Chapter 82
Vol. 8 Ch. 82
ပြိုင်ပွဲပထမပွဲစဉ်က ပြီးသွားပြီဖြစ်ပြီး ယှဉ်ပြိုင်သူကျောင်းသားတစ်ဝက်လောက်နီးပါး အထုတ်ခံလိုက်ရသည်။
အားလုံးကို အံ့အားသင့်စေတဲ့အရာက အတန်း F ဆိုတဲ့နာမည်ပြားကို တပ်ထားတဲ့ကျောင်းသူ ကျန်းယွီက မမျှော်လင့်ထားစွာ ကျန်ရစ်နေခဲ့တာကိုပင်။
လူတွေကို ပိုပြီးတောင်ရှော့ရစေတာက နောက်ထပ်လူမဆန်တဲ့ အလှဲထိုးချက်အလှည့်တိုင်း ခံနေရပေမဲ့ ကျန်းယွီက သူမအလှည့်ရောက်တိုင်း သီချင်းသံစထွက်လာတာနှင့် သူမက တီးလုံးကို လျင်မြန်စွာ တုံ့ပြန်နိုင်ပြီး လိုက်ဖက်ညီညီ ပြည့်ပြည့်စုံစုံဖြင့် သင့်လျော်ရာအကကိုတန်းကပြနိုင်ခဲ့သည်။
ပြိုင်ပွဲမှာ ဝင်ပြိုင်ကြတဲ့ ကျောင်းသားအများစုက အမြင့်တန်းက ကျောင်းသားတွေဖြစ်ပြီး ရှန်းအောင်းချင်နှင့် ဝမ်လွန်ကလွဲ၍ ဘယ်သူကမှ အသစ်မဟုတ်ကြပေ။
အတန်း F က ဒီလူသစ်လေးက အံ့ဩစရာကောင်းလောက်အောင်သန်မာတာပဲ!
လက်ပိုက်လျက် မြက်ခင်းပေါ်မှာ ရပ်ကြည့်နေတဲ့ ရှဲ့ယွမ်က ကျန်းယွီရဲ့အကအပေါ် ချီးမြှောက်နေပြီး ဂုဏ်ယူမှုတွေက စကားနှင့်ဖော်ပြနိုင်တာထက်ကျော်လွန်ကာ သူ့မျက်ဝန်းများမှာ နူးညံ့ပျော့ပြောင်းမှု အပြည့်ပေ။
အရင်တုန်းက သူ့ရဲ့အာဏာဝါဝါတွေ၊ အရှိန်အဝါတွေ၊ စည်းစိမ်ကြွယ်ဝမှုတွေကို အကုန်သုံးပြီး သူ့သမီးလေးအတွက် လမ်းကြောင်းချပေးကာ ပိုတောက်ပလာစေချင်ခဲ့သည်။
ဒါပေမဲ့...သူမက မလိုအပ်တော့ပုံရသည်။
သူမရဲ့လုံ့လအားထုတ်မှုနှင့် ပါရမီကသာ သူမလိုအပ်သည့် အရာရာဖြစ်သည်။
ရှဲ့ယွမ် တကယ့်ကိုဂုဏ်တက်ရသည်။
အလားတူစွာဘဲ ပုထျန်းရှန်နှင့် မစ္စစ်ပုတို့မျက်နှာပေါ်ကအမူအယာတွေက သိပ်မလှတော့ပေ။
ပုရှီးက အလွန်ကောင်းမွန်စွာဖျော်ဖြေနေပြီး အဆုံးအထိကျန်ရစ်ပေမဲ့...မမျှော်လင့်ထားစွာဘဲ အတန်းFက ကျောင်းသူအသစ်လေးနှင့် အဆင့်အတူတူသာ ကပြနိုင်ခဲ့သည်။
ဒါက ပုမိသားစုရဲ့သားအမိနှစ်ယောက်လုံးကို မျက်နှာပျက်စေသည်။
သီချင်းသံစဉ်တွေက တစ်လှည့်ပြီးတစ်လှည့် ဖွင့်ထားနေခဲ့ပြီး ရှဲ့ယွမ်ရဲ့ပါးစပ်ထောင့်တွင် ရှားရှားပါးပါးအပြုံးလေး ဖြစ်ထွန်းနေသည်။
သူ့သမီးလေးက တောက်ပဖို့အတွက် ဘာနောက်ခံအထောက်အပံ့မှာမလိုဘဲ သူမခွန်အားတစ်ခုတည်းနှင့်လုံလောက်ခဲ့သည်။
တဖြည်းဖြည်းချင်း လူအရေအတွက်က လျော့လျော့လာပြီး နောက်ပိုင်းအကျော့တွေမှာ ကျောင်းသားအနည်းငယ်သာကျန်ရစ်သည်။
ကျန်းယွီ ပုရှီးကိုပြုံးပြလိုက်တော့ ပုရှီးကပြန်ပြုံးပြလာပေမဲ့ ပင်ပန်းနေမှုကြောင့် အပြုံးမှာ လုပ်ပြုံးကြီးဖြစ်နေခဲ့သည်။
နောက် ပြိုင်ပွဲအကျော့တွေမှာ သီချင်းရဲ့ခက်ခဲမှုက ပိုပိုမြင့်တက်လာပြီး လူတွေပိုပိုပြီး အထုတ်ခံနေရသည်။ အဆုံးတွင် ပုရှီး၊ ဝမ်းလွန်၊ ရှင်းအောင်းချင်၊ ကျန်းယွီနှင့် နောက်ထက်ကောင်လေးတစ်ယောက်သာ ကျန်ရစ်တော့သည်။
ဒီကောင်လေးက နာမည်ရ ဘဲလေးအကဆပ်ကပ်အဖွဲ့ခေါင်းဆောင်ရဲ့ တပည့်ဖြစ်ပြီး သူ့ခွန်အားကအလွန်သန်မာပေမဲ့ နောက်အကျော့တွင် ကာရန်နှင့်အညီ ခြေချောင်းက မလိုက်နိုင်တော့ဘဲ နှမြောစရာကောင်းစွာထုတ်ပယ်ခံလိုက်ရသည်။
သူထုတ်ပယ်ခံရပြီးမကြာခင် ရှန်းအောင်းချင်ကလည်း နိုင်ချင်စောပြင်းပြနေတော့ အလှည့်လွန်သွားပြီး အဆင့်ချော်သွားခဲ့ကာ ထုတ်ပယ်ကြောင်း ကြေငြာခံလိုက်ရသည်။
စိတ်အလိုမကျစွာ အံကိုကြိတ်လိုက်မိပြီး ကျန်းယွီမတိုင်ခင် သူမအရင်အထုတ်ခံရတာကို လက်မခံနိုင်ခဲ့ပေ။ သို့သော် အားလုံးကိုကြည့်ရှုစစ်ဆေးနေတဲ့ဒိုင်တွေ၊ ဆရာ၊ဆရာမတွေအများကြီးရှိတာကြောင့် သူမလက်သင့်မခံချင်လည်း ...လက်ခံရမှာပင်။
ရှန်းအောင်းချင် စင်ပေါ်က ဒေါသတကြီး ဆင်းသွားသည်။
ရွှယ်ကျားယီ သူမဘေးက ပိုင်ရှုယီကို ကြည့်လိုက်သည်။ ရှန်းအောင်းချင် အထုတ်ပယ်ခံလိုက်ရတော့ သူမ နှလုံးသားထဲက စိုးရိမ်ကြောင့်ကြလာမှုကို အတော်ထိန်းယူနေရရှာသည်။
ရွယ်ကျားယီ တိတ်တဆိတ် လှောင်ရယ်လိုက်မိသည်၊ ရှန်းအောင်းချင်ကို သူမရဲ့အလုပ်သင်အဖြစ်ယူနိုင်ဖို့ ကျန်းယွီကို စင်ပေါ်မှာ အခက်တွေ့အောင် ဆက်တိုက်လုပ်နေခဲ့တဲ့သူက ပိုင်ရှုယီဖြစ်ပြီး အခု သူမရဲ့ထိုရတနာတုံးလေးကို လက်လွှတ်လိုက်ရလေပြီ။
အခုတော့ သူမရွေးချယ်ထားတဲ့လူက အခြားသူတွေကိုရှုံးသွားပြီဆိုတော့ ဒါကိုသူမဘဝရဲ့အကြီးကျယ်ရှုံးနိမ့်ပွဲအဖြစ်သတ်မှတ်လို့ရကောင်းရနိုင်သည်။
ဘယ်လောက်တောင် အောင့်သက်သက်နိုင်လိုက်မလဲ။
ရွယ်ကျားယီ တိတ်တဆိတ် ပျော်မွေ့ရင်း တစ်ချိန်တည်းမှာဘဲ ကျန်းယွီအတွက် ချွေးစောပျံနေခဲ့သည်။
နောက်ဆုံး သူမပြိုင်ဘက်က ပုရှီး၊ ဝမ်လွန်၊ နှစ်ယောက်လုံးက...နိုင်ငံတကာဆုတံဆိတ်တွေရထားတဲ့ အရည်အချင်းပြည့်ဝသော အကသမားများဖြစ်သည်။
လူသုံးယောက်သာ ကျန်တော့တာကြောင့် ပြိုင်ပွဲရဲ့ကာရန်က အရှိန်တက်လာခဲ့ပြီး သီချင်းတီးဝိုင်းအဖွဲ့က တစ်ယောက်စီတိုင်းရဲ့ ဖျော်ဖြေချိန်ကို အရင်၅မိနစ်ကနေ ၃မိနစ်အထိ လျှော့ချလိုက်သည်။
ဒီနည်းနဲ့ဆို မိနစ်သိပ်မခြားဘဲ သုံးယောက်လုံးက စင်ပေါ်မှာ အလှည့်ကျ ကပြရမည်ဖြစ်ပြီး သုံးယောက်လုံးရဲ့ သီချင်းသံစဉ်ကို ဝေဖန်ပိုင်းခြားနိုင်သောစွမ်းရည်၊ ဒေါက်ခနဲ တုံ့ပြန်နိုင်စွမ်းရည်ကို အကောင်းဆုံးစစ်ဆေးနိုင်သည်။
တစ်ချိန်တည်းမှာပဲ အဲ့တာက သူတို့ရဲ့ရုပ်ပိုင်းဆိုင်ရာခွန်အားအပေါ် အများကြီး သက်ရောက်စေသည်။
မကြာခင်မှာဘဲ ဝမ်လွန် ဆက်ထိန်းမထားနိုင်တော့ဘဲ သူ့အကခြေလှမ်းတွေက အနည်းငယ် အစီအစဉ်မကျဖြစ်လာပြီး ခြေမြှောက်တာတို့၊ ခြေကန်တာတို့မှာ အကြိမ်အနည်းငယ် ကောင်းကောင်းမလုပ်နိုင်ခဲ့ပေ။
ဒိုင်တွေက ခေါင်းတခါခါနှင့် ထုတ်ပယ်ဖို့ ကတ်ထောင်သင့် မထောင်သင့်တွန့်ဆုတ်စွာ ပိုင်ရှုယီကိုလှမ်းကြည့်လိုက်ကြသည်။
ပိုင်ရှုယီ လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ရင်း ဒေါသတွေ တဖွားဖွားထွက်နေခဲ့သည်။
တစ်ချိန်တည်းမှာဘဲ ရွယ်ကျားယီလည်းချွေးပျံနေရသည်။ သူမ နည်းပြလုပ်ခဲ့တဲ့သူက ကျန်းယွီ၊ ပိုင်ရှုယီ နည်းပြလုပ်ခဲ့တဲ့သူ ဝမ်လွန်၊ ဝမ်လွန်သာ ထုတ်ပယ်ခံလိုက်ရင် ဆိုလိုတာက ငါးနှစ်ဆက်တိုက် မပြောင်းလဲခဲ့တဲ့ Esmeralda's Chief director နေရာက အစားထိုးခံရတော့မှာပေါ့။
ဒိုင်တွေက စွမ်းရည်မရှိတော့တာကြောင့် ဆက်တိုက်ဖြစ်နေတဲ့ ဝမ်လွန်ရဲ့အမှားလေးတွေကို ဂရုမပြုမိသေးသလို တလျှောက်လုံး ထုတ်ပယ်ကြောင်း ကတ်မထောင်ကြပေ။
သို့သော်ငြား အဆုံးမှာ ဝမ်လွန်ရဲ့ခြေထောက်လှည့်ရတဲ့ကကွက်တစ်ခုမှာ သူ့ခန္ဓာကိုယ်က ရှင်းလင်းစွာ ဟန်ချက်ပျက်သွားခဲ့သည်။
ဒီအမှားက အလွန်သိသာသွားခဲ့သည်။ ဒိုင်တွေသာ သူတို့ကတ်တွေကို မထောင်ဘူးဆိုရင် အခြားကျောင်းသားတွေအတွက် အလွန်မတရားသလို ဖြစ်လာလိမ့်မည်။
တခြားနည်းလမ်းမရှိပေ၊ ဝမ်လွန်ကို ထုတ်ပယ်ရုံသာရှိတော့သည်။
နောက်ဆုံးတွင် ကျန်းယွီနှင့် ပုရှီးသာ အကကြမ်းပြင်ပေါ်မှာကျန်နေခဲ့ပြီး နှစ်ယောက်လုံး နောက်ဆုံးပွဲစဉ်ယှဉ်ပြိုင်ရတော့မည်။
ပြိုင်ပွဲအခြေအနေက အလွန်အမင်း စိုးရိမ်စရာကောင်းလာသည်။ နှစ်ယောက်လုံးရဲ့ ခွန်အားကစိုးရိမ်ရတဲ့အမှတ်ထိရောက်နေပေမဲ့ အံကိုကြိတ်ပြီး ဆက်တောင့်ခံထားကြသည်။ သီချင်းတွေက ပိုပိုရှုပ်ထွေးလာသလို နှစ်ယောက်လုံး တစ်ယောက်ပြီး တစ်ယောက် ကနေကြရသည်...ခေါင်းဆောင်တွေ၊ ဒိုင်တွေအကုန်လုံး ကျန်းယွီရဲ့မူရင်းကို အချင်းချင်း တီးတိုးဆွေးနွေးနေကြသည်။
ပုမိသားစုက ကောင်မလေးနှင့် ပုခုံးချင်းယှဉ်နိုင်နေတာဆိုတော့၊ ဒီအတွက် အကြောင်းပြချက်ကဘာလဲ။
ပုရှီးက မစ္စစ်ပုကိုယ်တိုင် ဗဟုသုတတွေ၊ အတွေ့အကြုံတွေမျှဝေပေးကာ ပျိုးထောင်ပေးခဲ့သည့် ကောင်မလေးဆိုတာ လူတိုင်းသိသည်။ ပုထျန်းယန်ပြီးရင် သူမက ငန်းဘုရင်မပုလ္လင်ကို အနိုင်ရဖို့ ဖြစ်နိုင်ချေအများဆုံး အရည်အချင်းပြည့်ဝသော ဘဲလေးအကမယ်ဖြစ်သည်။
ကျန်းယွီက တကယ်ကြီး အဆုံးအထိ သူမနှင့်ညီမျှစွာယှဉ်ပြိုင်နိုင်ခဲ့သည်!
အံ့ဩစရာကောင်းလိုက်တာ!
နောက်ဆုံးတစ်ကြော့မှာ ပုရှီး အလွန်ပင်ပန်းနေခဲ့ပြီး ကိုယ့်နှလုံးခုန်သံ၊ အသံရှူသံသာ ကိုယ့်ဘာသာကိုယ်ပြန်ကြားနေရပြီး စိတ်တွေဝေဝါးနေကာ ဘာမှတွေးတောလို့ မရတော့လုနီးပါးပင်။ ဒါကြောင့် သီချင်းသံစဉ်ထွက်လာပြီး နှစ်စက္ကန့်ကျော်ကြာသွားကာ ဒိုင်တွေက အချင်းချင်းကြည့်လိုက်ကြပြီး တစ်ချိန်တည်းမှာပဲ မစ္စစ်ပုကို လှမ်းကြည့်လိုက်ကြသည်။
မစ္စစ်ပုရဲ့မျက်နှာမှာ ပုပ်သိုးနေပြီ ဖြစ်သည်။
နောက်ဆုံးတော့ ဒိုင်တွေက ထုတ်ပယ်ကြောင်းကတ်ကိုမြှောက်လိုက်ကြပြီး ဒီအကျော့မှာ ပုရှီးအထုတ်ခံလိုက်ရသည်။
ပြိုင်ပွဲစည်းမျဉ်းအရ သူမ ထုတ်ပယ်ခံရပေမဲ့ ကျန်းယွီက နောက်ဆုံးအကကို အဆုံးမသတ်ရသေးတာကြောင့် မရှုံးသေးပေ။
နောက်ဆုံးအကမှာ သူမလည်း အမှားလုပ်မိမယ်ဆိုရင် အဲ့တာက သရေပွဲဖြစ်သွားပြီး နိုင်သူ၊ ရှုံးသူ မရှိတော့ပေ။
အဲ့ဒီ့တော့ နောက်ဆုံးအကသည် တကယ်အရေးပါသည်။
ပိုင်ရှုယီ သီချင်းတီးဝိုင်းအဖွဲ့၏ ဦးစီးမှုကို လှမ်းကြည့်ကာ မျက်လုံးမှိတ်ပြီးအချက်ပြလိုက်သည်။
ဦးစီးမှုးက သဘောပေါက်သွား၍ သီချင်းတီးဝှိုင်းအဖွဲ့ကိုလမ်းညွှန်ပြီး ဂီတတစ်မျိုးကို စတင်တီးခတ်တော့သည်၊ ဒီအကသီချင်းရဲ့တစ်စိတ်တစ်ပိုင်းက တယောဖျော်ဖြေမှု တစ်စိတ်တစ်ပိုင်းဖြစ်လာပြီး အနောက်တိုင်း ဂီတပုံစံမျိုးမဟုတ်ပေ...
ဒါက ဘယ်လိုအကသီချင်းမျိုးလဲဆိုတာ အကပညာရှင်တော်တော်များများ သဘောမပါက်ကြပေ၊ ဒီအကသီချင်းတစ်စိတ်တစ်ပိုင်းက အလွန်တရာ မရင်းနှီးပုံပေါ်သည်...ပြီးတော့ အရမ်းရှေးရိုးရာဆန်ပြီး စစ်ပွဲနှစ်တွေရဲ့အငွေ့အသက်ကိုခံစားရသည်။
သူတို့နားထောင်ကြည့်ပြီးတာနှင့် ပြိုင်ပွဲကတော့ သရေဘဲပြီးတော့မယ်လို့ ထင်လိုက်ကြမိသည်။
နှစ်အတော်ကြာအောင် နွေလယ်ညကပွဲ သရေနှင့်အဆုံးမသတ်ခဲ့တာကြာပြီ။ ဒီညမှာ အတန်း F က ကျန်းယွီက ပုရှီးနှင့် သရေဖြစ်လိမ့်မည်ဟု မမျှော်မှန်းထားမိကြပေ။
ဘယ်လိုတောင် သမိုင်းတွင်မဲ့ညပါလိမ့်။
ဒါပေမဲ့ သီချင်းစပြီး ၅ စက္ကန့်အကြာ ဒိုင်တွေက သရေပွဲဖြစ်ကြောင်း ကြေငြာဖို့ ကတ်ထောင်ပြတော့မည့်အချိန်တွင် ကျန်းယွီက ရုတ်တရက်အမြင့်ခုန်ပျံကာ ခြေဖျားထောက်ရပ်လိုက်ပြီး စစ်ပွဲပြင်ပေါ်က "Red Detachment of Women" ရဲ့ကောက်နှုတ်ထားတဲ့အကကို စကတော့သည်!
သီချင်းကာရန်ရဲ့ ပြင်းထန်သန်မာတဲ့အာရုံနှင့်တေးသွားနောက်လိုက်ပါရင်း ကျန်းယွီက သူမ့ညာလက်ဖဝါးထဲမှာ ဘလိတ်ဓားကို ဖိကိုင်ထားရသလို ညာဘက်လက်အလွတ်ကို ကိုင်မြှောက်ထားပြီး ခြေလှမ်းလှမ်းရင်း ခြေထောက်တစ်စုံကို ခွေတယ်၊ တစ်ဝက်ထိုင်ချတယ်၊ မတ်မတ်ဆန့်တယ်... သူမ လှုပ်ရှားပုံတွေကိုကြည့်ပြီး လူတိုင်း ချက်ချင်းသဘောပေါက်သွားကြသည်။
ဒါက တရုတ်ပြည်ရဲ့ပထမဆုံးဘဲလေးအက "The Red Detachment of Women"ပဲ!
အခုနှစ်တွေမှာ အဓိကဆပ်ကပ်အဖွဲ့ကြီးတွေက ရိုးရှင်းစွာဖြင့် နာမည်ကြီးအနောက်တိုင်း ဘဲလေးအကတွေကိုသာ တင်သွင်းလာခဲ့ကြသည်။ အချို့သော ဗဟိုဆပ်ကပ်အဖွဲ့များမှလွဲ၍ စီးပွားဖြစ် ဆပ်ကပ်ဖျော်ဖြေပွဲအဖွဲ့များက "Red Detachment of Women"ရဲ့ဂီတသံစဉ်ကို ဇာတ်တိုက် မလေ့ကျင့်ကြတော့ပေ။ ဒါ့ကြောင့် ဒီအကသီချင်းက သူတို့နှင့်အလွန်စိမ်းသက်နေခဲ့တာဖြစ်သည်။
ဒီလိုမိန်းမငယ်လေးက...အသက်ငယ်ငယ်လေးနှင့် ဒီအကကို ကနိုင်လိမ့်မယ်လို့ မမျှော်မှန်းထားခဲ့ကြပေ။
ကျန်းယွီက ဒီည အကစကတ်ကို ဝတ်မထားခဲ့ပေ။ အဆင်ပြေချောမွေ့ဖို့အတွက် အကအတွက်သင့်လျော်တဲ့ စွပ်ကျယ်အင်္ကျီလေးနှင့် အနက်ရောင်စတော်ကင်ဘောင်းဘီရှည်ကိုသာ ဝတ်ထားခဲ့တာကြောင့် ဒီလိုအကစတိုင်မျိုးတွေကို အစီအစဉ်မကျမှာ စိတ်ပူစရာမလိုဘဲ လွယ်ကူစွာကပြဖျော်ဖြေနိုင်သည်။
သီချင်းက တဖြည်းဖြည်း အဆုံးသတ်ရောက်သွားပြီး ကျန်းယွီရဲ့နောက်ဆုံးအချီအကကို အမှားမရှိဘဲ ပြည့်စုံစွာ ကပြနိုင်ခဲ့သည်။
သီချင်းလည်း လုံးလုံးရပ်သွားရော ကြမ်းပေါ်ကို ပုံခနဲခွေထိုင်ချပစ်ပြီး အသက်လုရှူနေရရှာသည်။
ဒီည သူမ တကယ်ကြီးပင်ပန်းသွားခဲ့ပြီ။ ပုရှီးကို ယှဉ်တိုက်ရတာ တကယ်ပင်ပန်းတာပဲ။
ရှဲ့ယွမ် ချက်ချင်း ရှေ့တိုးသွားပြီး ကျန်းယွီကို ကူဖို့ လက်ကမ်းလိုက်သည်။ ကျန်းယွီ ရင်ဘက်ဖောင်းလိုက်ပိန်လိုက်ဖြစ်တဲ့အထိ အသက်ရှူနေရပြီး ရှဲ့ယွမ်ကိုလက်ခါပြလိုက်သည်။ "ခဏ၊ ခဏလောက်ထိုင်ပါရစေ" လူအုပ်ကြီးက အတော်ကြာတောင့်ခဲနေကြပြီး နောက်ဆုံးတော့ ချီးကျူးဩဘာပေးသံကြီး ကွဲထွက်လာသည်။
ချက်ချင်းဆိုသလို..မိုးခြိမ်းသံကြီးလို လက်ခုပ်ဩဘာသံတွေ မြည်ဟီးသွားခဲ့သည်။
ဘဲလေးအကအဖွဲ့အစည်းရဲ့ ဒိုင်ခေါင်းဆောင်က မတ်တပ်ထရပ်လာပြီး စိတ်လှုပ်ရှားစွာ ကြောငြာလိုက်သည်။ " ဒီနှစ်၊ နွေလယ်ညကပွဲရဲ့စတား ပေါ်ထွက်လာပါပြီ၊ အတန်း F က ကျန်းယွီဖြစ်ပါတယ်!"
အတန်း F က ကျန်းယွီက အနိုင်ရရှိသူဖြစ်ကြောင်းဒိုင်တွေလည်း ကြေငြာပြီးရော အဆောက်အဦးတစ်ခုလုံးပေါက်ကွဲသွားခဲ့သည်။
E, F အတန်းတွေက Esmera ရဲ့ ကွင်းဆက်မှာ အမြဲလိုလို အောက်ခြေနေရာဖြစ်သည်။ E, F အတန်းထဲကကျောင်းသားတွေက အလွန်နိမ့်ကျတယ်လို့ အပြောခံခဲ့ရပေမဲ့ အခု အတန်း F က တစ်ယောက်က Esmeralda ရဲ့အသန်မာဆုံး ဘုရင်မပုရှီးကို အလဲထိုးပြီးတ ဒီနှစ်နွေလယ်ညကပွဲရဲ့စတားဖြစ်သွားသည်။
ဒါက E, F အတန်းတွေအတွက် အလွန်တရာမျက်နှာပွင့်သည်။ အနာဂတ်မှာ A,B,C အတန်းတွေက သူတို့ကိုလာလှောင်ရဲရင် သူတို့မျက်နှာတွေကို ဖြတ်ရိုက်ဖို့ ကျန်းယွီကို ဆွဲထုတ်လာရုံပင်။
ဒီညကတော့ သေချာပေါက် သမိုင်းကိုပြောင်းပြန်လှန်ပစ်သည့် ညဖြစ်သည်။
ကျန်းယွီထရပ်လိုက်တော့ သူမ အမေဘေးမှာရပ်နေတဲ့ပုရှီးကို လှမ်းမြင်လိုက်ရသည်။
ပုရှီးက သူမကို အေးဆေးစွာရပ်ကြည့်နေခဲ့ပြီး လှည့်ထွက်သွားသည်။
နောက်နှစ်ရက်ကြာတော့ ကျန်းယွီ ချူးလီ အုတ်သယ်တဲ့ဆောက်လုပ်ရေးဆိုက်ဆီ သွားခဲ့သည်။
အဝေးကနေပြီး အနက်ရောင်စွပ်ကျယ်လေးနှင့် ဘိလပ်မြေအိတ်တွေ အပြည့်နှင့် တွန်းလှည်းကြီးကိုတွန်းပြီး ဖုန်တထောင်းထောင်းနှင့် ဆောက်လုပ်ရေးဆိုက်ထဲမှာ အလုပ်ကြိုးစားနေတဲ့ ကောင်လေးကို အဝေးကနေ လှမ်းမြင်နေရသည်။
ရေခဲစိမ်ဖရဲသီးဖျော်ရည်ပုလင်းလေးကိုင်ပြီး သူ့ဆီလျှောက်သွားပေမဲ့ တံခါးအပြင်မှာတင်အတားခံလိုက်ရသည်။
ကျန်းယွီ တံခါးနားမှာသာရပ်ရင်း သူ့ကိုစောင့်နေခဲ့သည်။
တံခါးနားမှာရပ်နေတဲ့ ဒီလိုမျိုးပိန်သွယ်သွယ်အလှလေးက သဘာဝကျစွာဘဲ ဆောက်လုပ်ရေးဆိုက်ထဲကအလုပ်သမားတွေရဲ့အာရုံကိုဆွဲဆောင်နေသည်။
ထိုကောင်မလေးက ချူးလီကိုကြည့်နေတာမြင်တော့ စကြသည်။ "ကောလိပ်ကျောင်းသားလောင်းလေး၊ မင်းရဲ့ကောင်မလေးက မင်းကို အကြာကြီးရပ်စောင့်နေတာနော်"
"ဒီလောက်နေပူကျဲတဲကြီးမှာ နုနုနယ်နယ်ကောင်မလေးကို ရပ်စောင့်ခိုင်းထားတာ တကယ်ကြီး ပြစ်မှုမြှောက်တယ်နော်"
"ဒါမဲ့ မဟုတ်ဘူးလား၊ ကောင်မလေးရဲ့အသားအရေ နူးနူးညံ့ညံ့ လှလှပပလေး၊ နေပူကျဲတဲကြီးအောက် ဘယ်လိုလာပ်ရပ်နိုင်မှာလဲ"
ချူးလီ ခေါင်းလှည့်ကာ သူမကို ဖျက်ခနဲကြည့်လိုက်သည်။
သူက ရိုးရှင်းတဲ့အဝါဖျော့ရောင် ဂါဝန်လေး ဝတ်ထားပြီး ချစ်စဖွယ် ဒေစီပန်းအုံ စလွယ်သိုင်းအိတ်လေး လွယ်ထားသည်။
နေပြင်းတာကြောင့် ပါးနုနုမှာရဲနေပြီး သူမ မျက်နှာသွင်ပြင်က ကလေးဆန်ပေမဲ့ အရောင်တောက်နေကြသည်။ အရွယ်သာ သေချာရောက်ပြီးရင် အဲ့တာကဘယ်လိုပြစ်မျိုးမှဲ့မထင်အလှတရားမျိုးဖြစ်လာမလဲ သူ မသိပေ။
လေထဲမှာ ဖုန်တွေတထောင်းထောင်းနှင့် ဆိုတော့ ကျန်းယွီတစ်ယောက် ချောင်းတဟွတ်ဟွတ်ဆိုးနေရှာသည်။
နောက်ဆုံးတော့ ချူးလီ တောင့်မခံနိုင်တော့ဘဲ တွန်းလှည်းကြီးကိုပစ်ချကာ ဘုံပိုက်ခေါင်းဆီပြေးသွားပြီး လက်တွေကိုအကြမ်းပတမ်း ပွတ်ဆေးပစ်ပြီးကာမှ မျပ်နှာကိုပါ ရေအေးနှင့်ဆေးချပြီး စွပ်ကျယ်ကိုမကာရေသုတ်ပြီးမှ ကျန်းယွီဆီ ပြေးသွားလိုက်သည်။
သူလာတာမြင်တော့ ကျန်းယွီက ပြုံးလိုက်မိသည်။ "ချစ်သူလေး!"
ချူးလီ သူမလက်ကောက်ဝတ်နုနုကို ကြမ်းတမ်းစွာဆုပ်ကိုင်ပြီး သစ်ပင်အရိပ်အောက်ကို ဆွဲခေါ်သွားရင်း ဒေါသတကြီး ပြောတော့သည်။ "ဒီကို ဘာလာလုပ်တာလဲ"
"နင့်ကိုလာရှာတာ"
ဟိုရက်တုန်းက နှစ်ယောက်ကြားက အငြင်းပွားရန်ဖြစ်ထားမှုကို ကျန်းယွီ မေ့သွားပုံပေါ်ပြီး အပြုံးလေးနှင့်ဝမ်းသာအားရ ပြောလိုက်သည်။ "ငါ နင့်ကို သတင်းကောင်းပြောဖို့လာခဲ့တာ၊ ကျောင်းကနွေလယ်ညကပွဲရဲ့စတားနေရာကို ငါ နိုင်ခဲ့တယ်၊ အံ့ဩစရာကြီးဘဲ!"
ထိုစကားကိုကြားတော့ ချူးလီရဲ့အမူအယာက အနည်းငယ် လှုပ်လှုပ်ရှားရှားဖြစ်သွားပြီး မေးခွန်းတွေတန်းစီမေးချင်နေပုံရပေမဲ့ ရွေးချယ်စရာမရှိဘဲ အေးစက်စက်သာ ပြောလိုက်ရသည်။ "ကိုယ့်အပူမပါဘူး"
ကျန်းယွီက ခြေဖျားလေးထောက်ကာ သူ့မျက်နှာပေါ်ကချွေးတွေကိုသုတ်ပေးရင်း ပြောလိုက်သည်။ "Esmeralda ရဲ့အသန်မာဆုံးစီနီယာကို ငါ အနိုင်ချလာခဲ့ပီး ဒီဆုကိုရခဲ့တာ၊ နွေလယ်ညကပွဲရဲ့စတားဆုကလည်း crystalနဲ့လုပ်ထားတာ၊ အကြီးကြီးဘဲ"
"အို့ရှ်"
သူမ လာကိုင်တဲ့လက်ဆီ အကြည့်လွှဲလိုက်သည်။
"ငါအခု နင်ပေးတဲ့လက်ဆောင်ကို ယူလို့ရပီ" ကျန်းယွီ ပြုံးစစပြောလိုက်သည်။ "ဒါပေမဲ့ နင်လည်း နွေလယ်ညစတားရဲ့ဆုကြေးကို လက်ခံရမယ်၊ ကြိုးစားမှုရလဒ်အောင်မြင်မှုကိုဖလှယ်ရမယ်၊ ငါတို့တွေ အချင်းချင်းအကြွေးမတင်တော့ဘူးပေါ့"
နှာခေါင်းထိပ်မှာ ချွေးစက်လေးတွေသီးပီး ပါးတွေရဲနေတဲ့သူမ့ကိုကြည့်ရင်း နောက်ဆုံးတော့ ချူးလီရဲ့နှလုံးသားလေးနူးညံ့လာကာ သူမကို လက်နှစ်ဖက်လုံးနှင့်ချုပ်ထားလိုက်သည်။
သို့သော် သူ့ရဲ့လေသံက အေးစက်မာကြောနေသေးသည်။ "မင်းနဲ့ကိုယ် အရမ်းရှင်းသွားပီဆိုပေမဲ့ ကိုယ် အဲ့တာကို အသုံးဝင်စေချင်တာမလို့ မင်းအတွက် မင်းပဲသိမ်းထားလိုက်"
ဘာဖြစ်ဖြစ် ဒီလိုတောက်ပမှုကိုရဖို့ အချိန်အကြာကြီးကြိုးစားအားထုတ်လာပြီး အသန်မာဆုံးပြိုင်ဘက်ကိုအလဲထိုးလာခဲ့ရတာ သူမ ကိုယ်တိုင်လေ။
"ဒါက နင့်အတွက်အသုံးမဝင်မှန်း ငါသိသားပဲ"
ကျန်းယွီ ပဟေဋိဆန်စွာပြုံးလိုက်ပြီး ကျောင်းလွယ်အိတ်ကိုဖြည်ကာ MacBook pro အမြင့်ဆုံးနောက်ဆုံးထွက် ဗားရှင်းဘူးလေးကို ထုတ်လိုက်ပြီး ချူးလီ လက်ထဲ ထည့်ပေးလိုက်သည်။ "crystal နဲ့ လုပ်ထာတဲ့ဆုကြီးကိုရောင်းပီး နင်ကောလိပ်မှာသုံးဖို့ ကွန်ပျူတာဝယ်လာတာ"
ချူးလီ - "..."