← Chapters

Chapter 51

Vol. 5 Ch. 51

Chapter 51

Vol. 5 Ch. 51

ကျန်းယွီလည်း ချူးလီဆီက ‘ပွဲကိုမတက်တော့ဘူး’ဆိုသည့် စာကိုရကတည်းက အနည်းငယ် စိတ်ဆိုးနေလေပြီ။ မလာတာကြောင့် မဟုတ်ပေ။ သူပဲ အစက သဘောတူခဲ့တာ မဟုတ်ဘူးလား။ အခုကျမှ သူ့စကားသူ မတည်တော့ပြန်ဘူး။ အဲ့ဒီအပြင် သူမတစ်ညနေလုံး ပြင်ထားဆင်ထားရသမျှ အကုန်အလကားသက်သက် ဖြစ်ကုန်ပြီလေ။

လင်းမြောင်လည်း သူမမျက်နှာထားမကောင်းတာကို သတိထားမိတာကြောင့် သူမဖုန်းပေါ်က စာကိုလှမ်းကြည့်လိုက်မိသည်။

“သူ မလာတော့လည်း မလာပစေနဲ့ ထားလိုက်။ ငါတို့တွေ ဒီလောက်ရက်တွေ အများကြီး လူရုပ်မပေါ်အောင် လေ့ကျင့်ထားရတာ။ နောက်ဆုံးမှ ဒီလိုအပန်းဖြေစရာကပွဲလေးရတာကို။ သူ့ကြောင့်နဲ့ နင်စိတ်ညစ်မခံစမ်းနဲ့”

“မှန်တယ်”

ချူးလီ၏ စရိုက်သည် အပြောင်းအလဲ မြန်လွန်းလှသည်။ ထို့အပြင် တစ်ဝက်တစ်ပျက်ရောက်မှ သူစိတ်ပြောင်းသွားတယ်ဆိုတာကလည်း ပုံမှန်သာဖြစ်ပေသည်။

နင်မလာဘူးဆိုလည်း နေပေါ့။ မိတ်ကပ်တွေက ဖျက်မရတော့ဘူး။ စကတ်ကိုလည်း အလဟဿတော့ အဝတ်ခံလို့မရဘူး။

ညနေရောက်တော့ သူမသည် လင်းမြောင်နှင့် မုကျီရှန်းတို့နှင့်အတူတူ ကပွဲကိုသွားလိုက်သည်။

Esmeralda ၏ကပွဲမှာ အမြဲတမ်း စည်ကားမြိုင်ဆိုင်လှပေသည်။ ဒီအချိန်မှာလည်း ရာသီဥတုကကောင်းမွန်နေပြီး ကောင်းကင်ကြီးတစ်ခုလုံးကလည်း ကြယ်များဖြင့် ပြည့်နှက်နေလေသည်။ ကပွဲကိုတော့ အပြင်ဘက်က ဥယျာဉ်ထဲတွင် ကျင်းပခြင်းဖြစ်သည်။

ချုံပုတ်များထဲက နတ်သမီး မီးအလင်းရောင်အကွင်းလေးများက တောက်ပစွာ လင်းလက်နေလေသည်။ ထို့အပြင် ကိုယ်တိုင်ယူဘူဖေးမှာလည်း သောက်စရာများ အချိုပွဲများဖြင့် အပြည့်ပင်။

ကောင်မလေးများသည် ညနေခင်းဂါဝန်နှင့် စကတ်အလှလေးများကို ဝတ်ဆင်ထားကြကာ မြင်သူတကာ မျက်လုံးထဲတွင် စွဲမက်စရာကောင်းနေလေတော့သည်။

ဥယျာဉ်၏ အလယ်ဗဟိုတွင်တော့ အဖြူရောင်ပိုးသားများ ဘောလုံးများဖြင့် အလှဆင်ထားသည့် အကကြမ်းပြင်ရှိနေလေသည်။ ကောင်မလေးအများစုမှာ သူတို့၏ တွဲဖက်များနှင့်အတူ သီချင်းသံစဉ်အတိုင်း ကြော့ကြော့မော့မော့လေး ယှဉ်တွဲကနေကြလေသည်။

လူတိုင်း၏ အသက်မွေးဝမ်းကြောင်းဆိုင်ရာ ရွေးချယ်မှုမှာ ဘဲလေးဖြစ်ကြသော်လည်း သူတို့၏ အကစွမ်းရည်များသည် ဘဲလေးတစ်ခုတည်းကို ကနိုင်ကြသည် မဟုတ်ပါ။ ထို့ကြောင့် အကကြမ်းပြင်ပေါ်တွင် အကအမျိုးအစားမျိုးစုံကို တွေ့မြင်နေရလေသည်။ ပြောရမယ်ဆိုရင် စုံတွဲအက၊ ဖိနပ်စည်းချက်လိုက်အက၊ တန်ဂိုအက၊ ဝေါ့ဇ်အက စသည်ဖြင့်ပေါ့။

လင်းမြောင်နှင့် မုကျီရှန်းကတော့ မစောင့်နိုင်တော့ပေ။ သူတို့သည် ကျန်းယွီကို အကကြမ်းပြင်ဆီ ဆွဲခေါ်သွားလိုက်ကြတော့သည်။ ထို့နောက် မြူးကြွသော သံစဉ်လေးနှင့်အတူ သူတို့၃ယောက်သည် ဖိနပ်စည်းချက်လိုက်အကကို ကလိုက်ကြတော့သည်။

ကျန်းယွီလည်း ချူးလီ မလာတာကို ချက်ချင်းမေ့သွားပြီး သူမကိုယ်သူမ အကတွင်သာ စိတ်နစ်မြှုပ်လိုက်တော့သည်။ သူငယ်ချင်းများနှင့် စိတ်လွတ်ကိုယ်လွတ်ကခုန်လိုက်ကာ သူများအမြင်ကို အတော်လေးဖမ်းစားနိုင်သည့် သူမကိုယ်ပိုင် ကကွက်တစ်ချို့ကိုပါ ထပ်ထည့်ကလိုက်သေးသည်။

ကောင်မလေးအများအပြားသည် ကျန်းယွီနှင့်အတူကရန် အကကြမ်းပြင်ကို ဝင်ရောက်လာကြတော့သည်။

လူတိုင်း၏ စိတ်ခံစားချက်မှာ ချက်ချင်းပင် အမြင့်ဆုံးသို့ ရောက်သွားကြတော့သည်။

သိပ်မဝေးသောနေရာမှာတော့ ပိုင်ရှုယီသည် အဖြူရောင်ညနေခင်း ဂါဝန်အဖျော့လေးဖြင့် လက်ကိုင်မပါသည့် ခြေတံရှည်ဖန်ခွက်လေးကိုကိုင်ကာ မတ်တပ်ရပ်နေလေသည်။ သူမသည် တိတ်တဆိတ်သာ အလင်းရောင်ဓာတ်တိုင်ကို မှီလိုက်ပြီး ကျန်းယွီ၏ မြူးကြွကာအားမာန်ပါလှသော အကကို ကြည့်နေလိုက်သည်။

သူမ၏အပြုံး၊ သူမ၏ လူအများကိုကူးစက်စေတတ်သော စွမ်းအားနှင့် သူမ၏ မွေးရာပါအကအပေါ် အမြင်ရှိမှုတို့... အရာအားလုံးသည် ပိုင်ရှုယီအား ထိုမိန်းမကိုသာ ပြန်သတိရနေစေလေသည်။

သူမဘယ်လောက်ပဲ ကြိုးစားပါစေ ဘယ်တော့မှ အနိုင်မယူနိုင်သည့် ထိုမိန်းမပေါ့။

“ဒီကောင်မလေးက သူနဲ့သိပ်တူတာပဲ”

အနက်ရောင်ဂါဝန်တိုလေးကို ဝတ်ဆင်ထားကာ သူ့နားကိုလျှောက်လာသော ရွယ်ကျားယီမှ ပြောလိုက်သည်။ အကကြမ်းပြင်ပေါ်က ကျန်းယွီကိုကြည့်ရင်း သူမမှ ဆက်ပြောလိုက်သည်။

“သူကောင်းကောင်း ကတတ်တယ်လို့ နင်ပြောတယ်မလား။ ဒါပေမယ့် သူက လူတွေရဲ့အာရုံကို ဖမ်းစားနိုင်တဲ့နေရာမှာလည်း အတော်လေးကိုတော်တယ်။ ပြီးတော့ လူတိုင်းရဲ့ ခံစားချက်တွေကိုပါ ကိုင်လှုပ်နိုင်စွမ်းရှိနေတာပဲ”

ဒီလိုအရည်အချင်းမျိုးသည် ပုထျန်းယန်ကဲ့သို့ မွေးရာပါပင်ဖြစ်သည်။

ပိုင်ရှုယီကတော့ အနည်းငယ် မျက်နှာကြီးမှောင်မဲလာတော့သည်။

“ဘယ်လိုလဲ? ဒီလေ့ကျင့်ရေးကာလက သူ့ကိုပိုပြီး ချုပ်တည်းလိုက်နိုင်လား”

“ငါကျောင်းသားတိုင်းကို တန်းတူညီမျှပဲ ဆက်ဆံတာ။ အားလုံးကို စည်းကမ်းတင်းကြပ်ထားတာပဲ”

ပိုင်ရှုယီသည် အေးတိအေးစက် ထပ်ပြောလိုက်သည်။

“တစ်ချို့လူတွေနဲ့တော့ ဘယ်တူမလဲ။ သူကြိုက်တဲ့ကျောင်းသားဆိုရင် အခွင့်ထူးခံမသိမသာပေးတာမျိုးပေါ့”

“ကျောင်းမှာ ကျောင်းသားတွေ အများကြီးရှိတယ်။ ဒါပေမယ့် အဲ့ထဲက တကယ့်လူနည်းစုသာ နိုင်ငံတကာစင်မြင့်ထက်ကို တက်လှမ်းနိုင်မှာ။ အဲ့တော့ အတော်ဆုံးတွေကို ငါပိုအာရုံစိုက်တယ်။ အဲ့ဒါဘာပြသနာရှိလို့လဲ?”

ရွယ်ကျားယီသည် သူမ၏ဝိုင်ခွက်ကို ပိုင်ရှုယီခွက်နှင့် တိုက်လိုက်ရင်း ပြန်ပြောလိုက်သည်။

“နင်တောင်မှပဲ လေ့ကျင့်ရေးအာရုံတွေကို ကျန်းယွီအပေါ်ပဲရောက်နေမှာပဲ ငါစိုးရိမ်ပါသေးတယ်”

သူမသည် ‘လေ့ကျင့်ရေး အာရုံစိုက်ခြင်း’ဆိုသည့် စကားများကို တမင်သက်သက်ပြောလိုက်ခြင်းဖြစ်သည်။

“နင်ဘာတွေပြောနေတာလဲ ငါမသိဘူး။ သူနဲ့ဝမ်လွန်အတွက် ငါထားထားတဲ့ လေ့ကျင့်ရေးစံနှုန်းက အတူတူပဲ”

ပိုင်ရှုယီသည် အေးတိအေးစက် ပြန်ပြောလိုက်သည်။

“ငါသာတစ်ကိုယ်ကောင်းဆန်တဲ့ လုပ်ရပ်တွေ လုပ်နေတယ်လို့ နင်သံသယရှိနေရင် အခန်းထဲက စီစီတီဗီကင်မရာကို သွားကြည့်လို့ရတယ်။ ငါက တမင်များ အကွက်တွေရွေ့နေလားဆိုတာကို ကြည့်ဖို့လေ”

ရွယ်ကျားယီသည် ပိုင်ရှုယီအကြောင်း သေချာသိလေသည်။ သူမသည် သမားရိုးကျ ခြောက်ပြစ်ကင်းသဲလဲစင်ချင်သူတစ်ယောက် ဖြစ်ပေသည်။ သူမဂုဏ်သတင်းကို ထိခိုက်စေမည့် မည်သည့်ပျက်စီးမှုကိုမှ သူမသည်းခံမည်မဟုတ်ပေ။

“တစ်ယောက်ယောက်က အစစ်အမှန်ကို မနာလိုတာဆိုရင်တောင် ပုထျန်းယန်ကို တကယ်မနာလိုနေတာက နင်ပဲဖြစ်သင့်တာလေ.. မဟုတ်ဘူးလား?”

ပိုင်ရှုယီသည် ရွယ်ကျားယီကိုကြည့်ကာ စကားကိုတစ်ခွန်းချင်းစီ ပြောလိုက်သည်။

“သူ့ဖိနပ်ပေါ်မှာ မကောင်းတာတွေရေးခဲ့တာက ငါမဟုတ်ဘူး။ ပြီးတော့ သူမရဲ့နောက်ဆုံးဖျော်ဖြေမှုမတိုင်ခင်တုံးက သူ့အဝတ်လဲခန်းထဲကို ဝင်ခဲ့တဲ့တစ်ယောက်တည်းသောသူက နင်ပဲလေ မဟုတ်ဘူးလား”

သူမပြောလို့မပြီးသေးခင်မှာပဲ ရွယ်ကျားယီသည် ပိုင်ရှုယီ၏ လက်ကို ရုတ်တရက်ဆွဲကိုင်လိုက်ကာ အေးစက်စွာဖြင့် ပြန်ပြောလိုက်သည်။

“ငါဘာမှမလုပ်ခဲ့ဘူး! သူ့သေဆုံးမှုက မတော်တဆပဲ။ ပြီးတော့ မှုခင်းဆေးစစ်ချက်တွေအရ သူရုတ်တရက်ကြီးသေသွားတာက မတရားပင်ပန်းနေလို့ ဖြစ်ခဲ့တာပဲ။ ဒါကငြင်းဆိုလို့မရတဲ့ အမှန်တရားနော်”

ထိုညက သူမသည် ပုထျန်းယန်၏ အဝတ်လဲခန်းသို့ ဝင်သွားခဲ့သည်ဆိုတာကိုတော့ သူမဝန်ခံခဲ့သည်။ သို့သော် သူမလုပ်ချင်ခဲ့ရုံက...

ထို့အပြင် ဒီမတော်တဆမှုကြောင့် သူမသည် လူအတော်များများ၏ သံသယဝင်ခြင်းကို ခံခဲ့ရလေသည်။ မှုခင်းဆေးဆရာဝန်များက သူမအပြစ်ကင်းကြောင်း သက်သေပြပေးခဲ့မှသာ ဒီလိုအထင်အမြင်လွဲခံရခြင်းကနေ လွတ်သွားခြင်းဖြစ်သည်။

ပိုင်ရှုယီသည် သူမလက်များကို ခါထုတ်လိုက်ကာ ကိုယ်ကိုကျုံ့လိုက်ပြီး “နင်တစ်ခုခုလုပ်ခဲ့တယ်လို့ ငါဘာမှမပြောဘူး”

ရွယ်ကျားယီသည် စိတ်ကိုလျော့ချလိုက်ပြီး ပိုင်ရှုယီကိုကြည့်လိုက်သည်။

“နင်ကမှ.. သူနဲ့တစ်ချိန်လုံး အကောင်းဆုံးသူငယ်ချင်းတွေဖြစ်နေခဲ့တာ မဟုတ်ဘူးလား? နင့်ပုံစံက သိပ်ဟုတ်မနေဘူး။ ပြီးတော့ သူ့အတွက် နည်းနည်းလေးတောင်မှ နောင်တရစိတ်မဖြစ်ဘူးလား ဟမ်?”

“သူကအမြဲတမ်း စိတ်ကသိကအောက်ဖြစ်ဖို့ကောင်းတယ်။ ကြာတော့ ငါလည်းအသားကျသွားတာ”

သူတို့နှစ်ယောက်သည် ဒီအကြောင်းအရာကို သေချာပေါက်ကို မပြောချင်ကြပေမယ့် ပုထျန်းယန်အကြောင်း ခဏလောက် ပြောခဲ့ကြသည်။

ရွယ်ကျားယီသည် စကားလမ်းကြောင်းပြောင်းလိုက်ပြီး ပြောလိုက်သည်။

“နောက်ဆုံးတစ်ခေါက် နင်ကျန်းယွီကို ရွေးလိုက်တာက သေချာပေါက်ကို နင့်ကို ချောင်ပိတ်ရိုက်စေမယ့် ရှဲ့ယွမ်ရဲ့ဖုန်းခေါ်တာကြောင့်ပဲ ဟုတ်တယ်မလား”

ပိုင်ရှုယီလည်း တွန့်ဆုတ်မှုမရှိဘဲ ပြောလိုက်သည်။

“အရင်တစ်ခေါက်တုန်းက ငါတကယ်ကို အလျင်လိုနေတာ။ ပြီးတော့ ရွေးစရာမရှိခဲ့လို့။ အကုန်လုံးက ဒီတစ်ခေါက် ဖျော်ဖြေမှုရလဒ်အပေါ်မှာ မူတည်နေမှာပဲ။ A ခန်းက ကောင်မလေးအတော်များများက သူ့နေရာကို မျက်စောင်းထိုးနေကြတာ။ သူသာ ဆက်ထိန်းထားနိုင်မယ်ဆိုရင် ငါလည်း အခုလိုပဲ သူ့ကိုဆက်ခေါ်ထားမှာပဲပေါ့”

သူမသည် အကကြမ်းပြင်ပေါ်က ကျန်းယွီကိုကြည့်ကာ သူမ၏ အောက်နှုတ်ခမ်းကို ဖွဖွလေးကိုက်လိုက်ရင်း “သူသာ ကောင်းကောင်းမလုပ်နိုင်ဘူးဆိုရင်တော့... အဲ့ကျရင် ဘယ်သူမှငါ့ကို အပြစ်တင်နိုင်မှာ မဟုတ်ဘူး”

ကျန်းယွီ မပေါ်လာခင်အထိ ရှန်အုံချင်းသည် အကကြမ်းပြင်ပေါ်တွင် အာရုံဖမ်းစားနေသူနှင့် အဓိကဇာတ်လိုက်ဖြစ်နေခဲ့တာပင်။ အခုတော့ ဒီလိုဝရုန်းသုန်းကားပင် သူမ၏ ပရိသတ်အာရုံက လုယူခံလိုက်ရတော့သည်။

သူမသည် အကကြမ်းပြင်၏ ထောင့်စွန်းနားကို ဆုတ်သွားလိုက်ပြီး မီးမောင်းထိုးထားသောအောက်က ကောင်မလေးကိုကြည့်ရင်း စိတ်ကသိကအောက်ဖြစ်နေလေတော့သည်။

ကျန်းယွီ၏ အကမှာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်ရှိလှပေသည်။ သူမ ဘဲလေးကတာကို တစ်ခါမှမမြင်ဖူးသော်လည်း အရမ်းကြီး ကွာခြားလောက်မည် မဟုတ်ပေ။

ဒီလိုစတိုင်မျိုးနှင့်ဆိုလျှင် သူမကို တီချယ်ပိုင်ရှုယီက ဘယ်လိုလုပ် အနီးကပ်တပည့်အဖြစ် ရွေးတော့မှာတဲ့လဲ။

Esmeralda ကိုဝင်လာရသော ရှန်အုံချင်း၏ ရည်ရွယ်ချက်မှာ ပိုင်ရှုယီ၏ တပည့် ဖြစ်ဖို့အတွက်ပင်။ သူမ၏ လမ်းညွှန်ပြသမှုကိုခံယူကာ ဘဲလေးဘုရင်မဆိုသည့် အမြင့်ဆုံးသရဖူကို အရယူနိုင်ရန်အတွက်ပေ။

အခုတော့ သူမမှာ A ခန်းကိုသာ ဝင်ရောက်နိုင်ခဲ့ပြီး ပိုင်ရှုယီ၏ တပည့်ရင်းတော့ ဖြစ်မလာခဲ့ပေ။ ထို့ကြောင့် သူမအတော်ကို စိတ်မချမ်းမြေ့ပါ။

ဘယ်လိုပဲဖြစ်ဖြစ် လေ့ကျင့်ရေးစခန်းပြီးသည်နှင့် ဖျော်ဖြေရေးစစ်ဆေးမှုတွင် သူမကျိန်းသေပေါက်ကို ပြန်တိုက်ခိုက်ရမည်ပင်။ ကျန်းယွီ၏ နေရာကို အရယူကာ အားလုံးထဲတွင် အတော်ဆုံးဖြစ်လာရပေမည်။

ပွဲတော်၏ ဒုတိယပိုင်းရောက်တော့ ဝမ်လွန်သည် ကျန်းယွီကို ရှာတွေ့သွားပြီး သူမကိုအရေးကြီး စကားပြောဖို့ရှိသည်ဆိုကာ ဥယျာဉ်နောက်ကို ခေါ်သွားလိုက်သည်။

လင်းမြောင်နှင့် မုကျီရှန်းတို့ကတော့ ရယ်မောရင်း သူတို့နောက်ကိုလိုက်လာကြကာ နောက်ပြောင်လိုက်ကြသည်။

“ကျောင်းသားဝမ်လွန်၊ ဒါကသိပ်မကောင်းဘူးနော်”

“ရှောင်ယွီကအခုတော့ ကျောင်းကွင်းလေးလို ဖြစ်နေပြီနော်”

ဝမ်လွန်ကတော့ ယဉ်ယဉ်ကျေးကျေးပဲ ပြန်ပြုံးပြလိုက်သည်။

ကျန်းယွီလည်း လှည့်ကြည့်လိုက်ပြီး သူတို့ကို နောက်ပြောင်မနေဖို့ မျက်စပစ်ပြလိုက်တော့သည်။

ဝမ်လွန်သည် သူ့အောက်နှုတ်ခမ်းကို ကိုက်လိုက်ကာ ခဏလောက် တုန့်ဆိုင်းနေလိုက်ပြီး သူမကို တစ်ယောက်တည်း ရှာရသည့် သူ့ရည်ရွယ်ချက်ကို မပြောခဲ့ပေ။

ကျန်းယွီသည် ဝမ်လွန်၏ ရှက်နေသော အမူအရာကိုကြည့်လိုက်ပြီး မေးလိုက်သည်။

“ဘာဖြစ်လို့လဲ?”

ဝမ်လွန်ကတော့ သူမမျက်လုံးကို မကြည့်ရဲဘဲ ဒီအတိုင်းသာ ပြန်ပြောလိုက်သည်။

“ရှန်အုံချင်းရဲ့မိဘတွေလည်း ဒီကိုရောက်နေတယ်။ ငါတို့မိသားစုနှစ်ခုက ဆက်နွှယ်မှုရှိကြတယ်လေ။ သူတို့က ငါကြီးပြင်းလာတာကို မြင်ခဲ့ရတာ...”

“ကောင်းတာပေါ့”

“အဲ့ဒါက.. သူတို့က ငါ့ကိုရှန်အုံချင်းနဲ့ အတူတူတွဲလုပ်စေချင်နေတယ် စစ်ဆေးမှုအတွက်ပေါ့။ အဲ့ဒါလေ... ငါတောင်းပန်ပါတယ် ကျန်းယွီ၊ နင်ကတာ တကယ်ကို ကောင်းတာပါ။ ဒါပေမယ့် ငါ သူတို့ကို ငြင်းလို့မရဘူးဖြစ်နေတယ်.”

ကျန်းယွီလည်း ပြောစရာစကားမရှိပေ။ သို့သော် လင်းမြောင်ကတော့ မြန်မြန်ရောက်ချလာပြီး ရှေ့တိုးကာ ဝမ်လွန်ကို ရင့်ရင့်သီးသီးသာ ပြန်ပြောလိုက်သည်။

“ဘာ.. နင်လာနောက်နေတာလား! ကျန်းယွီက နင်နဲ့ နေ့ရောညပါ လေ့ကျင့်ခဲ့တာလေ။ ဒီလောက်တောင် ကြာနေပြီကို အခု ပြိုင်ပွဲနီးတော့မှ နင်က သူ့ဖျော်ဖြေမှုကို လာဖျက်ဆီးနေတာပေါ့လေ! နင် လူရောဟုတ်သေးရဲ့လား?”

ဝမ်လွန်သည်လည်း သူမှားတာကို သိတာမို့လို့ တိုးတိုးလေးသာ ပြန်ပြောလိုက်တော့သည်။

“ငါလည်းအကြာကြီး လေ့ကျင့်ခဲ့ရတာပါပဲ။ ဒါပေမယ့် ရှန်အုံချင်းဘက်က တကယ်ကို နည်းလမ်းမရှိလို့...”

လင်းမြောင်လည်း စိတ်လှုပ်ရှားမှုအပြည့်ဖြင့် ပြောလိုက်သည်။

“နင့်ကြောင့်သာ ကျန်းယွီအဆင့်ကျသွားခဲ့ရင် ငါနင့်ကိုအလွှတ်ပေးမှာမဟုတ်ဘူး!”

ဒီသတင်းကိုကြားတော့ ကျန်းယွီလည်း နှလုံးသားထဲမှာ တကျွိကျွိ ဖြစ်သွားတော့သည်။ ထို့အပြင် သူမ၏ မသိစိတ်ကပါ အရာအားလုံးပြီးဆုံးသွားပြီဟု ပြောနေလေတော့သည်။

ဒီအချိန်တစ်လျှောက်လုံးတွင် ကျောင်းသားတိုင်းသည် အမြင့်ဆုံးသို့ရောက်အောင် အတော်ကိုကြိုးစားခဲ့ကြသည်။ ထို့အပြင် နေ့တိုင်း ညမနက်မချင်း အကစတူဒီယိုကနေ မပြန်ခဲ့ကြချေ။ ဝမ်လွန်သာ သူမကိုအခု တစ်ယောက်တည်းထားခဲ့မယ်ဆိုရင် သူမမှာ အကအသစ်ကို လေ့ကျင့်ဖို့အတွက် အချိန်မရှိတော့ချေ။

သူမသာ အကကို မပြောင်းဘူးဆိုရင်လည်း ဒီအချိန်ကျမှ ပါတနာအသစ်ကို ဘယ်မှာသွားရှာရမှာတဲ့လဲ။

ဝမ်လွန်ကို ကြည့်ရတာတော့ ဒီအတိုင်းဆိုလျှင် သူလည်းစိတ်ကို ဆုံးဖြတ်ပြီးသွားပြီ ဖြစ်ပေလိမ့်မည်။

လင်းမြောင်ကတော့ စိတ်တိုလွန်း၍ ဝမ်လွန့်ကို တိုက်ခိုက်တော့မည့်အလားပင်။ ကျန်းယွီမှ သူမအား မြန်မြန်ပြန်ဆွဲလိုက်ပြီး “ထားလိုက်တော့”

“၃ရက်တောင် မကျန်တော့ဘူးလေ။ အခုဝမ်လွန်က နင့်ကိုထားခဲ့မှတော့ ဒီအကက မဖြစ်နိုင်တော့ဘူး”

လင်းမြောင်ကတော့ အတော်လေး စိတ်ခံစားချက်များနေတာပင်။

“သူ့ကိုအပြစ်တင်နေလည်း အလကားပဲလေ။ သူလည်း အစကနေ ပြန်ပြင်ဆင်ရဦးမှာပဲ”

“သူက ချီးကို ပြန်ပြင်ဆင်ရမှာလား! မနေ့တုံးက ရှန်အုံချင်း နင့်ရဲ့အနက်ရောင်ဘဲငန်းကို ကနေတာ ငါတွေ့ခဲ့တယ်နော် ပြီးတော့ ဒါအသိသာကြီး ဒီနှစ်ယောက်ပေါင်းပြီး နင့်ကိုလုပ်ကြံကြတာပဲ”

“လုံးဝမဟုတ်ဘူးနော်!”

ဝမ်လွန်သည် ကျန်းယွီ အထင်လွဲသွားမှာကို ကြောက်သောကြောင့် မြန်မြန်ပြန်ရှင်းပြလိုက်သည်။

“ရှန်အုံချင်းက တွဲကဖို့ ငါ့ဆီအရင်လာပြောတာ ဒါပေမယ့် ငါငြင်းလိုက်တယ်။ အဲ့ဒါကို သူက အရမ်းစိတ်အားထက်သန်နေပြီး ဦးလေးရှန်ကိုပါ ငါ့ကိုလာပြောခိုင်းတာ။ ငါတကယ်ကို မငြင်းဆန်နိုင်လို့ပါ။ ငါတို့မိသားစု စီးပွားရေးက ရှန်မိသားစုနဲ့ ဆက်နွယ်နေတာမို့”

ကျန်းယွီလည်း စိတ်ညစ်တယ်ဆိုပေမယ့် အခြေအနေတစ်ခုလုံးက ပြောင်းလဲလို့မရတော့ဘူးမို့ သူမဘယ်သူ့ကိုမှ အပြစ်တင်လို့မရပေ။ ခဏလေးအတွင်းမှာ သူမနှင့် ဇာတ်တိုက်နိုင်မည့်သူကိုသာ ရှာရပေတော့မည်။

ကျန်းယွီသည် ရှန်အုံချင်းလိုလူမျိုးကို အတိတ်ဘဝတုန်းက များစွာကြုံခဲ့ရဖူးပေပြီ။ ထို့ကြောင့် လူတွေကို ခန့်မှန်းလို့မရနိုင်သည့် ထိုအချိန်ကိုသာ အပြစ်တင်ရပေတော့မည်။

အခုတော့ သူမမှာ အံ့အားသင့်စရာလည်း မရှိတော့ပေ။

သူမအမေပြောသလို ဒီလောကကြီးမှာ ဘယ်နှယောက်ကများ ကိုယ့်အပေါ် စိတ်ရင်းအမှန်နှင့် ဆက်ဆံပါမည်တဲ့လဲ...

ကျန်းယွီသည် ခဏလောက်တော့ အိမ်ပြန်ချင်မိသွားသည်။

သူမ၏ အခန်းဖော်များကတော့ အနားယူဖို့ ပြန်သွားကြလေပြီ။ ကျန်းယွီသည် ကျောင်းသားရေးရာသို့ လာကာ အိမ်ပြန်ဖို့ ယာယီခွင့်ယူပြီး Esmeralda ကနေလမ်းလျှောက်ထွက်လာခဲ့လိုက်တော့သည်။

သိပ္ပံမြို့ကြီးမှာ အတော်ကို တိတ်ဆိတ်နေလေသည်။ မီတာ၁၀၀လောက် ဝေးကွာနေတာတောင် ဥယျာဉ်ထဲက ဆူညံမြူးကြွမှုများကို ကြားနေရသေးသည်။

ရုတ်တရက်ဆိုသလိုပင် အနည်းငယ် နားညီးတယ်လို့ သူမခံစားလာရသည်။

ကျန်းယွီသည် သူမခန္ဓာကိုယ်ပေါ်က ညနေခင်းဂါဝန်အလှလေးနှင့် တလက်လက်တောက်ပနေသော သူမခြေဖဝါးထက်က ဒေါက်ဖိနပ်လေးကို ကြည့်လိုက်သည်။ ရှင်းမပြတတ်လောက်အောင် သူမလမ်းပျောက်နေလေပြီ...

Esmeralda တွင် သူမနေခဲ့သည့်တစ်လျှောက်လုံး အထက်တန်းစား သခင်လေးများ၊ မမလေးများ၏ လူနေမှုစတိုင်ကို ကြုံတွေ့ခဲ့ကာ သူမလည်း သူတို့ကြားမှာ ရောနှောလာခဲ့လေသည်။ သူတို့ကြားမှာ နေထိုင်ခဲ့ရတာကြောင့် သူမသည် ဒီလိုဘဝမျိုးနှင့် တဖြည်းဖြည်းနေသားကျသလိုတောင် ဖြစ်လာခဲ့ပြီ ထင်ပါရဲ့။

ကျောင်းမှ တဖြည်းဖြည်း ထွက်လာပြီးသည့်နောက် အပြင်လောကမှလာသော လေအေးအေးလေးက သူမ၏ စိတ်ကို ရှင်းလင်းသွားစေတော့သည်။

ဒါသူမဘဲလေးကရသည့် မူလရည်ရွယ်ချက်မဟုတ်ပေ။ ဘဲလေးသည် အထက်တန်းစားများနှင့်သာ သက်ဆိုင်သည်ဟု ဘယ်သူကပြောခဲ့တာပါလဲ။ ရှန်အုံချင်းလိုလူမျိုးကသာ ဘဲလေးဘုရင်မဖြစ်လာနိုင်သည်ဟု ဘယ်သူကများ ပြောခဲ့တာပါလဲ။

ကျန်းယွီသည် Esmeralda အနုပညာစင်တာ၏ ခမ်းနားလှသော တံခါးကြီးကို နောက်ပြန်လှည့်ကြည့်လိုက်သည်။

သူမရုတ်တရက်ဆိုသလိုပင် ချူးလီကို တွေ့ချင်လာမိသည်။

ညတုံးက ချူးလီတစ်ယောက်ကတော့ မီးအိမ်ဘေးတွင် စာဖတ်နေကာ စာအုပ်ထဲ ခေါင်းမြှုပ်ထားလေသည်။

ပြတင်းပေါက်အပြင်ဘက်မှာတော့ မိုးဖွဲဖွဲလေး ရွာသွန်းနေပေသည်။

ညဘက်တွင် အိမ်ပတ်ဝန်းကျင်မှာ တိတ်ဆိတ်နေသော်လည်း သူ့စိတ်ခံစားချက်များကတော့ ဆောက်တည်မရဖြစ်နေပေသည်။

သူ့အတွေးများထဲတွင် ကျန်းယွီသာ ပြည့်နှက်နေလေသည်။ သူမ၏ ရှည်လျားသေးသွယ်ကာ လှပသောမျက်ဝန်းများ၊ အပြုံးမဟုတ်သည့် သူမ၏အပြုံးလေး၊ စိတ်တိုချိန်တိုင်း သူမကိုယ်သူမတောင် မသိလိုက်ဘဲ စိမိသွားသော သူမ၏နှုတ်ခမ်းလေး၊ သူမ၏နူးညံ့လှပလှသော ညှက်ရိုးလေးများ၊ ဒါတွေကိုသာ သူတွေးနေမိသည်။

ကပွဲကို လွတ်သွားရသည့်အတွက် သူ့ကို သူမဘယ်လိုတွေ ငြီးတွားတော့မလဲဆိုတာကို သူသိချင်မိပေသည်။

သူမတွင် ဒါနဲ့ပတ်သတ်ပြီး ခံစားချက်တွေ ရှိကောင်းလည်းရှိနိုင်သလို မရှိတာလည်း ဖြစ်နိုင်ပေသည်။ ထို့အပြင် သူ့အတွက် ခံစားချက် နက်နက်ရှိုင်းရှိုင်း မရှိနေတာပါ ဖြစ်နေနိုင်သေးသည်။

ချူးလီသည် မီးကိုပိတ်လိုက်ကာ သူ့ကိုယ်သူ အမှောင်ထဲသာ ဝါးမြိုခံလိုက်တော့သည်။ ညအမှောင်၏ ကျယ်ပြန့်မှုနှင့်အတူ သူ့အတွေးတွေပါ တစ်စစီ ပြန့်ကျဲလာတော့သည်။

ပြောရမယ်ဆိုရင် ဘာမှတော့ သူခံစားမနေရပေ။

သို့သော်လည်း ဒါတွေက အရေးမကြီးပါ။ သူမအကြောင်း တွေးနေရုံနဲ့သာ လုံလောက်ပြီမို့လေ။

သူ့မျက်လုံးများကို မှိတ်လိုက်ပြီး သူ့ကိုယ်သူ အမှောင်ထုနှင့် လုံးလုံးဝန်းရံလိုက်တော့သည်။

ထိုအချိန်တွင် ရုတ်တရက်ကြီး ဖုန်းမြည်လာတော့သည်။ ချူးလီသည် မျက်မှောင်ကြုံ့လိုက်ကာ ပြန်မဖြေဖို့ လုပ်နေတာဖြစ်သည်။ သို့သော် ဖုန်းကိုတစ်ချက်လှမ်းကြည့်လိုက်သည့်အခါမှာတော့ ကျန်းယွီဆီက ဖုန်းဖြစ်ကြောင်း သူတွေ့လိုက်လေသည်။

ဒီကောင်မလေး.. ဘာဖြစ်လို့ ဒီလိုအချိန်ကျမှ အမြဲတမ်း ဖုန်းခေါ်နေရတာလဲ။

ချူးလီသည် အသက်ကို ပြင်းပြင်းရှုလိုက်ကာ သူ့ခန္ဓာကိုယ်က သွေးတွေအားလုံးကို ငြိမ်ကျသွားအောင် စိတ်လျော့လိုက်ပြီးမှ ဖုန်းကိုကိုင်လိုက်သည်။

“တစ်ခုခုဖြစ်လို့လား?”

ဖုန်းတစ်ဖက်တွင်တွင် မိုးသံလေးကို ကြားနေရပေသည်။ ထို့နောက် ကျန်းယွီ၏ နူးညံ့သောအသံလေး ပေါ်ထွက်လာခဲ့သည်။

“ချူးလီ.. ငါနင့်ရပ်ကွက်ရှေ့က တံခါးမှာ။ ဒါပေမယ့် လုံခြုံရေးက ငါ့ကိုကဒ်မရှိလို့ ပေးမဝင်ဘူး။ နင် ငါ့ကိုလာကြိုပေးပါလား?”

ချူးလီ - "…."

All Chapters