← Chapters

Chapter 50

Vol. 5 Ch. 50

Chapter 50

Vol. 5 Ch. 50

လေ့ကျင့်ရေးစခန်းမှာ ခရီးတစ်ဝက်လောက်ရောက်လာတော့ ကျောင်းသားများလည်း နောက်ဆုံးဖျော်ဖြေမှုအတွက် သူတို့၏ အားအင်များကို လေ့ကျင့်ရေးမှာ စတင်နစ်မြှုပ်လိုက်ကြတော့သည်။

ကျန်းယွီနှင့် ဝမ်လွန်သည်လည်း ဘဲငန်းနက်နှင့်နတ်ဆိုး ဆိုသည့် စုံတွဲအကနှင့် ပူပေါင်းယှဉ်ပြိုင်မှာ ဖြစ်ပေသည်။ ထို့အပြင် သူတို့နှစ်ယောက်ကြားတွင် ဖွင့်ဟပြောရန်မလိုဘဲ အပြန်အလှန် နားလည်မှုရှိခြင်းကလည်း အတော်မြင့်မားလှသည်။

ဝမ်လွန်ကတော့ တကယ့် တစ်သဝေမတိမ်းသမား ဖြစ်ပေသည်။ ဒါသည် သူငယ်စဉ်ကတည်းက ဘဲလေးကို ပညာရေးတစ်ခုလို သင်ကြားခဲ့ရသောကြောင့် ရရှိလာသည့် အမူအကျင့်များပင်။ ထို့ကြောင့် မျက်နှာအမူအရာလေးတစ်ကွက်ဖြစ်စေ၊ သူ၏လှုပ်ရှားမှုတိုင်းမှာ အတော်တိကျလှသည့် အသေးစိတ် ဖော်ပြချက်များ ရှိနေပြီး သူကိုယ်တိုင်ကလည်း ပြီးပြည့်စုံမှုကို လိုလားပေသည်။

ကျန်းယွီကိုလည်း လှုပ်ရှားမှုမျိုးစုံ၏ အသေးစိတ်များကို သေချာနက်နက်နဲနဲသိလာရန် ကူညီပေးခဲ့ပြန်သည်။

အရင်တုန်းကဆိုလျှင် ကျန်းယွီကတိုင်း သူမ၏ကိုယ်ပိုင် ဝိသေသလက္ခဏာများကို ပေါ်လွင်စေရန် သူမဂရုစိုက်ခဲ့သည်။ အခြေခံလှုပ်ရှားမှုများကို ကျွမ်းကျင်သွားသည်နှင့် အကကို သူမနည်းသူမဟန်သို့ ပြောင်းလဲပစ်လိုက်ခြင်းပင်။

အခုတော့ ပိုင်ရှုယီ၏ ညွှန်ကြားချက်ကြောင့် သူမ၏ ‘ပရမ်းပတာနည်းလမ်း’များကို စွန့်လွှတ်ရလေတော့သည်။ ထို့နောက် လုပ်ဆောင်ချက်တိုင်းကို သတ်မှတ်ထားသော စံနှုန်းများနှင့်အညီ လုပ်ဆောင်ရလေတော့သည်။

ဝမ်လွန်ကလည်း သူမကို အကူအညီများစွာ ပေးခဲ့ပါသည်။

မှန်တာပေါ့..။ ကျန်းယွီနှင့် ဝမ်လွန်ကလွဲ၍ တစ်ခြားသော ကျောင်းသားများက စိတ်အေးအေးမနေနိုင်ကြဘူးလေ။

ဒီနောက်ဆုံး စစ်ဆေးမှုသည် သူတို့၏ Esmeralda တွင် တရားဝင်တက်ရောက်ရမည့် အတန်းသတ်မှတ်ချက်ကို အတည်ပြုပေးမည့်အရာနှင့် တိုက်ရိုက်ဆက်စပ်နေသည်ကိုး။

ဘယ်သူကများ ABC အတန်းတွေကို ဝင်ခွင့်ရပြီး စင်ပေါ်မှာ အဓိကဇာတ်ကောင်နေရာကို မယူချင်ရမှာလဲ..။ ထို့ကြောင့် DEF တန်းက ကျောင်းသားများသည် အတော်လေး ရုန်းကန်ကာ ဖျစ်ညှစ်ကြိုးစားနေကြတော့သည်။ ထို့အပြင် ABC တန်းက ကျောင်းသားများသည်လည်း သူတို့၏ လက်ရှိနေရာကို ထိန်းသိမ်းထားနိုင်ဖို့အတွက် တန်းတူညီမျှ အားထုတ်နေကြရလေသည်။

အရေးအကြီးဆုံးအချက်မှာ လေ့ကျင့်ရေးဖျော်ဖြေမှုအစီရင်ခံစာတွင် ကျရှုံးခဲ့ပါက ကျောင်းကနေ တန်းထုတ်ခံရမည် ဖြစ်ပေသည်။

လူတိုင်းသည် Esmeralda ကိုဝင်ခွင့်ရနိုင်ဖို့ အစွမ်းကုန်ထုတ်သုံးကြရမည် ဖြစ်သည်။ ထို့အပြင် လေ့ကျင့်ရေးပြီးတော့မှ ကျောင်းထုတ်ခံလိုက်ရလျှင်လည်း အရမ်းကြီးတော့ ဆိုးမှာမဟုတ်ပေ။

ထို့ကြောင့် ဒီအချိန်အတောအတွင်းတွင် သူတို့အားလုံး သေချာကြိုးစားကြပြီး အကစတူဒီယိုထဲတွင် နေ့စဉ်ညနက်သည်အထိ လေ့ကျင့်ကြတော့သည်။ ထို့နောက် သူတို့၏ ခြေကုန်လက်ပမ်းကျနေသော ခန္ဓာကိုယ်များကို အဆောင်သို့ မနည်းပြန်သယ်သွားကြကာ အိပ်မောကျပြီး နောက်နေ့မနက်တွင်တော့ ထပ်ပြီးလေ့ကျင့်ရပြန်တော့သည်။

ကျန်းယွီလည်း ဘာလို့ Esmeralda သည် နိုင်ငံတွင်းဘဲလေးကျောင်းများ၏ အမြင့်ဆုံးစံတစ်ခုဖြစ်နေလဲဆိုတာကို နောက်ဆုံးတော့ နားလည်သွားခဲ့သည်။

ထိုပြင်းထန်သော ရှုံးသူထုတ်ပယ်ခံရမည့် စနစ်သည် ကျောင်းသားများကို အမြင့်ဆုံးကိုသာ တောင့်တကြအောင် ပြုလုပ်ပေးလေသည်။

ဒီလိုအကြောင်းများကြောင့် လေ့ကျင့်ရေးကာလအလယ်တွင် Esmeralda လှုပ်ရှားမှုစင်တာသည် ကျောင်းသားများ အပန်းဖြေရန်အတွက် အကပွဲတော်ကို စီစဉ်ပေးလေသည်။

ကျောင်းသားများသည် ထိုပွဲတော်ကို သူတို့၏ဆွေမျိုးများ၊ သူငယ်ချင်းများ၊ ချစ်သူများကို အကတွင် ပါဝင်ဆင်နွဲဖို့ ဖိတ်ခေါ်နိုင်လေသည်။ အစားအသောက်များကိုလည်း အလကား တည်ခင်းပေးထားခြင်းဖြစ်သည်။ လူတိုင်းသည် အကပွဲတော်တွင် ဝန်ပိခြင်းများမရှိဘဲ စိတ်လွတ်လက်လွတ် အပန်းဖြေနိုင်ပေ၏။

ထိုကဲ့သို့ အပန်းဖြေနိုင်မည့် အခွင့်အရေးမျိုးရသည့်အတွက် လူတိုင်းလည်း အတော်လေး ပျော်ရွှင်ကြပေသည်။ မုကျီရှန်းနှင့် လင်းမြောင်တို့သည် နေ့လယ်ကတည်းက သူတို့ကိုယ်သူတို့ စတင်ပြင်ဆင်နေကြလေတော့သည်။

“ရည်းစားကို ဒီခေါ်လို့ရတယ်လို့ ငါကြားတယ်”

“ရည်းစားမရှိရင်ရော ဘယ်လိုလုပ်ကြမလဲ?”

“အိမ်က အစ်ကိုတွေ အစ်မတွေဖြစ်ဖြစ်၊ မိဘတွေဖြစ်ဖြစ် ခေါ်လို့ရတယ်လေ”

“ထားလိုက်ပါတော့ ငါသူတို့ကို မခေါ်ချင်ဘူး”

လင်းမြောင်သည် မုကျီရှန်းအား ပေါ့ပါးစွာ ပြန်ဆိုလိုက်သည်။

“ငါတို့ပဲ အတူတူသွားကြတာပေါ့”

“နင်က ငါ့အဖော်လုပ်မယ်ဆိုရင် ကျန်းယွီကရော ဘယ်လိုလုပ်မှာလဲ”

“နင်သူ့ကို ဘာလို့စိုးရိမ်နေတာလဲ.. သူက သူ့ရည်းစားကို ခေါ်မှာပေါ့ဟ”

ကန်တင်းတွင် ချူးလီ အချိန်ပိုင်းအလုပ်လုပ်နေသည့်တစ်လျှောက်လုံး သူသည် ကောင်မလေးမြောက်များစွာ၏ အသည်းနှလုံးကို ဖမ်းစားခဲ့လေသည်။ သူသည် ကျန်းယွီ၏ ရည်းစားဆိုတာကို သူတို့သိကြသော်လည်း သူ့ကိုရည်းစားစာများ၊ လက်ဆောင်များ တိတ်တခိုးလာပေးကြသည့် ကောင်မလေးများလည်း အများအပြားရှိနေဆဲပင်။

ကျန်းယွီသည် လေသာခန်းကို လျှောက်သွားလိုက်ပြီး ချူးလီဆီ စာတစ်စောင် ပို့လိုက်သည်။

“ရည်းစားလေး ဒီညအားရင် ကျောင်းကိုလာခဲ့ပါလား”

ချူးလီသည် မြို့ထဲက စာကြည့်တိုက်တစ်ခုတွင် စာအုပ်ဖတ်နေခြင်းဖြစ်သည်။ သူ့ဖုန်းပေါ်က မက်ဆေ့ချ်ကိုမြင်သည်နှင့် စာအုပ်ကိုချလိုက်ကာ နားနေရန်နေရာသို့ သွားလိုက်ပြီး သူမကို ဖုန်းပြန်ခေါ်လိုက်သည်။

“ကိုယ့်ရဲ့ကျောင်းပိတ်ရက် အိမ်စာတွေ မပြီးသေးဘူး။ ဘာကိစ္စရှိလို့လဲ”

ဆောင်းရာသီ၏ နေရောင်ခြည်လေးကို မျက်နှာမူရင်း ကျန်းယွီသည် ပျင်းရိလေးပင်စွာဖြင့် ပြောလိုက်သည်။

“အိုး.. ဒါဆိုရင်လည်း အိမ်စာကိုပဲ ကောင်းကောင်းလုပ်တော့လေ”

“ပြောလေ.. ဘာကိစ္စလဲ”

“ဘာမှမဟုတ်ပါဘူး။ ကျောင်းက စီစဉ်ပေးထားတဲ့ ပျင်းစရာအကပွဲတော်ပါ။ မိသားစုတွေ သူငယ်ချင်းတွေကို ပါဝင်ဖို့ဖိတ်လို့ရတယ်လေ။ အဲ့ဒါကြောင့် နင်များ ငါ့ကိုအဖော်လုပ်ပေးဖို့ စိတ်ဝင်စားမလားလို့ လှမ်းမေးတာ”

ချူးလီသည် မှန်နံရံရှေ့တွင် မတ်တပ်ရပ်နေကာ ဆောင်းရာသီ နေရောင်ခြည်နွေးနွေးလေးကို ခံယူနေရင်း သူ့နှုတ်ခမ်းထောင့်လေးများမှာ ကော့တက်သွားသည်။

“ရှောင်ယွီက.. ငါ့ကိုအရင် ဖိတ်ခေါ်နေတာလား?”

“ဟို.. ဒါက နင်လည်း သိတဲ့အတိုင်းပဲလေ။ ငါတို့ကျောင်းမှာက ယောင်္ကျားလေး၊ မိန်းကလေး ဦးရေက အချိုးအစား အတော်မျှတမဟုတ်ဘူး။ ငါ့အရင်းနှီးဆုံးသူငယ်ချင်းတွေကလည်း သူတို့အချင်းချင်းတွဲဖို့ သဘောတူပြီးသွားကြပြီ”

“မင်းရဲ့အတန်းဖော် ဝမ် ဘာဆိုလား တစ်ယောက်ရှိတယ် မဟုတ်ဘူးလား”

“အရင်တစ်ခေါက်တုန်းက ငါဝမ်လွန်နဲ့ စကားနည်းနည်းပြောနေတုန်းပဲ ရှိသေးတယ် တစ်ယောက်ယောက်က ဓားယူလာပြီး သူ့လက်မောင်းကို ခြစ်သွားတယ်လေ။ ဒီတစ်ခေါက် ငါသာဝမ်လွန်နဲ့ အတူတွဲလိုက်ရင် အထင်တွေလွဲကုန်ပြီး တစ်ယောက်ယောက်က ဒေါသကြောင့် လက်ပါလာဖြတ်နေဦးမယ်”

ဖုန်းတစ်ဖက်က ချူးလီကတော့ သိပ်မရှင်းပုံရသည်။ သို့သော်လည်း သူ့ကောင်မလေးပြုံးနေတာကို အာရုံခံစားမိတာကြောင့် သူ့စိတ်လည်း နွေးထွေးခဲ့ရသည်။

“ဘယ်အချိန်လဲ?”

“ပွဲတော်ကတော့ ည၈နာရီစမှာ။ ရောက်ရင် ငါ့ကိုဖုန်းဆက်လိုက်နော်။ ငါအပေါက်ဝမှာ လာကြိုမယ်”

ဖုန်းချလိုက်သည်နှင့် ကျန်းယွီ၏ စိတ်အားထက်သက်မှုများလည်း ရုတ်ချည်း မြင့်တက်လာပြီး မုကျီရှန်းနှင့် လင်းမြောင်တို့နှင့်အတူ ပြင်ဆင်လိုက်တော့သည်။

လင်းမြောင်သည် ကျန်းယွီတစ်ယောက် သူမ၏မျက်ခုံးပေါ် ပေါင်ဒါလေးတင်နေသည်ကို စိတ်ဝင်တစားဖြင့် ကြည့်နေလေသည်။ ထို့အပြင် ကျန်းယွီသည် မျက်တောင်အတုကိုပါ တပ်ဆင်နေလေသည်။ သူမတစ်ခါမှ မျက်လုံးမိတ်ကပ်ကို မလိမ်းခြယ်တာကိုလေ။

“တကယ်ကိုပဲ.. သူ့ကိုယ်သူ လှည့်စားနေတဲ့မိန်းမ”

“နင်ထင်သလိုမျိုး မဟုတ်ပါဘူး”

ကျန်းယွီသည် သူမ၏ မျက်တောင်များကို ကော့နေရင်း ပြန်ပြောလိုက်သည်။

“သူက ငါ့အတွက် အတော်အရေးပါတဲ့လူမို့လို့ပါ"

“သူ နင့်အတွက် အရေးပါတယ်ဆိုတာ ငါတို့အားလုံး သိပါတယ်ဟယ်။ မဟုတ်ရင် ဟိုတစ်ခေါက် မနက်တုန်းက ကန်တင်းမှာ ရှုရှန်းမင် သူ့ကိုအနိုင်ကျင့်တော့ နင်အဲ့လောက်ထိ ဒေါသထွက်သွားမလား"

ကျန်းယွီကတော့ ဘာမှပြန်မရှင်းပြတော့ပေ။

သူမကိုယ်သူမတော့ ချူးလီသည် သူမ၏ရည်မှန်းချက်ဖြစ်ကြောင်း ဆက်တိုက်သတိပေးနေခဲ့သည်။ သူမလုပ်သမျှအားလုံးသည် သူ့ကိုကူညီပေးဖို့နှင့် သူ့စိတ်ဒဏ်ရာများကို ကုစားပေးဖို့သာ ဖြစ်ပေသည်။

ခံစားချက်လှိုင်းများနှင့် ရင်ခုန်ခြင်းများ တကယ်ရှိနေခဲ့တယ်ဆိုရင်တောင် ဒါတွေက သူ့ဘဝအတွေ့အကြုံတွေကို သိလာခဲ့ရပြီးလို့ အတော်သနားမိပြီး စာနာလို့သာ ဖြစ်ပေလိမ့်မည်။ သူမ သူ့ကိုတကယ် ကူညီချင်ခဲ့လို့သာပင်။

“နင့်ကောင်လေးက တကယ် တကယ်ကို ကောင်းတာသိလား”

လင်းမြောင်သည် သူမ၏ မှန်တင်ခုံအသေးစားလေးကို မှီ၍ပြောလိုက်သည်။

“ဒီရက်ပိုင်း သူ့ကိုရည်းစားစကားပြောကြတဲ့ ကောင်မလေးတွေရော လက်ဆောင်ပေးကြတာတွေရော အတော်များတာဟ”

“တကယ်လား?”

ကျန်းယွီသည် မာစကာရာ (မျက်တောင့်ကော့တံ) ကိုချ၍ လင်းမြောင်ကို မေးလိုက်သည်။

“အဲ့ဒါကို ငါဘာလို့မသိရတာလဲ?”

“လူတွေက နင့်အုတ်ဂူကို တူးချင်ရင်တောင် နင့်ရှေ့မှာတော့ တူးမလားဟ?”

“ဒါအတော်ကို လော်လည်ကြတာပဲ”

သူမအနည်းငယ် စိတ်အနှောင့်အယှက်ဖြစ်သွားလေတော့သည်။

“အခုခေတ် ကောင်မလေးတွေ ဘယ်လိုတွေတောင် ဖြစ်ကုန်ကြပြီလဲ။ သူများအပိုင်ကို ခိုးယူရတာကောင်းတယ်လို့ ထင်နေကြတာလား?”

“သူများတွေက မကောင်းနေတာ မဟုတ်ဘူး.. နင့် ချူးလီက ကောင်းလွန်းနေတာဟ”

မုကျီရှန်းသည် မှန်ရှေ့တွင်ရပ်ကာ သူမ၏ စကတ်ကို လဲဝတ်နေရင်း အေးဆေးစွာ ပြောလိုက်သည်။

“တစ်ခြားဟာတွေ ဘာမှထည့်မပြောနဲ့ဦး။ သူ့အကြည့်တစ်ချက်နဲ့တင် သေနိုင်တယ်”

ကျန်းယွီ၏ မျက်ဝန်းများထဲတွင် ပူပန်မှုအနည်းငယ် ပေါ်ထွက်လာလေတော့သည်။

မှန်ပေသည်။ ချူးလီ၏ အပြင်ပိုင်းပုံစံက တကယ်ကို သိသိသာသာ ကောင်းမွန်လှပေသည်။ သူ့ဉာဏ်ရည်တောင်မှ အတော်မြင့်မားတာလေ။ ကောင်မလေးတွေ သူ့ကိုအရင်တုန်းက မချဉ်းကပ်ခဲ့ဘူးဆိုတာကလည်း သူ့နားကို ဘယ်သူမှ မကပ်ရဲကြလို့ပင်။

ကျန်းယွီသည် သူ၏တစ်ယောက်တည်း သီးသန့်ကမ္ဘာထဲကနေ သူ့ကိုတစ်လှမ်းချင်း ဆွဲထုတ်လာခဲ့တာပင်။ ထို့ကြောင့် ချူးလီသည် သူများတွေကို အရင်လို ရိုင်းရိုင်းစိုင်းစိုင်း မဆက်ဆံတော့ပေ။ သို့သော်လည်း ဒါကြောင့်လေးနဲ့တော့ ကောင်မလေးတွေကြားမှာ နာမည်ကြီးအောင် လုပ်နိုင်မှာမဟုတ်သေးဘူးလေ။

ချူးလီသည် သာမန်ရည်းစားမဟုတ်ပေ။ သူသည် သူမ၏ ရည်မှန်းချက်ဖြစ်ပြီး စီးပွားရေးအရကာစတမ်မာတစ်ယောက် ဖြစ်ပေသည်။ ယွမ်သန်း ၃၀၀ကို မဆိုထားနှင့်ဦး တာဝန်သည် ပြီးဆုံးမှကို ဖြစ်ပေလိမ့်မည်။ မဟုတ်ဘဲ တစ်ဝက်တစ်ပျက်မှာ ရပ်သွားခဲ့ရင် အကုန်လုံးက သဲထဲရေသွန်ဖြစ်ကုန်မှာလေ။

သူမသည် မုကျီရှန်းဆီက မျက်ရစ်ကပ်တိပ်ကို ဌားလိုက်ပြီး သူမ၏ အပေါ်ဘက် မျက်ရစ်ပေါ်တွင် သေသေချာချာလေး ကပ်လိုက်သည်။ လင်းမြောင်ကတော့ သူမခက်ခက်ခဲခဲနှင့် တပ်လိုက်ရသည့် မျက်ရစ်တိပ်ကို လာဆွဲခွာလေတော့သည်။

“ဘယ်လို မျက်ရစ်တိပ်ကြီး ကပ်နေတာလဲ? နင့်မျက်ရစ်တွေက လှပြီးသားပဲလေ”

“နင် ငါ့ကို နောက်နေတာပဲဟယ်”

“နင့်ကိုကြည့်ကောင်းအောင် လုပ်ပေးနေတာက မျက်ရစ်တုတွေ မဟုတ်ဘူးလေ။ နင့်ရဲ့ မျက်ရစ်တစ်ထပ်တည်းကမှ အရှေ့ပိုင်းဒေသရဲ့ ဂန္တဝင်အလှပဲ။ အဲ့ဒါကိုက နင့်ထူးခြားတဲ့ ပင်ကိုလက္ခဏာပဲလေ”

ကျန်းယွီသည် သူမကိုယ်သူမ မှန်ထဲတွင် ကြည့်လိုက်သည်။ သူမ၏ မျက်လုံးများမှာ တကယ်ကို ဖီးနစ်ငှက်ပုံစံဖြစ်ပေသည်။ ရှည်လျားကာ သေးသွယ်သော အမြီးများနှင့် အပေါ်ကို ချောချောမွေ့မွေ့လေး ထောင်တက်နေသော ထောင့်များမှာ တကယ်ကို စံနှုန်းအမြင့်စားအလှအပပင်။

“အာရှဘက်က မော်ဒယ်တစ်ယောက်က အနောက်တိုင်းစတိုင်ကြီး လုပ်ထားသလိုဖြစ်နေတာ”

မုကျီရှန်းလည်း ရောက်လာပြီး သူမ၏ဘယ်ဘက်မျက်လုံးပေါ်တွင် မျက်ရစ်တိပ်ကို ကပ်ပေးလိုက်ကာ ယှဉ်ပြလိုက်သည်။

“ကြည့်ပါလား.. ရုတ်တရက်ကြီး ကြည့်ရတာ ရသကင်းမဲ့ပြီး ခပ်ပဲ့ပဲ့ဖြစ်နေရော။ နင့်ကို ဘယ်သူကများ မျက်ရစ်တိပ်က လူတိုင်းနဲ့ ကြည့်ကောင်းတယ်လို့ ပြောလိုက်တာလဲ"

“မျက်ရစ်တိပ်က တကမ္ဘာလုံးမှာ ခေတ်စားနေတာ မဟုတ်ဘူးလား?”

“ဒါဆိုရင်လည်း နင့်ရည်းစားကိုသာ မေးကြည့်ပေတော့။ သူက ကြည့်လို့ကောင်းတယ်ပြောရင် ကြည့်ကောင်းလောက်တယ်”

ကျန်းယွီသည် ဆုံးဖြတ်ချက်ချပြီး ချူးလီဆီ မက်ဆေ့ချ်ပို့ကာ မေးကြည့်လိုက်သည်။

“ရည်းစားလေး.. ငါ့ရဲ့ မျက်ရစ်တစ်ထပ်တည်းကလေ ကြည့်လို့ကောင်းလား?”

ချူးလီ - “မင်းမျက်လုံးတွေက အတော်လေး ထူးခြားတယ်။ ကြယ်လေးတွေနဲ့ တော်တော်ကိုတူတယ်”

ကျန်းယွီလည်း စိတ်ကျေနပ်သွားသဖြင့် နှုတ်ခမ်းလေးများကို ဖိထားရင်း ဆက်မေးလိုက်သည်။

“ဒါဘယ်သူ ပြောနေတာပါလဲ?”

ချူးလီ - “ကွမ်ယွီ”

“...”

ကျန်းယွီ - “မှန်မှန်ပြောစမ်းပါ”

ချူးလီ - “မင်းနဲ့တကယ်တူတာ”

ကျန်းယွီ - “မင်းမမက အဲ့လိုပေါ့”

ချူးလီ ဖုန်းကိုချလိုက်ပြီးသည့်နောက်မှာတော့ မြို့ထဲက ရှော့ပင်းစင်တာကို သွားကာ အကပွဲတော်ကိုသွားဖို့ သူ့အတွက် အဝတ်အစားများကို သွားရွေးလိုက်သည်။

သို့သော်လည်း အချိန်အကြာကြီး ပတ်ပြီးတာတောင်မှ သူနှင့်သင့်တော်မည့် အဝတ်အစားကို သူရှာမတွေ့သေးပေ။

ကျန်းယွီ၏ ပြောစကားတစ်ချို့အရ ဒီအကပွဲတော်၏ အဆင့်အတန်းမှာ နိမ့်ကျနေလောက်မည် မဟုတ်ပေ။ အတန်းဖော်များ၏ မိသားစုဝင်များ၊ မိဘများ၊ သူငယ်ချင်းများ လာကြမှာဖြစ်လို့ ရိုးရိုးကျောင်းသားပွဲတော်တော့ မဖြစ်နိုင်ချေ။

အနောက်တိုင်းဝတ်စုံလေးနဲ့မှသာ သင့်တော်လောက်ပေလိမ့်မည်။

ဒီကပွဲအတွက် ဝတ်စုံကောင်းကောင်းလေးဝယ်ဖို့ သူ့မှာပိုက်ဆံမလောက်နေတာ အတော်နှမြောစရာပေပဲ။

သူသည် အဆင့်မြင့်ဖက်ရှင်ဆိုင်တစ်ခုရှေ့တွင် အချိန်အတော်ကြာ မတ်တပ်ရပ်နေခဲ့ပြီး မှန်ထဲက ဆွယ်တာလေးဝတ်ထားသည့် သူ့ကိုယ်သူပြန်ကြည့်နေမိသည်။

သူ့ဘဲငန်းပေါက်လေး တည်ရှိရာကမ္ဘာမှာ သူ့အတွက်နေရာမရှိဘူးဆိုတာကို ချူးလီ ရုတ်တရက် သဘောပေါက်လာမိသည်။

သူသာ သူမဘေးမှာ အတင်းဇွတ်ရပ်နေခဲ့မယ်ဆိုရင် သူ့ကြည့်ရတာ အရပ်နှင့်ဇာတ်မလိုက်သာ ဖြစ်နေပေလိမ့်မည်။

ဒီလိုအမြင်ရလာတာနှင့်အတူ ပျော်ရွှင်နေသော ချူးလီ၏ စိတ်ခံစားချက်များလည်း အောက်ဆုံးသို့ ကျသွားလေတော့သည်။

သူသည် ချမ်းသာသော ပညာတတ်မိသားစုတွင် မွေးဖွားခဲ့လေသည်။ သူ့အဖေနှင့် အမေသည် ပညာရေးလောကတွင် နာမည်ရှိပညာရှင်များ ဖြစ်ကြပေသည်။ ဒီလောက်ထိ စိတ်ပျက်အားငယ်တာမျိုး သူတစ်ခါမှ မခံစားခဲ့ဖူးပေ။ ထို့အပြင် ဒီလိုလောကီရေးရာကိစ္စရပ်များကြောင့်လည်း သူတစ်ခါမှ မသိမ်ငယ်ခဲ့ဖူးပါ။

သူ့ခမျာ နှစ်ပေါင်းများစွာ အဖယ်ကျဉ်ခံခဲ့ရတာဖြစ်သည်။ ဒီလောကကြီးထဲကို နောက်တစ်ကြိမ် ခြေချဖို့ ကြိုးစားလိုက်ချိန်မှာတော့ သူ့မှာ မစို့မပို့ပညာသင်ထောက်ပံ့ကြေးလေးနဲ့သာ လောက်ငအောင်ရှင်သန်နေရတာဖြစ်ကြောင်း သူ့ကိုယ်သူသတိမူမိလာတော့သည်။

ဖုန်းကိုထုတ်လိုက်ကာ မြေအောက်တိုက်ခိုက်ရေးကွင်းပိုင်ရှင်ကို ဖုန်းခေါ်လိုက်လေသည်။ သို့သော်လည်း ဖုန်းတစ်ကြိမ်မြည်သွားပြီးသည်နှင့် ချက်ချင်းဖုန်းပြန်ချလိုက်တော့သည်။

ကျန်းယွီကို သူဒါမျိုးတွေ ဘယ်တော့မှ ထပ်မလုပ်တော့ပါဘူးလို့ ကတိပေးခဲ့တယ် မဟုတ်ပါဘူးလား..။

သူမကို ထပ်ပြီးစိတ်ပျက်အောင် လုပ်လို့မဖြစ်ပေ။

အဆင့်မြင့်ဖက်ရှင်ဆိုင်၏ အပေါက်ဝတွင် အချိန်အတော်ကြာအောင် ရပ်နေခဲ့ပြီး သူ့ဖုန်းလေးကို ပွတ်လိုက်ကာ ကျန်းယွီဆီ စာတစ်စောင်ပို့လိုက်တော့သည်။

“ငါ ဒီညလာမှာမဟုတ်ဘူး”

မက်ဆေ့ချ်ကိုပို့ပြီးသည်နှင့် ချူးလီလည်း ပြန်ရုတ်သိမ်းလိုက်ချင်မိသည်။

ကျန်းယွီသည် ဒီညကဖို့ မျှော်လင့်နေမှာဖြစ်ကြောင်းကို သူသိလေသည်။ ထို့အပြင် ရည်းစားတစ်ယောက်အနေနဲ့ သူမကို ပါဝင်ဆင်နွှဲနိုင်အောင် အဖော်ပြုပေးရမည်လေ။ သာမန်ပုံစံမျိုးနဲ့ ဆိုရင်တောင်မှပေါ့။

သူ့လက်ချောင်းထိပ်လေးများမှာ တုန်ရီလာတော့သည်။ သို့သော်လည်း မက်ဆေ့ချ်ကို သူပြန်မဖျက်ခဲ့ပါ။

ကျန်းယွီကလည်း စက္ကန့်ပိုင်းအတွင်း စာပြန်လာလေသည်။

“ဘာဖြစ်လို့လဲ? နင်ပဲ လာမယ်လို့ သဘောတူခဲ့တာ မဟုတ်ဘူးလား?”

ချူးလီသည် နံရံတွင်မှီလိုက်ကာ သူ့လက်ချောင်းထိပ်လေးများကတော့ ပေါင်တစ်ရာလောက် လေးလံနေသလို ခံစားနေရသည်။ ထို့နောက် ခက်ခက်ခဲခဲနဲ့သာ စာပြန်လိုက်တော့သည်။

“ဒီလိုအရေးမပါတဲ့အကကို ပါဝင်ရမှာ အဓိပ္ပာယ်မရှိဘူး”

ကျန်းယွီ - “…”

ဖုန်းကိုချလိုက်ပြီးသည့်နောက် ချူးလီသည် ရှော့ပင်းစင်တာကနေ လှည့်ပြန်လာလိုက်တော့သည်။ ထို့နောက် မြို့ထဲက စာကြည့်တိုက်ထဲကိုပဲ ပြန်သွားလိုက်ကာ သူ့ကိုယ်သူ စာအုပ်ပုံအထူကြီးကြားထဲတွင် နစ်မြှုပ်လိုက်လေတော့သည်။

သူငယ်ငယ်တုန်းကဆိုလျှင် တစ်စုံတစ်ယောက်ကို စိတ်ရင်းနှင့် သဘောကျဖို့ဆိုတာ တကယ်ကိုခက်ခဲလွန်းလှပေသည်။ အခုတော့ သူတကယ်ကို ချစ်ရသည့်လူတစ်ယောက်ကို တွေ့နေပြီဖြစ်သည်။

သူလုပ်နိုင်တာတစ်ခုတည်းကတော့ အလုပ်ကြိုးစားဖို့ပဲလေ။ ဒါမှအနည်းဆုံးတော့ သူ့ဘဲငန်းလေးကို အနာဂတ်မှာ တင့်တောင့်တင့်တယ် နေနိုင်အောင် လုပ်ပေးနိုင်မှာပေါ့။

All Chapters