← Chapters

Chapter 57

Vol. 6 Ch. 57

Chapter 57

Vol. 6 Ch. 57

သို့သော်လည်း အနည်းငယ် အထစ်အငေါ့ပါသော ထိုသရုပ်ဖော် အဓိပ္ပာယ်ဖွင့်ဆိုပြမှုက လူတွေကို မပြောပြတတ်သော မျှော်လင့်ချက် အရိပ်အယောင်လေး ပေးနိုင်ခဲ့ပေသည်။

ဇာတ်ခုံတစ်ခုက ဘယ်လောက်တောင် သက်ရောက်မှုရှိလဲဆိုတာကို သိချင်ရင် လူတစ်ယောက်သည် ပရိသတ်၏ တုံ့ပြန်မှုကိုသာ တိုက်ရိုက်ကြည့်လိုက်နိုင်သည်လေ။

စောနလေးတင်ကပင် မြောက်များစွာသော တင်ဆက်မှုများရှိခဲ့လေသည်။ ထို့အပြင် ကျောင်းပေါင်းစုံ၏ အရည်အချင်းအရှိဆုံး ကချေသည်များက တစ်လှည့်စီ ဖျော်ဖြေသွားကြတာပဲလေ။ သို့သော်လည်း ပရိတ်သတ်ကို ဒီလောက်အကြာကြီး ငြိမ်သက်တိတ်ဆိတ်သွားအောင် လုပ်နိုင်ခဲ့တာကလည်း ဇာတ်ခုံတကယ့်အနည်းစုသာ။ နောက်ဆုံး အဆုံးသတ်ရောက်သည်အထိ ပရိတ်သတ်ကို ဆွဲဆန့်သွားနိုင်တာမျိုးပေါ့...

ဒါကို ကျန်းယွီ လုပ်နိုင်ခဲ့လေသည်။

ပြောရမယ်ဆိုရင် သူမ လူတိုင်းကို အနိုင်ရလိုက်ပေပြီ။

သို့သော်လည်း ဝမ်လွန်က ဒီလိုတွေးတယ်ဆိုပေမယ့် အကဲဖြတ်ဒိုင်နေရာက ဆရာများကတော့ ဒီလိုမျိုးဖြစ်လိမ့်မှာ မဟုတ်ပေ။ ပိုင်ရှုယီကိုယ်တိုင် ဦးစီးသောကျန်းယွီ၏ တင်ဆက်မှုကို စိတ်ကျေနပ်ကြလိမ့်မည်မဟုတ်။

ဝမ်လွန့်ဘေးနားက ရှန်အုံချင်းတောင်မှ ကျန်းယွီ၏ ဖျော်ဖြေမှုတစ်ခုလုံးကို ကြည့်ပြီးသည့်နောက် မောက်မာစွာဖြင့် မှတ်ချက်ပေးခဲ့သည်ပင်။

“ဘာနည်းစနစ်မှ မရှိဘူး”

ဝမ်လွန်ကတော့ ပြန်ပြောလိုက်သည်။

“သူ့မှာတကယ်ပဲ နည်းစနစ်မရှိဘူး.. အရင်တုန်းက ပုထျန်းယန်လိုပဲ”

ရှန်အုံချင်းသည် ဝမ်လွန့်ကို ငေးကြည့်လိုက်ကာ မနာလိုမှုအနည်းငယ်ဖြင့် ဆိုလိုက်သည်။

“သူ့ကိုပုထျန်းယန်နဲ့ သွားယှဉ်နေတယ်ပေါ့လေ။ နင် သူ့ကိုအရမ်းကြီး အထင်ကြီးလွန်းနေတာ မဟုတ်ဘူးလား?”

“အခုချိန်မှာတော့ အဲ့လိုမှီနိုင်ဖို့ အဝေးကြီးလိုရင်လိုဦးလိမ့်မယ်။ ဒါပေမယ့် အဲ့လိုဆိုတာနဲ့ အနာဂတ်မှာ သူလုပ်နိုင်မှာမဟုတ်ဘူးလို့ မဆိုလိုဘူးလေ”

ဝမ်လွန်သည် ပေါ့ပေါ့ပါးပါးသာ ပြန်ပြောလိုက်သည်။

“မမေ့နဲ့ဦး.. သူဒီအကကို ၃ရက်ထဲနဲ့ ကျင့်ခဲ့ရတယ်ဆိုတာ”

ရှန်အုံချင်းသည် စကားဆက်မပြောတော့ဘဲ လက်ပိုက်ကာ ကျန်းယွီအား ကြည့်လိုက်သည်။ သူမ၏ မျက်လုံးများထဲတွင်တော့ မမြင်နိုင်သော စိုးရိမ်ပူပန်မှုများ ရှိနေလေတော့သည်။

ဒါပေါ့။ ရှန်အုံချင်းလည်း သူမကိုယ်သူမ မေးကြည့်မိတာပေါ့။ သူမသာ ၃ရက်ပဲအချိန်ရခဲ့မယ်ဆိုရင် သူမရော ဒီလိုကျန်းယွီလိုအဆင့်မျိုး ရောက်နိုင်မှာလား။

သူမ မသေချာပေ။

ဒိုင်လူကြီးများ၏ စင်ဘေးတွင်တော့ EFDC တန်းများက ဆရာများက ကျန်းယွီ၏ အကကို အကဲဖြတ်မှုမြင့်မြင့်ဖြင့် တစ်လှည့်စီ ပြောပေးလိုက်ကြသည်။

“ပရိသတ်ရဲ့ တုံ့ပြန်မှုနဲ့တင် ကျန်းယွီရဲ့ တင်ဆက်မှုက ပြီးပြည့်စုံတယ်ဆိုတာကို သေချာပေါက်မြင်နေရတယ်နော်”

“ဒါပေါ့.. အဲ့ဒါကြောင့်လည်း တီချယ်ပိုင်ရှုယီ ချစ်ရတဲ့တပည့်မလေးအဖြစ် ထိုက်တန်နေတာပေါ့”

“ဒီညအတွက်တော့ အပြီးပြည့်စုံဆုံး တင်ဆက်မှုလို့တောင် သတ်မှတ်လို့ရမယ်နော်”

ကျန်းယွီကတော့ သူတို့၏အကဲဖြတ်ပေးမှုကို ယဉ်ယဉ်ကျေးကျေးသာ ကျေးဇူးတင်ကြောင်း ဖော်ပြလိုက်သည်။ ဒါပေါ့.. ဒီဆရာတွေ သူမကို ဒီလိုမြှောက်နေတယ်ဆိုတာကလည်း တစ်ချို့ကတော့ စိတ်ရင်းဖြစ်ပေမယ့်၊ တစ်ချို့ကတော့ ပိုင်ရှုယီကို မျက်နှာလုပ်ချင်တဲ့ ရည်ရွယ်ချက်နဲ့ပဲလေ။

ကျန်းယွီသည် အချိန်အတော်ကြာသည်အထိ ဘာစကားမှမပြောသေးသော ပိုင်ရှုယီကိုကြည့်လိုက်သည်။

ပိုင်ရှုယီ၏ မျက်နှာကတော့... အကြည်ဓာတ်လေးမရှိတော့ဘဲ တင်းမာကာ အလေးအနက်ဖြစ်နေလေသည်။

“ကျန်းယွီ.. ဒီတစ်လျှောက်လုံး ငါ့ဆီကသင်ပြတာကို ခံလာရတာမလား။ အဲ့တော့ ငါပွင့်ပွင့်လင်းလင်းပဲ ပြောမယ်။ ဒီနေ့ နင့်အကကို ငါအတော်လေး စိတ်တိုင်းမကျဘူး”

ထိုမှတ်ချက် ထွက်လာသည်နှင့် ပရိသတ်များမှာ အံ့အားသင့်ပြီး တုန်လှုပ်သွားလေတော့သည်။

ဒီလိုအကမျိုးတောင်မှ စိတ်တိုင်းကျစရာမကောင်းဘူးဆိုမှတော့ တီချယ်ပိုင်ရှုယီက စည်းကမ်းတင်းကြပ်တာ လွန်းလွန်အားကြီးတာပါလား!

လူတိုင်းလည်း မယုံနိုင်အောင် ဖြစ်နေတော့သည်။ သို့သော် ကျန်းယွီဆီကတော့ မျှော်လင့်ထားသည့်အတိုင်းပင်။

“တီချယ်ပိုင်.. သမီးမကျွမ်းကျင်သေးတဲ့ အပိုင်းတွေ အများကြီး ရှိသေးတယ်ဆိုတာ ဟုတ်ပါတယ်။ သမီးအမှားပါ”

ထိုအချိန်တွင် နောက်တန်းတွင်ရှိနေသော လင်းမြောင်နှင့် မုကျီရှန်းတို့က ကျန်းယွီအတွက် အမြန်ရှင်းပြပေးလိုက်ကြတော့သည်။

“သူ့မှာလေ့ကျင့်ဖို့ အချိန်၃ရက်ပဲ ရှိခဲ့လို့ပါ!”

“အစတုံးက လူတစ်ယောက်က သူနဲ့အတူကမယ်လို့ ပြောခဲ့တာလေ။ ပြီးလည်းပြီးရော ကိုယ်လွတ်ရုန်းပြီး ထားခဲ့တာ။ အဲ့ဒါကျန်းယွီရဲ့ အမှားမဟုတ်ပါဘူး”

ကျန်းယွီလည်း သူတို့ကို ဆက်မရှင်းပြတော့ဖို့ ချက်ချင်းမျက်စပစ်ကာ ပြောလိုက်တော့သည်။

Esmeralda ၏ဆရာများမှာ စည်းကမ်းကြီးရာတွင် နာမည်ကြီးလေသည်။ ထို့အပြင် ဒီနေရာသည် ဆင်ခြေဆင်လတ်များကို နားထောင်ရန် နေရာမဟုတ်ပေ။

ဘဲလေးစင်အတွက်ဆိုလည်း ဒီအတိုင်းပင်ဖြစ်သည်။ စင်ပေါ်တွင် ကချေသည်တစ်ယောက် အမှားလုပ်မိပါက ဖျော်ဖြေမှုပြီးသည့်အချိန်တွင် ပရိသတ်ကို အကြောင်းပြချက်များ ပြန်ရှင်းပြသင့်တာမဟုတ်ပေ။

အဆင်သင့်မဖြစ်ခြင်းက အဆင်သင့်မဖြစ်ခြင်းပါပဲ။ သူမကိုယ်သူမ ကာဖို့အတွက် ဆင်ခြေတွေပေးလို့မရဘူးလေ။

ပိုင်ရှုယီကတော့ မျက်နှာထားတည်တည်ဖြင့် ဆက်ပြောလိုက်သည်။

“အကြီးမားဆုံး ပြဿနာက လေ့ကျင့်ချိန် တိုတောင်းခဲ့တာ မဟုတ်ဘူး။ ဘာလဲဆိုတော့ နင်က ငါသင်ခဲ့သမျှကို တစ်ခွန်းမှ နားမထောင်ခဲ့တာပဲ။ ဒါမှမဟုတ် နင်က ငါသင်တာတွေ မှားနေတယ် ထင်လို့လား?”

နောက်တန်းက ကျောင်းသားများသည် တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြတော့သည်။ တစ်ချို့ကတော့ ကျန်းယွီအတွက် ချွေးတွေပါပြန်နေပြီဖြစ်သည်။ ပွဲကိုစပ်စုနေကြသော တစ်ချို့ကတော့ စိတ်လှုပ်ရှားနေကြကာ ကျန်းယွီ၏ အဖြေကို သိချင်နေကြပေသည်။

ကျန်းယွီလည်း ခဏလောက် တိတ်နေပြီးမှ ပြန်ပြောလိုက်သည်။

“သမီးတကယ်ကို.. တီချယ်ပိုင် ပြောခဲ့တာတွေကို လိုက်မလုပ်ခဲ့ပါဘူး။ ဒါပေမယ့် သမီးပြောချင်တာကတော့ အသေးစိတ်တွေ အကုန်လုံးကို စိတ်ထဲတကယ်ထည့်ထားပါတယ်”

သူမတွင် အချိန်သိပ်မရှိခဲ့သောကြောင့် ဝမ်လွန်နှင့် အရင်ဖျော်ဖြေမှုလိုမျိုး တစ်ခုချင်းစီကို အသေးစိတ်သွားပြီး ထိုအသေးစိတ်များကို တိကျသောပုံဖော်ခြင်းများ မလုပ်နိုင်ခဲ့ပေ။

အချိန်တိုအတွင်းတွင် တင်ဆက်မှုကိုသာ အပြည့်အဝလုပ်နိုင်ရမည်လေ။ ထို့ကြောင့် ဒီဇိုင်းပိုင်းနှင့် သရုပ်ဆောင်မှုအပိုင်းကိုသာ သူမပိုပြီးအားထည့်ခဲ့တာပင်။ မျက်နှာအမူအရာများ၊ စိတ်ခံစားချက်များနှင့် ပုံပြင်အတွက် သူမ၏ကိုယ်ပိုင် သရုပ်ဖော်မှုတို့ကိုပေါ့...

ကျန်းယွီသည် ငယ်စဉ်ကတည်းက ပုထျန်းယန်၏ ဖျော်ဖြေရေးဗီဒီယိုများကို အကြိမ်တစ်ရာထက်မနည်း ကြည့်ခဲ့ဖူးလေသည်။ ထို့အပြင် တစ်ခြားဘဲလေးကချေသည်များနှင့် နှိုင်းယှဉ်ပြီးတော့ သရုပ်ဆောင်၏ ဗီဒီယိုကို ကြည့်ခဲ့လေသည်။

အကနယ်ပယ်တွင် ပုထျန်းယန်တစ်ယောက် ဂန္တဝင်ဖြစ်လာခဲ့သည် ဆိုသည်မှာလည်း သူမက အခြားသူများနှင့် ကွဲပြားနေခဲ့လို့ပင်။ သူမသည် ဒီအတိုင်းလေး ကနေခြင်းမဟုတ်ပေ။ သူမ၏ အကမှာ လှပကာ သက်ဝင်လှုပ်ရှားနေသော ဒဏ္ဍာရီလေးတစ်ပုဒ်ကို ပြောပြနေခဲ့တာပင်။

ပုံပြင်၏ အဓိကအချက်အချာကို အကနှင့်ပြီးပြည့်စုံစေခြင်းကသာ လူသားများရဲ့ အကျယ်ပြန့်ဆုံးအာရုံများကို နိုးကြွစေနိုင်တာပင်။ ဒီလိုမှသာ ပုံပြင်ကအသက်ဝင်လာပြီး စိတ်ထိခိုက်လှုပ်ရှားချင်စရာ ကောင်းလာမှာပင်။

ကျန်းယွီသည် အကစက်ရုပ်တစ်ကောင်လို မဟုတ်ဘဲ ပုထျန်းယန်လို ကချင်ခဲ့တာပင်။

ပိုင်ရှုယီကတော့ ကျန်းယွီ၏အတွေးအမြင်များကို ငြင်းပယ်လေ၏။

“နောက်လည်း ဒီလိုမျိုးပဲ ဆက်ပြုမူနေမယ်ဆိုရင်... ငါနင့်ကို မသင်ပေးနိုင်တော့ဘူး”

ထိုအချိန်တွင် တစ်လျှောက်လုံး တိတ်ဆိတ်နေခဲ့သော ရွယ်ကျားယီမှ ထရယ်လိုက်တော့သည်။

“ငါကြားတာတော့ ကျန်းယွီမှာ လေ့ကျင့်ဖို့အချိန်၃ရက်ပဲ ရှိခဲ့တာဆို။ အဲ့တော့ ဒီလောက်အဆင့်ထိ ရောက်အောင်လုပ်နိုင်တာ မဆိုးပါဘူး”

“ကျေးဇူးတင်ပါတယ် တီချယ်ရွယ်”

ရွယ်ကျားယီသည် ကျန်းယွီဘက်က ဝင်ပြောပေးတာတော့ မဟုတ်ပေ။ သူမက ပိုင်ရှုယီကို ဒေါသထွက်အောင်လုပ်ရတာကိုသာ သဘောကျခြင်းပင်။

ပိုင်ရှုယီပြောလိုက်တာတွေက မနာလိုလို့ဆိုတာကို သူမသိနေပေသည်။

ဒီနေ့သည် သူတို့နှစ်ဦးအရင်တုံးက ပုထျန်းယန်ကတာကို အတူတူကြည့်ခဲ့တုံးကနှင့် အတူတူပေ။ ဝန်းကျင်အခြေအနေ၊ စိတ်ခံစားမှုများ၊ ကူးစက်သွားသော ခံစားချက်များ... ဘယ်သူမှ မယှဉ်နိုင်ခဲ့ပေ။

ပုထျန်းယန်ဆိုသည်မှာ သူမအကကို ကြည့်နေနရင်းနဲ့ ပရိသတ်ကို မျက်ရည်စို့လာအောင် လုပ်နိုင်သူပင်။ သူမဖျော်ဖြေမှု ပြီးသွားရင်တောင်မှ မျက်မှောက်မြင်ကွင်းကို အချိန်အတော်ကြာသည်အထိ တိတ်ဆိတ်နေအောင် စွမ်းဆောင်နိုင်သူပေ။ သူမ၏စတိုင်ကို အခုချိန်ထိ ဘယ်သူမှ မရရှိနိုင်ခဲ့ပေ။

သို့သော်လည်း ကျန်းယွီဆီမှာတော့ ပုထျန်းယန်၏ ခြေရာကို နင်းနိုင်မည့် ခံစားချက်များ ရှိနေပေသည်။ အချိန်သာ သေချာပေးလိုက်မည်ဆိုလျှင် သူမအနာဂတ်က အဆုံးအစမဲ့ဖြစ်လာပေလိမ့်မည်။

ဒီအရာက ပိုင်ရှုယီ လည်ပင်းထဲမှာ အတစ်စို့ဆုံးဖြစ်စေတယ်ဆိုတာကို ရွယ်ကျားယီက သိတာပေါ့..။

သူမသည် လက်ပိုက်လိုက်ပြီး ဘာမှကြီးကြီးကျယ်ကျယ် မဟုတ်သလို စိတ်လှုပ်ရှားစရာပွဲအား ကြည့်နေကာ စိတ်အေးလက်အေးဖြင့် ပြောလိုက်သည်။

“ရှုယီ.. ငါတော့ နင်ကျောင်းသူကျန်းယွီအပေါ် အရမ်းတင်းကြပ်နေတာလို့ ထင်တာပဲ။ ပြီးတော့ နင့်ရဲ့ သေချာပြုမူတဲ့စတိုင်က သူနဲ့မလိုက်ဖက်လောက်ဘူးနော်”

ပိုင်ရှုယီသည် ရွယ်ကျားယီအား အေးတိအေးစက်အကြည့်တစ်ချက်ဖြင့် ကြည့်လိုက်တော့သည်။

ရွယ်ကျားယီပြောသမျှက သူမကို အရှိုက်ထိစေနေတာပင်။

မှန်တယ်လေ.. သူမက ငယ်စဉ်ကတည်းက ဘဲလေးနဲ့ပတ်သတ်ပြီး ပညာရေးတစ်ခုကို အခြေခံကျကျ၊ စည်းစနစ်ကျကျနနနဲ့ သင်ယူခံခဲ့ရတာပဲ။ အသေးစိတ်တိုင်းကို ဘာအမှားမှမရှိဘဲ ပြီးပြည့်စုံဖို့ လိုအပ်တဲ့ စနစ်မျိုးနဲ့လေ။

သို့သော်လည်း ဖြစ်ပျက်ပုံကတော့... သူမ အသက်၁၆နှစ်တွင် ပုထျန်းယန်နှင့် တွေ့ဆုံခဲ့လေသည်။ ထိုမိန်းမလေးရဲ့အကဟာ သူမဘဲလေးအပေါ် ခံယူထားတဲ့အမြင်၊အယူအဆတွေကို လုံးဝပြောင်းပြန်လှန်လိုက်လေတော့သည်။

သူမအတိတ်တုံးက အတော်လိုလိုအပ်အပ်နှင့် လုပ်ခဲ့ရသော ပြီးပြည့်စုံခြင်းများက ပုထျန်းယန်အတွက်တော့ မတည်ရှိနေပေ။ ပုထျန်းယန်သည် သူမကချင်သလို ကနိုင်ပေသည်။ လက်ခံထားသော စံနှုန်းဘောင်ထဲ ဝင်နေသရွေ့ သူမသည် ခံစားချက်များကို လွတ်လွတ်လပ်လပ်ဖော်ကြူးကာ အက၏ သရုပ်ဖော်နိုင်ခြင်းအစွမ်းကို အပြည့်အဝ အဓိပ္ပာယ်ဖွင့်ပြနိုင်လေသည်။

ပရိသတ်များကို မျက်ရည်ဝဲစေကာ သူမအပေါ် ရူးသွပ်အောင် စွမ်းဆောင်နိုင်သူပင်။

ပိုင်ရှုယီလို နှစ်ပေါင်းများစွာ ပုံစံခွက်ထဲ နေသားကျလာသူကလည်း မမှားဘူးဆိုရင်တောင် အပြီးပြည့်စုံဆုံးတော့ မဟုတ်ပေ။

သူမ၏ ပင်ပန်းခက်ခဲမှုများ၊ ကလေးဘဝကနေ အရွယ်ရောက်သည်အထိ မရေမတွက်နိုင်သော နေ့ပေါင်းညပေါင်းများစွာ ကြိုးစားခဲ့ရသမျှ သဲထဲရေသွန်ဖြစ်ကုန်ရတော့သည်။

ဘာကြောင့်လဲ!

ကံကောင်းချင်တော့ ပုထျန်းယန် ကွယ်လွန်သွားခဲ့သည်။ ထို့အပြင် ဘယ်တော့မှလည်း နောက်ထပ်ပုထျန်းယန်တစ်ယောက် ရှိလာတော့မည် မဟုတ်ချေ။

ဆယ်နှစ်ထက်မနည်းကြာခဲ့ပြီးတော့မှ ပိုင်ရှုယီတစ်ယောက် ဘဝကိုသက်တောင့်သက်သာနေနိုင်ခဲ့တာဖြစ်ပြီး ဖြည်းဖြည်းချင်း နာမည်ကြီးလာခဲ့တာပင်။

သို့သော်လည်း ဒီနေ့မှာတော့ ကျန်းယွီက ရုတ်တရက်ကြီး ပေါ်လာပြန်သည်။ သူမ၏ အိပ်မက်ဆိုးများကြားထဲတွင် ထပ်ပိတ်မိနေစေပြန်သည်။ ဘယ်လိုလုပ်ပြီး ပိုင်ရှုယီတစ်ယောက် ဒါဟာ ကံစီမံရာပဲဆိုပြီး လက်ခံနိုင်ရမှာတဲ့လဲ။

“ကျန်းယွီ.. ဒီလိုပဲ ကိုယ့်ပုံစံအတိုင်း ဆက်သွားဖို့ ခေါင်းမာနေမယ်ဆိုရင်တော့ ငါနင့်ကို မသင်ပေးနိုင်တော့ဘူး”

ပိုင်ရှုယီသည် သူမသဘောထားကို ရှင်းရှင်းလင်းလင်းဖော်ပြကာ မတ်တပ်ရပ်လိုက်ပြီး ကျန်းယွီကိုပြောလိုက်သည်။

“ငါကတော့ ဒီမှာထိုင်နေတဲ့ Esmeralda ကဆရာတွေအကုန်လုံးလည်း စကားနားမထောင်တဲ့ကျောင်းသားကို သင်ပေးချင်မယ် မထင်ဘူး”

ထိုမှတ်ချက်ထွက်လာသည်နှင့် ဘေးဘီတစ်ဝိုက်က ကျောင်းသားများလည်း မယုံကြည်နိုင်လောက်အောင် ဖြစ်သွားကြလေသည်။

ဒီစကားတွေက... ကျန်းယွီကို အကျပေးဖို့ လုပ်နေတာလား?

ကျန်းယွီသာ ဒီဖျော်ဖြေမှုကို မအောင်ဘူးဆိုရင်.. ဒါဖြင့် သူတို့ကခဲ့တဲ့အကတွေက လူတွေမျက်လုံးထဲမတိုးလောက်တဲ့အထိ သည်းမခံနိုင်စရာဖြစ်နေတော့မှာပဲ။

ကျန်းယွီကိုယ်တိုင်လည်း ပိုင်ရှုယီ ဒီလိုစကားမျိုးတွေ ပြောလိမ့်မယ်လို့ လုံးဝမမျှော်လင့်ထားပေ။

သူမဘယ်လောက်ဆိုးဆိုးဝါးဝါး ကခဲ့ပါစေ ကျဖို့ဆိုတာကတော့ လုံးဝကိုမဖြစ်နိုင်ဘူးလေ!

“ဒါပေါ့.. ကျောင်းသားတိုင်းအတွက် Esmeralda ကိုဝင်နိုင်ဖို့က မလွယ်ဘူး။ အဲ့တော့ အကျတော့ပေးမှာမဟုတ်ပါဘူး”

ပိုင်ရှုယီသည် အကြောင်းအရာကိုပြောင်းကာ ဆက်ပြောလိုက်သည်။

“ကိုယ့်အမှားကို ဝန်ခံပြီး စောနက ကခဲ့တာက မှားနေပါတယ်ဆိုတာကို ဝန်ခံဖို့ဆန္ဒရှိသ၍... ပြီးတော့ နောက်ကျရင်လည်း ဒီလိုပြစ်မှုမျိုးတွေ ထပ်မလုပ်တော့ပါဘူးဆိုပြီး ကတိပေးသ၍.. ဒီမှာဆက်နေလို့ရတယ်။ ငါလည်းနင့်ကို တပည့်အရင်းအဖြစ် ဆက်လက်ခံထားပေးမယ်”

ရွယ်ကျားယီလည်း အနည်းငယ် အံ့ဩသွားကာ ပိုင်ရှုယီကို ကြည့်လိုက်သည်။

ပိုင်ရှုယီတစ်ယောက် သူမရဲ့ နူးညံ့ညင်သာပြီး ကြင်နာတတ်တဲ့ ဆရာမပုံစံကို ထိန်းသိမ်းလာခဲ့တာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီပဲ။ ဒီနေ့ကျတော့မှ ကျန်းယွီကို ဒီလိုမျိုး ခက်ခဲအောင် လုပ်လိမ့်မယ်လို့ ရွယ်ကျားယီ တစ်ခါမှ မထင်မှတ်ထားပေ။

ပိုင်ရှုယီ၏ နဂိုအကြံကိုက ကျန်းယွီကို အကျပေးဖို့မဟုတ်ဘဲ ကျန်းယွီကို အမှားဝန်ခံစေပြီး သူမကိုခေါင်းငုံ့တောင်းပန်တာကိုသာ လိုချင်ရုံဆိုတာကိုလည်း ရွယ်ကျားယီသိပေသည်။

သူမရွေးချယ်ခဲ့တဲ့လမ်းက မှားပါတယ်လို့ ဝန်ခံလိုက်ရင် ပုထျန်းယန်ရဲ့လမ်းကြောင်းက မှားပါတယ်လို့ ဝန်ခံလိုက်တာနဲ့ အတူတူပဲလေ။

ကြည့်ရတာ ဒီလောက်နှစ်တွေအများကြီးကြာပြီး လူလည်းကွယ်လွန်သွားခဲ့ပြီးတာတောင် သူမက အခဲမကြေသေးဘူး ထင်ပါရဲ့။

ရွယ်ကျားယီ၏ နှုတ်ခမ်းထောင့်လေးတွင်တော့ အေးတိအေးစက် အပြုံးလေးတစ်ခု ရှိနေတော့သည်။

ကျန်းယွီကတော့ လက်ကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလျက် သူမအမှားကို ဝန်မခံချင်ဖြစ်နေလေသည်။ သူမရွေးချယ်ခဲ့တဲ့အိုင်ဒေါကို အတုယူပြီး သူမစတိုင်ကို အတုယူတာက မှားတယ်လို့ ကျန်းယွီလည်း မထင်ပါ။

သိသာတာပေါ့။ တီချယ်ပိုင်ရှုယီက ပုထျန်းယန်ကို အဲ့လောက် သဘောမခွေ့ခဲ့တာပဲ။

ကျန်းယွီသည်လည်း နှစ်ပေါင်းများစွာ သူမလေ့ကျင့်ခဲ့တဲ့လမ်းကြောင်းကို ငြင်းပယ်ပြီး ပိုင်ရှုယီကို စိတ်ကျေနပ်အောင် လုပ်ပေးဖို့ မလိုအပ်ဘူးလေ။

အက... ဖျော်ဖြေတယ်ဆိုတာက လူတွေဒါကို အရသာခံစားနိုင်ဖို့ပဲ။ ပြီးတော့ မျှဝေခံစားခြင်း တစ်ခုတည်းကသာ ပွဲကြည့်ပရိသတ်ရင်ကို လှုပ်ခါနိုင်မှာပေ။

ကချေသည်တွေရဲ့ သရုပ်ဖော်ကြူးမှုက ပုံပြင်တစ်ပုဒ်ကို မျှဝေခံစားခြင်းနဲ့သာ ပြည့်စုံစေတာလေ။

သူမက အကစက်ရုပ်မဟုတ်သလို ဘယ်တုံးကမှလည်း အကစက်ရုပ် ဖြစ်ချင်ခဲ့တာ မဟုတ်ပေ။ ဒါကိုက သူမရဲ့ မူလရည်ရွယ်ချက်ပင်။

Esmeralda ကသူမရဲ့ အဆုံးသတ်ပန်းတိုင် မဟုတ်ပေ။ ဒါက အဆုံးသတ်ကို အမြန်ဆုံးရောက်စေနိုင်မယ့် အတိုဆုံးလမ်းဆိုသော်လည်း Esmeralda မှာဆက်နေနိုင်ဖို့ သူမရဲ့ မူလရည်ရွယ်ချက်ကို စွန့်လွှတ်ရမယ်ဆိုရင်တော့... ကျန်းယွီ မလုပ်နိုင်ပေ။

ချူးလီပြောသလိုပဲလေ.. သူမသာ ကနေနိုင်သရွေ့ ဒါအပျော်ရွှင်ရဆုံးအရာပဲ မဟုတ်ဘူးလား။

ဘာလဲ ဘဲငန်းဘုရင်မ.. ဘာလဲ ဘဲငန်းလေး၄ကောင်... ဒါတွေအားလုံး အရေးမပါပါဘူး။ သူမသာ ကနေနိုင်သရွေ့ လူတွေဖြတ်သွားဖြတ်လာလုပ်နေတဲ့ လမ်းပေါ်မှာဆိုလည်း ဖြစ်တာပဲလေ။

“သမီးမှန်တယ်”

ကျန်းယွီသည် အံကိုကြိတ်ကာ ပိုင်ရှုယီကိုကြည့်၍ ကျယ်ကျယ် ပြောလိုက်တော့သည်။

“ပုထျန်းယန်က ကျွန်မ ဘဲလေးအပေါ်ထားရှိတဲ့ အချစ်ရဲ့ အစလည်းဖြစ်သလို အဆုံးလည်းဖြစ်တယ်။ ဒါကို ဘယ်တော့မှ စွန့်လွှတ်မှာမဟုတ်ပါဘူး!”

All Chapters