← Chapters

Chapter 49

Vol. 5 Ch. 49

Chapter 49

Vol. 5 Ch. 49

ချူးလီသာ သူ့ကိုယ်သူပြောင်းလဲဖို့ မဆုံးဖြတ်ထားဘူးဆိုရင် ရှုရှန်းမင်တစ်ယောက် မျက်နှာကို အိုးထဲထည့်ခံထားရလောက်ပေပြီ။

သို့သော် ဒီအချိန်အခိုက်အတန့်တွင်တော့ သူစိတ်ရှည်သည်းခံလိုက်ဖို့ကိုသာ ချူးလီရွေးချယ်လိုက်လေသည်။

“ကောင်းပြီလေ”

သူ့နှုတ်ခမ်းထောင့်လေးမှ အပြုံးမှိန်မှိန်လေးတစ်ခု ပေါ်ထွက်လာကာ အခုမှအိုးထဲက ထုတ်လိုက်သောကြက်ဥကို ကောက်ကိုင်လိုက်ပြီး အခွံနွာပေးလိုက်တော့သည်။

ကြက်ဥ၏ အပေါ်ယံအပူချိန်မှာ အတော်ပူနေသေးပေမယ့် ချူးလီကတော့ ထိုအပူကို ခံစားလို့ရပုံမပေါ်သည့်အပြင် မျက်နှာတောင် တစ်ချက်တွန့်မသွားပေ။

ရှုရှန်းမင်လည်း အနည်းငယ် သံသယဝင်သွားသဖြင့် ကြက်ဥကို ကိုင်ကြည့်လိုက်သည့်အချိန်တွင်တော့ ပူလွန်း၍ လက်ကိုမြန်မြန် ရုတ်သိမ်းလိုက်ရတော့သည်။

“သေစမ်း!”

ဒီငကြောင်ကောင်က ဘာလားဟ!

ချူးလီသည် အခွံခွာပြီးသား ကြက်ဥများကို ပန်းကန်ပြားပေါ်တင်ပေးလိုက်ပြီး သူ၏မျက်ဝန်းနက်များနှင့် ရှုရှန်းမင်အား အေးတိအေးစက် စိုက်ကြည့်လိုက်ကာ ပြောလိုက်သည်။

“အေးဆေးယူသွားလိုက်တော့”

ရှုရှန်းမင်ကတော့ မယုံနိုင်သေးပါ။ ထို့ကြောင့် အိုးပူပူထဲက နောက်ကြက်ဥ ၃လုံးကို ထပ်ထုတ်လိုက်ပြီး ချူးလီလက်ထဲကို ထည့်ပေးလိုက်ပြန်သည်၊

“ဆက်ခွာ”

ချူးလီလည်း ရှုရှန်းမင်ပေးသော ကြက်ဥများကို ဆက်ခွာလိုက်ပြီး သူ၏နှုတ်ခမ်းထောင့်လေးတွင်တော့ အပြုံးမှိန်မှိန်လေးတစ်ခုက ရှိနေသေးလေသည်။

သူ၏လက်ချောင်းရှည်လေးများမှာ အပူဒဏ်ကြောင့် နီရဲတက်လာသော်လည်း သူကတော့ နည်းနည်းမှ ခံစားရပုံမပေါ်သည့်အပြင် နာကျင်မှုကိုပါ မတွေ့ရပေ။

ဘေးနားက ကောင်မလေးများလည်း သည်းမခံနိုင်တော့ဘဲ အားလုံးက တစ်ယောက်တစ်ခွန်း ဝင်ပြောလိုက်ကြတော့သည်။

“အရေးမပါတာတွေ!”

“နင် ဒါလူတွေကို အနိုင်ကျင့်နေတာ မဟုတ်ဘူးလား?”

“ပျော်ဖို့ကောင်းနေလား?”

ချူးလီတစ်ယောက် ၃ လုံးမြောက်ကြက်ဥကို ကိုင်လိုက်သည့်အချိန်တွင်တော့ သတင်းကြား၍ ရောက်လာသည့် ကျန်းယွီခမျာ ချူးလီ၏ လက်ချောင်းထိပ်များ နီရဲအပူလောင်နေသည်ကို တွေ့လိုက်တော့သည်။ သူမလည်း ဒေါသထွက်သွားပြီး ကြက်ဥကို ဆွဲယူလိုက်ကာ ရှုရှန်းမင်ကို တည့်တည့်ပစ်ပေါက်လိုက်တော့သည်။

“မအေဘေး!”

ချူးလီသည် အတော်လေး စိတ်ပျက်လက်ပျက် ဖြစ်နေခဲ့တာပင်။ သို့သော် ပုံမှန်ဆိုရင် အတော်လေးယဉ်ကျေးသိမ်မွေ့သော ကျန်းယွီတစ်ယောက် ဒီလိုဆဲဆိုလိုက်တာကို ကြားလိုက်ရသဖြင့် ရုတ်တရက်ဆိုသလိုပင် စိတ်ခံစားချက်ပြန်ကောင်းလာကာ သူမကို အပြုံးလေးဖြင့် ကြည့်လိုက်တော့သည်။

သူမကိုကြည့်ရတာ တကယ်ဒေါသထွက်နေတာပင်။ ဒေါသထွက်လွန်းလို့ အသားတွေပင် တဆတ်ဆတ်တုန်နေပြီး ရှုရှန်းမင်ကို အားနှင့်ဆောင့်တွန်းလိုက်ကာ

“နင့်မှာသူ့ကို အနိုင်ကျင့်ဖို့ ဘာအရည်အချင်းတွေ ရှိနေလို့လဲ!”

သူမဖြည်းဖြည်းချင်းစီ ပုံသွင်းယူလာရသော ရည်းစားက ရှုရှန်းမင်ဆီကနေတောင် ဒီလိုပြန်အနိုင်ကျင့်ခံနေရပြီတဲ့။ ကျန်းယွီသည် စိတ်ဆိုးမာန်ဆိုးဖြင့် ပန်းကန်ထဲကကြက်ဥများကို သူ့အားပစ်ပေါက်နေလေတော့သည်။

ရှုရှန်းမင်လည်း အကြိမ်အနည်းငယ်လောက်တော့ ခံလိုက်ရသေးကာ နည်းနည်းတော့ နာသွားလေသည်။ သို့သော် သူကျန်းယွီကို ဘာမှပြန်မလုပ်ရဲပေ။

ဘယ်လိုပဲဖြစ်ဖြစ် ကျန်းယွီသည် တီချယ်ပိုင်၏ တပည့်ဖြစ်လေသည်။ သူမကို သွားရန်စတာက Esmeralda ၏ အာဏာအကြီးဆုံးလူကို သွားထိမိတာနှင့် အတူတူသွားဖြစ်လေလိမ့်မည်။

ဒီလိုနှင့် အရှက်ပြေသာ ပြန်ပြောလိုက်တော့သည်။

“ဒီလိုအနုပ်စုတ်ကုပ်စုတ် ရည်းစားမျိုးရှိတာ မင်းမရှက်ဘူးလား”

ကျန်းယွီလည်း ဒေါသတကြီး ပြန်ပြောလိုက်သည်။

“လူတိုင်းက ရွှေဇွန်းကိုက်ပြီး မွေးလာတာမဟုတ်ဘူး။ အနုပ်စုတ်ကုပ်စုတ်ဖြစ်တော့ရော ဘာဖြစ်လဲ။ ဆင်းရဲတာက လူများဝိုင်းရယ်တာခံရမယ့်ကိစ္စ မဟုတ်ဘူး။ မောက်မာတာကမှ လှောင်စရာ။ နင်လို မိဘပိုက်ဆံပဲထိုင်ဖြုန်းပြီး ဘာမှအသုံးမကျတဲ့ကောင်တွေက သူများကို သွားလှောင်ဖို့ အခွင့်မရှိဘူး သိလား”

ထိုစကားများထွက်လာသည်နှင့် ဘေးနားက ကောင်မလေးများလည်း သူမပြောတာ လက်ခံသည့်အနေဖြင့် ခေါင်းငြိမ့်ပြလိုက်ကြသည်။ ထို့နောက် ရှုရှန်းမင်အား ပို၍ပင် အထင်သေးစွာ ကြည့်လိုက်ကြတော့သည်။

“မင်း.. မင်းမဟုတ်တာတွေ လျှောက်မပြောနဲ့”

“ငါကတော့ သူမဟုတ်တာပြောနေတယ်လို့ မထင်ဘူး”

ထိုအသံသည် မလှမ်းမကမ်းနေရာကနေ ဒီဘက်ကို လျှောက်လာနေသည့် ရွယ်ကျားယီထံမှ ပေါ်ထွက်လာခြင်းပင်။

‘နတ်ဆိုး’ဟု ခေါ်ကြသည့် ရွယ်ကျားယီကို မြင်လိုက်သည်နှင့် ရှုရှန်းမင်၏ ယုတ်မာရိုင်းစိုင်းသော အရှိန်အဝါမှာ ချက်ချင်းပင် ပျောက်ကွယ်သွားတော့ပြီး ခြေထောက်တွေပင် ပျော့ခွေလာတော့သည်။

Esmeralda ၏ကျောင်းသားအများစုသည် ချမ်းသာသော မိသားစုများမှ ဆင်းသက်လာကြသူများပင်။ ထို့ကြောင့် သူတို့သည် သွားထိဖို့ကောင်းသော လူများမဟုတ်ပေ။

ရွယ်ကျားယီလည်း ဒီကိစ္စကို ဝင်မပါချင်ပါ။ သို့သော် ရှုရှန်းမင်ပြောသည့် ဆင်းရဲသောသူများမှာ အနုပ်စုတ်ဂုပ်စုတ်ဖြစ်သည်ဆိုသော စကားမှာ တကယ်ကို ရင့်သီးလှပေသည်။ ထို့အပြင် လူတန်းစားအလွှာကိုပါ အဆင့်ဆင့်ထပ်ခွဲလိုက်သောကြောင့်ပင်။

ပြောရမည်ဆိုလျှင် ပိုင်ရှုယီသည် ဘဲလေးမိသားစုမှ ဆင်းသက်လာသူဖြစ်ပြီး ရွယ်ကျားယီကတော့ သူမလိုမဟုတ်ဘဲ နောက်ခံမရှိသော အလွှာမှလာခဲ့ခြင်းပင်။ သူမဘဲလေးကို သင်ယူနေတုံးက ရွယ်ကျားယီ၏ မိသားစုနောက်ခံသည် ကျန်းယွီလောက်တောင် မကောင်းခဲ့ပေ။

ဒါကြောင့်မို့ ဒီလိုအကြောင်းအရာမျိုးသည် တစ်ချက်တည်းနှင့် သူမကို ဆတ်ဆတ်ထိမခံဖြစ်စေလေသည်။

“နင်ပြောသလိုသာဆိုရင် ငါကလည်း ချမ်းသာတဲ့မိသားစုက လာတာမဟုတ်တော့ ငါလည်း Esmeralda နဲ့မထိုက်တန်ဘူးပေါ့လေ.. ဟုတ်လား?”

“တီချယ်ရွယ်.. ကျွန်တော်.. ကျွန်တော် အဲ့လိုပြောတာမဟုတ်ပါဘူး”

ရှုရှန်းမင်၏ စောနကပြုမူနေသော အထက်စီးဆန်လှသည့် အရှိန်အဝါမှာ ပျောက်ချင်းမလှ ပျောက်သွားတော့ပေသည်။

“ဒါဆိုရင် နင်က ဘာကိုပြောချင်တာလဲ? ဘာလို့လဲဆိုတော့ ငါကလည်း အောက်ခြေလူတန်းစာအလွှာကနေ လာခဲ့တာလေ။ အဲ့တော့ ငါက နင့်ကို သင်ပေးဖို့ အရည်အချင်းမရှိဘူးပေါ့”

“မဟုတ်ပါဘူး.. မဟုတ်ပါဘူး...”

ရွယ်ကျားယီသည် ရှုရှန်းမင်အား အေးစက်သော မျက်လုံးများဖြင့် ကြည့်လိုက်ပြီး “နောက်တစ်ခါ ဒီလိုစကားမျိုးတွေ ထပ်ကြားရရင်ကြားရကြည့်၊ ငါ နင့်ကို ကျောင်းသားအဖြစ်ကနေ ထုတ်ပယ်ပစ်မယ်။ F ခန်းက အစားထိုးခံကျောင်းသားဖြစ်တာတောင်မှ ဒါမျိုးကို လုပ်ရဲသေးတယ်”

ရှုရှန်းမင်လည်း ကြောက်ဒူးတုန်လွန်း၍ မနက်စာတောင် မစားနိုင်တော့ဘဲ ကန်တင်းထဲမှာသာ အတွေးထဲနစ်မျောပြီး ကျန်ခဲ့လေတော့သည်။

တံခါးကနေ မထွက်ခင် ကျန်းယွီကလည်း ပြန်လှည့်ပြောလိုက်သည်။

“သူများတွေကို စော်ကားထားပြီးတော့ တောင်းပန်ဖို့မလိုဘူးလား?”

ရှုရှန်းမင်သည် အံကြိတ်လိုက်ရင်း ကျန်းယွီကို ပြန်ကြည့်လိုက်သည်။

ကျန်းယွီကတော့ ရှုရှန်းမင်ကို အလွတ်ပေးမှာမဟုတ်ပေ။ သူမနောက်ကွယ်မှာ သူမအကြောင်း ဘယ်သူတွေ ဘယ်လိုအထင်သေးပြီး ပြောဆိုကြပါစေ ကျန်းယွီသည် လုံးလုံးဂရုမစိုက်ပါ။

သို့သော် ချူးလီကိုတော့... မရပါ။ လုံးဝအပြောမခံနိုင်ပေ။

ဒါ သူမအချိန်တွေအကြာကြီး ကာကွယ်လာခဲ့ရသည့် ကောင်လေးဖြစ်ပေသည်။ သူ့ကိုကာကွယ်ပေးမည်လို့ သူမ ကတိပေးခဲ့သောသူပင်။

“တီချယ်ရွယ်က စကားကိုဆက်မပြောဘဲ ရပ်လိုက်ပေမယ့် ငါကတော့ Esmeralda က သူများကို အနိုင်ကျင့်ပြီးရင် ပြန်တောင်းပန်စရာမလိုတဲ့နေရာမျိုး မဟုတ်ဘူးလို့ ငါယုံကြည်ထားတယ်”

ရွယ်ကျားယီလည်း ကျန်းယွီကို ကြည့်လိုက်သည်။ သူမတကယ်ကို ဒီကောင်မလေးကို သဘောမကျပါ။

သူမသည် ဟိုမုန်းစရာမိန်းမနှင့် အတော်ဆင်တူစွာ ကလေသည်။

သို့သော်လည်း ဒီကောင်မလေးသည် သူမကိုမျက်နှာပျက်ရအောင်တော့ မလုပ်ပေ။ ထို့ကြောင့်လည်း သူမအာဏာကို သုံးပြီး ဝင်ပါပေးလိုက်တာပင်။

ရွယ်ကျားယီသည် Elita ဖိနပ်ပေါ်က စာလုံးများအကြောင်း ပြန်စဉ်းစားမိလိုက်သည်။

စာလုံးတစ်လုံးချင်းစီ၏ ခြားနားချက်ကိုပေါ့။

ထိုလူသေဆုံးသွားတာ နှစ်ပေါင်းများစွာ ကြာမြင့်ပြီးတာတောင် ထိုတစ်မူထူးခြားသော စာလုံးများသည် ထိုသူကို နာကျင်စေမည့်အစား ပြုလုပ်ခဲ့သူ ကာယကံရှင်ကိုသာ အသက်ရှင်နေစဉ်တစ်လျှောက် မျက်နှာပျက်စရာဖြစ်နေစေခဲ့သည်။

“Esmeralda မှာ သူများကို စော်ကားမော်ကားလုပ်ဖို့ ဘယ်သူ့ကိုမှ ခွင့်ပြုမထားဘူး”

ရွယ်ကျားယီကတော့ အေးတိအေးစက်သာ ပြောလိုက်သည်။

“ဒါအနုပညာကျောင်းတစ်ကျောင်း။ လူချမ်းသာ သခင်လေးတွေ မမလေးတွေအတွက် သူများကို အနိုင်ကျင့်လို့ရမယ့် နေရာမျိုးမဟုတ်ဘူး”

ရွယ်ကျားယီ ရှိနေတာကြောင့် ရှုရှန်းမင်လည်း ပြန်ငြင်းဖို့ သတ္တိမရှိပါ။ ကိုယ်ကိုကျုံ့ကျုံ့နှင့်သာ လျှောက်သွားလိုက်ပြီး ချူးလီကို စိတ်မပါလက်မပါသာ ပြောလိုက်သည်။

“ငါတောင်းပန်တယ်”

ကျန်းယွီလည်း ဖော်ရွေမှုကင်းမဲ့စွာ ထပ်ပြောလိုက်သည်။

“ငါမကြားရဘူး။ နင် ဘာမှမစားရသေးဘူးမလား.. ကြမ်းပေါ်မှာကျနေတဲ့ ကြက်ဥတွေကို ကောက်ပြီးစားချင်သေးလား”

“ငါတောင်းပန်တယ်!”

ရှုရှန်းမင်သည် သူ့အသံကို အကျယ်ကြီးမြင့်တင်လိုက်ကာ ဟစ်ကြွေးလိုက်သည်။

“ငါတောင်းပန်တယ်... နောက်ဆို ဒါမျိုးမလုပ်တော့ပါဘူး!”

ချူးလီသည် ကောင်တာကိုသွား၍ ကြက်ဥများကို ဆက်ကြော်လိုက်ကာ သူ့ကိုတစ်ချက်မှ ပြန်မကြည့်ပေးပေ။

ရှုရှန်းမင်ကတော့ အတော်လေး ကြီးကြီးကျယ်ကျယ် အရှက်ကွဲသွားသောကြောင့် ကန်တင်းက ထွက်လာသည်နှင့် မျက်ရည်များ ပိုးပိုးပေါက်ပေါက် ကျလာတော့လေသည်။

ဝိုင်းစပ်စုနေကြသော ကျောင်းသားများလည်း နောက်ဆုံးတော့ စိတ်ကျေနပ်ကာ လူစုပြန်ခွဲလိုက်ကြတော့သည်။

ရွယ်ကျားယီသည် ကျန်းယွီကိုလည်း အကြည့်ဆိုးတစ်ခုဖြင့် ကြည့်ပေးလိုက်ကာ မပြောချင်ပြောချင်နှင့် ပြောလိုက်သည်။

“ကျောင်းကို ရည်းစားခေါ်လာတယ်ပေါ့။ ဒါနင်လုပ်ရမယ့်အလုပ်လေ။ အဲ့ဒါကို သူများလုပ်ခိုင်းတယ်.. အတွက်အချက်ကတော့ မဆိုးဘူးပဲ”

“တီချယ်ရွယ်.. တောင်းပန်ပါတယ်။ သူ့ကိုပြန်သွားခိုင်းလိုက်ပါမယ်”

“ဘယ်သူဖြစ်ဖြစ် အရေးမကြီးဘူးလေ”

ချူးလီသည် ပေါ့ပေါ့ပါးပါး ပြန်ပြောလိုက်သည်။

“လုပ်ရမယ့်အလုပ်ကို တစ်ယောက်ယောက်က ပြီးအောင်လုပ်ပေးသရွေ့ အဆင်ပြေတယ် မဟုတ်ဘူးလား”

ရွယ်ကျားယီသည် အတော်အလုပ်များသူဖြစ်သည်။ ထို့ကြောင့် ဒီလိုအရေးမပါတဲ့ကိစ္စတွေကို အာရုံစိုက်ဖို့အထိ သူမမှာ အချိန်မရှိပေ။ ဒီလိုနှင့် သူမ၏ ဒေါက်ဖိနပ်သံ တဂွပ်ဂွပ်ဖြင့်သာ ကန်တင်းကနေ ထွက်သွားတော့လေသည်။

ကျန်းယွီသည် ချူးလီ၏ လက်ချောင်းထိပ်များကို ချက်ချင်းဆွဲကိုင်လိုက်ပြီး ဖြည်းဖြည်းလေး လေမှုတ်ပေးလိုက်သည်။

“အခုရော ပူနေလား?”

ချူးလီသည် သူဘာမှမခံစားရဘူးလို့ ပြောချင်ပေမယ့်လည်း ကျန်းယွီ၏ စိုးရိမ်နေသော အမူအရာကိုကြည့်ပြီး စကားများကို ပြောင်းပြောလိုက်တော့သည်။

“နာတယ်”

ကျန်းယွီသည် သူ့လက်ချောင်းလေးများကို ဆုပ်ကိုင်လိုက်ပြီး သူမ၏ ပါးစပ်ထဲသို့ ထည့်လိုက်ကာ ညင်ညင်သာသာလေး မှုတ်ပေးလိုက်သည်။

အေးမြသော လေပြည်လေးမှာ သူ့လက်ချောင်းထိပ်များကို တိုက်ခတ်သွားပြီး ခံစားရသည်မှာလည်း သက်တောင့်သက်သာရှိလှပေသည်။

“နာနေသေးလား?”

ချူးလီသည် သူမ၏ ပါးဖောင်းဖောင်းလေးများကို ကြည့်လိုက်လေသည်။ အလွန်ကို ချစ်ဖို့ကောင်းနေတာကြောင့် မနေနိုင်တော့ဘဲ သူ့လက်ချောင်းလေးများနှင့် သူမ၏နှုတ်ခမ်းကို ပုတ်လိုက်တော့သည်။

“နာနေတုန်းပဲ မမ”

“ဒါပေမယ့် နင်ခံစားလို့ရတယ်ပေါ့”

“အခုတော့ ခံစားလို့ရနေပြီလေ”

ချူးလီသည် ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်သည်။

“ဒါက စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းချက်ဆိုတာ မင်းသိတယ်မလား.. အဲ့တော့ နာချင်လာရင် အချိန်မရွေးထနာလာရော”

“နင်...”

ဒါကအတော်လေး ရှင်းပြရခက်ခဲပေသည်။

ကျန်းယွီသည် ဒီအတိုင်းသာ ပြန်ပြောလိုက်သည်။

“ဒါဆိုရင် အလုပ်လုပ်တာနားပြီး အခုပြန်လိုက်တော့။ ပြီးတော့ ဆေးရုံလည်းသွားလိုက်ဦး။ ဒဏ်ရာတွေကို မကုဘဲထားလို့မရဘူး”

“ဆရာဝန်ရှာလည်း အပိုပဲလေ”

ချူးလီသည် သူမ၏ အေးမြနေသော နားသီးလေးအား သူ့လက်များနှင့် ကိုင်လိုက်ပြီး ဖွဖွလေးညှစ်လိုက်သည်။

“ကိုယ့်ကောင်မလေးရဲ့ အကူအညီပဲလိုပါတယ်”

ကျန်းယွီ၏ နားသီးလေးများကို သူ့ခမျာ အားရပါးရညှစ်နေလေတော့သည်။

ဒီကောင်က.. သူမကို လှည့်စားပြီး အခွင့်ကောင်းယူနေတော့တာပဲ။

သူ့လက်ကို ဖယ်ထုတ်လိုက်ပြီး ပြန်ပြောလိုက်သည်။

“ငါ့ကိုလှည့်စားတယ်ပေါ့”

“မလှည့်စားပါဘူး”

“နင်သေချာပေါက် နာတာကိုမခံစားရပါဘူး”

“နာတယ်လေ”

“ငါမယုံဘူး”

“အိုခေ?”

အလိုလိုက်ခံထားရတဲ့ကလေးတွေသာ ကလေးဆိုးလေးလို ပြုမူနိုင်တာဖြစ်ပေသည်။

ချူးလီသည် ထိုကဲ့သို့ တစ်ခါမှအလိုလိုက်မခံရဖူးသည့်အတွက် သူလည်း အဲ့လိုမျိုး လိုချင်မှာပေါ့လေ။

ကျန်းယွီသည် သူ့လက်ကို ပွတ်လိုက်ကာ“ဒါဆိုရင် မှန်မှန်ပြောနော်.. နာလား?”

“အင်း.. မစိုးရိမ်ပါနဲ့"

သူမသည် စိတ်သက်သာရာရသွားသော သက်ပြင်းတစ်ချက် ချလိုက်တော့သည်။ သူက သူမဆီက ဂရုစိုက်ခံချင်ရုံပဲကိုး..။

သူမကို လိမ်တယ်ဆိုပေမယ့် နားလည်ပါတယ်။

သူမအတွက်ကြောင့် သူသည်းခံခဲ့ရတဲ့အရာတွေ၊ ဆင်းရဲဒုက္ခတွေကိုလည်း လစ်လျူရှုထားလို့ မရဘူးလေ။

သို့သော်လည်း ချူးလီကတော့ ဒီခံစားချက်ကို သဘောကျနေပေသည်။ နာကျင်မှုကိုတောင်မှပေါ့...။

ကျန်းယွီသည် မျက်မှောင်ကျုံ့ရင်း ဆက်ပြောလိုက်သည်။

“နောက်ဆိုရင် ဒီကိုမလာနဲ့တော့။ နောက်ရက်တွေကျရင် ငါ့ဟာငါပဲ လုပ်လိုက်တော့မယ်”

သူဒီမှာ အနိုင်ကျင့်ခံနေရတာကို မြင်ရတာ ကျန်းယွီအတော်ကို စိတ်ထဲမကောင်းဖြစ်ရလေသည်။

“ကိုယ်က ယောင်္ကျားပဲ.. စထားတဲ့ကိစ္စကို ဆုံးတဲ့အထိ လုပ်ရမှာပေါ့”

ချူးလီသည် ထပ်ပြုံးလိုက်ရင်း ပြောလိုက်သည်။

“ရှောင်ယွီရဲ့ ကာကွယ်ပေးမှုနဲ့ဆိုရင် ကိုယ့်မှာဘာမှ ကြောက်စရာမရှိဘူးလေ”

ကျန်းယွီလည်း သူတစ်ဝက်တစ်ပျက်နှင့် လက်လျော့ပေးမှာမဟုတ်တာကို သိလေသည်။ ထို့ကြောင့် သူ့ကိုဆက်ပြီး နားချမနေတော့ပါ။

ချူးလီသာ သူမအကြံပေးသမျှကို နားထောင်မည်ဆိုလျှင် သူမ၏ တာဝန်သည် ဟိုးအရင်ကတည်းက ပြီးဆုံးနေလောက်ပြီလေ။

“အိုခေလေ.. အခုကစပြီး ငါနင့်ကို ကာကွယ်ပေးမယ်”

ကျန်းယွီသည် သူ့လက်ကို တင်းတင်းဆုပ်ကိုင်လိုက်ပြီး သူ့ကိုအခိုင်အမာ ပြောပေးလိုက်သည်။ “တစ်ယောက်ယောက်က အနိုင်ကျင့်ရင် ငါ့ကိုလာပြော ဟုတ်ပြီလား”

ချူးလီသည် ထိုကောင်မလေး၏ မျက်ဝန်းများထဲက အလင်းရောင်လေးကို ကြည့်လိုက်သည်။ ထိုအချိန်တွင် သူမ၏ စိတ်ရင်းကို သူသေချာခံစားလိုက်ရလေသည်။

ရုတ်တရက်ပင် သူ့မျက်လုံးများကို အကြည့်လွဲလိုက်ပြီး သူ့ရင်ခုန်သံများမှာလည်း ထိန်းချုပ်မရအောင် မြန်ဆန်လာတော့သည်။

မင်းသမီးငယ်လေးက အိပ်မောကျနေသော နဂါး၏ ဘေးတွင် စောင့်ကြပ်ပေးနေသည့်အတိုင်းပင်။ ထို့အပြင် မင်းသမီးငယ်လေးသည် သူမလက်ထဲတွင် ဓားကိုကိုင်ဆောင်ထားကာ အမှောင်ထုကို ခုခံပေးနေပြီး သူ့အတွက် နောက်ဆုံး အလင်းရောင်ကို ကာကွယ်စောင့်ရှောက်ပေးနေတော့သည်။

အခုချိန်ကစပြီး သူ့အိပ်မက်တွေအားလုံး လုံခြုံသွားပြီပေါ့လေ...။

All Chapters