးက စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းချက်တွေပဲ မဟုတ်ဘူးလား? စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ ဖြစ်နေတာမို့ စိတ်ရောဂါရှာဖွေကုသရေးဆရာဝန်တွေမှာ ဖြေရှင်းဖို့နည်းလမ်းရှိလောက်မှာပါ။ ဥပမာပြောရရင် အိပ်မွေ့ချကုထုံးတို့ ဘာတို့လိုပေါ့...”

ထိုစကားများ သူ့နားထဲကို ရောက်လာသည်နှင့် ချူးလီသည် သူမကို စကားဖြတ်ပြောလိုက်တော့သည်။

“ငါ့အဖေက စိတ်ရောဂါ ရှာဖွေကုသရေးဆရာဝန်လေ။ ပြီးတော့ အိပ်မွေ့ချကုထုံးအများကြီး သူ ငါ့အပေါ်စမ်းခဲ့ပြီးပြီ”

ကျန်းယွီလည်း ဒီအကြောင်းအရာနဲ့ ပတ်သတ်ပြီးပြောနေတာကို ချက်ချင်းရပ်လိုက်တော့သည်။

ချူးလီအဖေသည် သူ့အပေါ် ဘယ်လောက်ရက်ရက်စက်စက် ဆက်ဆံခဲ့လဲဆိုတာကို သူမသိလေသည်။ ထို့အပြင် သူ့ပြဿနာအားလုံးသည် ဒီလူမဆန်တဲ့လူကြီး ဖျက်ဆီးခဲ့သော ငယ်ဘဝကြောင့် ဖြစ်ပေါ်လာခဲ့ရခြင်းပင်။

“နင်ပြောတဲ့ အာရုံခံစားနိုင်စွမ်းက နင် ငါနဲ့အတူ နီးကပ်နေမှပဲ ဖြစ်လာတာလား?”

“မင်းနဲ့နီးကပ်နေမှဆိုတာထက် ငါတို့အတူတူရှိနေတာ...”

ကျန်းယွီလည်း ကြောင်အမ်းအမ်းဖြစ်သွားလေသည်။

“အဲ့နှစ်ခုက ဘာကွာလို့လဲ?”

“ကွာတာပေါ့။ ခြားနားချက်အကြီးကြီးရှိတယ်”

“ဒါဆိုလည်း ငါ့ကိုရှင်းပြ”

ချူးလီသည် သူမကိုကြည့်လိုက်ပြီး ရုတ်တရက် ကိုယ်ကိုကိုင်းလိုက်ကာ သူမပါးကို ရွတ်ခနဲ လှမ်းနမ်းလိုက်သည်။

“ဥပမာပြောရရင် ဒါပေါ့.. ငါဘာမှမခံစားရဘူး”

ကျန်းယွီလည်း သူ၏ ရုတ်ချည်းထိုးစစ်ဆင်မှုကြောင့် စိတ်လွတ်သွားကာ ကြောင်သွားလေသည်။ ထို့ကြောင့် ဘေးကိုမြန်မြန်ရွေ့လိုက်သော်လည်း သူ့ပါးကို သူမရှေ့ ထိုးပေးလိုက်တာကိုသာ မြင်လိုက်ရလေသည်။ ချူးလီသည် အပြုံးလေးဖြင့်

“ဥပမာပြောရရင် မမကသာ ငါ့ကိုစနမ်းမယ်ဆိုရင်တော့ ငါခံစားနိုင်မှာပေါ့”

“...”

“အခုတော့ နင်တကယ် ချို့ယွင်းချက်ရှိနေတယ်ဆိုတာကို ငါသိလိုက်ပြီ”

ချူးလီသည် အပြုံးတစ်ခုကို စိတ်ပါလက်ပါ ပြုံးချလိုက်ပြီး ကျန်းယွီ၏ ခေါင်းနောက်လေးကို တွန်းလိုက်ကာ “မနမ်းရင် ထွက်သွားလို့မရဘူးနော်”

“ငါသွားတော့မယ်!”

ဒီလိုဖြင့် ကျန်းယွီသည် ရည်းစားလေးကို အပျော့ဆွဲနှင့် ချော့လိုက်တော့ပြီး စာသင်ခန်းကို ပျော်ပျော်ရွှင်ရွှင် ထွက်သွားတော့သည်။

ချူးလီတစ်ယောက် ကန်တင်းမှာ ကျန်းယွီ၏ လူမှုဝန်ထမ်းတာဝန်ကို လုပ်ဆောင်ပေးနေသည်ဆိုသော သတင်းသည်လည်း အလျင်အမြန်ပင် ပြန့်နှံ့သွားလေသည်။ ထို့အပြင် ကျန်းယွီကလည်း အဲ့ဒါ သူမ၏ ရည်းစားပါဆိုတာကို တွန့်ဆုတ်မှုမရှိဘဲ ပြောပြလိုက်လေသည်။

ချူးလီသည် မနက်တိုင်း အလုပ်ယူနီဖောင်းကို ဝတ်ဆင်၍ အလုပ်စားပွဲရှေ့တွင် မတ်တပ်ရပ်ကာ သူမ၏ အတန်းဖော်များအတွက် ကြက်ဥများကို စိတ်အားထက်သန်စွာဖြင့် ကြော်ပေးနေလေသည်။

ချူးလီသည် ရုပ်ရည်ချောမောသော ကောင်လေးတစ်ယောက် ဖြစ်သည်နှင့်အညီ နာမည်ကြီးလာတော့သည်။ ချောမောလှပသော ကောင်မလေးများ၊ ကောင်လေးများရှိသည့် ဒီလိုအနုပညာစင်တာမှာတောင်မှ သူသည်ကျောင်းကန်တင်းထဲကနေ စိတ်ဝင်စားစရာ၊ မျက်စိကျစရာလေး ဖြစ်နေပေတော့သည်။ ထို့အပြင် ဒီမှာရှိသော ကောင်လေးအများစုထက်ပင် ချူးလီက သာလွန်နေသေးပြန်သည်။

အစတုန်းကတော့ ကောင်လေးများသည် ကျောင်းတွင် ယောင်္ကျားလေး အရေအတွက် နည်းပါးသည့် အချက်ကို အသုံးချကာ သူတို့၏ အချစ်ရေးကို ဖြေရှင်းဖို့ ကြိုးစားနေကြတာဖြစ်သည်။ သို့သော်လည်း သူတို့နဲ့အတူတူ စားနေကြ ကောင်မလေးများသည် ကောင်တာက စားပွဲထိုးပေါ်သာ အကြည့်တွေ အကုန်ရောက်နေကြတာဖြစ်လို့ သူတို့အတွက်တော့ တစ်နည်းတစ်ဖုံ စိတ်ကသိကအောက် ဖြစ်ရပေတော့သည်။

တစ်ချို့သော လူချမ်းသာကောင်လေးတစ်ချို့သည် သူ့ကိုအချိန်အတော်ကြာအောင် ငေးကြည့်နေကြသည်။ ထို့နောက် သူတို့အချင်းချင်း တစ်ယောက်နှင့်တစ်ယောက် အကြည့်ချင်း ဖလှယ်လိုက်ကြပြီး ကောင်တာသို့သွားကာ ကြက်ဥပြုတ် ၅လုံး မှာလိုက်သည်။

ချူးလီသည် ပြုတ်အိုးကို အသံမထွက်အောင် ဖွင့်လိုက်ကာ ကြက်ဥများကို ထည့်ပြုတ်ပေးလိုက်သည်။

ထိုအချိန်တွင်တော့ ကောင်လေးများက စိတ်မရှည်လက်မရှည် ညည်းတွားလာကြတော့သည်။

“မြန်မြန်လုပ်စမ်းပါ!”

“တုန်ချိချိနဲ့”

“ငါတော့ ဆာလွန်းလို့ သေတော့မယ်”

ချူးလီကတော့ မကြားချင်ယောင်ဆောင်နေလိုက်ပြီး ၁၀ မိနစ်လောက်နေတော့ အိုးထဲကနေ ကြက်ဥပြုတ် ၅လုံးကို ထုတ်လိုက်ကာ ကောင်လေးများ၏ ပန်းကန်ပေါ်သို့ ထည့်ပေးလိုက်သည်။

အရပ်ပုပုနှင့် ကောင်လေးတစ်ယောက်သည် ပန်းကန်ပေါ်က ကြက်ဥပြုတ်ကို ကောက်ကိုင်လိုက်ပြီး အလေးချိန်ကြည့်လိုက်သည်။

လောလောလတ်လတ် ပြုတ်ထားသော ကြက်ဥ၏ အပူချိန်မှာတော့ အတော်ပူနေဆဲဖြစ်သည်။ ထို့ကြောင့် သူကိုင်လိုက်သည်နှင့် "ဝူး” ဆိုပြီး အော်လိုက်တော့ကာ သူ့လက်ထဲက ကြက်ဥသည် ကြမ်းပြင်ပေါ်သို့ ကျသွားတော့သည်။

ရှုရှန်းမင်ဆိုသည့် အရပ်ပုပုနှင့်ကောင်လေးမှာ အပူလောင်သွားတော့သည်။ ထိုကောင်လေး၏ မိသားစုမှာ နောက်ခံတောင့်တင်းလှသောကြောင့် သူ့ကို Esmeralda ကိုဝင်ခွင့်ရအောင် စီစဉ်ပေးခဲ့ကြခြင်းဖြစ်သည်။ ဆိုလိုသည်မှာ ဒီကျောင်းကို ရောက်လာတာက သူတော်လွန်းနေ၍ကြောင့် မဟုတ်ပေ။

သို့သော်လည်း ရှုရှန်းမင်သည် အဆိုးအသွမ်းကျောင်းသားများစာရင်းထဲတွင်တော့ သေချာပေါက်ပါဝင်မှာ မဟုတ်ချေ။

သူ Esmeralda ကိုဝင်လာခြင်းမှာ သူ့ပညာရေးက အတော်ကို ညံ့ဖျင်းနေလို့ပင်။ ထို့ကြောင့် Esmeralda ကဆရာများ၏ ထောက်ခံစာကိုရနိုင်ဖို့ သူ့မိသားစုက မျှော်လင့်နေခြင်းပင်။ ဒါမှသာ အနာဂတ်တွင် အနုပညာတက္ကသိုလ်တစ်ခုကို လျှောက်သောအခါ အမှတ်ပိုရနိုင်မှာမို့လို့ပင်။

ကျောင်းမှာတော့ ဒီလိုကျောင်းသားများသည် ‘ပြသနာရှာတတ်သူများ’ လို့ဆိုရပေမည်။ ထို့ကြောင့် ဘဲလေးကိုအလေးအနက်ထားသော ကျောင်းသားများကတော့ သူတို့နှင့် သွားမပတ်သတ်သင့်ကြောင်း သိကြတာမို့ သူတို့ကို ရန်သွားစမည်မဟုတ်ပေ။

ရှုရှန်းမင်ကတော့ Esmeralda ကိုရောက်လာကတည်းက ကောင်မလေးတွေ ဝိုင်းဝိုင်းလည်နေတာခံရသူပင်။ ထို့ကြောင့် ဒီလိုအခြေအနေမျိုးနှင့် ကြုံရသောအခါ သူဗျာများလာပြီး စိတ်ထဲကလိကလိဖြစ်လာတော့သည်။

အခုဖြစ်တာကလည်း ချူးလီက သူ့လမ်းကြောင်းကို ဝင်ပိတ်လိုက်သလို ဖြစ်နေသောကြောင့်ပင်။

“မင်းက ငါ့ကို အပူလောင်ပြီး သေစေချင်လို့လား?”

သူသည် ချူးလီကိုအော်လိုက်သည်။

“ဦးနှောက်မရှိတဲ့ကောင်! အေးမှပေးရမယ်ဆိုတာ မသိဘူးလား?”

“မင်းကရော မစားရရင် စက္ကန့်ပိုင်းအတွင်း သေသွားတော့မှာမို့လို့လား?”

ရှုရှန်းမင်သည် အတော်မှုန်မှိုင်းနေသော မျက်နှာထားဖြင့် ပြန်ပြောလိုက်သည်။

“လခွီးပဲ... ထပ်ပြောလိုက်စမ်း”

ချူးလီကလည်း သူ့ကိုတစက်မှမကြောက်ဘဲ ပြန်ကြည့်လိုက်ကာ သရော်လိုက်သည်။

“မင်းကြည့်ရတာ အစာငတ်ပြတ်နေတဲ့ ပြိသာ ပြန်ဝင်စားလို့ထင်တယ်။ အစားအသောက်ကို အဲ့လောက်အငမ်းမရဖြစ်နေတော့”

ကြည့်နေသော ကောင်မလေးများလည်း ကျိတ်ရယ်လိုက်ကြတော့သည်။

“လခွီးပဲ!”

T/N : သူကတော့ Fuck you လို့ပြောချင်တာပါ။ -ီးပဲ၊ မအေ-ိုး၊ စသည်ဖြင့် တိုက်ရိုက်ပြန်လိုက်ရင် အရမ်းရိုင်းရာကျနေမှာစိုးလို့ အနည်းငယ် စာချောအောင် ပြောင်းသုံးထားပါတယ်။

ရှုရှန်းမင်လည်း ရှက်သွားပြီး ဘေးနားကနောက်ကောင်လေး၏ ပန်းကန်ထဲကကြက်ဥကို လှမ်းယူလိုက်ကာ လက်ကိုမြှောက်ပြီး ချူးလီကို ပစ်ပေါက်လိုက်တော့သည်။

ထိုကဲ့သို့ အတိမ်းအစောင်းမခံဖြစ်နေချိန်တွင် ကံကောင်းချင်တော့ နောက်ကောင်လေးတစ်ယောက်မှ သူ့ကိုဝင်တားလိုက်တော့သည်။

“ထားလိုက်တော့ အလွန်အကျွံတွေ လျှောက်မလုပ်နဲ့။ တီချယ်ရွယ် ဒီမှာရှိတယ်”

တကယ်ကြီးကို သိပ်မဝေးသောနေရာတွင် ရွယ်ကျားယီသည် ဆရာများ တည်ခင်းစားသောက်ရာနေရာ၏ ပြတင်းပေါက်ဘေးခုံတွင် သူမ၏လုပ်ဖော်ကိုင်ဖက်များနှင့် ကြော့မော့စွာဖြင့် တစ်ခုခုကိုသောက်နေလေသည်။ ဒီမှာဖြစ်နေသည့် ရုန်းရင်းဆန်ခတ်ကို လုံးဝပင် အာရုံမစိုက်ပေ။

ရှုရှန်းမင်လည်း အလွန်အကျွံသိပ်မလုပ်ရဲပေ။ သို့သော် သူ့အဖော်ကောင်လေး၏ လက်ကို ပုတ်ထုတ်လိုက်ပြီး သူ့အင်္ကျီများကို ပြန်တည့်မတ်လိုက်ကာ ချူးလီကို ပြောလိုက်သည်။

“မှန်ထဲမှာ ကိုယ့်ဟာကိုယ်လည်း သွားပြန်ကြည့်လိုက်ဦး။ သူများတွေကို မင်းရဲ့ဆင်းရဲစုတ်ပြဲမှုနှင့် လာသတ်နေတာပဲ”

ချူးလီလည်း သိပ်မဝေးသောနေရာက ဆရာမကို လှမ်းတွေ့လေသည်။ ထို့အပြင် သူ့ကြောင့်နှင့် ကျန်းယွီကို သူပြဿနာမတက်စေချင်ပါ။

ကျန်းယွီအတွက် လူမှုဝန်ထမ်းတာဝန်တွေလုပ်ပေးဖို့ ရောက်လာခဲ့တာ မဟုတ်ပါဘူးလား။ ပြီးတော့ စီမံခန့်ခွဲရေးဌာနက အန်တီကြီးတွေ ဦးလေးကြီးတွေကလည်း သူ့ကို မျက်စိမှိတ်ခေါင်းညိတ်ပြီး လိုက်လျောပေးထားခဲ့တာလေ။

ပြသနာသာ ကြီးကြီးမားမားတက်သွားမယ်ဆိုရင် အဆုံးသတ်က ကောင်းမှာမဟုတ်ဘူး..။

ချူးလီ ဘာမှပြန်မဖြေတော့တာကိုတွေ့တော့ ရှုရှန်းမင်သည် သူအရှက်ရသွားပြီဟု ထင်မိကာ ဆက်ပြီးအရှက်ခွဲသည့်စကားများ ပြောလိုက်သေးသည်။

“မင်းတို့လို အမှိုက်တွေက ဒီနေရာမှာရပ်ပြီး ငါနဲ့စကားပြောဖို့တောင် တန်တာမဟုတ်ဘူး”

ချူးလီသည် ယောက်မကိုယူလိုက်ပြီး ကြက်ဥကိုလှန်လိုက်ကာ မျက်နှာထားကို ပြန်ပြောင်း၍ တည်ငြိမ်စွာဖြင့် ပြန်ပြောလိုက်သည်။

“ငါက အမှိုက်ဆိုရင်တောင် ချီးတွင်းထဲကချီးနဲ့ စကားမပြောဘူး”

“မင်း...!”

ရှုရှန်းမင်လည်း ပေါက်ကွဲထွက်တော့မည့်အလား အတော်လေး စိတ်ဆိုးသွားလေတော့သည်။

ချူးလီလို ကောင်လေးမျိုးသည် အတော်ကိုစိတ်ဆိုးချင်စရာပင်။ သူဘာစကားတစ်ခွန်းမှ မပြောရင်တောင် ဒီမှာရပ်နေရုံလေးနဲ့တင် သူ့ဘေးနားက ကောင်လေးများကို အလိုလို စိတ်အနှောင့်အယှက်ပေးနိုင်သည့် လူတစ်မျိုးပင်။

“မင်းကဘာတွေ လာမောက်မာနေတာလဲ?”

“ငါမမောက်မာပါဘူး။ မင်းကသာ ငါ့အလုပ်မှာ လာနှောင့်ယှက်နေတာလေ”

ချူးလီသည် ပြောပြောဆိုဆိုနှင့် ကြက်ဥကြော်များကို ကောင်မလေးတစ်ယောက်၏ လင်ဗန်းထဲ ထည့်ပေးလိုက်သည်။

ကောင်မလေးသည် ရှိုးတိုးရှန့်တန်းလေးဖြင့် ချူးလီကို ကျေးဇူးတင်ကြောင်းပြောလိုက်ပြီး၊ ထို့နောက်တော့ ရှုရှန်းမင်ကို မထီမဲ့မြင်ပြုသောအကြည့်ဖြင့် ကြည့်လိုက်ကာ နူးနူးညံ့ညံ့လေး ပြောလိုက်သည်။

“ချီးပဲ”

ရှုရှန်းမင်သည် ပို၍ပင် စိတ်ဆိုးသွားလေတော့သည်။ ထို့ကြောင့် ဆန်ခါတစ်ခုကိုယူလိုက်ပြီး အိုးပူပူထဲက ကြက်ဥတစ်လုံးကို ခပ်လိုက်ကာ ချူးလီကို ကမ်းပေးလိုက်သည်။

“ရည်းစားကိုယ်စား လုပ်ပေးနေတာပေါ့ ဟုတ်လား.. ကောင်းပြီလေ.. အရင်ဆုံး အစ်ကိုကြီးအတွက် ကြက်ဥအခွံခွာပေးစမ်းပါ”

“ငါ့မှာ အဲ့လိုလုပ်ပေးဖို့ တာဝန်မရှိဘူး”

“ဒါဆိုရင်လည်း Esmeralda ကဘယ်လိုနေရာလဲဆိုတာ မင်းသေချာမသိသေးဘူးကိုး”

ရှုရှန်းမင်သည် လှောင်ရယ်ရယ်လိုက်ကာ “ဒါကိုကန်တင်းလို့ မခေါ်ဘူး။ စားသောက်ဆိုင်လို့ခေါ်တယ်။ မင်းကငါတို့ကို ဝန်ဆောင်မှုပေးနေရတဲ့ စားပွဲထိုးပဲ။ မဟုတ်ရင် ၁၅ ရက်စာ လေ့ကျင့်ရေးကို အဆောင်ကြေးနဲ့ စားသောက်စရိတ်အတွက် ငါတို့ဆီက ဘာလို့ဒေါ်လာသောင်းနဲ့ချီပြီး တောင်းတယ်ထင်လို့လဲ?”

ထိုအချိန်တွင် အရင်ကမမြင်ဖူးသော အန်တီကြီးတစ်ယောက်က ခပ်သုတ်သုတ်ရောက်လာပြီး ကြက်ဥများကို ကောက်ယူလိုက်ကာ ပြောလိုက်သည်။

“အန်တီ ခွာပေးပါမယ်ကွယ်.. ရှောင်လီက ဒီကိုအခုမှရောက်တာဆိုတော့ ဒါတွေနဲ့ မရင်းနှီးသေးလို့ပါ”

ရှုရှန်းမင်သည် ကြက်ဥကို ပြန်ဆွဲယူလိုက်ကာ ချူးလီ၏ လက်ထဲသို့ ပြန်ထည့်ပေးလိုက်သည်။

“ငါသူ့ကိုပဲ အခွံခွာပေးစေချင်တာ”

ချူးလီ၏ မျက်နှာကတော့ တည်ငြိမ်နေကာ လုံးဝအိန္ဒြေမပျက်ပေ။

ဒီလိုလောကကြီးထဲတွင် အားနည်းသူကို အနိုင်ကျင့်ပြီး သူတို့ကိုကြောက်ရွံစေတာ၊ ကြီးနိုင်ငယ်ညှင်းလုပ်တာ၊ ဒါမျိုးတွေကို သူငယ်ငယ်လေးထဲက အများကြီး ကြုံဖူးခဲ့ပြီ မဟုတ်ပါဘူးလား။

All Chapters