Chapter 62
Vol. 6 Ch. 62
အနုပညာစာမေးပွဲအတွက်တော့ ကိုယ်တိုင်စာရင်းပေးသွင်းဖို့ မလိုအပ်ပေ။ သို့သော်လည်း အလွန်အရေးကြီးသော ထောက်ခံချက်တစ်ခုတော့ လိုအပ်ပေသည်။
ထို့အပြင် ဒီလိုအရေးကြီးသည့် ထောက်ခံစာမျိုးကို ရေးဖို့ဆိုတာကလည်း Esmeralda အနုပညာစင်တာက ပိုင်ရှုယီနှင့် ရွယ်ကျားယီကဲ့သို့သော အနုပညာရှင်များသည်သာ အရည်အချင်းပြည့်ဝပေသည်။
Esmeralda ရုံးခန်းထဲတွင်တော့ ပိုင်ရှုယီသည် မှန်ဗီရိုရှေ့တွင် မတ်တပ်ရပ်နေလေသည်။ သူမကို နောက်ကျောပေးထားပြီး စိတ်မဝင်စားသလို ပြန်ပြောလိုက်သည်။
“ထောက်ခံစာကို မရေးပေးနိုင်တာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် အခြေအနေတစ်ချို့တော့ ရှိတယ်”
ရှန်အုံချင်းနှင့် ဝမ်လွန်ကို ထောက်ခံစာရေးပေးပြီးပြီဆိုတာကို ကျန်းယွီသိလေသည်။ ဒါပေမယ့် သူမအတွက်ကျတော့ ကြည့်ရတာ သိပ်မျှော်လင့်ချက်ရှိပုံမပေါ်ပေ။
အရင်တစ်ခေါက်တုံးက ပိုင်ရှုယီကို ဒဲ့ကြီးဝေဖန်လိုက်ရုံနဲ့တင် လုံလောက်နေပြီလေ။ အဲ့တော့ ကျန်းယွီကို ထောက်ခံစာရေးပေးနိုင်မယ့်လူက သက်ရှိနတ်ဘုရားသာ ရှိတော့မည်ပင်။
ပိုင်ရှုယီက သက်ရှိနတ်ဘုရားမှ မဟုတ်ဘဲကို။
ကျန်းယွီလည်း မေးတော့မေးကြည့်လိုက်ပါသည်။
“ဘာအခြေအနေတွေလဲ တီချယ်”
ပိုင်ရှုယီသည် သူမ၏ခေါင်းကို လှည့်လိုက်ကာ မေးကိုမော့လိုက်ပြီး ကျန်းယွီအား စိုက်ကြည့်လိုက်သည်။
“အရင်တုံးက ပြောခဲ့ဖူးတာနဲ့ အတူတူပဲ။ နင်တစ်ယူသန်နေတဲ့အရာကို တောင်းပန်ပြီးတော့ အနာဂတ်မှာ ငါ့စကားကိုနားထောင်ပြီး ငါ့ကိုကောင်းကောင်းဆက်ဆံမယ်လို့ ကတိပေးရမယ်။ ပြီးတော့ အဲ့လမ်းစဉ်ကို ဆက်မလျှောက်တော့ဖို့ပေါ့”
ပုထျန်းယန်၏ လမ်းစဉ်အား ဆက်မလိုက်ခိုင်းခြင်းပင်။
ကျန်းယွီလည်း ပိုင်ရှုယီတစ်ယောက် ဒီလိုကိစ္စမျိုးကို ဒီလောက် ခေါင်းကြောမာလိမ့်မည်ဟု တကယ်ကို မမျှော်လင့်ထားပေ။
ပုထျန်းယန် အသက်ရှင်နေတုံးက သူမနှင့် ပုထျန်းယန်က သူငယ်ချင်းကောင်းတွေ မဟုတ်ပါဘူးလား? ဘာဖြစ်လို့ ပုထျန်းယန်ရဲ့လမ်းကြောင်းက မှားနေတယ်လို့ အတင်းဖိအားပေးနေရတာလဲ?
“တီချယ်ပိုင်.. သမီးမလုပ်နိုင်ဘူးလို့ ထင်တယ်”
နောက်ဆုံးတစ်ခေါက်တုံးကတော့ သူမကိုကျောင်းထုတ်မယ်လို့ ခြိမ်းခြောက်ခဲ့တာပင်။ အဲ့တုံးကတောင်မှ သူမမလုပ်နိုင်ခဲ့တာ အခုဆို ပိုတောင်မလုပ်နိုင်ဘူးလေ။
သူမ ပုထျန်းယန်ကို သိခဲ့တာလည်း မဟုတ်ဘူး။ ဒါပေမယ့်လည်း ပုထျန်းယန်က သူမဘဲလေးကို ချစ်ကျွမ်းဝင်ခဲ့ရတဲ့ တစ်ခုတည်းသော အကြောင်းပြချက်ပဲလေ။ ကျန်းယွီက သူမရဲ့ မူရင်းရည်ရွယ်ချက်ကို ဘယ်လိုလုပ် သစ္စာဖောက်နိုင်မှာတဲ့လဲ။
ပိုင်ရှုယီသည်လည်း ကျန်းယွီတစ်ယောက် နောက်ဆုံးအချိန်ထိ ခေါင်းမာနေဖို့ကိုပဲ ဆုံးဖြတ်ထားကြောင်း သတိထားမိသဖြင့် အေးတိအေးစက် ပြန်ပြောလိုက်သည်။
“ကျန်းယွီ.. နင့်ကို ဉာဏ်ကောင်းတယ်လို့ပဲ ပြောရမလား တုံးတယ်လို့ပဲ ပြောရမလားတောင် မသိတော့ဘူး။ သေသွားတဲ့ လူတစ်ယောက်အတွက်နဲ့ ကိုယ့်အနာဂတ်ကိုတောင်မှ လက်လျော့ရဲတယ်နော်”
“ဒါဆိုလည်း တီချယ်ပိုင်.. တီချယ်ကရော ဘာဖြစ်လို့ သေသွားတဲ့ လူတစ်ယောက်အတွက်နဲ့ သမီးကို ခေါင်းညွတ်ဖို့ တွန်းအားပေးနေရတာလဲ?”
“ငါနင့်ကို ခေါင်းညွတ်ခိုင်းနေတာ မဟုတ်ဘူး။ ဘယ်လိုမှ ဘဲလေး ကချေသည်ကောင်းတစ်ယောက် ဖြစ်လာမလဲဆိုတာ ငါ နင့်ကိုသင်ပေးနေတာ။ ဒါက ဆရာတစ်ယောက်အနေနဲ့ ငါ့တာဝန်ပဲ”
ကျန်းယွီကတော့ သူမမျက်လုံးကို မှေးလိုက်ပြီး ဘာမှပြန်မဖြေပေ။ ပိုင်ရှုယီနှင့် ပုထျန်းယန်တို့ကြားမှာ ဘာတွေရှိခဲ့လဲဆိုတာကို သူမ သိတာလည်း မဟုတ်ဘူးလေ။ အဲ့လောက် နှစ်တွေအများကြီး ကြာပြီးတာတောင်မှ ပိုင်ရှုယီက အငြိုးထားနေတုံးပဲ။
ဒါမှမဟုတ် ဖြစ်နိုင်တာက ပိုင်ရှုယီပြောတာ မှန်ရင်လည်း မှန်မှာပေါ့။ သူမက ဆရာတစ်ယောက်အနေနဲ့ သူမတာဝန်ကို လုပ်နေတာပဲ နေမှာပါ။
ကျန်းယွီက စကားနားထောင်တတ်တဲ့ ကျောင်းသူကောင်းတစ်ယောက်တော့ မဟုတ်ဘူးလေ။
ကျန်းယွီ ပြန်ထွက်ဖို့လုပ်သည့်အခိုက်မှာတော့ ပိုင်ရှုယီက လှမ်းပြောလိုက်လေသည်။
“ကိုယ့်ဟာကိုယ် အဖြေရှာလာခဲ့။ ပြီးတော့မှ ထောက်ခံစာကို ပြန်လာမေး။ လဝက်လောက်ပဲ အချိန်ရှိတော့တာတော့ သိတယ်မလား”
ကျန်းယွီသည် ရုံးခန်းထဲက ထွက်လာခဲ့ပြီး ပြတင်းပေါက်ရှေ့တွင် မတ်တပ်ရပ်နေခဲ့လေသည်။ အပြင်ဘက်က အစိမ်းရောင် မြက်ခင်းပြင်ကြီးကို အရိပ်အုပ်နေသော သစ်ပင်ကြီးများကို ငေးကြည့်နေမိသည်။
ပေချန်တက္ကသိုလ်သည် နိုင်ငံတွင်းရှိ ထိပ်တန်းအဆင့်မြင့် တက္ကသိုလ်တစ်ခုဖြစ်ပေသည်။ ဒီလိုဆွဲဆောင်ခံရမှုမျိုးမှာ သူမ မတုန်လှုပ်ဖြစ်တယ်လို့တော့လည်း ဘယ်ဟုတ်မလဲ...
သူမ ဒီအတိုင်းပဲ ဘာပြောရမယ်မှန်း မသိဖြစ်နေရုံပေါ့။
ထားလိုက်ပါတော့။ သူမ အရည်အချင်းနဲ့သာ စာမေးပွဲကို ဝင်ဖြေရတော့မှာပေါ့။ အကောင်းဆုံးကတော့ အချိန်၂လတောင် ကျန်သေးတာပဲလေ။ ပေချန်က တစ်ခြားတက္ကသိုလ်တွေကိုပါ ဝင်ခွင့်ရအောင် သူမအလုပ်ကြိုးစားရတော့မှာပေါ့။ ကျန်းမန့်ယီတစ်ယောက် ဒီလောက်နှစ်တွေ အကြာကြီး သူမကို ခက်ခက်ခဲခဲ ပျိုးထောင်လာရတာ သူမကိုယ်သူမ သမီးကောင်းတစ်ယောက်ဖြစ်အောင် လုပ်ပေးပြီး စိတ်ကျေနပ်အောင် လုပ်ပေးရမယ်လေ။
ကျန်းယွီသည် ကျောင်းရှိ ကျောင်းသားရေးရာဌာနရှေ့ကနေ ထွက်လာသည့်အချိန်တွင် ရွယ်ကျားယီကို တွေ့လိုက်ရပေသည်။ ရွယ်ကျားယီမှာ လှေကားအစွန်းမှာ ရပ်နေပြီး ကျန်းယွီအား နေရောင်ထဲက တစ်ဆင့် ငေးကြည့်နေပေသည်။
“ထောက်ခံစာမရခဲ့ဘူးလား”
ကျန်းယွီကလည်း ခေါင်းငြိမ့်ပြလိုက်လေသည်။
ထောက်ခံစာ မရလာတာကမှ သူမအတွက် ဖြစ်နိုင်ချေရှိတဲ့ အရာပဲလေ။ ရလာခဲ့ရင်တောင်မှ မတော်တဆကြီးပဲ ဖြစ်မှာပေါ့။
ရွယ်ကျားယီသည် သူမ၏ ကြော့မော့နေသော ခန္ဓာကိုယ်အား ပေါ်လွင်နေစေသည့် အနက်ရောင် ကိုယ်ကျပ်အင်္ကျီလေးကို ဝတ်ဆင်ထားလေသည်။ သူမသည် ကျန်းယွီနားကို ဖြည်းဖြည်းချင်း လျှောက်လာလိုက်သည်။ သူမခန္ဓာကိုယ်က ရေမွှေးနံ့သင်းသင်းလေးကိုပင် ကျန်းယွီအနံ့ခံလို့ရနေပေသည်။
“ငါရေးပေးမယ်လေ ထောက်ခံစာ”
ကျန်းယွီလည်း ရုတ်တရက်ဆိုသလို သူမကို မော့ကြည့်လိုက်မိသည်။ ရွယ်ကျားယီတစ်ယောက် သူမကိုကူညီလိမ့်မယ်လို့ ကျန်းယွီတစ်ခါမှ မမျှော်လင့်ထားခဲ့ပေ။
ပေချန်မြို့၏ Esmeralda အခွဲအတွက်ကတော့ ဆရာနှစ်ယောက်ဖြစ်သည့် ရွယ်ကျားယီနှင့် ပိုင်ရှုယီတို့ ထောက်ခံစာသည်သာ အကျုံးဝင်လေသည်။
သို့သော်လည်း ကျန်းယွီ ထင်ထားခဲ့သည်က သူမပိုင်ရှုယီကို ဆန့်ကျင်ခဲ့တယ်ဆိုရင်တောင် ပိုင်ရှုယီထံကနေ ထောက်ခံစာရနိုင်ချေက ရွယ်ကျားယီဆီက ထက်တော့ ပိုဖြစ်နိုင်သည်ဟူ၍ပင်။
အနည်းဆုံးတော့ ပိုင်ရှုယီသည် သူများနှင့်မတူသော ပုံစံရှိပြီး နာမည်ကောင်းရှိသူလည်း ဖြစ်တာမို့လေ။
ရွယ်ကျားယီ၏ သတ်မှတ်ချက်ကတော့ Esmeralda မှာ အတော်လေး ဆိုးရွားပေသည်။
ပထမဆုံးအနေနဲ့ သူမသည် မနာလိုတတ်ပြီး ကျောင်းသားများကိုလည်း သရော်လှောင်ပြောင်တတ်တာပင်။ ဒုတိယအချက်ကတော့ သူမတွင် အတော်မကောင်းသော ဒေါသရှိခြင်းပေ။ ကောင်မလေးများမှာ မကြာခဏ အဆူခံရလေ့ရှိပြီး စာသင်ခန်းထဲကနေ ငိုပြီးတောင် ပြေးထွက်ရသည်အထိပင်။
နောက်ဆုံးအနေနဲ့ သူမငယ်ရွယ်စဉ်တုံးက ပုထျန်းယန်၏ ဖိနပ်များပေါ်တွင် ဆဲဆိုသောစကားများကို ရေးခဲ့တာလေ။ ဒီအရာကြောင့် ရွယ်ကျားယီအပေါ်တွင် ကျန်းယွီတစ်ယောက် အမြဲတမ်း အမြင်မကြည်ဖြစ်နေခဲ့တာပင်။ ဒီလိုဆရာမျိုးဆိုမှတော့ ကျန်းယွီလည်း မေးနေစရာတောင် မလိုတော့ဘူးလေ။ သူမကို ထောက်ခံစာရေးပေးဖို့လောက်အထိ ဘယ်လိုလုပ်သဘောကောင်းနိုင်မှာတဲ့လဲ?
“တီချယ်ရွယ်.. အခြေအနေတွေရော ရှိသေးလား?”
“ဒါပေါ့ ရှိတယ်လေ။ ငါက သူများကို စိတ်ရင်းနဲ့ ကူညီရလောက်အောင် ဘုရားလည်းမဟုတ်ဘူး”
“ဒါဆိုလည်း.. သမီးကို ပြောပါ”
ရွယ်ကျားယီသည် ကျန်းယွီကို ကြည့်လိုက်ပြီး သူမ၏ အနီရောင် နှုတ်ခမ်းလေးများမှာ ကွေးတက်သွားတော့သည်။
“ဒီနှစ်ရဲ့ နွေရာသီ ညကပွဲက ‘အဓိကနည်းပြတွေကြားက အရည်အချင်းပြိုင်ပွဲ’ လည်း ဟုတ်တယ်လေ။ ၃နှစ်တစ်ခါ ကျင်းပတဲ့ပွဲပေါ့။ နည်းပြတွေကြားက ပြိုင်ပွဲသာဆိုတယ် နည်းပြတစ်ယောက်ချင်းစီက ဖျော်ဖြေတာမဟုတ်ဘူး။ ကျောင်းသားတွေပေါ့”
ကျန်းယွီသည် ရွယ်ကျားယီပြောတာတွေကို တည်တည်ငြိမ်ငြိမ် နားထောင်နေလိုက်ပြီး သူမပြောတာတွေကို ဝင်မပြောပေ။
“နင့်ဆရာမ ပိုင်ရှုယီ Esmeralda ရဲ့ အဓိကနည်းပြနေရာကို နှစ်ပေါင်းအများကြီး ယူထားနိုင်တာက သူမဦးဆောင်တဲ့ ကျောင်းသားတွေကြောင့်ပဲ။ သူတို့က သူ့ကို ဒီပြိုင်ပွဲနိုင်အောင် လုပ်ပေးတာလေ”
ရွယ်ကျားယီမှ ဆက်ပြောလိုက်သည်။
“ပြီးတော့ ဒီနှစ်.. သူ့ကျောင်းသားနှစ်ယောက်ဖြစ်တဲ့ ရှန်အုံချင်းနဲ့ ဝမ်လွန်နဲ့က အတော်လေးကောင်းကြတယ်”
“အဲ့တော့ တီချယ်ရွယ် လုပ်စေချင်တာက...”
ရွယ်ကျားယီသည် ကျန်းယွီအား တောက်ပနေသော မျက်လုံးများဖြင့် ကြည့်လိုက်ပြီး ပြောလိုက်သည်။
“ကျန်းယွီ.. ငါနင့်ကို ငါ့ရဲ့ကိုယ်စားပြု ဖြစ်စေချင်တယ်။ နွေရာသီည ကပွဲမှာ ရှန်အုံချင်းနဲ့ ဝမ်လွန်နဲ့ကို အနိုင်ပိုင်းပြီးတော့ ဒီပွဲကို အနိုင်ယူပေးဖို့ပေါ့”
........
ဧပြီလတွင် နွေဦးသည် နွေးထွေးနေကာ ပန်းလေးများကလည်း ပွင့်လန်းနေကြသည်။ တေးဆိုငှက်လေးများမှာ ပျံသန်းနေကြပြီး မြက်လေးများသည်လည်း လေယူရာယိမ်းနေကြသည်။
ပေချန်တက္ကသိုလ်၏ ဂိတ်ပေါက်ဝတွင် ချူးလီသည် သူ့မော်တော်ဆိုင်ကယ်ကို ရပ်လိုက်ပြီး ကျန်းယွီခေါင်းပေါ်က ဦးထုပ်ကို ချွတ်လိုက်သည်။
ပေချန်တက္ကသိုလ်ကတော့ ရာစုနှစ်ပေါင်းများစွာ ဂုဏ်ကျက်သရေမြင့်မားစွာဖြင့် တည်ရှိလာခဲ့သော တက္ကသိုလ်တစ်ခု ဖြစ်ပေသည်။ ကျောင်းဂိတ်ပေါက်အား အနက်ရောင် ကျောက်သားပုံစံဖြင့် တည်ဆောက်ထားသော်လည်း တော်တော်ကို ခပ်မှိန်မှိန်သာဖြစ်ပြီး လုံခြုံရေးဂိတ်နှင့် ကားပါကင်သာ ရှိပေသည်။
‘ပေချန်တက္ကသိုလ်’ ဆိုသည့် စာလုံးများအား ခေတ်သစ်တရုတ်စာ အရေးအသားပုံစံနှင့် ဖော်ကျူးပြထားသည်။
တက္ကသိုလ်ဝန်းထဲကို ဝင်လိုက်လျှင်တော့ ကမ္ဘာဦးပင်များမှာ လမ်းနှစ်ဖက်စလုံးတွင် နေရာယူကြီးစိုးထားပေသည်။ ကမ္ဘာဦးပင်များ၏ သစ်ကိုင်းများနှင့် သစ်ရွက်များမှာလည်း အတော်ကို ထူထူထဲထဲရှိလှပြီး နေရောင်တောင် သိပ်မထိုးဖောက်နိုင်လှပေ။ ရံဖန်ရံခါလောက်သာ နေရောင်အစက်အပြောက်လေးများကို မြေပြင်ထက်တွင် တွေ့မြင်နိုင်လှသည်။
ဒီနေ့ကတော့ ပေချန်တက္ကသိုလ် အနုပညာဌာန၏ လူတွေ့စစ်ဆေးခြင်း နောက်ဆုံးရက်ဖြစ်ပေသည်။ ကျန်းယွီသည် အနုပညာ အဆောက်အဦးရှေ့တွင် ရွယ်ကျားယီထံမှ ရလာသော ထောက်ခံစာလေးကို ကိုင်ကာ ရပ်နေပြီး သူမကြည့်ရတာ အတော်လေး စိတ်လှုပ်ရှားနေပုံပေါ်လေသည်။
ချူးလီကတော့ သူမနဖူးထက်တွင် ကျနေသော ဆံမြိတ်လေးများကို သေချာလေး သပ်ပေးလိုက်ပြီး သူမအား ဖြည်းဖြည်းလေး ပြောလိုက်သည်။
“ဆရာတွေနဲ့ စကားမများမိစေနဲ့။ ကိုယ့်အကြံကိုသာ နားထောင်။ မပုန်ကန်မိစေနဲ့”
“တံခါးပိတ်လိုက်”
“အင်း”
“တာဝန်ခံ ဒါမှမဟုတ် အကြီးအကဲတွေကိုတွေ့ရင် သူတို့ကို ရာထူးခေါင်းစီးတပ်မခေါ်မိစေနဲ့။ သူတို့အားလုံးကို ဆရာ၊ ဆရာမလို့ပဲ ခေါ်ရမယ်”
ကျန်းယွီသည်လည်း သူတရစပ်ပြောနေတာကို တွေ့သဖြင့် “အမလေး အခုတော့ ချူးလီက ငါ့ကိုဘယ်လိုယဉ်ကျေးပျူဌာရမယ်ဆိုတာတွေ ပြန်သင်နေပြီပေါ့”
ချူးလီသည် သူမ၏ နှာခေါင်းသေးသေးလေးကို ဆွဲညှစ်လိုက်ကာ သူမအား အဆောက်အဦးရှေ့ကို ဆွဲခေါ်သွားလိုက်တော့သည်။
“ကိုယ်ဟိုနားဒီနား လျှောက်ပတ်ကြည့်နေလိုက်မယ်။ ပြီးရင် ကိုယ့်ကိုလှမ်းခေါ်လိုက်”
“အိုခေ”
ကျန်းယွီလည်း သူ့စိတ်အရမ်းတင်းနေတာတွေကို လျော့ချဖို့ အသက်ကိုပြင်းပြင်းရှုလိုက်ပေသည်။ အနည်းငယ်တော့ ဝမ်းနည်းနေမိပြီး အနုပညာဌာနဂိတ်သို့ လျှောက်သွားလိုက်လေသည်။
ချူးလီကတော့ မျက်စိစွေကြည့်လိုက်ပြီး မျက်နှာချင်းဆိုင်တွင်ရှိသော စာကြည့်တိုက်ပေါ်က နာရီအကြီးကြီးကို လှမ်းကြည့်ကာ အချိန်ကို ကြည့်လိုက်ပေသည်။ အခုကတော့ မနက်၈နာရီခွဲပဲ ရှိသေး၏။ ခန့်မှန်းရသလောက်တော့ ဝင်ခွင့်စစ်ဆေးရေး ပြီးဆုံးဖို့အတွက်က နောက်၂နာရီထက် ပိုမကြာလောက်ပေ။
သူ့မော်တော်ဆိုင်ကယ်အား လော့ခတ်လိုက်ပြီး လမ်းတစ်လျှောက် ဟိုဟိုဒီဒီလိုက်ကြည့်နေရင်း လမ်းညွှန်မြေပုံဘုတ်အား ကျော်သွား၏။
မြောက်ပိုင်းမြို့တက္ကသိုလ်တွေရဲ့ ဝန်းဖွဲ့စည်းပုံက လေးထောင့်ပုံစံ ဖြစ်ပေသည်။ ထို့နောက် သက်ဆိုင်ရာဌာနများအား တစ်ခုပြီးတစ်ခု တန်းစီထားလေသည်။
ချူးလီသည် ပေချန်တက္ကသိုလ် အနောက်တောင်ဘက်၏ ရေကန်ဘေးတွင် တည်ရှိသော ရူပဗေဒဌာနအား တွေ့လိုက်ရသည်။
သူ့နှလုံးသားတစ်ခုလုံး လှုပ်ခတ်သွားတော့သည်ပင်။ ထို့နောက် သူ့ကိုယ်သူတောင် မသိလိုက်ခင်မှာပဲ အဲ့နားကို လျှောက်သွားမိလိုက်၏။
မိနစ်အနည်းငယ်လောက် ကြာပြီးနောက်မှာတော့ ရူပဗေဒဌာန အဆောက်အဦးရှေ့က အနီရောင်အုတ်တံတိုင်းရှေ့တွင် မတ်တပ်ရပ်နေမိတော့သည်။
သူ့စိတ်ထဲမှာတော့ ဆယ်နှစ်ထက်မနည်း မတွေ့နိုင်ခဲ့တဲ့ သူ့အမေတစ်ယောက် ဒီအဆောက်အဦးထဲတွင် အလုပ်လုပ်နေလိမ့်မည်ဟု တွေးနေမိခဲ့သည်။
လန်းဆန်းတက်ကြွနေသော တက္ကသိုလ်ကျောင်းသား အနည်းစုသည် မကြာခင်မှာပဲ ကျောပိုးအိတ်ကိုယ်စီလွယ်ကာ အဆောက်အဦးထဲကနေ ထွက်လာကြတော့သည်။ လက်များထဲတွင်လည်း စာသင်ကြားရေး ပုံစံငယ်လေးများကို ကိုင်ထားကြပြီး စက်ပိုင်းဆိုင်ရာ လှုပ်ရှားမှုများ၏ ပြဿနာများအား ဆွေးနွေးနေကြပေသည်။
ချူးလီကတော့ မနာလိုစိတ်တစ်ချို့ဖြင့် သူတို့ကို ကြည့်လိုက်မိသည်။
သူတို့တွေက သူ့အမေရဲ့ ကျောင်းသားတွေ ဖြစ်နိုင်တာပဲ.. သူမအတန်းကို တက်နေတဲ့သူတွေတောင် ဖြစ်ချင်ဖြစ်နေမှာ။
ချူးလီသည် တံခါးရှေ့တွင် မိနစ်အနည်းငယ်လောက် ရပ်နေမိလိုက်သည်။ ထို့နောက် စိတ်ပိုင်းဖြတ်လိုက်ကာ ခြေလှမ်းကျဲကျဲဖြင့် အဆောက်အဦးထဲသို့ ဝင်သွားလိုက်တော့သည်။
ပြောရမယ်ဆိုရင် သူ့အမေ အလုပ်လုပ်နေကျနေရာက ဘယ်လိုမျိုးလဲဆိုတာ သူသိချင်ပြီး စပ်စုကြည့်ချင်လို့ပင်။
သို့သော်လည်း ကြည့်ရတာ စိတ်ဆန္ဒ လောဘတွေကတော့ အတောမသတ်နိုင်ခဲ့ပုံ မပေါ်ပါဘူး။ သူဒီကိုရောက်လာကတည်းက သူတွေးမိလိုက်တာက... အခုချိန်မှာ သူ့အမေသာ ဒီထဲရှိနေမယ်ဆိုရင် သူမကို သူခပ်လှမ်းလှမ်းကနေ ကြည့်နိုင်လိမ့်မယ်ပေါ့။
နောက်ဆုံးတော့ ချူးလီတစ်ယောက် လေးတိလေးလံ ခြေလှမ်းများဖြင့် ရူပဗေဒဌာနထဲကို ဝင်ခဲ့လေတော့သည်။
ဂိတ်ပေါက်ဝက မှန်ကိုဖြတ်လျှောက်သည့် အချိန်မှာတော့ ချူးလီတစ်ယောက် မှန်ထဲက သူ့ကိုယ်သူ ပြန်ကြည့်လိုက်မိသည်။
ပရမ်းပတာဖြစ်နေပုံမပေါက်ဘဲ အတော်ကို သပ်သပ်ရပ်ရပ်ဖြစ်နေပေသည်။
ဒီနေ့ ကျန်းယွီ အင်တာဗျူးဖြေမှာကို အဖော်လိုက်လာပေးသည့်အတွက် တကူးတကကို သန့်သန့်ပြန့်ပြန့် ကျောင်းသားကောင်းလေးတစ်ယောက်ပုံစံ ဝတ်စားလာခြင်းပင်။ ချူးလီသည် နုနုဖတ်ဖတ် ဆွယ်တာအပွလေးနှင့် အနက်ရောင် ဘောင်းဘီရှည်ကို ဝတ်ဆင်ထားလေသည်။
အမေကတော့ သူ့ကိုဒီလိုမြင်လိုက်ရရင် သဘောကျမိလိမ့်မလားပဲ။
ချူးလီသည် သူ့အဝတ်အစားများ၏ ကျေနေသောနေရာများကို သပ်သပ်ရပ်ရပ်ဖြစ်အောင် ပြန်ပြုပြင်လိုက်ပြီး အပေါ်ထပ်ကို တက်သွားလိုက်သည်။
အဆောက်အဦးကတော့ အတော်လေး အိုဟောင်းနေပြီဖြစ်၍ စက်လှေကားတော့ မရှိပေ။ တစ်လွှာချင်းစီတွင် အိုးနှင့်ထည့်စိုက်ထားသော ထင်းရှူးငယ်လေးများကို ထားရှိထားသဖြင့် ကြည့်ရတာ တကယ့်ကို စာပေအငွေ့အသက်များကို ပေးစွမ်းနေပေသည်။
ချူးလီသည် ဒုတိယထပ်က ရုံးခန်းနေရာကို လာခဲ့လိုက်သည်။ ထို့နောက် ရုံးခန်းတစ်ခုချင်းစီ၏ တံခါးများတွင် စာများကပ်ထားသည်ကို တွေ့လိုက်ရသည်။ ပြောရမယ်ဆိုရင် ဆွေးနွေးခန်း၊ သင်ကြားရေးနှင့် လေ့လာရေးခန်း၊ ကျောင်းသားများ နားနေခန်း၊ ကျောင်းသားရေးရာ၊ စသည်ဖြင့်ပေါ့။
ရုံးခန်းတစ်ဝိုက်၏ ကော်ရစ်ဒါကို လျှောက်ကြည့်လိုက်သော်လည်း သူ့မှတ်ဉာဏ်ထဲတွင် ကျန်ရစ်နေသေးသော သူ့အမေ၏ ပုံပန်းသဏ္ဍာန်နှင့် ခပ်ဆင်ဆင်ကို မရှာတွေ့နိုင်ခဲ့ပေ။