← Chapters

Chapter 79

Vol. 7 Ch. 79

Chapter 79

Vol. 7 Ch. 79

ချူးလီ ဖုန်းကျသွားတော့ သူ့စိတ်တွေဗလာဖြစ်နေခဲ့သည်။

သူ့နောက်ကအလုပ်သမား‌တွေက ဘိလပ်မြေအိတ်တွေကို အဆောက်အဦးဘေးဆီ မြန်မြန်ပို့ဖို့ အော်ဆူနေကြသည်။

ချူးလီ တိတ်တဆိတ်လှည်းကိုကောက်ကိုင်ကာ ဘိလပ်မြေအိတ်တွေကို ဆောက်လုပ်ရေးဆိုက်ဆီပို့ရတော့သည်။

နောက်တော့ နားထင်ကြောတွေကြုံ့လာတဲ့အထိ သူ့ခန္ဓာကိုယ်က ကြွက်သားတွေ အသက်ဝင်လာသလိုမျိုး ဆောက်လုပ်ရေးဇုန်ထဲမှာ အလွန်ကြိုးကြိုးစားစား အလုပ်လုပ်နေခဲ့သည်။

‌သူ့ဘေးမှာထိုင်နားနေကြတဲ့အလုပ်သမားတွေက ကြင်ကြင်နာနာပြုံးကာ ပြောလာကြသည်။ "ကောလိပ်ကျောင်းသားလေး၊ မင်း ငယ်ရွယ်ပီးသန်မာတာသိပြီမလို့၊ အေးအေးဆေးဆေး နား လုပ်ပါကွာ"

"အေးလေ၊ မင်းအဲ့လောက်ကြီး အသားကုန်လုပ်နေရင် မကြာခင်မေ့လဲလိမ့်မယ်"

"လူငယ်တွေက အဲ့လိုပဲ၊ မင်း သေချင်နေတာလား။ ဒီလစာနည်းနည်းလေးအတွက်နဲ့ မဖြစ်နိုင်ဘူးနော်"

ချူးလီ သူတို့ပြောစကားတွေကို နားကန်းနေတဲ့သူတစ်ယောက်လို မကြားယောင်ပြုထားလိုက်သည်၊ မဟုတ်တာတွေ တွေးမိနေတဲ့ သူ့စိတ်ကိုရပ်ဖို့အတွက် ခွန်အားအကုန်အလုပ်လုပ်နေမှဖြစ်မည်။

ဦးနှောက်က တစ်ချက်ဖောက်သွားရင် ခန္ဓာကိုယ်ကပ်မနာခံတော့ဘူး။

ကောင်မလေးက စတာဖြစ်လောက်ပေမဲ့ ချူးလီရဲ့နှလုံးသားက တစ်နေ့လုံး ကိုက် ၈၀၀ လောက် ပြေးနေရသလို အခုန်မြန်နေကာ တစ်ကိုယ်လုံးက ဆဲလ်တွေက ထကြွနေကြသည်။

အလုပ်ပြင်းပြင်းထန်ထန်လုပ်တာကလွဲလို့ ချူးလီမှာ ဖြေလျှော့စရာမရှိပေ။

ဆောက်လုပ်ရေးဆိုက်က အလုပ်ပြီးသွားတော့ ညနေ ၆ နာရီတောင်ထိုးနေပြီ၊ ဒီနေ့အပိုဘောနပ်စ် ယွမ် ၈၀၀ တောင် ရခဲ့သည်။

ဒီနေ့ခေတ်ကြီးမှာ အလုပ်ကြမ်းလုပ်ရတဲ့သူတွေက ရုံးခန်းထဲမှာ လုပ်ရတဲ့သူတွေထက် လစာ တအားမနည်းပေ၊ အထူးသဖြင့် ထူထပ်တဲ့ ပတ်ဝန်းကျင်က ကူလီအလုပ်သမားတွေပေါ့၊ ဘာလို့လဲဆိုတော့ အရမ်းပြင်းပြင်းထန်ထန်လုပ်ရကြောင့်ပင်။

ဒါကြောင့် ဂိုက်ဆရာအလုပ်လျှောက်တာတွေ ငြင်းပယ်ခံရတာ အကြိမ်ရေများလာတော့ ဆောက်လုပ်ရေးဆိုက်တစ်ခုကို ရွေးချယ်လုပ်ခဲ့တာဖြစ်သည်။

ဝိတ်တာအလုပ်လိုမျိုး လစာနိမ့်တဲ့ အချိန်ကုန်တဲ့ အချိန်ပိုင်းအလုပ်မျိုးတွေထက် ဆောက်လုပ်ရေးဆိုက်ရဲ့ ရိုးရှင်းပီးကြမ်းတမ်းတဲ့အလုပ်က ပိုက်ဆံပိုမြန်မြန်ရှာနိုင်သည်။

ဆောက်လုပ်ရေးဆိုက်ထဲမှာဘဲ ရေချိုးကာ သန့်စင်နေတဲ့ ရှပ်အင်္ကျီအဖြူနှင့် ဘောင်းဘီရှည်အနက်ကိုလဲဝတ်ပြီး ကျန်းယွီ သူ့ကိုပေးထားတဲ့အဖြူရောင်ရှူးဖိနပ်လေးကိုထုတ်စီးကာ သပ်သပ်ရပ်ရပ်လေး ဝတ်ဆင်လိုက်သည်။

အခုပုံစံနဲ့ဆို ဆောက်လုပ်ရေးဆိုက်ကအလုပ်ကြမ်းသမားထက် ဂိုက်ဆရာတစ်ယောက်နဲ့ပိုတူသွားပြီ။

ချူးလီ ဆောက်လုပ်ရေးဆိုက်ကထွက်လာတော့ အိမ်ကိုတန်းမပြန်သေးဘဲ Universal Century ရဲ့ စီးပွားရေးစင်တာကိုဦးတည်လိုက်သည်။

စီးပွားရေးစင်တာရဲ့ပထမဆုံးအထပ်က နာမည်ကြီး ပေါ့ပေါ့ပါးပါး အဆင့်အတန်းမြင့် crystal ဆိုင်ကိုသွားကာ အရောင်းစာရေးကို သူစိတ်ဝင်စားနေတဲ့ crystalဂီတသေတ္တာလေးကို ထုတ်ပေးဖို့မေးလိုက်သည်။

ဂီတသေတ္တာလေးကို ဖွင့်လိုက်တော့ ရေခံပြင်ကြီးပေါ်မှု လည်တံကြော့ကြော့ကိုမော့ပီး ခြေတစ်ဖက်ကွေးကာ လက်တွေက ငန်းတစ်ကောင်လိုမျိုး ပျံသန်းဖို့အားယူနေတဲ့တောင်ပံတွေလိုဖြန့်ကားထားသည့် Crystal ဘဲလေးအကမယ်လေးရှိသည်။

လွန်ခဲ့တဲ့တစ်လက ချူးလီဒီ ဂီတသေတ္တာလေးကိုမြင်တော့ ချက်ချင်းဘဲနှစ်ခြိုက်မိသွားသည်။

ဒီသေတ္တာလေးထဲက ကောင်မလေးက သူ့နှလုံးသားထဲက မြတ်နိုးရတဲ့ကောင်မလေးနှင့် ဆင်တူသည်။

ဒါပေမဲ့ အချိန်ပိုင်းဂိုက်ဆရာအလုပ်က အကြိမ်ကြိမ်ငြင်းပယ်ခံနေရတာကြောင့် ဆောက်လုပ်ရေးဆိုက်ကိုတန်းသွားကာ နေ့ရောညရော ပြင်းပြင်းထန်ထန်အလုပ်လုပ်ခဲ့သည်၊ လဝက်လောက်ရတဲ့လစာက ဒါလေးဝယ်ဖို့လုံလောက်ပါသည်။

အရောင်းစာရေးက crystal ဂီတသေတ္တာလေးကိုဂရုတစိုက်ထုတ်ကာ ချူးလီ လက်ထဲလွှဲပေးသည်။

ချူးလီ လေးလံတဲ့လက်ဆောင်‌ဗူးကိုသယ်ကာ စတိုးဆိုင်ထဲက ထွက်လာခဲ့ပြီး သူ့ရဲ့လေးလံတဲ့ခန္ဓာကိုယ်ကပိုပေါ့ပါးလညကာ ခြေလှမ်းတွေတောင်...အရမ်းပေါ့ပါးနေကြသည်။

ချစ်ရတဲ့ ကောင်မလေးကို လက်ဆောင်ပေးရတာက ဘယ်လောက် ကြည်နူးစရာကောင်းလိုက်လဲ။

ချူးလီ အိမ်ပြန်ရောက်တော့ မီးဖိုချောင်ထဲမှလှုပ်ရှားသံတွေကြားလိုက်ရသည်။ ကောင်မလေးက အိုးထဲရှိဖက်ထုပ်တွေကို လက်ထဲကယောင်းမနှင့် မွှေနေတာလေသည်။

နွေရာသီဖြစ်တာကြောင့် သူမက တီရှပ်အအေးသားလေးနှင့် ဒေလီ အဝါဖျော့ရောင် ခါးမြင့်ဘောင်းဘီတိုကို ဝတ်ထားပြီး သူမရဲ့ခါးလေးသွယ်လျနေသည်၊ အတော်ကြီးကိုသွယ်တာ၊ သူမဲ့ကြွက်သားတွေ၊ အရိုးတွေက အချိုးကျနလှသည်။ သူမခြေထောက်မှာလည်း သူ့ရဲ့slipper ကြီးကိုစီးထားသေးသည်။

မီးဖိုချောင်ထဲက မီးခိုးငွေ့အနည်းငယ်က သူမ့ကိုပျောက်ဆုံးနေတဲ့ မင်းသမီးလေးနှင့် တူစေသည်၊ အလွန်သပ်ရပ်သန့်ရှင်းနေတာဘဲ။

သူမ့နောက်က ကောင်လေးရဲ့စူးရှတဲ့အကြည့်ကိုသတိပြုမိပုံရသွားပြီး ကျန်းယွီက လှည့်ကြည့်လာသည်။ "ပြန်လာပြီလား"

"အင်း"

သူမက ယောင်းမကိုချကာ သူ့ကိုလှည့်ဖက်မလိုလုပ်သည်။ "အလုပ်ကြိုးစားမှုအတွက် ကျေးဇူးပါ၊ ဒီနားကိုလာပီး ဖက်ခွင့်ပေးပါဦး"

ချူးလီက သတိရှိရှိ ခြေတစ်လှမ်းဆုတ်ကာ ပြောလိုက်သည်။ "ကိုယ့်ကို ရေအရင်ချိုးခွင့်ပေး"

"ပြန်ရောက်ရောက်ချင်း ဘာကိစ္စရေချိုးချင်နေရတာလဲ"

"အပြင်မှာ တအားပူလို့"

ချူးလီ ထွက်ပြေးသလိုမျိုး ရေချိုးခန်းထဲမှာပုန်းနေခဲ့သည်။ ဆောက်လုပ်ရေးဆိုက်ထဲမှာ ရေချိုးလာပေမဲ့ သူက ညစ်ပတ်နေသေးတာကြောင့် သူမကို ထိဖို့မဝံ့မရဲဖြစ်ရသည်။

ဘိလပ်မြေအိတ်တွေ သယ်ပို့ရတဲ့အတွက် သူ့လက်သည်းတွေကြားမှာ ဘိလပ်မြေတွေ နစ်ဝင်နေပြီး ညစ်ပတ်နေလေသည်။

ဘေစင်ရှေ့လက်တွေကိုကုတ်ခြစ်ကာ နီလာတဲ့အထိပွတ်သပ်ပြီး ရေနှင့်ဆေးကြောလိုက်ပြီး လက်သည်းတွေကိုပါ သေချာပွတ်သပ်ဆေးကြောနေခဲ့သည်...

သူ့ကိုယ်သူအနံ့ခံကြည့်တော့ ချွေးနံ့တွေကျန်နေသေးသည်၊ ရွံ့စရာကောင်းလိုက်တာ၊ ညစ်ပတ်နေတာဘဲ...

ချူးလီ အဝတ်အစားတွေကို ဘေးကိုချွတ်ချလိုက်ပြီး ရေပန်းခေါင်းကိုလှည့်ကာ သူ့ကိုယ်သူသေချာရေစိုခံလိုက်ပြီး ရေချိုးဆပ်ပြာဂျယ်တွေ အများကြီး ညှစ်ကာ ပွတ်တိုက်တော့သည်။

သူကိုယ်သူ သဘောမပေါက်ပေမဲ့ သူ မသိလိုက်ခင်မှာဘဲ...သူ့အခြေအနေက အများကြီးပိုဆိုးလာသည်။

ကျန်းယွီ တံခါးနားရပ်ကာ ရေချိုးခန်းထဲက ရေသံတွေကိုနားထောင်နေခဲ့သည်။

ပူပြင်းလှနေလုံးကြီးအောက် အပူချိန်၄၀ဒီဂရီလောက်ကြီးမှာ ဖုန်တထောင်းထောင်းနှင့် ဆောက်လုပ်ရေးဆိုက်ထဲ လေးလံလှတဲ့အလုပ်ကြမ်းတွေ လုပ်နေရတာကိုတွေးရင်း သူမ အရမ်းဝမ်းနည်းသည်၊ အရမ်းဝမ်းနည်းရပါသည်။

ငယ်ရွယ်စဉ် အင်အားမရှိသေးတဲ့အချိန် ကိုယ့်ကိုယ်ကိုယ် အားကိုးနေရတာ တကယ်ခက်ခဲတာပဲ။

အပင်တစ်ပင်စိုက်ရင်တောင် ပြုစုပျိုးထောင်ဖို့ တစ်ယောက်ယောက်ရဲ့အကူအညီလိုအပ်သည်။

သူဒီတိုင်း ဆက်သွားမရတော့ဘူးဆိုတာ ကျန်းယွီသိသည်။ ဒီကမ္ဘာကြီးမှာ သူတစ်ယောက်တည်းမဟုတ်ဘူး။ သူ့အဖေက ထောင်ထဲမှာဆိုရင်တောင် သူ့မှာအမေရှိသေးသည်။

တရားဝင်တာဝန်ယူမှု တာဝန်ခံမှုအရ သူမရဲ့ကိုယ်ပိုင်သွေးသားတစ်ယောက်အတွက် သူမပုခုံးပေါ်မှာတာဝန်ရှိသည်။

သူက အခု အရွယ်ရောက်နေရင်တောင်မှ အတိတ်ကတည်းကအခုထိ နှစ်အတော်ကြာ လစ်ဟာနေခဲ့တဲ့ဂရုစိုက်မှုတွေအတွက် လျော်ကြေးမလိုအပ်ရဘူးလား။

ရုတ်တရက် အထဲက ချူးလီရဲ့အသံထွက်လာသည် - "ရှောင်ယွီ"

"အာ?"

"ဘာကိစ္စ တံခါးရှေ့မှာတလျှောက်လုံးရပ်နေတာလဲ"

ရေချိုးခန်းတံခါးက မှန်အဝါးနှင့် လုပ်ထားတာမလို့ တံခါးနားရပ်နေတဲ့ ဝါးတားတား ပုံရိပ်ကိုမြင်ရလောက်သည်။

"ငါ..."

ကျန်းယွီ ခဏလောက် ပြောစရာစကား ရှာမတွေ့ခဲ့ပေ။ "ခဏလောက် ဒီတိုင်းလေး ရပ်နေတာပါ"

ချူးလီ ရေပန်းခေါင်းကိုပိတ်ကာ ကိုယ်ပေါ်သပတ်စောင်ပတ်လိုက်သည်။ "ကိုယ့်ကိုချောင်းကြည့်နေတာလား"

"..."

သူက ရေနွေးငွေ့တွေသယ်ကာ ရေချိုးခန်းထဲက ထွက်လာပြီး သန့်ရှင်းတဲ့ အဖြူရောင်အိမ်နေရင်း ချည်အင်္ကျီလေးကိုလဲဝတ်ကာ သူမနားမကပ်ရဲခင် သူ့ကိုယ်သူ မနံတော့တာ သေချာအောင် စစ်ဆေးလိုက်သေးသည်။

"ဘာတွေမြင်သွားသေးလဲ"

ကျန်းယွီက မျက်နာကြီးနီကာ အော်တော့သည်။ "ဘာမှမြင်ဘူး၊ ဘယ်သူက နင်ရေချိုးတာ ချောင်းကြည့်မှာလဲ"

"ဒါဆို တံခါးနားရပ်ပြီး ဘာလုပ်နေတာလဲ"

"ငါ ဒီတိုင်း...နားထောင်နေတာ"

"ခိုးနားထောင်တာနဲ့ ချောင်းကြည့်တာ၊ ထူးထူးခြားခြား ကွာခြားချက်များရှိလို့လား"

ကျန်းယွီ သူနှင့်ဆက်မငြင်းနိုင်တော့တာကြောင့် ဘာမီပြန်မပြောတော့ဘဲ မီးဖိုချောင်ဆီ ပြန်ဝင်သွားကာ ဖက်ထုပ်နှစ်ပွဲကိုယူလာပီး ထမင်းစားပွဲပေါ်တင်လိုင်သည်။

ကောင်မလေးက အစမခံဘူးဆိုတာသိတော့ ချူးလီပြုံးကာ သူမကိုဆက်မစတော့ဘဲ ဖက်ထုပ်စားဖို့ ထိုင်ချလိုက်တော့သည်။

"နေအုံး"

ကျန်းယွီက ရေခဲသေတ္တာထဲကနေ ပုရှီး အိမ်က ထုတ်လာတဲ့ chiffon ကိတ်လေးကို အလျင်စလို ပြေးယူလိုက်ပြီးချူးလီထံ ကမ်းပေးလိုက်သည်။ "စားကြည့်၊ ဒီကိတ်က အရမ်းအရသာရှိတာ၊ ငါ့သူငယ်ချင်းအိမ်ကနေ သေချာယူလာတာ"

"သူငယ်ချင်းအိမ်?"

"အင်း၊ သူမက ငါ့ကိုအိမ်လည်ဖိတ်ထားလို့"

"မင်းရဲ့သူငယ်ချင်းက မင်းကိုသရေစာကျွေးဖို့ဖိတ်တာလေ၊ အဲ့တာကို ကိုယ့်ဆီယူမလာသင့်ဘူး"

ချူးလီက ရုပ်တည်ကြီးပြောလာသည်။ "စားပြီးတာတောင် အိမ်သယ်ဖို့လုပ်ရင် မင်းကိုဟာသလုပ်ကြမှာပေါ့"

"မလုပ်ပါဘူး၊ သူမက အရမ်းရိုးသားတာ"

"နောက်ကျရင် ကိုယ်တို့ဘာသာကိုယ်တို့ ဝယ်စားကြမယ်"

သူမအတွက် စဉ်းစားပေးနေတာသိတော့ ကျန်းယွီဆက်မငြင်းနိုင်တော့ဘဲ နာခံစွာခေါင်းညိမ့်ပြလိုက်သည်။ "အိုကေ၊ အရင်ဆုံး ဒါလေးတော့စားကြည့်ပါအုံး၊ ဥပမာအဖြစ်မယူကြရအောင်ပါ"

ချူးလီ အပိုင်းသေးသေးလေးကို လက်နှင့်ဖဲ့ကာ အရသာခံလိုက်သည်။

ဘေးမှာထိုင်‌နေတဲ့ကျန်းယွီက သူ့ကိုမျှော်လင့်တကြီး ကြည့်နေခဲ့သည်။ "ဘယ်လိုလဲ၊ အရသာရှိလား"

"အရသာမရှိဘူး၊ မင်း အရင်မြည်းပေး" ချူးလီက သူမရှေ့ကို ကိတ်လေးပြန်ထိုးပေးလိုက်သည်။

ကျန်းယွီ မျက်မှောင်ကြုတ်ကာ ပြောလာသည်။ "ငါကစားခဲ့ပြီးသား၊ ဒီအပိုင်းထဲကပဲ၊ ငါက စားပြီးသား"

"ကိုယ် မမြင်ခဲ့ရတော့ ထည့်ရေလို့မရဘူး"

"..."

ချူးလီက စိတ်ပိုင်းဆိုင်ရာအရ အကြောပေးတယ်ဆိုတာ ကျန်းယွီသိပါသည်၊ သူမနဲ့အတူ စားရမှဖြစ်မှာလား။ ငွေအကြွေစေ့ တစ်ဝက်ထက်ပိုရှိရှိမရှိရှိ စိတ်ပိုင်းဆိုင်ရာအတားအဆီးတွေကို မကျော်လွှားနိုင်တာကြောင့် သူ့မှာ ဒီကမ္ဘာကြီးကိုအာရုံခံနိုင်စွမ်းမရှိပေ။

သက်ပြင်းချကာ ကိတ်လေးကို ဖဲ့ကော်လိုက်ပြီး ပါးစပ်ထဲထည့်လိုက်သည်။

ချူးလီက ကိတ်ရဲ့ကျန်တစ်ဝက်ကော အရသာရဗိလှတဲ့ ဖက်ထုပ်တစ်ပန်ကန်လုံးကိုကော စားပစ်ကာ သူအတော်ဗိုက်ဆာနေပုံရသည်။

ဘယ်လိုလုပ်ပြီး ဗိုက်မဆာဘဲနေနိုင်မှာလဲ။ နေ့လည်တုန်းက အလုပ်လိုက်လုပ်နိုင်ခဲ့အောင်လို့ အရသာမရှိတဲ့နေလည်စားဘူးကို ထိုးသွပ်လာရပြီးတော့ တစ်နေလုံးမနားခဲ့ရပေ။

ကျန်းယွီ သူမပန်းကန်ထဲက ဖက်ထုပ်တွေကိုတောင် သူ့ထဲထည့်ပေးလိုက်သည်။

"မင်းရဲ့ပန်းကန်ထဲက ဟာတွေက ပိုအရသာရှိတယ်" ချူးလီက မှတ်ချက်ပေးခဲ့သည်။

"ဒါဆို ငါ့ပါးစပ်ထဲကဟာက ပိုပြီး အရသာရှိမှာပေါ့"

ဒါကိုကြားတော့ လူငယ်လေးက ခေါင်းထောင်ကာ သူမ့ကိုစိုက်ကြည့်လာသည်။

ကျန်းယွီ အနည်းငယ် စိတ်ကသိကအောင့်ဖြစ်လာကာ ပါးနှစ်ဖက်ရဲလာပြီး အကြည့်လွှဲလိုက်သည်။ "ဘာတွေကြည့်နေတာလဲ"

"ကိုယ့်ကောင်မလေးက အနမ်းတောင်းနေတာလား"

သူ့နှုတ်ခမ်းပေါ်မှာ ဆီတွေပေနေသေးသည်။ ဆီဝေ့နေတဲ့နှုတ်ခမ်းနှစ်ခု ပူးကပ်ရတာ အတော်ထူးဆန်သည်။

ကျန်းယွီ သူ့ကိုတွန်းကာ သူမပါးစပ်ကို တစ်သျှူးနှင့်သုတ်ပြီး ဒေါသတကြီးပြောလိုက်သည်။ "ငါက စရုံတင်"

"ဒါပေမဲ့ ကိုယ့်အတွက်က အတည်ပဲလေ"

သူဒါကိုပြောတော့ အသံက အနည်းငယ်ကျယ်နေပြီးအဆုံးသတ်မှာ တိုးတိတ်သွားကာ လူတွေကိုအရေးမကြီးပေမဲ့ လေးနက်တဲ့ခံစားချက်တွေ ပေးစွမ်းသည်။

"ကိုယ်က ကိုယ့်ညီမပြောတာမှန်သမျှ အတည်ယူသည်"

"အတည်ဆိုတာ ဘာသဘောလဲ၊ နင် ပုံမှန်ကုသမှုခံယူဖို့တောင်းဆိုတာတောင် လုပ်မပေးချင်ဘဲနဲ့"

ချူးလီက တိတ်ဆိတ်သွားပြီး သူမကို ပြန်မဖြေတော့ပေ။

ဒီကိစ္စက အရင်တုန်းကလည်း ဆွေးနွေးပြီး‌ပြီ။ ဒါပေမဲ့ ချူးလီ မလုပ်ချင်ဘူး၊ သူ့ဘဝမှာ ထပ်ပြီးစိတ်ရောဂါကုတွေနဲ့ မဆက်သွယ်ချင်တော့ပေ။

သူ့ကိုကုသဖို့ကြိုးစားတဲ့သူတိုင်းကို သူ ချက်ချင်းရန်လိုလာလိမ့်မယ်...

"ကိုယ် အဆင်ပြေမှာပါ" သူက ခေါင်းငုံ့သွားကာ စွပ်ပြုတ်ငုံ့စားနေတော့သည်။

"နင်ကောင်းမှာဆိုပေမဲ့...မပြောတော့ပါဘူး"

ကျန်းယွီ အထွန့်တက်လိုက်ပေမဲ့ သူ့ကိုထပ်တွန်းအားမပေးတော့ပေ။ ကောလိပ်ပြီးရင်တော့ သူနဲ့ သူ့အမေ အချင်းချင်း မှတ်မိသွားကြလောက်ပါသည်...

အတိတ်တုန်းက ဒဏ်ရာတွေလည်း ကုသနိုင်သည်။

ညစာစားပြီးတော့ ချူးလီ ပန်းကန်ဆေးဖို့ သတိရှိရှိမီးဖိုချောင်ကိုသွားလိုက်သည်။ ကျန်းယွီ တံခါးကိုမှီကာ အိမ်အလုပ်တွေကို ကျွမ်းကျွမ်းကျင်ကျင် လုပ်နေတဲ့ သူ့ကိုကြည့်နေခဲ့သည်။

ကလေးဘဝကတည်းက သူ့ကိုယ်သူဂရုစိုက်ခဲ့ရပြီး သူ့ဘဝအတွေ့အကြုံတွေက သူမထက်တောင် ကြွယ်ဝသေးသည်။ သူမမှာအဖေမရှိပေမဲ့ အမေရှိသေးသည်။

သို့သော် ကျန်းမန့်ယီက သူမကိုပိုဂရုစိုက်ကာ အမေလိုကော၊ အမလိုကော၊ သူငယ်ချင်းလိုကော၊ အကုန်လုံးအနေနဲ့ တစ်ယောက်ထဲက နှစ်ဆချစ်ပေးခဲ့သည်။

ကျန်းယွီ သူ့ဆီလျှောက်သွားကာ လက်ထဲကပန်းကန်ကိုယူလိုက်သည်။ "အတူတူဆေးကြရအောင်"

ချူးလီက သူမ့ကိုထိခွင့်မပေးပေ။ "နိုး"

"ဘာမှမဖြစ်ဘူး"

"မင်းက အကကဖို့ဖြစ်တည်နေတဲ့ ရှောင်ယွီ၊ အိမ်အလုပ်လုပ်ရမဲ့ ရှောင်ယွီမဟုတ်ဘူး"

"ဘုရားသခင်ရေ၊ နတ်သားချစ်သူလေးပဲ!"

ချူးလီက ဖွဖွလေးပြုံးကာ သူမနှာခေါင်းကို လက်ဆစ်နှင့်ပွတ်လိုက်သည်။ "ကိုယ့်ကို စောင့်နေ"

ကော်ဇောပေါ်လှဲလျက် အိမ်အလုပ်တွေလုပ်နေတဲ့သူ့ကိုအကြည့်မလွှဲဘဲကြည့်နေတဲ့ ကျန်းယွီကို ချူးလီက မေးလာသည်။ "ဒီညပြန်မသွားတော့ဘူးမလား"

"ငါပြန်ချင်တယ်"

သူ့လက်က လှုပ်ရှားမှုတွေကရပ်သွားပြီး သူမကိုလှည့်ကြည့်လာသည်။ "နေမယ်လို့ မင်းမပြောခဲ့ဘူးလား"

"ငါဘယ်တုန်းက ပြောလို့လဲ"

"ဒီနေ့ဖုန်းထဲမှာ မင်းပြောတာလေ"

"အိုရှ်၊ ငါ နင့်ကို လိုချင်တယ်လို့ပဲ ပြောခဲ့တာပါ"

ချူးလီ သူမကို စိုက်ကြည့်လာသည်။ "ကိုယ့်ကိုလိုချင်ရင် ဘယ်လိုမျိုးတွေ စီစဉ်‌ထားလဲ"

ကျန်းယွီက မှန်လိုမျက်ဝန်းနက်များထဲ အပြုံးတွေထင်ဟပ်လျက် သူ့ခါးကိုဖွဖွလေး သိုင်းဖက်လာသည်။

"အခုတောင် ရောက်တော့မှာ"

"..."

All Chapters