( ကျင့်ကြံသူတွေပေးတဲ့ ဘူဖေး ပွဲတော်)
Vol. 10 Ch. 133
နွေးထွေးမှုအနည်းငယ်က ပင်မအူတိုင်အထိ ဝင်ရောက်လာခဲ့သည်။ ဟင်းရည်ပူပူ သောက်လိုက်လို့ ရင်ထဲနွေးသွားတာနဲ့ မတူညီဘူး။ အစပ်စားလိုက်လို့ ဗိုက်ထဲ ပူဆင်းသွားသလိုလဲ မဟုတ်ဘူး။
ဒါက မတူညီတဲ့အရာတစ်ခုပဲ… အဆင့်တက်ဖို့ နိဒါန်းပျိုးလိုက်သလို ရင်ထဲကို အနည်းငယ် ပွက်ပွက်ဆူစေတာ။
ဟောင်ရဲ့ သွေးကြောတွေ ကျဥ်လာခဲ့သည်။ ဝမ်းဗိုက်အောက်ပိုင်းမှာ စုဝေးလာတဲ့ ချီစွမ်းအင် လည်ပတ်မှုက တစ်ဖြည်းဖြည်း ပိုပြီး အားကောင်းလာနေသည်။
ဒါက… ပုံမှန်မဟုတ်ဘူး။
ဒီငါးက သာမာန်ငါးကင် မဟုတ်ဘူး။ အဆင့်မြင့်သားရဲငါးတစ်ကောင် ဖြစ်ရမယ်။
ဆိုင်ရဲ့ ရောင်းကုန်တွေအတွက် စနစ် အသုံးပြုတဲ့ အလွန့်အလွန် အဆင့်မြင့်တဲ့ သားရဲတွေနဲ့ မယှဥ်နိုင်ပေမဲ့ သေချာပေါက် သာမာန် ရေအိုင်ထဲက ငါးတစ်ကောင်တော့ မဖြစ်နိုင်ဘူး။
ကျင့်ကြံရေးလောကမှာ သားရဲတစ်ကောင်က ပိုသန်မာလေလေ သူ့ရဲ့အသားက ပိုသန့်စင်လေပဲ။ ကျင့်ကြံသူတွေအတွက် အင်အားကြီးသားရဲကို စားတာက အရသာ ကောင်းဖို့အတွက်ပဲမဟုတ်ဘူး။ အဟာရ အတွက်ကော… ကိုယ်အတွင်းသန်မာမှုအတွက်ကော… ချီစွမ်းအင်ရရှိဖို့ အတွက်ကောပဲ။
ဒါပေမဲ့ ရရှိမှုလား?
မင်းရဲ့ ခန္ဓာကိုယ်က သင့်တော်သလောက်ပဲ စုပ်ယူနိုင်မည်။ ကျန်တာတွေက အသုံးမဝင်.ဖြစ်မှာပဲ… အခြေအနေ မကောင်းရင် မင်းရဲ့ကိုယ်တွင်းကို လောင်ကျွမ်းသလိုပါ ခံစားရစေနိုင်သည်။
ဟောင်ရဲ့ ခန္ဓာကိုယ်က အချိန်အကြာကြီး မိုးကြိုးမုန်တိုင်း မိထားလို့ ခြောက်သွေ့နေတဲ့ ရေမြုပ်တစ်ခုလိုမျိုး စွမ်းအင်တွေကို စုပ်ယူနေသည်။ ဟောင် ခံစားလို့ရသည်။ ထပ်ပြီးနည်းနည်းလောက် စုပ်ယူပြီးသွားရင် လျှံထွက်နိုင်သည်။
ဒါပေမဲ့ ဘေးမှာ ရတနာတစ်ပါးကို ဆက်သထားသလို ဂုဏ်ယူနေတဲ့ မျက်နှာနဲ့ အကြီးအကဲပိုင်က ဟောင်ရဲ့ အံ့သြနေတဲ့ မျက်နှာထားကို အဓိပ္ပါယ်ကောက်လွဲသွား လေ၏။
“ အိုး..”
အကြီးအကဲပိုင် ရေရွတ်မိသွားသည်။
‘ ငါ့ရဲ့ကျေးဇူးရှင်ကို အခုလို ပြန်ပေးဆပ်ခွင့်ရတယ်… ပြီး တစ်ကိုက်ဝါးတိုင်း သူ သေချာ အာရုံခံနေရတာကိုပါ ကြည့်ရတယ်’
သူ့ရဲ့ရင်ဘတ်ပေါ်ကို.လက်တစ်ဖက် တင်လိုက်သည်။
‘ စိတ်ကူးမယဥ်နိုင်လောက်အောင် ကောင်းမွန်လှတဲ့ အစားအသောက်တွေ ရှိနေရက်နဲ့ ငါ့ရဲ့ ရိုးရှင်းတဲ့ ကျေးဇူးပြုမှုကို သူကတန်ဖိုးထားတယ်’
‘ဒါက… ဒါကမှ စစ်မှန်တဲ့ကျင့်ကြံသူကွ!’
အကြီးအကဲပိုင်ရဲ့ အတွေးကို ဟောင် ကြားလို့ကတော့ သေချာပေါက် အံ့သြသွားနိုင်သည်။
ဘာကျေးဇူးပြုတာလဲ? ဘယ်လိုရိုးရှင်းတဲ့ ကျေးဇူးပြုမှုလဲ?
စိတ်လျော့ပါ ဘိုးဘေးရေ။
သူ အခု လုပ်နေတာက ချီစွမ်းအင် မပေါက်ကွဲထွက်အောင် အတတ်နိုင်ဆုံး ထိန်းနေတာပဲ။
ဒါပေမဲ့လဲ ဒီအဖိုးကြီး ပျော်သလို တွေးပါစေတော့။
ဒါပေမဲ့…
ဟောင်ရဲ့ လက်က ပြန်မြှောက်သွားခဲ့သည်။ နည်းနည်းလောက်လေး ထပ်စားလို့ရသေးသည်။
ဒုတိယမြှောက် တစ်လုပ်စာလောက်….
ဒါပေမဲ့မရဘူး မစားနဲ့!
ဒါပေမဲ့ သူ့ရဲ့လက်က စကားနားမထောင်တော့ပေ။
ကိုယ်ပိုင် စိတ်ဆန္ဒရှိနေသလိုမျိုး အစောကထက် သုံးဆလောက်ကြီးတဲ့ အသားကိုဖဲ့ယူလိုက်လေသည်။
သူ စိုက်ကြည့်နေရင်း
‘ ငါပြန်ချလို့ရတယ်မလား?’
သူ့ရဲ့လက်က စကားနားမထောင်ပြန်ပေ။
‘ သေးသေးလေးလောက် ပြန်ထားမယ်လေ’
မပူးပေါင်းသေးပေ။
‘ ငါ့ကိုတစ်ယောက်ယောက် ဝင်ပူးနေတာလား? နတ်ဆိုးသားရဲတွေ စားလိုက်ရင် ဒါမျိုးဖြစ်တာလား?’
ဟောင် နေရာမှာ ရပ်နေရင်း ကိုယ့်ဘာကိုယ် ရန်ဖြစ်နေရသည်။ ကြောင်တစ်ကောင် သူ့အမြှီးကိုယ်သူ လိုက်ဖမ်းနေသည့်နှယ် သံသရာလည်နေလေ၏။
ရန်သူကို ထောက်ပံ့တဲ့အနေနဲ့ ဝမ်းဗိုက်ကပါ မြည်သံပြုလာသည်။
ဒီလိုနဲ့ နောက်ထပ် ရန်သူအကြီးစားကြီးရဲ့ အကူအညီနဲ့ ကြေးနီရောင် အသားစားငါးကြီးရဲ့ လက်ထဲက အသားပိုင်းသည် ကုန်သွားခဲ့သည်။ ပါးစပ်က ဝါးစားပစ်လိုက်တာပင်။
အကြီးအကဲပိုင်လဲ သူ့ရဲ့ကျေးဇူးရှင် ကောင်းကောင်း စားနေတာမြင်ရပြီမလို့ ကျေနပ်စွာ အနောက်ဆုတ်လိုက်သည်။
ဘယ်အချိန် ဆုတ်ခွာရမလဲ ယောက်ျားတစ်ယောက်အနေနဲ့ နားလည် ရမည်လေ။
သူ့ရဲ့ကျေးဇူးရှင်ကို ဒုတိယတစ်လုပ် စားစေပြီးနောက်မှာမှ သိမ်မွေ့စွာ သတိပေးလိုက်သည်။
“ ကျေးဇူးရှင် အဲ့ဒါကိုသိမ်းထားပြီး တစ်နေ့လုံး နည်းနည်းစီ စားပါ”
ဟောင် ချက်ချင်းပဲ ခေါင်ညိတ်ပြလိုက်သည်။
“ အင်း အကြံကောင်းပဲ”
စနစ်ရဲ့ သဘောတူညီမှုကို ရထားပြီမလို့ သူဒါကို ဘယ်အချိန်ထုတ်စားစား တားမြစ်မဲ့သူ ရှိမှာမဟုတ်တော့ဘူး။
နောက်ဆုံးတော့ ကံတရားက သူ့ကိုမျက်နှာသာ ပေးဖို့ ကြိုးစားခဲ့ပြီ။
ငါးကင်ကို သူ့ရဲ့သိုလှောင်နေရာထဲ သိမ်းတော့မဲ့အချိန်မှာပဲ ချက်ချင်းဆိုသလို ပုံရိပ်လေးခုက အရှေ့တိုးလာသည်။
လင်ယွီကျွင်း၊ ရှောင်လျန်ဖန်း၊ အကြီးအကဲထျန်းရှန့်နဲ့ ဂိုဏ်းခေါင်းဆောင် ကျန်းရှန်ဝေ့ပင် ပါသည်!
အပြေးပြိုင်နေကြသလိုမျိုး သူတို့ရဲ့ လှုပ်ရှားမှုက အရမ်းမြန်သည်။
‘ ဘာလား?’
ဟောင်ရဲ့ အတွေး မဆုံးခင်မှာပဲ သူတို့ရဲ့ လက်တွေက နောက်ထပ် လင်ဗန်းကိုယ်စီ ကမ်းပေးလာကြသည်။
ဆိုင်ရဲ့ အလင်းရောင်အောက်မှာ ဟင်းပွဲများက အနည်းငယ် လက်နေလေရဲ့။
လင်ဗန်းတစ်ခုဆီမှာ အစောက ငါးလိုမျိုး တူညီတဲ့အရောင်အဆင်း ရှိသည်။ ဖြစ်နိုင်တာ ငါးတစ်ကောင်ထဲဆီကပဲ။
‘ နေအုံး…. ဒါတွေလဲ ငါ့အတွက်ပဲလား?’
ငါဘာလို့ ဘူဖေးစားနေရသလို ခံစားနေရပါလိမ့်?
အနည်းငယ် ရင်းနီးနေသလိုပဲ။
မင်းရဲ့သူငယ်ချင်းတွေက မွေးနေ့လက်ဆောင်တွေ အကုန်လုံး ဝိုင်းပေးလိုက်ကြတော့ မင်း ဘယ်တစ်ခုကို အရင်ဖွင့်ရမလဲ မသိတော့တဲ့ ခံစားချက်မျိုးပဲ။
ဒါမှမဟုတ် အဖွားက တိတ်တဆိတ် မင်းရဲ့လက်ထဲကို မုန့်လာထည့်ပေးသလိုမျိုးပေါ့။ ဘာလို့ဆို မင်း တစ်ယောက်ပဲ စကားနားထောင်တာမို့ အဖွားရဲ့အချစ်ဆုံး ရာထူးရထားလို့လေ။
ဟောင်ရဲ့ မျက်လုံးတွေက လင်ဗန်းတွေဆီ ရောက်သွားသည်။
တူညီတဲ့သားရဲကို အခြေခံထားတဲ့ မတူညီတဲ့ ဟင်းပွဲငါးမျိုး။
ပထမဆုံးဟင်းမှာ ကြေးနီရောင် ငါးကို အရိုးနဲ့ တွဲရက် အနှစ်လိုချက်ထားပြီး အပေါ်က ရှောက်ရည်လေးစမ်းထားသည်။ ဒါကြောင့် အနံ့မွှေးမွှေးက အဝေးကပင် ရနိုင်သည်။
ဒုတိယ.. တတိယ… စတုတ္ထ..
ငါးခုမြောက်ကတော့ ငါးခေါက်ဆွဲပဲ။ ခေါက်ဆွဲမျှင် ပါးပါးလေးများကြားမှာ ငါးကင်ဖတ်တွေ ဖြူးထားပြီး ဟင်းရည်ကို အချိုဓာတ်ရအောင် ငါးရိုးသုံးထားသည်။
ဘယ်တစ်ခုကို စ မြည်းရမယ်မှန်း ဟောင် မရွေးချယ်တတ်တော့ပေ။
သူ.ကောင်းကင်ကို သွားသတိပေးလိုက်သင့်ပြီလား? တစ်စုံငါးယောက်ရဲ့ ပံ့ပိုးမှုကြောင့် သူ အခု ငါးနတ်ဘုရား အသွင်ပြောင်းတော့မှာ ဖြစ်ကြောင်းပေါ့။
ဟောင်ရဲ့ စိတ်ကူးကို အကြီးအကဲပိုင်က ဖြတ်တောက်ပေးလိုက်သည်။
“ ဒါတွေအကုန်မင်းအတွက်ပါ ကျေးဇူးရှင်။.လက်ခံပေးမယ် မျှော်လင့်ပါတယ်”
ဟောင် စိုက်ကြည့်နေလေသည်။ ငြင်းဖို့လား? သေချာပေါက် ဘယ်ဖြစ်မလဲ?
သူ ခေါင်းညိတ်ပြပြီး လင်ဗန်းအားလုံးကို သိမ်းဆည်းလိုက်သည်။
ဒါတွေ အားလုံးကို သူ့ရဲ့အလုပ်သမားတွေ.. မဟုတ်ဘူး သူ့ရဲ့ မိသားစုနဲ့ မျှစားရမယ်။
ဒီဆိုင်ရဲ့ အရိပ်အောက်မှာရှိတဲ့ သူအားလုံးက သူ့မိသားစုဝင်ပဲ။
ဟောင့်ကို အမြဲလိုလို ရန်လိုနေတတ်တဲ့ သူခိုးလေးပင် တစ်ဖြည်းဖြည်းနဲ့ သူတို့ရဲ့ အုပ်စုထဲ ဝင်ရောက်လာနေပြီ။
ရေလှိုင်းသံစဥ် ဓားဘုရင်ဂိုဏ်းကလဲ စားသောက်ပြီးတာနဲ့ ချက်ချင်း ထွက်မသွားသေးဘဲ ဆိုင်ကနေ သယ်လို့ရသမျှကို လက်အပြည့် ယူနေကြသည်။ လင်ယွီကျွင်းနဲ့ ရှောင်လျန်ဖန်းလဲ စင်တွေကြားမှာ လှည့်ပတ်နေလေ၏။
ဒီနေ့တော့ သူတို့ရဲ့ မနက်ခင်းက ကောင်းမွန်စွာ ကုန်ဆုံးခဲ့သည်။
သိုလှောင်လက်စွပ်ထဲက လက်ကျန်ငွေကို စိတ်ပူဖို့ မလိုတော့ဘူး။
အကြီးအကဲပိုင်က ဒီနေ့ယူသမျှကို ရှင်းပေးမယ်လို့ အတိအလင်း.ကြေညာ ထားသည်။
ဘယ်လိုတောင် တော်တဲ့ အကြီးအကဲလဲ! လင်ယွီကျွင်းနဲ့ ရှောင်လျန်ဖန်း တွေးလိုက်သည်။
နောက်လဲ ဆိုင်ကနေ ပစ္စည်းတွေ အလကားယူလို့ရအောင် ငါးဖမ်းရင် လိုက်သွားရမယ်…
ဒီလိုနဲ့ ဆိုင်ထဲက ပစ္စည်းအားလုံး ယူနေတဲ့ ဖြစ်စဥ်ကို အဆင့်မြင့် သိုင်းကျင့်စဥ်တစ်ခု ကျင့်ကြံနေသည့်နှယ် လေ့ကျင့်ကြလေတော့သည်။
ဒီလိုနဲ့ နေ့ခင်းက ကုန်ဆုံးသွားသည်။ ညပိုင်းကို ရောက်တဲ့အခါမှာ ဟောင်နဲ့ ဝန်ထမ်းတွေအကုန် ဒုတိယထပ်မှာ စုလိုက်ကြသည်။ လင်ဗန်းတွေကို အဖုံးဖွင့်လိုက်တာနဲ့ လှိုက်တက်လာတဲ့ အမွှေးနံ့က ပျော်ရွှင်မှုကို သယ်ဆောင်ပေးလာ၏။
သူတို့တွေ စားကြသည်.. ရယ်ကြသည်.. ပျော်ရွှင်စွာ ဖြတ်သန်းကြသည်။
ထောင့်တစ်ခုမှာ လက်သည်းတိုက်ပွဲ ဖြစ်ပေါ်နေလေ၏။
သူခိုးလေးက ဒရာမာန်ဆန်တဲ့ ဟန်ပန်နဲ့ ကြောင်လေးနှစ်ကောင်နဲ့ ဆော့နေသည်။ ရိုယူနဲ့ ဆူကီနဲ့ သူခိုးလေးနဲ့ သုံးယောက်သား ငါးတုံးတစ်တုံးရဖို့ တိုက်ခိုက်နေကြတာပင်။
သူခိုးလေး ညည်းလိုက်သည်။
ရိုယူကလဲ မာန်ဖီလေ၏။
ဆူကီက သူခိုးလေးရဲ့ နဖူးကို လက်နဲ့ရိုက်ချသည်။
သီအိုရီပိုင်းကြည့်ရင်တော့ မျှတတဲ့ တိုက်ပွဲတစ်ခုပဲ။
လက်တွေ့မှာတော့လား?
သူခိုးလေးက ကြမ်းပြင်မှာ လှဲသွားပြီး အမြှီးကလဲ ယမ်းနေကာ လက်မြှောက် အရှုံးပေးထားတဲ့ ဝမ်းနည်းစရာအကောင်လေး အတိုင်းပဲ။ သူပြန်တိုက်ခိုက်လို့ ရသည်။ ဒါပေမဲ့ သူကောင်းကောင်းသိပါသည်။ သူ ထိုကြောင်ပေါက်တစ်ကောင်ကို လက်တင်မိတာနဲ့ မမကို ဖြေရှင်းချက် ပေးရမည်ဆိုတာ။
ခူရိုမီကို ဘယ်သူမှ သွားမရှုတ်ရဲဘူး။ သူတောင်မှ မရှုတ်ရဲဘူး။
ဆိုဖာပေါ်မှာ ခူရိုမီက လက်သည်းယပ်နေရင်း တိတ်တဆိတ် သတိပေးနေလေရဲ့။
မိုရှီရှီထဲမှ ရှားပါးတဲ့ တစ်ခစ်ခစ် ရယ်သံ ထွက်ပေါ်လာသည်။