Chapter 63
Vol. 6 Ch. 63
တကယ်တော့ သူ့အမေရဲ့ ပုံပန်းသွင်ပြင်ကို ချူးလီတစ်ယောက် ရှင်းရှင်းလင်းလင်း မမှတ်မိတော့ဘူးလေ။ သူအလယ်တန်း ကျောင်းသားဘဝတုံးကတော့ သူ့အမေက ပေချန်တက္ကသိုလ် ရူပဗေဒဌာနတွင် ပါမောက္ခတစ်ဦးဖြစ်ကြောင်း သိခဲ့ရပေသည်။ ထို့ကြောင့် ပေချန်တက္ကသိုလ်၏ တရားဝင် website စာမျက်နှာကိုသွား၍ သူ့အမေနှင့် ပတ်သတ်သည့် အချက်အလက်များကို ရှာဖွေကြည့်ခဲ့သေးသည်။
နှစ်အလိုက် သူ့အမေရရှိခဲ့သော ဆုများ၊ ကြေငြာရေးပိုစတာများရှိ ဓာတ်ပုံများအပြင် အွန်လိုင်းသင်တန်းများက ဗီဒီယိုများကိုပါ တွေ့ခဲ့လေသည်။ ဒီလိုနှင့် ထိုအရာများအားလုံးကို သူသိမ်းဆည်းထားပြီး သူ့မှတ်ဉာဏ်ထဲက တဖြည်းဖြည်း ပျောက်ကွယ်စပြုနေသော သူ့အမေ၏ ပုံရိပ်များကို ပြန်လည်ထိန်းသိမ်းခဲ့ခြင်း ဖြစ်သည်။
နားနေခန်းတွင်တော့ အနားယူနေကြသည့် ဆရာ၊ဆရာမတစ်ချို့ ရှိနေခဲ့သည်။ သူ့အမေနှင့် သက်တူရွယ်တူလောက်ရှိမည့် ဆရာမတစ်ချို့ ရှိနေခဲ့သော်လည်း တစ်ယောက်ကမှတော့ သူ့အမေ မဟုတ်ခဲ့ချေ။
ချူးလီတစ်ယောက် ဟိုဟိုဒီဒီ ပတ်ရှာကြည့်သော်လည်း သူ့အမေကို လုံးဝမရှာတွေ့နိုင်ခဲ့ပေ။ ရင်ထဲတွင် စိတ်ပျက်ဝမ်းနည်းမှုများ ပြည့်နှက်လာခဲ့ပြီးနောက် ပထမထပ်ရှိ ဟောခန်းထဲသို့သာ ပြန်လာခဲ့တော့သည်။
သို့သော်ငြားလည်း ထိုအခိုက်အတန့်လေးတွင်တော့ ဆံထုံး သပ်သပ်ရပ်ရပ်လေးနှင့် အမျိုးသမီးတစ်ယောက် ရူပဗေဒအဆောက်အဦးထဲသို့ ဝင်လာခဲ့လေသည်။
သူမ ခန္ဓာကိုယ်တွင် ဝတ်ဆင်ထားသော ရှပ်အင်္ကျီနှင့် ဝတ်စုံအသေးလေးမှာ လက်ချုပ်ထည်များဖြစ်ပြီး၊ A ပုံစံစကတ်လေးကတော့ သူမ၏ ပျော့ပြောင်းသောပုံပန်းသဏ္ဍာန်ကို ပေါ်လွင်နေစေတော့သည်။ လက်ထဲတွင်လည်း သင်ကြားရေးနှင့် ပတ်သတ်သော စာအုပ်များကို ကိုင်ထားကာ ထည်ဝါသော ခြေလှမ်းများဖြင့် ဝင်လာခဲ့ပေသည်။
ချူးလီ၏နှလုံးသားတစ်ခုလုံး ရပ်တန့်သွားတော့မည့် အတိုင်းပင်။
အဲ့ဒါက.. အမေပဲ..။
ရန်ရှန်းသည် ချူးလီကို ဖြတ်သွားပြီး သူမအား မျက်နှာမလွဲ စိုက်ကြည့်နေသည်ကို မြင်လိုက်ရသဖြင့် အနည်းငယ်တော့ အံ့ဩသွားကာ သူ့ကို မေးကြည့်လိုက်ပေသည်။
“စာသင်ခန်းက ဒီမှာလေ။ အတန်းက စတောင်စတော့မှာကို ဘယ်သွားမလို့လဲ?”
ချူးလီကတော့ ဘာမှပြန်မတုန့်ပြန်ပေ။ ထို့အပြင် အနည်းငယ်လည်း ကြက်သေသေနေမိလေသည်။
ရန်ရှင်းသည် ရှေ့ကို ခြေလှမ်းအနည်းငယ်လောက် ဆက်လျှောက်လိုက်သော်လည်း သူလိုက်မလာတာကို သိလိုက်ရသဖြင့် ထပ်ပြောလိုက်ပေသည်။
“လာလေ သွားမယ်.. အတန်းက စတော့မှာ”
သူ့အမေက သူ့ကို သူမ၏ ကျောင်းသားတစ်ယောက်လို့ အထင်မှားနေကြောင်း ချူးလီချက်ချင်းပင် သတိကပ်မိလိုက်သည်။
သူ့ကိုလုံးဝ မမှတ်မိတာပဲ...။
မှန်တာပေါ့.. သူမ ထွက်သွားခဲ့တုံးက သူ့အသက်ဘယ်လောက်ရှိသေးတာမို့လဲ..။
ချူးလီ စိတ်တော့ပျက်သွားမိပေမယ့် တစ်ဖက်မှာလည်း စိတ်သက်သာရာ ရနေမိသည်။
ကံကောင်းထောက်မစွာနဲ့ပဲ အမေက သူ့ကို မမှတ်မိဘူးလေ။ မဟုတ်ရင် ဒီဟာကို ဘယ်လိုဖြေရှင်းရမလဲဆိုတာ သူတကယ်ကို မသိဘူး။
အမေ့ကို တွေ့ဖို့အတွက် သူလုံးလုံးကို အဆင်သင့်မဖြစ်သေးဘူးလေ။ ဒီကို သူရောက်လာရတဲ့ အကြောင်းအရင်းကလည်း သူမကို ခပ်လှမ်းလှမ်းကနေ တစ်ချက်လောက် ကြည့်နိုင်ဖို့ အတွက်ပဲကိုး။
စိတ်ထဲတွင် ဟာလာဟင်းလင်း ဖြစ်နေသော်လည်း တတိယထပ်တွင်ရှိသော စာသင်ကြားရာဟောခန်းဆီသို့ စက်ရုပ်တစ်ကောင်လို သူမနောက် လိုက်သွားခဲ့ပေသည်။
စာသင်ခန်းကတော့ ကျောင်းသားများအပြည့် ဖြစ်နေလေပြီ။ ချူးလီသည် ဝင်လာသည်နှင့် နောက်ဆုံးတန်းက ထောင့်နားရှိ ခုံအလွတ်တွင် ဝင်ထိုင်လိုက်သည်။
ရန်ရှင်းကတော့ ရူပဗေဒ၏ အခြေခံများကို သင်ကြားပေးနေလေသည်။ ချူးလီဟာလည်း ရူပဗေဒနှင့် ပတ်သတ်သည့် ဗဟုသုတ ခပ်မြင့်မြင့်ရှိသောကြောင့် ရန်ရှင်းအတန်းထဲတွင် သင်နေသမျှကို နားလည်နေနိုင်ပေသည်။ အထက်တန်းတွင် သင်ခဲ့ရသော ရူပဗေဒနည်းပဒေများနှင့် လက်ရှိသင်ကြားနေသော အရာများကို ဆက်စပ်လိုက်လေသည်။ ထို့နောက် သူယူလာခဲ့သော မှတ်စုစာအုပ်လေးကို ထုတ်လိုက်ပြီး စာဂျပိုးတစ်ယောက်ကဲ့သို့ သေသေချာချာ လိုက်မှတ်နေခဲ့ပေသည်။
ရန်ရှင်း၏ စာသင်ကြားပုံကတော့ အတော်လေးကို တက်တက်ကြွကြွ ဖြစ်ပေသည်။ ထို့ကြောင့် ကျောင်းသားများကလည်း သူမကို အလွန်သဘောကျကြပုံရသည်။
သူမသည် အသက်နှင့်မလိုက်သော ခေတ်ဆန်သည့် ဟာသဉာဏ်ရှိပေသည်။ သူမ ပြုမူသမျှနှင့် ပြောပုံဆိုပုံမှာလည်း အတော်ကို ကျက်သရေရှိလှပြီး သူမ၏အသံမှာ သာယာနာပျော်ဖွယ်ကောင်းလှသည်။ ပျင်းစရာ ဗဟုသုတမျိုးကို ပြောနေရင်တောင်မှ လူတွေကို အိပ်မငိုက်သွားအောင် အာရုံမလွင့်သွားအောင် ပြောဆိုတတ်ပေသည်။
သူမ၏ အတန်းမှာတော့ ကျောင်းသားများသည်လည်း တက်တက်ကြွကြွပင် ပါဝင်စကားပြောဆိုကြလေသည်။ ဘာမှဝင်မပြောသော ကျောင်းသားများပင်တောင် မှတ်စုများကို လိုက်မှတ်နေကြတာပင်။ စာသင်ခန်းရဲ့ ခံစားချက်ကတော့ အတော်လေးကို ကောင်းမွန်လှသည်။
အတန်းချိန်တစ်ချိန်ကတော့ မြန်မြန်ဆန်ဆန်သာ ပြီးဆုံးသွားခဲ့ကာ အတန်းဆင်း ခေါင်းလောင်းသံ မြည်လာခဲ့သည်။ ကျောင်းသားများလည်း တစ်ယောက်ပြီးတစ်ယောက် အခန်းထဲကနေ ထွက်သွားကြတော့သည်။
ချူးလီကတော့ ချက်ချင်းထွက်မသွားခဲ့ပေ။ စာသင်ကြားပြီး၍ စာရွက်စာတမ်းများကို သိမ်းဆည်းနေသည့် ရန်ရှင်းအား ကြည့်နေမိသည်။ သူ့မျက်ဝန်းများထဲတွင်တော့ တွန့်ဆုတ်မှုများ၊ အတိတ်ကို ပြန်အောက်မေ့မှုများနှင့် ပြည့်နှက်နေပေတော့သည်။
ထွက်မသွားခင်မှာပဲ ရန်ရှင်းသည် သူ့ကိုတစ်ချက် ဝေ့ကြည့်လိုက်ကာ အပြုံးလေးနှင့် ပြန်ပြောလိုက်သည်။
“ဒီကို အတန်းတက်ဖို့လာတာ မဟုတ်ဘူးလား?”
“ကျွန်တော်... ဟုတ်ပါတယ်”
“ဒါကြောင့်ကိုး.. အဲ့ဒါကြောင့် တီချယ့်စာအုပ်တွေကို ယူမလာတာပဲ။ သားကိုအထင်မှားပြီးတော့ ဝေဖန်မိတော့မလို့”
ရန်ရှင်းသည် ရယ်မောကာ ပြောဆိုနေပြီး သူမ၏ မျက်ဝန်းများကတော့ အပေါ်သို့ ကွေးတက်နေပေတော့သည်။ သူမ၏ ပါးနှစ်ဖက်တွင်လည်း ချိုမြိန်လှသော ပါးချိုင့်လေးများက ပေါ်လွင်နေလေသည်။
“တောင်းပန်ပါတယ်”
“သားက ဘယ်ဌာနကလဲ? အခြေခံ ရူပဗေဒကို နားလည်နိုင်တာလား?”
“အရမ်းကြီးတော့ မဟုတ်ပါဘူး”
ချူးလီလည်း ဆက်ရှင်းပြလိုက်သည်။
“ကျွန်တော်က.. အထက်တန်းကျောင်းသားတစ်ယောက်ပါ။ ဒီနှစ်မှ တက္ကသိုလ်ဝင်ခွင့်ကို ဖြေရမှာပါ။ ကျွန်တော်ကတော့ ပေချန်တက္ကသိုလ်ကို တက်ချင်တယ်”
“အော်.. အဲ့လိုလား။ အဲ့ဒါဆို အတန်းကို လာပြီးကြိုတက်တာပေါ့လေ။ ဆရာမက မင်းရဲ့မျှော်မှန်းချက်တွေနဲ့ ကိုက်ညီရဲ့လားဆိုတာ လာကြည့်တာမလား?”
ရန်ရှန်းသည် အတော်ရွှင်လန်းတက်ကြွသော ပင်ကိုယ်စရိုက်လေး ရှိသည့်အပြင်ကို ဆရာမတစ်ယောက်လို တင်းကြပ်မှုမျိုး နည်းနည်းလေးမျှ သူမဆီကနေ မခံစားရပါ။ သူမသည် ကျောင်းသားများကို တော်တော်လေး ပျူပျူဌာဌာ ဆက်ဆံသည်ပင်။
ချူးလီ၏ နှုတ်ခမ်းထောင့်လေးက အနည်းငယ် ကွေးတက်သွားပြီး သူမအား ပြောလိုက်သည်။
“တီချယ်က အရမ်းသဘောကောင်းပါတယ်။ ကျွန်တော် မှတ်စုတွေလည်း လိုက်မှတ်ထားပါတယ်”
ပြောပြီးသည်နှင့် သူ့လက်ထဲက မှတ်စုစာအုပ်ကို ရန်ရှန်းထံ ရိုရိုကျိုးကျိုးလေး ကမ်းပေးလိုက်သည်။
“မင်းက အတော် လေးလေးနက်နက်ရှိတာပဲ”
ရန်ရှင်းသည် သူ့မှတ်စုများကို လှန်လှောကြည့်နေရင်း သူမ၏ မျက်ခုံးတစ်လျှောက်တွင် အံ့အားသင့်မှု အရိပ်အယောင်လေးများ ဖြတ်သန်းသွားတော့သည်။ အခြေခံအားဖြင့်ပြောရမယ်ဆိုရင် ဒီကလေးက သူမအတန်းကို တကယ်ကြီး နားလည်ခဲ့တာပဲ။ ဒါအထက်တန်းကျောင်းသားတစ်ယောက်မှာ ရှိနေတဲ့ ဗဟုသုတမျိုးဆိုတာကို စိတ်ကူးကြည့်ဖို့တောင် ခက်ပေသည်။
သူ့အား မှတ်စုစာအုပ်ကို ပြန်ပေးလိုက်ပြီးနောက် တည်ကြည်စွာဖြင့် မေးကြည့်လိုက်သည်။
“မင်းက ပေချန်တက္ကသိုလ်မှာ ရူပဗေဒဘာသာရပ်ကို လျှောက်ထားဖို့ စိတ်ဝင်စားတာလား?”
“ကျွန်တော်.. စိတ်ပညာကို လျှောက်ထားမလို့ စီစဉ်နေတာပါ”
‘စိတ်ပညာ’ ဆိုသည့် စကားလုံးကို ကြားသည်နှင့် ရန်ရှန်းသည် စက္ကန့်အနည်းငယ်လောက် စိတ်တွေထွေပြားကုန်တော့သည်။
“အိုး.. စိတ်ပညာလား။ တီချယ်တို့ကျောင်းရဲ့ စိတ်ပညာဘာသာရပ်က နိုင်ငံတွင်းမှာ ထိပ်တန်းပဲလေ.. အရမ်းကောင်းပါတယ်”
ချူးလီကတော့ ရန်ရှန်း၏ မျက်ဝန်းများထဲက ထူးဆန်းသော အကြည့်များကို ချက်ချင်းဖမ်းမိလိုက်သည်။ သူ့အဖေ ထိုကြောက်စရာ မကောင်းဆိုးဝါးကြီးကိုပဲ သူမ ပြန်တွေးမိသွားလို့ပဲလား၊ သူနဲ့ပတ်သတ်တဲ့ အမှတ်တရတစ်ချို့ကို တွေးမိသွားလို့ပဲလား သူတကယ်ကို မသိပါ။
ရန်ရှန်းသည် အချိန်ကိုကြည့်ကာ ပြောလိုက်သည်။
“ဒါဆိုရင် တီချယ် အရင်သွားတော့မယ်နော်။ ဒါပေါ့.. ရွှေတံဆိပ်စာရင်းခေါင်းစဉ်ထဲ ပါပါစေလို့ ကြိုပြီးလည်း ဆုတောင်းပေးလိုက်တယ်နော်”
“ကျေးဇူးတင်ပါတယ်...”
ရန်ရှန်းတစ်ယောက် စာသင်ခန်းကို ထွက်သွားတော့မည့် အချိန်တွင် ချူးလီသည် ရုတ်တရက်ကြီး သူမကို လှမ်းတားလိုက်သည်။
“ဟို...”
ရန်ရှန်းသည် နောက်ပြန်လှည့်လိုက်ကာ အပြုံးလေးဖြင့် မေးလိုက်သည်။
“ဘာဖြစ်လို့လဲ သား”
ချူးလီ၏ လည်ချောင်းထဲက ‘အမေ’ ဆိုတာကတော့ ထွက်လာနေလေပြီ။ သို့သော်လည်း သူမ၏ ကြည်လင်သော မျက်နှာလေးကြောင့် သူတွန့်ဆုတ်သွားခဲ့ရတော့သည်။
အမေက သူ့ကို လုံးဝမမှတ်မိဘူးပဲ။
အမေက အခု အဆင်ပြေနေပြီပဲ..
ဒါပေမယ့်လည်း သူကတော့ အဲ့လောက်ထိ ကောင်းမနေသေးဘူးလေ။
“ကျွန်တော် နှုတ်ဆက်ပါတယ်လို့ ပြောချင်လို့ပါ တီချယ်ရန်”
“တာ့တာ”
ရန်ရှန်းကတော့ အပြုံးလေးနှင့် ထွက်သွားလေပြီး သူ့ကိုတော့ စာသင်ခန်းအလွတ်ကြီးထဲတွင် တစ်ယောက်တည်း ထားခဲ့လေတော့သည်။
သူ့အမေနဲ့ တွေ့ဆုံရခြင်းက အတော်ကို ပျော်ရွှင်စရာတစ်ခုဖြစ်သင့်သော်လည်း တစ်ချို့သော အကြောင်းအရာများကြောင့် ချူးလီကတော့ မပျော်ရွှင်နိုင်ပါ။
နောက်ထပ် မဖော်ပြနိုင်သော စိတ်ရှုပ်ထွေးမှုတစ်ခုက သူ့စိတ်ထဲတွင် ပေါ်ပေါက်လာခဲ့တော့သည်။
ဒီလောက်နှစ်တွေ အများကြီး ကြာပြီးတာတောင်မှ သူ့အမေက သူ့အကြောင်းကို နည်းနည်းလေးတောင် မတွေးမိဘူးလား?
သူ့ကို စိတ်ပူပါတယ်ဆိုတဲ့ အရိပ်အယောင်လေးတောင် ရှိရဲ့လား..
ပြီးတော့ သူမဘာဖြစ်လို့ သူ့ဆီမလာခဲ့ရတာလဲ?
ပေချန်တက္ကသိုလ်ထဲတွင် ချယ်ရီပင်လေးများကို ဝန်းတစ်လျှောက် အများကြီး စိုက်ပျိုးထားလေသည်။ အခုကတော့ ချယ်ရီပန်းလေးများ အပြည့်အဝ ဖူးပွင့်သော ရာသီချိန်ဖြစ်သည့်အလျောက် တက္ကသိုလ်ဝန်းကြီးတစ်ခုလုံးမှာ ပန်းရောင်ပန်းကလေးများ ပင်လယ်ကဲ့သို့ ဖြစ်နေတော့သည်။
ချူးလီသည် အနုပညာဌာနသို့ ပြန်လာလိုက်သည်။ ကျန်းယွီကတော့ အင်တာဗျူးပြီးသွားပြီ ဖြစ်သည့်အပြင် သူ့ကိုတောင် အကြာကြီး ထိုင်စောင့်နေတာ ဖြစ်ပေသည်။
သူမအား ချယ်ရီပန်းများပွင့်နေသော အပင်အကြီးကြီးအောက်တွင် ရှာတွေ့လေသည်။
ကောင်မလေးကတော့ မြေပေါ်တွင် ဆောင့်ကြောင့်ထိုင်ကာ သူမ၏ ရှည်လျားသော လက်ချောင်းထိပ်လေးများဖြင့် ချယ်ရီပန်းလေးများကို ကောက်ယူနေရင်း သူမ၏ ဆံပင်တွင် ပန်နေလေသည်။ ထို့နောက် သူမသည် နောက်လက်တစ်ဖက်တွင် ဖုန်းကိုကိုင်ထားကာ သူမကိုယ်သူမ ဆယ်လ်ဖီဆွဲနေလေတော့သည်။
လေပြေလေးက တိုက်ခတ်သွားသဖြင့် နောက်ထပ် ချယ်ရီပန်းမိုးလေးမှာ သူမထက်သို့ သည်းထန်စွာ ရွာသွန်းလာလေတော့သည်။ သူမ၏ ပါးလွှသော ဆံပင်လေးများမှာ တိုက်ခတ်လာသော ပန်းကလေးများနှင့် ရှုပ်ပွနေတော့သည်။ ထို့နောက် သူမ၏ ကြည်လင်တောက်ပနေသော မျက်နှာလေးကိုပါ ချွင်းချန်မကျန် ပုတ်ခတ်သွားလေတော့သည်။
သူမကိုယ်သူမ လှည့်ပတ်နေရင်း သူမနောက်က ချူးလီကို ဆယ်လ်ဖီကင်မရာထဲတွင် တွေ့လိုက်ရတော့သည်။
ကျန်းယွီလည်း လှည့်ကြည့်လိုက်ပြီး သူ့ကို တောက်ပပျော်ရွှင်သော အပြုံးလေး ပြုံးပြလိုက်လေသည်။
နွေးထွေးသော လေပြေလေးက ချူးလီ၏ အထီးကျန်နေသော နှလုံးသားကိုပါ ရုတ်တရက်ကြီး သည်းသည်းထန်ထန် တိုက်ခတ်သွားတော့သည်။
ကျန်းယွီသည် သူမလက်ထဲက ပန်းပွင့်ဖတ်များကို လွင့်ပစ်လိုက်ပြီး ချူးလီထံသို့ ပြေးသွားတော့သည်။ ထို့နောက် သူ့ပေါ်ကို ခုန်အုပ်လိုက်ကာ သူမကိုယ်သူမ ချူးလီ၏ လက်မောင်းများကြားသို့ တိုးဝင်ပစ်လိုက်တော့သည်။
“ငါအောင်သွားပြီ! ငါအောင်မြင်ခဲ့ပြီ! တီချယ်က ပြောလိုက်တယ်.. ငါ့ရဲ့ ရိုးရာယဉ်ကျေးမှုအတန်းသာ သတ်မှတ်ချက်ကို ကျော်လွန်မယ်ဆိုရင် ငါအောင်မှာတဲ့။ ငါပေချန်တက္ကသိုလ်ကို သွားလို့ရပြီကွ!
ချူးလီသည် သူမကို မြဲမြံစွာ ဖမ်းဆုပ်ပေးထားရင်း သူမ၏ ပျော်ရွှင်စိတ်လှုပ်ရှားမှုများ ကူးစက်ခံနေရတော့သည်။ သူမကို ချီလိုက်ရင်း “မိုက်လိုက်တာ”
ကျန်းယွီသည် သူမ၏လက်မောင်းများကို သူ့လည်ပင်းတွင် ယှက်လိုက်လေသည်။ သူမ၏ မျက်ဝန်းများကတော့ လင်းလက်တောက်ပစွာဖြင့် ဖြိုးဖြိုးဖျက်ဖျက်လက်နေပေတော့သည်။
“ငါတို့သာ တက္ကသိုလ်အထိ အတူတူရှိနေမယ်ဆိုရင် အနာဂတ်မှာလည်း ငါတို့အမြဲတမ်း အတူတူရှိနေနိုင်တော့မှာ။ နင်ကတော့ တစ်ခြားကောင်မလေးတွေနဲ့ တွေ့ရဖို့ အခွင့်အရေးရှိတော့မှာ မဟုတ်ဘူးပဲ”
ချူးလီသည် ကျန်းယွီ၏ လှပသော နုနုဖတ်ဖတ်မျက်နှာလေးအား အတော်လေး နီးနီးကပ်ကပ် ကြည့်လိုက်သည်။ ထို့နောက် ပြုံးလိုက်ကာ ပြန်ပြောလိုက်လေသည်။
“ကိုယ့်မှာ ကိုယ့်မမရှိနေပြီးသားပဲ.. ကိုယ်ပျော်ပါတယ်”
“စကားတွေ တတ်နေလှချည်လား.. ဒါဆိုလည်း များများပိုပြောလို့ရပါတယ်”
“မမက လေးလိုက်တာ”
ကျန်းယွီသည် နှုတ်ခမ်းထော်လိုက်ပြီး သူ့ကိုယ်ပေါ်က ခုန်ဆင်းလိုက်ကာ သူ့ကို အာရုံမစိုက်သလို လုပ်လိုက်သည်။
ချူးလီကတော့ သူမကို လှမ်းဆွဲလိုက်ပြီး သူမလက်ကို ကိုင်လိုက်ကာ သူမနှင့်အတူ ချယ်ရီပန်းများခင်းထားသော လမ်းတစ်လျှောက် အတူတူလျှောက်လှမ်းသွားလေတော့သည်။
ကျန်းယွီလည်း သူ့ကြည့်ရတာ စိတ်ထဲတစ်ခုခု ရှိနေပုံပေါက်သောကြောင့် မေးကြည့်လိုက်လေသည်။
“စောနက ဘယ်ကိုသွားနေတာလဲ?”
ချူးလီသည် သူ့လက်ကိုကိုင်လိုက်ရင်း ပြောလိုက်သည်။
“ဒါဆို မင်းမြင်လိုက်တာလား? မင်း..နောင်တရမိလား?”
“ငါလွတ်သွားခဲ့တာ အများကြီး ရှိတယ်ဆိုတာတော့ ဟုတ်ပါတယ်.. ဒါပေမယ့် ငါနောင်တမရပါဘူး”
ချူးလီသည် အလေးအနက် ဆက်ပြောလိုက်သည်။
“ကိုယ့်မျက်လုံးထဲမှာတော့ မိုးဖွဲဖွဲလေးက အလှပဆုံး ရှုခင်းတစ်ခုပဲ”
ကျန်းယွီသည် ရပ်လိုက်ပြီး သူ့မျက်နှာကို ကွယ်လိုက်ကာ ရယ်လိုက်သည်။ ထို့နောက် သူ့ကိုတွန်းထုတ်လိုက်ရင်း
“ဘယ်လိုတောင် တောဆန်လိုက်တဲ့ အချစ်ဇာတ်လမ်းကြီးလဲ.. အတည်ပေါက်ကြီး ပြောတော့မယ့်ပုံနဲ့...”
သူမ သူ့ကိုရယ်နေတာကို တွေ့ရတော့ ချူးလီလည်း အနည်းငယ် ရှက်သွားတော့သည်။ ထို့နောက် သူမနောက်ကို လိုက်ဖမ်းရင်း
“မရယ်နဲ့ကွ”
ကျန်းယွီ သူ့ကိုလှည့်ကြည့်လိုက်တော့ သူ့မျက်ခုံးများက ကွေးနေပြီး အပြုံးများကလည်း ကောက်နေတော့သည်။
သူမ သူ့ကိုရယ်နေဆဲဖြစ်တာမို့ ချူးလီကတော့ အတော်လေးကို ရှက်နေသည်ပင်။ သူ့ပါးနှစ်ဖက်လုံး နီရဲလာခဲ့တော့သည်။ သူမနောက်ကို ခြေလှမ်း၂လှမ်း၊၃လှမ်းဖြင့် လိုက်မှီခဲ့ပြီး သူမလက်ကို ဆွဲလိုက်ကာ
“မပြောနဲ့တော့ကွာ”
“ပြောမှာပဲ..”
ချူးလီလည်း ဘာလုပ်ရမလဲ မသိတော့ပေ။ ဒါပေါ့.. သူမကို သူ့လက်မောင်းထဲမှာ တင်းတင်းကြပ်ကြပ် ဖက်လိုက်တော့တာပဲလေ။ အတော်ကို တင်းတင်းဖက်ထားပြီး အသံနက်နက်လေးဖြင့် ခြိမ်းခြောက်သလိုလေး ပြောလိုက်သေးသည်။
“စကားပြောကြရအောင်”
“ရှောင်ယွီက...”
သူပြောလို့မပြီးသေးခင်မှာပဲ သူ့ခေါင်းကို နိမ့်လိုက်ပြီး သူမနှုတ်ခမ်းကို ကိုက်လိုက်တော့သည်။
ကျန်းယွီလည်း မျက်လုံးများကို ပြူးနေအောင် ဖွင့်ထားမိပြီး ထိုကောင်ငယ်လေး၏ ချောမောလှပသော မျက်နှာအစိတ်အပိုင်းများကို သူမမျက်လုံးဖြင့် နီးနီးကပ်ကပ် ကြည့်နေမိလေသည်။ သူမကို အတော်နာနာလေး ကိုက်နေတာဖြစ်သဖြင့် သူမနှုတ်ခမ်းပင် နာသွားတော့သည်။
ကျန်းယွီ၏ နားများလည်း နီရဲလာတော့ပြီး သူ့ကို သူမလက်ဖြင့် တွန်းလိုက်လေတော့သည်။
သို့သော်လည်း အဲ့ဒါက အလုပ်မဖြစ်ပါ။ ထို့အပြင် သူ့ခံစားချက်များကို ပိုလို့တောင် မီးမွှေးစေလိုက်တော့သည်။
သူ့မျက်လုံးများကို ဖွင့်လိုက်ကာ သူမကို အမဲလိုက်သလို ကြည့်လိုက်သည်။ သူမ သူ့အကြည့်နှင့်ဆုံစေရန် အနည်းငယ် တွန်းအားပေးလိုက်သည်။
ကျန်းယွီလည်း သူ့မျက်ဝန်းများထဲက ပြင်းထန်သော ခံစားချက်များကို မြင်နေရပေသည်။
သို့သော်လည်း.. သူ့ကို တမင်မစနောက်သင့်တော့ပေ။
ကျန်းယွီသည် သူမ၏ လက်အား သူ့ရင်ဘတ်ပေါ်တွင် တင်လိုက်ပြီး နောက်ဆုံးတော့ သူချုပ်ထားရာကနေ လွတ်မြောက်သွားတော့သည်။ ထို့နောက် အသံတိုးတိုးလေးဖြင့် ရေရွတ်ပြလိုက်သည်။
“နင် ငါ့ကို နာအောင်လုပ်တယ်”
ချူးလီသည် သူမ၏မေးလေးအား ညှစ်လိုက်ပြီး စိုစွတ်နေသော သူမ၏ အောက်နှုတ်ခမ်းလေးအား သူ့လက်ချောင်းထိပ်လေးများဖြင့် အသာအယာ သုတ်ပေးလိုက်သည်။ သူ့အသံကတော့ နက်ရှိုင်းပြီး တိုးလှသည်။
“မမက ကိုယ့်ကို ရယ်ဦးမှာလား?”
ကျန်းယွီကလည်း ခေါင်းမာတဲ့လူလေ.. နုဖတ်သော အသံလေးဖြင့် သူမဆက်ပြောလိုက်သည်က “ဒါလေးကြောင့်နဲ့.. နင်ငါ့ကို ဒီလိုမျိုး အနိုင်ကျင့်တယ်ပေါ့။ ဒါဆို အနာဂတ်မှာ ငါ စလို့နောက်လို့တောင် မရတော့ဘူးလား”
ချူးလီ၏ အေးစက်နေသော နှုတ်ခမ်းလေးများသည် သူမနှုတ်ခမ်းထောင့်လေးသို့ သွားကပ်လိုက်ကာ ဆတ်ခနဲ ဖွဖွလေး နမ်းလိုက်ပြီး “မမက ကိုယ့်ကိုအနိုင်ကျင့်လာခဲ့တာ အရမ်းကြာနေပြီကို...”