← Chapters

Chapter 65

Vol. 6 Ch. 65

Chapter 65

Vol. 6 Ch. 65

ဝင်ခွင့်စာမေးပွဲဖြေရမည့် နေ့လယ်တွင်တော့ လျူဝမ်လွီတစ်ယောက် ကျောင်းကိုသွားသည့်လမ်းတွင် ဖြစ်သည်။

သူအတော်လေးကို စိတ်လှုပ်ရှားပြီး တုန်လှုပ်နေသည်လေ။ အချိန်ကိုပဲ စိုးရိမ်တကြီးကြည့်နေမိပြီး၊ လမ်းဆုံကိုပဲ ခဏခဏ ကြည့်နေမိနေသည်။ သူ့ဘော်ဒါကောင်း ဝမ်ဝေ့ချီကိုများ တွေ့ရလေမလား ဆိုပြီးတော့ပေါ့..

သို့သော်လည်း အချိန်အကြာကြီး စောင့်ပြီးသည်အထိ ဝမ်ဝေ့ချီကတော့ ပေါ်မလာခဲ့ချေ။

သူဖုန်းကိုထုတ်လိုက်ပြီး ဝမ်ဝေ့ချီထံ ဖုန်းနောက်တစ်ကောလ် ဆက်လိုက်တော့သည်။

“ဘော်ဒါ.. အဲ့ဒါက”

“လခွီးထဲမှပဲ မင်းက တစ်မှောက်.. ငါ့ဂိမ်းကစတော့မယ်။ မင်းသာငါ့ကို နှောင့်နှေးစေမယ်ဆိုရင် ငါတို့သူငယ်ချင်း ဆက်ဆံရေးကို ငါဖြတ်ပစ်လိုက်တော့မှာ”

လျူဝမ်လွီလည်း အောက်နှုတ်ခမ်းကိုကိုက်ရင်း ခက်ခက်ခဲခဲနှင့် ပြန်ပြောလိုက်သည်။

“စာမေးပွဲဖြေဖို့ ဘာလို့ပြန်မလာတာလဲ? ဆရာ့ဆီက ငါကြားတာတော့ ဒီပြည်နယ်စာမေးပွဲက အတော်လေး အရေးကြီးတယ်တဲ့။ ကျောင်းသားတိုင်း ဖြေရမယ်ပြောတယ်။ ဒီစာမေးပွဲမှာ ရမယ့်အဆင့်က တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ အဆင့်ကိုပါ ဆုံးဖြတ်ပေးနိုင်တယ်တဲ့”

ဖုန်းတစ်ဖက်က ဝမ်ဝေ့ချီကတော့ အတော်လေးကို စိတ်မရှည်ဖြစ်နေတော့သည်။

“လျူဝမ်လွီ.. ငါ့ကိုဒီအတိုင်းသာ ပြောလိုက်စမ်းပါ။ မင်းငါ့ကို မကူညီချင်ဘူးလို့”

“ဘော်ဒါ.. ငါတကယ်ကို အဲ့လိုဆိုလိုချင်တာ မဟုတ်ပါဘူး။ ဒါပေါ့ ငါမင်းကို ကူညီချင်ပါတယ်။ မင်းက ငါ့ရဲ့ အကောင်းဆုံးညီအစ်ကိုပဲ”

“ဒါဘဲလေ။ မင်းရဲ့အဖြေလွှာပေါ်မှာ ငါ့နာမည်ကိုသာ ရေးလိုက်စမ်းပါ။ မင်းက အသုံးဝင်တယ်လို့ မင်းအမြဲတမ်း သက်သေပြချင်နေတာပဲ မဟုတ်ဘူးလား? ငါကမင်းကို နောက်ထပ် စိန်ခေါ်စရာကို ပေးနေတာပဲလေ။ ဒါကောင်းတဲ့ အခွင့်အရေးပဲ မဟုတ်ဘူးလား”

ဝမ်ဝေ့ချီမှ မပြောချင်ပြောချင်နှင့် ဆက်ပြောလာသည်။

“ဘာပဲဖြစ်ဖြစ် မင်းအဆင့်တွေက ကောင်းတာမှမဟုတ်တာ။ ပြီးတော့ ဒီစာမေးပွဲက မင်းအတွက် အဲ့လောက်ကြီး အရေးမပါဘူးလေ။ ဒါပေမယ့် မင်းသာ ငါ့ကို ကူညီမယ်ဆိုရင် ငါတို့ တစ်ဘဝလုံး ဘော်ဒါကောင်းတွေ ဖြစ်နေကြမှာ။ မင်းမှာ တစ်ခုခုလုပ်ချင်တာရှိရင် ငါ့ဆီလာလို့ရတယ်၊ အဲ့ကျရင် ငါက မင်းကို ပြန်ကူညီမှာပဲလေ”

လျူဝမ်လွီတစ်ယောက် ဖုန်းကိုအောက်ချလိုက်ပြီး၊ နားနောက်တစ်ဖက်ထဲမှာတော့ သူ့အဖေရဲ့ ဆူပူကြိမ်းမောင်းနေသံများကို ကြားနေရလေသည်။

“သုံးစားမရတဲ့ကောင်! ငိုဖို့ပဲသိတယ် ကျန်တာဘာသိသေးလို့လဲ ဟမ်! ဒီလိုစောက်သုံးမကျတဲ့ကောင်မျိုးကို ဘာလို့များ မွေးခဲ့မိတာလဲမသိဘူး”

ပျော့ညံ့သောစရိုက်နှင့် ဉာဏ်တုံးတာကြောင့် ဝမ်လျူဝမ်သည် ငယ်စဉ်ကတည်းက သူ့အဖေ၏ မကြာခဏ ဆူပူခြင်းကို ခံခဲ့ရသူဖြစ်သည်။

ပိုဆိုးတာက သူ့အကိုဝမ်းကွဲဆိုသူမှာ အရာအားလုံးတွင် ထက်မြက်လှပြီး၊ မိသားစုထဲတွင်လည်း ပညာရေးထူးချွန်သူဖြစ်သည်။

ဒီလိုနှင့် အချိန်ကြာလာသည်နှင့်အမျှ သူတကယ်ကို သုံးစားမရဘူး၊ အသုံးမဝင်ဘူးဟု ဝမ်လျူလွီတစ်ယောက် တွေးလာမိတော့သည်။

အထက်တန်းဘကျောင်းတက်တော့ ဝမ်ဝေ့ချီနှင့် သူ့ဘော်ဒါတစ်အုပ် ဆုံစည်းခဲ့လေသည်။ ထိုသူတို့က ညီအစ်ကိုကောင်း တစ်ယောက်ဖြစ်ဖို့ဆိုတာ သစ္စာရှိခြင်းက အရေးအကြီးဆုံးလို့ ပြောခဲ့တာပင်။

ထိုကောင်လေးတွေက သူ့ကို ဂိမ်းဆော့ဖို့ ခေါ်သွားတတ်ကြပြီး၊ ဆေးလိပ်ဝယ်ဖို့၊ ရေဝယ်ဖို့၊ စသည့် တောက်တိုမယ်ရများကို ခိုင်းတတ်ကြပေသည်။ ဒီလူတွေကတစ်ဆင့်ပဲ ဝမ်လျူဝမ်တစ်ယောက် သူ့တန်ဖိုးကို ရှာတွေ့ခဲ့ခြင်းပင်။

ဘာလို့လဲဆိုတော့ သူတို့အဲ့လိုခိုင်းတော့ သူ့ကိုလိုအပ်တယ်ဆိုတာ ဖြစ်လာတယ်လေ.. သူကသုံးစားမရတာ မဟုတ်ဘူး၊ တစ်ခြားသူတွေအတွက် သူအများကြီး လုပ်ပေးနိုင်တယ် ဆိုတာမျိုး ဖြစ်လာလို့ပေါ့..။

ဒီလိုနှင့် ထိုကောင်လေးတွေနှင့် အချိန်ဖြုန်းရတာကို သူပိုပြီးပိုပြီး သဘောကျလာခဲ့သည်။

ညီအစ်ကိုကောင်းဆိုတာ သစ္စာရှိရတယ်။ အနာဂတ်ကျ သူ့မှာ အခက်အခဲတစ်ခုခုရှိလာခဲ့ရင် သူ့ဘော်ဒါကောင်းကလည်း လျစ်လျူရှုမှာ မဟုတ်ဘူးပေါ့။

လျူဝမ်လွီတစ်ယောက် ဖုန်းချလိုက်ကာ ဝမ်ဝေ့ချီ ဂိမ်းဆော့နေတာကို မနှောင့်ယှက်တော့ပေ။

ဒါပုံမှန်စာမေးပွဲလေးပဲ မဟုတ်ဘူးလား။ သူဝင်မဖြေဘူးဆိုရင် စာမေးပွဲကို မဖြေလိုက်ရတာလောက်ပဲ ရှိမှာပဲလေ။ သူသာ ဝမ်ဝေ့ချီကို ကူညီလိုက်မယ်ဆိုရင် ဝမ်ဝေ့ချီက သူ့အပေါ်မှာ အကြွေးအကြီးကြီး တင်သွားတော့မှာပဲပေါ့။

ဝမ်ဝေ့ချီက သူ့ကို “သူတို့ထဲကတစ်ယောက်”၊ “ညီအစ်ကို” လို့ သတ်မှတ်လာလိမ့်မှာလေ။

ဘော်ဒါဆိုတာ သစ္စာရှိရမှာမို့ လျူဝမ်လွီ တစ်ယောက် စိတ်ကို ဆုံးဖြတ်လိုက်တော့သည်။ ဒီတစ်ကြိမ်တော့ သူဝမ်ဝေ့ချီကို ကူညီရမှာပေါ့။

ထိုအခိုက်အတန့်တွင် ချန်ဝေးသည် မိန်းကလေးစီး စက်ဘီးလေးစီးကာ လျူဝမ်လွီဘေးတွင် လာရပ်သည်။

စက်ဘီးနောက်ခုံက မရှိကာ၊ ချိန်းကြိုးလည်း ကျနေပြီး၊ ထပ်ပြီး အသုံးပြုလို့ကို မရတော့သည့် စက်ဘီးလေးဖြစ်သည်။

ချန်ဝေးသည် သူ့ဖုန်းပေါ်က နာရီကိုကြည့်လိုက်ပြီး၊ သူမအနည်းငယ် စိုးရိမ်ပူပန်နေတော့သည်။ သူမသည် ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး ချိန်းကြိုးများကို လက်ဖြင့်ကိုင်ထားရင်း ပြန်တပ်ဖို့ ကြိုးစားနေလေသည်။

အကြိမ်ပေါင်းများစွာ ကြိုးစားကြည့်သော်လည်း၊ လက်တွင် ချောဆီများ ပေသွားရုံသာ အဖတ်တင်လေသည်။ စက်ဘီးကတော့ အလုပ်မလုပ်တော့ပေ။

ထိုအခြေအနေကို မြင်နေရတဲ့ လျူဝမ်လွီတစ်ယောက်ကတော့ အနားကို အမြန်ဆုံးရောက်ချလာလေတော့သည်။ စက်ဘီးဘေးတွင် ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး၊ ချန်ဝေးအတွက် ချိန်းကြိုးကို ကျွမ်းကျင်စွာဖြင့် ပြန်တပ်ဆင်ပေးလိုက်သည်။ စက်ဘီးထိုင်ခုံများကိုပါ သေချာပြန်လှည့်ပေးပြီး၊ တိုင်ယာများကိုလည်း ပုံမှန်လို ပြန်လုပ်ပေးလိုက်သည်။

ချန်ဝေးမှ ကြည်နူးမှုအပြည့်ဖြင့် ပြန်ပြောလိုက်သည်။

“ကျေးဇူးတင်ပါတယ်နော်! နင်ငါ့ကို အများကြီး ကူညီပေးခဲ့တာပဲ။ မဟုတ်ရင် စာမေးပွဲလွတ်သွားရင် ငါတော့ဒုက္ခရောက်တော့မှာ”

“ရပါတယ်.. ရပါတယ်”

သူ့လက်တွေ ညစ်ပတ်ကုန်တာကို ချန်ဝေးမြင်တာကြောင့် သူ့ကို တစ်ရှူးတစ်ထုတ် ကမ်းပေးလိုက်သည်။

“ဒုက္ခပေးမိတာ ဆောရီးပါနော်”

လျူဝမ်လွီလည်း ဆီများပေကျံနေသော သူ့လက်များကို တစ်ရှူးဖြင့် သုတ်လိုက်ပြီး၊ ရှက်ရှက်နှင့် သူ့လက်များကို ပြန်ခါရမ်းပြလိုက်သည်။

“ဒါဘာမှမဟုတ်တဲ့ ကိစ္စလေးပါ။ ဘာမှစိတ်ထဲ ထားစရာ မလိုပါဘူး”

“မဟုတ်တာ!”

ချန်ဝေးကတော့ အတော်ကို အကျယ်ကြီးနှင့် အကျယ်ချဲ့ကာ ပြန်ပြောလေသည်။

“နင် ငါ့ကို တကယ် အများကြီး ကူညီလိုက်တာလေ.. ဘယ်သူကမှ ငါ့ကို ဒီလိုမျိုး မကူညီပေးဖူးဘူး”

ကောင်မလေး၏ ချီးကျူးသံများကိုကြားတော့ လျူဝမ်လွီ၏ ပါးမို့များမှာ အနည်းငယ် နီရဲစပြုလာတော့သည်။

“တကယ်လား?”

“တကယ်ပေါ့”

ချန်ဝေးသည် စိတ်ရင်းနှင့် ခေါင်းငြိမ့်ပြလိုက်ရင်း

“ကျေးဇူးအများကြီး တင်ပါတယ်နော်”

လျူဝမ်ရွေ့လည်း နောက်ဆုံးတော့ ပြုံးလာတော့သည်။

ဖြစ်နိုင်တာကတော့ ငယ်စဉ်ကတည်းက သူ့ကိုယ်သူယုံကြည်မှုတွေက တစ်စစီပြိုကွဲခဲ့ရလို့ပဲ ထင်ပါတယ်။ အရာအားလုံးမှာ တော်နေထက်နေတဲ့ သူ့အစ်ကိုကလည်း သူ့အပေါ် ထိန်းချုပ်မှုရှိတယ်လေ။

သို့သော်လည်း တစ်ခြားလူတွေဆီက ထောက်ခံမှုရခြင်းဟာ သူ့အတွက်တော့ အမြဲတမ်း အလွန်ပျော်ရွှင်စရာ ဖြစ်နေဆဲပင်။

သူ့ဘဝရဲ့ အကြီးမားဆုံး တန်ဖိုးကို သူများတွေအား ကူညီခြင်းကနေပဲ သူရှာတွေ့တယ် ထင်ပါရဲ့..။ ထိုအခိုက်အတန့်လေးတွင် ကျန်းယွီသည် ချန်ဝေးဘေးနားကို ရောက်ချလာတော့ကာ အေးတိအေးစက်လေသံဖြင့် မေးလိုက်သည်။

“ချန်ဝေး.. ငါလိုချင်တဲ့ မှတ်စုတွေ ရေးလို့ပြီးသွားပြီလား?”

ချန်ဝေးသည် လျူဝမ်လွီနောက်တွင် ဝင်ပုန်းလိုက်ပြီး တွန့်ဆုတ်စွာဖြင့် ပြန်ပြောလိုက်သည်။

“ညီအစ်မယွီ.. ငါ.. ငါမရေးရသေးဘူး။ ဒီနေ့ ငါ့မှာ စာမေးပွဲရှိလို့လေ။ ငါ.. ငါညတုံးက နောက်ကျတဲ့အထိ စာပြန်လုပ်နေတာ။ အဲ့ဒါကြောင့် ငါ့မှာ နင့်အတွက် မှတ်စုတွေ ရေးပေးဖို့ အချိန်မရှိလိုက်လို့ပါ”

“သုံးစားမရတဲ့ဟာမ!”

ကျန်းယွီကတော့ ညှာတာထောက်ထားခြင်း ကင်းမဲ့သော အနိုင်ကျင့်သူတို့၏ အထာဖြင့် ပြောကာ ဆဲဆိုလိုက်တော့သည်။

“နင့်အဆင့်တွေက ကောင်းမှမကောင်းတာ.. စာမေးပွဲမှာ ဘယ်နှမှတ်လောက် ရနိုင်မှာမို့လို့လဲ.. ငါ့အတွက် နင့်ကိုမှတ်စုတွေ ရေးခိုင်းကတည်းက နင့်အပေါ် ညှာတာထောက်ထားနေလို့ပဲ။ နင် ငါ့ကို ကျေးဇူးတောင်တင်သင့်တာ။ ဘာလို့ ဒီမှာ ဟိုလိုလုပ်လိုက် ဒီလိုလုပ်လိုက် လုပ်နေသေးတာလဲ?”

ချန်ဝေးသည် မျက်နှာကြီးနီရဲလာကာ ငိုတော့မည့် အသံလေးနှင့် ရေရွတ်ပြလိုက်သည်။

“ဟုတ်ပါတယ်.. ငါတောင်းပန်ပါတယ်”

“တောင်းပန်ပါတယ် ပြောတာက အသုံးဝင်မှာမို့လား? ဒီညကျောင်းမဆင်းခင် ငါမှတ်စုတွေကိုရဖို့ လိုတယ်”

“ဒါပေမယ့် ငါဒီနေ့စာမေးပွဲရှိတယ်လေ”

ထိုဗိုလ်ကျတတ်သော ကောင်မလေးများ၏ အနေအထားအတိုင်း လိုက်တုပကာ ကျန်းယွီက ဆက်ပြောလိုက်သည်။

“အဲ့ဒါကအရေးမကြီးဘူး။ ဘာပဲဖြစ်ဖြစ် ငါလိုချင်တယ်။ မဟုတ်ရင် ငါတို့နှစ်ယောက်ကြားက ဆက်ဆံရေးကို ငါရပ်ပစ်လိုက်တော့မယ်။ အမှိုက်မ.. ငါသာမရှိရင် နင်ကအလကားပဲ!”

ချန်ဝေးကလည်း အားလိုအားရ သရုပ်ဆောင်ပေးနေလေသည်။ ခန္ဓာကိုယ်ကို ကျုံ့လိုက်ပြီး နောက်တစ်ခါ ရေရွတ်ပြောဆိုလိုက်သည်။

“မလုပ်ပါနဲ့.. ငါ.. ငါအကောင်းဆုံး ကြိုးစားပေးပါမယ်”

လျူဝမ်လွီတစ်ယောက် ဆက်ပြီးနားမထောင်နိုင်တော့ပါ။ ထို့ကြောင့် ရှေ့ကိုတစ်လှမ်းတိုးလာပြီး ကျန်းယွီကို စွပ်စွဲလေတော့သည်။

“မင်းဘယ်လိုတောင် လုပ်နိုင်ရတာလဲ? မင်းရဲ့အိမ်စာကို သူ မလုပ်ပေးတာနဲ့ပဲ သူ့ကိုသုံးစားမရဘူးလို့ ပြောနေတာလား.. အဲ့လိုဆင်ခြေမျိုး ရှိတယ်ပေါ့လေ။ ဘာဖြစ်လို့ မင်းကိစ္စ မင်းမလုပ်တာလဲ”

ကျန်းယွီကတော့ အပြုံးလေးဖြင့် ပြန်ပြောလိုက်သည်။

“အရင်ကတည်းက ဒီလိုပဲလေ။ သူကပညာရေးမှာလည်း မတော်ဘူး၊ သူ့အိမ်ကလည်း သူ့ကိုသဘောမကျဘူး။ သူ့မှာကျန်သေးတဲ့ တစ်ခုတည်းသော တန်ဖိုးက ငါ့အိမ်စာတွေလုပ်ပေးပြီး၊ ငါ့အတွက် တောက်တိုမယ်ရ လုပ်ပေးတာပဲ”

“မဟုတ်တာ!”

လျူဝမ်လွီကြည့်ရတာ ရင်ဘတ်ကြီး ပေါက်ထွက်လာမတတ် မချိမဆံ့ဖြစ်နေပုံ ပေါ်လေသည်။ ထို့နောက် တရားနည်းလမ်းကျသူတို့ လေသံဖြင့် ပြောလိုက်သည်။

“တကယ်ကို မဟုတ်ကဟုတ်ကတွေပဲ! လူတိုင်းက သူ့ဟာနဲ့သူ အသုံးကျပြီးသား။ သူများတွေကို တန်ဖိုးဖြတ်ရလောက်အောင် မင်းမှာ ဘာအဆင့်ရှိနေလို့လဲ?”

လျူဝမ်လွီသည် နောက်ကိုလှည့်လိုက်ကာ၊ ချန်ဝေး၏ လက်မောင်းကိုကိုင်၍၊ စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

“မင်းကို ဟိုဟာလုပ်ပေး၊ ဒီဟာလုပ်ပေးဆိုပြီး သူပြောနေတာတွေက သူ့အတွက် အပျော်ဆုံးအရာတောင် ဟုတ်မနေဘူး။ မင်းကိုယ်မင်း တန်ဖိုးထားရမယ်။ ကိုယ့်တန်ဖိုးကို ခံရသူဘက်မှာပဲ ချည်နှောင်မထားသင့်ဘူး”

ချန်ဝေးသည် ခေါင်းကိုမော့လိုက်ကာ၊ နီရဲနေသော မျက်ဝန်းများဖြင့် လျူဝမ်လွီကို ကြည့်လိုက်သည်။

“ဒါဆို… ငါ့ကိုယ်ငါ ဘယ်လိုပြန်ရှာဖွေရမှာလဲ?”

လျူဝမ်လွီလည်း ခဏလောက် တွေးနေလိုက်ပြီး

“မင်းမှာ ဝါသနာဖြစ်ဖြစ်၊ အထူးတလည် စိတ်ဝင်စားတာမျိုးဖြစ်ဖြစ် ရှိလား?”

“ငါ့မှာ ဘာမှမရှိဘူးထင်တယ်”

“မဟုတ်ဘူး.. လူတိုင်းမှာ တစ်ခုခုတော့ရှိတယ်”

ချန်ဝေးလည်း သူ့ကို ပြန်မေးလိုက်သည်။

“ဒါဆိုရင် နင့်ဝါသနာတွေကရော ဘာလဲ?”

လျူဝမ်လွီသည် ခဏစဉ်းစားပြီးမှ ပြန်ပြောလိုက်သည်။

“ငါက စက်ပစ္စည်းတွေမှာ တော်တယ်။ စောနတုံးက စက်ဘီးလိုမျိုးပေါ့။ ငါ မင်းအတွက် အလွယ်လေး ပြင်ပေးလိုက်နိုင်တယ်လေ။ ငါတက္ကသိုလ်အတွက် ပြင်ဆင်ရမယ်ဆိုရင် မေဂျာကို စက်မှုရူပဗေဒ ရွေးမှာ။ ဒါကတော့ ငါ့ရဲ့အထူးတလည် စိတ်ဝင်စားမှုပေါ့။ အဲ့တော့ မင်းတွေ့ပြီမလား..။ လူတိုင်းမှာ သူတို့တော်တာ တစ်ခုခုရှိပြီးသား။ အဲ့ဒါကြောင့် အသုံးမဝင်တာ မဟုတ်ဘူး။ အဲ့တော့ မင်းဘဝကို သူများလက်ထဲ ထည့်မပစ်လိုက်သင့်ဘူး”

ချန်ဝေးသည် လျူဝမ်လွီကို အချိန်အတော်ကြာ ကြည့်နေလိုက်သည်။ ထို့နောက် လေးပင်စွာဖြင့် ခေါင်းကိုငြိမ့်လိုက်ရင်း ပြန်ပြောလိုက်သည်။

“ငါနင့်ကို တကယ်အားကျတယ် သိလား..။ နင့်ဘဝရဲ့ တန်ဖိုးကို နင်ရှာတွေ့ပြီးသွားပြီပဲ။ ငါလည်း နင့်ဆီကနေ သင်ယူရမှာပေါ့”

ပြောပြီးသည်နှင့် ချန်ဝေးသည် စက်ဘီးပေါ်သို့တက်ကာ ထွက်သွားတော့သည်။

သူမထွက်သွားတာကိုကြည့်ရင်း လျူဝမ်လွီတစ်ယောက် ကြက်သေသေကာ ကျန်ရစ်ခဲ့လေသည်။

သူက… သူ့ဘဝရဲ့ တန်ဖိုးကို ရှာတွေ့သွားပြီတဲ့လား..?

အခုထိလည်း.. သူစိတ်တွေ ရှုပ်ထွေးမိနေတုံးပဲ။ ဘယ်လိုလုပ်ပြီး သူက တစ်ခြားတစ်ယောက်ရဲ့ အခက်အခဲတွေကို အလင်းပြနိုင်လိုက်ရတာလဲ?

ကျန်းယွီတစ်ယောက် လျူဝမ်လွီ၏မျက်နှာကို ကြည့်လိုက်တော့ စိတ်တွေရှုပ်ထွေးနေဟန် အမူအရာမျိုးကို တွေ့လိုက်ရသဖြင့်၊ ဒီကောင်လေး တဖြည်းဖြည်းနှင့် အသိတရားပြန်ဝင်နေပြီဆိုတာကို သိလိုက်ပေသည်။

မိမိတန်ဖိုးက တစ်ခြားလူတွေရဲ့ အမြင်နဲ့ပဲ ဘယ်တော့မှ ဆုံးဖြတ်လို့မရဘူးလေ။

အကောင်းဆုံးကြိုးစားနေတဲ့လူက သူကိုယ်တိုင်အတွက်တော့ အကောင်းဆုံးလူ ဖြစ်နေဆဲ ဖြစ်နေမှာပါပဲ။

သူမ လုပ်ရမှာက သူ့ကိုနောက်ဆုံးတစ်ကြိမ်လောက် တွန်းအားပေးဖို့ပဲလေ။ အဲ့ဒါဆိုရင် အကုန်လုံး ပြီးဆုံးသွားပါပြီ။

“ဟဲ့ ငတိ.. ကောင်မလေးအတွက် ကယ်တင်ရှင် ဝင်လုပ်ရတာ ပျော်လား?”

ကျန်းယွီသည် သူ့ကို အပြုံးဖြင့် ကြည့်လိုက်သည်။

“ဒါက အလှလေးကို ဝင်ကယ်တင်တဲ့ သူရဲကောင်းဇာတ်မဟုတ်ဘူး”

လျူဝမ်လွီသည် နှုတ်ခမ်းထော်လိုက်ကာ ပြန်ပြောလိုက်သည်။

“မင်း ကိုယ့်ရဲ့အတန်းဖော်ကို ဒီလိုမျိုး အနိုင်ကျင့်နေတာကို ငါ ဒီအတိုင်း ရပ်မကြည့်နေနိုင်လို့ပဲ”

“အဲ့တော့ နင့်ကိုယ်နင်အတွက်ပါ ဂဂျီဂဂျောင် ဝင်လုပ်ပေးနေတာလား?”

ကျန်းယွီ၏ စကားများကြောင့် လျူဝမ်လွီ အနည်းငယ် အံ့အားသင့်သွားရတော့သည်။

“မင်း.. ဘယ်လိုလုပ်သိတာလဲ?”

“ဒါလျို့ဝှက်ချက်တစ်ခုမှ မဟုတ်ဘဲ။ နင်ကျောင်းမှာ ဝမ်ဝေ့ချီကို ကပ်ဖားရပ်ဖားလုပ်နေတာ လူတိုင်းလည်း မျက်လုံးပါလို့ မြင်နေတာပဲလေ။ နင့်နောက်ကွယ်မှာ သူတို့တွေ ဘာပြောကြလဲ နင်သိလား?”

“ဘာ.. ငါ့ရဲ့ဘာအကြောင်းလဲ?”

“သူတို့ပြောကြတာကတော့ နင်က ဝမ်ဝေ့ချီရဲ့ နောက်လိုက်ငယ်ပါလေးတဲ့”

ရုတ်တရက်ဆိုသလို လျူဝမ်လွီ၏ မျက်နှာတစ်ခုလုံး နီရဲလာကာ “ငါ.. ငါကသူ့ရဲ့နောက်လိုက် မဟုတ်ဘူး။ သူနဲ့ငါက.. ငါတို့က အကောင်းဆုံး သူငယ်ချင်းတွေ!”

ကျန်းယွီသည် လှောင်ပြောင်သော အသံဖြင့် သရော်ပြုံးပြုံးလိုက်ပြီး

“ချန်ဝေးကိုရော ငါ့အကောင်းဆုံး ညီအစ်မဆိုပြီး သတ်မှတ်တယ်လို့ နင်ထင်နေတာလား?”

“မထင်ပါဘူး။ နင်သာ သူ့ကို ညီအစ်မလို ဆက်ဆံမယ်ဆိုရင် နင့်ရဲ့ ဝေယျာဝစ္စတွေလုပ်ဖို့ သူ့ကိုခိုင်းမှာမဟုတ်ဘူး...”

သူ့ဟာသူ ပြောလို့မဆုံးသေးခင်မှာပဲ ရုတ်တရက်ကြီး စကားစရပ်သွားတော့သည်။

ဒါပေါ့.. သူတို့သာ တကယ်ပဲ သူငယ်ချင်းကောင်းတွေဆိုရင်.. ဘယ်လိုလုပ်ပြီး အရှက်ရစရာကိစ္စတွေကို အတင်းလုပ်ပေးဖို့ တောင်းဆိုနိုင်မှာတဲ့လဲ..။

ဒါကို သူနောက်မှ သတိထားမိလာတော့သည်။

ကျန်းယွီလည်း သူမ ဆက်ပြောစရာ မလိုတော့ဘူးဆိုတာကို သိလိုက်သည်။ သူမနှင့် ချန်ဝေးတို့ ပုံဖော်ပြခဲ့တာက လျူဝမ်လွီကို အသိတရားဝင်လာစေဖို့ လုံလောက်သွားပြီပဲလေ။ ကိုယ့်ရဲ့တန်ဖိုးကို ကိုယ်ကိုယ်တိုင်ကလွဲပြီး လာတန်ဖိုးဖြတ်ပေးဖို့ ဘယ်သူကမှ အဆင့်မှီမနေဘူးကိုး..။

ကျန်းယွီကတော့ အေးဆေးလေးသာ လမ်းလျှောက်သွားလိုက်ပြီး၊ ပြည်နယ်စာမေးပွဲဖြေဖို့ ကျောင်းကိုသွားလိုက်လေသည်။ စာမေးပွဲဖြေပြီးတော့ app ထံမှ သူမစာတစ်စောင်ကို ရရှိခဲ့သည်။

“သနားစရာ လျူဝမ်လွီကို ကယ်တင်ခြင်း တာဝန်အား အောင်မြင်စွာ ပြီးဆုံးသွားသည့်အတွက် ဆုကြေးငွေ ယွမ်၁သောင်းကို ရရှိပါသည်။ app မှ ခွဲခြမ်းယူပြီးသည့်နောက် သင့်အကောင့်ထဲတွင် ယွမ်၈ထောင် ရောက်နေပါလိမ့်မည်။ ကျေးဇူးပြု၍ စစ်ဆေးကြည့်ပါ”

ကျန်းယွီသည် သူမဖုန်းကို ချလိုက်ပြီး၊ စိတ်သက်သာရာရသွားသော သက်ပြင်းတစ်ခု ချလိုက်လေသည်။

အတိတ်ဘဝတုံးက လျူဝမ်လွီသည် ကံကြမ္မာကို အဆုံးအဖြတ်ပေးမည့် စာမေးပွဲအဖြေလွှာပေါ်တွင် ဝမ်ဝေ့ချီ၏ နာမည်ကို အစားထိုးတင်ပေးခဲ့သည်။

ဝမ်ဝေ့ချီကလည်း လျူဝမ်လွီ၏ ဘဝကို အစားထိုးခဲ့လေသည်။

သို့သော်လည်း ဒီတစ်ကြိမ်မှာတော့ လျူဝမ်လွီသည် အဖြေလွှာပေါ်တွင် သူ့နာမည်သူသာ ရေးခဲ့ပြီး၊ သူ့ဘဝကို ပြန်လည်ရရှိခဲ့ပေသည်။

ဒါသည် ဆုကြေးငွေ ယွမ်၈ထောင် ရခြင်းထက် ပိုအဓိပ္ပာယ်ရှိသောကြောင့်၊ ကျန်းယွီတစ်ယောက် အတော်လေး ပျော်ရွှင်မိလေသည်။

ပြည်နယ်စာမေးပွဲ၏ ရလဒ်များလည်း မကြာမှီ ထွက်ပေါ်လာခဲ့သည်။ ယုံမှားသံသယမရှိအောင်ပဲ ချူးလီကတော့ ပြည်နယ်မှာ အမြင့်ဆုံးရမှတ်နဲ့ ပထမရသည်လေ.. ဒုတိယနဲ့တောင် အမှတ်က အတော်လေး ကွာခြားသေးတာပေါ့။

ထိုပျော်ရွှင်စရာသတင်းအား ကျောင်းမှချက်ချင်းပင် စာစီစာရိုက်ထုတ်ကာ ကျောင်းဂိတ်ဝတွင် ထိုအောင်လံတံခွန်များကို ချိတ်ဆွဲလေတော့သည်။

ကျန်းယွီ၏ အဆင့်တွေကတော့ မြင့်လည်းမမြင့်သလို၊ နိမ့်လည်းမနိမ့်ပါ။ ခွေးးလေးတစ်ကောင်လိုပဲ သူမအဆင့်ကတော့ ထိပ်တန်း၁၀၀ထဲတွင် ကျန်ရစ်ခဲ့လေသည်။

All Chapters