Chapter 64
Vol. 6 Ch. 64
တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ နီးကပ်လာတာနဲ့အတူ app မှ အပ်နှံသော တာဝန်များကလည်း ရုတ်တရက်ကြီး အတော်များလာပေလေသည်။
အများဆုံးကတော့ ‘အနီးအနားရှိလူများ’ လုပ်ဆောင်ချက် ပေါ်ပေါက်လာကတည်းက ကာစတမ်မာတွေက ကျန်းယွီ အနီးပတ်ဝန်းကျင်က အတန်းဖော်တွေ ဖြစ်နေတာပင်။ တစ်ချို့ကိုတော့ သူမသိပြီး၊ တစ်ချို့ကတော့ သူမ,မသိတဲ့ တစ်ခြားအတန်းက လူတစ်ချို့ပေါ့။
ဒီကာစတမ်မာအများစုရဲ့ နောင်တတွေက များသောအားဖြင့်တော့ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲနဲ့ ပတ်သတ်နေတာဖြစ်သည်။ တစ်ချို့က မေဂျာကို မှားရွေးမိတယ်၊ တစ်ချို့က အချစ်ကြောင့် ပညာရေးမှာ နှောင့်နှေးမိတယ်၊ စသည်ဖြင့်ပေါ့...
ဒီလိုနှင့် နောက်ဆုံး၂လမှာ ကျန်းယွီရဲ့ အမှတ်တွေက သိသိသာသာ တိုးမလာခဲ့ပေ။ ဒါပေမယ့် သူမနဲ့ ရင်းနှီးလာတဲ့ သူငယ်ချင်းတွေကတော့ များသထက် များများလာသည်။ သူမရဲ့ လူမှုဆက်ဆံရေး အသိုင်းအဝိုင်းကလည်း ကျယ်ပြန့်သထက် ကျယ်ပြန့်လာခဲ့တယ်ပေါ့။ ထို့အပြင် ရုပ်ရှင်သွားကြည့်ဖို့ ဖိတ်ကြားခံရတာတွေ၊ စျေးဝယ်ထွက်ဖို့ ခေါ်တာတွေကလည်း အရင်ကထက် အများကြီး ဖြစ်လာခဲ့တယ်လေ။
အရင်တုံးက ကျောင်းမှာ ရှိမှန်းတောင် မသိခဲ့ရတဲ့ ကျန်းယွီတစ်ယောက် အခုချိန်မှာတော့ ကျောင်းရဲ့ နာမည်အကြီးဆုံး ကောင်မလေး ဖြစ်လာခဲ့ပြီး သူမရဲ့ နာမည်ကျော်ကြားမှုကလည်း တစ်ဟုန်ထိုး မြင့်တက်သွားလေတော့သည်။
ကျန်းယွီကို သဘောကျကြတဲ့ လူတွေက ပြောရမယ်ဆိုရင် သူမရဲ့ သူငယ်ချင်းတွေပင်။ သူမ ကူညီပေးတာကို ခံခဲ့ရတဲ့သူတွေပေါ့။ ထို့အပြင် သူတို့တွေက ကျန်းယွီအပေါ်ကို အတော်လေး စိတ်နှစ်ပေါင်းကြပေသည်။
နေ့တိုင်း ကျောင်းဆင်းပြီဆိုလျှင် ချူးလီသည် ကျန်းယွီကို ထိုလူအုပ်တွေထံကနေ မနည်းဆွဲခေါ်ရလေသည်။ ကျန်းယွီကို ညစာစားဖို့ဖြစ်ဖြစ်၊ အအေးသွားသောက်ဖို့ဖြစ်ဖြစ် ခေါ်နေကြတဲ့လူတွေဆီကနေပေါ့။ ထို့နောက် သူမကို အတင်းဆွဲခေါ်ပြီး စာကြည့်တိုက်သို့ ခေါ်သွားကာ စာဖတ်ပြီး စာလုပ်ခိုင်းလေတော့သည်။
“အနုပညာဌာနရဲ့ အင်တာဗျူးကို အောင်ပြီးသွားတယ် ဆိုရင်တောင် ယဉ်ကျေးမှုအမှတ်က အရမ်းကြီးနိမ့်မနေသင့်ဘူး။ ယဉ်ကျေးမှုအတန်းကိုသာ ကျသွားရင် မင်းကို နတ်ဘုရားတွေတောင် ဆင်းကယ်နိုင်မှာ မဟုတ်ဘူး”
ချူးလီသည် ဘယ်သူမှမရှိသော စာကြည့်ခန်းထဲသို့ သူမကို ခေါ်သွားကာ ထိုင်ခုံတွင် အတင်းထိုင်စေလိုက်သည်။ ထို့နောက် ပြန်လည်လေ့ကျင့်ခန်း မှတ်စုများနှင့် လေ့ကျင့်ခန်းစာအုပ် တစ်လှေကြီးကို ထုတ်လိုက်ကာ သူမကို စာလုပ်ဖို့ စိုက်ကြည့်နေလိုက်သည်။
“မနက်ဖြန်က ပြည်နယ်အဆင့် ဝင်ခွင့်စာမေးပွဲပဲ။ သေချာအာရုံစိုက်ထား။ ပြည်နယ်ထဲမှာ မင်းဘယ်အဆင့်ရလဲဆိုတာ ကြည့်ရမယ်”
“သိပါတယ် သိပါတယ်”
ကျန်းယွီသည် လေ့ကျင့်ခန်းစာအုပ်ကို ဖွင့်လိုက်ကာ သူမပါးစပ်ထဲတွင် ဘောပင်ကို ကိုက်၍ ပြန်ပြောလိုက်သည်။
“အခုတလော ငါ့ကောင်လေးက သိပ်မမိုက်တော့သလိုပဲနော်”
ချူးလီသည် စားပွဲဘေးတွင်ထိုင်၍ မှတ်စုများ၏ အဓိကအချက်များကို သူမအတွက် မျဉ်းသားပေးသည်။ ထို့နောက် ‘ဟမ်’ ဆို၍ ပေါ့ပေါ့ရွတ်ရွတ်သာ ပြန်ပြောလိုက်ကာ
“မင်းက ကိုယ့်ကို ဘယ်လောက်တောင် မိုက်နေစေချင်လို့လဲ?”
“ငါတို့ပထမဆုံး စတွေ့တာကို မှတ်မိသေးလား?”
ကျန်းယွီသည် သူမကျောပိုးအိတ်ထဲက အနက်ရောင်အစွန်းရှိသော ဖန်ခွက်အကြီးကြီးကို ထုတ်လိုက်ပြီး သူမနှာခေါင်းထိပ်လေးတွင် တင်လိုက်ကာ
“အဲ့အချိန်တုံးက ငါ့ရည်းစားလေးက နေကာမျက်မှန်ဝတ်ထားပြီး ဘယ်သူ့ကိုမှ မချစ်ခဲ့ဘူးလေ”
“အခုတော့ရော?”
ကျန်းယွီ ခေါင်းငြိမ့်လိုက်တော့ သူမနှာခေါင်းပေါ်က ဖန်ခွက်လေးက ပြုတ်ကျလာခဲ့သည်။ ထို့နောက် သူမ၏ ရှည်လျား သေးသွယ်သော မက်မွန်ပွင့်မျက်ဝန်းများနှင့် သူ့အား ကြည့်လိုက်သည်။
“အခုတော့ သူ့ကြည့်ရတာ ထန်ဘုန်းကြီးအတိုင်းပဲ။ ပွားတာ ပွားတာ ပွားတာဆိုတာ ငါ့နားထဲမှာ နေ့တိုင်း ခြင်တွေ တဝှီဝှီပျံနေတဲ့ အတိုင်းပဲ...”
သူမပြောလို့ မပြီးသေးခင်မှာပဲ သူမ၏ခါးမှာ ဖုံးအုပ်ခံလိုက်ရသည်ကို ကျန်းယွီခံစားမိလိုက်သည်။
သူမငုံံ့ကြည့်လိုက်တော့ ချူးလီ၏ လှုပ်ရှားနေသော လက်ကလေးက သူမ၏ သေးသွယ်သွယ်ခါးလေးထက်ကို ကျရောက်နေကြောင်း တွေ့လိုက်ရပေသည်။
ထို့နောက် ရုတ်ချည်းပင် အားနှင့်မာန်နှင့် မလိုက်ရာ ကျန်းယွီမှာ သူ့ရှေ့တွင် မတ်မတ်ဖြစ်သွားအောင် တွန်းအားပေးခံလိုက်ရသလိုပင်။ ထို့နောက် ချူးလီသည် သူမ၏ နှုတ်ခမ်းများကို ကာဆီးပစ်လိုက်တော့သည်။
ကျန်းယွီကတော့ မျက်လုံးများကို ပြူးနေအောင် ဖွင့်ထားပြီး မျက်လုံးထောင့်ကနေ လှမ်းကြည့်လိုက်သည်။
စာကြည့်ခန်း၏ ပိုင်းကန့်ထားသော နေရာလေးမှာ အတော်ကို ကျဉ်းမြောင်းလှတာကြောင့် ဘယ်သူမှ မမြင်လိုက်ပေ။ ထို့အပြင် ဘေးပတ်ပတ်လည်ကလည်း အတော်လေးကို တိတ်ဆိတ်နေပေသည်။ ဘေးတံခါးက ကျောင်းသားများ ရွေ့လျားနေသံနှင့် စာရေးနေသံများကိုသာ ကြားရလေသည်။
ချူးလီသည် သူမ၏ နှုတ်ခမ်းအား လောဘတကြီးဖြင့် အဓမ္မလုယက်နေသလိုပင်။ ကြည့်ရတာ သူမဆီက အရာအားလုံးကို ဆွဲယူပစ်ဖို့ ကြိုးစားနေသည့်အလားပေ။
မှတ်စုစာအုပ်ကတော့ သူမကြောင့် တွန့်ကြေကုန်လေသည်။ နောက်ဆုံးမှာတော့ သူမအသက်ရှုဖို့ အကွာအဝေးလေးကို ရှာတွေ့ခဲ့တော့သည်။ ကျန်းယွီသည် သူမမျက်နှာကို ချက်ချင်းပဲ လှည့်လိုက်ပြီး သူ့လည်ပင်းပေါ်တွင် မျက်နှာကို ကပ်ထားလိုက်ကာ ပင့်သက်ရှိုက်လိုက်သည်။
ချူးလီ၏ ဆွဲဆောင်မှုအပြည့်နှင့် မူးယစ်နေသော အသံလေးက သူမနားထဲသို့ တိုးဝင်လာခဲ့သည်။
“ထန်စန်းက ဒါမျိုးလုပ်မှာတဲ့လား?”
T/N : ထန်စန်းဆိုတာ ဘုန်းကြီးကို ပြောတာပါ။
“...”
သူမ ရှုံးသွားပြန်ပြီ။
ကျန်းယွီသည် ချူးလီကို တွန်းထုတ်လိုက်ပြီး သူ့ကို ခပ်မာမာလေး ကြည့်ပေးလိုက်သည်။
“ငါအရင်ထဲက ပြောထားတယ်နော်.. ကျောင်းမှာဆိုရင် နင်ငါ့ကို ဒီလိုလုပ်လို့ မရဘူးလို့..”
ချူးလီသည် သူ့နှုတ်ခမ်းများကို လျှာနှင့်ယက်လိုက်ရင်း ပြန်ပြောလိုက်သည်။
“အင်း.. တက္ကသိုလ်ဝင်ခွင့် စာမေးပွဲမှ မဟုတ်သေးတာ”
“နင်သိရင် ပြီးတာပဲ”
“စာမေးပွဲပြီးသွားရင်ရော ပြီးအောင်လုပ်လို့ရလား?”
“ဘာကိုပြီးအောင်လုပ်မှာလဲ!”
ချူးလီသည် သူမဘေးတွင် ရပ်လိုက်ပြီး မှတ်စုများကို ဖြန့်ပေးလိုက်ကာ သူမကို ကမ်းပေးလိုက်သည်။ ထို့နောက် သူမနားနားကို ကိုင်းလိုက်ကာ နူးညံ့စွာဖြင့် ပြောလိုက်သည်။
“ကိုယ်ကြိုက်တာ ဘာမဆိုလုပ်လို့ရတာလေ”
“...”
ကျန်းယွီသည် စားပွဲပေါ်တွင် မှောက်အိပ်လိုက်ပြီး မျက်နှာထားတင်းတင်းဖြင့် ပြောလိုက်သည်။
“နင် ဒီလိုဆက်လုပ်နေမယ်ဆိုရင် ငါတကယ်ပဲ စာလုပ်နိုင်တော့မှာ မဟုတ်ဘူး”
ချူးလီကတော့ ပေါ့ပေါ့ပါးပါးလေး ပြုံးလိုက်ကာ သူမကို စနောက်တာ ရပ်လိုက်တော့သည်။ ထို့နောက် မေးခွန်းများကိုဖြေရန် နမူနာစာရွက်များကို လှန်လိုက်တော့သည်။
ချူးလီ ဉာဏ်နီဉာဏ်နက်များတိုင်း သူ့ကြည့်ရတာ ပြက်ချော်ချော်နိုင်ပြီး သိမ်သိမ်မွေ့မွေ့နှင့် အရှုပ်ထုပ်လေးလိုပင်။
သို့သော်လည်း သူအတည်ပေါက်လုပ်တိုင်း သူ့ဆီကနေ တည်ငြိမ်မှုနှင့် လုံခြုံမှုဆိုသည့် အာရုံကိုတော့ ရလေသည်။
သူ့မျက်ဝန်းနက်များက ဘာအာရုံလွင့်မှုမှမရှိဘဲ လက်ရှိအရေးကိုသာ အာရုံစိုက်ထားလေသည်။ ကမ္ဘာကြီးကို ဥက္ကာခဲတွေ ဝင်တိုက်မိပြီး ပျက်စီးသွားရင်တောင်မှ သူ့ကြည့်ရတာ မျက်တောင်တစ်ချက်ခတ်မည့်ပုံ မပေါ်ပေ။
“မမက ကိုယ့်ကိုပဲ ဆက်ကြည့်နေမယ်ဆိုရင် စာကြည့်တိုက်မှာ အချိန်မဖြုန်းကြရတော့အောင်လေ”
ချူးလီကတော့ သူမကိုမော့မကြည့်ဘဲ ဒီအတိုင်း ပြောလိုက်ခြင်းပင်။
“ဘယ်သူမှ မရှိတဲ့နေရာမှာ ကိုယ်တို့အခန်းတစ်ခု ရှာလို့ရတယ်။ အဲ့ကျရင် မင်းကိုယ့်ကို ကောင်းကောင်းကြည့်ခွင့် ပေးမယ်လေ”
ကျန်းယွီလည်း ချက်ချင်းဆိုသလို အကြည့်လွှဲလိုက်ကာ နှုတ်ခမ်းထော်လိုက်ပြီး
“ဘယ်သူက နင့်ကိုကြည့်နေလို့လဲ”
ထိုအချိန်တွင် သူမဖုန်းသံလေးမှ မြည်သံလေး ပေါ်ထွက်လာခဲ့သည်။ တာဝန်လုပ်ဆောင်ရန်အတွက် အက်မင်အကောင့်မှ စာပို့လိုက်ခြင်းပင်။
ချူးလီသည် မကျေနပ်သောပုံစံဖြင့် ကျန်းယွီကို စိုက်ကြည့်လိုက်ပြီး သူမကို စာမှာသာ အာရုံစိုက်ဖို့ မျက်လုံးနှင့် လှမ်းပြောလိုက်သည်။
ကျန်းယွီကတော့ မြန်မြန်ဆန်ဆန်ပဲ လက်အုပ်ချီပြလိုက်ကာ သူမဒီမက်ဆေ့ဂျ်ကို ဖတ်ကိုဖတ်ရမည့်အကြောင်း တောင်းပန်လိုက်သည်။
App - ‘အနီးအနားကလူများ’ ဆောင်ရွက်ချက်ကို အစပျိုးထားပါတယ်။ ဆုကြေးငွေက ယွမ်၁သောင်း ဖြစ်ပါတယ်။ တာဝန်ကို လက်ခံမည်လား?”
လတ်တလောတွင် ကျန်းယွီသည် ထိုတာဝန်များကို လက်ခံခဲ့သော်လည်း ဆုကြေးငွေက အရမ်းကြီး မများသလို သိပ်လည်း မခက်ခဲခဲ့ပေ။ ထို့အပြင် တစ်ခါတစ်လေဆိုလျှင် စကားလေးသာ ပြောရန်လိုပြီး တာဝန်က ပြီးဆုံးသွားခဲ့လေသည်။
ကျန်းယွီသည် သူမပညာရေးကို မထိခိုက်စေဘဲ တာဝန်များကို ဖြစ်နိုင်သမျှ များများလက်ခံခဲ့လေသည်။ အဘယ်ကြောင့်ဆိုသော် Esmeralda တွင် နောက်လေ့ကျင့်ရေးစတိတ်အတွက် အမျိုးမျိုးသော ကုန်ကျမှုများမှာ မနည်းမနောပင်။ ထို့အပြင် သူမအမေ၏ ဝန်ထုပ်ဝန်ပိုးများကိုလည်း လျော့ချပေးနိုင်ဖို့ သူမအလုပ်ကြိုးစားဖို့ လိုအပ်သည်လေ။
သူမသည် ချူးလီကို တစ်ချက်ကြည့်လိုက်ပြီး တိတ်တဆိတ်သာ စာကိုပြန်ပို့လိုက်သည်။
“တာဝန်ကို လက်ခံတယ်”
ခဏကြာတော့ ‘ရှောင်လွီ’ အမည်ရှိသည့် အမျိုးသားတစ်ဦးက ကျန်းယွီကို သူငယ်ချင်းအဖြစ် လာအပ်လေသည်။
ကျန်းယွီ - “ဘာကူညီပေးရမလဲ”
ရှောင်လွီ - “မင်းက ငါ့အတန်းဖော်လား? မင်းလည်း ယွင်ရှီးအထက်တန်းကျောင်းမှာ တက်နေတာလား?”
ကျန်းယွီ - “ဟုတ်ပါတယ်”
ဒီလိုနှင့် ရှောင်လွီအမည်ရှိသော ကာစတမ်မာက လုပ်ရမည့်တာဝန်ကို စာပို့လေတော့သည်။
“ငါ့နာမည်က လျူဝမ်လွီပါ။ ငါက စီနီယာတတိယနှစ်ရဲ့ အခန်း၅က ကျောင်းသားပါ။ မနက်ဖြန် ပြည်နယ်အဆင့် ဝင်ခွင့်စာမေးပွဲပြီးရင် ငါကျောင်းထုတ်ခံရလိမ့်မယ်။ ငါ့အဖေက ဒီအဖြစ်အပျက်ကို လက်မခံနိုင်ခဲ့ဘူး။ ပြီးတော့ သိပ်မကြာခင်မှာပဲ ဖျားနာပြီး ကွယ်လွန်သွားခဲ့ရတယ်။ ဒါက ငါ့ဘဝမှာ အကြီးမားဆုံးသော နောင်တပဲ။ ငါ့ကံကြမ္မာရဲ့ အလှည့်အပြောင်းကို ကူညီပြီး ပြောင်းလဲပေးဖို့ ငါမျှော်လင့်ပါတယ်”
ကျန်းယွီ - “နင်ကဘာလို့ ပြည်နယ်အဆင့် ဝင်ခွင့်စာမေးပွဲပြီးတော့ ကျောင်းထုတ်ခံလိုက်ရတာလဲ? စာမေးပွဲမှာ ခိုးချခဲ့လို့လား?”
ရှောင်လွီသည် ကျန်းယွီထံသို့ အသံမက်ဆေ့ဂျ်ပို့လိုက်သည်။
“ငါ့အဆင့်တွေက ဘယ်တုံးကမှ ကောင်းခဲ့တာ မဟုတ်ဘူး။ ပြီးတော့ ငါကအလယ်အလတ်ကိုမှ အောက်ဆုံးအဆင့်မှာ။ ငါငယ်ငယ်လေးထဲက ဒီအတိုင်းပဲ။ ငါဘယ်လောက်ပဲ ကြိုးစားကြိုးစား ငါလိုချင်တဲ့အမှတ်တွေကို မရခဲ့ဘူး။ ငါ့အဖေက အမြဲတမ်း ငါ့ကိုအသုံးမကျဘူးလို့ ထင်နေတာ။ အထက်တန်းလည်းရောက်ရော ငါက အသုံးကျတယ်၊ အသုံးမကျတဲ့ကောင်မဟုတ်ဘူးဆိုတာကို သက်သေပြဖို့ ‘ဘော်ဒါ’ဆိုတဲ့ အုပ်စုတစ်ခုနဲ့ ငါတွေ့ခဲ့တယ်”
ကျန်းယွီသည် ချူးလီကို ထပ်ကြည့်လိုက်သည်။ တစ်ချက်ကြည့်လိုက်တော့ သူ့ကြည့်ရတာ ပုစ္ဆာကိုဖြေရှင်းရာမှာ အာရုံစိုက်နေတာကို တွေ့လိုက်ရသည်။ ထို့အပြင် သူ့ကြည့်ရတာ သူမရဲ့ လှုပ်ရှားမှုမဖြစ်စလောက်လေးတွေကို သတိထားမိပုံ မရပေ။
ဒီလိုနှင့် သူမလည်း နားကြပ်ကို တိတ်တဆိတ်သာ တပ်ဆင်လိုက်ပြီး (ရှောင်လွီ) ၏ အသံသရုပ်ဆောင်လေးကို နားထောင်လိုက်သည်။
“အဲ့ဒီဘော်ဒါတွေလို့ခေါ်တဲ့ ကောင်တစ်ချို့နဲ့ ပေါင်းသင်းဖြစ်ခဲ့တယ်ပေါ့။ ပြီးတော့ သူတို့ကို ဟိုလိုက်ပို့ဒီလိုက်ပို့တွေ၊ အိမ်စာကူလုပ်ပေးတာတွေ၊ စာမေးပွဲအတွက် ကူညီပေးတာတွေ၊ မှတ်စုတွေပေးတာမျိုးတွေ လုပ်ပေးခဲ့တယ်ပေါ့..။ ငါကိုယ်တိုင်က သူတို့အတွက် ဒါတွေကို လိုလိုလားလားလုပ်ပေးခဲ့တာပါ။ ဘာလို့လဲဆိုတော့ သူတို့က ငါ့ကိုအချိန်တိုင်း ခိုင်းနေတာလေ။ အဲ့ဒါက ငါ့ကို အသုံးကျတယ်လို့ နည်းနည်းလောက် ခံစားစေရတာမို့.. ပြောရရင် ငါက လုံးဝသုံးစားမရတဲ့ကောင် မဟုတ်ဘူးဆိုတာကိုပေါ့”
“အဲ့ဒါက ငါ့အဖေ ငါ့ကြောင့်နဲ့ ကျန်းမာရေးမကောင်းဖြစ်ပြီး ဆုံးသွားတဲ့အထိပဲ။ နောက်ပိုင်းကျတော့ အဲ့အချိန်တုံးက ငါ့အတွေးတွေက ဘယ်လောက်ထိ မိုက်မဲလဲဆိုတာကို ငါသိလာခဲ့တယ်”
“ပြည်နယ်ဝင်ခွင့်စာမေးပွဲ မတိုင်ခင်တုံးက ‘သူငယ်ချင်းကောင်း’လို့ပြောရမယ့် တစ်ယောက်က ငါ့ကိုပြောခဲ့တယ်။ အရေးကြီးတဲ့ e-sports ပြိုင်ပွဲရှိတယ်ပေါ့။ ပြီးတော့ အဲ့ဒါက စာမေးပွဲကို အချိန်မှီ ပြန်ရောက်လာနိုင်ဖို့နဲ့ စာမေးပွဲအတွက် စာလုပ်ဖို့ မဖြစ်နိုင်ဘူးဆိုတာရောပေါ့”
“ဒါပေမယ့် အိမ်ကမိသားစုဝင်တွေသာ အမှတ်တစ်မှတ်မှ မရဘူးဆိုတာကိုသိရင် သူ့ကို သူတို့တွေ သေချာပေါက်ကို သွားခွင့်ပေးမှာ မဟုတ်ဘူး။ အဲ့တော့ ငါ့ကိုယ်ပိုင်စာမေးပွဲအဖြေလွှာပေါ်မှာ သူ့နာမည်ကိုရေးပေးပြီး ကူညီပေးဖို့ သူမျှော်လင့်တယ်တဲ့။ အဲ့လိုနဲ့ပဲ သူစာမေးပွဲ သွားမဖြေဖြစ်မယ့် သူ့အပြစ်ဒဏ်ကို ကိုယ်စားခံခိုင်းတယ်ပေါ့လေ။ ငါကလည်း အတိအကျကို လုပ်ပေးခဲ့တာ”
“နောက်ကျတော့ ကျောင်းက စာမေးပွဲအတွင်း ပျက်ကွက်တာတွေကို တင်းတင်းကြပ်ကြပ် စစ်ဆေးခဲ့တယ်လေ။ တိကျတဲ့ ဆင်ခြေသာ မပေးနိုင်ဘူးဆိုရင် ‘မသမာမှု’နဲ့ ကျောင်းတောင်ထုတ်ခံရနိုင်တဲ့ အနေအထားပေါ့။ အဲ့အချိန်တုံးက ‘ဘော်ဒါကောင်း’ဆိုတဲ့ သူ့ကို ငါမေးခဲ့တယ်.. ဘာလုပ်ရမလဲလို့။ ဒါပေမယ့် သူက ငါ့တစ်ယောက်တည်းကိုပဲ အပြစ်တင်ခံခိုင်းတယ်လေ။ ဒီတစ်ကြိမ်သာ သူ့ကိုကူညီမယ်ဆိုရင် အနာဂတ်မှာ ပြန်ပေးဆပ်ပါမယ်ဆိုပြီးတော့ပေါ့။ ငါတို့က တစ်ဘဝလုံးစာ သူငယ်ချင်းတွေပဲလေဆိုပြီး”
“အဲ့တော့ ငါအံကိုကြိတ်ပြီး သူ့ကိုမရောင်းစားခဲ့မိဘူး။ အဲ့လိုနဲ့ပဲ ငါကျောင်းထုတ်ခံလိုက်ရတယ်။ ဒီအဖြစ်အပျက်ကြောင့် အဖေက အတော်လေး စိတ်ဆိုးသွားပြီး ကျန်းမာရေးပါ ထိခိုက်သွားခဲ့တာ။ အဲ့နောက်ပိုင်း သိပ်မကြာဘဲ ဆုံးသွားတော့တာပါပဲ။ ပြီးတော့ အဲ့ဒီဘော်ဒါကောင်းဆိုတဲ့ ကောင်နဲ့လည်း နောက်ပိုင်း တစ်ခါမှ အဆက်အသွယ် မရှိခဲ့တော့ဘူး။ အခုတော့ ငါအတော်ကို ရူးမိုက်တဲ့အမှားမျိုး လုပ်ခဲ့တာပဲဆိုပြီး သိလာခဲ့တယ်”
“ငါအဲ့လို ကလေးဆန်ပြီး အဓိပ္ပာယ်မရှိတဲ့ အမှားမျိုး ထပ်လုပ်မှာကနေ ငါ့ကိုတားပေးဖို့ မျှော်လင့်ပါတယ်"
ကျန်းယွီလည်း ဒီနှစ်အတွင်း တာဝန်များစွာ ရခဲ့ပြီးလေပြီ။ ကာစတမ်မာအများစုက ယာယီအားဖြင့် ဖြတ်လမ်းအတွေးတွေ ရှိခဲ့ကြတာလေ။ အဲ့ဒါကြောင့်လည်း ရလဒ်အနေနနဲ့ သူတို့အမှားတွေ လုပ်မိခဲ့ကြပြီး တစ်ဘဝလုံး ကပ်ပါတော့မယ့်နောင်တတွေ ရလာခဲ့ကြတာပေါ့”
ကျန်းယွီကတော့ ဒီအတန်းဖော် ရှောင်လွီက အဓိပ္ပာယ်မရှိဘူးလို့ မထင်ပါချေ။
သူမ အတိတ်ဘဝမှာတုံးက သူမလည်း လမ်းမှားကို မလျှောက်ခဲ့မိပါလေဘူးလား..။ ပထမဆုံး ခြေလှမ်းအမှားကို လျှောက်မိလိုက်တာနဲ့ နောက်ပိုင်းလျှောက်လှမ်းသမျှ ခြေလှမ်းတိုင်းကပါ မှားယွင်းကုန်တော့တာလေ။
အခုဆိုရင်သူမမှာ တစ်ပါးသူတွေရဲ့ နောင်တတရားတွေကို ဖြေဖျောက်ပေးနိုင်ဖို့ အခွင့်အရေးရှိနေပြီလေ။ ကျန်းယွီ သေချာပေါက်ကို အကောင်းဆုံးလုပ်ပေးမှာပါ။
ကျန်းယွီ - “ငါအကောင်းဆုံး လုပ်ပေးပါမယ်”
ရှောင်လွီ - “ကျေးဇူးတင်ပါတယ်။ ငါသိပါတယ် ဆုကြေးငွေက သိပ်အများကြီး မဟုတ်ဘူးဆိုတာ။ ဒါပေမယ့် အဲ့ဒါက ငါပေးနိုင်သမျှ အကုန်ပဲ ဖြစ်နေလို့ပါ”
ကျန်းယွီ - “ရပါတယ်။ ကြိုးစားပေးထားတာနဲ့တင် ရပါပြီ”
“ပေါ့” ဆိုသည့် အသံနှင့်အတူ ချူးလီတစ်ယောက် ခဲတံကိုချလိုက်ကာ သူမအား သည်းမခံနိုင်စွာဖြင့် ကြည့်လိုက်သည်။
“ကတာကလွဲရင် မင်းစိတ်ထဲမှာ တစ်ခြားအရာတွေကို ပေါ့ပေါ့တန်တန်ပဲ သဘောထားနေတာပဲ”
ကျန်းယွီလည်း တစ်ခဏလောက် မလှုပ်မယှက်နိုင်ဖြစ်သွားလေသည်။ ချူးလီတစ်ယောက် ဒီလောက်ထိ စိတ်ဆိုးသွားလိမ့်မယ်လို့ သူမတကယ်ကို မထင်မှတ်ထားပေ။
“မဟုတ်.. မဟုတ်ပါဘူး”
“မြောက်ပိုင်းတက္ကသိုလ်ကို ဝင်ခွင့်ရမရဆိုတာက မင်းအတွက် ဘာမှအရေးပါမနေဘူး။ မင်းလုံးဝကို ဂရုစိုက်မနေတာ။ မင်း Esmeralda မှာ နေနိုင်နေသရွေ့၊ ကနေနိုင်သရွေ့၊ ဘယ်တက္ကသိုလ်ကိုပဲ ရောက်ရောက်၊ ငါနဲ့ကွဲကွဲမကွဲကွဲ မင်းအတွက်အရေးမပါဘူး။ အရေးပါမနေဘူး…”
“မဟုတ်ပါဘူး!”
“မင်းရဲ့လက်ရှိအမှတ်တွေနဲ့ စာမေးပွဲကို အောင်နိုင်မယ်ထင်လို့လား? ဒါမှမဟုတ် အစကတည်းကိုက စာမေးပွဲမအောင်ချင်နေတာလား… အဲ့ဒါမှ ငါနဲ့ဝေးဝေးမှာ နေလို့ရအောင်လေ”
“…”
ကျန်းယွီ နားလည်လိုက်လေပြီ။ ဒီကောင်က ရန်ဖြစ်ချင်နေတာပဲ။
ချူးလီ၏ မျက်ခုံးနှစ်ဖက်ကြားက စိတ်ဆိုးမာန်ဆိုးအကြည့်လေးကို သူမလှမ်းကြည့်လိုက်သည်။ ထိုမျက်ဝန်းနက်များကြားထဲတွင် ခံစားချက်များအားလုံး ရောထွေးနေလေသည်။
သူက သာမန်ကောင်လေးတွေထက်စာရင် စိတ်ခံစားချက်ပိုများပြီးတော့ ပိုပြီးအထိအရှလွယ်တာပဲကိုး..။
သူမ သူ့ကိုသာမန်ရည်းစားကောင်လေးလို သွားဆက်ဆံလို့မရဘူးလေ။ ပြောရရင် သူမ ပိုလို့တောင် ဂရုတစိုက်နဲ့ ဆင်ဆင်ခြင်ခြင် ပြုမူရမှာ။
“ချူးလီ.. ငါတောင်းပန်ပါတယ်”
ကျန်းယွီ သူ့လက်ဖဝါးနောက်လေးကို ထိလိုက်ရင်း ပြောလိုက်သည်။ စိတ်ရှည်ရှည်ဖြင့် သူ့ကိုချော့ပြီး တောင်းပန်ဖို့တွက်ပေါ့..
“ငါအခု သေချာလေး စာဖတ်မယ်နော်။ ငါဖုန်းမကြည့်တော့ပါဘူး။ အကြည့်လေးတစ်ချက်တောင် မကြည့်တော့ဘူးနော်”
ချူးလီကတော့ အေးစက်နေသော မျက်နှာထားဖြင့် သူမလက်ကို ခါချပစ်လိုက်သည်။ စာအုပ်ကိုလည်း ဘေးကိုဖယ်လိုက်ပြီး၊ သူရေးပေးထားသော သူမအတွက် မှတ်စုများကိုလည်း ယူလိုက်လေသည်။
သူကတော့ သူတို့နှစ်ယောက်ရဲ့ အနာဂတ်အတွက် အတော်လေးကို အလေးအနက် ရှိနေတာလေ။ အဲ့တော့ ကျန်းယွီရဲ့ ဒီလိုပေါ့တီးပေါ့ပျက် အပြုအမူမျိုးကို ချူးလီတစ်ယောက် လက်ခံနိုင်ဖို့ ခက်ခဲနေလေသည်။
ကြည့်ရတာတော့ အစကတည်းကိုက သူတို့နှစ်ယောက်က စိတ်တူကိုယ်တူဖြစ်နေတာမျိုး မဟုတ်ဘူးထင်သည်။ ကျန်းယွီ သူ့ကို ကြိုက်ကောင်းကြိုက်နိုင်ပေမယ့်၊ သူ ကျန်းယွီကို ကြိုက်သလိုမျိုးတော့ သူမ သူ့ကို မကြိုက်လောက်လေဘူး။
ပြီးတော့ ချူးလီရဲ့ နှလုံးသားက အတော်ကိုသေးငယ်လွန်းတယ်။ ကျန်းယွီက သူ့ရဲ့အရာရာဖြစ်သလို၊ သူကလည်း ကျန်းယွီကမ္ဘာထဲက နယ်နိမိတ်အကုန်လုံးကို အပိုင်စီးချင်မိတယ်လေ။
ဒါပေမယ့် သူအဲ့လို သိမ်းပိုက်နိုင်ဖို့အတွက် သူမရဲ့ နှလုံးသားကတော့ ကြီးမားလွန်းနေသည်။
ဒါက ချူးလီအတွက်တော့ တကယ်ကို အရှက်ရစရာတစ်ခုလိုပဲ။
သူကတကယ့်ကို တစ်ကိုယ်ကောင်းဆန်တဲ့လူတစ်ယောက်ပဲ။ သူ့အချစ်က ဖြည့်ဆည်းပေးဖို့လည်း မဟုတ်သလို၊ သူမ ပျော်ရွှင်ဖို့အတွက် ဆုတောင်းပေးမှာမျိုးလည်း မဟုတ်နေဘူး။
သူ့အချစ်က ပိုင်ဆိုင်ဖို့ပဲ…
သူ့ကိုယ်ပိုင် နယ်နိမိတ်ထဲမှာ သူမကို လုံးဝပိတ်ထားချင်မိသည်။ မြေကြီးကို ထောင်လို ဆေးခြယ်ကာ သူမကို ဖွက်ထားချင်မိတာမျိုးပေါ့..။