Chapter 61
Vol. 6 Ch. 61
အတိတ်ဘဝတုံးက ဟော့ချန်တွင် နာမည်ကောင်းဂုဏ်သတင်းကောင်း ရှိခဲ့ကာ လူ့အသိုင်းအဝိုင်းထဲတွင် နေရာကောင်းရှိခဲ့သည်။ အပြင်လူများ အမြင်တွင်တော့ စွန့်ဦးစီးပွားရေး လုပ်ငန်းရှင်တစ်ယောက်အနေဖြင့် ပြီးပြည့်စုံသော ပုံရိပ်ရှိနေခဲ့တာပင်။
သူအိမ်ပြန်လာသည့်အခါ ဖြစ်သွားသော နတ်ဆိုးတစ်ကောင်ပုံစံကို ကျန်းယွီတစ်ယောက်သာ သိခဲ့ရတာလေ။
အခုတော့ ကျန်းယွီသည် သူခြုံထားသော အရေခွံကို တစ်လွှာချင်းစီ ချွတ်ချချင်နေလေသည်။ ဒါမှသာ တကယ့်ဟော့ချန်က ဘယ်လိုလူမျိုးလဲဆိုတာ လောကကြီးက ကောင်းကောင်းကြည့်လို့ရမှာပေါ့။
ထိုအမှုဟာ တဖြည်းဖြည်းနှင့် ပိုလို့တောင် ပြဿနာကြီးလာပေတော့သည်။ ကျောင်းနာမည်ပါ နာမည်ကြီးရှာဖွေမှုစာရင်းထဲတွင် ပါဝင်လာလေသည်။
ကျောင်းအုပ်ချုပ်ရေးပိုင်းက ခေါင်းဆောင်များသည်လည်း အတော်ကို ခေါင်းခဲရပေတော့သည်။ ဒီကိစ္စက ဒီလောက်ထိ ကြီးသွားလိမ့်မယ်ဆိုတာ သူတို့လည်း မမျှော်လင့်ထားကြပေ။
ညတွင်းချင်းဆိုသလို ‘အခြေအနေကို ထုတ်ပြန်ခြင်း’ ဆိုသည့် စာမူတစ်စောင်ကို တင်ခဲ့သည်။ ထိုစာထဲတွင်တော့ ဒါသည် ကျောင်းသားများကြားက သာမန်အငြင်းပွား အထင်လွဲမှုသာဖြစ်ကြောင်းနှင့် ပါဝင်ပတ်သတ်နေသောကျောင်းသားများသည်လည်း သူတို့အမှားကိုသူတို့ သိနေကြပြီဖြစ်ရာ ဝန်ခံစာပါရေးပြီးကြောင်း ဖော်ပြထားပေသည်။
သို့သော်လည်း ထိုစာမူမှာ ပြည်သူလူထုကို စိတ်မကျေနပ်စေရုံတင်မကဘဲ ဒေါသကိုပါ ဆွပေးခဲ့လေသည်။
“ကျောင်းရဲ့သဘောထားကိုက ဟော့ချန် လုပ်သမျှကို ကာပေးဖို့လုပ်ထားတာ အသိသာကြီးပဲ”
“တစ်ယောက်ယောက်ကို တမင်တကာကြီး ထိခိုက်အောင်လုပ်ပြီးတာတောင် ဝန်ခံစာလေးရေးလိုက်တော့ ဘာမှမဖြစ်ခဲ့သလို ဖြစ်သွားရောလား။ ဥပဒေက ဘာလုပ်ဖို့ရှိနေတာလဲ.. ရဲတွေကရော ဘာလုပ်ကြမှာလဲ?”
“တကယ့်အကောင်ကြီးရဲ့သားဆိုမှတော့ ကျောင်းဘက်က ဘယ်လွန်ဆန်နိုင်မှာတဲ့လဲ”
“ကျောင်းမှာ ဘယ်လောက်တောင် မောက်မာကြီးစိုးနေလဲဆိုတာ ခန့်မှန်းကြည့်လို့တောင်ရတယ်”
“တိကျသေချာတဲ့ ဖြေရှင်းချက်ရမှ ဖြစ်မယ်၊ မဟုတ်ရင် ဒီကိစ္စက ပြီးမှာမဟုတ်ဘူး”
“အရင်တုံးကလည်း ဒီကျောင်းပဲလေ.. ကျောင်းတွင်း အကြမ်းဖက်မှုရှိခဲ့တယ်ဆိုတာ”
“တကယ်ကို ပုတ်ပွနေကြတာပဲ”
ကျောင်းဘက်ကလည်း လုပ်နေကျအတိုင်း လုပ်လိုက်သည့်အပြုအမူက ဒီတစ်ခေါက်တော့ ပြည်သူလူထုကို ဒီလောက်ထိ ဒေါပွစေခဲ့မယ်လို့ မထင်ထားခဲ့ပေ။
တာဝန်ရှိသူများသည်လည်း ဘာလုပ်လို့လုပ်ရမှန်း မသိတော့အောင် စိတ်ဖိစီးနေကြတော့သည်။
ပေချန်မြို့တွင် ယွင်ရှီးသည် မိဘများနှင့် ကျောင်းသားများအတွက် အရေးအကြီးဆုံးသော ရွေးချယ်မှုတစ်ခု ဖြစ်ခဲ့တာပင်။ ကျောင်းဝင်ခွင့်ကလည်း မြင့်မားလှပြီး ဂုဏ်သတင်းကလည်း ကောင်းလွန်းသည့်အတွက်ကြောင့်လေ။
မိသားစုသာ ချမ်းသာမယ်ဆိုရင် မိဘများသည် သူတို့သားသမီးများကို ယွင်ရှီးကိုသာ ပို့ကြသည်ပင်။ မချမ်းသာဘူးဆိုရင်လည်း ယွင်ရှီးကိုပို့နိုင်ဖို့ ဖန်တီးတတ်ကြတာလေ။
သို့သော်လည်း ဒီအမှုကြောင့် ယွင်ရှီး၏ ဂုဏ်သတင်းမှာ မြောင်းထဲသို့ ထိုးဆင်းသွားရလေတော့သည်။
ကျောင်းတာဝန်ရှိသူများကလည်း ဟော့ချန်ကို အမြန်ဆုံးဆက်သွယ်ကြပြီး အင်တာနက်ပေါ်တွင် ပြည်သူလူထုကို တောင်းပန်ဖို့ ပြောလိုက်သည်။
ဒါပေါ့.. ဟော့ချန်ကတော့ အသေသာခံလိုက်မယ် တောင်းပန်ချင်တဲ့ကောင် မဟုတ်ဘူးလေ။ ဒီလိုနှင့် သေချင်ယောင်သာ ဆောင်နေတော့သည်။
တစ်ချိန်တည်းမှာပဲ ဟော့အုပ်စုသည် သူတို့ရှိသမျှ အင်အားကို အသုံးပြုကာ ဒီကိစ္စကို အမြန်ပြီးပြတ်သွားအောင် အမြစ်ဖြတ်နိုင်ဖို့ လုပ်ဆောင်နေပေတော့သည်။
လူအင်အားအများအပြားနှင့် လုပ်ဆောင်လိုက်သောကြောင့် ကိစ္စမှာ တဖြည်းဖြည်းနှင့် ငြိမ်ကျလာလေသည်။
သို့သော်လည်း ထိုအချိန်တွင် ချူးလီဘက်ကနေ မသိမသာနောက်ကြောင်းဖော်ထားသော တောင်းပန်စာတစ်စောင် ပေါ်ထွက်လာလေတော့သည်။
စာထဲတွင် ချူးလီသည် ဟော့ချန်နှင့် ကျောင်းဘက်ကို စိတ်ရင်းအမှန်နှင့် တောင်းပန်ကြောင်း ရှင်းပြထားသည်။ ဟော့ချန်ကို သူ့စကားများနှင့် ဒေါသထွက်အောင် မလုပ်ခဲ့သည့်ကြောင်း ပြောထားသည်။ ကျောင်း၏ပညာရေးနှင့် ဝေဖန်မှုအောက်တွင် သူ့အမှားကိုသူ သိပြီဖြစ်ကြောင်း၊ နောင်တွင် ဒီလိုအမှားမျိုး ထပ်မလုပ်တော့မည်ဖြစ်ကြောင်း ကတိပေးစကားများ ဖြစ်ပေသည်။
တစ်ချိန်တည်းမှာပဲ ပညာသင်ထောက်ပံ့ကြေးနှင့် ဆက်စပ်နေသည့် ပဋိပက္ခ ဖြစ်ရခြင်းအကြောင်းအရင်းကို စကားနုစကားယဉ်လေးတွေသုံးကာ ရှင်းပြထားလေသည်။
ကျန်းယွီသည်လည်း ချူးလီတစ်ယောက် ဒီလိုတောင်းပန်စာမျိုး ရေးလိမ့်မည်ဟု တစ်ခါမှ မထင်ထားဖူးပေ။ ဒီလိုမသိမသာ ဖော်ကောင်လုပ်ထားသော တောင်းပန်စာထွက်လာသည်နှင့် ယွင်ရှီးကျောင်းအမှုမှာ နာမည်ကြီးရှာဖွေမှုစာရင်းထဲ ထပ်တက်လာပြန်တော့သည်။
ပြည်သူလူထုသည်လည်း တရားမျှတမှုကို အသေလိုလားနေကာ ဒေါသတကြီးဖြင့် ဆဲဆိုနေကြလေသည်။
“ခံရတဲ့သူက တောင်းပန်ဖို့ကို ခေါင်းခံရတယ်တဲ့လား။ ဘယ်လိုတောင် ဆိုးရွားလိုက်တဲ့ကျောင်းလဲ”
“ကျောင်းကသူ့ကို မတရားလုပ်နေတာပဲ။ အရင်စာသင်နှစ်ဝက်တုံးကလည်း တမင်ရည်ရွယ်ချက်ရှိရှိကြီးနဲ့ သဘောတူညီချက်ကို ဖောက်ဖျက်ခဲ့တာ။ သူဌေးသားက အဲ့ကောင်လေးကို မကျေနပ်တာသက်သက်ကြောင့်နဲ့လေ..”
“ကြည့်ရတာ ယွင်ရှီးက သူဌေးသားအတွက် ဆင်းရဲတဲ့ကျောင်းသားလေးကို ထိုးကျွေးနေတာပဲ”
“ဘုရားရေ.. ဒါဘယ်လိုလောကကြီးလဲ.. ဒါဘယ်လိုကျောင်းကြီးလဲ.. အရမ်းကြောက်ဖို့ကောင်းတာပဲ”
“ကျောင်းဝင်ခွင့် အဆမတန်မြင့်နေတော့ရော ဘာလုပ်လို့ရမှာလဲ... အကုန်လုံးက လူလိမ်တွေချည်းပဲကို”
ဒီအခြေအနေကိုကြည့်လိုက်ပြီးမှ ချူးလီတစ်ယောက် ပြန်မထိုးကြိတ်ခဲ့ဘဲ အရိုက်ခံခဲ့လဲဆိုတာကို သဘောပေါက်သွားတော့သည်။
အကုန်လုံးက သူ့အစီအစဉ်ပဲကိုး...။
သူက လွယ်လွယ်နှင့် သတ်လိုက်လို့ရမည့် သိုးပေါက်လေးလည်း မဟုတ်သလို စဉ်းနှီတုံးပေါ်က ငါးတစ်ကောင်လည်း မဟုတ်ပေ။ ဟော့ချန်လို အရူးတစ်ကောင်က ဘယ်လိုလုပ်ပြီး ချူးလီရဲ့ပြိုင်ဘက် ဖြစ်နိုင်မှာတဲ့လဲ။
အတိတ်ဘဝတုံးက ချူးလီကို သူမကစားနိုင်ခဲ့ပေ။ အခုထိလည်း သူ့ကိုကြိုးကိုင်ခြယ်လှယ်လို့ မရသေးပြန်ဘူး။
ထိုတောင်းပန်စာထွက်လာသည်နှင့် ပညာရေးဝန်ကြီးဌာနကပါ မေးခွန်းများ စထုတ်လာတော့သည်။
ဘက်ပေါင်းစုံက လူထု၏ ဖိအားပေးမှုနှင့်အတူ ဟော့ချန်သည် တောင်းပန်ရုံကလွဲ မတတ်နိုင်တော့ပေ။ စာလုံးပေါင်းအမှားများ အပြည့်ပါသော တောင်းပန်စာတစ်စောင်ကို ထုတ်ခဲ့လေသည်။ သူ့စိတ်ရင်းက အမှန်မဟုတ်ဘူးဆိုသော်ငြားလည်း ဘယ်လိုပဲဖြစ်ဖြစ် ခေါင်းညွတ်ခဲ့သည်ပင်။
လူထုကတော့ သူ့တောင်းပန်စာကို မကျေမနပ်ဖြစ်နေကြဆဲပေ။ ‘ဟော့အုပ်စု၏ သူဌေးသား’ ဆိုသော နာမည်တပ်ခံရမှုကြောင့် သူ့ကိုလမ်းဘေးကြွက်တစ်ကောင်သာသာ ဖြစ်စေခဲ့သည့်အပြင် အများပြည်သူ၏ ဖယ်ကျဉ်ခြင်းကိုပါ ခံစားစေရတော့သည်။
ရုံးခန်းထဲတွင်တော့ ရှဲ့ယွမ်သည် ချူးလီအရိုက်ခံနေရသော အင်တာနက်ပေါ်က ဗီဒီယိုကို ထပ်ခါတလဲလဲ ကြည့်နေခဲ့ပေသည်။
ဗီဒီယိုထဲက ကောင်လေးသည် အနိုင်ကျင့်ခံနေရသော ဆင်းဆင်းရဲရဲ ကောင်လေးတစ်ယောက်လိုပင်။ သူ့ဘက်ကနေ ကျူးလွန်သူကို တမင်ရန်သွားစတယ်ဆိုတာကိုပါ သိသာနေစေလေသည်။
ဒီအခြေအနေတစ်ခုလုံး၏ နောက်ကွယ်က ကြိုးကိုင်သူ ဉာဏ်ကြီးရှင်ပင်။
ဒီလိုကြောက်စရာကောင်းတဲ့ ကောင်လေးမျိုးကို သူ့သမီးလေးဘေးနားထားဖို့ဆိုတာ အတော်ကို အန္တရာယ်များလှပေသည်။
သို့သော်လည်း သူဘာလုပ်နိုင်မှာတဲ့လဲ..။ ပုထျန်းယန်မိသားစုက သူ့ကိုလုပ်ခဲ့သလိုမျိုး အလွယ်တကူလေး ဖိနှိပ်ပစ်လိုက်လို့ မရနေဘူးလေ။
သူ့သမီးလေးကို တိုးတိုးတိတ်တိတ်လေး ကာကွယ်ပေးရုံသာ တတ်နိုင်တယ်လေ။
ရှဲ့ယွမ်တစ်ယောက် အတွေးများထဲ နစ်မြောနေချိန်တွင် ရုံးခန်းထဲသို့ လက်ထောက်က ဝင်လာကာ သူ့ကိုမေးလိုက်သည်။
“မစ္စတာရှဲ့.. ကျောင်းဘက်ကတော့ ချူးလီရဲ့ စကော်လာရှစ်ကို ပြန်ပေးဖို့ သဘောတူလိုက်ပြီ။ ပြီးတော့ ပမာဏကိုလည်း ယွမ်တစ်သိန်းအထိ တိုးပေးလိုက်ပါတယ်။ သင့်တော်ရဲ့လား?”
ရှဲ့ယွမ်သည် ဗီဒီယိုထဲက ဟော့ချန်ခြေထောက်အောက်တွင် လူးလိမ့်နေသော ထိုကောင်လေးကို ကြည့်လိုက်ကာ တည်တည်ငြိမ်ငြိမ်နှင့် ပြန်ပြောလိုက်သည်။
“များလွန်းတယ်။ ကောင်လေးတွေက ပိုက်ဆံကို အဲ့လောက်ထိ ဖြုန်းဖို့မလိုဘူး။ ယွမ်၈သောင်းဆို လုံလောက်ပြီ”
........
ကျောင်းသည် ချူးလီ၏ စကော်လာရှစ်ကို ပြန်လည်ပေးအပ်လိုက်ပြီး အပိုငွေ ယွမ် ၁၅,၀၀၀ ကိုပါ ထပ်ဆောင်း တိုးပေးလိုက်သည်။ စာချုပ်ကို ပြန်လည်ချုပ်ဆိုသည့်အကြောင်းကိုလည်း ကျောင်း၏ ဝေ့ပေါ်စာမျက်နှာပေါ်တွင် တရားဝင် ကြေငြာချက်ထုတ်ပေးခဲ့လေသည်။ ဒီလိုနှင့် ဒေါသထွက်နေသော ပြည်သူလူထုအား ဖြေသိမ့်နိုင်လိုက်တော့သည်။
ဟော့ချန်လို နှစ်ပေါင်းများစွာ ဗိုလ်ကျလာခဲ့တဲ့ကောင်တောင်မှ ဒီအဖြစ်အပျက်ကြောင့် ဆိုးဆိုးဝါးဝါးသက်ရောက်မှု ခံလိုက်ရပေသည်။ ဟော့အိမ်ခြံမြေကုမ္ပဏီ၏ ရှယ်ယာများသည်လည်း ထိုးကျသွားခဲ့ပြီး တစ်ခြားလုပ်ငန်းစုများနှင့် စီးပွားရေးအရ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စများသည်လည်း ရေစုန်မျှောကုန်တော့သည်။
ပြောရမယ်ဆိုရင် ဟော့အုပ်စု၏ မင်းသားလေး ဟော့ချန်တစ်ယောက် ကျောင်းတွင်းအကြမ်းဖက်မှုတွင် ပါဝင်ခြင်းနှင့် လူတစ်ယောက်ကို သတ်လိုက်တာက တရားမဝင် မဟုတ်ဘူးလို့ ပြောလိုက်ခြင်းသည် လူအများကြားတွင် ပြောစမှတ် တွင်နေစေခဲ့တာပင်။ ဒီလိုနာမည်ဆိုးမျိုးက တစ်ခါလောက် ပြန့်သွားသည်နှင့် ကိုယ့်နောက်ခံက ဘယ်လောက်ပဲ အင်အားကြီးနေပါစေ ထိန်းသိမ်းနိုင်တော့မည် မဟုတ်ပေ။
တရားဥပဒေ ကြီးစိုးသော လူ့အသိုင်းအဝိုင်းတွင် ဘယ်သူမှ ဥပဒေအထက်ကို တက်ကာ လွန်ဆန်နိုင်မည် မဟုတ်ချေ။
ဟော့ချန်သည် ကျောင်းတွင်လည်း ဆက်မနေနိုင်တော့ဘဲ ကျောင်းနားဖို့ အတင်းဖိအားပေးခံလိုက်ရပေသည်။ တကယ်တမ်းတော့ သူဒီတိုင်းပြည်ထဲတောင် ဆက်နေလို့မရတော့သဖြင့် နိုင်ငံခြားကိုသာ ထွက်သွားရပေတော့သည်။
မတ်လအလယ်တွင်တော့ သူ့ပစ္စည်းများ ထုပ်ပိုးရန် ကျောင်းသို့ နောက်ဆုံးအကြိမ်အဖြစ် ရောက်လာခဲ့သေးသည်။
ကျောင်းသားများကတော့ ကော်ရစ်ဒါတွင် ရပ်နေကာ သူ့ကို စပ်စပ်စုစုဖြင့် ကြည့်နေခဲ့ကြသည်။
ဟော့ချန်ကတော့ အနက်ရောင် အဝတ်အစားများကို ဝတ်ဆင်ထားပြီး လျှာထိုးဦးထုပ်ကို ဆောင်းထားပေသည်။ သူ့ပုံစံကတော့ ပို၍ပင် စိတ်ဓာတ်ကျနေဟန် ပေါ်နေကာ ပါးရိုးများမှာလည်း သိသိသာသာကို ကျနေတော့သည်။
သေချာပေါက်ကို ဒီကာလတစ်လျှောက်လုံး သူအတော်ကို ခံစားကြုံတွေ့ခဲ့ရတာလေ.. ဆိုးရွားလှတဲ့ ပြောဆိုနှိပ်စက်မှုတွေနဲ့ စိတ်ဆင်းရဲခြင်းတွေကြောင့်ပေါ့။ ထို့အပြင် အတိတ်တုံးကလို သူ့ကြည့်ရတာ မောက်မာပြီး အထက်စီးဆန်နေပုံလည်း မပေါက်တော့ပေ။
အတန်းဖော်များကတော့ သူ့ကို ဝေးဝေးကနေပဲ ကြည့်နေကာ တီးတိုးပြောပြီး ဆွေးနွေးနေကြပေသည်။ သူတို့မျက်လုံးများကတော့ အထင်အမြင်သေးခြင်းများဖြင့် ပြည့်နှက်နေပေသည်။
ဟော့ချန်သည် သူ့ဦးထုပ်ထိပ်ဖျားကို အောက်ချလိုက်ကာ သူ့စားပွဲကို ရှင်းလင်းရန်အတွက် အတန်းထဲသို့ သွားလိုက်သည်။ ထို့နောက် ကျောင်းနားခြင်း လုပ်ငန်းဆောင်တာများကို လုပ်ဆောင်ရန်အတွက် ကျောင်းသားရေးရာဌာနသို့ ဆက်သွားလိုက်တော့သည်။
ထောင်အန်ရှင်းကတော့ စာသင်ဆောင်ရှေ့က လှေကားနားတွင် အချိန်အကြာကြီး ရပ်စောင့်နေပေသည်။
လူတိုင်းထင်နေကြတာကတော့ ထောင်အန်ရှင်းတစ်ယောက် ဟော့ချန်ကို နှစ်သိမ့်ပေးဖို့ စောင့်နေတာဟုပင်။ ဘာပဲဖြစ်ဖြစ် ဟော့ချန်ကတော့ အရင်ကတည်းက သူမအပေါ် ကောင်းခဲ့တာပဲလေ။
သူမ ဟော့ချန်နှင့် စတွဲကတည်းက သူမဝတ်ခဲ့သမျှအားလုံးသည် နာမည်ကြီး ဘရန်းတံဆိပ်များဖြစ်ပေသည်။ သူမစီးသည့် ရှူးဖိနပ်များပင် အလွန်စျေးကြီးရေပန်းစားနေသော ဘရန်းများပင်။
လူတိုင်းကတော့ ပွဲလှလှလေးကို ကြည့်ဖို့ မျှော်လင့်နေကြတာပေ။ သို့သော် မထင်မှတ်ထားစွာဖြင့် ထောင်အန်ရှင်းသည် ဟော့ချန်နားကိုလျှောက်သွားပြီး ပထမဆုံးပြောလိုက်သည့် စကားကတော့ “ဟော့ချန်.. လမ်းခွဲလိုက်ရအောင်”
ဟော့ချန်၏ မျက်နှာမှာတော့ ဘာအမူအရာမှ ရှိမနေပေ။ သို့သော် သူ့နှုတ်ခမ်းထောင့်လေးတွင်တော့ အေးစက်စက်မဲ့ပြုံးတစ်ခု ထွက်ပေါ်လာခဲ့သည်။
ထောင်အန်ရှင်းကတော့ သူတော်ကောင်းမကြီးလို ပြန်ပြောလိုက်သည်။
“ဟော့ချန်.. ငါဒီရက်ပိုင်း အတော်ခံစားနေရတယ်။ နင်တစ်ခြားအတန်းဖော်တွေကို အနိုင်ကျင့်နေတာကို ငါလက်မခံနိုင်ဘူး။ ဆင်းရဲလို့ဖြစ်စေ ချမ်းသာလို့ဖြစ်စေ ငါတို့တွေ လူတိုင်းကို မျှမျှတတပဲ ဆက်ဆံသင့်တယ်လေ။ အဲ့ဒါကြောင့် နင် ဒါတွေကို သေသေချာချာ ပြန်သုံးသပ်ပြီးတော့ သင်ခန်းစာ ယူနိုင်လိမ့်မယ်လို့ ငါမျှော်လင့်တယ်။ နောင်တရမိပြီး ဒီ့ထက်ပိုကောင်းတဲ့ လူတစ်ယောက် ဖြစ်လာနိုင်ဖို့ အတွက်ရောပေါ့”
ရှေ့ဆောင်လမ်းပြပုဂ္ဂိုလ်တစ်ဦးလို ပြောဆိုပြီးသည့်နောက်မှာတော့ ထောင်အန်ရှင်းသည် တစ်ခြားကျောင်းသားများကို လှည့်ပတ်ကြည့်လိုက်တော့သည်။ သူတို့မျက်နှာများမှ တစ်ဆင့် သူမအား အထင်ကြီးလေးစားမှုများကို မြင်ရပြီး ချီးကျူးခံရဖို့ မျှော်လင့်ချက်နှင့်ပင်။
သို့သော်လည်း သူမလိုချင်သလို မဖြစ်ခဲ့ပါဘူး။ အဲ့အစား ကျောင်းသားများက တီးတိုးပြောနေကြသည်ကား
“ဒါအတော်ကို လူမဆန်တာပဲ”
“အရင်တုံးက တစ်ချို့တွေက သူ့ကိုကြာပန်းဖြူမလို့ ပြောကြတယ်လေ.. အခုထိ ယုံတောင်မယုံနိုင်ဘူး”
“ဟုတ်ပါ့”
လူတိုင်းက ငတုံးမဟုတ်ပေ။ ဟော့ချန်က မကောင်းတာတွေ အများကြီး လုပ်ခဲ့တယ်ဆိုရင်တောင်မှ ထောင်အန်ရှင်းအပေါ်တော့ သူဘာအမှားမှ လုပ်ခဲ့တာမဟုတ်ဘူးလေ။ အဲ့တော့ သူ့ကိုပညာပေးဖို့ဆိုတာ ထောင်အန်ရှင်းအတွက်တော့ ဟုတ်မနေခဲ့ပေ။
ဟော့ချန်၏ နှုတ်ခမ်းထောင့်လေးတွင်တော့ စူးရှရှအပြုံးလေးတစ်ခု ရှိနေခဲ့သည်။
“ပြီးပြီလား?”
“အင်း.. ငါ နင်နဲ့ လမ်းခွဲချင်တယ်..”
သူမ ပြောလို့မဆုံးခင်မှာပဲ ‘ဖြန်း’ ဆိုသောအသံတစ်ခု ထွက်ပေါ်လာခဲ့သည်။ ဤသည်မှာ ဟော့ချန်တစ်ယောက် သူမအား ဖြတ်ခနဲ ပါးရိုက်ချလိုက်ခြင်းပင်။ ထောင်အန်ရှင်း၏ မျက်နှာတစ်ခုလုံး ထုံထိုင်းသွားလေတော့သည်။ သူမခေါင်းကို ငုံ့လိုက်ပြီး မျက်နှာကို လက်နှင့်အုပ်လိုက်ကာ ဟော့ချန်အား မယုံနိုင်စွာဖြင့် ကြည့်လိုက်ပြီး ဒေါသတကြီး ပြန်ပြောလိုက်လေသည်။
“နင်... ငါ့ကိုပါးရိုက်တယ်ပေါ့?”
အခုအချိန်မှတော့ သူ့စရိုက်အစစ်အမှန်ကို ဖွင့်ဟပြတာကလည်း အရေးကြီးတော့တာ မဟုတ်ဘူးလေ။
ဟော့ချန်သည် ထောင်အန်ရှင်းအား အေးတိအေးစက်ကြည့်လိုက်ပြီး
“ငါနဲ့ ဇာတ်လမ်း ဖြတ်ချင်တယ်ပေါ့လေ? ဒီဘဝမှာတော့ မဖြစ်နိုင်ဘူး”
“နင်ဘာတွေလာပြောနေတာလဲ”
“ငါပြောတာက မင်းဒီဘဝမှာတော့ ငါ့ဆီကနေ လွတ်မြောက်နိုင်မှာမဟုတ်ဘူး”
ဟော့ချန်သည် သူမကို အင်္ကျီကော်လံကနေ ဆောင့်ဆွဲလိုက်ကာ သူ့နားကို ဆောင့်ဆွဲလိုက်သည်။
“ငါ မင်းအပေါ်မှာ ဒီလောက် ပိုက်ဆံတွေ ဖြုန်းထားရတာ.. အဲ့ဒါကို မင်းက စကားလေးနည်းနည်းလောက်နဲ့ အဆုံးသတ်ချင်နေတယ်ပေါ့။ ဒီလောက် ကောင်းတဲ့ကိစ္စရှိနိုင်မယ်တဲ့လား? အိပ်မက်သာ ဆက်မက်နေလိုက်”
ထောင်အန်ရှင်း၏ မျက်ဝန်းများထဲတွင်တော့ ကြောက်ရွံ့စိတ်များ ပေါ်နေလေတော့သည်။ သူမကြည့်ရတာ တကယ့်ကို ကြောက်နေတာပင်။ ထို့အပြင် သူမကြက်သေသေနေလေတော့သည်။
“ငါ..ငါ အဲ့အဝတ်အစားတွေကို ပြန်ပေးနိုင်တယ်။ အဲ့အိတ်တွေရောပဲ...”
“အဲ့အဝတ်အဟောင်းတွေကို ငါကဘာလို့ ပြန်လိုချင်ရမှာလဲ”
ဟော့ချန်ကတော့ သူမကို အကြည့်စူးစူးဖြင့် ကြည့်နေလေသည်။
“ငါပြောမယ်.. ဒီဘဝမှာတော့ မင်း ငါ့ဘေးနားကနေ ဘယ်တော့မှ ထွက်သွားလို့ရမှာမဟုတ်ဘူး”
ပြောပြီးသည်နှင့် သူမအင်္ကျီကော်လံကို ဆတ်ခနဲ လွှတ်ချလိုက်တာ့ကာ ဒေါသတကြီးဖြင့် ပြန်ထွက်သွားလေတော့သည်။
ဒုတိယထပ်က ကျန်းယွီကတော့ မြေပေါ်လဲကျသွားသည့် ထောင်အန်ရှင်းအား အဝေးကနေသာ ကြည့်နေပေတော့သည်။
ဒီမြင်ကွင်းက သိပ်ကိုရင်းနှီးနေတာပေါ့.. ပြန်လည်မွေးဖွားလာပြီးသည့်နောက် ထောင်အန်ရှင်းနှင့် သူမသည် ဇာတ်ညွှန်းကို လဲလိုက်ရသည့်အတိုင်းပင်။ အခုတော့ ကျန်းယွီ၏ အတိတ်ဘဝက စိတ်ဆင်းရဲဖွယ်ရာ အတွေ့အကြုံများကို ခံစားဖို့က ထောင်အန်ရှင်းအလှည့်ပင်။
အထက်တန်းကျောင်း တတိယနှစ်၏ ဒုတိယနှစ်ဝက်ကတော့ ဟော့ချန်ကလည်း ကျောင်းနားခံထားရသဖြင့် စိတ်ချမ်းသာစရာ ကောင်းနေပေတော့သည်။
လွန်ခဲ့သည့် ၆ လတုံးကတော့ Esmeralda သည် စီနီယာအထက်တန်းကျောင်းသားများအတွက် သီးသန့်အတန်းများ စီစဉ်ပေးခဲ့လေသည်။ ပုံမှန်အချိန်များတွင် သူတို့မှာ လေ့ကျင့်စရာမလိုခဲ့ပေ။ ပိတ်ရက်များတွင်သာ သီးသန့်လေ့ကျင့်ရေး အတန်းများကို တက်ဖို့လိုအပ်ခဲ့ပေသည်။ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို ပြင်ဆင်ဖို့အတွက် စီနီယာအထက်တန်းကျောင်းသားများအတွက် အချိန်ဖယ်ပေးခြင်းပင်။
ကျန်းယွီ၏ စာလေ့လာရေးအပိုင်းကတော့ အတော်လေးကို မတိုးတက်လာပေ။ သူမ၏ အဆင့်များမှာလည်း တော်တော်ကို သာမန်သာဖြစ်ပေသည်။ သို့သော်လည်း ဉာဏ်ရည်အတော်မြင့်တဲ့ ရည်းစားတစ်ယောက်ရှိနေခြင်းက သူမ၏ ကံကောင်းခြင်းပင်။
ဒီလိုရလဒ်မျိုးနဲ့သာဆိုလျှင် သူကတော့ တရုတ်ပြည်က ဘယ်နာမည်ကြီး တက္ကသိုလ်ကိုမဆို ရွေးနိုင်လိမ့်မည်ပင်။
ဒီကိစ္စသည် ကျန်းမန့်ယီကိုတော့ အလွန်ပျော်ရွှင်စေလေသည်။ သူမသမီးက ဘယ်အချိန်ကတည်းက ဒီလိုအောင်မြင်မှုမျိုးကို ဖမ်းဆုပ်ထားနိုင်ပါလိမ့်။
အခုတော့ ကျန်းမန့်ယီမှာ ချူးလီကိုခေါ်တိုင်း နာမည်ကိုတောင် မခေါ်တော့ပေ။ ‘သားမက်လေး’ ဟုသာ သူ့ကိုခေါ်ဆိုပေတော့သည်။
ကျန်းယွီကတော့ အကြိမ်ပေါင်းမနည်း သူမတတ်နိုင်သလောက် ကြိုးစားပြီး သူမအမေ ခေါ်ဝေါ်ပုံကို ပြင်ပေးသေးသည်။ နောက်ပိုင်းတော့ ကျန်းယွီလည်း သူမအမေကို လွှတ်ထားလိုက်ရုံကလွဲ မတတ်နိုင်တော့ပေ။
သူမအဆင့်တွေနှင့် တက္ကသိုလ်ကောင်းကောင်းတစ်ချို့ကို ဝင်ခွင့်ရဖို့ဆိုတာ သူမအတွက်တော့ ပြဿနာမရှိသေးပေ။ Esmeralda မှာ ဆက်နေဖို့ကိုသာ ရွေးချယ်လိုက်တာဖြစ်လို့ သူမတွင် ရွေးချယ်စရာတော့ သိပ်မရှိနေချေ။ ထို့ကြောင့် သူမသည် ပေချန်မြို့အတွင်းက တက္ကသိုလ်များကိုသာ ရွေးချယ်နိုင်မှာဖြစ်သည်။
ပေချန်တက္ကသိုလ်သည် နိုင်ငံတွင်းမှာရော ပေချန်မြို့တွင်ပါ အကောင်းဆုံး တက္ကသိုလ်တစ်ခုဖြစ်သည့်အလျောက် သူမ အဆင့်တွေကတော့ အတော်ကို နောက်ကျ ကျန်နေသေးပေသည်။ သူမအဆင့်များပတ်ဝန်းကျင်၏ ထိပ်တန်း ၁၀ယောက်လောက်သာ ပေချန်တက္ကသိုလ်ကို ဝင်ခွင့်ရမှာဖြစ်သည်။
သို့သော်လည်း လုံးဝကြီး မျှော်လင့်ချက်မဲ့နေတာတော့ မဟုတ်ပေ။ ပေချန်တက္ကသိုလ်၏ အနုပညာဌာနတွင် ဘဲလေးမေဂျာရှိပေသည်။ ထို့အပြင် အနုပညာကျောင်းသားအချို့သာ လျော့ပေးထားသောအမှတ်နှင့် ဝင်ခွင့်ရနိုင်တာပင်။