Chapter 66
Vol. 6 Ch. 66
ယေဘုယျအားဖြင့် ပြောရမယ်ဆိုရင် ဒီလိုရလဒ်မျိုးက အစိုးရကျောင်း ကောင်းကောင်းတွေအတွက် အဆင်ပြေလေသည်။ သို့သော်လည်း ဒီအမှတ်လောက်နှင့်တော့ ပေချန်တက္ကသိုလ်ကို ဝင်ခွင့်မရနိုင်ချေ။
ကံကောင်းစွာဖြင့် သူမသည် ပေချန်တက္ကသိုလ်၏ အနုပညာဝင်ခွင့်အင်တာဗျူးကို အောင်ပြီးသားပင်။ ထို့အပြင် ယဉ်ကျေးမှုဘာသာရပ်များ၏ အမှတ်များက ထပ်မံပြီးတော့ သင့်တင့်လျှောက်ပတ်သော အနေအထားလောက်အထိ သက်သာခွင့် ရဦးပေမည်။
သူမ၏ လက်ရှိအမှတ်များအပြင် သူမ၏ အရည်အချင်းရမှတ်များကို ကြည့်ကာ ဆုံးဖြတ်ရရင်တော့.. သူမပေချန်တက္ကသိုလ်ကို ဝင်ခွင့်ရမရဆိုတာက ကံပေါ်တွင် လုံးဝမူတည်နေပေသည်။ ပြောရရင်တော့ စိတ်ချရမည့် အနေအထားမဟုတ်ပေ။
ဒါကြောင့်လည်း ဟိုတစ်ခေါက်တုံးက ချူးလီတစ်ယောက် အရမ်းစိတ်ဆိုးသွားခဲ့တာပေါ့။
သူမ ကြည့်ရတာ တကယ်ကို ပညာရေးအား သိပ်ဂရုမစိုက်ပေ။ ပြောရမယ်ဆိုရင် သူမရဲ့လုပ်နိုင်စွမ်းအင်တွေ အားလုံးက ဘဲလေးက အပိုင်သိမ်းထားတာလေ။
သူမ ပေချန်တက္ကသိုလ်ကို ဝင်ခွင့်မရဘူးဆိုရင်လည်း ပေချန်မှာ သူမအတွက် အခြားသော ရွေးချယ်စရာတွေ ရှိသေးတာမို့ပေါ့။
ချူးလီ သေချာပေါက်ကို စိတ်ဆိုးတာပေါ့..။
ထိုအချိန်အတောအတွင်းတွင် ဂိုက်ပြဖို့အတွက် သူမကို သူ မခေါ်တော့ပေ။ ထို့နောက် သူ့ဟာသူ စိတ်ကောက်သွားကာ၊ နေ့တိုင်း စာကြည့်တိုက်နှင့် အိမ်ကို သူ့ဟာသူသာ သွားပေသည်။
သူတို့လမ်းမှာ တွေ့ရင်တောင်မှ သူစိမ်းတစ်ယောက်လိုပဲ သူမကို ဖြတ်လျှောက်သွားလေသည်။
ကျန်းယွီကတော့ အပြစ်ရှိစိတ် ခံစားနေရတာပေါ့။ ဒီလိုနှင့် ပြန်အဆင်ပြေဖို့ သူမဘက်ကပဲ စလျော့ပေးဖို့ ဆုံးဖြတ်လိုက်တော့သည်။ ထို့ကြောင့် ကျောင်းဆင်းတော့ ချူးလီကိုရှာရန် စာကြည့်တိုက်ကို သွားခဲ့သည်။
ချူးလီသည် သူမကို အဝေးကနေ လှမ်းကြည့်လိုက်ပြီး၊ သူမကို လစ်လျူရှုလိုက်ကာ၊ သူ့စာသူ ပြန်ဆက်လုပ်နေလိုက်သည်။
ထိုအချိန်တွင် နောက်အတန်းမှ မိန်းကလေးကျောင်းသူတစ်ဦးက ပြည်နယ်စာမေးပွဲ၏ စာမေးပွဲမေးခွန်းများကို ယူလိုက်သည်။ သူ့ကိုယ်သူ သတ္တိမွေးလိုက်ကာ၊ ရှက်ကိုးရှက်ကန်းလေးဖြင့် မှားနေသောမေးခွန်း၏ အဖြေကို ရှင်းပြပေးဖို့ ချူးလီကို မေးလိုက်တော့သည်။
ချူးလီသည် ကျန်းယွီကို နောက်တစ်ကြိမ် ထပ်ကြည့်လိုက်သည်။ ထို့နောက် မထင်မှတ်ထားစွာပဲ ထိုကောင်မလေးအား မှားနေသည့်မေးခွန်းကို ရှင်းပြပေးလိုက်သည်။
အတိတ်တုံးကဆိုလျှင် ချူးလီသည် ဘာမျက်နှာအမူအရာမှ မလုပ်ပြခြင်းဖြင့်တောင်မှ သူတစ်ပါးကို ငြင်းဆိုနိုင်ပေသည်။ သူ့အတန်းဖော်တွေ သူ့ကို မေးခွန်းတွေ မေးဖို့မပြောနဲ့.. ခွေးတစ်ကောင်က သူ့ရှေ့မှာ အမြှီးနှံ့ပြီး တောင်းဆိုနေရင်တောင် သူကတော့ မျက်ခွံလေးတောင် လှုပ်ပြမှာ မဟုတ်ချေ။
ဒီလောကကြီးအလယ်တွင် သူ့မှာ လူတွေ၊ တိရိစ္ဆာန်တွေ၊ ဘာအရာဝတ္ထုမျိုးတွေအပေါ်မဆို ဘယ်လိုစာနာထောက်ထားမှုမှ ရှိမနေပေ။
ကျန်းယွီတစ်ယောက်တည်းကသာ သူ့ရဲ့ သိမ်မွေ့မှုတွေကို အပိုင်ရနိုင်တာလေ။
ဒီနေ့တော့ မထင်ထားလောက်အောင်ပဲ.. ကောင်မလေးတစ်ယောက်ကို စိတ်ရှည်လက်ရှည် ရှင်းပြပေးနေသည်တဲ့..။ သူ့ရဲ့ သိမ်မွေ့တဲ့ မျက်နှာအမူအရာ၊ ဆွဲဆောင်မှုရှိတဲ့ လေသံက ထိုကောင်မလေးရဲ့ မျက်နှာကို သလဲသီးလိုတောင် နီရဲနေစေတော့သည်။
ကျန်းယွီသည် လက်ပိုက်လိုက်ကာ၊ တံခါးကိုမှီလိုက်ပြီး၊ သူ့ကိုအဝေးကနေ ကြည့်လိုက်သည်။
သူ့ရည်းစားက ဒီလိုလှည့်ကွက်မျိုးကိုလည်း သင်ယူထားတာပဲကိုး..။
အရင်တုံးကဆိုရင် ချူးလီတစ်ယောက် ကျန်းယွီကို စာသင်ပေးတိုင်း သူအတော်ကို စိတ်ရှည်ခဲ့လေသည်။ သူမ အဆင့်များမှာ အတော်ဆိုးလှပြီး၊ အထူးသဖြင့် သင်္ချာအတော်ညံ့လေသည်။
ချူးလီသည် အမြဲတမ်း ၃,၄ကြိမ်လောက် ရှင်းပြခဲ့ရသည်။ တစ်ခါတစ်လေဆိုရင် အကြံမျိုးစုံ၊ နည်းလမ်းမျိုးစုံကို ရှုထောင့်ပေါင်းစုံကနေ ၅ခါ၊ ၆ခါလောက်တောင် ရှင်းပြရသည်။ သူမကို အသေးစိတ်အထိ ပြောပြပေးရတာပေါ့။
သူက အလွယ်တကူ စိတ်ဆတ်တတ်သူ ဖြစ်သော်လည်း သူမကို စာသင်ပေးနေချိန်တွင်တော့ ချူးလီတစ်ယောက် ဘယ်တော့မှ သူမအပေါ် စိတ်မဆိုးချေ။ ဒီလိုသိမ်မွေ့ပုံမျိုး၊ စိတ်ရှည်ပုံမျိုးက ကောင်မလေးအား သူ့အချစ်တွေကို ခံစားစေနိုင်ပေသည်။
ချူးလီတစ်ယောက် သူမကို တမင် မနာလိုအောင်လုပ်နေမှန်း ကျန်းယွီသိသော်လည်း...
သူ တစ်ခြားကောင်မလေးတွေကို ဒီလိုမျိုး ဖော်ဖော်ရွေရွေ၊ ညင်ညင်သာသာ ဆက်ဆံနေပုံကို ကြည့်ရတာ သူမအနည်းငယ်တော့ စိတ်ကသိကအောက် ဖြစ်လှသည်။
ချူးလီက သူမကို စိတ်ဆိုးမယ်လို့ ရည်ရွယ်ထားပြီးပြီဆိုတော့.. သူမလည်း သူ့ကို သူမရဲ့ဒေါသကို ပြရတော့မှာပေါ့။
သူမ သူ့ကို စကားစပြောတော့မည် မဟုတ်ပါ။
ဒီလိုနှင့် ကျန်းယွီတစ်ယောက် လှည့်ပြန်လာလိုက်တော့သည်?
သူမ ပြန်သွားသည်နှင့် ချူးလီ၏ သရုပ်ဆောင်ခြင်းများကလည်း အဆုံးသတ်သွားတော့သည်။
ကောင်မလေးက ရှက်ကိုးရှက်ကန်းနှင့် တစ်ခြားမေးခွန်းများကိုပါ ရှင်းပြပေးဖို့ ဆက်ရှာလိုက်သော်လည်း ချူးလီကတော့ အကြင်နာမဲ့စွာသာ ထွက်သွားဖို့ ပြန်ပြောလိုက်သည်။
“ငါပင်ပန်းနေပြီ”
“အာ...”
ကောင်မလေးသည် ချူးလီ၏ ရုတ်ချည်းပြောင်းသွားသော မျက်နှာအနေအထားကို ကြည့်လိုက်သည်။ သို့သော်လည်း သူမကတော့ အလိုက်ကမ်းဆိုး နားမလည်သေးပေ။
“ကျောင်းသား ချူးလီ.. ငါ.. ငါ့မှာနင့်ကိုမေးချင်တဲ့ မေးခွန်းတစ်ချို့ ကျန်သေးတယ်”
ချူးလီသည် သူ့ခေါင်းကို မော့လိုက်ကာ သူမကို အေးတိအေးစက်ဖြင့် ကြည့်လိုက်ပြီး
“ငါပြောနေတာ.. ငါပင်ပန်းနေပြီ”
ကောင်မလေးသည် သူ၏ အေးစက်မည်းနက်နေသော မျက်ဝန်းများအား ကြည့်လိုက်သည်။ ထို့နောက် အကြမ်းစာရွက်များကို မြန်မြန်ပဲ ပြန်ယူလိုက်ကာ၊ သူ့ကို ကျေးဇူးတင်၍၊ ခပ်သုတ်သုတ်သာ ထွက်သွားတော့သည်။
ချူးလီလည်း ထွက်သွားသော ကျန်းယွီ၏ နောက်ကျောကို ကြည့်ကာ အံကိုကြိတ်လိုက်ပြီး လက်သီးကို ဆုပ်ထားမိလေသည်။
လွန်ခဲ့သည့်နှစ်လလုံး ကျန်းယွီတစ်ယောက် app ထံကနေ တာဝန်လက်ခံခြင်းများကို ရပ်ဆိုင်းခဲ့ပြီး စာကိုသာ သေချာလေး ကြိုးစားခဲ့လေသည်။
ချူးလီ စိုးရိမ်နေခဲ့သည့်အတိုင်း သူမ၏ လက်ရှိအမှတ်များနှင့် ပေချန်တက္ကသိုလ်ကို ဝင်ခွင့်ရချင်ရင်တောင် သူမမှာ မျှော်လင့်ဖို့ အခွင့်အရေးရှိနေရုံလေးသာ ဖြစ်ပေသည်။ ပြောရမယ်ဆိုလျှင် ၁၀၀ရာခိုင်နှုန်း သေချာနေတာ မဟုတ်ပေ။
ထို့ကြောင့် နောက်ဆုံးအချိန်အထိ သူမအကောင်းဆုံး ကြိုးစားရပေမည်။
တက္ကသိုလ်ကို ရောက်ခဲ့ရင်တောင် သူမ ချူးလီနှင့် အတူတူဆက်ရှိနေရမည် ဖြစ်ပေသည်။ အနာဂတ်မှာ ဘာတွေဖြစ်လာမလဲဆိုတာ ဘယ်သူမှ မပြောနိုင်၍ပေ။
တစ်ခါတစ်လေကျရင် အတွေးလေးတစ်ခု ချော်သွားတာနဲ့ သူတို့နှစ်ယောက်လုံးရဲ့ ဘဝတွေကို လုံးဝခြားနားသွားစေတော့မှာလေ။
ကျန်းယွီကတော့ သူ့ကို ဒီနှစ်တွေ အတောအတွင်း ကောင်းကောင်းမွန်မွန် ဖြတ်သန်းနိုင်အောင် စောင့်ကြည့်ရပေလိမ့်မည်။
နေ့တိုင်း နေ့လယ်ရောက်ချိန်တွင် ကျန်းယွီသည် ကျောင်းစာကြည့်တိုက်ကို သွားကာ သူမ၏အိမ်စာများကို ပြန်လည်လေ့ကျင့်နေခဲ့သည်။
ယွင်ရှီးအထက်တန်းကျောင်း၏ စာကြည့်တိုက်မှာ အတော်လေး ခမ်းနားလှပေသည်။ အတွင်းပိုင်း တည်ဆောက်ပုံတွေကလည်း အထူးကောင်းမွန်ပြီး ပေးထားသော ဝန်ဆောင်မှုများမှာလည်း အတော်ကောင်းလှသည်။ စာကြည့်ခန်းများမှာလည်း ဘေးကအနှောင့်အယှက် ကင်းစေရန် တစ်ဦးတည်းအကန့်များ၊ နှစ်ဦးအကန့်များ ခွဲထားပေလေသည်။
ချူးလီကတော့ မနက်တိုင်း ၆နာရီမှာ ရောက်လာပြီး လူနှစ်ယောက်စာ အခန်းကို ယူပေသည်။ ထို့နောက် အပူအအေးခွက်များ၊ လက်သုတ်ပဝါများ၊ ပန်ကာအသေးလေးများကို သူ့ဘေးက စားပွဲခုံ၏ နေရာအလွတ်တွင် တင်ထားပေလေသည်။
ဘယ်သူ့အတွက်လည်း ဆိုတာကိုတော့ သူမ ပြောပါ။ ထို့အပြင် ကျန်းယွီကိုလည်း လာထိုင်ဖို့ သူမခေါ်ပါ။
ထို့ကြောင့် ကျန်းယွီလည်း စာကြည့်တိုက်ကို လာပေမယ့်၊ သူမအတွက် သူပြင်ပေးထားတဲ့ နေရာကို တွေ့တာတောင် သူမကိုယ်သူမ ထိန်းသိမ်း၍ သူ့ကိုလစ်လျူရှုကာ တစ်ခြားစာကြည့်ခန်းသို့ သွားပေသည်။
နှစ်ယောက်စလုံးက အတော်ကြာမြင့်မည့် သွေးအေးတိုက်ပွဲကို ဆင်နွှဲနေခြင်းပင်။ အရင်ဆုံး ခေါင်းညွတ်အလေးပြုတဲ့လူက အရှုံးဖြစ်ပေလိမ့်မည်။
တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ၏ နောက်ဆုံးလဝက်ကို ရောက်လာတော့ စာကြည့်တိုက်ရှိ ကိုယ်ပိုင်စာကြည့်ခန်းများမှာ အတော်လေးကို လူတွေပြည့်ကျပ်လာတော့သည်။
နေ့လယ်ရောက်တော့ ကျန်းယွီလည်း သူမ၏ ကျောပိုးအိတ်နှင့်အတူ ရောက်လာခဲ့သည်။ အနီးတစ်ဝိုက်ကို ကြည့်လိုက်သော်လည်း နေရာအလွတ်ကို လုံးဝမရှာနိုင်ခဲ့ပေ။
အတွင်းပိုင်း စာကြည့်ခန်းကို လျှောက်ဝင်သွားလိုက်တော့ ချူးလီက လူနှစ်ယောက်စာနေရာကို ဦးထားဆဲဖြစ်ကြောင်း တွေ့လိုက်ရပေသည်။ ခုံနှစ်ခုမှာ ဘေးချင်းကပ်ဖြစ်သည့်အပြင် နေရာအလွတ်တွင်လည်း အပူအအေးခွက်များ၊ လက်သုတ်ပဝါများကို နေရာအလွတ်တွင် စနစ်တကျလေး တင်ပေးထားလေသည်။
ကျန်းယွီကတော့ သူ့နားကိုစပြီး လမ်းလျှောက်မသွားခဲ့ပေ။ သူစခေါ်မှာကို သူမက စောင့်နေသည့်အတိုင်းပင်။
သို့သော်လည်း ချူးလီကတော့ သူမကို သွားမခေါ်သည့်အပြင် တစ်ချက်လေးတောင် လှည့်မကြည့်ပေ။ ထို့အပြင် သူ့စာမှာသူသာ လုံးဝစိတ်နှစ်မြှုပ်နေလေသည်။
ဒီလိုနှင့် သူမလည်း အံကြိတ်ပြီး သူ့နားကိုလျှောက်သွားရုံမှအပါး မတတ်နိုင်တော့ပေ။ ဒီလိုနှင့် ချူးလီအား မေးလိုက်ရတော့သည်။
“ဒီထိုင်ခုံက ဘယ်သူ့အတွက်လဲ?”
ချူးလီသည် ဘောပင်ကို သူ့လက်ညိုးထိပ်လေးဖြင့် အမြန်လှည့်လိုက်ပြီး ပြန်ဖြေလိုက်သည်။
“ငါ့ကောင်မလေးအတွက်”
“ဒါဆို နင့်ကောင်မလေးက ဘယ်သူလဲ?”
“ခန့်မှန်းကြည့်လေ”
“...”
ကျန်းယွီသည် သူမ၏ မျက်နှာကို အောက်ငုံ့လိုက်ပြီး မေးလိုက်တော့သည်။
“ဒါဆိုရင် ငါထိုင်လို့ရလား?”
“နင်က ငါ့ရည်းစားလား?”
“မဟုတ်လို့လား...”
သူမသည် စားပွဲပေါ်သို့ ကျောပိုးအိတ်ကို စိတ်ဆိုးဆိုးဖြင့် ပစ်ချလိုက်ပြီး ပြောလိုက်သည်။
“ဒါဖြင့် ဘယ်သူရှိသေးတာလဲ ပြော”
ချူးလီကတော့ သူမ၏ အဖြေကို အတော်လေး စိတ်ကျေနပ်သွားပေသည်။ ထို့ကြောင့် ထိုင်ခုံကို ဆွဲလိုက်ကာ သူမကို ထိုင်ခိုင်းလိုက်သည်။ တစ်ချိန်တည်းမှာပဲ သူမမျက်နှာပေါ်က ချွေးစေးလေးများ ခြောက်သွားရန်အတွက် ပန်ကာအကောင်းစား သေးသေးလေးကို ဖွင့်ပေးလိုက်သည်။
ကျန်းယွီလည်း သူမကျောပိုးအိတ်ထဲက သင်္ချာမေးခွန်းစာရွက်ကိုထုတ်လိုက်ပြီး၊ ပုစ္ဆာများကို ဖြေရှင်းရန်အတွက် သူမဦးနှောက်ကို စတင်လှုပ်ခတ်လိုက်တော့သည်။
ချူးလီကတော့ တစ်ချိန်လုံး သူမကို မျက်လုံးထောင့်ကနေ ကြည့်နေခဲ့သည်ပင်။ သူမခေါင်းကို ဘယ်လိုကုပ်လိုက်ပုံကအစ၊ အတော်ကို ခက်ခဲတဲ့ပုစ္ဆာတွေကို တွက်နေတာအထိ လိုက်ကြည့်နေခဲ့သည်။ သူမ မသိသော မေးခွန်းအားလုံးကို ကွက်လပ်ချန်ခဲ့သဖြင့် အဖြေလွှာပေါ်တွင် ကွက်လပ်တွေ အများကြီး ရှိနေခဲ့ပေသည်။
ဖြေထားတာတွေကို လှမ်းကြည့်လိုက်တော့လည်း သူမဖြေထားတာတစ်ချို့မှာ မှားနေသည်ကို တွေ့လိုက်ရပေသည်။
“...”
ဒီလိုအခြေအနေမျိုးနဲ့... သူမက ပေချန်တက္ကသိုလ်ကို ဝင်ခွင့်ရချင်သေးတယ်ပေါ့လေ?
ချူးလီလည်း ဆက်ပြီးသည်းမခံထားနိုင်တော့ပေ။ ထို့အပြင် သူမကို သတိပေးချင်မိသော်လည်း သူ့မျက်နှာကို သူထိန်းမထားနိုင်ခဲ့ချေ။ သူအရင်ကလည်း လုံလုံလောက်လောက် ပြောခဲ့ပြီးပြီပဲလေ..။ သို့သော်လည်း အဆုံးမှာတော့ သူမက သူ့ကို အဓိပ္ပာယ်မရှိတာတွေ ပြောနေတဲ့ ဘုန်းကြီးတစ်ပါးလိုသာ သတ်မှတ်ခဲ့သည် မဟုတ်ပါလား..။
ဘာပဲဖြစ်ဖြစ် သူမကတော့ သူ့စကားကို နားထောင်ချင်မှာ မဟုတ်ပေ။ ဒီလိုနှင့် ချူးလီလည်း သူမကို စကားသွားပြောဖို့ စိတ်ထဲထည့်မနေတော့ဘဲ သူ့ကိုယ်ပိုင် စာမေးပွဲမေးခွန်းတွေကို ခေါင်းငုံ့ပြီး လုပ်နေလိုက်တော့သည်။
ကျန်းယွီကတော့ အဖြေလွှာပေါ်တွင် မေးခွန်းတစ်ချို့ကို တမင်သက်သက် မှားအောင်ဖြေလိုက်လေသည်။ သို့သော်လည်း ချူးလီကို ခိုးကြည့်လိုက်သည့် အခါမှာတော့ သူ့ကြည့်ရတာ တောင်တစ်ခုအလား မလှုပ်မယှက် တည်ငြိမ်နေပေတော့သည်။
ဒီကောင်က တော်တော်လေးကို အငြိုးအတေးကြီးတာပဲ...။
ထိုနေ့က တစ်ခြားကောင်မလေးကို စာသင်ပေးနေတုန်းက သူ့မျက်နှာကို သူမပြန်တွေးမိသွားလေသည်။ ထို့နောက် သူမအနည်းငယ် စိတ်ထဲမကျေမချမ်းဖြစ်သွားတော့သည်။ ဒီလိုနှင့် အပူအအေးခွက်ကို သူမကောက်ကိုင်လိုက်ပြီး တစ်ငုံသောက်လိုက်တော့သည်။
“အာ့! ပူလိုက်တာ!”
သတိမထားမိလိုက်ခင်မှာပဲ ခွက်ထဲက ရေနွေးပူကို သောက်မိသွားပြီး သီးမလိုပင် ဖြစ်သွားခဲ့ရတော့သည်။
ချူးလီလည်း သူ့ဘောပင်ကို ချက်ချင်းချလိုက်ကာ သူမကို စိုးရိမ်တကြီးဖြင့် ကြည့်လိုက်တော့သည်။
ကျန်းယွီလည်း သီးလွန်းသဖြင့် မျက်ရည်ပင် ဝဲတက်လာကာ၊ ချောင်းကို အဆက်မပြတ် ဆိုးလိုက်သဖြင့် သူမ၏ မျက်နှာသေးသေးလေးမှာ နီရဲလာပေတော့သည်။
“အရူး”
ချူးလီလည်း ချက်ချင်း ကိုယ်ကိုကိုင်းလိုက်ပြီး သူမ၏ ကျောပြင်ကို ပုတ်ပေးလိုက်ကာ “အဲ့လောက် အလောတကြီး သောက်ဖို့ မင်းကို ဘယ်သူပြောလဲ”
“ရေက အဲ့လောက်ပူနေလိမ့်မယ်လို့ ဘယ်သူကထင်မှာလဲဟ”
“အဲ့ဒါက အပူအအေးခွက်ကြီးလေ”
“အပူအအေးခွက်ပါဆိုမှ ရေနွေးနွေးလေးလည်း ထည့်လို့ရတာကို”
ချူးလီသည် မျက်လုံးကိုလှိမ့်လိုက်ပြီး စိတ်ဆိုးဆိုးဖြင့် ပြောလိုက်သည်။
“တောင်းပန်ပါတယ်။ ကောင်မလေးနဲ့ အနေဝေးနေတာကြာတော့ အပူအအေးခွက်ထဲကို ရေနွေးနွေးလေးပဲ ထည့်သင့်တယ်ဆိုတာကို မေ့သွားတယ်”
ကျန်းယွီလည်း သူမအကြောင်းမရှိ အကြောင်းရှာ ပြဿနာ ရှာနေမိတယ်ဆိုတာကို သိလေသည်။ ထို့နောက် အပူလောင်သွားသော သူမ၏အောက်နှုတ်ခမ်းလေးကို ကိုက်ကာ သူမဟာသူမ စိတ်ကောက်နေမိလေသည်။
ချူးလီကတော့ ခွက်ကိုယူလိုက်ပြီး အဖုံးကိုဖွင့်ကာ ရေအပူချိန်လေး နည်းနည်းအေးသွားအောင်လို့ မှုတ်ပေးလိုက်သည်။
ကျန်းယွီကတော့ စိတ်ဆိုးဆိုးဖြင့် ပြန်ပြောလိုက်သည်။
“မသောက်တော့ဘူး။ ငါ့ဘဝမှာ ရေပူကို ဘယ်တော့မှ ထပ်မသောက်တော့ဘူး”
ချူးလီသည် သူမကို အသာလေးငေးကြည့်လိုက်ပြီး မှတ်ချက်ပြုလိုက်သည်။
“ကလေးဆန်လိုက်တဲ့ သရဲလေး”
ကျန်းယွီကတော့ ရင်ထဲမှာ ဗလောင်ဆန်နေသည်ပင်။ သူမအတော်ကို သူတော်ကောင်းယောင်ဆောင်နေမိတာကို သိပေမယ့်လည်း၊ ဒါအရင်တုံးကသာဆိုရင် သေချာပေါက် ဒီလိုဖြစ်မှာ မဟုတ်ဘူးလေ”
အဲ့တုံးကဆိုရင် သူမကို သည်းခံနိုင်တဲ့လူတစ်ယောက်က သူမဘေးမှာ ရှိပေးနေတဲ့အတိုင်းပဲ။
သူမဘာပဲပြောပြော၊ ဘာပဲလုပ်လုပ်၊ သူဘယ်တော့မှ တကယ်စိတ်ဆိုးမှာ မဟုတ်ချေ..။ နောက်ဆုံးတော့ သူမအကြောင်းအရင်းမရှိဘဲ ပြဿနာရှာဖို့ အရင်းအနှီးကို ရှာတွေ့ခဲ့လေပြီ။
ကျန်းယွီသည် မျက်မှောင်ကျုံ့ကာ သူ့ဘေးနားက ကောင်ငယ်လေးကို ကြည့်လိုက်သည်။
“ရည်းစား… နာတယ်”
ချူးလီလည်း ရေခွက်ကို ချက်ချင်းချလိုက်ပြီး မေးလိုက်တော့သည်။
“ဘယ်နားကနာတာလဲ?”
“ဒီနား”
ကျန်းယွီသည် သူမ၏ အောက်နှုတ်ခမ်းကို ထော်ပြလိုက်ပြီး “အပူလောင်သွားတယ်”
“အိုး”
ကျန်းယွီတစ်ယောက် သူ့ကို နမော်နမဲ့နိုင်တယ်လို့ ပြောချင်ခဲ့ပေသည်။ သို့သော်လည်း ချူးလီကတော့ စာကြည့်ခန်းနားက တံခါးအသေးလေးကို လှမ်းကြည့်လိုက်ပြီး၊ တံခါးနားမှာ ဘယ်သူမှမရှိတာ သေချာသွားတော့ မြန်မြန်ဆန်ဆန်ပဲ လှုပ်ရှားလိုက်ကာ သူမ၏ နှုတ်ခမ်းများကို လှမ်းစုပ်လိုက်သည်။
“နာနေသေးလား?”
“…”
“ဟင့်အင်း.. မနာတော့ဘူး”
ကျန်းယွီလည်း တစ်ဖက်ကို ပြန်လှည့်လိုက်ပြီး၊ စားပွဲပေါ် ခေါင်းငုံ့လိုက်ကာ ပုစ္ဆာများကိုသာ ဖြေရှင်းဖို့ သူမခေါင်းကိုကာလိုက်သည်။ ရှက်ရှက်နှင့် သူ့ကိုလစ်လျူရှုထားရင်းနဲ့ပေါ့။
ချူးလီသည် သူ့ပါးပေါ်လက်ထောက်ထားပြီး၊ လက်ထဲတွင်လည်း ဘောပင်ကိုကိုင်ထားကာ၊ တစ်ဖက်ကိုလှည့်လိုက်ပြီး၊ မပြီးဆုံးသေးသော အတွေးများဖြင့် သူမကိုကြည့်ကာ ပြောလိုက်သည်။
“ရှောင်ယွီ.. တက္ကသိုလ်ဝင်ခွင့်စာမေးပွဲက နီးလာပြီ။ ကိုယ်တို့ ရန်မဖြစ်ကြရအောင်.. ဟုတ်ပြီလား?”
ပြန်ပြေလည်အောင် ကြိုးစားသည့် သူ့နည်းလမ်းက အတော်လေး စိတ်ရင်းမှန်သလို၊ ညင်သာသိမ်မွေ့လှပေသည်။
ချူးလီဆီကနေ ကျန်းယွီအကြားချင်နေဆုံး စကားကလည်း “ရန်မဖြစ်ကြရအောင်” ဆိုတာပင်။
သူအဲ့စကားတွေကို ပြောသည့်အချိန်တိုင်း ဒါ သူ့အလျော့ပေးပုံ၊ သူ့လိုက်လျောပုံကို ဖော်ပြနေသည့်အပြင်၊ သူမအပေါ်ထားရှိသည့် သူ၏ အဆုံးမရှိသော သည်းခံခြင်းများကိုပါ ညွှန်ပြနေသည့်အတိုင်းပင်။
“ငါ နင်နဲ့ ရန်မဖြစ်ချင်ပါဘူး”
ကျန်းယွီလည်း အခွင့်အရေးရသည်နှင့် စတင်ပြောလိုက်တော့သည်။
“ငါ နင့်ကို တစ်ခြားမိန်းကလေးတွေနဲ့ စကားပြောခွင့်မပေးထားပါဘူး။ ဒါပေမယ့် ငါက အရမ်းသဘောထားကြီးတဲ့လူပါ။ အဲ့တော့ နင့်လိုမျိုး စိတ်သဘောထားတော့ မသေးသိမ်ပါဘူး”
သူမဘာကို တောင်စဉ်ရေမရတွေ ပြောဆိုနေတာလဲ? သူမ ပြောလို့ပြီးသည်နှင့် ချူးလီသည် သူမ၏နှုတ်ခမ်းလေးကို အပြုံးလေးဖြင့် ညှစ်လိုက်ပြီး၊ သူမ၏နောက်စကားများကို လည်ပင်းထဲတွင်သာ ပိတ်ဆို့ပစ်လိုက်သည်။
“အင်း…”
“သဝန်တိုဖို့ မလိုပါဘူး”
သူမ၏အောက်နှုတ်ခမ်းလေးအား သူ့လက်ဖဝါးလေးဖြင့် ပွတ်ဆွဲပေးလိုက်ပြီး “ကိုယ်က မင်းအပိုင်ပဲလေ”
အချိန်နှစ်လကတော့ မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားခဲ့ပြီး၊ စီစဉ်ထားသည့်အတိုင်း တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကြီး ရောက်လာပေတော့သည်။
ကျန်းယွီကတော့ အတော်လေးကို ရင်တုန်နေပေသည်။ သူမလိုမျိုး အတန်းဖော်တစ်ချို့ကလည်း ထုံးစံအတိုင်းပင် ရင်တုန်နေကြပေသည်။
သို့သော်လည်း ကျန်းယွီလုံးဝ ထင်မထားခဲ့တာက ချူးလီလို ဉာဏ်အရမ်းကောင်း၊ မှတ်ဉာဏ်လည်းကောင်းပြီး၊ ဖြတ်ထိုးဉာဏ်ရှိသူတစ်ယောက်တောင်မှ ရင်တုန်နေသည် ဆိုတာကိုပင်။
တက္ကသိုလ်ဝင်ခွင့် စာမေးပွဲမရောက်ခင် နေ့လယ်အထိတိုင် သူတို့နှစ်ဦးမှာ စာကြည့်တိုက်ထဲတွင် စာလုပ်နေကြဆဲပင်။ ကျန်းယွီကတော့ သူမ၏ပါးလေးများကို ကိုင်ထားပြီး၊ ဆရာကြီးတစ်ယောက် သင်္ချာမေးခွန်းစာရွက်ပေါ်တွင် အင်္ဂလိပ်အက္ခရာတစ်ချို့ ရေးနေသည်ကို မတတ်သာဘဲ ထိုင်ကြည့်နေရသည်။
“…”
သူခပ်တင်းတင်းဖြစ်နေတာကို သူမ မြင်ဖူးသော်လည်း၊ ဒီလောက်ထိ တင်းမာနေတာမျိုးကိုတော့ တစ်ခါမှ မမြင်ဖူးပါ။
“အဆင်ပြေရဲ့လား?”
ကျန်းယွီသည် သူ့ဆံပင်လေးကို သပ်ပေးလိုက်ပြီး “နင့်အဆင့်တွေက ပထမနေရာမှာပဲ တည်တည်ငြိမ်ငြိမ်လေး ဆက်ရှိနေမှာပါ။ နင် ဘာတွေကို စိုးရိမ်နေတာလဲ?”
ကတော့ပုံ ကောက်ကောက်လေးတစ်ခုကိုလည်း စာရွက်ပေါ်တွင် ဆွဲထားလေသည်။
ချူးလီတစ်ယောက် ရင်တုန်တာကို ရှောင်လွဲလို့မရတော့ဘူးဆိုတာကို ကျန်းယွီ သိလိုက်လေတော့သည်။
သူဒီလောက် နှစ်တွေအများကြီး စောင့်ဆိုင်းခဲ့ရတာ၊ အဲ့လောက်အကြာကြီး အတော်လေးကို ကြိုးစားခဲ့ရတာ၊ သူ့မျှော်လင့်ချက်တွေ အားလုံးကို ဒီအပေါ်မှာ ပုံအောထားရတာမို့လို့လေ။
ဂုဏ်ယူစရာ အကောင်းဆုံးအမှတ်ကို သူရချင်ပြီး၊ ပေချန်တက္ကသိုလ်ကို အမြင့်ဆုံးအမှတ်နှင့် ဝင်ခွင့်ရချင်လေသည်။ ဒီလိုနှင့် သူ့အမေရှေ့ကို အကောင်းမွန်ဆုံးပုံစံဖြင့် ပေါ်လာချင်ပေသည်။
ဒါကတော့ ချူးလီတစ်ယောက် နှစ်ပေါင်းများစွာ ခေါင်းကြောမာနေခဲ့တဲ့ အယူအဆပါပဲ။
ကျန်းယွီလည်း သူတကယ်ကို ဒီ့ထက်ပိုပြီး စာမလုပ်နိုင်တော့ဘူးဆိုတာ မြင်နေရပေသည်။ သူသာဆက်ပြီး စာဆက်လုပ်နေဦးမယ်ဆိုရင် သူရင်တုန်တာက ဒီ့ထက်ပိုပြီးသာ အလေးအနက် ဖြစ်လာပေတော့မည်။