← Chapters

Chapter 69

Vol. 7 Ch. 69

Chapter 69

Vol. 7 Ch. 69

လျှပ်စီးလိုး rock နှင့် heavy metalက ဟိန်းဟောက်သံတွေက ဆယ်ကျော်သက်တွေရဲ့ငယ်ရွယ်ပြင်းပြမှုတွေတောင်လောင်နေခဲ့သည်...အောင်မြင်စွာဘဲ ကျောင်းသားလူငယ်တွေကိုဆွဲဆောင်နိုင်ခဲ့သည်။

စတုရန်းကွင်းကနေ တစ်ယောက်ချင်းစီ ပျောက်ပျောက်သွားကြပြီး အောဟစ်အားပေးရင်း ချန်ယဲ့ရဲ့ တီးဝိုင်းဆီကိုပြေးသွားကြသည်။

ကျောင်းခေါင်းဆောင်က မျက်နှာကြီးအရုပ်ဆိုးသွားကာ ချက်ချင်း လုံခြုံရေးတွေအား ချန်ယဲ့တို့အဖွဲ့ကို မောင်းထုတ်ဖို့ပြောလိုက်သည်။

အသံကျယ်ကျယ်အော်ဟစ်ကာ မျက်နှာမှာ စိတ်အားထက်သန်နေသည့်အပြုံးနှင့် rock လိုမျိုး ပုန်ကန်ထကြွအရိုင်းဆန်နေကြသည့် စင်ပေါ်က လူငယ်ကို ကျန်းမန့်ယီ ပထမဆုံးတွေ့ဖူးခြင်းပေ။

"မင်းတို့က ငါ့ကိုစင်ပေါ်မတက်ခိုင်းဘူး၊ ငါက မင်းတို့ရဲ့ ရေပန်းစားမှုကို ခိုးယူသွားမှာကြောက်နေကြတာလား!"

"ဘာလို့ rockဂီတက တရားဝင်ဖျော်ဖြေခွင်းမရရမှာလဲ!"

"Rock & က ဘယ်တော့မှ မသေဆုံးဘူး! အဓွန့်ရှည်ခိုင်မြဲပါစေ!"

ဒရမ်ရဲ့စီးချက်က ကျန်းမန့်ယီရဲ့နှလုံးကို နက်နက်ရှိုင်းရှိုင်းထိမှန်သွားခဲ့သည်။

ကလေးဘဝကတည်းက အခုလူငယ်ဘဝအထိ အိမ်မှာသူမမောင်တွေ၊ ညီမတွေကို တာဝန်ယူစောင့်ရှောက်နေခဲ့ရပြီး အရာအားလုံးကိုသည်းခံရကာ မတရားမှုမှန်သမျှ အထွန့်မတက်ရဲခဲ့ပေ။

ဒရမ်တီးသံနှင့် အရိုင်းဆန်တဲ့ rock ဂီတကိုနားမထောင်ရခင် လုပ်ပိုင်ခွင့်အာဏာကို လွတ်လွတ်လပ်လပ် စိန်ခေါ်ရဲပြီး လူငယ်တို့ဖိနှိပ်ခံရတာကို ကန့်ကွက်ရဲတဲ့ ပုန်ကန်သူလူငယ်ကို တွေ့လိုက်ရသည်။

ဆယ်နှစ်ကျော်လောက် နှိပ်စက်နေခဲ့တဲ့ အိပ်ချင်စိတ်က ညအတော်ကြာမှ နိုးထလာတော့မည့်ပုံပေါ်သည်။

သူမ ကံကြမ္မာကို စတင်မေးခွန်းထုတ်မိသည်။ "ဘာလို့လဲ"

အဲ့ဒီ့အချိန်ကစပြီး ကျန်းမန့်ယီ သူမမိသားစုဆီ ပိုက်ဆံမပို့တော့ဘဲ သူ့မောင်နှမအငယ်တွေကို ပျိုးထောင်ဖို့ သူမ မိဘတွေကို ဆက်မကူတော့ပေ။

သူမ မိသားစုအတွက် ကောလိပ်သွားရမဲ့ အခွင့်အရေးကို လက်လွတ်အဆုံးရှုံးခံပြီးပြီ။ မိသားစုက သူမကိုဆွဲချထားပီး သူမ့ကိုယ်ပိုင်ဘဝကို ဖျက်ဆီးဖို့ခွင့်မပြုနိုင်တော့ပေ။

ဒါကြောင့် ကျန်းမန့်ယီ သူမ ဝင်ငွေကို သူမကိုယ်တိုင်စတင်သုံးစွဲခဲ့သည်။ အလှကုန်ပစ္စည်း‌တွေ စဝယ်သည်၊ အဝတ်အစား ဘယ်လိုဝတ်ဆင်ရမလဲ သင်ယူသည်၊ သူမဘဝသာယာလာအောင် စတင်လုပ်ဆောင်သည်၊ မကြာခဏ အနုပညာအကယ်ဒမီရဲ့ ဂီတမေဂျာသို့ စာရင်းစစ်အဖြစ်သွားခဲ့သည်။

ထိုအချိန်က ပုထျန်းယန်နှင့် သူမ အခန်းဖော်တွေဆီကနေ အနုပညာအကယ်ဒမီရဲ့ "စူပါဗီလိန်"လို့ အခေါ်ခံရသည့် ချန်ယဲ့အကြောင်းသိလာခဲ့ရသည်။

ထိုလူက ကျောင်းမှာနာမည်ကြီးဖြစ်သည်။ ပထမဆုံးအနေနဲ့ အနုပညာအကယ်ဒမီတစ်ခုလုံးကို ခြုံကြည့်လိုက်လျှင် သူ့ရဲ့ချောမောမှုတွေ၊ စိတ်နေစိတ်ထားတွေကြောင့် ကျောင်းရဲ့အချောဆုံးနံပါတ် ၁ က သူမှလွှဲ၍ အခြားသူမဖြစ်နိုင်ပေ...

ဒုတိယအချက်အနေနဲ့ ဒီလူရဲ့ ပုန်ကန်ထကြွသည့်သွင်ပြင်နှင့် ထိန်းမရသိမ်းမရ အပြုအမူတွေက တစ်ကျောင်းလုံးကိုခေါင်းကိုက်စေသည်။

ထိုအချိန်က အနုပညာကောလိပ်ရဲ့ကောင်မလေးတွေက "ချန်ယဲ့"လိုလူဆိုးလေးတွေကို အရူးအမူးချစ်ကြသည်။

ကျန်းမန့်ယီလည်း အလားတူစွာဘဲ၊ ချန်ယဲ့ကို ပထမဆုံးစတွေ့တော့ မြင်မြင်ချင်းချစ်မိလုနီးပါးပေ။

ဘားမှာဖြစ်ဖြစ် ကွင်းပြင်တွေ၊ မြေအောက်မီးရထားလမ်းတွေမှာဖြစ်ဖြစ် သူ့ရဲ့တီးဝိုင်းဖျော်ဖြေပွဲတွေ တစ်ခုမကျန်သွားခဲ့ပြီး လူအုပ်ကြားကနေ ထိန်းမရတဲ့စိတ်လှုပ်ရှားမှုအပြည့်နှင့် တိတ်တဆိတ်လိုက်ကြည့်နေခဲ့ရသည်။

သူမ ကိုယ်ထဲက ဆဲလ်တိုင်းကသူ့ကိုအားပေးကြသည်။

နောက်တော့ ဖျော်ဖြေပွဲတစ်ခုပြီးနော် ချန်ယဲ့က သူမ့ကိုတကယ် တားခဲ့သည်။ "ဟေး! မင်း နာမည်ဘယ်လိုခေါ်လဲ"

ကျန်းမန့်ယီ ပတ်ပတ်လည်ကို ခေါင်းဝှေ့ကြည့်ပြီးကာမှ သူမကိုယ်သူမ ညွှန်ပြလိုက်သည်။ "ငါ့ကို‌ မေးတာလား"

ချန်ယဲ့က ချစ်စဖွယ် ပါးချိုင့်လေးပေါ်တဲ့အထိ ပြုံးပြလာသည်။ "ဒီမှာ အခြားဘယ်သူရှိသေးလို့လဲ"

သူ့ဖျော်ဖြေပွဲက အချိန်တိုင်း လူဆယ်ယောက်ထက်လာမကြည့်ကြပေ။ သူ့ရှေ့က ကောင်မလေးက အမြဲလာကြည့်တာကြောင့်မလို့ သူမကိုသတိထားမိနေခဲ့သည်။

"ငါ...ငါ့နာမည်က ကျန်းမန့်ယီ" သူမက အိုင်ဒေါသဘောကျတာခံရသလိုမျိုး ချက်ချင်းရှက်သွေးဖြာလာခဲ့ပြီး အထစ်ထစ်အငေါ့ငါ့ ပြောလိုက်သည်။ "ငါက နင့်ရဲ့ပရိတ်သတ်ပါ၊ နင်...နင့်ရဲ့သီချင်းတွေကိုသ...သဘောကျလို့ပါ"

"အစ်ကိုယဲ့ သွားကြစို့" သူ့နောက်က ဘေ့စ်တီးသမားက သူ့ကိုခေါ်ခဲ့သည်။

စီးကရက်ကိုကိုက်လျက် လှည့်ပြောလိုက်သည်။ "မင်းတို့အရင်သွားနှင့်ကြ၊ ငါ့ပရိသတ်လေးကို စကားနည်းနည်းပြောပြီး လာခဲ့မယ်"

ထို့နောက် ကျန်းမန့်ယီဆီ လျှောက်လာပြီး ပင်းကျန်းကွင်းပြင်ဘေးက အရှိန်နှုန်းမြင့်မြင့် စီးဆင်းနေတဲ့မြစ်ကိုကြည့်လျက် "အတူတူလမ်းလျှောက်ကြမလား"

ကျန်းမန့်ယီ သူမလည်ပင်းကိုတောင့်ပြီး ခေါင်းညိမ့်ပြလိုက်သည်။ "အိုကေ"

ချန်ယဲ့က ပါးစပ်ထဲစီးကရက်ကိုက်လျက် လျှောက်သွားနှင့်ပြီး ကျန်းမန့်ယီက နှလုံးတဒိတ်ဒိတ်နှင့် နောက်ကလိုက်သွားသည်။

သူမ ဘေးကိုဖျတ်ခနဲကြည့်လာပြီး အပြုံးနှင့်ပြောလာသည်။ "ပူနေတာလား"

"...အဲ့တာက..."

"မင်း ကိုယ့်ကို ကြိုက်နေတယ်လို့ကြားတယ်"

"ဘယ်သူပြောတာလဲ!"

"ကိုယ်တို့ကောလိပ်ရဲ့ငန်းမလေးက သူမ အချစ်ဆုံးသူငယ်ချင်းက ကိုယ့်ကိုကြိုက်နေတာမလို့ အခွင့်အရေးပေးလိုက်ဖို့ လာပြောတယ်လေ၊ ဘယ်သူလဲ ပြန်မေးလိုက်တော့ ကိုယ့်ဘာသာ တဖြည်းဖြည်းရှာတွေ့သွားလိမ့်မယ်တဲ့"

ချန်ယဲ့က ကျန်းမန့်ယီကို ကြည့်လာသည်။ "သေချာနေပြီပေါ့၊ မင်းက အမြဲ ကိုယ့်ပွဲတိုင်းမှာရှိနေတဲ့တစ်ယောက်လေ"

ကျန်းမန့်ယီ တွံတွေးပင်တီးသွားလုနီးပါးဖြစ်သွားကာ ရှက်လွန်းလို့ မြစ်ထဲခုန်ဆင်းသေပစ်ချင်လာသည်! သူမ ချန်ယဲ့ကို ကြိုက်ပေမဲ့ သူသိသွားမှာ လုံးဝမလိုလားဘူးလေ! ပုထျန်းယန်ကလည်း ကောလိပ်ကျောင်းသူ၊ ချန်ယဲ့ကလည်းကောလိပ်ကျောင်းသား၊ ဒါပေမဲ့ သူမက... သူမကဘာလဲ၊ အထက်တန်းကျောင်းထွက်ပြီးတော့ အခု အသက်ရှင်ဖို့ အလုပ်လုပ်နေရတာလေ။

ကျောင်းမှာ သူ့ကိုသဘောကျတဲ့ ထက်ထက်မြတ်မြတ်ကောင်မလေးတွေ အများကြီးရှိတာကို၊ ကျန်းမန့်ယီမှာ ဘာအရည်အချင်းများရှိလို့လဲ...

ဒီနိမ့်ကျတဲ့သဘောကျမှုက သူမ နှလုံးသားထဲမှာသာ သိမ်းထားသင့်တာ၊ ဘယ်တော့မှ ရှာမတွေ့သွားသင့်ဘူး!

"ငါတောင်းပန်ပါတယ်၊ ငါ ထပ်ပြီး အဲ့လိုမလုပ်တော့ပါဘူး! တောင်းပန်ပါတယ်!"

စကားဆုံးတော့ မျက်ရည်များကို အင်္ကျီလက်နှင့်သုတ်ကာ နောက်လှည့်ပြေးတော့သည်။ ဒါက သူတို့နှစ်ယောက်ကြားက ပထမဆုံး စကားပြောဆိုခြင်းပင်။

သူမက လွန်ခဲ့တဲ့ခြောက်လလုံး သူ့ကိုကြိုက်လာခဲ့တဲ့အတွက် တောင်းပန်ခဲ့သည်။

တကယ်တော့ အဲ့ဒီ့ညမြစ်ကမ်းဘေးမှာတုန်းက ချန်ယဲ့က ကျန်းမန့်ယီကို ငြင်းဖို့ရည်ရွယ်ခဲ့တာဖြစ်သည်။

အကြောင်းပြချက်ကတော့ သူ့ရဲ့နှစ်ကြာရှည် rock & roll အိမ်မက်နောက်ကိုသာ တစိုက်မတ်မတ်လိုက်ချင်ပြီးတော့ အချစ်အကြောင်းတွေးဖို့ စွမ်းရည်မရှိပေ။

သို့သော် လွန်ခဲ့တဲ့ခြောက်လလုံးလုံး သူ့ရှိုးပွဲတိုင်းကို တစ်ပွဲမကျန် လာအားပေးတဲ့ ကောင်မလေးရဲ့အချစ်ကိုတော့ ချန်ယဲ့လေးစားရသည်။

ထိုကဲ့သို့ကြိုက်နှစ်သက်မှုမျိုးက ချန်ယဲ့ကို ဂုဏ်တက်စေသည်။

ထို့ကြောင့် သူ့ကိုဝန်ခံခဲ့တဲ့ အခြားကောင်မလေးတွေနှင့်မတူဘဲ ကျန်းမန့်ယီကို သူမက ပြဿနာမဟုတ်ဘဲ သူ့ရဲ့အလုပ်ကိုအားစိုက်ချင်တာကြောင့်ဆိုပြီး စကားကောင်းကောင်းပြောကာ ငြင်းဖို့လုပ်ခဲ့တာဖြစ်သည်။

သူ့အပေါ်အချိန်ဖြုန်းနေတာထက်စာရင် အခြားပိုကောင်းတဲ့လူတွေနှင့် လွဲသွားမှာ စိုးရိမ်သောကြောင့်ပင်။

ဒါပေမဲ့ ကျန်းမန့်ယီက သူ့ကိုငြင်းဖို့အခွင့်အရေးပင်မပေးခဲ့ပေ။

သူမငိုရင်းပြောခဲ့တဲ့ "တောင်းပန်ပါတယ်"ဆိုတာက ချန်ယဲ့ရဲ့နှလုံးကို ချက်ချင်းတုန်လှုပ်စေခဲ့သည်။

ချန်ယဲ့က အပြင်မှာ ဘာကိုမှဂရုမစိုက်သလို ကြမ်းတမ်းပြီး ဂရုမပြုတဲ့ပုံပေါ်ပေမဲ့ သူ့စိတ်က အရမ်းနူးညံ့သည်။

ကိုယ်ကြိုက်တဲ့သူနှင့် မျက်နှာချင်းဆိုင်ပြီး ဒီဟန်ဆောင်ခြင်းမရှိတဲ့ ချစ်ခြင်းတရားအတွက် တောင်းပန်ဖို့ဆိုတာက ဘယ်လိုတောင်နှိမ့်ချလိုက်ရလဲ။

အဲ့ဒီ့ညပြီးတော့ ကျန်းမန့်ယီက သူ့ရှိုးပွဲကိုထပ်ပြီး ပေါ်မလာတော့ပေ။

နောက်ပိုင်း ချန်ယဲ့က ပိုပိုနာမည်ကြီးလာပြီး အတိတ်က လူတစ်ဒါဇင်လောက်ကနေ နောက်ပိုင်းလူရာနှင့်ချီပြီး ပရိသတ်တွေ တိုးလာခဲ့တာတောင်မှ...

သို့ပေမဲ့လည်း သူ ရင်နှီးတဲ့ပုံရိပ်လေးကို ထပ်မတွေ့ရတော့ပေ။

အဲ့ဒီ့အစား ချန်ယဲ့မှာလည်း သူ့နှလုံးသားကပါ လွတ်နေသလိုခံစားရသည်။

သူမက ဘယ်တော့မှ ထပ်မလာတော့မဲ့ပုံဘဲ။

ထိုအခြေအနေနှင့် နှစ်ဝက်လောက်ကြာသွားခဲ့သည်။ ချန်ယဲ့သည် သူ့ရှိုးပွဲတိုင်း တစ်စုံတစ်ယောက်ကိုစောင့်မျှော်နေခဲ့ပြီး...နောက်ပိုင်း သူစိတ်ပျက်အားလျော့လာခဲ့သည်။

ထိုကဲ့သို့သော ခံစားချက်တွေက သူ့ကိုအတော်ပြဿနာတက်စေခဲ့သည်။

နောက်ဆုံးတော့ သူမကို လိုက်ရှာဖို့ဆုံးဖြတ်လိုက်သည်။ ပုထျန်းယန်ရဲ့ သတင်းအချက်အလက်ကနေတဆင့် ကျန်းမန့်ယီ သီချင်းဆိုတဲ့ ဘားကိုသွားပြီး ရှာတွေ့ဖို့မလွယ်သည့် ထောင့်စွန်းနေရာမှာထိုင်ပြီး သူမသီချင်းဆိုတာနားထောင်ခဲ့သည်။

အရင်က သူ့ရှိုးပွဲတိုင်းကို သူမ မလွတ်ခဲ့သလိုမျိုး သူလည်း ကျန်းမန့်ယီရဲ့ဖျော်ဖြေပွဲတိုင်းကို မလွတ်စေရတော့ပေ။

စင်ပေါ်က ကောင်မလေးက ပုခုံးအတိဆံပင်တိုလေးနှင့် ရိုးရိုးရှင်းရှင်း တီရှပ်အဖြူနှင့် ဂျင်းဘောင်းဘီအကျပ်လေးကို ဝတ်ထားသည်။ သာယာနာပျော်ဖွယ် အသံနက်ရှရှလေးရှိပြီး နစ်ဝင်စွာသီချင်းဆိုနေခဲ့သည်။

လူတစ်ယောက်ရဲ့သီချင်းဆိုသံကနေ သူတို့ဘဝရဲ့တစ်စိတ်တစ်ပိုင်းကို ရရှိနိုင်သည်ဟု ချန်ယဲ့အမြဲတွေးခဲ့ဖူးသည်။

အဲ့ဒီ့နေ့ကနေစပြီး ချန်ယဲ့ သူမဘဝကို စတင်နားထောင်ခဲ့ပြီး သူမရဲ့နာကျင်မှုတွေ၊ ပျော်ရွှင်မှုတွေ၊ စိတ်ခံစားချက်သေးသေးလေးတွေကအစ သူမသီချင်းဆိုသံမှာပုန်းကွယ်နေကြသည်။

ထိုကောင်မလေးကို တဖန်ပြန်ပြီး စသိလာရသည်။

ထိုအချိန်မှာ ပြောဆိုဆက်ဆံဖို့ အဆင်ပြေတဲ့နည်းလမ်းတွေမရှိတော့ဘဲ လူတွေကြားက အကွာအဝေးက ကွာဟလွန်းနေပြီးတော့ အချိန်တွေက ဖြည်းဖြည်းချင်းကုန်ဆုံးသွားပုံရသည်။

သူမသီချင်းတွေကို နှစ်ဝက်လောက် နားထောင်လာပြီးတော့ နောက်ဆုံးမှာတော့ နှစ်ကုန်ခရစ်စမတ်နေ့မှာ သူမကို သူ့အချစ်တွေ ဝန်ခံခဲ့သည်။

အဲ့ဒီ့ညက နှင်းတွေထူထဲစွာကျနေခဲ့ပြီး ကျန့်မန့်ယီက သူ့ညီမအတွက် ကျူရှင်ခလှမ်းတောင်းဖို့ သူမအမေဖုန်းခေါ်တာကို ကိုင်ရင်း နှင်းလမ်းမှာ တစ်ယောက်တည်းလျှောက်နေခဲ့သည်။

စကားတပြောပြော၊ ရယ်ရယ်မောမောနှင့် သူတို့ကလေးတွေ လက်ကိုဆွဲပြီးလျှောက်နေကြတဲ့ မိဘတွေကြည့်ရင်း၊ လမ်းပေါ်က အတွဲတွေကိုကြည့်နေရင်း...

ဒီကမ္ဘာကြီးမှာ ချစ်သူရည်စားလည်းမရှိ၊ ဆွေမရှိမျိုးမရှိနှင့် စိမ်းသက်တဲ့ မြို့ကြီးပြကြီးမှာ အလုပ်လာလုပ်ရတဲ့ တစ်ကောင်ကြွက်က သူမတစ်ယောက်တည်းထင်ပါရဲ့။

ကွင်းပြင်ကျယ်က လွင့်လာတဲ့ ဂျင်ကာခေါင်းလောင်းသံ၏ တေးသွားကိုကြားလိုက်ရချိန်တွင် ခံစားချက်တွေကို မထိန်းနိုင်တော့ဘဲ မျက်ဝန်းထဲက မျက်ရည်တွေစီးကျလာတော့သည်။

ချက်ချင်းတာကျိုးကျသွားသလို မျက်ရည်တွေစီးကျလာတော့ နှာရှုံ့နေရသည်။

ဘဝကြီးက တကယ့်ကို...ခက်ခဲတာပဲ။

တအားအထီးကျန်သည်။

ဒီနေ့အထိ အဲ့ညက ချန်ယဲ့ကို ချစ်ခွင့်ပန်လိုက်ရတာ အချိန်ကောင်းဟုတ်မဟုတ် ကျန်းမန့်ယီ မသိခဲ့ပေ။

နှာတရှုံ့ရှုံ့နှင့် ချောင်းသီးလျက် လမ်းကိုဖြတ်ကူးလိုက်ပြီး မြစ်ဘေးဆီလျှောက်သွားကာ မတ်တပ်ရပ်ရင်း တလဲ့လဲ့တောက်နေသော မြစ်ကြီးကိုငေးမောလိုက်သည်။

မြစ်ရဲ့တစ်ဖက်ခြမ်းမှာ နီယွန်မီးသီးများနှင့် ထိန်လင်းနေသည့် တိုက်အမြင့်ကြီးများနှင့် ပေချန်မြို့ရဲ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဇုန်ရှိသည်။

ဒါက သူမရင်‌ဆိုင်နေရတဲ့ သူမအိမ်မက်တွေရှိတဲ့ မြို့တော်ကြီးဖြစ်သည်...

တစ်ဖက်ခြမ်းက ကြွယ်ဝချမ်းသာမှုတွေကို နိမ့်ကျစွာမျှော်ငေးကြည့်နေခဲ့ရသည်။

ထိုအချိန်မှာဘဲ နောက်ကနေ လူငယ်တွေနှင့်မစိမ်းသက်တဲ့ "Lover" သီချင်းတေးသွားသံစဉ်ထွက်ပေါ်လာသည်။ "ကိုယ့်အတွက်နဲ့ တိတ်တဆိတ်မငိုဖို့ မျှော်လင့်တယ်🎵🎶"

"မင်းနှလုံးသား ဗလာဖြစ်နေမှာမလိုလားဘူး🎶🎵"

" ပြန်သွားချင်နေတာဘယ်သူလဲဆိုတာ မင်းသိရဲ့လား🎶🎵"

"မင်းနဲ့ကိုယ့်ကြားမှာ ဘယ်သူရှိနေလဲ🎵🎶"

ကျန်းမန့်ယီ လှည့်ကြည့်လိုက်တော့ အပြုံးများတောက်နေတဲ့ မျက်ဝန်းများနှင့်လူငယ်လေးကို မြင်လိုက်ရသည်။

သူမ မိန့်မောသွားပြီး... ငိုဖို့ပင်မေ့နေသည်။

ထိုအရာက သူမ့နှလုံးသားထဲမှာ နက်ရှိုင်းရှိုင်းနစိဝင်နေတဲ့အချစ်၊ သူမ အချစ်ပင်တည်း။

"လူတွေဘဲ၊ နံရံတွေဘဲ၊ အေးစိမ့်တဲ့ ဆောင်းရာသီဘဲ၊ မျက်ဝန်းများထဲ ဖုံးကွယ်နေတယ်၊ ကိုယ်တို့ ပျော်ရွှင်နိုင်မဲ့ နေ့တွေ ညတွေ ရောက်လာတော့မယ်၊ မစောင့်နိုင်တော့ဘူး🎵🎶"

လူတွေက တဖြည်းဖြည်းပြုံလာပြီးလူငယ်လေးရဲ့ မျက်ဝန်းစူးစူးနက်နက်များက လူအုပ်ကိုကျော်ပြီးတော့ သူချစ်တဲ့လူအပေါ် စူးစိုက်ကြည့်နေခဲ့သည်။

ထို့နောက် ဂီတာတီးနေတာကိုရပ်လိုက်ပြီး သူမကိုအော်ပြောလိုက်သည်။ "မငိုပါနဲ့"

ကျန်းမန့်ယီက မျက်ရည်တွေကိုသုတ်ကာ ခေါင်းမာမာနှင့်ပြန်ပြောလိုက်သည်။ "ငါ့ကို နင်က ဂရုစိုက်မှာမလို့လား"

"ကိုယ် မင်းကိုဂရုစိုက်မှာပေါ့၊ အနာဂတ်မှာ ကိုယ် မင်းကိုအမြဲဂရုစိုက်သွားမှာ"

ကျန်းမန့်ယီက သူ့ကိုဗလာသက်သက် စူးစိုက်ကြည့်နေခဲ့ပေမဲ့ သူပြောတဲ့စကားလုံးတွေရဲ့အဓိပ္ပာယ်ကို သဘောမပေါက်သေးပေ။

သူ့ဘေးက ချန်ယဲ့ရဲ့ဘော်ဒါတွေက သူ့ကိုမျက်စိမှိတ်ပြကာ သတိပေးနေကြသည်။ "ချစ်ခွင့်ပန်တဲ့စကားကို ငါမှားများ ကြားနေရတာလားကွာ! ကိုယ် မင်းကိုအမြဲချစ်သွားမှာပါဆိုပြီး ဖြစ်သင့်တာလေ"

သို့သော် လမ်းစဉ်အတိုင်းဘယ်တော့မှ လိုက်မလုပ်တတ်တဲ့ချန်ယဲ့က လုံးဝ"စာသားလွဲ"နေပြီး ပေါ့‌ပေါ့ပါးပါးသာ ဆက်လုပ်လေသည်။ "ကျန်းမန့်ယီ၊ ကိုယ် မင်းနဲ့အတူရှိသွားချင်တယ်၊ ကိုယ်တို့ အတူတူသီချင်းဆိုကြမယ်၊ အတူတူဂီတဖန်တီးကြမယ်...ကိုယ့်မှာ အခုပိုက်ဆံမရှိပေမဲ့ မင်းကို လုံးဝဗိုက်မဆာစေရပါဘူး၊ ကိုယ့်မှာ ၁၀ဒေါ်လာရှိရင် ၉ဒေါ်လာကို မင်းအတွက် သုံးမှာပါ၊ ကိုယ့်မှာသာတစ်ထောင်ရှိရင်၊ တစ်ယွမ်စီအတွက် ရွှေလက်စွပ်တစ်ကွင်းစီ ဝယ်ပေးမယ်..."

"ကိုယ့် ဘဝ အဆုံးမသတ်ခင်အထိ မင်းကိုကြိုက်သွားပါ့မယ်၊ အခြားမိန်းမတွေကို လုံးဝမကြိုက်ဘူး၊ မင်းကိုသာ လက်မထပ်လိုက်နိုင်ရင် ကိုယ် တစ်သက်လုံး လူပျိုကြီးလုပ်သွားမှာ"

"ကိုယ့်ကို အခွင့်အရေးပေးပါကွာ၊ မင်းကို စောင့်ရှောက်ခွင့်ပြုပါ"

ထိုစကားတွေကို သူထုတ်ပြောပြီးသွားတော့ တစ်ကွင်းလုံးက တိတ်ဆိတ်သွားကြပြီး ဟိုအဝေးက မျက်ရည်ဝဲနေတဲ့ကောင်မလေးကို စူးစိုက်ကြည့်နေကြသည်။

အခုချိန်ကစပြီး သူမ ဘဝကြီးတဖန်ပြန်စတင်ပြီဆိုတာ ကျန်းမန့်ယီ သိလိုက်သည်။

ကနဦးကြိတ်ချစ်ရာကနေ ခရစ်စမတ်ညမှာဘဲ တရားဝင်ချစ်သူရည်စားတွေဖြစ်သွားကြပြီး တစ်နှစ်ခွဲကျော်လောက်နီးပါး ချစ်ခဲ့ကြသည်။

ထိုခရစ်စမတ်ညတုန်းက သူတို့နှစ်ယောက် ကြပ်သိပ်နေတဲ့အငှားတဲလေးထဲမှာ ပြာဖြစ်တဲ့အထိ တောက်လောင်ခဲ့ကြသည်။

တကယ်တမ်းကျ အရိုးထဲထိရှေးရိုးစွဲနေတဲ့ ကျန်းမန့်ယီက သူမကိုယ်သူမ ဒီလောက်ထိပွင့်လင်းတဲ့ကောင်မလေးဆိုတာကို တစ်ခါမှမခံစားခဲ့ဖူးပေ။

သို့သော် ချန်ယဲ့ကို တွေ့ဆုံပြီးသွားတော့ သူမရဲ့ဖုံးကွယ်ထားတဲ့ဘဝပချက်ချင်းလောင်ကျွမ်းသွားပြီး တစ်ညလုံးရူးမိုက်ခဲ့ကြသည်။

ထိုလူငယ်လေး၏ သွင်ပြင်က သူမရဲ့ငယ်ရွယ်မှုအကုန်လုံးကို အံ့ဩစေခဲ့ပြီး နှစ်များစွာကြာတော့ သူ့သီချင်းတွေကို နားမထောင်နိုင်တော့ဘူး၊ သူ့ရှိုးပွဲတွေကိုမကြည့်နိုင်တော့ဘူး၊ သူ့သတင်းတွေကိုတောင် မကြားရဲတော့ဘူး...သူ့ကို လွှတ်မပေးနိုင်လောက်ဘူး၊ ဒီဘဝမှာ သူ့ကို လက်လွှတ်မပေးနိုင်မှာ သူမကြောက်ရသည်။

နောက်‌တစ်နေ့ လေယာဉ်ပေါ်တွင် ကျန်းယွီက နားကြပ်တပ်ထားပြီး ချန်ယဲ့ရဲ့သီချင်းကိုဖွင့်ထားခဲ့သည်။

မနေ့ညက သူမ အမေ ပြောပြတဲ့နောက်ကြောင်းထဲ သူမ နစ်မြောနေသေးသည်။

ချူးလီကလည်း သူမဘေးမှာထိုင်နေပြီး နားကြပ်ဖွင့်ထားလျက် သီချင်းတစ်ပုဒ်ထဲကို အတူတူ နားထောင်နေကြသည်။

ချူးလီက ပေါ့ပေါ့ပါးပါးမေးလာသည်။ "မင်း ဒီအဆိုတော်ကို ကြိုက်တယ်လို့ ကိုယ် တစ်ခါမှ မကြားဖူးပါဘူး"

"အရင်တုန်းကတော့ ငါလည်း ဒီအဆိုတော်ကို အထူးတလည် သဘောကျတာ မဟုတ်ဘူးလေ"

"ဒါဆို ဘာကိစ္စ ရုတ်တရက်ကြီး သူ့ရှိုးပွဲကိုသွားချင်ရတာလဲ"

ကျန်းယွီ သူ့ကိုစိုက်ကြည့်ပြီး သေချာရှင်းပြလိုက်သည်။ "ဘာလို့လဲဆိုတော့ သူက ငါ့အဖေလေ"

ချူးလီက လိမ္မော်သီးအခွံနွှာရင်း ပေါ့ပေါ့ပါးပါးပြန်ပြောလာသည်။ "ကိုယ်က မင်းအဖေပေါ့"

"..."

"နောက်နေတာ မဟုတ်ဘူးနော်၊ သူက တကယ်ကြီးငါ့အဖေပါဆို"

နောက်ဆုံးမှာတော့ ချူးလီက မျက်ခုံးပင့်ပြလာပြီး သူမကို စောင်းကြည့်လာသည်။ "ကိုယ်ကလည်း စနေတာမဟုတ်ပါဘူးနော်၊ မကြာခင် ဒါမှမဟုတ် နောက်ပိုင်းကျ မင်း ကိုယ့်ကိုခေါ်ရမှာဘဲ"

"စိတ်တိုလာပြီ"

ကျန်းယွီက ပြုံးကာ အခွံနွှာထားတဲ့လိမ္မော်သီးစိတ်ကို ပါးစပ်နားဖိကပ်ပီး စားဖို့လုပ်လိုက်ချိန် သူကလုသွားပြီး သူ့ပါးစပ်ထဲ ကောက်ထည့်လိုက်ပြန်သည်။

ကျန်းယွီ သူ့ကိုစိတ်ဆိုးချင်လာပြီ။

သူက လိမ္မော်သီးစိတ်ကိုဝါးရင်း ပြောလာသည်။ "ရှဲ့ယွမ်က မင်းအဖေလို့ပြောတာကမှ ဒီစတားက မင်းအဖေပါလို့ပြောတာထက် ပိုယုတ္တိရှိဦးမယ်"

"ဒါပေမဲ့ ငါ နင့်ကို တကယ်မလိမ်ဘူး၊ ငါ့အမေ ကိုယ်တိုင်ပြောပြတာ"

သူမယုံတာကိုတွေ့တော့ ကျန်းယွီက ချူးလီကို အဲ့ညကသူမ အမေပြောပြတဲ့ပုံပြင်ကို အကြမ်းဖျင်းပြန်ပြောပြလိုက်သည်။ ဒါပေါ့၊ ကျန်းမန့်ယွီကတော့ ချန်ယဲ့ဆိုတဲ့နာမည်ကို ဖုံးကွယ်ထားခဲ့တာလေ။

"ဒါ့ကြောင့် ဒီတစ်ခေါက် အမေ့ကို မပြောပြဘဲ ချန်ယဲ့ရဲ့ရှိုးပွဲကိုသွားပြီး သက်သေရှာ‌မလို့လေ။ သူသာငါ့အဖေဆိုရင် ငါ သူ့ကို အသိအမှတ်ပြုချင်တယ်၊ သူ့ကို ငါ့အမေဆီ ပြန်ခေါ်လာချင်တယ်၊ အဲ့တာမှ ငါတို့မိသားစုလေး ပြန်ပေါင်းစီးသွားမှာ"

ချူးလီက မျက်မှောင်ကြီးကြုတ်ကာ သူမကိုစိတ်ရှုပ်နေသလိုမျက်လုံးများနှင့် ကြည့်လာသည်။ အချိန်ခဏကြာကာမှ တိုးတိုးလေး ရေရွတ်လိုက်သည်။ "ငါလိုး"

ကျန်းယွီ သူ့နဖူးကိုဒဏ်ပေးတဲ့အနေနဲ့ ခေါက်ပစ်လိုက်သည်။ "ထပ်ဆဲပြန်ပြီ"

"ကိုယ် အဆင်သင့်မဖြစ်သေးဘူး"

"ဘာကိုအဆင်သင့်မဖြစ်ရတာလဲ"

"မင်းအဖေကို တွေ့ဖို့လေ"

ကျန်းယွီ - "..."

ရှင့်ကိုယ်ရှင် အပြင်လူတစ်ယောက်လို ဆက်ဆံတာရပ်ပေးလို့ရမလား။

အရိုးသားဆုံးပြောရလျှင် ကျန်းယွီလည်း အဆင်သင့်မဖြစ်သေးပေ။

ဒါကသာပုံမှန်အလုပ်ကိစ္စသာဆိုလျှင် ရှဲ့ယွမ်ရဲ့ကိစ္စလိုမျိုး လက်ရှိအလုပ်လာအပ်သူကို စကားပြောဖို့ဘဲလိုတာလေ။

ဒါပေမဲ့ အခုအဓိကအချက်က...ဒါက လုံးဝသာမာန်အလုပ်ကိစ္စ မဟုတ်နေပေ။ ဖောက်သည်က သူမ့ရဲ့အဖေအရင်း‌လေ!

လေယာဉ်ပျံက စထရာတိုစဖီးယားလေထုအလွှာထဲရောက်ရှိသွားပြီး လေယာဉ်လှုပ်တာတွေ ရပ်သွားကာ လေယာဉ်ပျံကစတင်ပြီး ချောချောမွေ့မွေ့ပျံသန်းတော့သည်။

ချူးလီ ကျန်းယွီရဲ့နောက်လွယ်အိတ်လေးကို ဘေးချလိုက်ပြီး မျက်လုံးအကာအုပ်ကာ အနားယူလိုက်တော့သည်။

All Chapters