Chapter 70
Vol. 7 Ch. 70
ကျန်းယွီ ဘေးကိုလှည့်ကာ လွယ်အိတ်ထဲက သူမဖုန်းကို တိတ်တိတ်လေးယူလိုက်ပြီး ဖုန်းအယ်လ်ဘမ်ထဲက ချန်ယဲ့ရဲ့ပုံတွေကိုဆွဲကြည့်ရင်း သေသေချာချာကြည့်နေခဲ့သည်...
"ချစ်သူလေး၊ အိပ်နေပီလား"
"အင်း"
"မအိပ်ပျော်သေးရင် ငါ့ကို ကူကြည့်ပေးပါဦး၊ သူက ငါနဲ့တူတယ်ထင်လားဟင်၊ ငါက သူ့သမီးအရင်းပါဆိုပြီး သူ့ကိုပြောရင် အဲ့တာယုတ္တိရှိပါ့မလားဟင်"
ချူးလီ မျက်လုံးအကာကိုဆွဲချွတ်ကာ ကျန်းယွီရဲ့ဖုန်းကိုဆွဲယူလိုက်ပြီး ပုံထဲမှပို့စ်ပေးနေတဲ့ အမျိုးသားကို စိုက်ကြည့်လိုက်သည်။ ပုံထဲက ရုပ်ချောချောအမျိုးသားကိုကြည့်လိုက်၊ ဘေးက ကျန်းယွီကို ပြန်ကြည့်လိုက်နှင့် သူတို့သေချာယှဉ်ကြည့်ပြီး အနှစ်ချုပ်ပြောပြလိုက်သည်။ "လုံးဝမဆင်ဘူး"
ကျန်းယွီက မျက်မှောင်ကြုံ့သွားပြီး ပုံကိုကြည့်လိုက်သည်။ "နည်းနည်းလေးတော့ တူတယ်ထင်တာပဲ၊ ငါ့နှာခေါင်းကိုကြည့်ကြည့် သူ့နှာခေါင်းနဲ့အတူတူပဲ။ ဖြောင့်စင်းနေတာ"
ချူးလီ သူမ့ရဲ့ဘဲဥပုံမျက်နှာလေးကို ကိုင်ကြည့်ပြီး သေချာလေး စူးစမ်းကြည့်လိုက်သည်။
ကျန်းယွီ အစက သူတစ်ခုခုပြောတော့မယ်လို့ ထင်လိုက်ပေမဲ့ သူကဖွဖွလေးပြုံးပြလာပြီး သူမကိုနမ်းလာလေသည်။
"ဘာလုပ်တာလဲ"
"မင်းက တအား နာခံတတ်တာပဲ၊ ကိုယ် ထိန်းမထားနိုင်တော့လို့"
"...."
ကျန်းယွီ သူ့ကိုတွန်းကာ ပြောလိုက်သည်။ "ငါက နင် တစ်ခုခုပြောတော့မယ်ထင်နေတာ!"
ချူးလီက သူမအောက်နှုတ်ခမ်းလေးကို လျှာနှင့်ယက်ပြီး ပြန်ပြောလာသည်။ "သူ့ရဲ့မျက်ရစ်နှစ်ထပ်မျက်လုံးတွေနဲ့ မင်းရဲ့မျက်ရစ်မပါတဲ့မျက်လုံးတွေ၊ တစ်စက်မှမတူဘူး"
"ဒါပေမဲ့..."
"အဲ့လိုပြောမှ၊ မင်းအမေမှာလည်း မျက်ရစ်နှစ်ထပ်ရှိတယ်နော်"
ချူးလီ ကျန်းယွီရဲ့ဘယ်မျက်လုံးကို လက်ချောင်းထိပ်နှင့် ဖွဖွလေး ပွတ်သပ်လိုက်သည်။ "မင်းကို မင်းအမေကမွေးစားထားတာဖြစ်ရမယ်"
"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ! သေချာပေါက် ငါ့ကို ငါ့အမေကိုယ်တိုင်မွေးထားတာ"
"ထူးဆန်းလိုက်တာ"
ကျန်းယွီ ဖုန်းကိုကောက်ယူပြီး ချန်ယွဲ့ရဲ့ပုံကိုကြည့်ကာ ပြောလိုက်သည်။ "ငါ့အဖေ မျက်လုံးက မျက်ရစ်နှစ်ထပ်က သဘာဝမဟုတ်ဘူး ထင်တယ်"
"ဟမ်?"
"နောက်မှ ပြုပြင်ထားတာနေမှာ"
"..."
.......
ဖုန်းနှင့်လှမ်းပြီး ဟိုတယ်ဘိုကင်ယူတာက ချူးလီဖြစ်၍ ကျန်းယွီ အခန်းထဲကိုရောက်တော့ အခန်းအလယ်က ကုတင်အကြီးကြီးကို မြင်လိုက်ရချိန် ချူးလီကို ပြောစရာစကားမရှိတော့သလိုကြည့်လိုက်သည်။
ချူးလီက သိသိသာသာ သူမအကြည့်တွေကို ရှောင်နေပြီး ခေါင်းကိုကုတ်ကာ ဖြူဖြူစင်စင်လေး ပြောလာသည်။ "ထူးဆန်းလိုက်တာ၊ ကိုယ်က ကုတင်နှစ်လုံးတွဲပါအခန်းမှာထားတဲ့ဟာကို"
ကျန်းယွီ - "..." ဆက် ဟန်ဆောင်နေလိုက်တော့။
"အခန်းပြန်လဲချင်လား"
ချူးလီက သူမကိုမေးလာသည်။ "ပြန်လဲလို့ရလောက်ပါတယ်"
ကျန်းယွီ လက်ပိုက်လျက် ပြန်ပြောလိုက်သည်။ "ဒါဆို နင်ပြန်လဲလိုက်"
"အင်း ပြန်လဲလိုက်မယ်"
ချူးလီက ခေါင်းငြိမ့်ပြပေမဲ့ တုပ်တုပ်မျှမလှုပ်ပေ။
"ပြန်မလဲတော့ဘူးလား"
"ပြန်လဲမှာပါ"
"သွားလေ"
"သွား ကိုယ်သွားရမယ်"
ချူးလီက နောက်ဆုံးအထိ တင်းခံကာ မရွေ့သေးပေ။
နှစ်ယောက်သား အချိန်အတော်ကြာ စိုက်ကြည့်နေကြပြီးမှ ကျန်းယွီ မျက်ဖြူလှန်ပြလိုက်ကာ နောက်ဆုံး၌ တံခါးပိတ်ပြီး သူမ အဝတ်အိတ်ကို ဖွင့်ကြည့်တော့သည်။
ချူးလီ၏ နှုတ်ခမ်းထောင့်က မဆိုသလောက်ကော့တက်သွားပြီး သူမနှင့် အကြည့်ပြန်ဆုံတော့ ချက်ချင်းပြန်တည်လိုက်ကာ နှာခေါင်းကို လက်မမိုးထိပ်နှင့် ပွတ်ရင်း ချောင်းဟန့်ကာ ပြောလာသည်။ "အင်း...ကိုယ်ကူရှင်းပေးမယ်လေ"
သူပ သူမဘေးမှာ ဆောင့်ကြောင့်ထိုင်ချပြီး အဝတ်အစားတွေနှင့် ပစ္စည်းပစ္စယာတွေကို အဝတ်အိတ်ထဲက ကူထုတ် ရှင်းလင်းပေးနေခဲ့သည်။
ကျန်းယွီ ကူကယ်ရာမဲ့သလို ထုတ်ပြောလာပြန်သည်။ "တအားကြီး တွေးမနေပါနဲ့၊ ဘာမှဖြစ်မှာမဟုတ်ပါဘူး၊ ငါက ငါ့အဖေကိုရှာချင်ရုံတင်ပါ"
ချူးလီ လျှော်စရာအိတ်ကို ထုတ်ကာ ဘေးချလိုက်သည်။ "ကိုယ်လဲ ဘာမှတွေးမနေပါဘူး"
ကျန်းယွီ သူ ပြောတာမယုံပေ။
ဟိုတယ်ဘိုကင်လုပ်ဖို့ တိုက်တွန်းကတည်းကစပြီး အချိန်အတော်ကြာသေချာပေါက် အစီအစဉ်ဆွဲထားမှန်းသိသည်။
ချူးလီက သူမအဝတ်တွေကို စနစ်တကျခေါက်ပေးပြီး ဘီရိုနားမှာ သေသေသပ်သပ် ထပ်ထားလိုက်သည်။ ကျန်းယွီ သန်းရှင်းရေးဆိုင်ရာပစ္စည်းပစ္စယာအိတ်ကို ရေချိုးခန်းထဲ သွားထားပြီး ပြန်ထွက်လာတော့ လက်ထဲက သူမအဖြူရောင်ဘော်လီလေးကို တွေတွေကြီးစိုက်ကြည့်နေတဲ့ ချူးလီကိုမြင်လိုက်ရသည်...
"..."
ကျန်းယွီ ဘော်လီကို ဆွဲလုယူလိုက်ပြီး သူမ၏အောက်ခံအဝတ်အိတ်ထဲကို ထိုးထည့်ကာ အထွန့်တက်လိုက်သည်။ "ဘာတွေကြည့်နေတာတုန်း၊ မမြင်ဖူးလို့လား"
ချူးလီက မသိမသာပြုံးမိသွားသည်။ "တကယ်ကြီး တစ်ခါမှမမြင်ဖူးဘူး"
ကျန်းယွီ သူမအဝတ်တွေကို ထုတ်ထားပြီးကာမှ မမျှော်လင့်ထားဘဲ သူမအဝတ်အိတ်အတွင်းလွှာထဲကနေ စတုရန်းပုံ ဘူးအသေးလေးကိုထုတ်လိုက်မိသည်။
အစတုန်းက ကျန်းယွီ ထိုအရာဘာမှန်းမသိသေးပေ။ ချူးလီ ကောက်ကိုင်လိုက်ခါမှ အဲ့တာက Dumousi ဘရန်းထုတ်ကုန်ဆိုတာ ကျန်းယွီ သေချာမြင်လိုက်ရသည်။
"..."
ကျန်းယွီ၏ ဦးရေပြားက ပေါက်ထွက်သွားတော့မလိုပင်။
ချူးလီရဲ့မျက်လုံးထဲတွင် အဓိပ္ပာယ်တစ်ခုထင်ဟပ်နေပြီး ခေါင်းငုံကာ ခိုးပြုံးလိုက်သည်။ "နားလည်ပါပြီ"
"ဘာနားလည်တာလဲ"
"ဒီရည်စားလေးက ကောင်းကောင်းပြုမူပါ့မယ်"
"ဟင့်အင်း၊ ငါပြောတာနားထောင်ဦး" ကျန်းယွီက လျှပ်တပြတ်ပြေးလာပြီး သူ့လက်ထဲက ဘူးကို လုမလိုလုပ်လိုက်သည်။ "ဒါ ငါ့ဟာမဟုတ်ဘူး"
ချူးလီက လက်မြှောက်ကာ လုသွားခွင့်မပေးခဲ့ပေ။ "တကယ်ကြီး မင်းဟာမဟုတ်ဘူးပေါ့၊ ကိုယ့်အတွက်လား"
"မဟုတ်ဘူး၊ နင်အတွက် ဘာမှအသုံးမဝင်ဘူးဟဲ့"
ကျန်းယွီ သူ့ကိုဆွဲဆွဲချပြီး လုဖို့ကြိုးစားခဲ့ပေမဲ့ ချူးလီက ဆက်လုခွင့်မပေးဘဲရုန်နေပြီး ကြာတော့ နှစ်ယောက်လုံး ကော်ဇောပေါ်လှဲကျသွားကြသည်။
ကျန်းယွီက ပေါ့ပေါ့ပါးပါးလေး သူ့ပေါ်တက်ထိုင်လျက်သားဖြင့် လက်ထဲကဟာကို လုသွားသည်။
ချူးလီ သူမခါးသွယ်သွယ်ကိုဆုပ်ကိုင်လိုက်ပြီး တစ်ပတ်လှည့်ကာ ကြမ်းပေါ်ဖိကပ်ချလိုက်သည်။ ထိုအခိုက်အတန့်တွင် ခုနကဖြစ်ရပ်ကြောင့် နှစ်ယောက်လုံးက အသက်လုရှူနေကြသည်။
ကျန်းယွီ လက်တစ်လုံးစာလောက်အထိ နီးကပ်နေသော လူငယ်လေး၏ မျက်နှာချောချောကို ငေးကြည့်လိုက်သည်။ သူ့ထံတွင် မျက်ရစ်ထင်းထင်းနှင့် အလွန်အကြူးလှပသည့် ချယ်ရီသီးမျက်လုံးတစ်စုံရှိသည်။ ပြီးတော့ ထိုမျက်ဝန်းနက်နက် တောက်လောင်နေတဲ့ခံစားချက်တွေ။
သူ့ထွက်သက်လေနွေးနွေးက သူမမျက်နှာထံရိုက်ခတ်နေပြီး သူ့လည်စီထင်းထင်းမှာ သိသိသာသာအထက်အောက်ရွေ့လျားသွားသည်။
ကျန်းယွီ နားများပူကျစ်လာပြီး ကြမ်းပြင်အေးအေးပေါ်ဖိခံထားရ၍ ခေါင်းနောက်မှာ အနည်းငယ်နာကျင်လာရသည်။
သူမ မသက်မသာဖြစ်နေတာကို သတိပြုမိတော့ ချူးလီက လက်ဆန့်ထုတ်ကာ သူမခေါင်းအောက်ကို လက်ထိုးခံကာ သူ့လက်မောင်းပေါ် ခေါင်းအုံးစေလိုက်သည်။
"ဟွမ်?"
"ဘာတွေလန့်နေတာလဲ"
ချူးလီ သူမခေါင်းလေးကို ပုခုံးပေါ်တင်လိုက်ပြီး ဆံသားနုနုများကို လက်ချောင်းထိပ်နှင့် ဆော့ကစားနေခဲ့သည်။ "မင်းရဲ့ကောင်လေးနဲ့ အတူတူရှိနေရင် ဘာကိုမှမကြောက်စမ်းပါနဲ့"
ကျန်းယွီ ဘူးလေးကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားကာ မျက်လုံးမှိတ်ချပစ်လိုက်ကာ သူ့လည်တံကို ခေါင်းလေးနှင့်ပွတ်သပ်လိုက်သည်။
သူ့ရင်ခွင်က အလုံခြုံဆုံးနေရာဆိုတာ အသိသာကြီးပင်။
သူမ ဘာကိုမှ ကြောက်စရာမလိုတော့ပေ။
"ဒါဆို...ကြမ်းပေါ်မှာ တစ်ညလုံးလှဲနေကြမလား"
"ကုတင်ပေါ်လှဲလည်း အဆင်ပြေပါတယ်"
ချူးလီ သူမပုခုံးကိုဆုပ်ကိုင်ရင်း မျက်နှာကြပ်ကို အတူစိုက်ကြည့်နေခဲ့ကြသည်။ "ဒီရက်ပိုင်း အပြင်ထွက်ဖို့လိုမယ် မထင်တော့ဘူး၊ ရက်ဘယ်လောက်ကြာကြာ ရှောင်ယွီနဲ့ အတူတူလှဲလျောင်းရင်း ကုတင်ပေါ်လှဲနေရတာက ဧဝရတ်တောင်တက်တာထက် ပိုစိတ်လှုပ်ရှားဖို့ကောင်းတယ်"
"..."
သူ့အိမ်မက်ထဲမှာ အရာအားလုံးရှိသည်။
ကျန်းယွီ ဝရန်တာဆီလျှောက်သွားကာ ကျန်းမန့်ယီကို လုံခြုံစွာရောက်ရှိကြောင်း အသိလှမ်းပေးဖို့ ဖုန်းခေါ်လိုက်ပြီး ဖုန်းပြောရင်း လေသံနိမ့်နိမ့်ဖြင့် မေးလိုက်သေးသည်။ "သမီးအိတ်ထဲကို ဘာကိစ္စအဲ့တာကြီးထည့်ပေးလိုက်တာလဲ!"
ဖုန်းတစ်ဖက်ကနေ ကျန်းမန့်ယီက ယုံကြည်ချက်ရှိရှိ ရှင်းပြလာသည်။ "နင့်ဘာသာနင် ကာကွယ်ဖို့ အမေ မမေးခဲ့လို့လား"
"သမီးထင်တာက အမေမေးတဲ့ အကာအကွယ်က...အို့ရှ်၊ မေ့လိုက်တော့၊ အိုကေပါတယ်"
"သမီးက ဘယ်လောက်ပဲ အရွယ်ရောက်နေပါစေ မိန်းကလေးတစ်ယောက်ရဲ့ပထမဆုံးအကြိမ်ကဘယ်လောက်အရေးကြီးလဲဆိုတာ အလေးထားပေမဲ့ အမေက လိုက်ပြီး တယူသန်မဲ့သူ မဟုတ်ပါဘူး။ ဒါမှမဟုတ် အဲ့တာကို အမြဲအထိမခံ ထိန်းသိမ်းသွားမယ်ဆိုတာက လုံးဝအဓိပ္ပာယ်မရှိတာဘဲလေ"
ကျန်းမန့်ယီက သူမကို စိတ်ရှည်ရှည်နှင့် ဆက်ရှင်းပြနေခဲ့သည်။ "အနာဂတ်မှာ ဘာတွေပဲဖြစ်ဖြစ်၊ နှစ်ဦးသဘောတူဖြစ်နေသမျှ ဘာမှပြဿနာမရှိဘူး။ အရေးကြီးဆုံးအရာကတော့ အကာအကွယ် ဆောင်ထားဖို့ပဲ"
ကျန်းယွီ ဒီလိုအရာတွေအကြောင်း ကျန်းမန့်ယီနှင့်ဆွေးနွေးတာ ပထမဆုံးအကြိမ်ဖြစ်ပြီး သူမအမေက ပုံမှန်မိဘတွေထက် ပိုနားလည်မှုရှိသူဆိုတာမသိခဲ့ပေ။
ကျန်းမန့်ယီရဲ့ အမေအဖြစ် စွမ်းဆောင်ရည်တွေကိုကြည့်လိုက်လျှင် အမေဆိုတာထက် သူမရဲ့အမတစ်ယောက်လို အချစ်ဆုံးသူငယ်ချင်းတစ်ယောက်လိုဆိုရင်ပိုမှန်သည်။
"အမေ၊ သမီးစဉ်းစားတတ်ပါတယ်၊ စိတ်ချပါ"
"ကောင်းတာပေါ့" ကျန်းမန့်ယီ ရယ်လိုက်သည်။ "ဒီရက်တွေထဲ သမီးတို့တွေ ဘယ်သွားကြမှာလဲ၊ အမေ့ကိုဓာတ်ပုံတွေပို့ပေးဦးနော်၊ မင်းနဲ့ ရှောင်လီ အတူတူတွဲရိုက်ထားတာလိုချင်တယ်"
"အင်း၊ မနက်ဖြန် ရှိုးပွဲသွားကြမှာ"
"အင်းပေါ့၊ ရှိုးပွဲပုံလဲ လိုချင်သေးတယ်နော်၊ ဘယ်သူ့ရှိုးပွဲလဲ"
ကျန်းယွီ တိုးတိုးလေး ပြန်ပြောလိုက်သည်။ "ချန်ယဲ့"
"..."
"အမေ၊ ဘာဖြစ်လို့လဲ"
"ဘာမှမဟုတ်ဘူး၊ ပျော်ခဲ့ကြနော်"
ကျန်းမန့်ယွီ ကျန်းယွီကို ပြောပြတဲ့နောက်ကြောင်းထဲမှာ ချန်ယဲ့ရဲ့နာမည်ကို ရည်ရွယ်ချက်ရှိရှိတိမ်ချန်ထားပြီး အောင်မြင်မှုတွေရလာပြီး သူ့အိမ်မက်ကိုဂျောက်ချလုပ်နေသေးတဲ့လူဆိုပြီးသာ ပြောပြခဲ့သည်။
ဒါပေါ့၊ ကျန်းယွီ အမှန်တရားကို ပြောမပြနိုင်ခဲ့ပေ။ သူမ အရင်ဆုံး ချန်ယဲ့ကိုတွေ့ပြီး သူ့စိတ်ကိုအရင်သိအောင်လုပ်ပီးကာမှ ဆက်လုပ်စရာရှိတာလုပ်ရမည်။
အခုအချိန်မှာသာ ချန်ယဲ့ရဲ့နှလုံးသားထဲမှာ သူမ အမေမရှိဘူးဆိုလျှင် ကျန်းမန့်ယီကို တစ်ခုခုခံစားသွားစေတာထက် ကျန်းယီပဲ အလုပ်ကိစ္စရဲ့ပျက်ကွက်မှုအပြစ်ဒဏ်ကို ခံယူပစ်လိုက်မည်။
ထိုညက ကျန်းယွီနှင့် ချူးလီတို့ "Ono for dinner" လို့ခေါ်တဲ့ ဟိုင်ချန်မြို့ရဲ့ နာမည်အကြီးဆုံးရေအောက်စားသောက်ဆိုင်ကိုသွားခဲ့သည်။
Ono စားသောက်ဆိုင်က သူ့ရဲ့ကြီးမားကျယ်ပြန့်လှသည့် ရေအောက်ကမ္ဘာကြီးကြောင့် ကမ္ဘာကျော်သည်။ ဒီလိုစားသောက်ဆိုင်မျိုးက တရုတ်မှာလေးဆိုင်ထက် ပိုမရှိပေ၊ အကုန်လုံးက ပင်လယ်ဘေးမြို့တော်တွေမှာရှိသည်။ ဟိုင်ချန်မြို့ရဲ့ ဒီ Ono စားသောက်ဆိုင်က အကြီးမားဆုံးနှင့် ဇိမ်ခံလို့အကောင်းဆုံးနေရာဖြစ်သည်။
ကျန်းယွီ အရင် ခရီးသွားလမ်းညွှန်ကို ဖတ်ခဲ့တုန်းက ခရီးသွားတော်တော်များများတို့လို Ono စားသောက်ဆိုင်ကိုလည်း ဘိုကင်ယူထားသဖြင့် ဟိုင်ချန်ကို ရောက်တဲ့ပထမဆုံးရက်မှာတင် ချူးလီကိုခေါ်ပြီး ရေအောက်စားသောက်ပွဲကြီးကို အတွေ့အကြုံယူဖို့ထွက်လာခဲ့သည်။
တကယ်တမ်းလည်း ချူးလီက သူမနှင့်သာအတူတူဆိုလျှင် အရသာရှိလှသည့် စားသောက်ပွဲကြီး ဟုတ်ဟုတ် မဟုတ်ဟုတ် ဘာမဆိုစားနိုင်သည်။
ကျန်းယွီ သူ့ကို ရေအောက်စားသောက်ဆိုင်ရဲ့ပုံတွေပြလိုက်တော့ ချူးလီက စိတ်ဝင်စားမှုမရှိ ပြန်ပြောလာလေသည်။ "ပင်လယ်စာဈေးတန်းမှာ ထိုင်ပြီးတော့လည်း စားရင်းသောက်ရင်း တိရစ္ဆာန်ကမ္ဘာကြီးကို ကြည့်လို့ရပါတယ်ကွာ၊ ရေအောက်ကမ္ဘာဆိုပြီးလာမပြောနဲ့ဦး၊ သူတို့ဆီမှာ အာဖရီကန်ဆာဗားနားတောင်ရှိ..."
ကျန်းယွီ သူကတကယ်ကြီး ပျင်းစရာကောင်းတဲ့သူမှန်း ခံစားလိုက်ရသည်။ "နင် ဘာသိလို့လဲ၊ တခြားရေအောက်ကမ္ဘာ ဝန်းကျင်ကိုတွေ့ကြုံရမှာလေ၊ မဟုတ်ရင် ဘယ်လိုလုပ်ပြီး သူတို့က တစ်ယောက်ကို ၉၀၀ ကျသင့်မှာလဲ"
"တစ်ယောက်ကို ၉၀၀ ?" ချူးလီ၏ နှုတ်ခမ်းထောင့်က တွန့်ချိုးသွသည်။ "ဈေးကြီးလိုက်တာ"
"ဒီလိုအချိန်မှာ အပျော်တမ်း ကစားရဖို့ဆိုတာက လုံးဝမဖြစ်နိုင်တာဘဲ" ဘယ်လောက် ဈေးကြီးပါစေ ကျန်းယွီဝယ်မည်။ အလုပ်အပ်တာတွေကို ကြိုးကြိုးစားစားလိုက်လုပ်နေတာက သူမဘဝကို ပိုကောင်းအောင်လုပ်ဖို့ဘဲလေ။
ဒါ့အပြင် အခုဆိုရင် သူမ အတော်များများ စုမိနေပြီဖြစ်ပြီး ကြုံ့တောင့်ကြုံခဲ တခါတလေလေး ဒီလိုခံစားရဖို့က ပြဿနာမှမရှိချေ။
အလွန်စိတ်ဝင်စားနေပုံရသည့် ကျန်းယွီကိုမြင်တော့ ချူးလီ သူမကို စိတ်မညိုညင်စေတော့ပေ။ ပိုခမ်းနားပုံရသော အဖြူရောင်ရှပ်လေးကို လဲဝတ်လိုက်ပြီး သူမ့ကို Ono စားသောက်ဆိုင်မှာ ညစာစားဖို့ခေါ်သွားခဲ့သည်။
Ono စားသောက်ဆိုင်က ပင်လယ်ကမ်းရိုးတန်းတွင်တည်ရှိသည်။ ထိုအရာက ကြီးမားလှသော ရေအောက်စားသောက်ဆိုင်ကြီးဖြစ်သည်။ ဝိတ်တာက သူတို့ကိုအထဲခေါ်သွားခဲ့သည်။ ရှည်လျားလှသောရေအောက်ကော်ရစ်ဒါတလျှောက် ဖြတ်ကျော်ပြီးကာမှ စားသောက်ဆိုင်ရဲ့ အတွင်းထဲကို ရောက်သည်။
စားသောက်ဆိုင်အတွင်းကို ရောက်တော့ ကျန်းယွီ သိသိသာသာ စိတ်ပျက်သွားရသည်။ ပတ်ပတ်လည်ဝှေ့ကြည့်လိုက်လျှင် ရေအောက်ကမ္ဘာကို ထိုးပြထားတဲ့ အပေါ်ကကောင်းကင်အလင်းလောက်သာ ရှိသည်။ ရီဗျူးဆော့ဝဲလ်ထဲမှာတုန်က ပြထားသည့် နက်ပြာရောင်ပင်လယ်ရေတွေကာရံထားသည့် ညစာစားခန်းနှင့် လုံးဝမတူပေ။
ဖုန်းထဲက ဆော့ဝဲကိုဖွင့်ပြလိုက်ပြီး အနောက်တိုင်းဝတ်စုံနှင့် သားရေ ရူးဖိနပ်ကိုဝတ်ထားသည့် ဝိတ်တာကို မေးလိုက်သည်။ "ဒီလိုမျိုးခုံ မရဘူးလား"
ဝိတ်တာက ပုံကိုကြည့်လိုက်ပြီးတော့ ယဉ်ယဉ်ကျေးကျေးဖြေလာသည်။ "စိတ်မကောင်းပါဘူး၊ ဒီပုံထဲကဟာက လူကြီးမင်းဘိုကင်လုပ်ထားတဲ့ ခုံမျိုးမဟုတ်ပါဘူး၊ ဒီနေရာက တစ်ယောက်ကို ၃၀၀၀ ကျသင့်တဲ့ခုံမျိုးပါခင်ဗျ"
"..."
ကျန်းယွီ သိသိသာသာကို စိတ်ပျက်သွားခဲ့သည်။ ရေအောက်ကမ္ဘာကိုသာ မမြင်ရဘူးဆိုလျှင် ဒီလိုစားသောက်ဆိုင်မျိုးကို တစ်ယောက်ကို ၉၀၀ တောင်ပေးပြီး ညစာလာစားစရာ အကြောင်းမှမရှိတာ။
ချူးလီက ခဏတာတိတ်ဆိတ်သွားပြီး တုံ့ဆိုင်းခြင်းမရှိကောက်ပြောချလိုက်သည်။ "ဒါဆို ကျွန်တော်တို့ကို ၃၀၀၀ တန်ခုံတွေဆီ ပြောင်းပေးပါ"
ကျန်းယွီ အနည်းငယ် အံ့ဩသွားရသည်။ သူပဲ ရောက်စတုန်းက တစ်ယောက်ကို ၉၀၀ ပေးရလို့ ဈေးကြီးတယ်ဆိုပြီး အထွန့်တက်နေခဲ့တာလေ။ အခုဘာတွေဖြစ်ကုန်တာလဲ...
ချူးလီရဲ့ အင်္ကျီလက်ကိုဆွဲပြီး တိုးတိုးလေးကပ်ပြောလိုက်သည်။ "ဈေးကြီးလွန်းတယ်!"
"ဈေးမကြီးပါဘူးကွာ" ချူးလီ ဝိတ်တာကိုထပ်ပြောလိုက်သည်။ "ခုံပြောင်းပေးပါ"
"ခဏလောက် စောင့်ဆိုင်းပေးပါဦးဗျ၊ ကျွန်တော် သေချာအောင်လို့ အရှေ့ခုံကိုသွားကြည့်လိုက်ပါဦးမယ်"
ဝိတ်တာထွက်သွားတော့ ကျန်းယွီက တုံ့တုံ့ဆိုင်းဆိုင်းပြောလေသည်။ "ချစ်သူလေး၊ ဘာလို့...မပြန်ကြရမှာလဲ"
"မင်းစားချင်တာစားပါ" ချူးလီက ခေါင်းမာမာပြောလာသည်။ "တကယ်တော့ ဘေးက ဈေးဆိုင်တန်းဆီသွားပြီး'တိရစ္ဆာန်ကမ္ဘာ'ကိုကြည့်ဖို့ မမေးနိုင်ပါဘူးကွာ"
"တကယ်ကြီး တအားဈေးကြီးတာနော်၊ ဒီစားသောက်ပွဲက ငါတတ်နိုင်တာထက် ပိုဈေးကြီးတယ်လို့!"
"မင်းချစ်သူလေးက မင်းကို ဒကာခံမှာပါကွာ၊ ဘာပိုက်ဆံမှစိုက်စရာမလိုဘူး"
"ဒါဆို ပိုတောင်ဆိုးသွားဦးမယ်!"
ချူးလီရဲ့ထိပ်တန်းရမှတ်တွေကသာ သူ့ကိုပညာသင်ဆုကြီးကြီးရနေစေတာကို ကျန်းယွီသိသည်။
ဒါပေမဲ့ ပညာသင်ဆုက သူ့ကောလိပ်ရဲ့ကျူရှင်စရိတ်နဲ့ အနာဂတ် နေထိုင်စရိတ်အတွက်သာ သုံးလို့လောက်သည်။
ချူးလီမှာ မှီခိုစရာ မိသားစုမရှိတာကြောင့် သူ့ဘာသာသူသာ အရာအားလုံးကို စီမံတွေးတောရသည်။ ဒါကြောင့် အခြားကောင်လေးတွေလို ငွေကိုလွတ်လွတ်လပ်လပ်ဖြုန်းလို့မရပေ။
ကျန်းယွီ ဒီဈေးကြီးလှသည့်ညစာစားပွဲအတွက် ၃၀၀၀ ဖြုန်းတာထက် ဈေးတန်းကိုသာသွားဖို့ စိတ်ဆုံးဖြတ်လိုက်သည်။
ထိုအချိန်တွင် ဝိတ်တာကပြန်လာပြီး ပြောလေသည်။ "စိတ်မကောင်းပါဘူး လူကြီးမင်းတို့ခင်ဗျ၊ ၃၀၀၀ တန် သီးသန့်အခန်းတွေက အကုန်ဘိုကင်ယူပြီးသားတွေဖြစ်နေတာမလို့ အခန်းမကျန်တော့ပါဘူး"
ကျန်းယွီ စိတ်သက်သာရာရသလို သက်ပြင်းချလိုက်သည်။
သို့သော် ချူးလီက ထပ်မေးလိုက်ပြန်သည်။ "ဈေးပိုကြီးတာများရှိလား၊ ရေအောက်ကမ္ဘာကို သေချာမြင်ရသရွေ့ပေါ့"
ကျန်းယွီ သူ့အင်္ကျီလက်ကိုဖိဆုပ်ပစ်ပြီး ထပ်ခါထပ်ခါလှုပ်ရမ်းလိုက်သည်။ "တကယ် မလိုတော့ပါဘူးဆို!"
ဝိတ်တာကပြန်ဖြေလာသည်။ "၈၀၀၀တန် ၃၆၀ဒီဂရီ ပတ်ပတ်လည် ပင်လယ်ကာထားတဲ့ သီးသန့်အခန်းတော့ရှိပါသေးတယ်။ တစ်ခန်းလုံးကို မှန်နဲ့ဆောက်ထားတာဖြစ်လို့ ပတ်ပတ်လည်က ရေအောက်အပင်တွေ၊ သန္တာကကျောက်တန်းတွေ၊ ကူးခတ်နေကြတဲ့ ငါးတွေကို အပေါ်ကကော အောက်ကနေပါ မြင်နိုင်မှာဖြစ်ပြီး ပတ်ဝန်းကျင်က အလွန်ကောင်းပါတယ်ခင်ဗျ..."
"အဲ့တာယူမယ်"
"မရဘူး!"
ဝိတ်တာလေးက သူတို့နှစ်ယောက်ကို ဂရုတစိုက်အကဲခတ်ရင်း ရှက်ရွံ့လာကာ ပြောလိုက်မိသည်။ "ဧည့်သည်တော်တို့ နှစ်ယောက်သား ဘာလို့သီးသန့်ထပ်မဆွေးနွေးကြည့်ရတာလဲခင်ဗျ၊ ကျွန်တော်ခဏနေမှလာမေးပါ့မယ်"
ပြောလို့ပြီးတော့ ယဉ်ကျေးစွာထွပ်ခွာသွားပြန်သည်။
ကျန်းယွီ ချူးလီရဲ့အင်္ကျီလက်ကို ဖိကိုင်ရင်း ဆွဲခေါ်တော့သည်။ သို့သော် ချူးလီက တုပ်တုပ်မျှမလှုပ်ဘဲ ခေါင်းမာစွာ ပြောလိုက်သည်။ "ကိုယ် ဒီမှာစားချင်တာ"
"ရှင် စားချင်နေတာ လုံးဝမဟုတ်ဘူး၊ ပိုက်ဆံဖြုန်းချင်နေတာလေ"
ကျန်းယွီ ကူကယ်ရာမဲ့သလို ထပ်ပြောလိုက်သည်။ "၈၀၀၀ အဲ့ငွေနဲ့ ငါတို့လုပ်နိုင်တာတွေဘယ်လောက်တောင်ရှိလိုက်လဲ၊ လစဉ်နေထိုင်စရိတ်အတွက်ကော ဘယ်လိုလုပ်မှာလဲ!"
ချူးလီက သူမကို နာကျင်မှုတွေထင်ဟပ်နေတဲ့ မျက်ဝန်းနက်များနှင့် စူးစိုက်ကြည့်နေခဲ့သည်။ "ရှောင်ယွီ၊ ကိုယ် ဒီတံခါးအပြင်ကို မထွက်သွားနိုင်ဘူး"
သူ့မှာ ပိုက်ဆံမရှိပေမဲ့ ဆင်းရဲမွဲတေမှုသည် အဲ့လိုမျိုးရင်နာစရာကြီးပါလားဟူ၍ အရင်ကတစ်ခါမျှ မတွေးခဲ့ဖူးပေ။ ဖိနပ်မာမာတွေ စီးရတာ၊ စွပ်ပြုတ်တစ်ခွက်နဲ့သာ ထမင်းစားရတာတွေ၊ ဆောင်းတွင်းမှာအပူပေးစက်မဖွင့်နိုင်တာတွေ၊ အေးနေတဲ့အချိန်မှာတောင် အဝတ်ပါးပါးနှင့် အပြင်ထွက်ရတာတွေ...ဒီအရာတွေက ဘာမျှမဟုတ်ပေ။
သို့သော် သူကြိုက်တဲ့ကောင်မလေးနှင့် ဒီလိုမျိုးစားသောက်ဆိုင်ကြီးကို လာပြီးကာမှ ဈေးနှုန်းကြောင့်လှည့်ပြန်ရမယ်ဆိုတဲ့ အခိုက်အတန့် မတိုင်ခင်အထိသာ။
သူ တကယ်ခံစားနေရသည်...ဆင်းရဲမွဲတေမှုက လူတစ်ယောက်ရဲ့ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားမှုကို နိမ့်ချစော်ကားတဲ့ အရာတစ်ခုပင်။
ကျန်းယွီ ချူးလီဆီက မပြောပြနိုင်တဲ့လေးလံမှုတွေကိုမြင်လိုက်ရတော့ လက်ကိုခါကာ ပြန်ပြောလိုက်သည်။ "ဒါဆို စားကြမယ်"
ပိုက်ဆံက ဘဝမှာ ဘယ်သောအခါမျှ အရေးကြီးဆုံးအရာမဟုတ်ပေ။
ဒီည ညစာလေးအတွက်နှင့် သူ မပျော်မရွှင် ခံစားသွားရမှာ ကျန်းယွီမလိုလားပေ။
သူ့ကို ပြုံးပြလိုက်သည်။ "ငါ့ချစ်သူလေးကပါဝါကြီးလိုက်တာ၊ ယွမ် ၈၀၀၀ လေးဘဲဟာကို၊ နွေရာသီကျူရှင်လစာလေးနဲ့ ပြန်ရှာလို့ရတယ်မလား"
ချူးလီ နောက်ဆုံးတော့ စိတ်ပြေသွားပြီး ပြန်ပြောလိုက်သည်။ "ကိုယ့်ရဲ့ကျူရှင်လစာက တအားမြင့်တာနော် နွေရာသီပိတ်ရက် အကုန်မလိုပါဘူး"
"ကောင်းတာပေါ့"
မကြာခင် ဝိတ်တာက သူတို့ကို စားသောက်ဆိုင်ထဲက ၃၆၀ ဒီဂရီ ပင်လယ်ပတ်လည် ဝန်းရံထားတဲ့သီးသန့်အခန်းဆီ ခေါ်ဆောင်သွားသည်။
အပြင်က VIP ဧရိယာတွင် ရွေ့ဟိုင် entertainmentရဲ့ဥက္ကဌက ရှဲ့ယွမ်ကို ဦးဆောင်ပြီး ဟိုင်ထီစားသောက်ဆိုင်ရဲ့ ပင်လယ်အောက်ကကော်ရစ်တလျှောက်ကနေ သူ့ပါတီပွဲကို ခေါ်သွားလေသည်။
ဝိတ်တာက သူတို့ကို တောင်းတောင်းပန်ပန် ပြောလာလေသည်။ " ၃၆၀ ဒီဂရီပင်လယ်ကးပတ်လည် သီးသန့်အခန်းကို ဧည့်သည်နှစ်ယောက်က ဘိုကင်ယူသွားပြီးပြီမလို့ပါဗျ၊ တောင်းပန်ပါတယ်ခင်ဗျာ၊ ပင်လယ်အောက်က အခြားသီးသန့်ခန်းတွေ ပြင်ဆင်ပေးပါ့မယ်၊ ရှုခင်းလည်း တအားကောင်းပါတယ်"
ရွေ့ဟိုင် entertainmentရဲ့ဥက္ကဌက မျက်နှာကြီးအရုပ်ဆိုးသွားပြီး ပြောခဲ့သည်။ "ရှဲ့ယွမ်က ငါ့ဧည့်သည်ဘဲ၊ ငါသူ့ကို ၃၆၀ ဒီဂရီ ပင်လယ်ကြည့်ရှူလို့ရမဲ့ သီးသန့်အခန်းမှာပဲ ဧည့်ခံချင်တာ၊ ဘာအကြောင်းဘဲရှိရှိ အဲ့အခန်းကို ငါတို့အတွက် ပြန်ယူလာပေး"
မန်နေဂျာကိုယ်တိုင် အပြေးအလွှားရောက်လာပြီး ဦးညွှတ်တောင်းပန်လာလေသည်။ "မစ္စတာလု၊ ကျွန်တော်တကယ် တောင်းပန်ပါတယ်ဗျာ၊ ဒီနေရာကို ဧည့်သည်နှစ်ယောက်က ကြိုတင်ယူပြီးပြီမလို့ပါ၊ ဝိတ်တာလေးက သူတို့ကိုခေါ်တောင်သွားပါပြီ၊ ပြန်ယူပေးဖို့မဖြစ်နိုင်တော့လို့ပါ"
မစ္စတာလုက မျက်မှောင်ကြီးကြုံ့လျက်သား ပြန်ပြောလာသည်။ "သူတို့...သူတို့က ဘယ်သူတွေလဲ"
"ဒီကိုလာတဲ့ ခရီးသွားတွေနေမှာပါ၊ လူငယ်စုံတွဲလေးပါ"
မစ္စတာလုက ဂရုမစိုက်သလို ပြောလာပြန်သည်။ "လူငယ်တွေက စကားပြောလို့လွယ်ပါတယ်၊ သူတို့နဲ့ညှိကြည့်ပြီး စားပွဲချိန်းမယ်"
မန်နေဂျာက တွန့်ဆုတ်သလိုပြောလိုက်သည်။ "အဲ့ကောင်လေးက သူ့ရည်စားကောင်မလေးအတွက် ပင်လယ်ပတ်လည် သီးသန့်ခန်းကို တကယ့်ကို တွေ့ကြုံဖူးစေချင်နေပုံ ပေါက်ပါတယ်၊ သူတို့ လဲမပေးချင်မှာ စိုးရိမ်မိတယ်"
"ငါ သူတို့ညစာအတွက် ရှင်းပေးလိုက်မယ်"