Chapter 59
Vol. 6 Ch. 59
ကျန်းယွီဟာ သူမကိုယ်သူမ ထိုသူနှင့် တူသည်ဟု မထင်ခဲ့ပေ။ မုကျစ်ရှန်းနှင့်လင်းမြောင်တို့က သူမတို့သားအဖဆိုပြီး အထင်လွဲသွားတာကြောင့် တူတယ်လို့ပြောတာလည်း ဖြစ်နိုင်တာပဲ။
သူမ စိတ်ဝင်တစား မေးလိုက်လေသည်။
" ဦး ဘယ်လိုလုပ် ဒီကိုရောက်နေတာလဲ "
“ဦးက Esmeralda ရဲ့ ရှယ်ယာရှင်တစ်ဦးပဲလေ”
ရှဲ့ယွမ်မှ ဆက်ရှင်းပြလိုက်သည်။
“ဒီနေ့က လေ့ကျင့်ရေးကာလ နောက်ဆုံးနေ့ဆိုတော့ တစ်ချက်လောက် လာကြည့်ရတာပေါ့ ”
ကျန်းယွီသည် မျက်လုံးများကို မှေးလိုက်ကာ အပြုံးတစ်ခုဖြင့် ပြောလိုက်လေသည်။
"ကြည့်ရတာ သီးသန့်လာလည်တာ ထင်တယ်နော် "
အရင်တုံးကလည်း ရှဲ့ယွမ်တစ်ယောက် လာလည်တာကို ကျန်းယွီ မြင်ဖူးလေသည်။ အကယ်၍ Esmeralda အုပ်ချုပ်ရေးပိုင်းက လူတွေသာ ရှဲ့ယွမ် ဒီရောက်နေသည်ကို သိပါက ဌာနတစ်ခုလုံး ရုတ်ရုတ်သည်းသည်း ဖြစ်သွားမှာ သေချာပေသည်။ ဘယ်လိုလုပ် ဒီလောက်ငြိမ်သက်နေနိုင်မှာတဲ့လဲ။
ရှဲ့ယွမ်ကလည်း ခပ်တည်တည်ပဲ ပြန်ပြောလိုက်သည်။
"သမီး ဘယ်လိုဖျော်ဖြေမလဲဆိုတာကို စိတ်ဝင်စားလို့ တစ်ချက်လာကြည့်လိုက်တာ၊ Aခန်းကို ရဖို့တောင် အခက်အခဲမရှိဘူးလို့ ထင်ခဲ့ပေမယ့် Fခန်းကို ရွေးသွားမယ်လို့တော့ မထင်ထားခဲ့ဘူး"
"သမီးကို စနောက်နေတာ ရပ်ပါတော့ "
ကျန်းယွီတစ်ယောက် ရှက်ရွံ့စွာဖြင့် သူမရဲ့ခေါင်းကို ကုပ်ကာ ပြောလိုက်သည်။
" သမီးရဲ့ ဒီနေ့ဖျော်ဖြေမှုက သိပ်မကောင်းခဲ့ဘူး "
"ဦးကတော့ သမီးကောင်းကောင်း ဖျော်ဖြေခဲ့တယ်လို့ ထင်တာပဲ "
ရှဲ့ယွမ်လည်း ရှားရှားပါးပါး အပြုံးတစ်ခုကို လှစ်ဟလိုက်ကာ
"ဒီလောက်နှစ်တွေအများကြီးကြာမှ ပိုင်ရှုယီကို ထိပ်တိုက်ရင်ဆိုင်နိုင်ခဲ့တာ သမီးတစ်ယောက်တည်းပဲ၊ Esmeralda ရဲ့ ဆရာ၊ ဆရာမတွေတောင်မှ ကျောင်းသားတစ်ယောက်အတွက်နဲ့ ပိုင်ရှုယီကို မဆန့်ကျင်ရဲကြဘူးလေ "
ကျန်းယွီတစ်ယောက် စိတ်ဓါတ်ကျစွာဖြင့် "ဦးထပ်ပြောနေရင် သမီးတော့ နောင်တရမိတော့မယ်နော်။ စောနကဖြစ်သွားတာကတော့ တကယ်ပါ။ သမီးက အရူးအမူးဖြစ်တဲ့အရာနဲ့ ပတ်သတ်လာရင် နည်းနည်းစိတ်လိုက်မာန်ပါလုပ်တတ်လို့လေ"
ထိုစကားကိုကြားတော့ ရှဲ့ယွမ်ဟာ ဆုံးဖြတ်ချက်ခိုင်မာစွာဖြင့် ပြောလိုက်သည်။
"သမီးသာ Fခန်းမှာ မနေချင်ရင် ကြိုက်တဲ့အခန်းကိုပြောင်းလို့ရအောင် ဦးလုပ်ပေးနိုင်တယ်၊ Esmeralda မှာ သင်ချင်တဲ့ဆရာကိုလည်း စိတ်ကြိုက် ရွေးလို့ရတယ် "
ကျန်းယွီမှာ အနည်းငယ် အံ့အားသင့်စွာဖြင့် ရှဲ့ယွမ်ကို ကြည့်လိုက်မိသည်။
" ဦးလေးရှဲ့ နောက်နေတာပဲ ဖြစ်ရမယ် "
" ဦး နောက်နေတယ်လို့ ထင်လို့လား "
ကျန်းယွီဟာ ရှဲ့ယွမ်တစ်ယောက် ဘာကြောင့် သူမအပေါ် ကြင်နာနေရလဲဆိုတာ မသိတာကြောင့် လွယ်လွယ် လက်မခံရဲပေ။
"ထားလိုက်ပါတော့။ Fခန်းကလည်း ကောင်းပါတယ်၊ သမီးအတွက် စတင်ဖို့အခွင့်အရေးတစ်ခုပဲလေ "
ရှဲ့ယွမ်သည် သူအရမ်းဝင်စွက်ဖက်လို့ မကောင်းဘူးဆိုတာ သိနေလေသည်။ ဒီကလေးမဟာ ပုထျန်းယန်ထက်တောင် ပိုသန်မာပေတာပဲ။ သူသာ လိုအပ်တာထက်ပိုတဲ့ အကူအညီတွေပေးမိပါက သူမကို ဖျက်စီးရာ ရောက်ပေလိမ့်မယ်လေ။
သူမရဲ့ တိုးတက်မှုအတွက် မကောင်းနိုင်ပေ။
ထို့နောက် ရှဲ့ယွမ် မတုံ့ဆိုင်းနေတော့ပါ။ တစ်ချိန်ချိန်မှာ သူမရဲ့ရွေးချယ်မှုကို နောင်တရလာခဲ့ပါက သူမအတွက် လျှောက်လှမ်းဖို့ရာ လမ်းသစ်တစ်ခုကို သူဖောက်ပေးနိုင်ပေသည်။
"စကားမစပ် ဦးရဲ့ သမီးလေးကို ရှာတွေ့ပြီလားဟင်၊ သတင်းတစ်ခုခုရော ရလား "
ကျန်းယွီ ရုတ်တရက် စဥ်းစားမိသဖြင့် မေးလိုက်လေသည်။
"ဦး တွေ့ပြီးပါပြီ "
ရှဲ့ယွမ်သည် တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။
"ဒါပေမယ့် ဦး သူ့ကို မပြောရဲသေးဘူး "
ထိုစကားကြောင့် ကျန်းယွီ ဇဝေဇဝါဖြစ်သွားတော့သည်။
"ဘာလို့လဲ"
ရှဲ့ယွမ်လည်း သူမကို လေးလေးနက်နက်စိုက်ကြည့်ကာ "အခု သမီးလေးမှာက ပျော်ရွှင်စရာကောင်းတဲ့ မိသားစုလေးတစ်ခု ရှိနေပြီးပြီ၊ လက်ရှိသမီးရဲ့ အမေဖြစ်သူကလည်း သူ့ကိုအရမ်းချစ်ပြီး ဘဝကိုပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနေကြတာလေ၊ အဲ့ဒါကြောင့် ဦး သူတို့ရဲ့ ငြိမ်းချမ်းနေတဲ့ ဘဝလေးကို ဝင်မနှောင့်ယှက်သင့်ဘူးထင်လို့ "
ကျန်းယွီသည် နားလည်သည့်သဘောဖြင့် ခေါင်းညှိမ့်ပြလိုက်ပြီး "အဲ့လိုအခြေအနေက သိပ်မလွယ်ဘူး "
"အင်း.. ဦး သူ့ကို မကြာခဏ တွေ့နိုင်နေပြီး တိတ်တိတ်လေးကာကွယ်ပေးရရုံနဲ့တင် ကျေနပ်ပါပြီ "
"ဒါပေမယ့် ဦး သူ့ကိုဖြည်းဖြည်းချင်း ပြောပြလို့ရတယ်လေ၊ သမီးလေးကသာ ဒီကမ္ဘာမှာ အဖေအရင်းတစ်ယောက် ရှိနေသေးတယ်ဆိုတာ သိရရင် ပျော်ရွှင်မှာပါ "
"တကယ်လား"
"ဒါပေါ့ ပြောရရင် အန်ကယ်က ဒီလောက်ကောင်းတာကို"
"အင်း.. တကယ်အဲ့လိုထင်တာလား "
"သေချာတာပေါ့!"
ကျန်းယွီသည် ရယ်မောလိုက်ပြီး "ဦးသာ သမီးရဲ့ အဖေဆို သမီးလည်းအရမ်းပျော်မိမှာပဲလေ "
ရှဲ့ယွမ်ရဲ့ နှလုံးက အရိုင်းဆန်စွာ ခုန်ပေါက်သွားပြီး ကျန်းယွီဆီသို့ တစ်လှမ်းတိုးမိသွားသည်။ သူပြောပြလိုက်ချင်သည်။ သို့သော် ထိုအချိန်မှာပဲ အေးစက်သည့်အသံတစ်ခုက ကြားဖြတ်ဝင်ရောက်လာတာကို ကြားလိုက်ရသည်။
"ကျန်းယွီ"
ရှဲ့ယွမ် လှည့်ကြည့်လိုက်တော့ အနက်ရောင် ဝတ်စုံပြည့်ဝတ်ထားတဲ့ ကောင်လေးတစ်ယောက်ကို တွေ့လိုက်ရသည်။ ထိုကောင်လေးက သူ့ကို အေးစက်စွာ ပြန်ကြည့်လေသည်။
ရှဲ့ယွမ် ထိုကောင်လေးကို မှတ်မိတယ်လေ။ အရင်တစ်ခေါက် ကျောင်းမှာတွေ့တုန်းက သူ ဒီကောင်လေးအပေါ်မှာ အလွန်ဆိုးရွားသည့် ထင်မြင်ချက်တစ်ခု ရှိနေခဲ့တာပဲကို။
"အာ…သမီးကောင်လေး ရောက်လာပြီ "
ကျန်းယွီတစ်ယောက် ရှဲ့ယွမ်ကို ယဥ်ကျေးစွာ ပြောလိုက်လေသည်။
"ဒီနေ့ သမီးရဲ့ဖျော်ဖြေမှုကို လာကြည့်ပေးလို့ကျေးဇူးတင်ပါတယ်နော်.. ဦး ပြောစရာမရှိတော့ရင် သမီးကိုအရင်သွားခွင့်ပြုပါဦး "
"ခဏလေး…"
ရှဲ့ယွမ် ရုတ်တရက် ကျန်းယွီကို တားလိုက်ပြီး အဝေးမှလာနေသော ချူးလီကိုကြည့်လိုက်ကာ စိုးရိမ်ပူပန်လာခဲ့သည်။
ဒါပေမယ့် သူ့သမီးလေးရဲ့ အချစ်ရေးကိစ္စတွေကို ဝင်စွက်ဖက်ဖို့ သူ့မှာအခွင့်ရှိမနေဘူးလေ!
ရှဲ့ယွမ်တစ်ယောက် ချူးလီရဲ့ မူမမှန်တဲ့ နောက်ခံနှင့် အတွေ့အကြုံတွေကို စုံစမ်းစစ်ဆေးခဲ့ပြီးနောက် သူ့မှာ ထိုကောင်လေးအပေါ် အထင်အမြင်ကောင်းမရှိခဲ့ပေ။
မိဘတစ်ယောက်အနေဖြင့် ဘယ်သူက သူတို့ရဲ့သမီးကို ဒီလိုကောင်လေးမျိုးနဲ့ ဆက်သွယ်စေချင်မှာလဲ။
သူနဲ့ အားထျန်တို့ ချစ်ကျွမ်းဝင်ချိန်တုန်းက ပုမိသားစုတစ်ခုလုံးမှာ သူတို့ကိုဆန့်ကျင်ခဲ့ပြီး သူ့ကိုလည်းအောက်ဆုံး အခြေအနေထိ ရောက်အောင် နင်းချေခဲ့ကြသည့် အချိန်ကို ပြန်တွေးမိလေသည်။
ရှဲ့ယွမ် အနေဖြင့်လည်း ချူးလီကို ထိုနည်းလမ်းဖြင့် အလွယ်တကူ ဆွဲချနိုင်ပေသည်။ သို့သော်လည်း ခက်တာက သူ့သမီးဖြစ်သူရဲ့ ရွေးချယ်မှုကို လေးစားပေးသင့်သည် မဟုတ်ပါလော။
ရှဲ့ယွမ်ဟာ ချစ်ရတဲ့သူနှင့် ကွေကွင်းရတဲ့ ဝမ်းနည်းမှုကို ကိုယ်တိုင်တွေ့ကြုံ ခံစားခဲ့ရတာကြောင့် သူ့သမီးလေးကိုလည်း သူ့လိုမျိုး မခံစားရစေချင်ဘူးလေ။
"ဂရုစိုက်ပါ၊ တစ်ခုခုဖြစ်ရင် ဦးကို ချက်ချင်းခေါ်လိုက်နော် "
"ဟုတ် စိတ်မပူပါနဲ့ ဦးရဲ့၊ ဘာမှမဖြစ်ပါဘူး "
ကျန်းယွီလည်း ပြောပြီးသည်နှင့် ချူးလီဆီသို့ ပြေးသွားတော့သည်။
ရှဲ့ယွမ်မှာ ထွက်ခွာသွားတဲ့နှစ်ယောက်ရဲ့ ကျောပြင်တို့ကို ကြည့်ရင်း သူ့ရဲ့ဖုန်းကိုထုတ်ကာ လက်ထောက်ဖြစ်သူကို ခေါ်လိုက်သည်။
" မနက်က မင်းပြောခဲ့တဲ့ စကော်လာအကြောင်း အခုသိချင်တယ် "
.........
ချူးလီတစ်ယောက် ကျန်းယွီရဲ့ အိတ်ကို သူ့ရဲ့ပုခုံးပေါ်မှာ လွယ်ရင်း အဝတ်အိတ်ကိုပါ ဆွဲလျက် Esmeralda ရဲ့ ဂိတ်ပေါက်ဝသို့ လျှောက်လာကာ သူမကိုအိမ်ပြန်ပို့ဖို့ အဆင်သင့်ဖြစ်နေခဲ့သည်။
လမ်းတစ်လျှောက်လုံး သူစကားမပြောဘဲ တိတ်ဆိတ်နေခဲ့လေသည်။
ကျန်းယွီလည်း ချူးလီ မပျော်နေရွှင်တာကိုမြင်တော့ သူ့ကိုသူမရဲ့တံတောင်ဖြင့် တို့ထိလိုက်ပြီး ပြောလိုက်သည်။
"ထပ်ပြီး သဝန်တိုနေပြန်ပြီလား"
"မဟုတ်ဘူး"
"ဒါဆိုလည်း ကောင်းတာပဲ"
သူမသည် လက်ဦးမှုရယူကာ သူ့ရဲ့လက်မောင်းကိုဆွဲပြီး မှီလိုက်တော့သည်။
"ငါ ဒီနေ့ကတာ ကြည့်ကောင်းရဲ့လား "
"ကြည့်ကောင်းတယ်.. အဲ့လူက မင်းဆီက ဘာလိုချင်တာလဲ "
"..… "
သူပြောတော့ သဝန်တိုတာ မဟုတ်ပါဘူးဆို!
"သူက ငါ့ရဲ့ ဖျော်ဖြေပွဲကိုလာကြည့်ရုံပါ၊ ပြီးတော့ ယဥ်ကျေးမှုအရ နှုတ်ဆက်ပြီး စကားနည်းနည်းပြောရုံပါပဲ "
" အဲ့လူက မင်းကို ဂရုစိုက်နေတုန်းပဲ "
ကျန်းယွီမှာ ချူးလီရဲ့ လက်ကိုလွှတ်လိုက်တော့သည်။
" ချူးလီ…ငါ့မှာ သဝန်တိုတတ်တဲ့ ချစ်သူကောင်လေးတစ်ယောက်ရှိရုံနဲ့ ဆန့်ကျင်ဘက်လိင်တွေနဲ့တောင် စကားမပြောရတော့ဘူးလား၊ နင် ငါ့ကိုထိန်းချုပ်ချင်နေတာလား "
အတိတ်မှာတုန်းက ဟော့ချန်ဟာ သူမရဲ့လွတ်လပ်မှုကို ပြင်းပြင်းထန်ထန် ထိန်းချုပ်ခဲ့တာကြောင့် ဒီလိုကိစ္စမျိုးမှာ သူမလုံးဝ သည်းမခံနိုင်ပေ။ အဲဒါကြောင့်လည်း သူမရဲ့လေသံက ကြမ်းတမ်းနေခဲ့သည်။
ချူးလီရဲ့မျက်လုံးများ အေးစက်သွားပြီး " ကိုယ်မင်းကို ထိန်းချုပ်နေတယ်လို့ ထင်တာလား "
" နင်က ရှင်းပြတာကိုလည်း နားမထောင်ဘဲ ကျိုးကြောင်းမှ မဆီလျော်တာ "
သူမတို့ဆက်ဆံရေးစတင်ချိန်ကတည်းက ဒီကောင်လေးမှာ စိတ်ပိုင်းဆိုင်ရာ အတားအဆီး တစ်ခုရှိနေတယ်ဆိုတာ ကျန်းယွီသိထားတာကြောင့် သူ့ကိုအတတ်နိုင်ဆုံးအလိုလိုက်ပေးခဲ့ခြင်း ဖြစ်သည်။
ဒါပေမယ့် အခုသူမ ဘာဆက်လုပ်ရမလဲ မသိတော့ပြန်ဘူး။ ခံစားချက်တွေမပါဘဲ သူနဲ့ ဘယ်လိုဆက်ဆံရမလဲဆိုတာ သူမအခက်တွေ့လာခဲ့လေသည်။
အခုအချိန်ထိ စုံတွဲလို ဟန်ဆောင်နေခဲ့ခြင်းကြောင့် သူမကိုယ်တိုင်ပင် ဒီဇာတ်ကောင်ထဲ ဝင်မှန်းမသိ နစ်ဝင်လာခဲ့လေသည်။
သူမလည်း ချူးလီကို စပြီး ဂရုစိုက်လာခဲ့သည်။
ချူးလီကတော့ ကျန်းယွီရဲ့ သူ့အပေါ် သဘောထားပြောင်းလဲမှုကို မသိခဲ့ပေဘူး။ သူ့အနေဖြင့် မမျှတသလိုခံစားခဲ့ရသောကြောင့် စိတ်ထဲရှိသလို ပြောချလိုက်လေသည်။
"လက်မထပ်ရသေးတဲ့ လူလတ်ပိုင်းအမျိုးသားတစ်ယောက်က လှပငယ်ရွယ်တဲ့ ကျောင်းသူလေးတစ်ယောက်ကို အရမ်းဂရုစိုက်ပြနေတာက တကယ်ရော သဘောရိုးဟုတ်နိုင်ပါ့မလား "
တစ်လျှောက်လုံး ရှဲ့ယွမ်ရဲ့ အမူအရာကို သူလေ့လာနေခဲ့ခြင်းဖြစ်သည်။ စတိတ်စင်ပေါ်ရှိ ကျန်းယွီကို ကြည့်တဲ့ ထိုလူရဲ့ အကြည့်က ချူးလီရဲ့နေရာကို ခြိမ်းခြောက်နေရသလို ခံစားခဲ့ရသည်။
ရှဲ့ယွမ်ရဲ့ ကျန်းယွီအပေါ် ခံစားချက်တွေက သေချာပေါက် မရိုးသားနိုင်ဘူး!
"နင်တွေးသလို မဟုတ်ဘူး.. ငါတော့ သူက ငါ့အဖေဖြစ်ချင်နေတာလို့ပဲ ထင်တယ် "
" … "
"သူက ငါ့အမေကို ကြိုက်နေတာဖြစ်နိုင်တယ်၊ နှစ်သစ်ကူးနေ့တုန်းက မီးဖိုချောင်မှာ တံခါးပိတ်ပြီး သူတို့တီးတိုးပြောနေကြတာ "
" … "
ချူးလီ အေးစက်စွာ ပြောလိုက်လေသည်။
"တုံးလိုက်တာ "
အစကတော့ ကျန်းယွီလည်း သူမရဲ့ဒေါသကို ထိန်းချုပ်ပြီး ချူးလီနဲ့ သေချာစကားပြောချင်ပေမယ့် ဒီကောင်လေးက သူမရှင်းပြတာကို လုံးဝနားမထောင်ဘူးလေ။ သူပြောချင်တာပဲ ပြောနေတော့တာ။ သူပြောတာက မှန်ပြီး သူမကမှားနေတယ်လို့တောင် တွေးနေသေးတယ်။
" နင်က လူတိုင်းကို အဲ့လို အဆိုးမြင်နေမှတော့ ငါ့ဘက်ကလည်း ဘာမှဆက်ပြောစရာ မရှိတော့ဘူး "
ကျန်းယွီသည် ပြောပြီးသည်နှင့် လှည့်ထွက်သွားလိုက်သည်။
ချူးလီလည်း သူမရဲ့လက်ကောက်ဝတ်ကို ကြမ်းကြမ်းတမ်းတမ်းသာ ဆွဲလိုက်ပြီး ဒေါသတကြီး ပြောလိုက်သည်။
" ပုံမှန် ယောကျ်ားတစ်ယောက်က မင်းနဲ့မင်းအမေဆိုရင် ဘယ်သူ့ကိုရွေးမယ်ထင်လဲ "
ဒီရိုင်းပြတဲ့ စကားလုံးက ကျန်းယွီကို ဒေါသထောင်းခနဲ ထွက်သွားစေကာ ချူးလီကို ရိုက်ရန် သူမလက်ကို အလိုအလျောက် မြှောက်လိုက်သည်။
ချူးလီက မရှောင်ဘဲ ကျန်းယွီကိုသာ စိုက်ကြည့်နေခဲ့သည်။
ကျန်းယွီသည် သူ့မျက်လုံးထဲက ဝမ်းနည်းရိပ်စွန်းထင်းနေသည့် အကြည့်ကြောင့် ချူးလီ ကြုံတွေ့ခဲ့ရသော အဖြစ်အပျက်များကို ပြန်တွေးမိကာ သူမရဲ့လက်က လေပေါ်မှာတင်ရပ်တန့်သွားခဲ့သည်။
သူမ ဘယ်လိုလုပ် ရိုက်ရက်မှာလဲ။
ထို့နောက် ဖြည်းဖြည်းချင်း လက်ကိုပြန်ချကာ လေသံမာမာဖြင့် ပြောလိုက်တော့သည်။
"နင်ပေါက်ကရတွေ ထပ်ပြောနေမယ်ဆို ငါတကယ်ခွင့်မလွှတ်တော့ဘူးနော် "
ချူးလီတစ်ယောက် သူမအတည်ပြောနေသည်ကို ခံစားမိသဖြင့် သူ့ရဲ့နှလုံးသားတစ်ခုလုံး အက်ကွဲသွားသလိုပင်။
သူ့ရဲ့ တုန်ယင်နေသော လက်ကိုမြှောက်ကာ သူမရဲ့နားသယ်သီး အနောက်နားဆီမှ ဆံနွယ်တို့အထိ ဖြည်းဖြည်းချင်း ထိတွေ့လိုက်သည်။
အကြည့်တို့ကို အောက်စိုက်လျက် အက်ကွဲနေသော အသံနိမ့်နိမ့်ဖြင့် ပြောလိုက်သည်။
"ရှောင်ယွီ…မင်းကို ကိုယ်တစ်ယောက်တည်းပိုင်တာ "
သူမကို ဘယ်သူမှ လုယူသွားလို့ မရနိုင်ဘူး။
ကူကယ်ရာမဲ့နေသော ထိုပုံရိပ်လေးကြောင့် ကျန်းယွီရဲ့ နှလုံးသားမှာ နူးညံ့သွားရသည်။ ချူးလီကို သူမရဲ့နှလုံးသား အနက်ရှိုင်းဆုံးနေရာကနေ ချစ်သူကောင်လေးအဖြစ် လက်ခံလိုက်သည့်အချိန်မှစပြီး ဒီကောင်လေးဟာ သူမရဲ့ အကြီးမားဆုံး အားနည်းချက် ဖြစ်လာခဲ့လေသည်။
မည်သည့် စည်းမျဥ်းစည်းကမ်းကိုမဆို လစ်လျူရှုနိုင်သည် အထိပင်။
ထို့နောက် ချူးလီရဲ့ခါးကို သူမဘက်မှစတင်၍ ဖက်လိုက်ကာ “နောက်ဆို ငါနဲ့ရန်မဖြစ်နဲ့တော့နော်”
ချူးလီလည်း သူ့ရဲ့လက်မောင်းကြားထဲတွင် သူမကို တင်းတင်းကြပ်ကြပ် ပြန်ဖက်လိုက်ပြီး သူမရဲ့လည်တိုင်ကို သွားချွန်ချွန်လေးများဖြင့် ဖွဖွလေး ကိုက်လိုက်လေသည်။
စာသင်နှစ်အသစ်တွင်တော့ ချူးလီတစ်ယောက် ကန်တင်းမှာ စတင်စားသောက်တော့သည်။
မနက်စာကို စျေးပေါသည့် ဆင့်၅၀တန် ပေါက်ဆီများဖြင့်သာ ဖြေရှင်းကာ နေ့လည်စာကိုတော့ ထမင်းနှင့် အလကားရတဲ့ စွပ်ပြုတ်ကို စားသောက်ပေသည်။
မည်သို့ပင်ဆိုစေကာမူ တစ်နေ့တွင် သူမ သူ့အပေါ် ကောင်းပေးခဲ့သည်ထက် နှစ်ဆပြန်ကောင်းပေးရန် သူ့နှလုံးသားထဲ တိတ်တိတ်လေး ကျိန်ဆိုထားလေသည်။
ထိုနေ့ နေ့လည်စာစားချိန်၌ ချူးလီလည်း ထုံးစံအတိုင်း ကန်တင်းတွင် ဆင့်၄၀တန် ထမင်းဝယ်ပြီးနောက် စွပ်ပြုတ်အလကားပေးသည့် နေရာသို့ လျှောက်သွားခဲ့သည်။ တာဝန်ကျသည့် အန်တီကြီးက အမြဲဆိုသလို ချူးလီရဲ့ စွပ်ပြုတ်ပန်းကန်လုံးထဲသို့ နံရိုးနှင့်အသီးအရွက်များ ပိုသာစွာ ခပ်ထည့်ပေးလေ့ရှိသည်။
လူငယ်တွေက ဖွင့်ဖြိုးကြီးထွားနေတဲ့ အရွယ်လေ။ ဘဝရဲ့ ဖိအားပေးမှုကြောင့်သာ မဟုတ်လျှင် ဘယ်သူကများ နေ့တိုင်း ဆင်းဆင်းရဲရဲ စားသောက်ချင်မှာတဲ့လဲ။
ချူးလီ ထိုင်ပြီး စားဖို့လုပ်တုန်းရှိသေး၊ နောက်လိုက်လေးများစုရုံးကာ ရောက်လာသော ဟော့ချန်က လှောင်ရယ်သည့်အပြုံးဖြင့် စတင်ပြောဆိုတော့သည်။
“ကောင်လေး…မင်းရဲ့နေ့လည်စာက မွဲနေလိုက်တာ”
ချူးလီကတော့ သူ့ကိုအကြည့်တစ်ချက်တောင် မပေးဘဲ ဆက်စားနေခဲ့သည်။
ဟော့ချန်သည် သူ့ခြေထောက်ကို ချူးလီ ထိုင်နေသည့်ခုံဘေးသို့ တင်လိုက်ကာ ဆက်ပြောလာသည်။
“ပြေပြေလည်လည် ညှိနှိုင်းလို့ရတာတွေ အများကြီးရှိသားပဲ.. အဲ့လောက် အရှက်ရအောင်အထိ လုပ်ဖို့မလိုဘူးလေ။ မင်းသာ ကျန်းယွီကိုလွှတ်ပေးလိုက်မယ်ဆိုရင် ဘွဲ့ရတဲ့အထိ စကော်လာဆက်ယူလို့ရအောင် ငါလုပ်ပေးနိုင်တယ်”
ချူးလီရဲ့ မလှုပ်မယှက်ပုံစံကိုမြင်တော့ ဟော့ချန်လည်း ဝင်ထိုင်လိုက်ပြီး ဆက်လက်၍ နားချတော့သည်။
“သဘောတူညီချက်ထဲမှာ ပါတဲ့အတိုင်းဆို တက္ကသိုလ် ပထမစာသင်နှစ်ရဲ့ ကျူရှင်ခအထိ စကော်လာရမှာ မဟုတ်ဘူးလား၊ မင်းသာ ထွက်သွားပေးသရွေ့ ငါလုပ်ပေးနိုင်…”
စကားမဆုံးသေးခင်မှာပဲ ချူးလီက သရော်လိုက်ကာ ဖြတ်ပြောလိုက်လေသည်။
“ဒါက အဲ့လောက်တောင် သနားဖို့ကောင်းနေတာလား?”
“မင်းဘာကို ဆိုလိုတာလဲ”
“အရင်က ငါ့ဖိနပ်တွေကို မင်းမီးရှို့ခဲ့တယ်၊ အခုလည်း ငါ့ရဲ့စကော်လာကိုဖျက်သိမ်းဖို့ လှည့်ကွက်တွေသုံးနေပြန်တယ်၊ ဒါတွေလုပ်ရတဲ့ အကြောင်းပြချက်က မင်းတန်ဖိုးမထားခဲ့တဲ့ မိန်းကလေးက အခု ငါ့ကိုကြိုက်လို့လား”
ဟော့ချန်လည်း ထိုစကားကြောင့် ရန်စခံရသလို ခံစားလိုက်ရပြီး ချူးလီရဲ့ကော်လံကို ဆွဲလိုက်သည်။
“သူက ဘယ်လိုလုပ် မင်းလိုအမှိုက်ကောင်ကို ကြိုက်မှာလဲ”