← Chapters

Chapter 52

Vol. 5 Ch. 52

Chapter 52

Vol. 5 Ch. 52

ချူးလီသည် ထီးတစ်ချောင်းနှင့် သွက်သွက်ကလေးလျှောက်သွားလိုက်တော့သည်။ ထို့နောက် သူတို့ရပ်ကွက်၏ လုံခြုံရေးကင်းတဲ အပြင်ဘက်တွင် မိုးခိုနေသော ကျန်းယွီကို တွေ့လိုက်ပေတော့သည်။

သူမသည် အပြာနုရောင်ဂါဝန်လေးကို ဝတ်ဆင်ထားကာ ထိုဂါဝန်လေးမှာ သူမ၏ရင်ဘတ်နှင့် ခါးနေရာတွင် တင်းတင်းကြပ်ကြပ်လေး ဖြစ်နေပေသည်။ ထို့ကြောင့် သူမ၏ ခါးသေးသေး သွယ်သွယ်လေးများနှင့် ချောမွေ့နေသော ပခုံးလေးများနှင့် လိုက်ဖက်ညီနေလှပေကာ သူမကိုကြည့်ရတာ ဖူးဖူးမှုတ် အလိုလိုက်ခံထားရသည့် ကိုယ်လုပ်တော်လေးတစ်ယောက်လို ဖြစ်နေပေသည်။

နွေဦးအစောပိုင်း၏ လေပြေအေးလေးမှာလည်း တိုက်ခတ်နေသေးသောကြောင့် ကျန်းယွီခမျာ အေးနေပြီး သူမလက်မောင်းများကို ပိုက်ထားကာ အနည်းငယ် တုန်ရီနေပေသည်။

ချူးလီလည်း သူ့လမ်းလျှောက်နှုန်းကို မြင့်တက်လိုက်ပြီး ပြေးလာလိုက်တော့သည်။ ထို့နောက် သူမတစ်ကိုယ်လုံး မိုးရေစိုရွဲနေတာကို တွေ့လိုက်ရလေသည်။ သူမသေသေချာချာ ထုံးဖွဲ့ထားသော ဆံပင်လေးမှာလည်း တစ်မျှင်ချည်းစီ ကျနေတော့ကာ နားနောက်ဘက်လေးတွင် ပြေကျနေတော့သည်။ သူမကိုကြည့်ရတာ ထွက်ပြေးလာသည့် စင်ဒရဲလားလေးအတိုင်းပင်။

သူမနားကို လျှောက်သွားလိုက်ပြီး အလိုလိုပင် သူ့အင်္ကျီကိုချွတ်ပေးလိုက်ကာ သူမကို ဝတ်ပေးလိုက်တော့သည်။ ထို့နောက်မှ သူအတွင်းအင်္ကျီများ မဝတ်ထားရသေးတာကို သူတွေးလိုက်မိသည်။ သူမသာ မြင်သွားခဲ့ရင် အတော်ရှက်ဖို့ကောင်းနေမှာပဲ။

“မင်း ဒီမှာဘာလုပ်နေတာလဲ?”

ကျန်းယွီလည်း ချူးလီ သူ့အင်္ကျီဇစ် တစ်ဝက်လောက်ရောက်နေတာကို ပြန်ဆွဲတင်လိုက်တာကို ကြည့်လိုက်ပြီး စိတ်ထဲခိုးလို့ခုလုတော့ ဖြစ်သွားလေသည်။

တစ်ခါတစ်လေတော့ ချူးလီသည် သူမကိုကြိုက်တယ်လို့ သူမခံစားမိသည်။ သို့သော် တစ်ခါတစ်လေမှာတော့ သူလောကကြီးကို အာရုံခံစားနိုင်ဖို့သက်သက်သာ သူမကို အသုံးချနေတယ်လို့လည်း သူမ ခံစားမိပြန်သည်။

တကယ်တမ်း သေချာစဉ်းစားကြည့်လိုက်မယ်ဆိုရင် သူတို့တွဲနေခဲ့တာ ဘယ်လောက်တောင် ကြာနေခဲ့ပြီမို့လဲ။ အမည်ခံ ဆက်ဆံရေးတစ်ခုဆိုရင်တောင် နှစ်ယောက်စလုံးက ရည်ရွယ်ချက်ကိုယ်စီရှိနေကြတာလေ။ ဘယ်လိုလုပ်ပြီး ရိုးသားမှုရှိနေမှာတဲ့လဲ..။

ဒီလိုစဉ်းစားလိုက်ပြီး ကျန်းယွီလည်း အတော်လေး စိတ်ပျက်မိသွားကာ ပြာဝင်နေသောအသံဖြင့် ပြောလိုက်သည်။

“နင်ပြောတဲ့ ပျင်းစရာကောင်းတယ်ဆိုတဲ့ ကပွဲက တကယ်ကြီးကို ပျင်းဖို့ကောင်းတယ်။ ငါအိမ်မပြန်ချင်ဘူး။ နင့်ဆီမှာ ခဏနေလို့ရလား?”

“အခု အရမ်းနောက်ကျနေပြီ”

သူမ၏လက်ရှိအခြေအနေအရလည်း သူမတကယ်ကို သူ့အိမ်မှာ ခဏနေချင်မိသည်။

ချူးလီကတော့ စိတ်တွေဗြောင်းဆန်နေကာ သေချာတောင်မတွေးနိုင်တော့ပေ။

“ဘာလို့ ကိုယ့်အိမ်ကိုယ် မပြန်တာလဲ”

ကျန်းယွီသည် သူ့လေသံကိုနားထောင်ရသလောက် သူမကို သူ မကြိုဆိုဘူးဆိုတာကို ရိပ်မိသောကြောင့် မတတ်နိုင်ဘဲ အနည်းငယ် စိတ်ပျက်သွားလေတော့သည်။

“ဒါဆိုလည်း ငါပြန်တော့မယ်”

ပြောပြီးသည်နှင့် သူမသည် မိုးရေထဲသို့ လှည့်ပြေးသွားတော့သည်။

ကျန်းယွီ စိတ်ဆိုးသွားတာကို ကြည့်ရင်း ချူးလီလည်း ဘာမှရှင်းမပြတတ်အောင် ဖြစ်နေတော့သည်။ သူမ၏ လုံခြုံရေးကို ဖြည့်တွေးပေးနေတာကို သူမကဘာဖြစ်လို့ စိတ်ဆိုးသွားရတာတဲ့လဲ။

မိုးကလည်း တဖြည်းဖြည်းသည်းလာကာ မိန်းမငယ်လေးသည်လည်း လမ်းတစ်ဖက်ခြမ်းတွင် ခိုက်ခိုက်တုန်နေရင်း တက္ကစီကို ဌားနေလေသည်။ ချူးလီလည်း အေးတိအေးစက် မျက်နှာထားဖြင့် ပြေးသွားလိုက်ပြီး သူမကို သူ့လက်မောင်းထဲသွင်းလိုက်ကာ သူ့အိမ်ကို ခေါ်သွားလိုက်လေတော့သည်။

အိမ်ပြန်ရောက်တော့ ပထမဆုံးအကြိမ်အနေဖြင့် တစ်အိမ်လုံးကို အပူပေးစက်ဖွင့်လိုက်တော့သည်။ ထို့နောက် ကျန်းယွီ၏ လက်ကောက်ဝတ်ကို ဆောင့်ဆွဲလိုက်ကာ သူမကို ရေချိုးခန်းထဲ တွန်းပို့လိုက်တော့သည်။

“ရေချိုးလိုက်”

ကျန်းယွီလည်း သူ့ကြောင့်လက်ကောက်ဝတ်နာသွားသဖြင့် စိတ်ညစ်ညူးစွာ သူ့ကိုပြန်ပြောလိုက်သည်။

“ငါ့ကိုရေချိုးခိုင်းပြီးတော့ ငါအခန်းထဲ ဝင်လာရင် နင်ကဘာလုပ်ချင်လို့လဲ?”

“ငါဘာလုပ်မလဲဆိုတာကို တကယ်ပဲကြောက်နေရင် အဲ့ကိစ္စကို ပူစရာမလိုဘူး။ မင်းဟာမင်း လိုလိုလားလား ညသန်းခေါင်ကြီးမှာ ငါ့အိမ်ကိုရောက်လာတာလေ”

ချူးလီသည် သဘက်အသန့်တစ်ထည်ကို ကောက်လိုက်ကာ သူမလက်ထဲကို ပစ်ပေးလိုက်ရင်း ဆက်ပြောလိုက်သည်။

“ရေနွေးပူဖွင့်ပြီး မြန်မြန်ချိုး”

ကျန်းယွီလည်း ရှက်ရှက်ဖြင့် တံခါးကိုပိတ်ကာ လော့ချလိုက်သည်။

သူမခန္ဓာကိုယ်မှာတော့ ရေခဲတုံးတွေအလား အေးခဲနေပေပြီ။ ထိုအချိန်တွင် သူမဘာကိုမှ ဂရုစိုက်မနေတော့ပါ။ မြန်မြန်သာ ရေပန်းကိုဖွင့်လိုက်ကာ သူမတစ်ကိုယ်လုံးကို ရေပူပူဖြင့် ဆေးချလိုက်တော့သည်။

လေ့ကျင့်ရေးစခန်းပြီးဖို့နှင့် ဖျော်ဖြေရေးစစ်ဆေးမှုကိုရောက်ဖို့ ရက်အနည်းငယ်သာ ကျန်တော့ပေသည်။ ဒီလိုအချိန်မျိုးတွင် အအေးမိလို့ မကောင်းပေ။ ဖျော်ဖြေမှုသာ နှောင့်နှေးခဲ့မည်ဆိုလျှင် ကျောင်းပါထုတ်ခံရကောင်းထုတ်ခံရပေလိမ့်မည်။

ကျန်းယွီသည် ရေပူပူလေးကို သူမအား ဆေးချစေလိုက်ပြီး အနွေးဓာတ်လေးကို နည်းနည်းချင်း ခံစားနေလိုက်သည်။

သူမသည် အားကစားကို ဇွဲရှိရှိလုပ်လာခဲ့တာမို့ အမြဲတမ်း ကျန်းမာရေးကောင်းခဲ့သူပင်။ ထို့ကြောင့် ဒီလိုမိုးလေးနည်းနည်းမိရုံနှင့်တော့ သူမအအေးမမိသင့်ပေ။

ရေငွေ့များ ရိုက်နေသည့်ကြားတွင် ကျန်းယွီသည် ဘောင်ပေါ်က ရေချိုးဆပ်ပြာဘူးကို လှမ်းညှစ်လိုက်ပြီး ဘေးဘီကို တစ်ချက်ကြည့်ကြည့်လိုက်သည်။

ချူးလီအိမ်က ရေချိုးခန်းမှာ အတော်လေးသန့်ရှင်းပေသည်။ စားပွဲပေါ်တွင် တင်ထားသော ပစ္စည်းများမှာလည်း အမျိုးအစားအလိုက် သေချာသပ်သပ်ရပ်ရပ်လေး စီရီထားပေသည်။ သွားတိုက်တံ၊ မုတ်ဆိတ်ရိပ်တံ၊ မျက်နှာသစ်ဆေး၊ စသည်ဖြင့် အားလုံးကတော့ ယောင်္ကျားလေးသုံးပစ္စည်းများ ဖြစ်ပေသည်။

သူ့ကြည့်ရတာ အသန့်အပြန့်ကို စွဲလမ်းနေသူတော့ မဟုတ်ပေမယ့်လည်း အသန့်ကြိုက်ပုံတော့ ပေါ်ပေသည်။ အနည်းဆုံးတော့ သူတို့တွေ့သည့်အချိန်တိုင်း သူ့ဖိနပ်များမှာ ဘာအစက်အပြောက်မှမရှိဘဲ သန့်ရှင်းနေတတ်ပေသည်။

သူမပတ်ပတ်လည်က ပစ္စည်းများသည် ကျန်းယွီအား ရှင်းမပြတတ်သည့် စိတ်လုံခြုံမှုလေးတစ်ခု ပေးစွမ်းနေပေတော့သည်။ ရေပူပူလေးအောက်တွင် သူမသည် တစ်ကိုယ်လုံးက အကြောအချဉ်များပြေသွားသလို ခံစားလိုက်ရသည်။

သူမ၏ ပေပွနေသော မိတ်ကပ်များကို ဖျက်ပစ်ရန်အတွက် သူ့မျက်နှာသစ်ဆေးကိုသာ သုံးလိုက်တော့သည်။

သို့သော်လည်း သူမမျက်နှာပေါ်က မျက်နှာသစ်ဆေးများကို ဆေးချလိုက်ပြီး မျက်လုံးပြန်ဖွင့်လိုက်သည့်အချိန်မှာတော့ ရေငွေ့ရိုက်နေသည့်တံခါးနောက်တွင် အရိပ်ရှည်ရှည်တစ်ခုကို တွေ့လိုက်ရတော့သည်။

ကျန်းယွီလည်း လန့်သွားကာ အော်လိုက်တော့သည်။

“ချူးလီ! နင်ဘာလုပ်နေတာလဲ!”

ချူးလီ အသံကတော့ ဖျော့ဖျော့လေးပင်။

“ငါ မင်းအတွက် အဝတ်အစားတွေ ယူလာတယ်”

“နင်.. တံခါးရှေ့မှာပဲ ချထားခဲ့ ပြီးရင် ဝေးဝေးသွားနော်”

သူ့ကြည့်ရတာ လေးတိလေးလံလေး ခိုးခစ်ရယ်လိုက်ပုံရသည်။

“ငါသာမင်းကို တကယ်ပဲ တစ်ခုခုလုပ်ချင်တယ်ဆိုရင် မင်းလွတ်နိုင်မယ်လို့ ထင်လို့လား?”

“...”

ရေချိုးခန်းတံခါးကိုပိတ်ကာ သူထွက်သွားလိုက်တော့သည်။ ကျန်းယွီလည်း ရေပန်းကိုပိတ်လိုက်ပြီး တံခါးနားကို နည်းနည်းနားစွင့်ကြည့်လိုက်သည်။ သူ့ခြေသံများမှာ အတော်ကျယ်လှသည်။ ထို့အပြင် သူဝင်သွားတာ အတွင်းဘက်က အိပ်ခန်းထဲကို ဖြစ်သည်။ သူမကို စိတ်မလုံမခြုံ ဖြစ်နေမှာစိုးသောကြောင့် တံခါးကိုပါ အကျယ်ကြီး တမင်ပိတ်ချပေးလိုက်တော့သည်။

ချူးလီက တကယ်ကို ယုံကြည်စိတ်ချနိုင်သူတစ်ယောက်ပဲ။

ပြန်လည်မွေးဖွားလာပြီးသည့်နောက် လောကကြီးအပေါ် သူမ၏ နားလည်ထားမှုများ သိသိသာသာပြောင်းလဲသွားသလို ကျန်းယွီ၏ လူတွေအပေါ်မြင်သည့် အမြင်သည်လည်း အများကြီးတိကျလာခဲ့ပေသည်။

ဒီလိုအချိန်တွေအကြာကြီး သူနှင့်သမီးရည်းစားဆက်ဆံရေး ရှိလာခဲ့ပြီးသည့်နောက် ကျန်းယွီလည်း သိလာခဲ့ရသည်။ ချူးလီ ကြည့်ရတာ အေးတိအေးစက်ဆိုသော်လည်း သူ့ပင်ကိုယ်စရိုက်မှာ ယုံကြည်ရပေသည်။ ထို့အပြင် သူမအပေါ် ရိုင်းရိုင်းစိုင်းစိုင်း ပြုမူမည့် အပြုအမူမျိုးကို ကျန်းယွီတစ်ယောက် စိုးရိမ်ခဲ့စရာမလိုခဲ့ပေ။

အတိတ်ဘဝတုန်းက ကျန်းယွီသာ အခက်အခဲတွေ မကြုံခဲ့ရဘူးဆိုရင် အချစ်နွံထဲကျဖို့ အကောင်းဆုံးအရွယ်တွင် ကျန်းယွီသည် သူ့ကိုအများကြီးသဘောကျခဲ့ပေလိမ့်မည်။ ထို့အပြင် ဖြစ်နိုင်ပါက သူ့ကိုချစ်ပါချစ်မိပေလိမ့်မည်။

ကျန်းယွီသည် ရေချိုးခန်းတံခါးကို ဖွင့်လိုက်ကာ သပ်သပ်ရပ်ရပ်လေး ချူးလီခေါက်ထားပေးခဲ့သော အင်္ကျီနှင့် ဘောင်းဘီများကို ကောက်ယူလိုက်ပြီး သူမ၏ ခန္ဓာကိုယ်ကို ရေသုတ်လိုက်ကာ မြန်မြန်ဝတ်ဆင်လိုက်တော့သည်။

သူမကိုပေးခဲ့သည်မှာ အလွန်နူးညံ့လှသော မီးခိုးရောင်ဆွယ်တာလေးဖြစ်ပေသည်။ ကြည့်ရတာ ဟောင်းပြီး အကြာကြီးဝတ်ခဲ့ပုံပေါ်ပေမယ့် ဝတ်ရတာ သက်တောင့်သက်သာရှိလှပေသည်။

ဘောင်းဘီကတော့ အနက်ရောင်အစုံလိုက်လေးဖြစ်ပြီး ထိုဘောင်းဘီပွပွလေးကို သူမဝတ်ဆင်လိုက်တော့သည်။

ကျန်းယွီရေချိုးခန်းတံခါးကနေ ထွက်လာသည်နှင့် ချူးလီကလည်း အခန်းထဲက ထွက်လာခဲ့သည်။ လက်ထဲတွင်တော့ ဆံပင်မှုတ်စက်ကိုကိုင်ထားပြီး သူမကို ခပ်လှမ်းလှမ်းကနေသာ လှမ်းကြည့်နေသည်။

ရေချိုးပြီးတော့ သူမ၏ အသားအရည်မှာ ပို၍ပင် ဖျော့တော့လာကာ သန့်ရှင်းသွားပေတော့သည်။ ရေစိုနေသော သူမ၏ ဆံပင်လေးများကတော့ ပခုံးပေါ်တွင် ကျနေလေတော့သည်။ သူ့အင်္ကျီအပွကြီးများနှင့်တောင် သူမကိုယ်လုံးကိုယ်ပေါက်ကိုကြည့်ရတာ ပို၍တောင် သေးသွယ်ကျစ်လျစ်လှပနေသေးသည်။

ချူးလီသည် ဘာမှမပြောဘဲ သူ့ဟာသူသာ ဆံပင်မှုတ်စက်ကို ပလပ်ထိုးလိုက်လေသည်။ ထို့နောက် သူမကိုဆိုဖာပေါ်တွင် ထိုင်စေကာ သူမနောက်တွင်ရပ်၍ သူမဆံပင်ကို မှုတ်ပေးလိုက်တော့သည်။

ကျန်းယွီသည် သူ့ဗိုက်မာမာလေးပေါ်သို့ နောက်မှီလိုက်ပြီး သူမဆံပင်များကို ညင်ညင်သာသာလေး လုပ်ပေးနေသည့် သူ့လက်ကလေးကို ခံစားနေလိုက်သည်။

ဒီကောင်လေးသည် တစ်ခါတစ်လေတော့ ဆောင့်ကန်ပစ်ချင်လောက်အောင် ဂျစ်ကန်ကန်နိုင်ပြီး ဆိုးပေမယ့် တစ်ခါတစ်လေတော့လည်း မယုံနိုင်စရာကောင်းလောက်အောင် နူးညံ့ညင်သာလှပေသည်။

“ဘာဖြစ်ခဲ့တာလဲ?”

ချူးလီသည် သူမကို မေးကြည့်လိုက်သည်။

ကျန်းယွီကတော့ သူမ၏ဒူးနှစ်ဖက်ကို ခေါက်ထားကာ ဆိုဖာပေါ်တွင်ထိုင်နေရင်း လုံးထွေးနေသောအသံလေးဖြင့် ပြန်ပြောလိုက်သည်။

“ဘာမှမဟုတ်ပါဘူး။ အစတုံးကတော့ ငါအိမ်ပြန်ချင်လို့လေ။ ဒါပေမယ့် ကျောင်းဂိတ်ပေါက်က ထွက်လာတော့ ငါနည်းနည်းနောင်တရသွားတယ်။ ငါ့အမေစိုးရိမ်နေမှာကို ကြောက်လို့လေ။ အဲ့ဒါကြောင့် နင့်ဆီကိုလာခဲ့တာ"

နည်းနည်းဖြည့်စွက်ပြောရမည်ဆိုလျှင်... သူမ သူ့ကိုနည်းနည်းလွမ်းနေလို့လည်း ဖြစ်သည်။

ချူးလီ၏ မျက်လုံးကတော့ ထက်လှပေသည်။ ထို့ကြောင့် ကျန်းယွီလေဖြန်းနေတာကို မယုံဘဲ တည့်သာမေးလိုက်တော့သည်။

“ဘယ်သူ အနိုင်ကျင့်လိုက်လို့လဲ”

ကျန်းယွီလည်း သူ့ကိုမဖုံးကွယ်ထားနိုင်ဘူးဆိုတာ သိလေသည်။ ထို့ကြောင့် သူမ၏ မေးလေးများကို ဒူးပေါ်သို့တင်လိုက်ကာ သူမ၏ အဖြူရောင်အသားအရည်နူးနူးညံ့ညံ့လေးများကို အချင်းချင်းထိလိုက်ရင်း ခံပြင်းစွာဖြင့် ပြောပြလိုက်တော့သည်။

“ကိစ္စသေးသေးလေးပါ... အစတုံးက ဝမ်လွန်က ဒီစစ်ဆေးမှုအတွက်လုပ်မယ့် ဖျော်ဖြေရေးမှာ ငါ့ပါတနာလေ။ ဒါပေမယ့် လုပ်နေရင်းနဲ့ တစ်ဝက်လည်းရောက်ရော ရှန်အုံချင်းက သူ့ကိုခေါ်သွားတယ်”

ချူးလီလည်း ဒီစစ်ဆေးမှုက ကျန်းယွီအတွက် ဘယ်လောက် အရေးကြီးတယ်ဆိုတာကို နားလည်ပေသည်။ ဒီဖျော်ဖြေမှုအတွက် နေ့တိုင်း နောက်ကျသည်အထိ သူမလေ့ကျင့်ခဲ့ရတာလေ။

“ငါ့ကြောင့်လား?”

“လုံးဝမဟုတ်ဘူးပေါ့”

ကျန်းယွီလည်း ရှင်းပြလိုက်တော့သည်။

“နောက်ကောင်မလေးတစ်ယောက်ရှိတယ်။ သူက ဝမ်လွန့်ကို ရှာပြီး သူနဲ့အတူတူတွဲဖို့ ပြောခဲ့တာလေ”

ချူးလီကတော့ စကားစကို မဆက်တော့ဘဲ ကျန်တာသာဆက်မေးလိုက်သည်။

“တစ်ခြားရွေးချယ်စရာရော မရှိတော့ဘူးလား?”

“ငါပြင်ဆင်ထားတဲ့အကက လူနှစ်ယောက်ရှိမှ လုပ်လို့ရမှာလေ။ အခုတော့ ဒီလောက်အချိန်တိုလေးအတွင်းမှာ ငါနောက်ထပ် သင့်တော်မယ့် ယောင်္ကျားလေးကချေသည်ကို မရှာနိုင်တော့ဘူး။ ‘ဘဲငန်းရေကန်’ ကို လက်လွှတ်ပြီးတော့ပဲ တစ်ကိုယ်တော်ဖျော်ဖြေမှုအတွက် ထပ်ပြင်ဆင်ရမှာပေါ့”

ချူးလီကတော့ ဘာစကားမှပြန်မပြောဘဲ သူမဆံပင်လေးများကိုသာ လေမှုတ်ပေးနေလိုက်ကာ လက်တုန့်ပြန်မယ့်လုပ်ရပ်တစ်ခုကို စဉ်းစားနေသလို ဖြစ်နေပေသည်။

“ရပါတယ်”

ကျန်းယွီသည် သူမ၏ခေါင်းလေးကို သူ့ရင်ဘတ်ပေါ် ပြန်တင်လိုက်ပြီး အသာအယာလေး တိုက်လိုက်ရင်း ပြောလိုက်သည်။

“ကံကောင်းချင်တော့ အကကိုယာယီပြင်ဆင်နိုင်ဖို့ ငါ့မှာအခြေခံရှိတယ်လေ။ အဲ့လောက်ကြီး ခက်ခဲမှာ မဟုတ်ပါဘူး”

“ဒါပေမယ့် Esmeralda ကိုတောင် ဝင်နိုင်ထားတဲ့လူတွေက အဆင့်အရမ်းနိမ့်နေကြမှာ မဟုတ်ဘူး။ သူများတွေက အကကို ၁၀ရက်လောက် လေ့ကျင့်ထားကြတာကို မင်းမှာက ၃ရက်ပဲကျန်တော့တယ်”

ကျန်းယွီ၏ မျက်ခုံးများမှာ ပင့်တက်လာတော့သည်။ သူမပတ်ဝန်းကျင်က အတန်းဖော်များသည် သူတို့ဘယ်အဆင့်မှာပဲ ရှိနေပစေ အကောင်းဆုံးကြိုးစားကြပြီး ရှားပါးသောထိပ်နေရာကိုသာ မျှော်မှန်းကြပေလိမ့်မည်။

သူမမှာ တကယ်ကို တစ်ပန်းသာနေတာ မရှိပေ။

ထိုအချိန်တွင် ဝမ်လွန်ကလည်း သူမကို ဒီလိုကျဉ်းထဲကျပ်ထဲထည့်ခဲ့ပြန်သည်။

“၃ရက်ပဲ ကျန်တော့တယ်”

ကျန်းယွီကတော့ စိတ်ဓာတ်အခိုင်အမာဖြင့် ပြောလိုက်သည်။

“တစ်ရက်ပဲဖြစ်ဖြစ် တစ်နာရီပဲဖြစ်ဖြစ် ကျန်တော့ရင်တောင် ငါတော့လက်မလျော့နိုင်ဘူး”

ချူးလီလည်း ဘာမှထပ်မပြောတော့ပါ။

ဒီအခြေအနေတွင် သူဘာမှမကူညီနိုင်ဘူးလေ။ သူလုပ်နိုင်တာတစ်ခုတည်းက သူမငြီးတွားနေတာတွေကို တိတ်တိတ်ဆိတ်ဆိတ်နှင့် စိတ်ရှည်လက်ရှည် နားထောင်ပေးဖို့ပဲ ရှိတာကိုး။

သူမဆံပင်များကို လေမှုတ်ပေးပြီးသည့်နောက် အခန်းတစ်ခုလုံးလည်း တိတ်ဆိတ်သွားလေသည်။ ပြတင်းပေါက် အပြင်ဘက်မှ မိုးသံလေးသာ ရှိပေတော့သည်။

မိန်းမငယ်လေးကတော့ ဆိုဖာပေါ်တွင် ထိုင်နေကာ သူမ၏ လှပသော မျက်လုံးများကို ပုတ်ခတ်ပုတ်ခတ်လုပ်ရင်း သူ့ကိုကြည့်နေလေသည်။ ထိုအချိန်တွင် အခန်းတွင်းက ခံစားချက်ကလည်း ရုတ်တရက်ကြီး အနေရခက်လာတော့သည်။

ချူးလီသည် တီဗီကိုဖွင့်လိုက်ပြီး တီဗီရီမု့ဒ်အား သူမကိုကမ်းပေးလိုက်ကာ သူ့အခန်းထဲကို သူပြန်သွားလေသည်။

ကျန်းယွီလည်း သူ့အခန်းထဲကို ပြန်သွားက အိမ်စာလုပ်မလို့ဟု ထင်လိုက်တာကြောင့် တီဗီကိုအသံလျော့လိုက်ကာ ရသစုံလင်ရှိုးများကို ရှာကြည့်လိုက်သည်။

မိနစ်အနည်းငယ်လောက်နေတော့ မထင်မှတ်ထားစွာပင် ချူးလီက လေ့ကျင့်ခန်းစာအုပ်နှင့် အကြမ်းစာအုပ်ကိုယူပြီး ပြန်ထွက်လာလေသည်။ သူမဘေးတွင် ခြေချိတ်ထိုင်လိုက်ကာ ကော်ဖီစားပွဲပေါ်တွင် စာအုပ်များတင်၍ ခေါင်းငုံ့ပြီး အိမ်စာများကို လုပ်လိုက်သည်။

သူမလည်း ခြေဖဝါးဖြင့် သူ့ကိုလှမ်းကန်လိုက်သည်။

“ဘာလို့ကိုယ့်အခန်းထဲမှာကိုယ် သွားမရေးတာလဲ?”

“မင်းနဲ့အတူရှိချင်လို့”

“ငါ နင့်ကို မလိုအပ်ပါဘူးနော်”

“ငါလိုတယ်”

“...”

ကျန်းယွီကတော့ အသံကို အတိုးဆုံးအထိ လျော့ချလိုက်ပြီး ဆိုဖာပေါ်တွင် သက်တောင့်သက်သာထိုင်လျက်သာ တီဗီကြည့်လိုက်တော့သည်။

ပြောရမယ်ဆိုရင် ဒါတွေက သူမဘဝတွင် အနားယူချိန်ဆိုတာ နည်းပါးလှပေသည်။ သာမန်ကျောင်းသားများမှာ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲနှင့် ရုန်းကန်ဖြေရှင်းနေရသည့်အချိန်တွင် သူမကတော့ အကရော စာလုပ်တာပါ အတူတူရုန်းကန်နေရခြင်းပင်။ ဒါသည် သူမအတွက်တော့ သိပ်လွယ်ကူသည့်အလုပ်မဟုတ်ပေ။

သိပ်မကြာခင်မှာပဲ ကျန်းယွီတစ်ယောက် အိပ်ငိုက်လာပြီး ခဏခဏ သမ်းလာတော့သည်။

သူမ ရှေ့က ကောင်လေးကတော့ သူ့အိမ်စာများကို အသေအချာအာရုံစိုက်ပြီး လုပ်နေဆဲဖြစ်သည်။ ရှည်လျားထူထဲသော မျက်တောင်လေးများနှင့် သူ၏ ချောမောလှသော မျက်နှာလေးမှာ သူမငေးကြည့်ဖို့ လုပ်ပေးထားသလို ဖြစ်နေလေသည်။

ကျန်းယွီလည်း သူ့နားကိုရွေ့လိုက်ပြီး သူ့ပခုံးပေါ် ခေါင်းတင်ပြီးမှီလိုက်ကာ သူတွက်နေသော ဖော်မြူလာကို ကြည့်လိုက်သည်။

ချူးလီကတော့ သိသိသာသာပင် တစ်ကိုယ်လုံး အေးခဲသွားလေတော့သည်။ သူ့ခဲတံထိပ်များလေးလည်း ရပ်တန့်သွားလေသည်။ ထို့နောက်မှ ပုံမှန်အတိုင်း ပုစ္ဆာကို ဆက်တွက်နေလိုက်တော့သည်။

“အနာဂတ်မှာလေ နင်က တကယ်ကို ကြီးကျယ်ခမ်းနားတဲ့လူတစ်ယောက် ဖြစ်လာမှာသိလား”

ကျန်းယွီသည် သူ့ပခုံးပေါ်တွင် သူမမေးလေးကိုတင်ကာ သူ့နား,နားကိုကပ်၍ ပြောလိုက်သည်။

“အကောင်းဆုံး တက္ကသိုလ်ကို ဝင်ခွင့်ရမှာ၊ နင်စိတ်ဝင်စားတဲ့ စိတ်ပညာကိုလေ့လာပြီးတော့၊ ရိုးရိုးဘွဲ့ရပြီးရင် ဘွဲ့လွန်ကိုပါ ထပ်ရဦးမှာ၊ နိုင်ငံခြားတွေလည်း သွားပြီး အလုပ်လုပ်ရင်လုပ်လိမ့်မယ်.. ဘာပဲဖြစ်ဖြစ်ပါ။ နင်ဘယ်လမ်းကိုပဲ လျှောက်လျှောက် နင်အကောင်းဆုံးဘဝမှာ နေနိုင်မှာ”

သူ့အတွက် မျှော်လင့်ချက်ရှိပြီး တောက်ပသောအနာဂတ်ကို သေချာပုံဖော်နိုင်ဖို့အတွက် သူမသည် နူးညံ့သိမ်မွေ့သောအသံလေးကို အသုံးပြုကာ ပြောခဲ့ခြင်းပင်။

“ပိုက်ဆံတွေလည်း အများကြီး ရှာနိုင်လိမ့်မယ်၊ မြို့ထဲက အဆင့်မြင့်နေရာမှာ အိမ်ဝယ်ပြီးတော့ နင်ချစ်တဲ့မိန်းကလေးနဲ့ လက်ထပ်နိုင်မယ်၊ ကလေးလေးတစ်ယောက်လည်း မွေးလာပြီးတော့ မိဘဖြစ်လာရတဲ့ပီတိကိုလည်း ခံစားနိုင်ဦးမှာ...”

ချူးလီ၏ အသက်ရှုသံကတော့ စတင်၍ နှေးကွေးလာတော့သည်။

“အဲ့လိုဘဝမျိုးနဲ့ နေရမယ်.. အိုခေလား?”

ချူးလီ၏ မျက်လုံးများကတော့ မှေးကျသွားကာ သူ့အသံမှာ အတော်နူးညံ့စပြုလာလေသည်။

“ငါ ကတိမပေးနိုင်ဘူး”

“ဘာလို့လဲ?”

ချူးလီသည် သူ့ခဲတံကိုချလိုက်ကာ ဆက်ပြောလိုက်သည်။

“အဲ့လူက မင်းမဟုတ်ဘူးဆိုရင် မင်းပြောသွားတာတွေအားလုံးက ငါ့အတွက် အဓိပ္ပာယ်မရှိဘူး”

ကျန်းယွီလည်း စက္ကန့်အနည်းငယ်လောက် စကားမပြောတော့ကာ ချူးလီကို သေချာကြည့်လိုက်သည်။

All Chapters