Chapter 67
Vol. 7 Ch. 67
သူ့ကျောပိုးအိတ်ကို သူမ ကောက်ကိုင်လိုက်ကာ၊ သူမပခုံးပေါ်တွင် လွယ်ထားလိုက်ပြီး၊ သူ့အင်္ကျီလက်ကိုဆွဲ၍ ကျောင်းစာကြည့်တိုက်ကနေ ထွက်လာခဲ့တော့သည်။
ချူးလီကလည်း သူမဆွဲတာကိုခံပြီး၊ လမ်းပေါ်သို့ ရည်ရွယ်ချက်မဲ့စွာ လိုက်လျှောက်လာခဲ့ပေသည်။
“ကိုယ်တို့ ဘယ်သွားနေကြတာလဲ?”
“ငါလည်းမသိဘူး.. ဆော့ဖို့ပေါ့”
“ကိုယ် ဘယ်လိုဆော့ရမလဲ မသိဘူး”
သို့သော် ကျန်းယွီကတော့ ချူးလီအား ပန်းခြံထဲသို့ ဆွဲခေါ်သွားခဲ့သည်။
ဒီနေ့ နေသာနေတာမို့လို့ ရာသီဥတုအပူချိန်ကလည်း အေးမြမြလေး ဖြစ်နေပေသည်။ လေပြေလေညှင်းလေးကလည်း မျက်နှာပေါ်တွင် သိမ်မွေ့စွာ တိုက်ခတ်နေခဲ့သည်ပင်။
ပန်းခြံထဲတွင်တော့ ကလေးအများကြီးက သဲပုံပေါ်တွင် သဲနှင့်ဆော့ကစားနေကြသည်။ ကျန်းယွီသည် ချူးလီအား ဒန်းနားကို ဆွဲခေါ်သွားပြီး သူ့ကိုထိုင်ချဖို့ ပြောလိုက်သည်။
“ငါ နင့်ကို လွှဲပေးမယ်”
ချူးလီကတော့ သူမကို လှည့်ကြည့်လိုက်ပြီး“ကလေးဆန်လိုက်တာ”
“ဒါက ကလေးဆန်တာပဲ”
ကျန်းယွီသည် အပြုံးလေးနှင့် ပြောလိုက်ပြီး “အခု အရေးအကြီးဆုံးအရာက စိတ်ကိုလျော့ထားဖို့ပဲ”
ချူးလီကလည်း မငြင်းဆန်ပါ။ ကျန်းယွီတစ်ယောက် သူ့ကျောကို တစ်ချက်ချင်းစီတွန်းပြီး ဒန်းလွှဲပေးနေတာကို ငြိမ်ခံနေလိုက်သည်။
ဒန်းလွှဲတာကတော့ မြင့်သထက်မြင့်လာခဲ့ပြီး၊ နောက်ဆုံးမှာတော့ ဂနာမငြိမ်ဖြစ်နေတဲ့ သူ့နှလုံးသားလေး အနည်ထိုင်သွားတော့သည်။
ငယ်စဉ်ကလေးဘဝကတည်းက အရွယ်ရောက်သည်အထိ ဒန်းပေါ်တွင် တစ်ယောက်တည်းထိုင်ဖို့ ပန်းခြံကို အမြဲတမ်း လာခဲ့သည်ပင်။ သူ့ကိုအနောက်ကနေ တွန်းပေးဖို့ ဘယ်မိဘမှ မရှိခဲ့ပေ။
တစ်ယောက်ယောက်က အနောက်ကနေသာ လွှဲပေးရင် ဒီလောက်အမြင့်ကြီး စီးလို့ရတယ်တဲ့လား..။
“ထပ်မြင့်ချင်သေးလား ရည်းစားလေး?”
“အင်း”
ကျန်းယွီလည်း သူစိတ်ပါနေတာကိုကြည့်ပြီး သူ့ကိုအားကုန်တွန်းပေးလိုက်ကာ အမြင့်ကြီး လွှဲပေးလိုက်လေသည်။
ချူးလီ၏ တင်းမာနေသော မျက်နှာထားကတော့ ဖြေလျော့သွားခဲ့ပြီး၊ သူ့ကိုယ်သူတောင် မသိလိုက်ခင်မှာပဲ နှုတ်ခမ်းထောင့်လေး ကွေးတက်သွားပေတော့သည်။
အဆိုးမြင်ခြင်း၊ ရွဲ့ခြင်း၊ အေးစက်ခြင်း ဒါတွေတစ်ခုမှ မရှိနေခဲ့ပေ။ ပျော်ရွှင်ခြင်းကြောင့် သူ့ရင်ထဲကနေလာတဲ့ အပြုံးလေးတစ်ခုသာ ရှိနေခဲ့ပေသည်။ ကျန်းယွီကလည်း သူဒီလိုမျိုး ပြုံးနေတာလေးကိုမြင်ရတာ သဘောကျလေသည်။
ထိုအခိုက်အတန့်တွင် ကလေးတစ်ယောက်သည် သူ့အမေလက်ကိုဆွဲပြီး ရောက်လာကာ ချူးလီကိုလက်ညှိုးထိုးပြီး ခပ်တည်တည်ပြောလေသည်။
“ကြည့်ပါဦး မေမေ.. ဒီအကိုကြီးက ဒီအသက်အရွယ်ကြီးနဲ့ ဒန်းလာစီးနေတယ်။ သူ့အစ်မကိုတောင် လွှဲပေးဖို့ပြောနေတာ ရှက်စရာကြီး”
ထိုကလေး၏ အမေကတော့ အလျင်အမြန် ပြန်ပြောလိုက်လေသည်။
“မရိုင်းရဘူးလေ”
ကျန်းယွီကလည်း ရန်လိုခြင်းမရှိဘဲ ပြန်ပြောလိုက်သည်။
“ဒီအကိုကြီးကလည်း ကလေးပဲလေ”
“ဒီအကိုကြီးက ကလေးမဟုတ်ပါဘူး”
“ဟုတ်တယ် ကလေး..။ အစ်မရဲ့စိတ်ထဲမှာတော့ ဒီအစ်ကိုကြီးက အမြဲတမ်း ကလေးလေးပဲဖြစ်နေမှာ”
ထိုခြောက်ခြားစရာ နှစ်တွေထဲကနေ ရုန်းထွက်လာခဲ့ပြီး ကျန်းယွီဘေးကို လျှောက်လှမ်းလာခဲ့တဲ့အထိ သူ့ကလေးဘဝကို ပြန်ရှာတွေ့လိမ့်မယ်လို့ သူတစ်ခါမှ မထင်ထားခဲ့ပေ။
အချစ်ခံရဖူးတဲ့ကလေးတွေကသာ သူတို့စိတ်ကိုအလိုလိုက်ဖို့၊ ဆိုးသွမ်းဖို့၊ ဂျီတိုက်တတ်တဲ့ ကလေးတစ်ယောက်လို ပြုမူဖို့ အရည်အချင်းပြည့်ဝကြတာလေ…
ချူးလီလည်း ဒါကို ခံစားမိလေသည်။
တက္ကသိုလ်ဝင်ခွင့် စာမေးပွဲကြီး ပြီးဆုံးသွားတော့ ကျန်းမန့်ယီသည် ဖုန်းရှေ့တွင် ဆောင့်ကြောင့်ထိုင်ချလိုက်ကာ အမှတ်စာရင်းကြည့်ဖို့ hotline ကို ချက်ချင်းပဲ ခေါ်လိုက်လေသည်။
၆၁၉
ဘောပင်ကိုင်ထားသော ကျန်းမန့်ယီ၏ လက်ကတော့ ထိန်းမရသိမ်းမရ တုန်လှုပ်နေပေသည်။
ဒီလောက်ဖြစ်တာကတော့ ပုံမှန်ပဲလို့ ဆိုရမှာပါပဲ။ ဒီအမှတ်နဲ့ ပေချန်တက္ကသိုလ်ကို ဝင်ခွင့်ရဖို့ဆိုတာ အနည်းငယ်တော့ အန္တရာယ်များသည်လေ။
သို့သော်လည်း ကျန်းယွီကတော့ အထူးကျောင်းသားတစ်ယောက်အနေနှင့် ဝင်ခွင့်ရခဲ့ပေသည်။ ထို့အပြင် သူမ၏ ယဉ်ကျေးမှုဘာသာရပ် အမှတ်က ၆၀၀ အထိ ရောက်ခဲ့တာမို့၊ ထိုအရာသည် အထူးကျောင်းသားများ၏ ထိပ်တန်းအုပ်စုလို့တောင် သတ်မှတ်လို့ရပေသည်။
ကျန်းမန့်ယီ၏ မျက်ဝန်းများကတော့ နီရဲလာပေတော့သည်။ ကြည့်ရတာ နှစ်ပေါင်းများစွာ သူမတောင့်တလာခဲ့သမျှ၊ အလုပ်ကြိုးစားလာခဲ့သမျှ အရာထင်သွားခဲ့သည့် အတိုင်းပင်။
သူမ မျှော်လင့်ချက်များအတိုင်း ကျန်းယွီတစ်ယောက် ဘဝကို နေထိုင်နိုင်တော့မည် ဖြစ်တာမို့ သူမအလွန်ကို ပျော်ရွှင်နေမိတော့သည်။
ကျန်းမန့်ယီသည် အင်္ကျီလက်ဖြင့် သူမမျက်ဝန်းထောင့်က မျက်ရည်များကို သုတ်လိုက်ပြီး၊ သူမရင်ထဲတွင် တိတ်တိတ်လေး ပြောလိုက်သည်။
“အားယန်.. နင့်သမီးလေးက အကတင် တော်တာမဟုတ်ဘဲ ပညာရေးမှာပါ တော်တယ်ဆိုတာ နင်မြင်ရဲ့လား”
“အဲ့တုံးက နင့်ထက် သူကအများကြီး ပိုတော်တာပဲ”
ကျန်းမန့်ယီသည် ပြတင်းပေါက်နားကို လျှောက်သွားပြီး၊ လမ်းပေါ်တွင် ဖြတ်သွားဖြတ်လာလုပ်နေကြသော လူများနှင့် စည်ကားနေသော လမ်းများကို ကြည့်လိုက်သည်။ သူမ မျက်ရည်များကတော့ မရပ်တန့်နိုင်ဘဲ တစ်စက်ချင်း ကျဆင်းလာခဲ့ရာ နောက်ဆုံးတော့ သူမရှိုက်ကြီးတငင် ဖြစ်လာခဲ့တော့သည်။
“သူဒီလောက်ထိ တော်နေတာကို နင်မြင်တောင်မမြင်နိုင်တော့ဘူး… ပြန်လာခဲ့ပါ ကောင်မလေးရယ်..။ နင်သီချင်းဆိုတိုင်း ကီးကြောင်တာကို ငါဘယ်တော့မှ မရယ်တော့ပါဘူး။ ငါ ကတိပေးပါတယ် ငါ နင့်ကို မရယ်တော့ပါဘူး…”
ထိုအချိန်တွင် ရှေ့ကောင်တာမှ အမျိုးသမီးတစ်ယောက်က ကျန်းမန့်ယီကို မေးလိုက်သည်။
“အစ်မယီ.. ကောင်တာမှာ အစ်မအတွက် ဝင်လာတဲ့ ဖုန်းတစ်ကောလ်ရှိတယ်”
ကျန်းမန့်ယီလည်း ကျန်းယွီတစ်ယောက် သတင်းကောင်းကို ပြောပြဖို့ သူမကို ဖုန်းခေါ်တာလို့ ထင်လိုက်သဖြင့်၊ မျက်ရည်များကို သုတ်လိုက်ကာ၊ စိတ်ကို တည်တည်ငြိမ်ငြိမ်ထားပြီး၊ ကောင်တာသို့ လျှောက်သွားလိုက်ကာ၊ ဖုန်းကိုပြန်ဖြေလိုက်သည်။
“ရှောင်ယွီရယ်.. တအားတော်တာပဲ။ ဒီတစ်ခေါက် အမှတ်က အမေ့မှန်းချက်ထက်တောင် ကျော်လွန်နေသေးတယ်။ ဒီည အမေပြန်လာရင် သမီးအတွက် စားကောင်းတာလေး ချက်ပေးမယ်နော်..”
အချိန်အတော်ကြာအောင် တစ်ဖက်ကဖုန်းကတော့ ဘာမှပြန်မပြောလာပါ။
“ဟယ်လို.. ရှောင်ယွီလား?”
ကျန်းမန့်ယီမှာ တစ်ဖက်ဖုန်းထဲက အသက်ရှုသံကို ကြားနေရသော်လည်း၊ တစ်ဖက်ကတော့ ဘာမှပြန်မဖြေပါ။
“ဘယ်သူလဲမသိဘူး”
“ဟယ်လို?”
ဘီ ဘီ…
ဖုန်းကျသွားလေတော့သည်။
ကျန်းမန့်ယီသည် ကောင်တာက အမျိုးသမီးကို အံ့အားသင့်စွာ ကြည့်လိုက်ပြီး “ရှောင်လျူ.. အစ်မသမီး ဖုန်းခေါ်တာလား?”
ရှောင်လျူကတော့ ခေါင်းခါပြရင်း “အဲ့ဒါရှောင်ယွီ့ အသံမဟုတ်ပါဘူး။ အတော်သိမ်မွေ့တဲ့ လေသံနဲ့ အမျိုးသားတစ်ယောက်ပဲ။ နားထောင်ရတာတော့ အတော်ကောင်းတယ်။ သူပြောတာက အစ်မကို ရှာနေတာတဲ့။ အဲ့တော့ ချိန်းဆိုမှုလုပ်ချင်လို့ ဧည့်သည်တစ်ယောက်က ဖုန်းဆက်တယ်ထင်လို့”
ကျန်းမန့်ယီလည်း အနည်းငယ် ကြောင်တောင်တောင် ဖြစ်သွားလေတော့သည်။
“ဒါဆိုရင် သူဘာလို့ စကားမပြောတာလဲ?”
ရှောင်လျူလည်း ပခုံးကို ကျုံ့ပြလိုက်ကာ သူမ မသိဘူးဆိုသည့်ပုံစံ လုပ်ပြလိုက်လေသည်။
သူမ၏ ရလဒ်ကို မြင်သည်နှင့် ကျန်းယွီတစ်ယောက် ချူးလီကို ဖုန်းခေါ်ဖို့ပင် မစောင့်နိုင်တော့ချေ။
“ရည်းစားလေး.. ငါ့ အမှတ်ကို ခန့်မှန်းကြည့်စမ်း”
ချူးလီ၏ အသံလည်း ချက်ချင်း မြင့်တက်သွားကာ “မှန်အောင်ခန့်မှန်းနိုင်ရင် ဆုတွေဘာတွေ ပြန်ရမှာလား?”
“အရင်ဆုံး ခန့်မှန်းကြည့်စမ်းပါ”
“၆၁၉”
“...”
သေချာတာပေါ့ ဒီကောင်က သူမအမှတ်ကို သူမထက်အရင် စစ်ကြည့်ထားတာပဲလေ။
သူမ ထပ်မေးကြည့်လိုက်သည်။
“ငါ့ရည်းစားလေးရဲ့ အမှတ်ကရော ဘယ်လောက်လဲ?”
ချူးလီသည် ခဏရပ်လိုက်ပြီးမှ ပြန်ပြောလိုက်သည်။
“မကြည့်ရသေးဘူး”
“ဟဲ့.. အမှတ်တွေ ထွက်လာတာ နာရီဝက်လောက်တောင် ရှိနေပြီလေ.. အခုထိ ငါ့ရည်းစားလေးက အမှတ်ကို မကြည့်ရဲသေးဘူးလား”
“မဟုတ်ဘူး.. အင်တာနက်မကောင်းလို့”
“အင်တာနက် မကောင်းဘူးသာဆိုတယ် ငါ့အမှတ်ကိုကျ ရှာနိုင်သေးတယ်နော်”
ကျန်းယွီကတော့ သူ့ဆင်ခြေဆင်လတ်တွေကို တစ်ခွန်းတည်းနဲ့ ပိတ်ချပစ်လိုက်သည်။
ဒီကောင်က သူ့ဟာသူ မကြည့်ရဲဖြစ်နေတာပါ။
“မကြောက်ပါနဲ့.. ငါ နင့်ကို အများကြီး ယုံကြည်တယ်”
ကျန်းယွီမှ သူ့ကို နှစ်သိမ့်ပေးလိုက်သည်။
“ငါ့ရည်းစားလေးက အမြဲတော်နေတဲ့ဟာကို”
“ဖုန်းမချလိုက်နဲ့ဦး”
ချူးလီတစ်ယောက် တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။
“ကိုယ်နဲ့ နေပေး”
“ဟုတ်ပြီလေ”
ချူးလီသည် ဖုန်းကို စပီကာဖွင့်လိုက်သည်။ ထို့နောက် ကီးဘုတ်ပေါ်တွင် စာရိုက်နေသည့် အသံလေးများ ဖုန်းတစ်ဖက်ခြမ်းကနေ ပေါ်ထွက်လာကာ၊ ကျန်းယွီ၏ နှလုံးသားမှာလည်း တုန်ခါနေပေသည်။
ချူးလီကတော့ အတော်ကို ရင်တုန်နေတာပင်။ သို့သော်လည်း ကျန်းယွီကပါ သူနှင့်မခြား ရင်တုန်နေတာလေ။
တက္ကသိုလ်ဝင်ခွင့်စာမေးပွဲက ဘဝမှာ ပထမဆုံးကြုံတွေ့ရမယ့် အကြီးမားဆုံး ဝန်ထုပ်ဝန်ပိုးတစ်ခုပဲလေ။
သူအဲ့လောက်ထိ ကြိုးကြိုးစားစား လုပ်ထားခဲ့တာ အမှတ်ကောင်းကောင်းတွေ ရဖို့ပဲမှ မဟုတ်ဘဲ... သူ့အမေကို တွေ့ဖို့ဆိုတဲ့ နှစ်ရှည်လများကြာ သူ့ဆန္ဒလေး ပြည့်ဝလာဖို့ အတွက်ရောလေ။
“တွေ့ပြီ”
ချူးလီ၏ အသံနက်နက်လေး ပေါ်ထွက်လာပေသည်။
“ဘယ်လိုလဲ?”
“အရမ်းမကောင်းဘူး”
ထိုစကားများကို ကြားလိုက်သည်နှင့် ကျန်းယွီ၏ နှလုံးသားမှာ ချက်ချင်းဆိုသလို အေးစက်သွားတော့သည်။ သူအရမ်းကို ရင်တုန်နေခဲ့လို့ စာမေးပွဲတုံးက နည်းနည်းအထိနာသွားတာများလားဆိုပြီး သူမတွေးနေမိတော့သည်။
လည်ပင်းမှာ ဓားလာထောက်ထားရင်တောင် အသံတစ်သံ မငြီးမယ့်လူက တက္ကသိုလ်ဝင်ခွင့်စာမေးပွဲမှာ အရမ်းကို ရင်တုန်ပန်းတုန်ဖြစ်ခဲ့တယ်တဲ့လေ။
ကျန်းယွီတစ်ယောက် သက်ပြင်းချလိုက်ပြီး သူ့ကို စကားလုံးများဖြင့် နှစ်သိမ့်ပေးလိုက်သည်။
“ရပါတယ်.. နည်းနည်းလေး အမှားလုပ်မိသွားရုံပဲ ရှိတာပါ။ စိတ်မကောင်းမဖြစ်နဲ့နော်။ နောက်နှစ်ကျ ပြန်ဖြေလို့ရတာပဲ.. ငါ နင့်ကို စောင့်နိုင်ပါတယ်...”
“အင်း.. ပြန်ဖြေဖို့ မလိုပါဘူး”
“အဲ့တော့ ဘယ်လောက်ရတာလဲ”
ကျန်းယွီကတော့ သူ့အမှတ်ကို သူမထက် ပိုနည်းနေလောက်မယ်ဆိုပြီး ကြိုတောင် စိတ်ကိုပြင်ဆင်ထားပြီးပြီပင်။ သို့သော်လည်း မထင်မှတ်ထားစွာဖြင့် သူမကို တည်ငြိမ်စွာပဲ ဖတ်ပြလိုက်သည်။
“၇၄၉”
“...”
ဒီကလေးက ဦးနှောက်များ ချောင်နေတာလား?
“၇၄၉? အဲ့ဒါကောင်းတဲ့အမှတ် မဟုတ်ဘူးလား?”
ချူးလီကတော့ စိတ်ရင်းအတိုင်းပဲ ပြန်ပြောလိုက်သည်။
“ဒါပေမယ့် အဲ့ဒါက ပြီးပြည့်စုံတဲ့အမှတ် မဟုတ်ဘူးလေ”
ကျန်းယွီကတော့ လုံးဝကို ပြောစရာစကား ပျောက်ဆုံးနေခဲ့ကာ ‘ဘန်း’ ဆိုပြီး ဖုန်းကို ချလိုက်တော့သည်။
သူမက သူ့ထက် အမှတ်တစ်ရာလောက် ပိုနည်းတဲ့ ငဖျင်းတစ်ယောက်ပဲကိုး..။ သူဝမ်းနည်းနေမှာစိုးလို့ သူ့ကိုအကြာကြီး နှစ်သိမ့်ပေးနေတာတောင်မှပဲ.. သူမ တကယ်ကို မထင်ထားဘူးလေ နောက်ဆုံးကျ သူမကပဲ လူပြက်ကြီးတစ်ယောက် ဖြစ်သွားလိမ့်မယ်လို့။
စိတ်ထဲကနေ ချူးလီကို အခါတစ်ရာလောက် ကျိန်ဆဲနေချိန်မှာပဲ app ကနေ တာဝန်ပေးအပ်သော မက်ဆေ့ချ် ဝင်လာခဲ့သည်။ အချစ်ကိုပြန်ရဖို့အတွက် ကာစတမ်မာကို ကူညီပေးရမှာဖြစ်ပြီး ဆုကြေးငွေကတော့ ယွမ်၅ သောင်းပင်။
ကျန်းယွီသည် တာဝန်ကိုကြည့်လိုက်ရင်း သူမအတန်းဖော်ဟောင်းများကို ကူညီရမည့် တာဝန်များဖြစ်သောကြောင့် အတော်ကို ပျော်ရွှင်သွားခဲ့သည်။ သူများကို ကောင်းတဲ့အရာတွေ ရရှိအောင် ကူညီပေးရတာ သူမအတွက်လည်း အတော်ကို ဝမ်းသာပီတိဖြစ်ရတယ်လေ။
အရေးအကြီးဆုံးကတော့ ဒီလို တာဝန်မျိုးတွေက တကယ့်အန္တရာယ်အစစ်တွေ ပါမှာမဟုတ်ဘူး။
ကျန်းယွီလည်း တွန့်ဆုတ်မှုမရှိ လက်ခံလိုက်တော့သည်။
ထို့နောက် (ချန်ယဲ့)ဆိုသော အမည်နှင့် အမျိုးသားတစ်ယောက် သူ့ကိုလာအပ်လေသည်။ ကျန်းယွီသည် နာမည်ကိုကြည့်လိုက်ပြီး ချက်ချင်းဆိုသလို ပြန်မတုံ့ပြန်နိုင် ဖြစ်သွားတော့သည်။
(ချန်ယဲ့).. အဲ့ဒါကတရုတ်တေးဂီတပြဇာတ်ထဲက နာမည်ကြီးမင်းသားစတားများ ဖြစ်မလား?
ဒါတိုက်ဆိုင်တာလောက်ပဲ နေမှာပါ.. နာမည်တူ၊ မျိုးရိုးတူ ဖြစ်နေတာ ဖြစ်နိုင်တယ်လေ။
ကျန်းယွီ - “ဟယ်လို.. ငါ ကူညီနိုင်တာများ ရှိလား?”
ဟုတ်ပါတယ်။ ချန်ယဲ့ကတော့ စကားကို အပိုတွေပြောမနေဘဲ တည့်သာ ချက်ချင်းပြောတယ်လေ။
“ငါ့အရင်ရည်းစားကို ပြန်ရအောင်လို့ မင်း ငါ့ကို ကူညီစေချင်တယ်”
ကျန်းယွီ - “ဟင်? ငါ့ကိုအသေးစိတ် ရှင်းပြပေးနိုင်မလား? နင့်အခြေအနေကို ပြောပြလေ.. နင်တို့ဘယ်လိုသိကျွမ်းခဲ့လဲဆိုတာရယ်၊ နင့်ရဲ့ အခြေခံ အချက်အလက်တွေရယ်”
သူမ အချိန်အတော်ကြာအောင် စောင့်ဆိုင်းနေပြီးတော့မှ ချန်ယဲ့ဆီကနေ အသံမက်ဆေ့ချ်အရှည်ကြီးတစ်ခု ရောက်လာခဲ့သည်။
“သူမနဲ့ ငါက တက္ကသိုလ်အပြင်ဘက်မှာ တွေ့ခဲ့တာ.. ဘားတစ်ခုမှာပေါ့။ သူက အဲ့ဘားမှာ အဆိုတော်လေ.. ငါကတော့ တီးဝိုင်းထဲကလူပေါ့။ ဂီတကြောင့်ပဲ ငါတို့ဆုံတွေ့ခဲ့ကြတာ။ အဲ့နှစ်တွေတုံးက ဂီတနယ်ပယ်ထဲ ရှင်သန်ရတာ သိပ်မလွယ်လှဘူး။ ပြီးတော့ အခက်အခဲတွေကို ငါတို့အတူတူ ရင်ဆိုင်ခဲ့ကြတာလေ။ အစကတည်းက ငါပြောခဲ့တယ်.. ဘယ်လောက်ပဲ ခက်ခဲကြမ်းတမ်းပါစေ ငါတို့သာ အတူတူရှိနေမယ်ဆိုရင် ငါသည်းခံကျော်လွှားနိုင်တယ်လို့"
“ဒါပေမယ့် သူမက အရင် ထွက်သွားခဲ့တာ.. သူမ မခံစားနိုင်တော့ဘူး လို့ပြောတယ်လေ။ ပြီးတော့ သူမမှာ ဒီ့ထက်ပိုသင့်တော်တဲ့ လူတစ်ယောက် တွေ့နေပြီတဲ့။ အဲ့လူနဲ့သာဆိုရင် သူမဘဝကြီး ပိုလွယ်ကူအဆင်ပြေလိမ့်မယ်ပေါ့လေ”
ဒီကာစတမ်မာက ဂီတကို ပြောနေသည့်အတွက် ကျန်းယွီ၏ နှလုံးသားလည်း စတင်လှုပ်ခတ်လာတော့သည်။
ဒီချန်ယဲ့ပြောနေသမျှက… အဲ့ဒီ ပေါ့ပ်စတားနဲ့ တကယ်တူနေတာပဲ။
ဘုရားရေ..။
အဲ့စတားက သူ ပွဲဦးမထွက်ခင်တုံးက လမ်းမပေါ်မှာ ဂီတာနဲ့ သီချင်းဆိုခဲ့တယ်လို့ ပြောတယ်လေ.. ပြီးတော့မှ အရည်အချင်းကြောင့် လူရွေးခံခဲ့ရတာဆိုပြီး။
သူက အလွန်ကို အရည်အချင်းရှိသည်ပင်။ တေးရေးဆရာလည်း ဟုတ်သလို အဆိုတော်လည်း ဖြစ်ပေသည်။ သူ့ရဲ့ ပထမဆုံး အယ်လ်ဘမ်ထွက်လာကတည်းက ချက်ချင်းကို ပေါက်သွားခဲ့တာပင်။
သူက ပျော်ပျော်နေတတ်ပြီး၊ စိတ်ရင်းကောင်းကာ ဟန်ဆောင်မှုကင်းမဲ့သူဖြစ်သည်။ ရော့ခ်အန်ရိုးလ်ဂီတနောက်ခံကနေ ဆင်းသက်လာသူဖြစ်သည့်အလျောက် ပုန်ကန်တတ်သော ကိုယ်ကျင့်စရိုက်လေးလည်း ရှိပေသည်။ သူပွဲဦးထွက်တုံးက လူငယ်များအကြားတွင် အတော်လေး ရေပန်းစားခဲ့ပြီး၊ ထို့နောက်တွင်တော့ တရုတ်ပြည်တစ်ခုလုံးအနှံ့ နာမည်ကျော်ကြားသွားခဲ့သည်။
ကျန်းယွီကလည်း သူ့ပေါ့ပ်သီချင်းတွေကို နားထောင်ရင်း ကြီးပြင်းလာခဲ့သူပင်။ သူ့ရှိုးပွဲကို သွားကြည့်ဖို့ ပိုက်ဆံတောင် စုချင်ခဲ့တာလေ။
အမေရေ!
ချန်ယဲ့ - “ငါပြောတာကို နားထောင်နေရဲ့လား?”
ကျန်းယွီ - “အင်း.. ဆက်ပြောပါ ငါနားထောင်နေပါတယ်”
ချန်ယဲ့ - “အဲ့အချိန်တုံးက အဲ့လိုအကြောင်းပြချက်မျိုးနဲ့ သူမ ငါ့ကို လမ်းခွဲသွားတာ။ အတော်လေးလည်း ငယ်သေးတာကိုး။ ငါ အဲ့ဒါကို လက်မခံနိုင်ဘူး။ အဲ့ဒါကြောင့် ငါဟိုင်ချန်ကိုသွားပြီး စိတ်ပေါက်ပေါက်နဲ့ အသက်မွေးဝမ်းကြောင်းကိုသာ ဇောက်ချလုပ်လိုက်တယ်လေ.. သူမကိုလည်း ဘယ်တော့မှ ပြန်မဆက်သွယ်ခဲ့ဘူး”
အဲ့နှစ်တွေတုံးက ဘယ်လောက်ပဲ ခက်ခဲခဲ့ပါစေ.. ငါအံကိုကြိတ်ပြီး သည်းခံခဲ့တာ။ ဘာလို့လဲဆိုတော့ ငါ့အချစ်ဦး ငါ့ကိုပစ်သွားတာက ငါဆင်းရဲလို့ဆိုပြီး ထင်လို့လေ။ ငါ့စိတ်ထဲမှာ တွန်းအားတစ်ခုလို ခံစားခဲ့ရတာပေါ့။ အခုငါဘယ်လောက်ထိ ကောင်းနေပြီလဲဆိုတာကို ငါ သူမကို မြင်စေချင်တယ်။ လူအများကြီးက ငါ့ကိုကြိုက်ကြတယ်လေ.. ငါ သူမကို နောင်တရစေချင်တယ်”
ကျန်းယွီလည်း တုန်ရီနေသော လက်ချောင်းများဖြင့် စာပြန်လိုက်သည်။
“နင်လုပ်နိုင်ခဲ့ပါတယ်။ နင်အခု အရမ်းကို နာမည်ကြီးနေပြီလေ”
သူကနာမည်ကြီးရုံတင် ဘယ်ဟုတ်မလဲ..။ တရုတ်တေးဂီတလောကမှာ ချန်ယဲ့ကို နတ်ဘုရားတစ်ဆူလိုတောင် ခေါ်လို့ရတယ်လေ။
ပုထျန်းယန်ပြီးတော့ ကျန်းယွီ၏ ဒုတိယမြောက် အကြိုက်ဆုံး အိုင်ဒေါလ်ကလည်း ချန်ယဲ့ပဲ။ သူ့သီချင်းတွေက သူမ ကြီးပြင်းလာတဲ့တစ်လျှောက် အဖော်ပြုပေးလာတာလို့တောင် ဆိုနိုင်တာပေါ့။
သို့သော်လည်း ချန်ယဲ့ပြောတာကတော့ “ဒါပေမယ့် နောက်ဆုံးကျ ငါ့စိတ်ကို လျော့ချလိုက်ပြီး ဘဝကို ကောင်းကောင်းမွန်မွန်လေးပဲ နေသွားတော့မယ်လို့ ဆုံးဖြတ်လိုက်တဲ့အချိန်ကျတော့ သူမက ဆုံးသွားနှင့်ပြီလေ”
ကျန်းယွီ - “အာ..”