← Chapters

Chapter 53

Vol. 5 Ch. 53

Chapter 53

Vol. 5 Ch. 53

“ငါထင်ထားတာ.. နင်ငါ့ကို အဲ့လောက်ထိမကြိုက်ဘူးလို့”

အနည်းဆုံးတော့ သူမကိုလက်ထပ်ပြီး သူမနှင့်ကလေးတွေမွေးကာ ဘဝတစ်ခုလုံးကို အတူတူဖြတ်သန်းချင်လောက်တဲ့အထိ ကြိုက်မနေဘူးလို့ ထင်နေခြင်းပင်။

ချူးလီသည် သူ့ခေါင်းကို လှည့်လိုက်ကာ သူမကို ကြည့်လိုက်ပြီး “ငါသာမင်းကို မကြိုက်ဘူးဆိုရင် အဲ့အချိန်မှာ မင်း ငါ့ကိုဖုန်းခေါ်တိုင်း ငါမင်းကိုသတ်ပစ်ခဲ့တာ ကြာလှနေလောက်ပြီ”

“ဘယ်ဟာကိုလဲ.. ဘယ်တုံးကလဲ?”

ချူးလီကတော့ ပြန်မဖြေဘဲ သူ့အိမ်စာကိုသာ ဆက်လုပ်နေလိုက်သည်။ ကျန်းယွီလည်း မေးခွန်းတွေ ဆက်မမေးတော့ဘဲ ရသစုံလင်ရှိုးကိုသာ ဆက်ကြည့်နေလိုက်တော့သည်။

အပြင်ဘက်ကမိုးကတော့ သည်းသထက် သည်းလာလေသည်။ မိုးရေစက်လေးများကျသံကလည်း... ပို၍ပို၍ ပြင်းထန်လာလေတော့သည်။

“ဒီည ငါ...”

“ဒီည ငါ...”

နှစ်ယောက်စလုံးသည် တစ်ချိန်တည်းမှာ ပါးစပ်ဟမိလိုက်ကြသည်။ ထို့နောက် တစ်ချိန်တည်းမှာပဲ အတူတူကြောင်သွားကြပြီး ပါးစပ်ပြန်ပိတ်လိုက်ကြတော့သည်။ ချူးလီကတော့ ကျန်းယွီကို အရင်ပြောခိုင်းလိုက်သည်။

“ငါ ဒီညအိမ်ပြန်လို့မရဘူး။ မဟုတ်ရင် ငါ့အမေက ငါကျောင်းမှာတစ်ခုခုဖြစ်ခဲ့တယ်လို့ သေချာပေါက်ထင်နေလိမ့်မယ်”

ဒါသည် သူမကိုယ်တိုင် ရွေးချယ်ခဲ့သောလမ်း ဖြစ်ပေသည်။ သူမအခက်အခဲ အတားအဆီးတွေ ကြုံလာရရင်တောင် သူမအမေကို ပေးသိလို့မဖြစ်ပေ။

“အဲ့တော့.. မင်းက ဘာပြောချင်တာလဲ?”

“နင့်အိမ်မှာ အခန်းအပိုရှိလား?”

ချူးလီသည် သူ့ခဲတံကိုအောက်ချလိုက်ကာ ပြန်ပြောလိုက်သည်။

“ရှိတယ်။ ဒါပေမယ့် အဲ့လူကြီးအခန်းက နှစ်ပေါင်းများစွာ လူနေထားတာမဟုတ်ဘူး။ ပြီးတော့ ငါလော့ခတ်ထားတာ”

“အိုး...”

ကျန်းယွီလည်း သေချာပေါက်ပင် သူ့အဖေ လူယုတ်မာကြီး၏ အခန်းထဲတွင် သွားမအိပ်နိုင်ပါ။

“ဒါဆိုရင် တစ်ခြားအခန်းမရှိတော့ဘူးပဲ”

သူမသည် သိသိကြီးနှင့် ပြောလိုက်ပြီး သူမမျက်နှာမှာလည်း အနီရောင်သမ်းစပြုလာတော့သည်။

“အင်း မရှိဘူး။ ငါနဲ့အိပ်ရင်အိပ် မဟုတ်ရင်...”

သူပြောလို့မပြီးသေးခင်မှာပဲ ကျန်းယွီက ချက်ချင်းပြန်ပြောလိုက်သည်။

“ဒါဆိုရင် ငါဆိုဖာကိုရွေးမယ်”

ထို့နောက် ချူးလီပြုံးနေတာကို သူမတွေ့လိုက်ရသည်။ ချူးလီသည် အလွန်ကို ဆွဲဆောင်မှုရှိသော အသံဖြင့်

“ငါနဲ့အိပ်ရင်အိပ် မဟုတ်ရင် ထွက်သွား”

“...”

အစကတော့ ကျန်းယွီလည်း ချူးလီနောက်နေတာလို့ ထင်လိုက်သည်။ ထို့ကြောင့် သူပြောတာကို အတည်မယူလိုက်ပေ။

မထင်မှတ်ထားစွာပင် ချူးလီသည် ရေချိုးခန်းထဲက ထွက်လာပြီး သူ့ဆံပင်စိုကို သုတ်လိုက်ကာ သူ့အိပ်ခန်းထဲကို တန်းဝင်သွားကာ တစ်ခွန်းပဲပြောလိုက်သည်။

“မင်းရွေးချယ်မှုပဲ”

အခန်းထဲကို မဝင်ခင်မှာတော့ ချူးလီသည် အပူပေးစက်ကို ပိတ်ခဲ့လိုက်သည်။

ကျန်းယွီ - ...

အပြင်မှာ မိုးရွာနေတာ သည်းသထက်သည်းလာတာကို သူမကြည့်နေလိုက်တော့သည်။ ဒီအချိန်တွင် အိမ်ပြန်ဖို့မှာ ထီးရှိရင်တောင် မဖြစ်နိုင်တော့ပေ။ အဲ့လိုလျှောက်သွားလိုက်ရင်းကနေ မိုးမိ၍ အအေးတောင်မိနိုင်ပေလိမ့်မည်။

ဆိုဖာပေါ်တွင် တစ်ညလုံးအိပ်ဖို့ကလည်း ချူးလီက သူမအတွက် စောင်ဘာညာတစ်ခုမှ မပေးသောကြောင့် ပိုလို့တောင် မဖြစ်နိုင်နေပေ။

ကျန်းယွီသည် ချူးလီ၏ တံခါးကို တွန်းလိုက်ပြီး “အတည်ကြီးလုပ်နေတာလား?”

ချူးလီကတော့ အိပ်ရာထောင့်စွန်းဘက်တွင် လဲလျောင်းနေပြီဖြစ်ပြီး စိတ်ပညာဆိုင်ရာစာအုပ်အထူကြီး၏ စာရွက်များကို လှန်နေလေသည်။

အခန်းထဲက နံရံမှာသာ ညမီးသီးအသေးလေး ရှိနေပေသည်။ ထိုအလင်းရောင်မှိန်မှိန်လေးသည် သူ့ပုံစံကို နူးညံ့သိမ်မွေ့သွားအောင်ပါ ပုံဖော်ပေးနေတော့သည်။

သူကတော့ သူ့မျက်ခွံများကို မပင့်လိုက်သည့်အပြင် စာအုပ်ကိုသာ ဆက်ဖတ်နေလေသည်။ သို့သော်လည်း သူ့အိပ်ရာခင်းကို မလိုက်ကာ သူမအတွက် နေရာဖယ်ပေးလိုက်လေသည်။

“ကြိုဆိုပါတယ်"

“...”

ကျန်းယွီကတော့ စိတ်ရှည်ရှည်နှင့် ပြန်ပြောလိုက်သည်။

“လွန်မလာနဲ့နော် ချူးလီ”

“ငါ မင်းရဲ့မှတ်ပုံတင်ကို မြင်ဖူးပြီးသား”

ချူးလီသည် စာအုပ်ကို ဖြည်းဖြည်းချင်း ချလိုက်ပြီး သူ့လေသံကတော့ သိပ်မပျော်မရွှင်ပုံပေါ်နေလေသည်။

“အရင်လတုန်းက အသက်ပြည့်သွားပြီပဲ။ အဲ့ဒါကို မင်းမွေးနေ့အကြောင်း ငါ့ကိုတမင်မပြောခဲ့တာပဲ”

“...”

ကျန်းယွီသည် အိမ်ထောင်စုစာရင်းပြသနာများကြောင့် တစ်ခြားကလေးများထက် တစ်နှစ်နောက်ကျမှ ကျောင်းတက်ခဲ့ရသည်။ ဒါကြောင့်မို့လို့ သူမနှင့် ရွယ်တူအတန်းဖော်များထက် သူမက တစ်နှစ်ကြီးပေသည်။

သို့သော်လည်း ချူးလီ ပြောတာတော့ မှန်ပေသည်။ သူမ သူ့ကိုတမင်တကာ မပြောခဲ့ခြင်းဖြစ်သည်။

“အဲ့တော့.. ငါအသက်ပြည့်ပြီဆိုတော့ရော ဘာဖြစ်လဲ”

ကျန်းယွီသည် သူ့ကိုစိတ်ဆိုးမာန်ဆိုးဖြင့် ကြည့်လိုက်ကာ ပြောလိုက်သည်။

“နင်က ငါ့ထက်ငယ်နေတုံးပဲ.. အဲ့တော့ မောင်လေးအပေါ် မကောင်းဆိုးဝါးတစ်ကောင်လိုတော့ မဆက်ဆံပါဘူး”

မောင်လေးဆိုသည့် စကားလုံးကို သူမ တမင်အလေးပေးပြီး ပြောလိုက်ခြင်းဖြစ်သည်။

ချူးလီ၏ မျက်လုံးထောင့်လေးများမှာ အပြုံးလေးများပေါ်ထွက်လာပြီး သူ၏ချောမောသော ရုပ်ရည်သွင်ပြင်ကလည်း ချက်ချင်းဆိုသလို တောက်ပလာတော့သည်။

“စိတ်မရှိပါဘူး။ ကိုယ့်မမက ကိုယ့်ကိုလုပ်ချင်တာလုပ်လို့ရတယ်”

“...”

ကျန်းယွီလည်း တကယ်ဒေါသထွက်သွားကာ သူ့စားပွဲခုံထောင့်က ထိုင်ခုံပေါ်တွင်ထိုင်လိုက်ကာ ပြန်ပြောလိုက်သည်။

“အိုခေလေ.. ဒါဆိုလည်း ငါ နင်အိပ်တာကို စောင့်ကြည့်နေမယ်”

“ဟဲ့!”

ကျန်းယွီ အကြည့်လွဲလိုက်တယ်ဆိုပေမယ့် သူ၏ အမိုက်စားခန္ဓာကိုယ်အပေါ်ပိုင်းကိုတော့ မျက်လုံးထောင့်ကနေ ဖြတ်ခနဲမြင်နိုင်နေသေးသည်။

“နင်ဘယ်လိုတောင် ရမ်းရမ်းကားကားတွေ လုပ်နေရတာလဲ...”

ချူးလီကတော့ အပြစ်မဲ့စွာ ပြောလိုက်သည်။

“ငါ့ကိုယ်ပိုင်အိမ်၊ ငါ့ကိုယ်ပိုင်အိပ်ရာထဲမှာ ငါ့အဝတ်ငါချွတ်ပြီး အိပ်တာလေ။ ဘာကိုရမ်းရမ်းကားကားတွေ လုပ်ရမှာလဲ?”

သူပြောတာ မှန်နေသောကြောင့် ကျန်းယွီလည်း ပြောစရာစကား ပျောက်ဆုံးသွားလေတော့သည်။

သို့သော်လည်း သူမ မနေနိုင်ဘဲ သူ့ကိုခိုးပြီး ရှိုးမိနေသေးသည်။

သူ့ခန္ဓာကိုယ်အပေါ်ပိုင်းက အားကစားသမားတစ်ယောက်လိုမျိုး ပြီးပြည့်စုံလုနီးပါးဖြစ်ပေသည်။ သူ့ကြွက်သားများ ကြည့်ရတာလည်း အလွန်သန်မာလှပေသည်။ အထူးသဖြင့် အလွန်တရာမှ ဆွဲဆောင်မှုရှိလှသော ဗိုက်ကြွက်သားများဖြစ်ပေသည်။

ကျန်းယွီသည် ရုပ်ချောချောကောင်လေးတစ်ယောက်ကို မြင်သည်နှင့် စိတ်လွတ်သွားတတ်သည့် ကောင်မလေးမျိုးတော့ မဟုတ်ပါ။ သို့သော်လည်း သူမ၏ရည်းစားလေးကြောင့် ဖြစ်ပေါ်လာရသော စိတ်ကူးယဉ်အတွေးများကို သူမထိန်းချုပ်လို့မရ ဖြစ်နေပေတော့သည်...

ချူးလီကတော့ သူမခိုးကြည့်နေတာကို သဘောကျပြီး အပြုံးလေးဖြင့် ပြန်မေးလိုက်သည်။

“ကိုယ့်မမ စိတ်ကျေနပ်ရဲ့လား?”

“ဘာတွေလာပြောနေတာလဲ...ငါ.. ငါဂရုမစိုက်ပါဘူးနော်”

“ဂရုမစိုက်ဘူးသာဆိုတယ် ဆက်တိုက်ကြည့်နေတာလေ”

ကျန်းယွီလည်း စိတ်ဆိုးဆိုးဖြင့် သူမ၏ခေါင်းကို ဒူးများကြား မြှုပ်နှံလိုက်သည်။ သူမ၏ပါးများကတော့ အနီရောင်သမ်းနေပေတော့သည်။

ငါတကယ်ကို ဒီညတစ်ညလုံး သည်းခံနေနိုင်ပါ့မလားပဲ..။

“ငါထိုင်ခုံပေါ်မှာ အိပ်မယ်”

“ကြိုက်သလိုလုပ်”

ချူးလီသည် မီးပိတ်လိုက်ကာ အိပ်ရာပေါ်တွင် လဲချလိုက်သည်။

ရုတ်တရက်ဆိုသလိုပင် အခန်းမှာ အမှောင်ထုထဲကျရောက်သွားလေသည်။ အိပ်ခန်းသည် အသံလုံလှပြီး ပြတင်းပေါက်များမှာလည်း ကောင်းမွန်လှပေသည်။ ကြည့်ရတာ ဒီတစ်ကမ္ဘာလုံးတွင် သူတို့နှစ်ဦး၏ အသက်ရှုသံများသာ တည်ရှိနေတော့သည့်အလားပင်။

ချူးလီ၏ အသက်ရှုသံမှာတော့ လေးလံလှပေကာ ကျန်းယွီ၏ အသက်ရှုသံမှာတော့ ညင်သာလှသည်။ အမှောင်ထဲတွင် ထိုအသက်ရှုသံများမှာ အချင်းချင်းလိမ်ယှက်နေကြကာ တစ်ယောက်နှင့်တစ်ယောက် တည်ရှိနေမှုကို သတိပေးနေသည့်အတိုင်းပင်။

ကျန်းယွီသည် သမ်းလိုက်ကာ ငိုက်မျဉ်းလာပေတော့သည်။ ထို့နောက် သူမ၏ခေါင်းမှာလည်း သစ်တောက်ငှက်တစ်ကောင်လို စတင်စိုက်ကျနေလေပြီ။

အမှောင်ထုထဲမှ ကောင်လေး၏ ညို့ဓာတ်ပြင်းသောအသံလေးမှာ ထွက်ပေါ်လာခဲ့သည်။

“အိပ်ရာပေါ်လာခဲ့။ ငါ မင်းကို ဘာမှမလုပ်ဘူး”

ကျန်းယွီလည်း သူ့ကိုလှမ်းကြည့်လိုက်သည်။

သူ့ဘယ်ဘက်ခြမ်းကို နေရာဖယ်ပေးထားပြီး နူးညံ့သောအသံလေးဖြင့် ပြောလိုက်သည်။

“ငါတို့ရှင်းရှင်းလင်းလင်း လုပ်ထားကြတာပေါ့။ ဘယ်သူကမှ ဘယ်သူ့ကိုမထိရဘူး အိုခေလား?”

“ကတိပေးလား”

“ကတိ.. မင်း ငါ့အကြောင်းသိပါတယ်။ ဒီလောက်ကြာနေတာတောင်မှ ငါမင်းကို ဘာမှမလုပ်ခဲ့ဘူးလေ”

ကျန်းယွီလည်း ချူးလီကိုယုံပေသည်။ သူတို့နှစ်ယောက်တည်း အတူရှိဖို့ အခွင့်အရေးတွေ အများကြီးရခဲ့တာတောင် ချူးလီက အမြဲတမ်းသူမကို လေးစားသမှုရှိခဲ့သည်။ သူတို့နှစ်ဦးကြားတွင် အတင်းအလျော့များလည်း များစွာရှိခဲ့ပေမယ့် သူတစ်ခါမှ သူမကိုထိခိုက်နာကျင်အောင် မလုပ်ခဲ့ဖူးချေ။

ကျန်းယွီလည်း နောက်ဆုံးတော့ သူမ၏ ဖိနပ်များကို ချွတ်လိုက်ကာ အိပ်ရာဘေးကို လျှောက်သွားလိုက်ပြီး အိပ်ရာအစွန်ဘက်တွင် ဝင်အိပ်လိုက်တော့သည်။

ချူးလီကလည်း သူမအား ဂွမ်းကပ်ကိုခြုံပေးလိုက်သည်။

သူမဂွမ်းကပ်ထဲသို့ရောက်သည်နှင့် ပူနွေးလှသော နွေးထွေးမှုတစ်ခုသည် သူမခန္ဓာကိုယ်အား ချက်ချင်းရစ်ပတ်လိုက်လေတော့သည်။

ချူးလီ၏ ခန္ဓာကိုယ်အပူချိန်မှာ ကျန်းယွီနှင့် မတူပေ။ ကျန်းယွီလည်း ထိုနွေးထွေးမှုထဲကို မနစ်ဝင်ချင်ဘဲ နစ်ဝင်သွားရတော့သည်။

ဆောင်းရာသီအေးအေးလေးတွင် နေရောင်ခြည်အနွေးဓာတ်လေးရလိုက်သကဲ့သို့ တကယ်ကို... အတော်လေး သက်တောင့်သက်သာရှိလှပေသည်။

သူမအိပ်ရာထဲသို့ ရောက်သည်နှင့် ချူးလီသည် ဒီဘက်လှည့်ကာ သူမကို အနောက်ကနေ သိုင်းဖက်လိုက်တော့သည်။

ကျန်းယွီလည်း ကြက်သေသေသွားပြီး အစကတော့ ရုန်းလိုက်မိသေးသည်။

“နင် ကတိပေးထားတယ်လေ!”

ချူးလီသည် သူ့မေးလေးကို သူမ၏လည်တိုင်ပေါ်တွင်တင်၍ ချော့မြှူသောအသံလေးဖြင့် ပြန်ပြောလိုက်သည်။

“စိတ်မပူပါနဲ့ ဖက်ထားရုံလေးပါ...”

ကျန်းယွီလည်း ဒီကောင်လေး သူမကို ကြိုးတစ်ချောင်းကဲ့သို့ တင်းတင်းကြပ်ကြပ် ရစ်ပတ်ထားကြောင်း သိလိုက်တော့သည်။ ထို့အပြင် သူမဘယ်လိုမှ ရုန်းမထွက်နိုင်ပေ။

သူလည်း ဘာမှဆက်မလုပ်တော့သောကြောင့် ကျန်းယွီလည်း သူ့ကို သည်းခံလိုက်ရုံမှအပါး မတတ်နိုင်တော့ချေ။

ချူးလီ၏ ခန္ဓာကိုယ်သည် အတော်ပူနွေးနေကာ သူမကို သူဖက်လိုက်သည်နှင့် သိပ်မကြာခင်မှာပဲ ကျန်းယွီပါ အဲ့အနွေးဓာတ်ကို ခံစားလိုက်ရတော့သည်။

သို့သော်လည်း ဒီအနွေးဓာတ်လေးသည် သူမကို ပို၍ပင် ငိုက်မျဉ်းစေလာသဖြင့် ကျန်းယွီလည်း နည်းနည်းစိတ်ရှုပ်စပြုလာတော့သည်။

အိပ်မောကျတစ်ဝက် နိုးနေတာတစ်ဝက်ဖြစ်နေချိန်တွင် ချူးလီတစ်ယောက် သူမနားနားကို ကပ်ပြောနေတာတွေကို ကြားလိုက်ရဟန်တူသည်။ အလွန်ကို ရင်ထဲနွေးထွေးစေလောက်သည့် စကားလုံးလေးများပင်။

“ကိုယ်ရှောင်ယွီ့ကို တကယ်ကြိုက်တယ်”, “ကိုယ်မင်းကိုလိုချင်တယ်", “ကိုယ့်မမကို လက်ထပ်ချင်တယ်”...

ကျန်းယွီလည်း ဒါအိပ်မက်လား သူတကယ်တီးတိုးပြောလိုက်သည့် စကားများလားဆိုတာကို မသေချာပေ။ သို့သော် အတိတ်ဘဝတုန်းက ပြဿနာများသော အိမ်ထောင်ရေးနှင့် ပျက်စီးခဲ့သောဘဝကြောင့် ဒီစကားလုံးများကိုကြားရသည့်အခါ သူမတကယ်ကို ငိုချင်လှပေသည်။

အနည်းဆုံးတော့ သူမ၏မျက်ရည်များကို အိပ်မက်ထဲတွင် ထားခဲ့နိုင်ပြီလေ။

သူ့ကို သာမန်အခြေအနေမျိုးနဲ့သာ တွေ့ခဲ့ရမယ်ဆိုရင် ဘယ်လောက်ကောင်းလိုက်လေမလဲ..။

သူမကျိန်းသေပေါက်ပင် သူနှင့်နေကာ၊ သူ့ကိုချစ်ပြီး၊ သူ့ကိုကာကွယ်ပေးမှာပင်။ သူ့လက်ကိုဆွဲကိုင်ထားကာ ဘယ်တော့မှ လက်လွတ်ပေးမည်မဟုတ်ပေ။

သူမအမေပြောခဲ့သလို ဒီကမ္ဘာကြီးပေါ်တွင် တန်ဖိုးမဖြတ်နိုင်သောရတနာကို ရှာတွေ့ဖို့က လွယ်ကူသော်လည်း သူတို့ကို ထိန်းသိမ်းနိုင်ဖို့က အင်မတန်မှ ရှားပါးလှပေသည်။

ကျန်းယွီလည်း သူ့အလိုလို ဟိုဘက်ကိုလှည့်လိုက်ကာ သူ့ရင်ဘတ်ပေါ်တွင် မျက်ရည်များကို သုတ်လိုက်လေတော့သည်။

ထိုညက သူမအတော်ကို ငြိမ်းငြိမ်းချမ်းချမ်းနှင့် အိပ်မောကျခဲ့သည်ပင်...။

နောက်တစ်နေ့နံနက်ခင်းတွင် ကျန်းယွီသည် သူ့အလိုလို စောစောစီးစီး နိုးထလာခဲ့သည်။

အိပ်ရာနိုးလာသည်နှင့် မျက်လုံးများကို မဖွင့်ရသေးခင်မှာပဲ ခဏလောက် ‘သေစမ်း’ဟု တွေးမိလိုက်လေသည်။

သူမမျက်လုံးများကို မဖွင့်ရဲပေ။ ချူးလီ၏ ခန္ဓာကိုယ်နွေးနွေးလေးနှင့် ထိနေသောကြောင့်ပင်။ ထိုသို့ထိနေသည်မှာလည်း သူမ၏ လက်များသာမဟုတ်ဘဲ ခြေဖဝါးများပါ ထိနေခြင်းဖြစ်သည်...

သူမနားထဲသို့ အလွန်ကို ဆွဲဆောင်မှုရှိကာ ညို့ဓာတ်ပြင်းသော အသံလေးတစ်ခု တိုးဝင်လာတော့သည်။

“ဟန်ဆောင်မနေနဲ့တော့.. မင်းနိုးနေပြီဆိုတာ သိတယ်”

ကျန်းယွီလည်း သူမမျက်လုံးများကို ခက်ခက်ခဲခဲနှင့် ဖွင့်လိုက်ချိန်မှာတော့ ချူးလီ၏ ချောမောလှသော ရုပ်ရည်လေးကို မြင်လိုက်ရသည်။ သူ့မျက်တောင်လေးတစ်ချောင်းချင်းစီကပင် သူမမျက်ဝန်းထဲမှာ ထင်ထင်ရှားရှားမြင်နေရပေသည်။

သူ့နှုတ်ခမ်းပါးလေးများမှာ ကော့တက်သွားပြီး “ရှင်းရှင်းလင်းလင်းလုပ်ခဲ့တယ်နော်.. သူများကို ထိလို့မရဘူးဆိုတာ။ ဒါပေမယ့် မမ... မင်းမနေ့ညက ကိုယ့်ကိုအခွင့်အရေးတွေ အများကြီးယူခဲ့တယ်နော်”

“ငါဘာမှမသိဘူးနော်.. ပြီးတော့ ငါမသိပေမယ့်လည်း ငါဘာမှမလုပ်ခဲ့ဘူး”

ကျန်းယွီကတော့ သူ့ကိုပြန်မကြည့်ရဲပေ။ ထို့ကြောင့် သူမခေါင်းကို စောင်အောက်သာ မြှုပ်ထားနိုင်တော့သည်။

ချူးလီကတော့ လှည့်ပြီး ပြန်ပြောလိုက်သည်။

“ဓားပြတွေရဲ့ ထုံးစံအတိုင်းပဲ”

“နင်သွားတော့ ငါအဝတ်အစားလဲတော့မယ်”

ချူးလီလည်း အိပ်ရာထဲကနေ ထွက်သွားလိုက်ပြီး ဗီရိုကိုဖွင့်လိုက်ကာ သိုးမွေးဆွယ်တာတစ်ခုနှင့် ဂျင်းတစ်စုံကိုယူ၍ ကျန်းယွီကို လှမ်းပေးလိုက်သည်။

“ခဏလောက်တော့ ငါ့အဝတ်အစားတွေ ဝတ်ထားလိုက်ဦး။ ကျောင်းကိုပြန်သွားတော့မှ လဲတော့”

ထို့နောက် တံခါးနားကို လျှောက်သွားကာ အတွင်းကနေ လော့ချလိုက်ပြီး လမ်းလျှောက်ထွက်သွားတော့သည်။

ကျန်းယွီလည်း သူ့လုပ်ဆောင်မှုတိုင်းကို လိုက်ကြည့်လိုက်ပြီး သူ့အတွေးတွေကို အသေးစိတ်လိုက်အာရုံခံကြည့်လိုက်သည်။

ဒီလိုရည်းစားမျိုးရှိနေမှတော့ ခင်ပွန်းတစ်ယောက်ဆီကနေ ဘာတွေကို မျှော်လင့်လို့ရတော့မှာလဲ။

ကျန်းယွီသည် သူမ၏ အဝတ်အစားများကို မြန်မြန်လဲဝတ်လိုက်တော့သည်။ အင်္ကျီနှင့် ဘောင်းဘီများမှာ ချောင်နေသော်လည်း ကြည့်ရတာ အရမ်းထူးဆန်းမနေပါ။ ထိုအဝတ်အစားများနှင့် သူမကိုကြည့်ရတာ အတော်ကို စတိုင်ဖြောင့်နေလှသည်။

ချူးလီကတော့ မနက်စာအတွက် ပေါက်စီဝယ်ဖို့ ထွက်သွားလေသည်။ ထို့နောက် မီးဖိုချောင်ထဲကို ပြန်လာပြီး နွားနို့နှင့် ကြက်ဥပြုတ်များကို နွေးလိုက်ကာ စားပွဲပေါ်တွင် အချစ်များနှင့် ပြည့်နှက်နေသောမနက်စာလေးကို ပြင်ဆင်ပေးလိုက်တော့သည်။

ကျန်းယွီသည် သမ်းဝေရင်း ပြောလိုက်သည်။

“နင်မနက်စာကို ဒီလောက်မြိန်မြိန်ရှက်ရှက်စားတာ ငါမတွေ့ခဲ့ဖူးဘူး"

“ငါမနက်စာစားခဲတယ်”

ချူးလီကတော့ ပုံမှန်အတိုင်းသာ ပြန်ဖြေလိုက်သည်။

“ဒါကဘာလို့လဲဆိုတော့ ကိုယ့်မမက ကိုယ်နဲ့အတူတူ ပထမဆုံးအကြိမ်အိပ်တာမို့လေ။ အဲ့တော့ ကိုယ့်မမကို သက်တောင့်သက်သာရှိအောင် လုပ်ပေးရမှာပေါ့။ အဲ့ထဲမှာ မနက်စာကို အထူးတလည် ပြင်ဆင်ပေးတာလည်း ပါတယ်လေ”

“ဘယ်သူက နင်နဲ့အိပ်လို့လဲ?”

“ငါပြောတဲ့အိပ်တယ်ဆိုတာ ရိုးရိုးသားသား တကယ်အိပ်တာကိုပြောချင်တာပါ”

ချူးလီသည် သူမ၏ မျက်နှာချင်းဆိုင်တွင်ထိုင်ကာ သူမအတွက် ကြက်ဥများကို အခွံခွာပေးလိုက်သည်။

“မိန်းမကောင်းလေးတစ်ယောက်ဖြစ်ပြီး ခေါင်းထဲမှာ မဟုတ်တာတွေနဲ့ ပြည့်နေပါလား”

ကျန်းယွီ - ....

သူမ သူ့ကိုဘာမှပြန်မပြောနိုင်တော့ပေ။ သူနှင့်စကားများဖို့ကို စိတ်မပါသည့်အတွက် ဒီအတိုင်းသာ ဘာမှပြန်မပြောဘဲ နေလိုက်တော့သည်။

ချူးလီသည် ကြက်ဥများကို အခွံခွာပြီး သူမပန်းကန်ထဲသို့ ထည့်ပေးလိုက်ရင်း မေးလိုက်သည်။

“ငါ့အိပ်ရာက သက်တောင့်သက်သာရှိရဲ့လား?”

“အဆင်ပြေပါတယ်။ ခဏလေးနဲ့ ငါအိပ်ပျော်သွားတာ”

“ဒါဆိုရင် နောက်တစ်ခါ လာအိပ်ဖို့လည်း ကြိုဆိုပါတယ်နော်”

သူမသည် အံကိုကြိတ်လိုက်ရင်း ပြန်ပြောလိုက်သည်။

“စောင့်နေလိုက်”

ချူးလီသည် ကြင်နာမှုအပြည့်ဖြင့် ပြုံးလိုက်ကာ “ညတိုင်းစောင့်နေပါ့မယ်”

ထိုနေ့လယ်တွင် ဝမ်လွန်တစ်ယောက် အကစတူဒီယိုထဲက ထွက်လာတော့ ဟောခန်းထဲ မှန်နံရံရှေ့တွေ အကြာကြီးရပ်စောင့်နေသည့် ချူးလီကို တွေ့လိုက်ရသည်။

ချူးလီကတော့ အေးတိအေးစက်နှင့် ခက်ထန်နေကာ သူ့အရိပ်ကတောင် အတော်လေး ရန်လိုနေလှသည်။

ချောတယ်.. တကယ်ကို အတော်လေး ချောမောပေတယ်။

ဝမ်လွန်လည်း ချူးလီဘာလို့ ဒီကိုလာလဲဆိုတာ သိပေသည်။ ထို့ကြောင့် အေးဆေးသာ သူ့နားကိုလျှောက်သွားလိုက်ပြီး ပြောလိုက်သည်။

“ငါပါတနာ လဲလိုက်ရတဲ့အကြောင်းကို အတော်လေး ရှင်းရှင်းလင်းလင်းဖြစ်တဲ့အထိ ရှင်းပြပြီးသွားပြီ။ အဲ့အတွက်လည်း တကယ်ကို အပြစ်ရှိစိတ်ဖြစ်မိပြီးတော့ တောင်းပန်ပြီးသွားပြီ။ မင်း ငါ့ကို ပြဿနာရှာချင်တယ်ဆိုရင်လည်း ငါလုပ်နိုင်တာဘာမှမရှိဘူး”

All Chapters