Chapter 60
Vol. 6 Ch. 60
စားပွဲပေါ်ရှိ စွပ်ပြုတ်ပန်းကန်လုံးမှာ မှောက်ကျသွားပြီး ပူလောင်နေသော စွပ်ပြုတ်အရည်တွေဟာ ဟော့ချန်ရဲ့ အင်္ကျီပေါ်ကို ဖိတ်စင်သွားခဲ့လေသည်။ သို့သော် ဟော့ချန်ကတော့ ဂရုမစိုက်ဘဲ ချူးလီကိုသာ ဒေါသတကြီး စိုက်ကြည့်နေခဲ့သည်။
“သူက မင်းကိုကြိုက်တယ်တဲ့လား၊ မင်းနဲ့ထိုက်ရော ထိုက်တန်လို့လား”
ချူးလီရဲ့ မျက်လုံးထဲတွင်တော့ တောက်လောင်နေသောအပြုံးတစ်ခုရှိနေပြီး ဟော့ချန်ကြားရုံမျှသာ သူ့နားအနီးသို့ တိုးတိုးလေး ကပ်ပြောလိုက်သည်။
“ဒါအဆင်မပြေဘူးနော်။ သူငိုယိုပြီး ငါ့ကိုညတိုင်း တောင်းဆိုနေတယ်လို့ပြောလိုက်ရင် မင်း ဒီနေရာမှာတင် ဘဝကူးသွားနိုင်လောက်လား ”
ထိုအဓိပ္ပါယ်တစ်မျိုးပါနေသော စကားလုံးများက ဟော့ချန်၏ နှလုံးသားကို ချောက်နက်အဆုံးထိ နစ်မြုပ်သွားစေခဲ့သည်။
အားပြင်းသော လက်သီးချက်က ချူးလီရဲ့မျက်နှာပေါ်ကို ကျရောက်လာကာ မြေပြင်ပေါ်သို့ လဲကျစေခဲ့သည်။
ပတ်ဝန်းကျင်ရှိ ကျောင်းသားများလည်း ရုတ်တရက်ဖြစ်ပေါ်လာသော အပြောင်းအလဲကြောင့် ကြောင်အသွားကြပြီး သူတို့ရဲ့ဖုန်းများကိုထုတ်ကာ လက်ရှိမြင်ကွင်းကို ဓါတ်ပုံရိုက်ကာ မှတ်တမ်းတင်ကြတော့သည်။
မကြာသေးခင်အချိန်က ကျောင်းရဲ့အာဏာပိုင်များသည် ကျောင်းတွင်း အနိုင်ကျင့်မှုတွေကို ထိရောက်စွာ အရေးယူရန် အားစိုက်ထုတ်လာသဖြင့် ကျောင်းသားများသည်လည်း အလိုအလျောက် တုံ့ပြန်နိုင်စွမ်း ပိုကောင်းလာခဲ့ကြသည်။
ကျောင်းတွင်း အကြမ်းဖက်မှုတစ်ခုကို တွေ့သည်နှင့် သူတို့ရဲ့ဖုန်းများကို ချက်ချင်းထုတ်ကာ သက်သေရယူရန် မှတ်တမ်းတင်ကြတော့သည်။
ဟော့ချန်ကတော့ ဒီကိစ္စတွေကို ဂရုမစိုက်ပါဘူး။ ဒေါသထွက်နေသော ခြင်္သေ့တစ်ကောင်ကဲ့သို့ ကြမ်းတမ်းစွာ ဟိန်းဟောက်လိုက်လေသည်။
“ခွေးကောင်! အမှိုက်ကောင်! မင်းဘာလို့သွားမသေလိုက်ရတာလဲ!”
ထပ်မံ၍ ရှေ့တိုးလာကာ ချူးလီရဲ့ ဝမ်းဗိုက်ကို ပြင်းထန်စွာ ထိုးနှက်လိုက်လေသည်။
ချူးလီသည် နှုတ်ခမ်းထောင့်စွန်းမှ သွေးများ ယိုစီးကျလာကာ သည်လောက်ထိ အရိုက်ခံထားရတာတောင်မှ သူက ပြုံးနေနိုင်သေးသည်။ သို့ရာတွင် ထိုအပြုံးက မြင်သူတိုင်းကျောချမ်းစေနိုင်သည့် အပြုံးမျိုးပင်။
ဟော့ချန်ဟာ အမြဲတမ်း ကျောင်းသားကောင်းတစ်ယောက်ကဲ့သို့ ဟန်ဆောင်နေလေ့ရှိတာကြောင့် သူ့ရဲ့အမှောင်ဘက်ခြမ်းကို လူအများစုက သတိမထားခဲ့မိကြပေ။
ယခုအခိုက်အတန့်လေးတွင် ချူးလီရဲ့ စကားတစ်ခွန်းက သူ့နှလုံးသားထဲရှိ အမှောင်ဘက်ခြမ်းကို လုံးလုံးဖွင့်ဟနိုင်ခဲ့လေသည်။
“ငါ့ရည်းစားကို ခိုးရဲတယ်ပေါ့လေ၊ ငါ့အဖေက ဘယ်သူလဲဆိုတာ မင်းသိလား!”
ဒေါသရဲ့ လွှမ်းမိုးမှုကြောင့် ဟော့ချန်တစ်ယောက် တုံ့ဆိုင်းမှုမရှိ ကြမ်းတမ်းစွာ ဆဲဆိုထိုးနှက်လေတော့သည်။
"မင်းလို အမှိုက်ကောင်က ခွေးတစ်ကောင်လောက်တောင် တန်ဖိုးမရှိဘူး! ငါသာ သတ်ပစ်ချင်ရင် ပုရွက်ဆိတ်တစ်ကောင်ကို ဖိနင်းတာထက်တောင် ပိုလွယ်သေးတယ် "
ချူးလီသည် အပြုံးမပျက် သူ့ရဲ့နက်မှောင်သော မျက်လုံးအကြည့်တို့ကို ဖြည်းဖြည်းချင်း ပင့်တင်လိုက်ပြီး နှုတ်ခမ်းထောင့်က သွေးစတို့ကို လက်ဖမိုးဖြင့် သုတ်ကာ ပြောလိုက်သည်။
"ငါသိပ်ကြောက်တာပဲ "
ဟော့ချန်မှာ ထိန်းမနိုင်သိမ်းမရဖြစ်လာပြီး သူ့ဘေးရှိ စွပ်ပြုတ်ပန်းကန်လုံးကိုဆွဲယူကာ ချူးလီရဲ့ခေါင်းကို ရိုက်ဖို့လုပ်တော့သည်။
ကံကောင်းစွာဖြင့် လုံခြုံရေးအစောင့်များ အချိန်မှီရောက်လာကြကာ ဟော့ချန်ကို တားလိုက်နိုင်ပေသည်။
ထို့နောက် ဟော့ချန်သည် ရုံးခန်းသို့ ဖမ်းဆီးခေါ်ဆောင်သွားခံရပြီး ချူးလီမှာတော့ ဆေးပေးခန်းသို့ ပို့ဆောင်ခံလိုက်ရတော့သည်။
ကျန်းယွီကတော့ ညနေမှ ကျောင်းသို့ရောက်လာပြီး ထိုအကြောင်းကို ကြားသိခဲ့ရသည်။
ချူးလီ အရိုက်ခံရသည်ဟု ကြားသောအခါ သူမခေါင်းပေါ်သို့ ရေခဲပုံးတစ်ခုလုံး လောင်းချခံလိုက်ရသလို ခံစားလိုက်ရပြီး တီချယ်ကိုတောင် ခွင့်မတိုင်နိုင်ဘဲ ချက်ချင်းဆိုသလို ကျောင်းဆေးခန်းသို့ ပြေးသွားတော့သည်။
ကျောင်းဆေးခန်းရှိ ဆရာဝန်မှာ မမြင်ရသော ရင်ဘတ်နှင့်ဝမ်းဗိုက်အတွင်းဘက်တွင် သွေးယိုစီးမှုဖြစ်လာမည်ကို စိုးရိမ်သဖြင့် ချူးလီအား ကျောင်းလမ်းတစ်ဖက်ရှိ ပြည်သူ့ဆေးရုံသို့ ဓါတ်မှန်သွားရိုက်ရန် ပြောလာခဲ့သည်။
ထိုအကြောင်းကို ကျန်းယွီသိသောအခါ ကျောင်းပြင်ပထွက်ခွာရန် တီချယ်ဆီမှ ခွင့်ပြုချက်ကိုပြန်လာယူဖို့အတွက် ဆရာများရုံးခန်းဆီသို့ ရောက်လာခဲ့လေသည်။
စည်းကမ်းထိန်းသိမ်းရေး ရုံးခန်းရှေ့မှ ဖြတ်သွားသောအခါ ဟော့ချန်ကို တွေ့လိုက်ရသည်။
များစွာသော ဆရာ၊ ဆရာမများက မျက်မှောင်ကျုံ့လျက် မတ်တပ်ရပ်နေကြသည်။
သို့သော် ဟော့ချန်ကတော့ ဆိုဖာပေါ်တွင် ဂရုမစိုက်စွာ မှီထိုင်လျက် တစ်ခါသုံးစက္ကူခွက်ဖြင့် အေးအေးဆေးဆေး ရေသောက်နေခဲ့လေသည်။
သူက မောက်မာစွာဖြင့် ပြောလိုက်သေးသည်။
" ဒါက လူတစ်ယောက်ကို ရိုက်လိုက်ရုံပဲ မဟုတ်ဘူးလား၊ ဘာလို့ ရေးကြီးခွင်ကျယ် လုပ်နေကြတာလဲ "
ကျောင်းအုပ်တစ်ယောက်ကတော့ လေးနက်စွာဖြင့် သတိပေးလိုက်သည်။
" ဒီအတောအတွင်း ကျောင်းက အကြမ်းဖက်မှုနဲ့ပတ်သက်ပြီး အထိမခံဖြစ်နေကြတာ၊ ကောလဟာလတွေလည်း ပျံ့နေပြီ၊ မင်းဘယ်လိုလုပ်ပြီး အချိန်ကိုက် ကျောင်းမှာ ထသောင်းကျန်းရတာလဲ "
"သူအသက်ရှင်နေတာပဲ ကံကောင်းနေပြီ၊ နောင်တစ်ခါ ငါ့ရှေ့မှာ ထပ်ပေါ်လာလို့ကတော့ တကယ်သတ်ပစ်တော့မှာ "
"ဒီလိုစကားမျိုး ထပ်မပြောမိစေနဲ့! "
ကျောင်းအုပ်က ခါးသီးစွာဖြင့် ပြောလိုက်သည်။
"ဒီတစ်ခေါက်တော့ ကျောင်းက သခင်လေးဟော်ရဲ့ မျက်နှာကြောင့် ဒီကိစ္စကို ဖြေရှင်းပေးလိုက်မယ်၊ ဒါပေမယ့် မင်းထပ်ပြီး ပြသာနာရှာလို့ကတော့ ကျောင်းကလည်း ကာကွယ်ပေးနိုင်မှာ မဟုတ်တော့ဘူးနော် "
ဟော့ချန်သည် နှာမှုတ်လိုက်ပြီး " ဆင်းရဲသားလေး တစ်ယောက်ပဲ မဟုတ်လား၊ သူသေသွားခဲ့ရင်တောင် အဖေက ဖြေရှင်းပေးနိုင်တယ် "
"အိုး…အဲ့လိုလား၊ လောလောဆယ် ကျောင်းဘက်က ဒီကိစ္စကိုဖြေရှင်းဖို့ သူနဲ့စကားပြောဖို့လိုတယ်၊ သူ့ဘက်က အသာတကြည် ကြေအေးပေးနိုင်ရင်တော့ အကောင်းဆုံးပဲ "
" ပိုက်ဆံသုံးပြီးတော့လား "
ဟော့ချန်သည် ချက်ချင်းဆိုသလို ထပ်ပေါင်းပြောလိုက်သည်။
"ကျွန်တော့်ဘက်က သူ့ကိုပိုက်ဆံ တစ်ပြားမှ မပေးနိုင်ဘူးနော် "
"မင်းက တစ်စုံတစ်ယောက်ကို ရိုက်နှက်ခဲ့ပြီး သူ့ဘက်ကပြန်တောင် မတိုက်ခိုက်ခဲ့ဘူးလေ၊ အဲဒါတောင် မင်းက ဆေးဖိုးဝါးခ မပေးချင်ဘူးလား "
"ဘာလို့ ကျွန်တော်က ဆေးဖိုးဝါးခ ပေးရမှာလဲ၊ အိပ်မက်မက်နေလိုက်! "
ဟော့ချန် တစ်ယောက် မတ်တပ်ထရပ်ကာ ခြိမ်းခြောက်သည့်လေသံဖြင့် ဆက်ပြောလိုက်သည်။
"စေတနာနဲ့ အကြံတစ်ခုပေးမယ်နော်…သူ့ကိုကျောင်းထုတ်လိုက်တာက အကောင်းဆုံးဖြေရှင်းနည်းပဲ၊ ခင်ဗျားသာ သု့ကိုထုတ်လိုက်ရင် ကျွန်တော့်ဘက်က ပြသာနာ မရှာတော့ဘူး၊ ကျောင်းလည်း ငြိမ်းချမ်းသွားမှာလေ… မကောင်းဘူးလား "
" မင်း….မင်း…. "
ရုံးခန်းရှေ့၌ မတ်တပ်ရပ်နေသော ကျန်းယွီမှာ ဟော့ချန်ရဲ့ စိတ်ထင်သလို လွှမ်းမိုးခြယ်လှယ်နေတဲ့ ပုံစံကိုကြည့်ကာ အတိတ်က သွေးလွှမ်းသည့် ပုံရိပ်အပိုင်းအစများ သူမခေါင်းထဲ ပေါ်လာတော့သည်။ အရင်ဘဝတုန်းက ဟော့ချန်ကို သတ်ခဲ့သည့်သူမှာ ချူးလီမဟုတ်ဘဲ သူမကိုယ်တိုင်ဖြစ်နေသည့်အလားပေ။
သူမရဲ့ မျက်နှာတွင် အမူအရာမဲ့လျက် ဓါးတစ်ချောင်းကိုကိုင်ကာ ဟော်ချန်ရဲ့ အေးစက်နေသည့်ခန္ဓာကိုယ်ကို ထိုးစွနေခဲ့သည်။
သွေးစက်များဖြင့် သူမရဲ့မျက်နှာပေါ်သို့ ပက်ဖြန်းထားသော်လည်း သုတ်ပစ်ဖို့အစီအစဥ် ရှိပုံမရချေ။ နှစ်ပေါင်းများစွာ စုပုံလာခဲ့သော အမုန်းတရားများက ဒီအခိုက်အတန့်တွင် လုံးလုံးပွင့်ထွက်လာသည့်အလား။
ဖြစ်နိုင်ပါက ထိုသူကို သူမရဲ့လက်ဖြင့် တကယ်သတ်ပစ်နိုင်ဖို့ ဆုတောင်းမိလေသည်။
ဟော့ချန်တစ်ယောက် ရုံးခန်းမှ ထွက်လာပြီးနောက် ကျန်းယွီကို တွေ့ရသောအခါ ခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်းသွားခဲ့သည်။
ကျန်းယွီကတော့ သူ့မျက်နှာကို တစ်ချက်မကြည့်ဘဲ ချက်ချင်း ထွက်သွားလိုက်ပေမယ့် ခြေလှမ်းအနည်းငယ်မှာတင် ဒေါသရဲ့လွှမ်းမိုးမှုကြောင့် ပြန်လှည့်ကြည့်ကာ ပုံမှန်မဟုတ်သည့် တည်ငြိမ်မှုဖြင့် အေးစက်စွာ ပြောလိုက်သည်။
"တကယ်လို့ အခွင့်အရေးသာရခဲ့ရင် နင့်ကို ငါ့လက်နဲ့ ကိုယ်တိုင်သတ်ပစ်မှာ "
ကျန်းယွီသည် ပြည်သူ့ဆေးရုံသို့ အမြန်ပြေးသွားလိုက်သည်။ ထို့နောက် ဒုတိယထပ်တွင်ရှိသော ER ခန်း၏ ကော်ရစ်ဒါတွင် ချူးလီကို တွေ့လိုက်ရသည်။
ချူးလီကတော့ ကော်ရစ်ဒါက အလျားလိုက်ထိုင်ခုံတွင် ထိုင်နေပြီး၊ အပြာရောင်နှင့် အဖြူရောင် သူ့ကျောင်းဝတ်စုံလေးမှာ သွေးများဖြင့် စွန်းထင်းနေလေသည်။ ထို့အပြင် အနားယူနေသဖွယ် သူ့ခေါင်းလေးကိုလည်း ငုံ့ထားသေး၏။
နီးနီးကပ်ကပ်ကြည့်လိုက်တော့မှ သူ့လက်ထဲတွင် အဘိဓာန်စာအုပ်အသေးလေးကို ကိုင်ထားဆဲဖြစ်တာကို တွေ့လိုက်ရသည်။
ကျန်းယွီသည် ချူးလီဘေးနားတွင် ဝင်ထိုင်လိုက်ပြီး သူ့ပါးစပ်ထောင့်က ပလာစတာလေးကို လက်ဖြင့်လှမ်းထိကြည့်လိုက်သည်။ သူ့ကို ခြောက်လှန့်မိသွားမှာစိုးသဖြင့် ဖွဖွလေးထိလိုက်ခြင်းဖြစ်သည်။
အတော်ကို စိတ်ကသိကအောက်ဖြစ်စရာပါပဲ။
“တောင်းပန်ပါတယ်”
သူမလေသံထဲတွင် အပြစ်မကင်းသောစိတ်များ ပါဝင်နေလေသည်။
ချူးလီသည် အဘိဓာန်ကို ကြည့်နေရင်းကနေ ချက်ချင်းအကြည့်လွဲလိုက်ကာ သူမကို လှမ်းကြည့်လိုက်ပြီး နူးနူးညံ့ညံ့လေး ပြန်မေးလိုက်သည်။
“ဘာလို့တောင်းပန်နေတာလဲ?”
ကျန်းယွီ၏မျက်ဝန်းများကတော့ အနည်းငယ် နီရဲနေကာ သူမသည် ခေါင်းမာမာနှင့် ဆက်ပြောလိုက်သည်။
“ဒီအတိုင်း တောင်းပန်တာပါ”
“ငါတမင်တကာ လုပ်ခဲ့မိတဲ့အမှားက.. နင်နဲ့ ဘာမှမှမဆိုင်တာကို”
ကျန်းယွီ၏ခံစားချက်များကတော့ သူမ၏အတိတ်ဘဝက မှတ်ဉာဏ်များကြား နစ်မြှုပ်နေဆဲဖြစ်သည်။ အကြောင်းအရင်းတစ်ချို့ကြောင့် သူမအတိတ်ဘဝ၏ မှတ်ဉာဏ်တစ်ချို့က သူနှင့် မသိမသာဆက်စပ်နေပုံလည်း ရပေသည်။
သို့သော်လည်း ထိုအချိန်တုံးက သူမသည် သူ့ကိုလုံးဝမသိခဲ့ပေ.. အဝေးကနေသာ အကြိမ်အနည်းငယ်လောက် ကြည့်ခဲ့ဖူးတာဖြစ်သည်။
ဘာမှန်းမသိသော ဝမ်းနည်းမှုများ သူမခံစားချက်တွေကြားထဲကို တိုးဖောက်ဝင်ရောက်လာခဲ့သည်။ သူမ၏ နှုတ်ခမ်းလေးကို အသာအယာကိုက်လိုက်ပြီးနောက် သူ့လက်ဖဝါးပေါ်သို့ မျက်ရည်နွေးနွေးလေးတစ်ခု ကျဆင်းလာခဲ့တော့သည်။
ချူးလီကတော့ မိန်းမငယ်လေး၏ မျက်နှာကို သေချာလေးကိုင်လိုက်ပြီး သူမမျက်လုံးထောင့်မှ မျက်ရည်စလေးများကို သူ့လက်ချောင်းထိပ်လေးနှင့် သုတ်ပေးလိုက်ကာ သိမ်မွေ့စွာမေးလိုက်သည်။
“ဘာလို့ငိုနေတာလဲ?”
“ကြည့်ရတာ... အချိန်အကြာကြီး ငါ နင့်ကို ချစ်ခဲ့တယ် ထင်ပါတယ်”
ထိုအခိုက်အတန့်တွင် ချူးလီ၏ နှလုံးသားကတော့ ‘ချစ်တယ်’ ဆိုသည့် စကားလုံးလေးကြောင့် လှုပ်ခတ်သွားရတော့သည်။
ကျန်းယွီသည် သူမ၏နဖူးလေးကို သန်မာသောသူ့လက်မောင်းလေးထက် မှီလိုက်ပြီး အက်ကွဲနေသောအသံလေးဖြင့် ဆက်ပြောလိုက်သည်။
“ငါတကယ်ကို အသုံးမကျတာပဲ”
ချူးလီကတော့ သူ့လက်ဖဝါးလေးကို တနင့်တပိုးလှုပ်ခါလိုက်သည်။
“CT scan ထွက်လာပြီလား?”
“ထွက်လာပြီ၊ အားလုံးကောင်းပါတယ်”
“ငါ့ကိုပြပါဦး”
“လွင့်ပစ်လိုက်ပြီ၊ ဆရာဝန်က အကုန်ကောင်းတယ်လို့ပြောလို့”
ကျန်းယွီသည် သူ့ကိုမော့ကြည့်လိုက်ကာ“CT scan မရိုက်ခဲ့ဘူးမလား?”
CT scan ရိုက်မယ်ဆိုရင် ယွမ်ရာနဲ့ချီကုန်မှာလေ။ ဆေးရုံကဆရာဝန်ကလည်း ချူးလီကို ရိုက်ခိုင်းတာက ခေါင်းကိုသေချာစစ်ဆေးဖို့တင်မှ မဟုတ်ဘဲ.. ရင်ဘတ်၊ ဗိုက်၊ စတာတွေရောလေ..။
သူ့မှာ အဲ့လောက်ပိုက်ဆံမှ မရှိတာ။
ကျန်းယွီသည် သူ့ကိုဆွဲလိုက်ကာ စစ်ဆေးဖို့အတွက် ခေါ်သွားချင်နေ၏။ ချူးလီကတော့ ခေါင်းကြောမာမာနှင့် ပြန်ပြောပေသည်။
“ငါ့ခန္ဓာကိုယ်အကြောင်း ငါကောင်းကောင်းကြီးသိပြီးသားပါ၊ ဘာဆေးစစ်တာမှ လုပ်နေစရာမလိုဘူး၊ အဆင်ပြေတယ်”
“သရက်ရွက်တွေ နံရိုးတွေ ကွဲပြဲကုန်ရင် ဘယ်လိုလုပ်ကြမလဲ.. နင်က ခံစားရတာမဟုတ်တော့ သိမှာမဟုတ်ဘူးလေ။ အချိန်ဆွဲနေလို့မကောင်းဘူး”
ချူးလီကတော့ ရပ်လိုက်ကာ နက်ရှိုင်းသောအသံဖြင့် ဆိုလိုက်သည်။
“ငါခံစားလို့ရတယ်.. နာလို့ရှိရင်”
ကျန်းယွီကတော့ ကြောင်တောင်တောင်ဖြင့် သူ့ကိုကြည့်လိုက်သည်။
ချူးလီဿည် သူ့ရင်ဘတ်လေးကို ထိလိုက်ကာ အကူအညီမဲ့စွာဖြင့် ပြုံးလိုက်ရင်း“ဒီနေရာမှာ မိုးဖွဲဖွဲလေးရှိနေတာကို ငါဘာလို့ မခံစားနိုင်တာပါလိမ့်”
ကျန်းယွီသည် သူ့ကော်လံကိုဆွဲလိုက်ကာ အသနားခံသောလေသံဖြင့် ပြောလိုက်သည်။
“သွား ဆေးစစ်ရမယ်”
“ငါဆေးစစ်ဖို့ သွားမှာမဟုတ်ဘူး”
“ခဏလောက်ပဲ သွားကြရအောင်ပါ”
“ပိုက်ဆံဖြုန်းဖို့ မလိုဘူးလေ”
ကျန်းယွီ၏ ပိုက်ဆံအကုန်လုံးကို ဘဲလေးအတွက် သုံးလိုက်ပြီးပြီဖြစ်သည်။ ထို့ကြောင့် ချူးလီက ထပ်ပြီး ပိုက်ဆံမဖြုန်းချင်တော့တာပေ။
“တကယ်ကို မလိုဘူး။ ဘာအရွတ်မှလည်း မပြဲသလို ဘယ်အရိုးမှလည်း ကျိုးမသွားပါဘူး။ အပြင်ပန်းကြည့်တော့သာ သန်မာမယ်ထင်ရတာ အတွင်းပိုင်းကျ ပျော့ဖတ်နေတဲ့ အဲ့မအေဘေးဟော့ချန်က ကိုယ့်ကိုထိခိုက်အောင် မလုပ်နိုင်ပါဘူး...”
ပြောလို့တောင်မဆုံးသေးခင် ကျန်းယွီသည် ခြေဖျားလေးထထောက်လိုက်ပြီး သူ့ခေါင်းကို ဆွဲကိုင်လိုက်ကာ ခြောက်သွေ့နေသော သူ့အောက်နှုတ်ခမ်းလေးကို နမ်းလိုက်တော့သည်။
ချူးလီ၏ စကားလုံးများလည်း ရုတ်ချည်းဆိုသလို တန့်သွားရတော့သည်။ ထို့နောက် သဘာဝဆန်ဆန်ပင် သူ့ပါးစပ်လေးကို ဖွင့်လိုက်တော့သည်။
ကျန်းယွီသည် သူ့နှုတ်ခမ်းပါးလေးများကို ဖွဖွလေး အစိုဓာတ်ပေးပြီးနောက် လွှတ်ချလိုက်လေသည်။
ချူးလီကတော့ စိတ်ထဲဗလာဖြစ်နေတော့ကာ ပိုလိုချင်နေမိတော့သည်။
ကျန်းယွီသည် သူမခေါင်းလေးကို အနောက်သို့ စောင်းလိုက်ပြီး သူမ၏လှပကာ သေးသွယ်သော ဖီးနစ်ပုံစံမျက်ဝန်းလေးများကို ကွေးရင်း လက်တစ်ကမ်းတွင်ရှိသော ခပ်ချောချောလူငယ်လေးကို ကြည့်လိုက်ကာ နူးညံ့သိမ်မွေ့စွာဖြင့် မေးလိုက်သည်။
“သွားမှာလား?”
ချူးလီသည် သူမကို အချိန်အတော်ကြာအောင် စိုက်ကြည့်နေလိုက်သည်။ သို့သော် အဆုံးသတ်မှာတော့ ဒီခံစားချက်များကို ကျော်လွှားနိုင်ဖို့ ကျရှုံးခဲ့ရလေတော့သည်။ ဒီလိုနှင့် ‘ဟင်း’ ဆိုသော အသံပျော့ပျော့လေးသာ ဆိုလိုက်ပြီး သူမကို လောဘတကြီး ကိုက်လိုက်တော့သည်။
CT scan ကတော့ ချူးလီတစ်ကိုယ်လုံး ကောင်းသည်ဟု ဆိုသည်။ သို့သော် ကြွက်သားတစ်ရှူးများ အတွင်းကျေဒဏ်ရာရသွားတာကြောင့် အချိန်အနည်းငယ် အနားယူပြီးသည်နှင့် ပြန်အဆင်ပြေသွားပေလိမ့်မည်။
ချူးလီသည် CT ဖလင်လေးကိုကိုင်ကာ ဆေးရုံထဲက ထွက်လာရင်း စူပုပ်ပုပ်ဖြင့် ပြောလိုက်သည်။
“ကိုယ်ပြောသားပဲ အကုန်ကောင်းပါတယ်ဆိုတာကို.. ဘာမှမဟုတ်တာလေးနဲ့ ပိုက်ဆံဖြုန်းလိုက်ရပြီ”
“ဒီပိုက်ဆံကုန်သွားတာ ငါပျော်တယ်လေ”
ကျန်းယွီကတော့ ယုံကြည်မှုအပြည့်ဖြင့် ပြန်ပြောလိုက်သည်။
“စိတ်ချမ်းသာရာရဖို့ နည်းနည်းပါးပါး ဖြုန်းလိုက်ရတာလေးပဲလေ။ အဲ့တော့ နောက်ဆိုရင် တစ်ချိန်လုံး စိုးရိမ်နေစရာမရှိတော့ဘူးပေါ့”
“ကိုယ့်ကို အဲ့လောက်တောင် ဂရုစိုက်တာလား?”
“အရမ်းကြီးလည်း မဟုတ်ပါဘူး၊ ဒီအတိုင်း… နည်းနည်း”
ချူးလီသည် ပြုံးလိုက်ကာ သူ့လက်မောင်းကို သူမ၏ ခါးသေးသေးလေးအား သွားရစ်ပတ်လိုက်တော့သည်။ သို့သော် ကျန်းယွီကတော့ သူ့ကိုရှောင်လိုက်ပြီး သူမကို ထိခွင့်မပေးပေ။
ဒီလိုနှင့် မကျေမနပ်ပြန်ပြောလေတော့သည်။
“အနာဂတ်မှာလည်း ဒီလိုဆိုရင် ကိုယ် ရှောင်ယွီပြောသမျှ အကုန်လုံးနားထောင်မှာ”
“အဲ့လောက်ကောင်းမယ့်ဟာမျိုး ဘယ်လိုလုပ် ရှိမှာတဲ့လဲ”
“ကိုယ်ကတော့ ရှိလာဦးမယ်လို့ ထင်တယ်”
ကျန်းယွီသည် ခြေလှမ်းကို ခပ်မြန်မြန်လျှောက်လိုက်ပြီး ခြေလှမ်းအနည်းငယ် လျှောက်ပြီးသည့်အခါမှာတော့ သူ့ကိုလှည့်ကြည့်ကာ ပြန်ပြောလိုက်သည်။
“ဒါဆိုရင် နောက်ကျရင် လိမ္မာပေါ့”
“အိုခေ.. ကိုယ်လိမ္မာပါ့မယ်"
“နင်တကယ်ကို သုံးစားမရတာပဲ.. ထားပါ ငါသဘောတူတယ်”
“ကိုယ်သုံးစားမရတာ အချိန်အတော်တောင် ကြာခဲ့ပါပြီ”
ကျန်းယွီကတော့ ဒီကိစ္စကို လွယ်လွယ်နဲ့ ကျော်မသွားပေးနိုင်ချေ။ ဟော့ချန်နှင့် ထိပ်တိုက်တွေ့ကာ သူသာတောင်းပန်ဖို့ ငြင်းဆိုခဲ့ရင် သူမလုပ်နိုင်တာ အကုန်လုပ်မှာဖြစ်ကြောင်း ဆုံးဖြတ်ချက်ချထားပေသည်။ ထို့အပြင် ကျောင်းဘက်ကလည်း သူ့လုပ်ရပ်တွေကို သိသိသာသာကြီး ကာပေးနေတာပင်။
သူမသည် ထိုအချိန်တုံးက အနားတစ်ဝိုက်မှာရှိနေခဲ့သော ကျောင်းသားများထံက ဖုန်းဖြင့်ရှုထောင့်မျိုးစုံက ရိုက်ထားသည့် ဗီဒီယိုသက်သေများကို စုဆောင်းခဲ့လေသည်။ သိသိသာသာ ရှင်းလင်းပြတ်သားစွာမြင်ရသော အပိုင်းများကို စုပေါင်း၍ တည်းဖြတ်လိုက်ကာ အင်တာနက်ပေါ်တွင် တင်ခဲ့လေသည်။ ထို့နောက် ကျောင်းတွင်းအကြမ်းဖက်မှုကို ဆန့်ကျင်ရှုံ့ချသော ထိပ်တန်းဘလော့ဂါများထံ ဆောင်းပါးများ ပို့ပေတော့သည်။
ကျောင်းတွင်းအကြမ်းဖက်မှုမှာ အတော်ကို ထိလွယ်ရှလွယ်ဖြစ်သော အကြောင်းအရာဖြစ်ပေသည်။ ထို့အပြင် ဒီဗီဒီယိုထဲတွင်ကား ဟော့ချန်သည် ကြမ်းတင်းရိုင်းစိုင်းသောစကားလုံးများကို အကြွင်းမဲ့ပြောဆိုနေပေသည်။ ထိုအရာသည် မောက်မာကာ အထက်စီးဆန်လှသော သူဌေးဒုတိယမျိုးဆက်အတွက်တော့ လူ့အသိုင်းအဝိုင်းကို ရန်စလိုက်သလိုမျိုးပင်။
ဗီဒီယိုထဲတွင် ချူးလီကို ရိုက်ပုတ်နေရင်း ဟော့ချန်က အော်ဟစ်နေလေသည်။
“အမှိုက်လိုကောင် ငါ မင်းကို သတ်လိုက်ရင်တောင် ဘယ်သူကမှ မင်းကိုသောက်ဂရုစိုက်မှာမဟုတ်ဘူး”
“ငါ့အဖေ ဘယ်သူလဲဆိုတာ မင်းသိလား” တကယ့်ကို ပဋိပက္ခတစ်ခုပင်။ နာမည်ကြီး ဘလော့ဂါများမှ ထိုဗီဒီယိုအား ပြန်လည်ဝေမျှကြသောကြောင့် အတော်လေးကို နာမည်ကြီးကာ ဂယက်ရိုက်သွားတော့သည်။
ပြည်သူများဟာလည်း ထိုဗီဒီယိုကိုကြည့်ပြီး အတော်ကို ဒေါပွနေကြသည်။
တရားဥပဒေကြီးစိုးသော လူ့အသိုင်းအဝိုင်းမှာ လူတစ်ယောက်က လူသတ်လိုက်ရင်တောင် ဥပဒေကို ချိုးဖောက်မိမှာမဟုတ်ဘူးလို့ ကြွေးကြော်နေတာပင်။ လူတစ်ယောက်ကို အဲ့လောက် သေတဲ့အထိရိုက်ပုတ်နေတာကို အများပြည်သူက ဒီလိုလူစားမျိုးကို ဘယ်လိုလုပ် သည်းခံပေးနိုင်မှာတဲ့လဲ။
ဒီအချိန်တွင်တော့ သူ့အဖေ ဘယ်သူပဲဖြစ်ပါစေ သူ့ကိုကယ်တင်နိုင်တော့မည် မဟုတ်ပေ။
တစ်ချို့သော ပြည်သူများကတော့ ဟော့ချန်၏ မိသားစုကိုပါ စတင်နောက်ကြောင်းဖော်နေကြလေပြီ။ ထို့ကြောင့် ဟော့အိမ်ခြံမြေ၏ သူဌေးဖြစ်သူ နာမည်ဆိုးဖြင့်ကျော်ကြားသော ‘လောင်လိုင်’၏ သားဖြစ်သူဆိုတာကို သိသွားကြလေတော့သည်။
အင်တာနက်ပေါ်တွင် ဆူပူသောင်းကျန်းမှုက ပို၍ပင် ဆိုးဝါးလာလေသည်။
ထို့နောက် ချက်ချင်းဆိုသလိုပင် အမည်မသိကျောင်းသားတစ်ဦး ထွက်ပေါ်လာခဲ့တော့သည်။ သူကလည်း ဟော့ချန် အနိုင်ကျင့်တာကို ခံခဲ့ရကြောင်း၊ ဟော့ချန်က ဘယ်လိုဆိုးရွားတဲ့ စရိုက်ရှိကြောင်း၊ သို့သော်လည်း ကျောင်းရဲ့အကောင်းဆုံး ကျောင်းသား ၃ ယောက်ထဲတွင် သူနှစ်တိုင်းပါကြောင်း စသည်ဖြင့် ဆိုလေတော့သည်။
ကျန်းယွီသည် ပြည်သူများပေးထားသော မှတ်ချက်များကို ကြည့်လိုက်သည်။ သို့သော်လည်း သူမရင်ထဲတွင်တော့ မပျော်ရွှင်သေးပါ။ ဒီလောက်နှင့် မလုံလောက်သေးဘူးဟု ထင်နေမိသည်။
သူ့ကိုဘယ်လောက်ထိ မုန်းလွန်းလှလဲဆိုရင် သေတောင်သေစေချင်တဲ့အထိပင်။