Chapter 56
Vol. 6 Ch. 56
ချူးလီသည် ပြောပြီးသည်နှင့် သူမနှုတ်ခမ်းလေးများကို ထပ်နမ်းလိုက်တော့သည်။ ဒီတစ်ကြိမ်တော့ ကျန်းယွီလည်း မျက်စိမှိတ်ထားလိုက်ကာ သူ့အား သူမ၏ နှုတ်ခမ်းလေးများကို ပြေပြေလေး နမ်းခွင့်ပေးလိုက်တော့သည်။
ချူးလီကလည်း သိပ်အလွန်အကြူးကြီးမလုပ်ပါ။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့တက္ကစီထဲမှာလေ။ ခဏနေတော့ ဒီဘက်ကို အသာအယာလေး ပြန်လှိမ့်လိုက်ပြီး သူတို့နှစ်ယောက် ခွာလိုက်ကြတော့သည်။
ကျန်းယွီ မျက်လုံးဖွင့်ကြည့်လိုက်သည့် အချိန်တွင်တော့ သူ့နှုတ်ခမ်းတွင် နှုတ်ခမ်းနီများ ပေကျံနေတာကို မြင်လိုက်တော့သည်။ သူမလည်း မနေနိုင်တော့ဘဲ ရယ်လိုက်ပြီး သူ့နှုတ်ခမ်းများကို သုတ်ပေးဖို့ လက်ဆန့်လိုက်တော့သည်။
“နင့်ကိုလည်း ကြည့်စမ်းပါဦး...”
ချူးလီကလည်း ကျန်းယွီ၏ နှုတ်ခမ်းနီမှာ အကုန်နီးပါးပျက်နေပြီဆိုတာကို မြင်လိုက်လေသည်။
သူ့ကျောင်းကျောပိုးအိတ်ကို ချက်ချင်းပဲ လှန်လိုက်ကာ MAC နှုတ်ခမ်းနီကို ထုတ်လိုက်ပြီး ကျန်းယွီနှုတ်ခမ်းများကို ခြယ်ပေးလိုက်တော့သည်။
“အမ်? ဒါကဘာလို့ နင့်ဆီရောက်နေတာလဲ? ငါလိုက်ရှာနေတာ အတော်ကြာနေပြီ”
“အဲ့ညက မင်းဘေစင်ပေါ်မှာ ကျန်ခဲ့တာ”
“ဒါဆိုလည်း ဘာလို့ ငါ့ကိုပြန်မပေးတာလဲ?”
ချူးလီသည် နှုတ်ခမ်းနီတောင့်လေးကို လှည့်လိုက်ကာ အနံ့ခံလိုက်ရင်း ပြန်ပြောလိုက်သည်။
“အရမ်းမွှေးတယ်လေ.. ငါသိမ်းထားချင်လို့”
သူမအသုံးပြုခဲ့တာဖြစ်တာမို့ ဒီနှုတ်ခမ်းနီသည် သူအနံ့ခံနိုင်သည့် တစ်ခုတည်းသောအရာဖြစ်ပေသည်။
ကျန်းယွီကတော့ ရက်ရက်ရောရောပဲ ပြန်ပြောလိုက်သည်။
“ထားလိုက်တော့.. နင်ကြိုက်ရင်လည်း ဆော့ဖို့ယူထားလိုက်”
ချူးလီသည် သူမနှုတ်ခမ်းများကို သေချာခြယ်ပေးနေရင်း အနားသတ်များကို လုပ်ပေးရန်အတွက် သူမနားသို့ ကိုင်းလိုက်တော့သည်။
“လုပ်တတ်လို့လား?”
“ဒါပထမဆုံးအကြိမ် လုပ်ဖူးတာပဲ”
“ဒါဆိုလည်း ကောင်းကောင်းလေးခြယ်ပေးနော်။ ခဏနေရင် ငါမိတ်ကပ်ပြန်လိမ်းဖို့ အချိန်ရှိမှာမဟုတ်လောက်ဘူး”
ချူးလီလည်း နည်းနည်းချင်းစီ သေချာဂရုတစိုက်နှင့် ဖြည်းဖြည်းချင်း ပုံဖော်ပေးလိုက်သည်။ သူ့မျက်ဝန်းများမှာ သူမ၏ အနီရောင်တောက်တောက်နှုတ်ခမ်းနီလေးအပေါ် လုံးဝကပ်ငြိနေပေတော့သည်။
သည်းမခံနိုင်တော့သည့်အဆုံး သူမကို နောက်တစ်ခေါက် ထပ်နမ်းလိုက်ပြန်တော့သည်။
ကျန်းယွီ - “…”
“နင်တော့ ပေပွကုန်အောင် လုပ်လိုက်ပြန်ပြီ!”
ချူးလီသည် ပြုံးလိုက်ရင်း ပြန်ပြောလိုက်သည်။
“ကိုယ်ထပ်လုပ်ပေးမှာပေါ့”
ကျန်းယွီသည် ကြည်လင်လှပနေသော သူ့မျက်လုံးလေးများကို ကြည့်လိုက်ပြီး သူ့မျက်နှာလေးကို လှမ်းကိုင်လိုက်လေသည်။
“ချူးလီ.. ကျောင်းမထွက်ပါနဲ့။ အကောင်းဆုံးအထက်တန်းကျောင်းမှာ တက်ရမှာပေါ့။ ပြီးရင် အကောင်းဆုံး တက္ကသိုလ်ကို သွားရမယ်။ ပိုက်ဆံရှာဖို့အတွက်လည်း အရမ်းစိတ်မညစ်ပါနဲ့။ ပြီးတော့ အဲ့လောက်အလောတကြီး အရွယ်ရောက်လာဖို့လည်း မလိုဘူး.. ဟုတ်ပြီလား?”
ချူးလီသည် သူ့အကြည့်လေးကို အောက်စိုက်လိုက်ကာ ခဏနေတော့မှ ခက်ခက်ခဲခဲနှင့် စကားပြန်ပြောပေတော့သည်။
“စကော်လာမရှိတော့ဘူး။ နေထိုင်ဖို့ နည်းလမ်းမှမရှိတာ.. မင်းကိုယ့်အခြေအနေကို သိပါတယ်...”
“ငါပြောပြီးပြီလေ.. ငါ နင့်ကို အငတ်မနေစေရပါဘူးလို့”
“မင်းတကယ်ပဲ ကိုယ့်ကိုထောက်ပံ့ပေးမလို့လား?”
“ငါတို့တွဲနေကြမှတော့ ငါ နင့်ကိုတစ်ယောက်တည်း မထားခဲ့ပါဘူး”
ကျန်းယွီသည် သူ့ပါးလေးများကို ညင်ညင်သာသာလေး ထိလိုက်သည်။ ထို့နောက် သူ့လည်စိလေးကို အသာအယာထုလိုက်ကာ “ဖြေရှင်းဖို့ နည်းလမ်းကို အတူတူရှာကြမယ်လေ။ ငါတို့အတူတူရှိနေသရွေ့ မကျော်လွှားနိုင်တဲ့ အခက်အခဲရှိမှာ မဟုတ်ဘူး”
အစကတော့ ချူးလီက စိတ်ဆုံးဖြတ်ပြီးသားဖြစ်ပေသည်။ ပြီးတော့ သူအမှတ် ၁၂ ကျောင်းကိုသွားမည့်အကြောင်းကိုလည်း ကျန်းယွီကို ပြောမလို့လုပ်နေတာပင်။ အဲ့မှာလည်း တက္ကသိုလ်ကောင်းကောင်းကိုဝင်ခွင့်ရအောင် သူကြိုးစားနိုင်ပေသည်။ ထို့ကြောင့် သူ့အပေါ် သက်ရောက်မှုကြီးကြီးမားမား ရှိလိမ့်မှာမဟုတ်တာကိုပေါ့...
သူဘယ်လောက်ပဲ ဆင်းရဲနေပါစေ သူမဆီက တစ်ပြားတစ်ချပ်ကိုမှ စိတ်သန့်သန့်နှင့် မဖြုန်းနိုင်ကြောင်း သူမကို သူပြောပြချင်ခဲ့သည်။
သို့သော် ဒီအခိုက်အတန့်လေးမှာတော့ တဖျက်ဖျက်တောက်ပနေသော ကျန်းယွီ၏ မျက်လုံးလေးများကို ကြည့်ရင်း သူဘာမှပြန်မပြောနိုင်တော့လောက်အောင် စိတ်လှုပ်ရှားလာခဲ့တော့သည်။
သူမဘက်က ကမ်းလှမ်းလာသမျှကို ငြင်းဆန်လိုက်ဖို့က ခက်ခဲနေပေသည်။
“ကျောင်းမထွက်တော့ပါဘူး”
“တကယ်လား?”
“အင်း.. ကိုယ့်မမက ကိုယ့်ကိုပျိုးထောင်ပေးမယ်ပြောတာပဲ။ အဲ့တော့ မထွက်တော့ပါဘူး”
ချူးလီလည်း ဒီလိုအသုံးမကျသောစကားမျိုးကို ပြောထွက်လိမ့်မည်ဟု သူ့ကိုယ်သူလည်း မသိခဲ့ပေ။
ဖြစ်နိုင်တာကတော့ ဒီဘဝမှာ သူမရှေ့မှာဆိုရင် သူဘာမဆိုလုပ်နိုင်မှာ ဖြစ်ပေလိမ့်မည်။
ချူးလီသည် ကျန်းယွီကိုဆွဲခေါ်ကာ ကျောင်းဝန်းထဲသို့ ပြေးဝင်သွားတော့သည်။ ဖျော်ဖြေရေးကျင်းပရာ ဟောခန်းမှာ အတော်ဝေးဝေး လျှောက်ရဦးမှာဖြစ်လို့ သူမ၏ အားအင်များကို ချွေတာနိုင်ရန် ချူးလီသည် သူမကိုမချီ၍ ဟောခန်းဆီသို့ ပြေးလေတော့သည်။
ကျန်းယွီလည်း ကြက်သေသေသွားကာ “ချူးလီ...”
ချူးလီကတော့ ဘာမှပြန်မပြောဘဲ သူမကိုတင်းတင်းသာ ချီထားကာ အမြန်နှုန်းဖြင့် ပြေးလေတော့သည်။ သူ့ကြည့်ရတာ မမောပန်းနိုင်သည့် ဝံပုလွေရိုင်းတစ်ကောင်ကဲ့သို့ပင်။
ကျန်းယွီလည်း သူမလက်မောင်းများကို သူ့လည်ပင်းအား သိုင်းယှက်လိုက်တော့ပြီး သူ့ရင်ဘတ်ကို မှီလိုက်တော့သည်။
ဒီလိုစိတ်လုံခြုံစေသည့် အသစ်အဆန်း အာရုံလေးသည် သူမနှလုံးသားတစ်ခုလုံးကို သောင်းသောင်းဖြဖြဖြစ်စေခဲ့သည်။ အတိတ်တုံးက သူမခံစားခဲ့ရသော အကြမ်းဖက်မှုများ၊ နာကျင်မှုများသည် ဒီအခိုက်အတန့်လေးတွင် အလုံးစုံ ကုစားလိုက်နိုင်သကဲ့သို့ပင်။
အဘယ်ကြောင့်ဆိုသော် ဒီအမျိုးသားသည် သူမကိုကာကွယ်လိမ့်မည်ဆိုတာကို သူမ သိလေသည်။ သူမကို အမြဲတမ်းကာကွယ်ပေးမှာပင်။
သူမစင်နောက်ကိုရောက်တော့ A ခန်း၏ ဖျော်ဖြေမှုက အခုလေးတင်မှ စတင်တာဖြစ်ပေသည်။ ထို့ကြောင့် အရမ်းနောက်မကျသေးသဖြင့် ကျန်းယွီလည်း စိတ်သက်သာရာရသွားကာ သက်ပြင်းတစ်ချက်ချလိုက်တော့သည်။
သူမပြန်လာတာကို မြင်သည်နှင့် လင်းမြောင်နှင့် မုကျီရှန်းတို့သည် အမြန်ပြေးလာကြကာ မိတ်ကပ်သေတ္တာကိုသယ်ပြီး သူမ၏ မိတ်ကပ်ကို ပြန်ပြင်ဆင်ပေးလိုက်တော့သည်။
“ငါတို့တွေ နင်အချိန်မှီပြန်ရောက်မလာမှာကို စိတ်ပူနေကြတာ.. တော်သေးတာပေါ့ အချိန်တွေ ကျန်သေးတယ်။ နင်အကြောလျော့ပြီး ပြင်လို့ဆင်လို့ရသေးတယ်”
လင်းမြောင်သည် သူမမိတ်ကပ်ကို နည်းနည်းပြန်ဖို့ပေးရန် ပေါင်ဒါပုတ်တာလေးကို ယူလိုက်သည်။
မုကျီရှန်းကတော့ သူမဆံပင်ကိုချည်ပေးလိုက်ကာ ဆံပင်အတုဝတ်ဆင်ပေးလိုက်ရင်း “အဆင်ပြေရဲ့လား.. အခြေအနေရော ဘယ်လိုလဲ?”
ကျန်းယွီကတော့ ကျေးဇူးတင်စွာဖြင့် ပြန်ပြောလိုက်သည်။
“ငါဒီကို ရောက်အောင်လာနေတဲ့တစ်လျှောက်လုံး ပူထူနေခဲ့တာ.. အခုအဆင်ပြေသွားပါပြီ”
“ကောင်းတယ်”
“နင်တို့တွေရော ဘယ်လိုလဲ.. အဆင့်တွေ ရကြပြီလား?”
“အင်း.. ကပြီးတာနဲ့ တစ်ခါတည်းပဲ စင်ပေါ်မှာ အဆင့်တွေပြောပေးတာ။ ငါက B ခန်းမှာ၊ မုကျီရှန်းကတော့ F ခန်း.. နှစ်ယောက်စလုံး အဆင့်တွေက တက်လည်းမသွားသလို ကျလည်းမသွားဘူး”
မုကျီရှန်းမှ ပြောလိုက်သည်။
“ဘာပဲဖြစ်ဖြစ်ပါ။ ငါလည်းဘဲလေးကို မကြိုက်ပါဘူး။ ငါ့အမေတွန်းအားပေးလို့သာ သင်နေရတာ။ အဲ့တော့ ငါဘယ်အခန်းကျလဲ ဂရုမစိုက်ပါဘူး”
ကျန်းယွီ၏ ဆံပင်ကို လုပ်ပေးပြီးတော့ မုကျီရှန်းလည်း သိချင်စိတ်ဖြင့် မေးကြည့်လိုက်သည်။
“ဒါနဲ့ စကားမစပ်.. နင်ဒီမနက်တုံးက ဘယ်သွားတာလဲ?”
“ငါ့ရည်းစားက အရမ်းစိတ်ပူစရာကောင်းနေလို့လေ”
ကျန်းယွီသည် ချူးလီကို လှည့်ကြည့်လိုက်ချိန်မှာတော့ ချူးလီသည် ထွက်မသွားသေးဘဲ တံခါးနားမှာပဲ ရနေကာ သူ့ဖုန်းကိုထုတ်၍ အမှတ်၁၂ကျောင်းကို ဖုန်းခေါ်နေလေသည်။ ထို့နောက် ကျောင်းပြောင်းရန်ကိစ္စကို ငြင်းဆိုလိုက်တော့သည်။
“ဒါက.. ချူးလီ.. သားသေသေချာချာ စဉ်းစားသင့်တယ်နော်”
ပညာရေးတာဝန်ခံကတော့ သူ့ကိုမဲဆွယ်ဖို့ ကြိုးစားနေဆဲပင်။
“စကော်လာက အရမ်းနည်းနေတယ်လို့ထင်ရင် ဆရာတို့တွေ ဆွေးနွေးလို့ရပါတယ်။ ကျောင်းကိုပြောပြီးတော့ သားကို ယွမ်၁သောင်း အပိုထပ်ပေးမယ်လေ.. ဟုတ်ပြီလား?”
ချူးလီကတော့ ကမ်းလှမ်းချက်ကို ငြင်းဆိုနေဆဲပင်။
ထို့နောက် အဝတ်လဲခန်းထဲက ဘဲငန်းပေါက်လေး၏ ပြေပြစ်သွက်လက်သော နောက်ကျောလေးကို လှမ်းကြည့်လိုက်ပြီး သူ့စိတ်ကို ဆုံးဖြတ်လိုက်လေတော့သည်။
ဘယ်လောက်ပဲ ခက်ခဲပါစေ သူရှေ့ဆက်သွားချင်သေးသည်။
ကျန်းယွီလည်း မိတ်ကပ်လိမ်းပြီးသည့်နောက် စင်နားကိုသွား၍ သူများတွေ၏ ဖျော်ဖြေမှုကို လေ့လာအကဲခတ်ကြည့်လိုက်သည်။
အခုကြည့်နေရတာကတော့ ရှန်အုံချင်းနှင့် ဝမ်လွန်၏ ‘ဘဲငန်းရေကန်’ ဖျော်ဖြေမှုပင်။ ဘဲငန်းနက်လေးနှင့် နတ်ဆိုးကြားက အကဟု ခေါ်တွင်ပေသည်။
ဒီနှစ်ယောက်သည် Esmeralda တွင် ဒီသီချင်းနှင့် အလိုက်ဖက်ဆုံးသောစုံတွဲဟု ပြောရပေလိမ့်မည်။
နှစ်ယောက်စလုံးသည် ငယ်စဉ်ကတည်းက နာမည်ကြီးလာကြသူများ ဖြစ်သလို သူတို့နှစ်ဦး၏ အဆင့်မှာလည်း အတူတူလောက်ပင်။ ထို့ကြောင့် သူတို့အကမှာ ဟောခန်းတစ်ခုလုံးက လက်ခုပ်သံတွေကို သိမ်းပိုက်နိုင်မည်ဆိုတာ အထင်မှားစရာကိုမရှိပေ။
ဖျော်ဖြေမှုပြီးသွားတော့ လက်ခုပ်သံများမှာ အတော်နှင့်မဆဲသွားပေ။ ယခုစစ်ဆေးမှု၏ ခံစားချက်အခြေအနေကို အမြင့်ဆုံးသို့ရောက်အောင် ဆွဲခေါ်သွားလေတော့သည်။
ပိုင်ရှုယီလည်း မကြာခဏ ခေါင်းငြိမ့်လိုက်ကာ ရှန်အုံချင်းနှင့် ဝမ်လွန်တို့၏ ဖျော်ဖြေမှုကို အတော်လေးစိတ်တိုင်းကျနေပေသည်။
တစ်ခြားတစ်ဖက်မှာတော့ ကျန်းယွီ၏ စိတ်အခြေအနေက အနည်းငယ် မတည်မငြိမ်ဖြစ်နေပေတော့သည်။
သူမသည် စင်နောက်ကို ပြန်သွားလိုက်ကာ စကျင်ကျောက်ဖြင့် ပြုလုပ်ထားသော တိုင်နားတွင်ရပ်လိုက်ပြီး တိုင်ကိုမှီလိုက်တော့သည်။ သူမနှလုံးသားတစ်ခုလုံးကတော့ အေးစက်နေတော့သည်...
ချူးလီသည် သူမဘေးကို လျှောက်လာပြီး သူမလက်သည်းများကို ဆက်တိုက်ကိုက်နေတာကို တွေ့လိုက်ရသည်။ သူမကိုယ်သူမ သတိတောင်မမူမိသော လှုပ်ရှားမှုများက သူမဘယ်လောက်တောင် စိတ်လှုပ်ရှားနေလဲဆိုတာကို ညွှန်ပြနေလေတော့သည်။ သူမလက်ညိုးနှင့် လက်မရှိ လက်သည်းများမှာ ပြောင်လုနီးပါးပင် ဖြစ်နေလေသည်။
သူမလက်ကို တင်းတင်းလှမ်းကိုင်လိုက်ပြီး သောကရောက်စွာဖြင့် သူမလက်ညိုးလေးကို ထိလိုက်ကာ အားမရစွာဖြင့် ပြောလိုက်သည်။
“ဘာလို့ ဒါကိုတိုက်ခိုက်နေရတာလဲ?”
ကျန်းယွီကတော့ စိုးရိမ်ကြောင့်ကြလျက် သူမခေါင်းကို ခါရမ်းလိုက်ကာ ချူးလီကိုပြောပြလိုက်သည်။
“ဒီတစ်ခေါက်တော့ ငါတကယ်ကို မလုပ်နိုင်တော့ဘူး ချူးလီ... ငါခုန်တာတွေက အဲ့လောက်မကောင်းဘူး။ တီချယ်ပိုင်က အမြဲပြောနေတာ.. ငါ့အသေးစိတ် လှုပ်ရှားမှုတွေက အကြမ်းသဘောပဲရှိတယ်တဲ့။ ငါ့အကကလည်း တကယ်ကို အကြမ်းအဖျင်းပဲ။ ငါထင်ထားသလောက် ကောင်းမနေဘူး။ ငါရှန်အုံချင်းလောက် မပြီးပြည့်စုံနိုင်ဘူး။ နည်းပညာပိုင်းနဲ့ ကျွမ်းကျင်မှုပိုင်းမှာဆိုရင် ငါကသူ့လောက်မကောင်းဘူး”
သူမသည် သူမနဖူးလေးကို တိုင်မှာကပ်လိုက်ကာ သူမ၏ စိတ်အခြေအနေတစ်ခုလုံးကတော့ ယိုယွင်းပျက်စီးကာ အောက်ကိုထိုးချနေပေတော့သည်။
“ငါလုံးဝကို အဆင်သင့်မဖြစ်သေးဘူး။ ငါလေ့ကျင့်ထားတာ အရမ်းဆိုးတယ်”
ချူးလီကတော့ အတော်လေးတည်ငြိမ်နေကာ ပြန်မေးလိုက်တော့သည်။
“အဲ့တော့ရော ဘာဖြစ်လဲ? အဆိုးဆုံးရလဒ်က ထုတ်ပယ်ခံရမှာပဲမလား?”
“ရှုံးရုံတင်မဟုတ်ဘူး အဲ့ကျရင် လက်ရှိအနေအထားကိုပါ ကျိန်းသေပေါက် ထိန်းထားနိုင်တော့မှာ မဟုတ်ဘူးလေ။ ပြီးရင် အနိမ့်တန်းထဲ ရောက်သွားမှာ”
“အဲ့တော့ရော ဘာဖြစ်လဲ?”
ကျန်းယွီသည် သူ့ကိုနားမလည်နိုင်ဟန်ဖြင့် ကြည့်လိုက်သည်။
“ငါသာအနိမ့်တန်းကို ရောက်သွားရင် ငါအကောင်းဆုံးအခန်းမှာ နေနိုင်တော့မှာ မဟုတ်ဘူးလေ။ ပြီးတော့ ဆရာကလည်း အဲ့လောက်ကောင်းမှာ မဟုတ်ဘူး”
“ကျန်းယွီ... မင်းတကယ် အတိအကျကြိုက်တာက ဘာလဲ?”
ကျန်းယွီလည်း ခဏလောက်တော့ ကြောင်အမ်းအမ်းဖြစ်သွားလေသည်။ ပြီးတော့မှ နှုတ်ကနေ လွှတ်ခနဲထွက်လာတော့သည်။
“ငါစင်ပေါ်မှာ ကရတာကို ကြိုက်တယ်”
“ဒါဆို အဆင်ပြေပြီလေ။ စင်ပေါ်မှာသာ ရပ်နေပါ။ မီးမောင်းက မင်းပေါ်မှာ တောက်ပနေသရွေ့တော့ မင်းကြိုက်တာကိုပဲ မင်းလုပ်နေနိုင်သေးတယ်လေ မဟုတ်ဘူးလား? ဘဲငန်းဘုရင်မပဲဖြစ်ဖြစ် ဘဲငန်းလေးပဲဖြစ်ဖြစ် ဘာမှခြားနားမသွားပါဘူး”
သူ့အသံသည် နှေးနှေးလေးနှင့် နက်နဲနေလှပေသည်။
“ဘာလို့လဲဆိုတော့ စင်ပေါ်မှာ ဘဲငန်းတွေ ဘယ်လောက်ပဲရှိရှိ အရေးမပါဘူးလေ။ ပရိသတ်ထဲက ချူးလီက ကျန်းယွီတစ်ယောက်တည်းကိုပဲ မြင်နိုင်တာမို့လို့...”
အရေးကြီးသော စင်တစ်ခုအတွက်ဆိုလျှင် ကချေသည်အနည်းစုကသာ Giselle ကိုတင်ဆက်ရန် ရွေးချယ်တတ်ကြပေသည်။ အဘယ်ကြောင့်ဆိုသော် ထိုပြဇာတ်မှာ စိတ်ကူးယဉ်ဆန်သောချစ်ရေးချစ်ရာ ဘဲလေးတစ်ပုဒ်ဖြစ်ပြီး ထိုပြဇာတ်ကို အသက်ဝင်အောင် ခံစားချက်ကိုထိထိမိမိ ဖော်ကြူးပြရပုံမှာ ခက်ခဲလွန်းလှသည့်အပြင် ကချေသည်များ၏ သရုပ်ဆောင်စွမ်းရည်ကို မြင့်မြင့်မားမား လိုအပ်သောကြောင့်ပင်။
တစ်နည်းပြောရမည်ဆိုလျှင် ဘဲလေးအရည်အချင်းများ လိုအပ်ရုံတင်မကဘဲ သရုပ်ဆောင်စွမ်းရည်ပါ လိုအပ်သည်ပင်။
သရုပ်ဆောင်တာကို ပြောရမယ်ဆိုရင်တော့ ဒါသည် ကျန်းယွီ အကျွမ်းကျင်ဆုံးအပိုင်းပင်။
သူမလည်း ထပ်ပြီး တွန့်ဆုတ်မနေတော့ပါ။ သူမ၏ အရည်အချင်းများက ပြီးပြည့်စုံဖို့ကိုတော့ မလုံလောက်သေးဘူးဆိုပေမယ့် ချူးလီပြောသလိုပဲလေ... အဲ့တော့ရော ဘာဖြစ်လဲ..။
ပရိသတ်က သူမကိုမြင်နေရသရွေ့၊ သူမကလည်း အကောင်းဆုံးလုပ်နိုင်တာကို တင်ဆက်ပြနေသရွေ့တော့ ဒီလောက်နဲ့တင် လုံလောက်နေပြီလေ။
ထိုးထားသော မီးမောင်းလေးမှာ ရေခဲပြာရောင်လေးသို့ တဖြည်းဖြည်း ပြောင်းလဲသွားလေသည်။ စင်၏ဘယ်ဘက်ခြမ်းက ကောင်မလေးပေါ်၌ တောက်ပနေလျက်ပင်။ သူမသည် အဖြူရောင်ဇာအမွေးပွဂါဝန်လေးကို ဝတ်ဆင်ထားကာ ခြေဖျားလေးထောက်၍ မတ်တပ်ရပ်နေလေသည်။ ဒီလိုနှင့် စင်ရှေ့ကို ဖြည်းဖြည်းချင်း ဝင်ရောက်လာလိုက်သည်။
ဒီပြဇာတ်မှာ သူမနှင့်စေ့စပ်ထားသော ကောင်လေးက သစ္စာဖောက်သွားကာ စွန့်ပစ်ခံလိုက်ရသော သရဲမလေးအကြောင်းဖြစ်သည်။ သရဲမလေးက ထိုသစ္စာဖောက် တောအုပ်ထဲမှာ လမ်းလျှောက်နေတုံး လက်စားပြန်ချေခဲ့ပေသည်။ သူမနှင့်အတူကရန် သူ့ကိုမြူဆွယ်ကာ မောပန်းလွန်းတာကြောင့် သေဆုံးသွားရသည့် သစ္စာဖောက်ကောင်လေးတို့အကြောင်း ဖော်ကြူးချက်ပင်။
သို့သော်လည်း သရဲမလေး Giselle သည် ချစ်ရသူ သေဆုံးခါနီးတွင် ပြောသွားခဲ့သော နောင်တစကားများကို ကြားခဲ့ရလေသည်။ ဒီလိုနှင့် နောက်ဆုံးတော့ သူမသည် သူ့ကိုခွင့်လွှတ်ပေးရန်သာ ရွေးချယ်လိုက်ပြီး သူ့ချစ်သူ၏ အလောင်းကို ကာကွယ်ပေးခဲ့တော့သည်။
ချစ်သူ၏ ကြီးမားသောနောင်တတရားနှင့် ဝမ်းနည်းပက်လက်ဖြစ်မှုတို့နှင့်အတူ သရဲမလေး Giselle သည်လည်း မိုးသောက်ချိန်ခေါင်းလောင်းသံအောက်တွင် ပျောက်ကွယ်သွားရတော့သည်။
ဒီစတိတ်စင်ဖျော်ဖြေမှုအတွက် ကျန်းယွီသည် Giselle ၏ ဂန္တဝင် တစ်ကိုယ်တော်အကကို ဖျော်ဖြေရန် ရွေးချယ်ခဲ့ပေသည်။
အကတစ်ခုလုံးကို နက်ပြာရောင်သဘောသွားဖြင့် လုပ်ဆောင်ထားလေသည်။ သူမသည် သွက်လက်ဖျတ်လတ်စွာဖြင့် စွေ့စွေ့လေး ကလိုက်တော့သည်။ တောနက်ထဲက သရဲမလေးအလား ဖြည်းဖြည်းချင်းစီ ပွင့်လန်းလာပြီး သီချင်း၏ဂီတသံစဉ်လေးနှင့်အတူ စီးမြောကခုန်နေတော့သည်။
ဘဲလေး၏ အလှပဆုံးအပိုင်းသည် ခြေချောင်းများနှင့်ခုန်တာ ဖြစ်ပေသည်။ ထို့အပြင် ဒီအကကို တင်ဆက်ရပုံမှာလည်း အလွန်တရာရှုပ်ထွေးသော ခြေချောင်းလျှောက်လမ်းပုံများ ပါဝင်ပေသည်။ ထိုအရာသည် ဘဲလေးကချေသည်တစ်ယောက်၏ အရည်အချင်းများကို တစ်ပြိုင်နက်တည်း မီးမောင်းထိုးပြနိုင်သည့်အချိန်ပင် ဖြစ်ပေသည်။
ကျန်းယွီ၏ ငေးမောမှုလေးများမှာ အမြဲလိုလို အောက်စိုက်အကြည့်လေး ဖြစ်သည်။ ထို့အပြင် သူမ၏မျက်ခုံးလေး နှစ်ဖက်အကြားတွင်လည်း မဖော်ပြနိုင်လောက်သော သနားစရာလေးများ ရှိနေပေသည်။ အထူးသဖြင့် သူမသည် ကြွေလွင့်သွားသော ချစ်သူ၏ ဘေးတွင် ကနေသလို ဖြစ်သောကြောင့် ဒီလှပသောအကလေးမှာ အလင်းနှင့်အမှောင်ကြားက အရာကို ထင်ထင်ရှားရှား အဓိပ္ပာယ်ဖွင့်ဆိုနေပေသည်။ အချစ်၊ သံသယ၊ သေခြင်းတရားနှင့် လက်လွှတ်ခြင်းတို့ကိုပေါ့..။
ကျန်းယွီ၏ ဖျော်ဖြေမှုကို ကြည့်နေသော ပရိသတ်များလည်း တစ်ချိန်လုံး တိတ်ဆိတ်နေကြသည်ပင်။ သူမ၏ စိတ်ခံစားချက်များအတိုင်း သူတို့ကိုပါ ပြဇာတ်ထဲသို့ ဆွဲခေါ်သွားသည့်အလားပေ။ ကျက်သရေရှိလှသော တေးသွားလေးနှင့်အတူ ပရိတ်သတ်များသည် မှုန်ဝါးဝါး အပြာရောင်တောအုပ်လေးထဲတွင်ရှိနေသော သူတို့ကိုယ်ကို စိတ်ကူးယဉ်မိလာတော့သည်။
စင်နောက်တွင်တော့ ဝမ်လွန်သည် ကျန်းယွီ၏ မဟာခုန်ခြင်းများကို ကြည့်နေသည်။ သူ့မျက်လုံးများကတော့ အရင်က မရှိခဲ့ဖူးသော အလင်းရောင်လေးများနှင့်အတူ တောက်ပနေလေတော့သည်။
ကျန်းယွီ၏ ဖျော်ဖြေမှုမှာ အထူးကျွမ်းကျင်နေတာမျိုး မဟုတ်တာကိုတော့ မြင်နိုင်ပေသည်။ ထို့အပြင် သူမဘယ်လိုတောင် ဒါကိုအလောတကြီး ကျင့်ခဲ့ရတာလဲဆိုတာ ဘယ်သူကမှ တွေးထင်ထားမှာတောင် မဟုတ်ပေ။