← Chapters

Chapter 58

Vol. 6 Ch. 58

Chapter 58

Vol. 6 Ch. 58

ကျန်းယွီ၏ စကားများကိုကြားတော့ ပိုင်ရှုယီတစ်ယောက် ရင်ထဲဒေါသမီး ပွင့်သွားလေတော့သည်။

ပုထျန်းယန်ကွယ်လွန်သွားပြီး ဒီလောက်နှစ်တွေအများကြီး ကြာပြီးတာတောင်မှ ထိုမိန်းမရဲ့အရိပ်က သူမကို ဒီလိုမျိုး ကြီးကြီးမားမားသက်ရောက်မှုရှိနေသေးပြီး သူမကို အထိန်းအကွပ် မဲ့သွားစေမယ်လို့ ပိုင်ရှုယီ တစ်ခါမှ မထင်ထားခဲ့ပေ။

စိတ်ပျက်နေသော မျက်နှာနှင့်အတူ ပိုင်ရှုယီသည် သူမအသံကိုနိမ့်လိုက်ကာ စင်ပေါ်က ကျန်းယွီကို လှမ်းပြောလိုက်သည်။

“ကိုယ်လေးစားအားကျရပြီး ယုံကြည်တဲ့လူကို ကာကွယ်ပေးဖို့အတွက်နဲ့ ကိုယ်ပိုင်အနာဂတ်ကို ဖျက်ဆီးလိုက်ဖို့ကိုတောင် ဝန်မလေးနေဘူးပေါ့?”

ကျန်းယွီ ဘာမှပြန်မပြောနိုင်သေးခင်မှာပဲ ရွယ်ကျားယီက ပြုံးလိုက်ကာ ရုတ်တရက်ကြီး ဝင်ပြောပေတော့သည်။

“ဒါပေါ့.. တီချယ်ပိုင့်ရှေ့မှာ အပြစ်ဝန်ခံလိုက်တာကလွဲပြီး တစ်ခြားဘာလုပ်လို့ ရဦးမှာမို့လဲ။ တီချယ်ပိုင်က သမီးကို သူ့စိတ်ရင်းစေတနာအပြည့်နဲ့ သင်ကြားပေးနေတာပါ။ အားလုံးသမီးကောင်းဖို့ချည်းပဲလေ။ Esmeralda မှာသာဆိုရင် F ခန်းမှာပဲ နေရပါစေဦးတော့.. ဘဲလေးလောကမှာက သူတို့ကို ထိပ်တန်းကချေသည်တွေအဖြစ် သတ်မှတ်ခံထားရတာလေ။ ပြီးတော့ ဒီလိုအရေးမပါတဲ့ ကိစ္စလေးအတွက်နဲ့ ကိုယ့်အနာဂတ်ကို အဆုံးရှုံးခံတာက မထိုက်တန်ပါဘူးကွာ”

ရွယ်ကျားယီက သူမကိုဘယ်တော့မှ သဘောကျခဲ့တာမဟုတ်တာတောင် အခု သူမပြောသွားတာတွေက ရွဲ့နေတယ်ထင်ရပေမယ့် အမှန်တွေပဲဆိုတာကို ကျန်းယွီလည်း သိပေသည်။

မာနလေးတစ်ခုကြောင့် အချိန်အကြာကြီး ခက်ခက်ခဲခဲကြိုးစားလာခဲ့သမျှနဲ့ ကိုယ်မြင်နေရတဲ့ တောက်ပတဲ့အနာဂတ်ကို လက်လွှတ်လိုက်တာ... တကယ်ပဲ တန်မှာတဲ့လား?

ကျန်းယွီကိုယ်တိုင်လည်း အဖြေကို ရှာမတွေ့ပါ။

သို့သော်လည်း သူမ ရှင်းရှင်းလင်းလင်းသိတဲ့ တစ်ခုတည်းသောအရာက သူမမှန်တယ်ဆိုတာကိုပင်။

ဖြစ်နိုင်တာကတော့ အရွယ်ရောက်ပြီးသားလူတွေက မှန်တယ် မှားတယ်ကို ခွဲခြားနေရမှာထက် အကျိုးနဲ့ဆိုးကျိုးကိုသာ ကြည့်သင့်တယ်ထင်တယ်...

ဒါပေမယ့်လည်း ဒီလောကကြီးထဲမှာ ကိုယ်ယုံကြည်ရာကို မြဲမြဲစွဲကိုင်ထားတဲ့ လူတစ်ချို့လည်း အမြဲတမ်းရှိနေတာပဲလေ..။

ကြည့်ရတာ မိုက်မဲတယ်လို့ ထင်ရပေမယ့်လည်း ကျန်းယွီကတော့ ဒီအတိုင်း လက်မလျော့လိုက်နိုင်ပေ။

“ကျွန်မ မမှားဘူး”

ကျန်းယွီကတော့ ဒီစကားများကိုသာ ထပ်ပြောလိုက်ပေသည်။

“ကျွန်မတို့က တစ်ယောက်နဲ့တစ်ယောက် လျှောက်လှမ်းနေတဲ့လမ်းကြောင်းတွေ မတူညီကြဘူးပဲ။ ကျွန်မက Esmeralda နဲ့မသင့်တော်ဘူးလို့ တီချယ်ပိုင် ထင်တယ်ဆိုရင်.. ကျွန်မထွက်သွားပါ့မယ်"

ပိုင်ရှုယီကတော့ အေးတိအေးစက် ပြန်ပြောလိုက်လေသည်။

“ဒီလိုသာဆိုရင်...”

“ဒါပေမယ့် ကျွန်မ ပြောချင်သေးတာက ဘဲလေးဆိုတာ တသမတ်တည်း ကြီးသွားတာနဲ့ သတ်မှတ်ထားတဲ့စံနှုန်းဘောင်တွေထဲမှာပဲ မရှိသင့်ဘူး။ အကကိုဖော်ကြူးတာက ပထမ၊ ပြီးတော့မှ အရည်အချင်းက ဒုတိယနေရာ... အဲ့လိုပဲဖြစ်သင့်ပါတယ်”

လူတိုင်းလည်း ရုတ်တရက် ထိတ်လန့်သွားကြတော့သည်။

ဒီစကားက.. ပုထျန်းယန်တစ်ယောက် ပိုင်ရှုယီကို အနိုင်ယူခဲ့တဲ့ နောက်ဆုံးပြိုင်ပွဲမှာတုံးက... ပိုင်ရှုယီကို ပုထျန်းယန်တစ်ယောက် အထက်စီးဆန်ဆန်ဖြင့် တစ်ခါပြောခဲ့ခြင်းဖြစ်သည်။

“ခန္ဓာကိုယ်ရဲ့ စိတ်ခံစားချက်တွေကို အမြဲတမ်း အလုပ်အကျွေး ပြုရတာကမှ အရည်အချင်းပဲ။ မြင်းရှေ့မှာ လှည်းကိုထားထားရင်တော့ ဘယ်တော့မှ အလှပဆုံးဘဲလေးကို ဆွဲထုတ်လာနိုင်မှာ မဟုတ်ဘူး”

ထိုစကားလုံးများသည် ချွန်ထက်လှသော ဓားများကဲ့သို့ပင် ပိုင်ရှုယီ၏ နှလုံးသားထဲ၌ နှစ်ပေါင်းများစွာ ထိုးစိုက်နေခဲ့သည်။

အခုလည်း ကျန်းယွီကပါ တကယ်ကြီး... သူမအရှိုက်ကို တည့်တည့်ထိနေစေပြန်ပြီ။

ရှဲ့ယွမ်သည် ဟောခန်းထဲက နောက်ဆုံးခုံတွင် တစ်ယောက်တည်း ထိုင်နေပေသည်။ သူရောက်လာတာကို ဘယ်သူကမှ သတိမထားမိခဲ့ပေ။

သူနဲ့သိပ်မကမ်းမလှမ်းမှာရှိသော ချူးလီကသာ သတိထားမိခဲ့သည်။

ချူးလီ သူ့ကိုတစ်ချိန်လုံး ကြည့်နေတယ်ဆိုတာကို ရှဲ့ယွမ်လုံးဝ သတိမထားမိခဲ့ပေ။ သူ့အာရုံများအားလုံးက စင်ပေါ်က ကောင်မလေးအပေါ်သာ ရှိနေလို့ပင်။

သူမ၏လေသံ၊ သူမမျက်ဝန်းများထဲက တဖျတ်ဖျတ်လက်နေသော မာနတစ်ခွဲသားများ၊ သူမမှန်လျှင် ဘာကိုမှမကြောက်တတ်သော သတ္တိ... ထိုအရာများမှာ တစ်ချိန်တုံးက ထိုမိန်းမငယ်လေးနဲ့ တစ်ထပ်တည်းပင်။ လူတွေအများကြီးရှိနေတဲ့ လမ်းမထက်မှာ သူ့အတွက် ရယ်မောကာ ကပြရဲခဲ့တဲ့ ထိုမိန်းမငယ်လေးနဲ့ပေါ့...

အရမ်းလည်း ခေါင်းမာတတ်ကြသည်ကိုး...

ဘာမှသံသယဝင်စရာကို ရှိမနေချေ။ မျိုးရိုးဗီဇစစ်ဆေးတာတွေလည်း မလိုအပ်ဘူးလေ။ ဒီကလေးမလေးကျန်းယွီက ပုထျန်းယန်နဲ့ သူ့ရဲ့ သမီးလေးဆိုတာကို ရှဲယွမ်လုံးဝကို သေချာတာပေါ့။

ကျန်းယွီကို ကူညီပေးရန် ရှဲ့ယွမ် ထဖို့လုပ်လိုက်သည့်အချိန်မှာပဲ ရွယ်ကျားယီက ရုတ်တရက်ကြီး ထပြောပေသည်။

“ဒီလိုရေးကြီးခွင့်ကျယ်တွေ လုပ်နေဖို့လိုလို့လား.. ကျန်းယွီရဲ့အဆင့်ကို လူတိုင်းမြင်နေနိုင်တာပဲ။ ရှုယီ.. နင်သာသူ့ကို တကယ်ပဲ အကျပေးမယ်ဆိုရင် လူတိုင်းက ဒါကိုလက်မခံနိုင်မှာကို ငါစိုးရိမ်မိတယ်”

ပိုင်ရှုယီသည် ရွယ်ကျားယီကို အေးစက်စက်ကြည့်လိုက်တော့သည်။ ဒါပေါ့… ရွယ်ကျားယီက သူမကိုတမင် နင်းချေဖို့ လုပ်ချင်နေတယ်ဆိုတာကို သိတယ်လေ။

ဒီလောက်ကျောင်းသားတွေ အများကြီးရှိနေတဲ့ကြားက ကျန်းယွီသာ တကယ်ပဲ ကျောင်းထုတ်ခံလိုက်ရမယ်ဆိုရင် အနာဂတ်မှာ ဘယ်လောက်တောင်များ ပြောဆိုကြပေလိမ့်မလဲ။ Esmeralda ရဲ့အဓိကဆရာမက ကျောင်းသားနဲ့ သဘောထားချင်းမတိုက်ဆိုင်လို့ သူမအာဏာကိုအလွဲသုံးစားလုပ်ပြီး ကျောင်းထုတ်လိုက်တာ ဖြစ်သွားမှာပဲလေ။

ဒီအကြောင်းတွေသာ ပြန့်သွားမယ်ဆိုရင် သူမဂုဏ်သိက္ခာကတော့ လုံးဝကို ပျက်စီးသွားတော့မှာပဲ။

“ဒါဖြင့် နင့်အမြင်က ဘာလဲ?”

ပိုင်ရှုယီသည် ရွယ်ကျားယီအား ခံစားချက်မပါသော မျက်နှာထားဖြင့် လှမ်းမေးလိုက်သည်။

ရွယ်ကျားယီကလည်း ပိုင်ရှုယီကို မအောင်မြင်စေချင်ပါ။ ထို့ကြောင့် သူမပြန်ပြောလိုက်သည်။

“တီချယ်ပိုင်က သူ့ကို မလိုချင်တော့ဘူးမလား။ ငါ့ B ခန်းထဲမှာ စကားနားထောင်ပြီး လိမ္မာတဲ့ကလေးတွေ အများကြီးရှိတယ်လေ။ ဒီလိုပုန်ကန်တတ်တဲ့ ကလေးမလေးတစ်ယောက်ရှိရင်လည်း မဆိုးလှပါဘူး”

“ဘာ!”

ပိုင်ရှုယီသည် သူမကို မယုံသင်္ကာဖြင့်ကြည့်လိုက်ရင်း“နင်သူ့ကိုခေါ်ချင်လို့လား? နင် သူ့ကို အမုန်းဆုံးပဲ မဟုတ်...”

“တီချယ်ပိုင်.. ကျွန်မက အမြဲတမ်း မျှမျှတတလုပ်တတ်သူတစ်ယောက်ပါနော်။ ကိုယ်ရေးကိုယ်တာနဲ့ အလုပ်ကို ဘယ်တော့မှ မရောထွေးပါဘူး”

ရွယ်ကျားယီသည် သူမကို ပြိုင်ချင်ရုံသက်သက်ဆိုတာကို ပိုင်ရှုယီ နားလည်လေသည်။ ရွယ်ကျားယီသာ တကယ်ပဲ ကျန်းယွီကို လက်ခံလိုက်မယ်ဆိုရင်... အနာဂတ်ပြိုင်ပွဲတွေမှာ ကျန်းယွီကို ဆုတွေရအောင် သူမသေချာပေါက် ကူညီနိုင်လိမ့်မည်မှာ ယုံမှားသံသယမရှိပေ။

ဘယ်သူကများ မျိုးစေ့ကောင်းတွေကို မလိုချင်မှာတဲ့လဲ.. ဆရာတွေအချင်းချင်းကြားက ပြိုင်ဆိုင်မှုကလည်း ကျောင်းသားတွေနှင့် မထူးမခြားပင်။

ဒီလိုအရာမျိုး ဖြစ်လာမှာကို သူမဘယ်လိုလုပ် ခွင့်ပြုနိုင်မှာတဲ့လဲ!

ကျန်းယွီအား ရွယ်ကျားယီအတန်း ပို့လိုက်ရမှာကို ပိုင်ရှုယီလက်မခံနိုင်ပေ။ ကျောင်းလည်းမထုတ်နိုင်သည့်အပြင်၊ ကျန်းယွီကို သူမဘေးနားမှာလည်း ဆက်မခေါ်ထားနိုင်ပေ။ ပြောရမယ်ဆိုရင် ရှန်အုံချင်းကို သူမ၏ အနီးကပ်တပည့်အဖြစ် လက်ခံဖို့ ရှန်မိသားစုဆီနှင့် သဘောတူညီချက်ယူထားပြီးပြီလေ။

ဒီလိုနှင့် သူမသည် ကျန်းယွီကို အသံပျော့ပျော့လေးဖြင့် ပြောလိုက်တော့သည်။

“ဒါပေါ့.. ကျောင်းသူတစ်ယောက်အနေနဲ့ ဆရာပြောတဲ့အတိုင်း တစ်တဝေမတိမ်း လိုက်လုပ်ရမယ်လို့တော့ ဘယ်ဟုတ်မလဲ။ ပြီးတော့ ဆရာတစ်ယောက်အနေနဲ့ ကျောင်းသူတစ်ယောက်ကို ဖိအားမပေးပါဘူး”

ဒီလိုပြောလိုက်တာက သူမကိုယ်သူမ ပါးပြန်ချလိုက်သည့်အတိုင်းပင်။

ကျောင်းသားများကတော့ တစ်ယောက်တစ်ပေါက် ပြောနေကြတော့သည်။ ပိုင်ရှုယီသည်လည်း ကျောင်းသားတစ်ယောက်အပေါ် ဒီလိုအချိုးမျိုးနှင့် တစ်ခါမှမပြောခဲ့ဖူးချေ။

ပိုင်ရှုယီသည် ရွယ်ကျားယီအား မကျေမချမ်းကြည့်ပေးလိုက်သည်။ သူမသာ ဝင်မစွပ်ဖက်ဘူးဆိုရင် ဒီလိုရှက်စရာအခြေအနေမျိုးနဲ့ သူမကြုံရမည်တဲ့လား။ ကျောင်းသားတစ်ယောက်ဆီက ချိုးနှိမ်ခံရတာကိုလေ?

“ကျန်းယွီ.. ဒီလိုဆိုရင်ရော.. A ခန်းနဲ့ B ခန်း တစ်ခုရွေးလိုက်ပါလား။ တီချယ်ရွယ်ဆီ သွားချင်လား ဒါမှမဟုတ် တီချယ်နဲ့ပဲ ဆက်နေချင်လားပေါ့”

ကျောင်းသားများလည်း ရုတ်ရုတ်သဲသဲဖြစ်သွားတော့သည်။ A ခန်းနဲ့ B ခန်းဆိုရင် လူတိုင်းက A ခန်းကိုပဲ ရွေးကြမှာပဲလေ။ ပြောရမယ်ဆိုရင် သူရဲကောင်းတွေအကုန်လုံးက A ခန်းက လူတွေချည်းပဲ မဟုတ်ပါဘူးလား!

ဘယ်သူကများ A ခန်းကို မသွားချင်ဘဲ နေမှာတဲ့လဲ!

ရွယ်ကျားယီတစ်ယောက် မျက်နှာကြီး မှောင်မည်းသွားလေတော့သည်။ သူမ ပိုင်ရှုယီကို ကြည့်လိုက်သည့်အချိန်တွင်တော့ ပိုင်ရှုယီကလည်း သူမကို ပွင့်ပွင့်လင်းလင်းသာ ပြန်ကြည့်လိုက်တော့သည်။

ထို့အပြင် ဘာပဲဖြစ်ဖြစ် ကျန်းယွီက ဖျက်လိုဖျက်ဆီးသမားဆိုရင်လည်း သူမဘေးမှာပဲ ဆက်ထားရမယ်လေ။ သူများတွေကို အခွင့်ကောင်းပေးလိုက်လို့ ဘယ်ဖြစ်မှာလဲ။

သို့သော်လည်း လူတိုင်းကို အံ့အားသင့်သွားလောက်အောင် တည်တည်ငြိမ်ငြိမ်လေးနှင့် ကျန်းယွီပြန်ပြောလိုက်သည်က..

“သမီး F ခန်းကိုရွေးပါမယ်”

“ဘာ!”

ရွယ်ကျားယီရော ပိုင်ရှုယီပါ တစ်ပြိုင်နက်တည်း အံ့အားသင့်သွားလေတော့သည်။

သူမက ဘယ်လိုလုပ်ပြီး F ခန်းကို ရွေးရတာလဲ!

ကျောင်းသားများလည်း ရှော့ခ်ရသွားကာ အချင်းချင်းဆွေးနွေးနေကြတော့သည်။

“ကျန်းယွီက တကယ်ကြီး F ခန်းကို သွားမလို့လား”

“A ခန်းနဲ့ B ခန်းကို ရွေးချယ်ခွင့်ရတာတောင် သူက F ခန်းကိုရွေးလိုက်တယ်?”

“မဖြစ်နိုင်တာ!”

“ထိပ်တန်းဆရာမတွေလေ!”

“မိုက်လှချည်လား!”

ရွယ်ကျားယီလည်း သူမနားတွေကို မယုံနိုင်ဖြစ်နေပေသည်။ သူမဘယ်လိုပဲ စဉ်းစားသော်လည်း ကျန်းယွီက အောက်ဆုံးအတန်း F ကိုသွားချင်နေလဲဆိုတာ နားမလည်နိုင်ပေ။

“သမီး.. သေချာလား?”

ရှဲ့ယွမ်သည် စင်ပေါ်က ကျန်းယွီအား လေးလေးနက်နက်ကို သေချာကြည့်လိုက်သည်။ သူမသာ မလိုချင်ဘူး၊ စိတ်မပါဘူးဆိုရင် သူကျန်းယွီကို ကူညီပေးနိုင်သည်ပင်။ ဒီလောက်အကြာကြီး ပျောက်ဆုံးနေခဲ့ရတဲ့ သူ့သမီးလေးလေ.. သူမကို အလိုလိုက်ဖို့၊ သူမလိုချင်တာမှန်သမျှ အားလုံးကို ပေးဖို့ ရှဲ့ယွမ်တကယ်ကို မစောင့်နိုင်တော့ပါ။

သို့သော်လည်း ကလေးမလေးက သူမအတွေးနှင့်သူမ ရှိဟန်ပေါ်လေသည်။ ရှဲ့ယွမ် ကူညီချင်တာတောင် မကူညီနိုင်ခဲ့တဲ့ အတိတ်က အကြိမ်ပေါင်းမြောက်များစွာ ရှိခဲ့သည်မဟုတ်ပါလား။

ကျန်းယွီကတော့ ခေါင်းမာနေဆဲပင်။

“သမီးစိတ်ကို ဆုံးဖြတ်ပြီးသွားပါပြီ။ F ခန်းကို လိုလိုလားလားနဲ့ ဝင်ချင်ပါတယ်”

ပိုင်ရှုယီကတော့ အလေးအနက်ဖြစ်နေသော မျက်နှာထားနှင့် ဆက်ပြောလိုက်သည်။

“ကျန်းယွီ.. ဒေါသကြောင့်နဲ့ ကိုယ့်အနာဂတ်ကို မနှောင့်နှေးစေနဲ့လေ”

ကျန်းယွီကတော့ အေးဆေးတည်ငြိမ်စွာသာ ပြန်ပြောလိုက်သည်။

“တကယ်တော့ တီချယ်ပိုင်ရှုယီ သမီးကို သင်ပေးခဲ့ဖူးတဲ့ အမှန်တရားတွေထဲက တစ်ခုက ဘဲလေးစတိတ်စင်က ဇာတ်ကောင်တစ်ခုတည်းအတွက် မဟုတ်ဘူးဆိုတာပါပဲ။ ဘဲငန်းဘုရင်မပဲဖြစ်စေ၊ ဘဲငန်းလေးပဲဖြစ်စေ ဇာတ်ကောင်တိုင်းက အရမ်းကို အရေးကြီးပါတယ်။ သမီးဒါကို စဉ်းစားနေခဲ့တာ အတော်ကြာခဲ့ပါပြီ။ F ခန်းက သမီးရဲ့ အသစ်တဖန်ပြန်စတင်ခြင်း ဖြစ်နိုင်တာမို့လို့ပါ”

ပိုင်ရှုယီလည်း လုံးဝကို ပြောစရာစကား ပျောက်ဆုံးသွားလေတော့သည်။ အကျိုးသင့်အကြောင်းသင့် ရှင်းမပြနိုင်လောက်အောင်လည်း အရှက်ရနေလေ၏။

မှန်တာပေါ့.. ဒါက ပိုင်ရှုယီ ကျန်းယွီကို သင်ပေးခဲ့တဲ့ ပထမဆုံးသင်ခန်းစာပဲလေ။ ဒါပေမယ့်လည်း သူမတစ်ချိန်လုံး ဒီလိုမျိုးမှတ်မိနေလိမ့်မယ်လို့ တကယ်ကို မမျှော်လင့်ထားမိပေ။

အခုမြင်နေရတာက ကျန်းယွီက တမင်သက်သက် မာနလာထောင်လွှားပြနေတာ မဟုတ်ဘဲနဲ့ သူမရဲ့ယုံကြည်မှုတွေအတွက်ကိုပဲ ပြန်လည်ခုခံနေခြင်း ဆိုတာကိုပင်။

ဒီလိုမျိုး နှိုင်းယှဉ်ကြည့်လိုက်တော့ ပိုင်ရှုယီတစ်ယောက် တကယ်ကို လူရွှင်တော်တစ်ယောက်အလား ခံစားလိုက်ရလေတော့သည်။

နောက်ဆုံးမှာတော့ ဖျော်ဖြေတင်ဆက်မှုသည် ရှုရှန်းမင်ကဲ့သို့ နောက်ခံအင်အားကိုသုံးကာ အကြံပြုချက်စာဖြင့် ရောနှောပါဝင်လာသော ကျောင်းသားအနည်းငယ်ကို ထုတ်ပယ်ခဲ့လေသည်။ ထို့ကြောင့် ကျန်ရှိခဲ့သည့်လူများမှာ လူထောင်ပေါင်းများစွာထဲက ရွေးချယ်ခဲ့သော မျိုးစေ့ကောင်းလေးတွေဟု မှတ်ယူနိုင်ပေသည်။

သေချာတာပေါ့.. နှမြောစရာအကောင်းဆုံးတစ်ခုကတော့ ကျန်းယွီ၏ အပေါ်မှအောက်သို့ တိုက်ရိုက်ခုန်ဆင်းသည့် အပြုအမူပင်။

လူဦးရေအများဆုံး ရှိသည့်အပြင် ကွဲပြားခြားနားသော ပုံစံအများဆုံးရှိသော အတန်း F ကတော့ Esmera တစ်ခုလုံး ရဲ့ အောက်ခြေနေရာတွင်သာရှိပြီး သူတို့အတွက်တော့ အထင်သေးစရာတစ်ခုသာ ဖြစ်နေလေသည်။

Esmera ကျောင်းတော်တွင် ယေဘုယျအားဖြင့် အတန်း F ရှိ ကျောင်းသားများမှာ လူ့အခွင့်အရေးဟူ၍ မရှိပေ။ အတန်း EDCရှိ ကျောင်းသားများတောင်မှ သူတို့ကို စိတ်ကြိုက် မထီမဲ့မြင်ပြုနိုင်လေသည်။

သို့သော်လည်း ဒီအရာဟာ ကျန်းယွီ၏ ကိုယ်ပိုင်ရွေးချယ်မှုပင် ဖြစ်သည်။

မတိုင်ခင်က ချူးလီရဲ့ စကားလုံးတွေဟာ သူမကို လုံးလုံး နိုးထလာစေခဲ့သည်။

အတိတ်မှာတုန်းက သူမသည် ပြိုင်ဆိုင်လိုစိတ် အလွန်ပြင်းထန်ခဲ့ကာ သူမ ပွဲဦးထွက်လိုက်သည်နှင့် ထိပ်ဆုံးကို တက်လှမ်းနိုင်ပြီး ဒုတိယ ပုထျန်းယန် ဖြစ်လာနိုင်မည်ဟုပင် ခံစားခဲ့ရသည်။

သူမ အလွန်ကိုတုံးအခဲ့သည်ပင်။

ယခုအချိန်တွင် အတန်း Fမှာ သူမရဲ့ စမှတ်အသစ်ဖြစ်လာနိုင်သည်။ သူမကိုယ်သူမ သတိကပ်ထားကာ ဂုဏ်မဝင့်ကြွားဘဲ တစ်ဆင့်ချင်းစီ တက်လှမ်းခြင်းသည်သာ လက်တွေ့အကျဆုံး နည်လမ်းဖြစ်ပေလိမ့်မည်။

ထို့နောက် ကျန်းယွီတစ်ယောက် မိတ်ကပ်ဖျက်ကာ ထသွားထလာ အဝတ်အစားကို လဲဝတ်လိုက်ပြီး အိတ်ကိုလွယ်ကာ ထွက်လာခဲ့သည်။

အခြားတစ်ဖက်တွင်တော့ လင်းမြောင်နှင့် မုကျစ်ရှန်းတို့မှာ ကျန်းယွီအတွက် စိတ်မကောင်းဖြစ်ရပေမယ့် တစ်ဖက်မှာလည်း သူတို့အတူဆက်လေ့လာနိုင်သဖြင့် ပျော်ရွှင်မိလေတော့သည်။

"တကယ်တော့ တီချယ်ပိုင်က အရမ်းမာနကြီးတဲ့လူနော်"

လင်းမြောင်က ပြောလိုက်သည်။

"ကျန်းယွီ သူလိုလူနဲ့ စကားမများသင့်ဘူး၊ လူတွေအများကြီးရှေ့မှာ အမှားကိုဝန်ခံလိုက်ရုံနဲ့ တီချယ်ပိုင်ရဲ့ အနီးကပ်တပည့် ဆက်လုပ်လို့ရမှာလေ၊ မကောင်းလို့လား "

မုကျစ်ရှန်းလည်း လက်ခံပေသည်။

"တီချယ်ပိုင်မှာ အရင်းအမြစ်တွေ အများကြီးရှိတယ်၊ သူမနောက်သာလိုက်ရင် အနာဂတ်က အကန့်အသတ်မရှိဘူးလေ၊ ခုတော့ ရှန်အုံချင်းတစ်ယောက် အချောင်ရသွားပြီ "

ရှန်အုံချင်းသည် ကျန်းယွီနေရာတွင် အစားထိုးရွေးချယ်ခံလိုက်ရပြီး ဝမ်လွန်နှင့်အတူ ပိုင်ရှုယီ၏ အနီးကပ်တပည့်များ ဖြစ်လာခဲ့သည်။ အကယ်၍ သူမသာ လက်ရှိနေရာကို ထိန်းသိမ်းထားနိုင်ပါက အနာဂတ်တွင် Esmeralda လက်ထွက်များထဲ နံပါတ်တစ် အမျိုးသမီးတောင် ဖြစ်လာနိုင်ပေသည်။

ကျန်းယွီကတော့ မထူးခြားနားစွာ ပြောလိုက်သည်။

"အဆင်ပြေပါတယ်၊ ငါက နင်တို့နဲ့အတူ ကနိုင်တာနဲ့တင် ဝမ်းသာနေပြီ၊ နံပါတ်တစ်က အဲ့လောက်အရေးမပါဘူးလို့ထင်တယ်"

"ဝိုး…ဒီကမ္ဘာမှာ နံပါတ်တစ် မဖြစ်ချင်တဲ့ ဘဲလေးကချေသည်ရှိသေးတာလား"

လင်းမြောင်ကတော့ ကျန်းယွီရဲ့ စကားကို မယုံကြည်ခဲ့ပါဘူး။

“နင့်ကိုယ်နင် စိတ်သက်သာရာရအောင် ပြောစရာမလိုပါဘူးဟာ၊ ငါနားလည်ပါတယ်၊ ဘဲငန်းဘုရင်မသာ ဖြစ်လာနိုင်ရင် ဘယ်သူကဘဲငန်းလေးတွေ ဆက်လုပ်ချင်မှာလဲ ”

ကျန်းယွီတစ်ယောက် ပေါ့ပါးစွာ ပြုံးလိုက်လေသည်။

အတိတ်မှာတုန်းက သူမသည်လည်းပဲ ဘဲငန်းဘုရင်မဖြစ်ဖို့ ရူးသွပ်ခဲ့ပေမယ့် အခုအချိန်မှာတော့ စိတ်ပြောင်းသွားပြီလေ။

ပုထျန်းယန်သည်လည်း ဘဲငန်းလေးနေရာကပင် အစပြုခဲ့ရခြင်း မဟုတ်ပါလော။ သူမရဲ့ ထူးခြားတဲ့စွမ်းရည်ကြောင့်သာ ဖြည်းဖြည်းချင်း လူအများရှေ့ ရပ်တည်နိုင်လာခြင်းပင်။

ကျန်းယွီဟာ အခု Fခန်းမှာ လေ့လာမှာဖြစ်ပေမယ့် သူမအမြဲတမ်း F ရမယ်လို့တော့ မဆိုလိုဘူးလေ။

စတိတ်စင်အနောက်မှ ကောင်မလေးသုံးယောက် ထွက်လာခဲ့ကာ ကျန်းယွီမှာ သူမကိုအကြာကြီး စောင့်နေခဲ့သည့် ရှဲ့ယွမ်ကို တွေ့သွားတော့သည်။

ဒီနေ့မှာ သူက ဟူဒီအနက်ရောင်၊ ဘောင်းဘီ အနက်ရောင်နှင့် အားကစားဖိနပ်တို့ကို ပေါ့ပေါ့ပါးပါး ဝတ်ဆင်ကာ အလွန်သာမန်ဆန်သည့်ပုံစံ ဖြစ်နေလေသည်။ သူ့ပုံစံက အလွန်ငယ်ရွယ်ပြီး တက်ကြွနေကာ သေချာမကြည့်ပါက ပေချန်နည်းပညာကုမ္ပဏီရဲ့ ဥက္ကဌဟု မည်သူမှ ပြောနိုင်လိမ့်မည် မဟုတ်ပေ။

"ကျန်းယွီ…အဲ့ဒါ နင့်အဖေလား "

"အာ? "

"ဝိုး…နင်က နင့်အဖေနဲ့ တူတာပဲ "

" … "

လင်းမြောင်နှင့် မုကျစ်ရှန်းတို့မှာ သားအဖနှစ်ယောက် လွတ်လွတ်လပ်လပ် စကားပြောနိုင်ရန် ရှောင်ထွက်ပေးလိုက်ကြသည်။

ကျန်းယွီတစ်ယောက် သူမရှေ့က ရှဲ့ယွမ်ကို ကြည့်လိုက်သည်။ သူက အသက်လေးဆယ် ကျော်နေပြီဆိုပေမယ့် ချောမောကြည့်ကောင်းနေတုန်းပင်။

All Chapters