← Chapters

အခန်း (၁၃၁)

Vol. 10 Ch. 131

အခန်း (၁၃၁)

Vol. 10 Ch. 131

အကြီးအကဲပိုင်ရဲ့ ပါးပြင်တစ်လျှောက်သို့ မျက်ရည်စီးကြောင်းတစ်ခု စီးဆင်းသွားသည်။

သူ့ရဲ့မျက်နှာအမူအရာက တစ်စက် မပြောင်းချေ။

ဒါပေမဲ့ မျက်ရည်တွေက တစ်ကြောင်ပြီးတစ်ကြောင်း ဆက်တိုက် စီးကျနေလေ၏။

မြစ်ငယ်တစ်ခုလိုမျိုး အကြီးအကဲပိုင်ရဲ့ ပါးပြင်မှ တစ်ဆင့် မြူလွှမ်းနေတဲ့ ​ပင်လယ်ပြင်ထဲ စီးဝင်သွားသည်။

အသံတစ်ချက်မထွက်ဘဲ မျက်ရည်တစ်စက်တိုင်းက မြူခိုးထဲ ပျောက်ကွယ်သွားလေ၏။

သူ့ရဲ့မျက်စံတို့လဲ အဖြူရောင်မှ ပုံမှန် မီးခိုးနက်အဖြစ် ပြန်ပြောင်းလဲလာခဲ့ပြီ။ သူ့ရဲ့ စူးရှတဲ့အကြည့်ထက်ထက်လဲ ပြန်လည် နူးညံ့လာခဲ့ပြီ။

နေ့ရက်ရှည်ကြီးတစ်ခုကို ဖြတ်ကျော်ခဲ့ရသလိုမျိုး ပုံမှန် အိပ်ငိုက်နေတဲ့ မျက်လုံးများ ပြန်ဖြစ်ပေါ်လာသည်။

ဓားပျံသီးခြားအစီအရင်လဲ တစ်ဖြည်းဖြည်း မှိန်ဖျော့သွားသည်။

ဒန်ဒလီ ပန်းများကို လေမှုတ်လိုက်တဲ့အခါ လေထဲ လွင့်​မျောသွားသည့်နှယ် အစီအရင်သည် အဘက်ဘက်ကို ပျံ့နှံ့ ပျောက်ကွယ်သွားလေ၏။ ပင်လယ်ပြင်ကို လွှမ်းခြုံထားတဲ့ ဖိအားကြီး ပျောက်ကွယ် သွားရပြီ။

မြူခိုးများလဲ ပြန်လည်ရွေ့လျားလာပြီး တစ်နေရာထဲမှာ စုဝေးမနေတော့ပေ။

လေပြေလဲ လှုပ်ရှားလာပြီ။ ကမ္ဘာကြီးက ပြန်လည်ရှင်သန်လာသလိုပဲ။

“ဘာ…ဘာဖြစ်သွားတာလဲ?”

လင်ယွီကျွင်း ပြောလိုက်သည်။

ရှောင်လျန်ဖန်းကတော့ အရှေ့က မြင်ကွင်းကို ကြည့်နေရင်း ဆွံ့အနေဆဲပဲ။

ပင်လယ်ပြင်က အစောပိုင်းကမှ တည်ငြိမ်နေခဲ့ပြီး ပရမ်းပတာဆန်သွားသည်။ အခုတစ်ဖန် ပြန်တည်ငြိမ်လာရပြီ။

ပြီးတော့ အသူရာချောက်နက်နယ်ပယ်ရှိတဲ့ ကြေးနီရောင်အသားစားငါးကြီးလဲ….

အပိုင်းပိုင်းဖြစ်ကာ ပျောက်ကွယ်သွားရပြီ။

အကြီးအကဲပိုင်က အဲ့လောက်တောင် သန်မာတာလား?

သူက ကိုလာနဲ့ သံပုရာဆိုဒါကို သောက်ထားခဲ့သည်။

ဒါပေမဲ့ ဘယ်ဖျော်ရည်ကမှ အဖိုးအိုတစ်ယောက်ကနေ ပင်လယ်မကောင်းဆိုးဝါးတစ်ကောင်ကို ဖျက်ဆီးပစ်နိုင်တဲ့ ဆရာကြီးအဖြစ် မပြောင်းပေးနိုင်ဘူး။

ပင်ကိုယ်လက်ခံသူကိုက အခြေခံ မကောင်းနေရင် တိုးမြှင့်ပေးမှုက အသုံးဝင်စရာ မရှိဘူး။

ဓားပျံများဖြင့် တပည့်နှစ်ယောက်သည် တိုက်ပွဲနေရာနား တစ်ဖြည်းဖြည်း နီးကပ်လာခဲ့သည်။

သူတို့တွေ စကားမပြောကြပေ။

လေထုထဲတွင် အခုချိန်အထိ မဖယ်ရသေးတဲ့ ဖိအားတစ်ခုရှိသည်။

လင်ယွီကျွင်း အချိန်ယူရင်း ကောင်းကင်အထက်ကနေ တစ်ဖြည်းဖြည်း ပျံသန်းလာနေသည်။

ရေပြင်နဲ့ လုံးဝ မနီးကပ်စေရပေ။

ရေပြင်နဲ့ နည်းနည်းမှ နီးစပ်အောင်နေဖို့ သူ စိတ်ကူးမရှိဘူး။

သူ့ရဲ့မျက်လုံးများက အောက်ရှိ မြူခိုးပြင်ကို စောင့်ကြည့်နေရင်း အောက်ကနေ အရိပ်ဖြစ်ဖြစ် ထွက်လာမလား သတိထားနေသည်။

ကြေးနီရောင် အသားစားငါးကြီး သေတာ သေချာပြီလား?

အကယ်လို့ နောက်ဆက်တွဲ လာရင်ကော?

မူရင်းသားရဲကြီးထက် တစ်ဆင့်နိမ့်တဲ့ နောက်ဆက်တွဲကိုယ်ပွားမျိုးတွေ ပေါ်လာပြီး အဲ့ဒီကိုယ်ပွားက မြို့တွေကို ဖျက်ဆီးနိုင်သလို ကျင့်ကြံသူတွေကို ပေါက်စီလုံးလို ဝါးစားနိုင်နေရင် ဘယ်လိုလုပ်မလဲ?

သူ ပျံသန်းလာနေရင်း ပင်လယ်ထဲကနေ အဲ့ဒီလို အကောင်ကြီးတစ်ကောင် ပါးစပ်ကြီးဟကာ ပေါ်လာရင်း ဆွဲချသွားမဲ့ မြင်ကွင်းကို တွေးကြည့်နေမိသည်။

ရှောင်လျန်ဖန်းလဲ အနည်းငယ် မလှမ်းမကမ်းမှ လိုက်လာနေသည်။

သူ.ကြောက်နေလိို့ မဟုတ်ပါချေ။

စူးရှတဲ့ မျက်လုံးများဖြင့် ကျောပြင်သည်လဲ အနည်းငယ် ဖြောင့်တန်းနေသည်။ ဒါပေမဲ့ သူ့ရဲ့လက်ချောင်းများက တုန်နေတာ မရပ်တော့ဘူး။ သူ့ရဲ့ ဓားထိပ်သည် အနည်းငယ်အောက်စိုက်နေပြီး…. အချိန်မရွေး တိုက်ခိုက်ဖို့ အသင့်ဖြစ်နေသည်။

အစောပိုင်းက တိုက်ပွဲရဲ့ ပဲ့တင်သံတွေကနေ သူ မလွတ်မြောက်နိုင်သေးဘူး။

သူ့ရဲ့သွေးတွေ ဆူပွက်နေဆဲပဲ။

ကြည့်နေရုံနဲ့တင် ကိုယ်တွင်းက ချီစွမ်းအင်တွေ ဆူပွက်နေရတာမို့ လက်များပင် တုန်နေလေ၏။

လွှမ်းမိုးနိုင်စွမ်းရှိတဲ့ ဓားအရှိန်အဝါကြားက… အလင်းဖြာထွက်နေတဲ့ ငါးဖမ်းပိုက်ကွန်ရယ်… နတ်ဆိုးသားရဲကြီးရဲ့ အော်ဟစ်သံနက်နက်ကြီးရယ်။

နောက်ထပ် မကောင်းဆိုးဝါးတစ်ကောင်သာ အခုပေါ်လာလို့ကတော့ သူ ချက်ချင်းပဲ ဆင်းတိုက်ခိုက်လိုက်မှာပင်။

သူ ဂရုမစိုက်ဘူး။

သူ တိုက်ပဲတိုက်ခိုက်ချင်သည်။

“ နောက်တစ်ကောင်သာ ထွက်လာလို့ကတော့”

ရှောင်လျန်ဖန်း တစ်ယောက်ထဲ ပြောလိုက်သည်။

“ ငါအရင်ဆုံး နှစ်ပိုင်းခုတ်ပစ်မယ်”

လင်ယွီကျွင်း ထူးဆန်းစွာ လှည့်ကြည့်လိုက်သည်။

“ မင်း ရူးသွားပြီ ညီကို လျန်ဖန်း”

“ မင်းက အဲ့ကြိုးကိုပဲ သားရေကျနေတာမလား ညီကိုယွီကျွင်း”

ရှောင်လျန်ဖန်း ခေါင်းကို ခပ်ဖြည်းဖြည်း ယမ်းလိုက်သည်။

“ ငါ့မှ ကျပိုင်ခွင့်ရှိတာပဲ ဘာဖြစ်သလဲ?”

ရှောင်လျန်ဖန်း “.......”

သူတို့ရဲ့အရှေ့မှာ ရှိနေတဲ့အကြီးအကဲပိုင်သည် လေထဲမှာ ဒူးထောက်ကျသွားသည်။ ကိုင်ထားတဲ့လက်ကို အားဖျော့လိုက်သည်မို့ ငါးမြှားကြိုးသည် ဟိုသည်ယိမ်းနေလေ၏။ သူ့ရဲ့ခေါင်းသည်လဲ အောက်ငိုက်စိုက်ကျလို့။

အကြီးအကဲ ထျန်းရှန့်နဲ့ ဂိုဏ်းခေါင်းဆောင် ကျန်းရှန်ဝေ့တို့ ဘေးမှာပေါ်လာခဲ့သည်။

တစ်ယောက်မှ စကားမပြောကြပေ။

ဂိုဏ်းခေါင်းဆောင် ကျန်းရှန်ဝေ့က အကြီးအကဲပိုင်ရဲ့ ပုခုံးကို ပုတ်ပေးလိုက်သည်။

အကြီးအကဲ ထျန်းရှန့်ကလဲ နောက်ပုခုံးတစ်ဖက်ကို ပုတ်ပေးလိုက်ပြန်၏။

စကားတစ်ခွန်းမှ မပြောကြဘဲ အနားမှာ ရှိပေးကြသည်။

စကားလုံးများဖြင့် တိုက်ရိုက် နှစ်သိမ့်ပေးတာ မဟုတ်ဘဲ ဘေးမှာရှိပေးသည်။

ဒီလောက်ဆို လုံလောက်ပြီပင်။

လင်ယွီကျွင်းနဲ့ ရှောင်လျန်ဖန်း ဆီသို့ ပေါ့ပါးတဲ့ စိတ်ဝိညာဥ်အာရုံခံမှု ရောက်လာသည်။

သူတို့ရဲ့စိတ်ထဲသို့ အသံတစ်ခု ဝင်ရောက်လာသည်။

“ ကြေးနီရောင် အသားစားငါးကြီးရဲ့ အကြွင်းအကျန်တွေကို သိမ်းလိုက်”

“ ကောင်းပြီ မင်းတို့တွေ မြန်မြန်သိမ်းကြ။ ရေထဲမနစ်သွားခင်”

“ မဖြုန်းတီးမိစေနဲ့”

သူတို့ရဲ့ကျောတွေ တစ်ဆတ်ထဲ ဖြောင့်မတ်သွားပြီး..

“ ဟုတ်ကဲ့ ဂိုဏ်းခေါင်းဆောင်!”

သူတို့ နှစ်ယောက် ဓားကိုယ်စီ မြှောက်လိုက်ပြီး မြူအပြည့်ကောင်းကင်ပြင်ကို ဦးတည်လိုက်သည်။

သွေးနီရောင် အရိုးစုတွေ… ပြောင်ချောနေတဲ့ အသားတွေ… မကောင်းဆိုးဝါးသဖွယ် ကြီးမားလှတဲ့ ပါးဟပ်ကြီးတွေ…. အကုန်လုံးဆီကနေ လူသတ်ငွေ့တွေ လျှံထွက်နေဆဲပဲ။

လင်ယွီကျွင်းနဲ့ ရှောင်လျန်ဖန်းတို့ နှစ်ယောက် တစ်ခုချင်း လိုက်စုလိုက်သည်။ တစ်ခုချင်းစီသည် သူတို့ရဲ့ သိုလှောင်လက်စွပ်ထဲ ဝင်ရောက် ပျောက်ကွယ် သွားလေ၏။

မိနစ်တစ်ချို့ကြာပြီးနောက်မှာတော့ အကြီးအကဲပိုင် လှုပ်ရှားလာလေပြီ။ ဒူးထောက်နေရာမှ ထလိုက်သည်။

အင်္ကျီ လက်စနဲ့ သူ့ရဲ့မျက်နှာကို နူးညံ့စွာ ပွတ်သပ်လိုက်တော့ မျက်ရည်စများ ပျောက်ကွယ်သွားခဲ့သည်။

သူ အသက်ဝဝ တစ်ချက်ရှုလိုက်သည်။ ကျဆင်းနေတဲ့ နှင်းပွင့်များလို တိတ်တဆိတ်ပဲ သူ့ရဲ့မျက်ရည်တွေ ပျောက်ကွယ်သွား၏။

ထို့နောက်မှာ အောက်ရှိ အရောင်ဖျော့ဖျော့ ပင်လယ်ပြင်ကို ကြည့်လိုက်လေသည်။

သူ့ရဲ့မျက်နှာထားမှာ အမုန်း မီးစတွေ မရှိတော့ဘူး။

အလာနှောင်းခဲ့တဲ့ အခိုက်အတန့်တစ်ခုကို အချိန်အကြာကြီး စောင့်ဆိုင်းခဲ့တဲ့ ယောက်ျားတစ်ယောက်ရဲ့ တည်ငြိမ်မှုတွေသာ ရှိသည်။

“ ငါပြန်ပေးရမယ်”

“ … ကျေးဇူးရှင်ကို ငါ့ရဲ့ကျေးဇူးတရားတွေ ပြန်ပြရမယ်”

အကြီးအကဲပိုင်ရဲ့ မျက်လုံးတွေက မဟာမြို့တော်ရှိရာကို ဦးတည်ထားသည်။

“ ဒီ မြင့်မြတ်အချိုရည်သာ မရှိရင် ငါဒီအခွင့်အရေးရခဲ့မှာမဟုတ်ဘူး”

“ အဲ့ဒီ နတ်အစားအသောက်လိုမျိုး… အဖြူရောင်အရည်နဲ့ အမဲရောင်အရည်က….”

အကြီးအကဲပိုင်ရဲ့ အနောက်မှာရှိတဲ့ ဂိုဏ်းခေါင်းဆောင်ကျန်းရှန်ဝေ့ မျက်နှာ အနည်းငယ်တွန့်သွားသည်။

အကြီးအကဲ ထျန်းရှန့်လဲ လက်နဲ့ကာကာ ချောင်းဆိုလေသည်။

ဒါပေမဲ့ တစ်ယောက်မှ ဝင်မပြောကြပေ။

………

ဆိုင်ထောင့်တစ်ခုမှာ ဒိုရှင်းရှီသည် မျက်ရည်ပြည့်နေတဲ့ မျက်နှာဖြင့် ကြက်သားခေါက်ဆွဲကို စားနေလေ၏။ ဈာန်မလျှောခင် နောက်ဆုံးအစားအသောက်ကို စားနေရသည့်နှယ်။

ဟောင် ဘာကြောင့် ကြည့်နေသည်ထင်လဲ?

ဘာလို့ဆို ဒိုရှင်းရှီရဲ့ ပုံစံက လမ်းလျှောက်နေတဲ့ မာမီရုပ်ထုနဲ့ တူနေလို့ပင်!

သူ့ရဲ့တစ်ကိုယ်လုံးမှာ ပတ်တီးတွေ ဖုံးလွှမ်းနေ၏။ ခေါင်း၊ လည်ပင်း၊ ​ခြေထောက်နဲ့ လက်ချောင်းများပင် တင်းကျပ်စွာ ထုတ်ထားသည်။ ပတ်တီးတွေကြားမှ ဝေဝါးနေတဲ့ မျက်လုံးများသာ မြင်ရသည်။ နောက်ဆုံးမင်းဆက်ကို မျက်မြင်တွေ့ခဲ့ရတဲ့ လူတစ်ယောက်နှယ် ထိုမျက်လုံးအတွင်းမှာ လေးနက်မှုတွေရှိသည်။

ပတ်တီးဖြူတွေနဲ့ သတို့သမီးပုံစံ ပေါက်နေတာကလွဲရင် သူ့ရဲ့ပုံစံက အဆင်ပြေပါသည်။ နဂါးတစ်ကောင်နဲ့ နပန်းလုံးလာတာများလား?

ဘရိုရေ မင်းဘယ်လို ဒူရေဂွန်ထဲ လေးဘက်ထောက်ပြီး ဝင်သွားလို့လဲ? အရံ ဇာတ်ကောင်လို ခန္ဓာကိုယ်နဲ့ နောက်ဆုံး ဇာတ်ကွက်ကို ရိုက်ထားတဲ့ပုံစံ ပေါက်နေပြီ မင်းဟာက။

ဒါဆိုရင်တော့ ဇာတ်ကွက်တစ်ချို့ သေချာပေါက် ရထားမှာပေါ့?

ဟောင်ရဲ့ အကြည့်ကို အာရုံခံမိတာမို့ ဒိုရှင်းရှီ ရုတ်တရက် မော့လာသည်။

ဒါပေမဲ့ ခေါင်းလှည့်မလာဘဲ ဟောင်ရှိရာကို ခေါင်းတစ်ချက် ညိတ်ပြလေ၏။

နေရာမှာထိုင်မြဲထိုင်ရင်း ခေါက်ဆွဲစားနေဆဲပဲ။

ခန္ဓာကိုယ်အပေါ်တစ်ပိုင်းက.ခေါက်ဆွဲခွက်နား အရမ်းကပ်နေပြီး ပတ်တီးများပေါ်ပင် ဟင်းရည်တွေ ဖိတ်ကျနေသေးသည်။

ထို့နောက်မှာ ဘာမှမဖြစ်ခဲ့သလို ဆက်လက် စားသောက်လေ၏။

ဟောင် မျက်တောင်ခတ်လိုက်သည်။

ဒိုရှင်းရှီ ထပ်မံပြီး ခေါင်းညိတ်ပြပြန်သည်။

ထို့နောက်မှာ ဟင်းရည်နောက်တစ်ဇွန်း… ခေါက်ဆွဲနောက်တစ်လုပ် စားပြန်သည်။

“.......”

ငါ့ကို အရိုအသေပေးဖို့ ဒီကောင့်ကို ဘယ်သူ သွားပြောနေတာတုန်းဟ?

ဟောင်ရဲ့ မျက်လုံးတွေ အနည်းငယ် ကျဥ်းမြှောင်းသွားသည်။

ဒါပေမဲ့ ဒိုရှင်းရှီရဲ့ ကျောပြင်က တစ်ဖက် လှည့်သွားတာတောင်မှ အချိန်တစ်ခုရောက်တိုင်း ဟောင် ရှိရာကို ခေါင်းညိတ်ပြပေလိမ့်မည်။ တိတ်တဆိတ် ဆုတောင်းနေသူတစ်ယောက်လိုပင်။

တစ်ကြိမ်လေးတောင် မျက်လုံးချင်း တည့်မကြည့်ခဲ့ပေ။

ဟောင်ရဲ့ တည်ရှိမှုကို အသိအမှတ်ပြုဖို့ တစ်ခါလေးမှ မမေ့ခဲ့ပေ။

ထိုအချိန်မှာ ဒိုရှင်းရှီ တွေးနေမိတာက…

“ ဒါက မြင့်မြတ်ပုဂ္ဂိုလ်ရဲ့ အရှိန်အဝါပဲ။ အဲ့ဒါငါ့ကိုခေါ်နေတယ်!”

“ နေရာတွေ အချိန်တွေ ကံကြမ္မာတွေကို ကျော်ဖြတ်ပြီး ငါ့ကိုဖိတ်ခေါ်နေတဲ့ ငါနဲ့သက်ဆိုင်တဲ့ ပဲ့တင်သံတစ်ခု…”

“ ငါအဲ့ဒါကို ပြန်တုံ့ပြန်ရမယ်!”

တစ်ကယ်ကိုယုံနိုင်ဖွယ် မရှိတဲ့ အတွေးအခေါ်များပင်။

ဒီကောင့်ရဲ့ ဦးနှောက်ကို ဘယ်လို ဖန်တီးထားတာလဲဟ…?

All Chapters