Chapter 80
Vol. 8 Ch. 80
ကျန်းယွီမပြန်ခင် ချူးလီက သူမရှေ့ကို လက်ဆောင်ဘူးလေးချပေးပြီး မျှော်လင့်တကြီးကြည့်ကာ ပြောလာသည်။ "ဖွင့်ကြည့်ကြည့်လေ"
ကျန်းယွီ နှလုံးသားထဲတွင် စိတ်ခံစားချက် မကောင်းပေ။
လက်ဆောင်ထုပ်ထားပုံက မြင်ရရုံနှင့်အလွန်လှနေပြီး အလွန်ဈေးကြီးမှန်းပြောနိုင်သည်။
ချူးလီ မျှော်လင့်ထားသလို သူမက ရင်တလှပ်လှပ်စိတ်လှုပ်ရှားစွာ ဖွင့်မကြည့်ခဲ့ပေ။
အဲ့ဒီ့အစား လက်ဆောင်ဘူးကိုင်ထားတဲ့လက်တွေကတုန်ရီနေကာ အလွန်ကြောက်ရွံ့နေလေသည်...
ပါကင်ဘူးလေးကို ဖောက်ကြည့်ပြီးတော့ အထဲတွင် အပြာရောင်ချည်ရေခဲပြင်ပုံပေါ်တွင် crystal နှင့် လုပ်ထားသော ဘဲလေးအကမယ်အရုပ်လေးနှင့် အလွန်သိမ့်မွေ့နူးညံ့သည့် crystal ဂီတသေတ္တာလေးရှိသည်။
အရုပ်မလေးရဲ့တစ်ကိုယ်လုံးကို crystal နှင့်ပြုလုပ်ထားပြီး ဘဲလေးစကတ်ခေါက်ထားပုံကအစ အလွန်သေသပ်ကာ အတော်ပြောင်မြောက်လှပသော လက်ရာဖြစ်သည်။
ဂီတသေတ္တာလေးရဲ့ချောမွတ်နေတဲ့မျက်နှာပြင်ပေါ်ကအရုပ်မလေးကိုထိလိုက်ရင် "ငန်းရေကန်"သီချင်းသံစဉ်က ဖြည်းဖြည်းချင်းမြည်လာသည်။
ဂီတသံစဉ်နောက်ခံနှင့် crystal အရုပ်မလေးက မှန်ဘောင်ထဲတွင် ပြောင်မြောက်စွာကတော့သည်။
"ကြည့်ကောင်းရဲ့လား"
ချူးလီ သူမကိုမျှော်လင့်တကြီးကြည့်နေပေမဲ့ ကျန်းယွီမျက်နှာပေါ်တွင် အံ့ဩတဲ့ပုံရိပ်တွေမမြင်ရပေ။ အဲ့ဒီ့အစား သူမမျက်ခုံးတွေက လေးလံမှုအပြည့်ပင်။
"လှလိုက်တာ၊ အရမ်းကြိုက်တာပဲ"
ချူးလီမျက်နှာပေါ်ကအပြုံးလေး ပျောက်ကွယ်သွားသည်။ "အလိမ်အညာတွေ၊ မင်း မကြိုက်ဘူးဘဲ"
ဘဲလေးဂီတသေတ္တာက ရေခဲပြင်ပုံမှန်ပြာပေါ်မှာတလဲ့လဲ့တောက်နေသော crystal အရုပ်မလေးနှင့် တကယ်ကိုလှပပါသည်။
သို့သော်လည်း ဒီဟာက သူ နေပူစပ်ခါးကြီးအောက်မှာအလုပ်ကြမ်းတွေလုပ်ပြီး ဝယ်ထားတဲ့ လက်ဆောင်ဆိုပြီးတွေးမိနေသရွေ့ ဝမ်းပမ်းတသာ ဒီလက်ဆောင်ကိုလက်ခံဖို့ရာမဖြစ်နိုင်ပေ။
ကျန်းယွီ သူ့ကိုစိတ်မပျက်စေချင်တာကြောင့် အံ့ဩသလိုအမူအယာလုပ်ပြနေပေမဲ့ သူမက ခံစားချက်တွေကို နှလုံးသားအနက်ဆုံးနေရာအထိ ဖွက်သိမ်းထားနိုင်တဲ့ကောင်မလေး မဟုတ်ပေ။
ပြီးတော့ ချူးလီ...သူ ဘယ်လောက်ပါးနပ်လိုက်လဲ။
"ရှောင်ယွီ၊ မင်းက သရုပ်ဆောင်တဲ့နေရာမှာ တကယ်မတော်ဘူးဘဲ" ချူးလီ အေးစက်စွာ ဂီတသေတ္တာလေးကို အဝေးတွန်းပို့လိုက်သည်။ "မင်း မကြိုက်ဘူးဆိုလဲ အဆင်ပြေပါတယ်"
ကျန်းယွီ နောက်ဆုံးတော့ ထပ်ပြီးထိန်းချုပ်မထားနိုင်တော့ပေ၊ သူမ ထပ်ပြီး ဟန်ဆောင်မမြိုနိုင်တော့ချေ။ "ဒါ့ကြောင့် အရမ်းတွေ အလုပ်ကြိုးစားနေတာပေါ့...ငါ့ကိုဒါဝယ်ပေးဖို့အတွက်နဲ့၊ ဂိုက်ဆရာ ပင်ပင်ပန်းပန်းလုပ်နေတာပေါ့?"
"ဂိုက်ဆရာလုပ်ရတာ ဘာပင်ပန်းလို့လဲ"
ချူးလီ အေးအေးဆေးဆေး ပြောလာပြန်သည်။ "နေ့တိုင်းအဲယားကွန်းလေးအောက်မှာ၊ ကျောင်းသားတွေကိုမေးခွန်းကူကြည့်ပေး၊ သူတို့ကိုစာဖတ်ခိုင်းနဲ့၊ ဂိုက်ကြေးကလည်း ၁နာရီကိုယွမ်၂၀၀ရတယ်လေ၊ ဒီလက်ဆောင်ကဘာမှမဟုတ်ပါဘူး"
ကျန်းယွီ ချူးလီကို သေချာစိုက်ကြည့်လိုက်ပြီး သူပြောတာတွေကို ပြတ်ပြတ်သားသား တုံ့ပြန်လိုက်သည်။ "အလိမ်အညာတွေ"
သူတို့နှစ်ယောက်လုံး အတော်ကြာ အကြည့်ချင်ဆုံနေကြပြီး ချူးလီ အကြိမ်များစွာ ပြောပြချင်နေခဲ့ပေမဲ့ သူဘာမှမပြောထွက်တော့ဘဲ နောက်ဆုံးမှာတိတ်ဆိတ်သွားသည်။
ခဏလောက်ကြာတော့ ချူးလီ မှန်ပြားလဲ့လဲ့ပေါ်က crystal အရုပ်မလေးကို ထိလိုက်တော့ ပြတ်သားတဲ့တေးသွားလေး မြည်ဟီးလာသည်။ အရုပ်မလေးက သူမ့လက်မောင်းနှစ်ဖက်ကို ခေါက်ကာ ဖြည်းဖြည်းချင်းလေးလှည့်နေခဲ့သည်...
ချူးလီ စားပွဲပေါ်မှီရင်း ထိုအရာလေးကို တိတ်တဆိတ်ကြည့်နေခဲ့သည်။
သူ့နှလုံးသား တဖြည်းဖြည်း စိတ်အေးလာရသည်။
သူဘယ်ချိန်တုန်းကတည်းက ဘဲလေးအကကိုနှစ်ခြိုက်မိနေမှန်း သူ မသိပေ။ သူ ဘယ်လို ဖော်ကြူးရမလဲဆိုတာ မသိပေမဲ့...အဲ့တာက လှပသည်၊ သူ့ရဲ့မခံမရပ်နိုင်စရာမှတ်ဉာဏ်တွေ၊ နာကျင်မှုတွေ အကုန်လုံးမေ့လျော့သွားစေနိုင်သည်။
သူ ငရဲကိုကြုံတွေ့ခဲ့ရတယ်ဆိုတာ မေ့သွားပြီး...ဒါတွေအားလုံးက သူမြတ်နိုးရတဲ့ကောင်မလေးက ဘဲလေးအကကို ချစ်တာကြောင့် ဖြစ်သည်။
ကျန်းယွီ ဒူးနှစ်ဖက်ပိုက်လျက် ဆိုဖာပေါ်မှာထိုင်နေရင်း သူ့နောက်ကျောကို တိတ်တဆိတ်ကြည့်နေမိသည်။ အခန်းထဲမှာ "ငန်းရေကန်"ရဲ့ သိမ်မွေ့တဲ့တေးသွားနှင့်ပြည့်နေပြီး သူတို့နှစ်ယောက်လုံး အတော်ကြာအောင် ရင်းနှီးတဲ့ တိတ်ဆိတ်မှုထဲတွင် နစ်မြှုပ်နေကြသည်။
သူမ ဘာပြောနိုင်မလဲ
သူမရဲ့အရာအားလုံးက တဖြည်းဖြည်းပြောင်းလဲလာသည်၊ အနာဂတ်လမ်းစကို ရှာတွေ့ခဲ့သည်၊ အဖေ့ကိုပြန်ရှာတွေ့ပြီးတော့ မိသားစုလေးကို ပြန်စုစည်းနိုင်လုနီးပါးဖြစ်နေ၍ ပျော်ရွှင်မှုထဲရစ်မူးနေခဲ့မိသည်။
ဒါပေမဲ့ ဒီလိုသည်းမခံနိုင်စရာ လောကကြီးထဲမှာတောင် သူမဘေးမှာရှိနေပေးသည့် လူငယ်လေးကို မေ့လျော့နေခဲ့မိသည်။
အချိန်ခဏလောက်ကြာတော့ လက်ချောင်းလေးနှင့် သူ့ကျောကို ဖွဖွလေးပုတ်လိုက်သည်။
ချူးလီ မျက်နှာကို ဘေးဘက် လှည့်လာပြီး အေးတိအေးစက် ထုတ်မေးလာသည်။ "မင်း ဒီဟာကိုလိုချင်လား"
"ငါ မတတ်နိုင်ဘူး၊ အဲ့ဒါက အရမ်းဈေးကြီးတယ်"
တကယ်တန်ဖိုးကြတာက ပစ္စည်းတန်ကြေးမဟုတ်ဘဲ ချူးလီ ခံစားခဲ့ရတဲ့ဝေဒနာတွေပင်။
"ကိုယ့်ကိုကော၊ လိုချင်သေးရဲ့လား"
ကျန်းယွီ သူ့ရဲ့စိတ်ပျက်သွားမှုတွေကိုမြင်တွေ့ရတော့ သူ့အင်္ကျီလက်ကို ဆွဲလိုက်သည်။ "နင်ပေးရင်တော့ ငါလိုချင်တာပေါ့"
"ဆိုးဆိုးဝါးဝါးအဆင့်တွေကို ရအောင်ကျော်ပီး ပထမအဆင့်တက္ကသိုလ်ကိုလည်း ဝင်ခွင့်ရခဲ့ပီ၊ ဒါကကိုယ့်အကောင်းဆုံးအချိန်လို့ ထင်နေခဲ့တာ၊ ဒါပေမဲ့ မင်းမြင်တဲ့အတိုင်းဘဲ၊ ဂိုက်ဆရာအနေနဲ့တောင် မလုပ်နိုင်ဘူး"
စိတ်မပါစွာ ပြုံးလိုက်သည်။ "ရှက်စရာကောင်းလိုက်တာ! ကိုယ် ဒီ့ထက်ပိုမကောင်းလာနိုင်တော့ဘူး"
ကျန်းယွီ သူ့ကိုတင်းနေအောင်ဖက်ပြီး ဘယ်လောက် တွန်းထုတ်ထုတ် ခေါင်းမာစွာ ဖက်တွယ်ထားလိုက်သည်။ "ဒီတော့ ဘာဖြစ်လဲ"
"အလုပ်မဖြစ်ရင်တောင် ငါ နင်နဲ့သာဆို ငရဲမှာတောင်နေနိုင်တယ်၊ အနာဂတ်မှာ ဘာပဲဖြစ်ဖြစ် ကိစ္စမရှိဘူး၊ ငါ နင့်ကိုပဲ ကပ်တွယ်နေမှာ"
ချူးလီ သူမကို တွန်းထုတ်နိုင်စွမ်းမရှိတော့ဘဲ တုန်ယင်နေသော လက်များနှင့် သူမကိုပြန်ဖက်လိုက်သည်။
"မင်းပြောတာနော်..."
ကောင်လေးကလှည့်လာပီး သူမကို ဆိုဖာပေါ်ဖိချကာနမ်းရှိုက်ပစ်လိုက်ပြီး သူ့လှုပ်ရှားမှုတွေက အနည်းငယ်ကြမ်းတမ်းနေ၍ ကျန်းယွီတစ်ယောက် အလိုလိုတွန့်သွားကာ အသက်ရှူသံတွေမြန်လာပြီး ရင်ဘက်တွေပိန်လိုက်ဖောင်းလိုက်ဖြစ်နေသည်။
ချူးလီ သူမနှုတ်ခမ်းကို ကိုက်ချပစ်သည်။
အနည်းငယ် နာကျင်သွားတဲ့အထိ ကိုက်နေခဲ့ရင်း သူ့မျက်လုံးတွေခက်ထန်နေခဲ့သည်။
သူ့ကို တွန်းထုတ်ဖို့ကြိုးစားရင်း အသနားခံနေခဲ့သည်။ "အားလီ၊ ငါနည်းနည်းကြောက်တယ်..."
"ထပ်ခေါ်ကြည့်"
"အားလီ"
ကောင်လေးက ပိုပိုပြီး ခက်ထန်လာသည်။
ကျန်းယွီ ရုန်းကန်နေတော့ နှစ်ယောက်သား ကြမ်းပြင်ပေါ်ဗလုံးဗထွေး ပြုတ်ကျသွားပေမဲ့ ကြမ်းပြင်ပေါ်မကျခင် သူက သူမကိုဖက်ထားပြီးဖြစ်ကာ သူ့ကိုယ်အောက်ဖိချပစ်သည်။
နှုတ်ခမ်းနှစ်ခုက ဆက်နေကြပြီး သူမခေါင်းနောက်ကိုဖိကာ ပါးစပ်ဟလာဖို့ဖိအားပေးနေခဲ့သည်။
ကျန်းယွီ ဒီနှုန်းကိုလိုက်မမှီနိုင်တော့ဘဲ သူ့အောက်နှုတ်ခမ်းကို ကိုက်ချပစ်ပေမဲ့ ချူးလီကတော့ ယားသလိုသာခံစားရသည်။ နှုတ်ခမ်းတွေကြားမှာ ငန်ကျိကျိအရသာပင် ခံစားနေရပြီပင်။
"မင်း ကိုယ့်ကိုကြိုက်တယ်ဆိုပြီး မပြောခဲ့ဘူးလား၊ ကိုယ် မင်းကို အရာအားလုံးပေးမယ်လေ"
သူအသံကညှင်သာနေပေမဲ့ သူ့လှုပ်ရှားမှုတွေကအလွန်အကြူး ခက်ထန်နေခဲ့သည်။
ကျန်းယွီ ထုံကျင်လာကာ သူမ ခံစားနေမိတဲ့သွေးအရသာက သူ့သွေးလား သူမသွေးလားပင် မသိတော့ပေ...အထိန်းအချုပ် လွတ်နေတဲ့လူငယ်လေးက သူမကိုဝမ်းနည်းစေသည်။
ချူးလီ သူမခံစားချက်တွေကို ခံစားမိလာတော့ နမ်းတာရပ်ပေးလိုက်သည်။
ကောင်မလေးက မျက်လုံးစုံမှိတ်လိုက်ပြီး အရာရာသည်းခံနေရသလို မျက်တောင်တွေ အနည်းငယ်တုန်ရီနေရှာသည်။
ဟုတ်တာပေါ့၊ စိတ်ဒဏ်ရာတွေ...သူမ အရင်ဘဝတုန်းကရခဲ့တဲ့ စိတ်ဒဏ်ရာတွေအတိုင်းပဲ။
ချူးလီ ရုတ်တရက် လန့်သွားပြီး သူမကိုချက်ချင်းထူပေးလိုက်ကာ ဆံပင်တွေကို သပ်ရပ်သွားအောင်သပ်ချပေးလိုက်သည်။
ကျန်းယွီရဲ့မျက်ဝန်းတွေဖွင့်လာတော့ သူမ့မျက်ဝန်းနက်တွေထဲ မျက်ရည်ဝိုင်းနေကာ တုန်တုန်ယင်ယင်ပြောလာသည်။ "နင်ကိုယ်တိုင်ကလွဲပြီး ဘယ်သူကမှ နင့်ကိုမကယ်နိုင်ဘူး"
ထိုသို့ပြောပြီးတော့ သူမအိတ်ကိုဆွဲယူကာ အခန်းထဲကပြေးထွက်သွားပြီး ချူးလီကို ချန်ထားခဲ့သည်။ ချူးလီ တစ်ယောက်ထဲ ကြမ်းပေါ်မှာခွေလျက်သားကျန်နေခဲ့သည်။
Crystal ဘဲလေးအကမယ်လေးက လှည့်ပတ်ကနေဆဲပင်။
လက်နှင့်ရိုက်ချပစ်တော့ အရုပ်မလေးကကြမ်းပေါ်ပြုတ်ကျသွားပြီး သီချင်းသံရပ်သွားသည်။
ကျန်းယွီ Esmeralda အနုပညာစင်တာကိုပြန်လာခဲ့ပြီး ကတိပေးထားတဲ့အတိုင်း ပုရှီးရဲ့လေ့ကျင့်ရေးခန်းဆီသွားလိုက်သည်။ သူမရဲ့မူမမှန်တဲ့အခြေအနေကိုမြင်တော့ ပုရှီးက စိုးရိမ်တကြီး မေးမြန်းလာသည်။ "ဘာဖြစ်လာတာလဲ၊ နင့်ကောင်လေးနဲ့ ရန်ဖြစ်လာတာလား"
ကျန်းယွီ ဖြည်းဖြည်းလေး ခေါင်းညိမ့်ပြလိုက်သည်။
ပုရှီး သူမဘေးကို ထိုင်ချကာ ထပ်မေးလာသည်။ "ပြောပြချင်လား"
"တကယ်တော့၊ ကိစ္စကြီးကြီးမားမား မဟုတ်ပါဘူး၊ သူကဒီတိုင်း...တခါတလေ အတော်ကြမ်းတမ်းတယ်၊ အခုဘာလုပ်ရမလဲ ငါ တကယ်မသိတော့ဘူး"
ပုရှီး ခဏလောက် တွေးတောနေခဲ့ပြီးမှ "တကယ်တော့လေ၊ ဒီအသက်အရွယ်လေးမှာ ချစ်မြတ်နိုးတဲ့လူနှစ်ယောက် အတူတူရှိချင်ကြပီဆိုရင် အဲ့တာအရမ်းဒုက္ခများကိစ္စဘဲ၊ အချင်းချင်း အချိန်ကုန်ရမဲ့အစား မရောက်သေးတဲ့အနာဂတ်အတွက် ကြိုးစားရုန်းကန်ကြရတယ်၊ လူတိုင်းအမှီအခိုကင်းတဲ့ လူသားတွေပဲ၊ ဘယ်သူကမှ တစ်ယောက်ယောက်အတွက် အရာရာဖြစ်မလာနိုင်ဘူး။ မဟုတ်လို့ရှိရင် တစ်ယောက်ပျောက်ကွယ်သွားလိုက်တာနဲ့ နောက်တစ်ယောက်ရဲ့ကမ္ဘာကြီးပြိုလဲသွားမှာပေါ့၊ ဒီအသက်အရွယ်မှာ ဘယ်သူက ဘယ်သူရဲ့ဘဝကိုဆုံးဖြတ်ပေးနိုင်မှာလဲ"
ဟုတ်တာပေါ့၊ ကျန်းယွီ ပုရှီးပြောတဲ့အမှန်တရားကိုသိတာပေါ့။
ဒါပေမဲ့ ဒီကမ္ဘာကြီးထဲမှာ ပြောစရာအမှန်တရားတွေအများကြီးရှိသည်။
ချူးလီက သာမာန်ကောင်လေးတစ်ယောက်မဟုတ်တော့ သူမတို့နှစ်ယောက်ရဲ့ဆက်ဆံရေးက ပုံမှန်အတွဲတွေလိုမျိုး လွယ်လွယ်လေး ပြတ်တောက်မသွားဖို့ တည်ဆောက်ထားရမှာ...
ချူးလီကို သူမဘယ်တော့မှ ထားသွားလို့မရဘူး။
ပုရှီး သူမမျက်နှာပေါ်က စိတ်ရှုပ်ထွေးနေတဲ့ပုံရိပ်ကို မြင်တော့ ပုခုံးလေးကို ပုတ်ပေးလိုက်သည်။ "တအားကြီး မတွေးပါနဲ့၊ ဒီတစ်ပတ်စနေ၊တနင်္ဂနွေက နွေလယ်ညကပွဲလေ၊ သေချာအကလေ့ကျင့်ရတော့မယ့်အချိန်ရောက်နေပီ!"
"အင်း"
ကျန်းယွီ စိတ်အားထက်သန်စွာ ခေါင်းညိမ့်ပြလိုက်သည်၊ ဟုတ်မှာပါ၊ သူတို့လိုနေတာအားလုံးက စိတ်အေးအေးထားဖို့အချိန်ပဲ။
အကလေ့ကျင့်ပြီးသွားတော့ သူမစိတ်မဖြောင့်သေးတာကြောင့် ချူးလီဆီ စာပို့လိုက်သည်။ "ငါစိတ်ဆိုးမနေဘူး၊ လိမ္မာစမ်းပါ"
ချူးလီက စာလုံးလေးလုံးသာစာပြန်လာသည်။ "ပြိုင်ပွဲအတွက် စိုးရိမ်မနေနဲ့"
နွေလယ်ညအကပါတီကို နာမည်ကြီးများစွာတက်ရောက်လာကြပြီး အလွန်အသက်ဝင်နေသည်။ Esmeraရဲ့ အဆင့်မြင့်တရားဝင်တွေကလည်း မျက်နှာလာပြကြကာ ပုရှီးရဲ့အမေကော၊ အဘွားကော အပါအဝင် ဖြစ်သည်။
ကျန်းယွီ ပုထျန်းယန်ရဲ့အမေကိုဆုံဖူးတဲ့ ဒါပထမဆုံးအကြိမ်ပင်။
နေဗီပြာရောင် ချောင်ဆမ်ကို ဝတ်ထားတဲ့ ခဲရောင်ဆံပင်နှင့် အပြုအမူသိမ်မွေ့တဲ့ အမျိုးသမီးအိုကြီးကို ဘဲလေးအကအဖွဲ့အစည်းက ထိပ်သီးအနုပညာရှင်တွေခြံရံကာ သူမကိုစကားပြောကာ ကပ်တွယ်နေကြသည်...ပုထျန်းယန်က သူမဆန္ဒတွေကို ဂရုစိုက်မခံရဘဲ ပုမိသားစုရဲ့အမွေဆက်ခံသူအဖြစ် ဖိအားပေးလေ့ကျင့်ခံလာရပြီး ထိုမိသားစုက အလွန်စည်းကမ်းတင်းကြပ်ကြောင်း ကျန်းမန့်ယီဆီက ကျန်းယွီကြားဖူးသည်။
ဒါ့ကြောင့် ပုထျန်းယန်က အလွန်ပုန်ကန်ခဲ့တာပေ။
ဒီတစ်ခေါက် နွေလယ်ည ညနေခင်းပါတီတီပွဲမှာ ကျောင်းသားအများစုက ပါဝင်မဆင်နွှဲကြပေ။
အတန်းABCက အရင်ကျောင်းသား၊ နောက်ကျောင်းသား စုစုပေါင်း လေးဆယ်ထက်မကျော်သလို အတန်း DEF က ကျောင်းသားတွေကလည်း မပါဝင်ကြပေ။
ပြိုင်ပွဲတွင် သူတို့အတွက် နေရာမရှိပေ၊ ဒီလိုမျိုး အဆင့်မြင့်ညစာစားပွဲပါတီမှာပါဝင်ဖို့ အရည်အချင်းမပြည့်မီကြသေးပေ။
ဒီကမ္ဘာကြီးမှာ အပြည့်အဝ တန်းတူညီမျှမှု လုံးဝမရှိပေ။ Esmeralda မှာ မိသားစုနောက်ခံက တိုင်းတာမှုထဲမပါပေမဲ့ စွမ်းရည်ကတော့ ဂုဏ်သတင်း၊ အဆင့်အတန်းကို တိုင်းတာနိုင်သည်။
ကျောင်းသားအသီးသီးက ကိုယ်စားပြုဆရာ၊ ဆရာမတွေရဲ့နာမည်တွေနှင့် အတန်းနာမည်တွေ ရေးထိုးထားသော နာမည်ကတ်တွေကို ရင်ဘတ်ပေါ်မှာချိတ်ထားကြသည်။
ကျန်းယွီကို ဆရာမရွှယ်ကျားယီက ထောက်ခံပေးထပြီး အတန်းFက တစ်ဦးတည်းသော ပါဝင်ယှဉ်ပြိုင်သူဖြစ်သည်။
ဒါကြောင့် ကပွဲထဲမှာ ကျောင်းသားဟောင်းတွေက သူမ့ဆီရောက်လာပြီး နှုတ်ဆက်ဖို့ကြိုးစားကြပေမဲ့ သူမ့ရင်ဘတ်ပေါ်က နာမည်ကတ်ကိုကြည့်ပြီး အတန်းFဆိုတဲ့ "အဆင့်"ဆိုတာ သိသွားကြတော့ သူငယ်ချင်းလုပ်ဖို့အရည်အချင်းမပြည့်မှီဘူးလို့ ထင်သွားကြသည်။
ကျန်းယွီကတော့ ဒီကိစ္စနှင့်ပတ်သတ်ပြီးအေးဆေးနေပေမဲ့ သူမအမြင်မှာတော့ ဒါက အရမ်းကောင်းတာပေ။
ပိုက်ဆံ ကြွယ်ဝချမ်းသာမှုက ဂုဏ်အဆင့်အတန်းကိုတိုင်းတာနိုင်တာထက် စွမ်းရည်က ပိုပြီး ဂုဏ်အဆင့်အတန်းကို တိုင်းတာနိုင်သည်။
မဟုတ်ရင် အဆင့်နိမ့်သော နောက်ခံကလာခဲ့တဲ့ ရွှယ်ကျားယီက ဒီလိုမျိုးအမြင့်တစ်နေရာကိုပင် တက်လှမ်းမလာနိုင်လောက်ပေ။
ရွှယ်ကျားယီ ကျန်းယွီဘေးလာထိုင်ပြီး သူမ့ကိုပြောလာသည်။ "အကပြိုင်ပွဲမှာ ဆက်တိုက်ပယ်တဲ့စနစ်ကို သုံးကြလိမ့်မယ်၊ လူတိုင်း သူ့အစဥ်လိုက်အတိုင်း အလှည့်ကျဖျော်ဖြေကြရမယ်၊ နောက်ခံဂီတက ရပ်သွားမှာမဟုတ်ဘူး၊ ကျတဲ့ဂီတစတိုင်ကိုလိုက်ပြီး အကလှုပ်ရှားမှုတွေကို ရွေးချယ် က ရမယ်။ အမှီမလိုက်နိုင်ရင်ဖြစ်ဖြစ် အကစတိုင်နဲ့ လိုက်လျောညီထွေမှု မရှိရင်ဖြစ်ဖြစ် နင်ထုတ်ပယ်ခံရမှာ"
"အဆုံးထိ ထုတ်ပယ်သွားပီး ကျန်ခဲ့တဲ့တစ်ယောက်က နောက်ဆုံး ပိတ်ချန်ပီယံပဲ"
"ကြားရတာ ဂိမ်းတစ်ခု ကစားနေသလိုမျိုးပဲ"
"အရေးကြီးတဲ့ပြိုင်ပွဲနဲ့ မတူသလိုဘဲနော်"
ရွှယ်ကျားယီ တည်တံ့သွားကာ သေချာပြောလာသည် "ဒါပေမဲ့ ပရိသတ်ထဲမှာ ဘယ်သူရပ်နေလဲဆိုတာ မကြည့်လို့မရဘူး၊ ပုမိသားစုက သားအမိကိုမပြောနဲ့ဦး၊ အဖွဲ့အသည်းရဲ့ ဦးဆောင်သူတွေ၊ အဓိက ဆပ်ကပ်အဖွဲ့ကြီးရဲ့အနုပညာရှင်တွေ၊ သူတို့ရှေ့မှာ ကပြဖျော်ဖြေဖို့ အရည်အချင်း ပြည့်မှီမှရမယ်။ ဒါဆိုရင် ဒါကအရေးကြီးပြိုင်ပွဲမဟုတ်ဘူးလို့ ပြောနိုင်သေးလား"
ကျန်းယွီ ကြောက်ရွံ့စွာ အသက်ပြင်းပြင်းရှူလိုက်မိသည်။ "အကောင်းဆုံးကြိုးစားပါ့မယ်"
"မကြောက်ပါနဲ့၊ ဒီတစ်ခေါက်က ပုရှီးပါနေတယ်၊ နင် သူမကိုနိုင်စရာမလိုပါဘူး၊ နင် သူမကိုနိုင်ဖို့ကလဲ မဖြစ်နိုင်ဘူး၊ ပိုင်ရှုယီရဲ့ကိုယ်စားပြု တပည့်နှစ်ယောက်ထက်ကျော်နေသရွေ့ လုံးလောက်ပါတယ်"
ရှန်းအောင်းချင်နှင့် ဝမ်လွန်တို့ကို ပြောနေတာဖြစ်သည်။
အဲ့ဒီ့နှစ်ယောက်ကိုအလဲထိုးနိုင်တာနှင့် ရွှယ်ကျားယီ ရဲ့ Esmera ရဲ့ခေါင်းဆောင်တွေထဲမှာ ပိုင်ရှုယီထက်ပိုအရည်အချင်း ရှိသွားမည်လေ။
"ဂိမ်းက ခဏလောက်နဲ့ မစသေးဘူး၊ ညစာစားပွဲသွားပီး စွမ်းရည်ဖြည့်ဖို့ တစ်ခုခုသွားစားလို့ရတယ်၊ ဒါပေမဲ့ အများကြီးမစားနဲ့"
"အိုကေပါ၊ ဆရာမရွှယ်"
ကျန်းယွီ အစားအသောက်စားပွဲကိုသွားပြီး ချောကလတ်တစ်ခု ကောက်စားကာ သူမစွမ်းရည်တွေပြန်ဖြည့်လိုက်သည်။
ထိုအချိန်တွင် ပုရှီး သူမ့နားရောက်လာကာ ဆွဲခေါ်ရင်းပြောလာသည်။ "လာခဲ့၊ ငါ့အမေနဲ့ သွားတွေ့ကြရအောင်"
"အာ၊ အဲ့ဒါက..."
သူမ ငြင်းချိန်မရခင် ပုရှီးက သူမကို ပုထျန်းရှန့် ရှေ့ခေါ်သွားလေပြီ။
သေချာပေါက်ပေါ့၊ ပုထျန်းရှန့်အကြောင်း ကျန်းယွီကြားဖူးသည်။ နာမည်ကြီးမဂ္ဂဇင်းတစ်ခုမှာ ပုထျန်းယန်ရဲ့အထုပ္ပတ္တိအကြောင်းဖတ်တုန်းက ဒီညီမအကြောင်းကိုထည့်ရေးထားသည်။
ပုထျန်းယန်နှင့် သူမက ဟိုးငယ်ငယ်ကတည်းက တပူးပူးတတွဲတွဲ ညီအစ်မတွေလို့ မဂ္ဂဇင်းထဲမှာရေးထားသည်။ နှစ်ယောက်လုံးက ဘဲလေးအကသင်ခဲ့ကြပြီး ငယ်တုန်းကတည်းက ထူးချွန်လှတဲ့ ရလဒ်တွေ ဆွတ်ခူးနိုင်ခဲ့ကြသည်။
နောက်ပိုင်း အသက်တွေကြီးလာတော့ နှစ်ယောက်သားကွာခြားချက်က ပိုများလာသည်။ ပုထျန်းယန်က ထူးချွန်သော ဘဲလေးပါရမီရှင်ဖြစ်ပြီး သဘာဝကြီးနှင့်အသားကျကာ လွတ်လပ်သောသူဖြစ်ပြီး ချုပ်ချယ်ခံရတာမကြိုက်ပေ။
ဒါပေမဲ့ ပုထျန်းရှန့်ကတော့ ပြောင်းပြန်ပင်။ သူမက ဘဲလေးအကကို အလွန်စိတ်အားထက်သန်ပြီး ဆရာ၊ဆရာမတွေစကားကို ဂရုတစိုက်နားထောက်ကာ ကောင်းကောင်းပြုမူသည်။ သို့သော် သူမ ပါရမီကတော့ အကန့်အသတ်ရှိသည်။ လုံ့လဝီရိယရဲ့ အမြင့်ဆုံးအဆင့်ကိုရောက်သွားပြီးတော့ ပိုတိုးတက်ဖို့ခက်ခဲလာပေသည်။ နောက်တော့ ဘဲလေးအကကို နှုတ်ထွက်သွားပြီး မိသားစုအရေးကိစ္စတွေထဲ ဝင်ရောက်သွားကာ ဝမ့်ရှီဖုန်လိုမျိုး လုပ်နိုင်စွမ်းရှိသည့် မိသားစုခေါင်းဆောင်ဖြစ်လာသည်။
ပုရှီးက ကျန်းယွီကို ပုထျန်းရှန့်ဆီ ဆွဲခေါ်သွားပြီး နွေးထွေးစွာ မိတ်ဆက်ပေးလိုက်သည်။ "အမေ၊ ဒါ သမီးရဲ့သူငယ်ချင်းအသစ်၊ သမီး အမေ့ကိုပြောပြဖူးတယ်လေ၊ အတန်းဖော်ကျန်းယွီ"
ကျန်းယွီ ယဉ်ကျေးစွာ နှုတ်ဆက်လိုက်သည်။ "မင်္ဂလာပါ၊ အန်တီ"
ပုထျန်းရှန့်က သူမဖက်ရှင်ထဲတွင် လက်ရွေးစင်အငွေ့အသက် အနည်းငယ်ပျံ့လွင့်သော ထူးကဲတဲ့စတိုင်မျိုးနှင့် နန်းဆန်တဲ့ Channel ဂျက်ကတ်ကိုဝတ်ထားသည်။ သူမက ကျန်းယွီကိုကြည်မလာပေမဲ့ မျက်လုံးအကြည့်တွေက သူမ ရင်ဘက်ပေါ်က အတန်း F ဆိုတဲ့နာမည်ပြားပေါ်ရောက်သွားပြီး စိတ်မပါသောအမူအယာနှင့်ပြန်ဖြေလာသည်။ "အို့ရှ်၊ ကောင်းတာပေါ့"
ဘယ်မိဘကမှ သူတို့သားသမီးတွေကို အဆင့်နိမ့် (AN:စာသင်ရာမှာ အမှတ်နည်းလို့၊ မတော်လို့ အဆင့်နိမ့်တာမျိုးပါ၊ ကျန်တာမဟုတ်ပါဘူး!) တဲ့ ကလေးတွေနှင့်မဆော့စေချင်ကြတာ ကျန်းယွီသိပါသည်၊ ကျန်းမန့်ယီက ထိုသို့သော မိဘမျိုးတွေရဲ့ ယေဘူယျဥပမာဖြစ်သည်။
ချန်းဝေအိမ်ကိုလာလည်တိုင်း ချန်းဝေကအဆင့်ကောင်းတာမလို့ သူမကိုအပြုံးလေးနှင့် အမြဲနှုတ်ဆတ်သည်။
မိဘအားလုံးက အဲ့ဒီလိုမျိုးပါပင်၊ ပုထျန်းရှန့်ကျမှ ခြွင်းချက်မဟုတ်ပေ။ နာမည်ကတ်ကို ဖျက်ခနဲကြည့်ပြီး နားလည်သွားကာ ကျန်းယွီကို ခေါင်းမော့ကြည့်လိုက်သည်။
သို့ရာတွင် ကျန်းယွီရဲ့သွင်ပြင်ကိုမြင်တော့ ပုထျန်းရှန့် သိသိသာသာ တုန်တက်သွားသည်။
ပုထျန်းယန် ပြန်လာသလိုမျိုး ပုထျန်းရှန့် ခံစားလိုက်ရသည်။
ကျန်းယွီကို ထပ်ကြည့်လိုက်တော့ တစ်ခုခုမှားနေသည်ကိုခံစားမိသည်။
သူမက အသက်ငယ်ငယ်လေး၊ ပုရှီးနှင့် အရွယ်လောက်ဘဲရှိသေးတာ၊ ဘယ်လိုပ်လုပ်ပြီး ပုထျန်းယန်နဲ့ တူနိုင်ပါ့မလဲ။
ပုထျန်းရှန့် အံ့ဩရိပ်တွေကိုဖုံးကွယ်ကာ ပုရှီးကိုငေါက်လိုက်သည်။ "ပြိုင်ပွဲကစတော့မှာ၊ ဆိုရှယ်ကျဖို့ ဒီနားမှာရှိနေတုန်းရှိသေးတာလား၊ နင့်အဘွားတွေ့ရင် ဆူနေလိမ့်မယ်"
"နားလည်ပါပြီ"
သူမအမေကိုကြည့်ရုံနှင့် ကျန်းယွီနှင့် ဆက်မပတ်သက်စေချင်တဲ့ အရိပ်အယောင်တွေ မြင်လိုက်ရတော့ ရူးချင်ယောင်ဆောင်ကာ ကျန်းယွီကို ဆွဲခေါ်သွားလိုက်သည်။ "စိတ်မရှိပါနဲ့၊ ငါ့အမေက အဲ့လိုပဲ၊ နင်က အတန်း F က ဆိုတော့..."
"အဆင်ပြေပါတယ်၊ ငါ့အမေဆိုလဲ အဲ့အတိုင်းဘဲ"
အတန်း F ကကျောင်းသားတွေက Esmeraldaရဲ့စတိတ်စင်ပေါ်ကအကသမားတွေထဲမှာ အလွန်သာမာန်ကျတဲ့အကသမားတွေဆိုတော့ ပုရှီးရဲ့အမေ ဒီလိုဖြစ်နေတာ အံ့ဩစရာမရှိပါပေ။
သူမ တစ်ဘဝလုံစ နာမည်မရတာမျိုး စင်အနောက်ဘက်မှာ နေတာမျိုး ဖြစ်ကောင်းဖြစ်နိုင်သည်။
ဒီနာမည်ရအနုပညာရှင်တွေနှင့် ခေါင်းဆောင်တွေက သူမ့ကိုအထင်သေးကြတာ ပုံမှန်ပါပင်။
သို့သော် ကျန်းယွီ အတန်း F ကို စဝင်တော့ ပိုင်ရှုယီကိုဒေါသဖြစ်ရသည်။ သူမခွန်အားကဘဲ စတိတ်စင်တက်ရတဲ့နောက်ခံဖြစ်လာတယ်လို့ သူမ လုံးဝမထင်ပေ။
မကြာခင် ရှဲ့ယွမ်ရဲ့ကားက အကပါတီပွဲကြီးရှေ့ကို ထိုးရပ်လာသည်။ Esmeraရဲ့ ထိပ်ပိုင်းအုပ်ချုပ်သူအများစုက သူ့ကိုယဉ်ကျေးပြူငှာစွာ ထွက်ကြိုဆိုကြသည်။
မစ္စစ်ပုကတော့ အေးဆေးတည်ငြိမ်နေပြီး သူ့ကို မမြင်သလိုမျိုး သရုပ်ဆောင်နေသည်။
ပုထျန်းရှန့်ရဲ့အမူအယာကတော့ အနည်းငယ်ဟန်ပျက်လာသည်။
အရင်တုန်းက သူနှင့် ပုထျန်းယန်ကြားကကိစ္စတွေအကြောင်း ပုမိသားစု သိပြီးကတည်းက ဖြစ်သည်။
အထူးသဖြင့် ပုထျန်းယန်ရဲ့သေဆုံးမှုတုန်းက ထိုလူကအသုဘပွဲဆီပြေးသွားပြီး သူမအလောင်းကိုကြည့်ဖို့တောင်းဆိုခဲ့ပေမဲ့ ပုမိသားစုက လုံခြုံရေးတွေခေါ်ပြီး သူ့လိုကောင်နှင့် အတွေ့မခံခဲ့ပေ။
နောက်ပိုင်း ရှဲ့ယွမ်ရဲ့အရှိန်အဝါက ပိုပိုကြီးလာပြီး ပုထျန်းရှန့်အတွက် ဂရုတစိုက် သူတို့သေချာရွေးချယ်ထားတဲ့ ချမ်းသာတဲ့အိမ်ထောင်ဘက်ကို ကျော်ပြီးတော့တောင် ပေချန်းရဲ့ နံပါတ် ၁ စီးပွားရေးလုပ်ငန်းရှင်ဖြစ်လာသည်။
နောက်တော့ သူက ပုမိသားစုနဲ့တောင် ပေါ်တင်ယှဉ်ပြိုင်ဖို့မတွန့်ဆုတ်ခဲ့ဘဲ Esmeralda ရဲ့စျေးအတော်ကြီးတဲ့ရှယ်ယာအများစုကို ဝယ်ပြီး ပုမိသားစုကို အလွန်အမင်း အရှက်ရစေခဲ့သည်။
ဒါ့ကြောင့် အချင်းချင်းမျက်နှာဆုံရတာ သူစိမ်းတွေလိုပင်။
Esmera lda ကရှဲ့ယွမ်ရဲ့ ပိုင်ဆိုင်မှုတွေထဲက တစ်ခုဖြစ်ပေမဲ့ စိတ်မဝင်စားတာကြောင့် ဒီလိုကပွဲမျိုးကို တစ်ခါမှမဆင်နွှဲဖူးပေ။
ဒါပေမဲ့ ကျန်းယွီက ဒီပွဲမှာဖျော်ဖြေမှာကြား၍ ဒီကိုအပြေးလာခဲ့တာ ဖြစ်သည်။
သူ့သမီးလေးရဲ့ဖျော်ဖြေမှုကို မြင်ချင်ရုံသာ ဖြစ်သည်။
ကလေးဘဝကတည်းက အခုအရွယ်ရောက်တဲ့အထိ သူမရဲ့တောက်ပတဲ့ ဘဝ အခိုက်အတန့် အများအပြားကို လွတ်သွားခဲ့သည်။ အခုတော့ သူမ့ရဲ့ဘယ်အခိုက်အတန့်မျိုးကိုမှ ထပ်ပြီးမလွတ်ချင်တော့ပေ။
ပိုင်ရှုယီ ရှေ့တက်ကာ ရှဲ့ယွမ်ကို နူးညံ့စွာပြောခဲ့သည်။ "မစ္စတာရှဲ့၊ ပြိုင်ပွဲကို နာရီဝက်လောက် နောက်ဆုတ်ထားပါတယ်၊ ရှင်သာ စဖို့ပြောရင်၊ ကျွန်မတို့ ကပွဲကို တရားဝင်စတင်ပါတော့မယ်"
"အလျင်မလိုပါဘူး" ရှဲ့ယွမ် လက်ခါပြလိုက်သည်။
"အိုကေ၊ အိုကေ၊ မစ္စတာရှဲ့ အဆင်သင့်ဖြစ်ရင် အချိန်မရွေးစတင်လို့ရပါရှင်"
ရှဲ့ယွမ် ခန်းမတစ်ခုလုံးကို စကင်ဖတ်လိုက်သည်။ "ရှောင်ယွီ အဆင်သင့်ဖြစ်ပီလား သွားကြည့်လိုက်ဦးမယ်"
ပိုင်ရှုယီ - "..."