(မတော်တဆ ဝင်လာတဲ့ ဝရမ်းပြေး!)
Vol. 10 Ch. 136
ထိပ်ပိုင်းရှိ အညိုရောင် အချွန်လေးသည် ဘုရင်တစ်ပါးနှယ် ခံ့ညားမှုအပြည့်ဖြင့် ရှိနေလေ၏။
ကျားအိုကြီးကျောင်း အနားတိုးလိုက်ပြီး…
တစ်ကိုက် ကိုက်လိုက်သည်။
ထို့နောက်မှာ သူ မလှုပ်ရှားနိုင်တော့ပေ။
အချိန်ခဏလောက်အထိ ကမ္ဘာကြီးက ရပ်တန့်သွားသလိုပဲ။
မျက်လုံးကြီးပြူးကာ မလှုပ်ရှားတော့တဲ့ မျက်စံများဖြင့် ခပ်ဖြည်းဖြည်း အရသာခံလေ၏။
ဒါက အေးမြမှု တစ်ခုထဲ မဟုတ်ဘူး။ အရသာကလဲ နို့ရေခဲမုန့်နဲ့ နည်းနည်းမှ မတူညီဘူး။
နို့ရေခဲမုန့်သည် နူးညံ့ချောမွေ့ပြီး အချိုဓာတ်ထဲမှာ နို့အရသာလဲ ရောမွေထားသည်။
ဒါပေမဲ့ ဒါကတော့…
ဒါက ပိုမွှေးသည်။
ပိုပြင်းရှသည်။
ရေဝဲတစ်ခုလို စိတ်အာရုံကို ဆွဲငင် ပစ်နိုင်ပြီး ကတ္တီပါသားအိအိလေးကို စားနေရတဲ့အတိုင်းပဲ။
အေးမြမှုက လျှာကိုဖက်တွယ်လာပြီး ချောမွေ့စွာပျော်ဝင်ပြီးနောက်မှာ ပြင်းထန်တဲ့အချိုဓာတ်က လျှာဖျားမှာ စွဲကျန်နေလေ၏။
ဒါက သာမာန်ချောကလတ် မဟုတ်လောက်ဘူး။ ဒါကပို ရှေးဦးကျသည် ပြောရမည်… အအေးဓာတ်ရဲ့ နောက်မှာ အပူနဲ့သက်ဆိုင်နေတာ တစ်ခုခုပေါ့။
မဟူရာချော်ရည် ကိုကာမှုန့်။
ထိုရှားပါး ပါဝင်ပစ္စည်းကို ပျော်ရည်ပြာနယ်မြေကြီးရဲ့ တစ်မြေ့မြေ့ လောင်ကျွမ်းနေတဲ့ အမြစ်တွေက ရသည်။ မီးတောင်စိတ်ဝိညာဥ်သားရဲတွေနဲ့ နတ်ဆိုးသားရဲတွေ မွေးဖွားပြီး မြေကြီးထဲမှာကို မီးတောက်ရဲ့အဆီအနှစ်တွေ ပျော်ဝင်နေတဲ့နေရာမှာသာ ထိုအပင်က ပေါက်တတ်သည်။
မဟူရာချော်ရည်ကိုကာပင် ကို မြေပြင်ကမီးဓာတ်နဲ့ လေထဲက ဖုန်မှုန့်ကြားက အအေးဓာတ်ကိုပါ ပူးတွဲစုပ်ယူနိုင်တယ်လို့ လူသိကြသည်။
ရောင်းဝယ်သူတွေ အပြောအရဆိုရင် ဒီသစ်ပင်ရဲ့အမြစ်ကို ဒီတိုင်းစားလိုက်ရင် ပါးစပ်ကို လောင်ကျွမ်းစေနိုင်သည်တဲ့။ ရေခဲမီးတောက်နဲ့ သင့်တော်တဲ့အနေအထားမှာ ကောင်းစွာ အပူပေးထားပြီး အမှုန့်ကြိတ်ပြီးရင် မဟူရာညသန်းခေါင်ထက် မည်းနက်တဲ့ အမှုန့်ကို ရလိမ့်မည်။ ထိုအမှုန့်ကိုသာ စားနိုင်သည်။
ကျားအိုကြီးကျောင်း အရင်က မြည်းစမ်းခဲ့ဖူးသည်။
အရင်က တောင်ပိုင်းက စွန့်ပစ်နယ်မြေဘက် ခရီးထွက်စဥ်မှာ ရသေ့တစ်ပါးနဲ့ ကြုံကြိုက်ခဲ့သည်။ ထိုရသေ့ပေးတဲ့ ဆေးလုံးထဲမှာ မဟူရာချော်ရည် ကိုကာမှုန့်ကိုပါ ထည့်ပြီး ဖော်စပ်ထားခဲ့တာမို့ သူ အသက်ထွက်မတတ် အန်ထုတ်ခဲ့ရသည်။
ဒါပေမဲ့.. ဒါကတော့… ဒီရေခဲမုန့်ကတော့ လုံးဝ ပြီးပြည့်စုံတယ်!
အနက်ရောင်အချိုဓာတ်ရဲ့ အနောက်မှာ စူးရှမှုကို ခံစားနိုင်သည်။ လျှာဖျားရဲ့ကြားထဲ ဝင်ရောက်လာမဲ့ နက်ရှိုင်းတဲ့ ခါးသက်မှုကြားမှာ တစ်မြေ့မြေ့ လောင်ကျွမ်းထားတဲ့ ကမ္ဘာ့ရဲ့ အပူဓာတ်တွေ ကိန်းခိုနေသည်။
ဘယ်အရသာကမှ ဖုံးလွှမ်းသွားခြင်းမရှိဘဲ မျှတသည်မို့ ရှင်သန်နေတဲ့ခံစားချက် ပေးစွမ်းသည်!
အေးမြပြီး ပူနွေးတယ်…
ကြမ်းတမ်းပေမဲ့ ဆွဲဆောင်နိုင်တယ်…
ဆန့်ကျင်ဘက်နှစ်ခုကို ပြီးပြည့်စုံစွာ ပေါင်းစပ်ထားလေရဲ့။
သူလျှာနဲ့ယပ်တော့သည်။ ထို့နောက် ကတော့ကို ကိုက်သည်။ လျှာနဲ့ယပ်ပြန်သည်။
ကျားအိုကြီးကျောင်းက နို့ရေခဲမုန့်စက်ဘက်ကို လှည့်ပြီး အသာအယာ ပုတ်ပေးပြန်သေးကာ
“ ငါ့ရဲ့ပထမဆုံး အေးခဲတဲ့နတ်ဘုရားမလေး။ ငါမင်းကို ဘယ်တော့မှမမေ့ပါဘူးနော်”
“ ဒါပေမဲ့ မင်းရဲ့ညီမလေးက သောက်ရမ်း မိုက်တယ်ကွာ”
ဒိုရှင်းရှီ ခေါက်ဆွဲစားနေရင်း သည်း သွားကာ
“ အေးခဲတဲ့ရေခဲမုန့်ပါဟ အဖိုးကြီး!”
သူ ရေရွတ်နေရင်း ရင်ထဲခါးသက်လာသည်။ အဖိုးကြီးရဲ့လက်ထဲက အညိုရောင် ရေခဲမုန့်ဆီမှ သူ အကြည့်မခွာနိုင်တော့ချေ။
ထိုအချိန်မှာပဲ တံခါးပွင့်လာလေ၏။
ဟောင် အလိုအလျောက် မော့ကြည့်လိုက်ကာ
အရင်လိုပဲ လင်ယွီကျွင်းတို့ အုပ်စု ဝင်လာမလား တွေးလိုက်သည်။
ဒါပေမဲ့ မဟုတ်ခဲ့ဘူး။
ဈေးဝယ်အသစ်တစ်ယောက်ပင်။
ထိုသူသည် ပိန်ပါးပြီးအသားအရည် ကောင်းသည်။ လက်ချောင်းရှည်ရှည်သွယ်သွယ် များကြောင့် လျှို့ဝှက်လက်ချောင်းသိုင်းတစ်ခုခု ဖျော်ဖြေရင် တော်တော်လှမှာပင်။
ထိုသူသည် အရောင်မှိန်နေပြီဖြစ်တဲ့ အနီရောင်ဝတ်ရုံကို သားရဲ သားရေခါးပတ်နဲ့ ဖြစ်သလို စည်းထားသည်။ ပျော်ရည်ပြာနယ်မြေရဲ့ ကြမ်းတမ်းတဲ့ ကျင့်ကြံသူတွေပဲ အသုံးများတဲ့ ခါးပတ်မျိုးပင်။
မည်းနက်နေတဲ့ ပုခုံးထောက်ဆံနွယ်ရှည်များက မသပ်မရပ်ဖြစ်နေသေးသော်ငြား ဒီလောက်ဆိုရင် တော်တော် ကောင်းမွန်သည် ပြောရမည်။
ဘယ်မျက်လုံးအောက်မှာ မီးတောက်သဏ္ဍာန် မွေးရာပါ အမှတ်တစ်ခုပါသည်။ ထိုအမှတ်က အသက်ဝင်နေတဲ့ တက်တူးလိုမျိုး တစ်ချက်တစ်ချက် လက်နေလေရဲ့။
ခန္ဓာကိုယ်တစ်ခုလုံးနီးနီးက အနက်ရောင် ပတ်တီးစများ လွှမ်းနေသည်။ လည်ပင်းတစ်ဝက်လောက်ကစပြီး ထုတ်ပိုးထားတာမို့ ဝတ်ရုံအောက်ရှိ ညှပ်ရိုးကိုပင် ဝေဝါးဝါးသာ မြင်နိုင်သည်။
ဟောင် အံ့သြမှုကြောင့် မျက်လုံးတွေ မှေးကျဥ်းသွားသည်။
‘သူက ဝိညာဥ်မီးတောက်မြို့တော်ကမလား?’
ဒါပေမဲ့ ထိုသူရဲ့ ဖြူဖျော့တဲ့ အသားအရေက တစ်ခြားနေလောင်ထားတဲ့ ကျင့်ကြံသူတွေနဲ့ လားလားမှ မသက်ဆိုင်နေဘူး။
‘ ဖြစ်နိုင်တာ ဂူတစ်ခုထဲမှာ နှစ်များစွာ ကျင့်ကြံထားပြီးအခုမှ အပြင်ထွက်လာတာလား?’
သေချာပေါက် ဒီဘဲ 'ဆန်းခရင်’ ကောင်းကောင်းသုံးထားတာ ဖြစ်ရမယ်။
ထိုသူက ခပ်ဖြည်းဖြည်း လက်တစ်ဖက်မြှောက်ကာ လက်ခေါက်တင်လိုက်ရင်း
“ဟဟ”
“ ငါဒီထဲဝင်ပြေးလာမှန်း ဘယ်သူမှ မသိတော့မှာ သေချာတယ်” ထိုသူက တစ်ချက်ရယ်ရင်း ပြောလေရဲ့။
ထိုသူရဲ့နာမည်က နီဟောင်… ဝိညာဥ်မီးတောက်မြို့တော်ရှိ ဓားပြတိုက်ခံထားရတဲ့ သခင်လေးတွေ ကြားတာနဲ့ အကုန်လုံး ဒေါသတကြီး အော်ဟစ်မဲ့ နာမည်တစ်ခုပေါ့။
သူသည် တစ်ခေတ်တစ်ခါက မီးသိုင်းနဲ့ စိတ်ဝိညာဥ်အစီအရင်ပညာရပ်မှာ ထူးချွန်တဲ့ သူအဖြစ် နာမည်ရှိခဲ့သည်။
ဒါပေမဲ့ နေရောင်ဘယ်လောက်ခံခံ တစ်စက် မပြောင်းလဲသွားတဲ့ ဖြူဖျော့ဖျော့ အသားအရေရယ်… မျက်လုံးအောက်က မီးတောက်ပုံအမှတ်ရယ်ကြောင့် ဘယ်သူမှ မယုံကြည်ခဲ့ကြဘူး။
ဂိုဏ်းတူ ညီကိုတစ်ချို့ဆိုရင် သူ့ကို နတ်ဆိုးတစ်ပိုင်းမွေးဖွားလာတဲ့သူ… ကျိန်စာသင့်မျိုးဆက်က မွေးဖွားလာတဲ့သူ..
တားမြစ်နေရာရဲ့ ဖုန်မှုန့်တွေကြားက ပေါက်ဖွားလာတဲ့သူ.. စသဖြင့် အတင်းပြောကြသည်။
နီဟောင်ကလဲ အလုပ်ရှုတ်ခံပြီး ငြင်းချက်မထုတ်ပါချေ။
တစ်စုံတစ်ယောက်က သူ့ရဲ့တည်ရှိမှုကို အပြစ်တင် ပြောဆိုရင်တောင်မှ သူ့ကို ဖျော်ဖြေနေသည့်နှယ် မျက်ခုံးတစ်ဖက်ပင့်ကာ လှောင်ပြုံး ပြုံးလိမ့်မည်။
သူတို့က လူဆိုးတစ်ယောက် လိုချင်နေမှတော့ သူတို့ အတင်းပြောလို့ရမဲ့သူ တစ်ယောက် ငါဘာလို့ မဖန်တီးပေးရမှာလဲ?
ဒီလိုနဲ့ အရာအားလုံးက တစ်ရက်မှာ ပျက်ဆီးခဲ့လေသည်။
ဂိုဏ်းမှ ရှေးဟောင်းအမွေအနှစ်တစ်ခုကို ခိုးယူသူအဖြစ် သူ့ကိုဝိုင်းစွပ်စွဲကြသည်။ သက်သေမပြသလို ရှင်းပြချက်လဲ မပေးကြပေ။
ဂိုဏ်းမှထုတ်ပယ်ကျောင်း စာလိပ်နဲ့ ခေါင်းကို ပစ်ပေါက်လိုက်တာပင်။
ဒါကြောင့် နီဟောင်လဲ ရေလိုက်ငါးလိုက် ပြုမူတော့သည်။
အရည်အချင်းကို တိုးတက်အောင်လုပ်သည်။ တားမြစ်အစီအရင်တွေ လေ့ကျင့်သည်။ ထောင်ချောက်တွေ ဘယ်လိုဖောက်ရမယ်.. ချိတ်ပိတ်မှုတွေ ဘယ်လိုဖယ်ရမယ်.. အကာအကွယ်တွေကြားကနေ မီးခိုးတစ်ခုလို ဘယ်လိုဖြတ်ထွက်ရမယ်ကို လေ့လာသည်။
သူ့ကို သူခိုးလို့ခေါ်နေမှတော့ တစ်မြို့လုံးရဲ့ အတော်ဆုံးသူခိုး လုပ်ပေးရမှာပေါ့။
သူ လူမသတ်ပါချေ။ ဒါက ယုတ်မာတဲ့အပြုအမူပဲ။
အရမ်းပေါများနေတဲ့သူတွေဆီက စတင် ခိုးယူတော့သည်။ အထူးသဖြင့် နှစ်ချီတဲ့ ဝိုင်တွေ ဘယ်လောက်ရှိကြောင်း ကြွားဝါတဲ့ သခင်လေးတွေ… ဝိညာဥ်ကျောက်တုံး တစ်သောင်းပေးရတဲ့ ဆံထိုးရှိကြောင်း အာချောင်တဲ့ သခင်မလေးတွေဆီကနေပေါ့။
ဒီလိုနဲ့ကြိုးစားလာလိုက်တာက အခုဆို တော်တော် နာမည်ကြီးလာခဲ့ပြီပင်။ သူ့အတွက် ဝရမ်းထုတ်ငွေဆိုရင် ဂိုဏ်းငယ်တစ်ခု တည်ထောက်ဖို့ပင် လုံလောက်နေပြီ။
စင်တွေဘက်ကို လှည့်ပတ်ကြည့်နေရင်း နီဟောင်ရဲ့ တစ်ဝက်တစ်ပျက် လှောင်ပြုံးက ပျက်ယွင်းချင်လာသည်။
ဒါက စွန့်ပစ်အိမ်မဟုတ်ဘူး!
သူ့ရဲ့မျက်လုံးတွေ စူးရှလာတော့၏။.
သူ့ရဲ့ အင်္ကျီလက်စကနေ ဖျော့တော့တဲ့ အသံတစ်ခုထွက်လာပြီး လက်မအရွယ်ခန့်ရှိတဲ့ အဆောင်တစ်ခု လက်ထဲပြုတ်ကျလာခဲ့သည်။
ထိုအရာသည် မျက်နှာပြင်ပေါ်မှာ များစွာတဲ့ ချိတ်ပိတ်အစီအရင်တွေ ထွင်းထားတဲ့ နီလာကျောက်တုံးပင်။
တံလျှပ်မီးတောက်ပုလဲ… သူကိုယ်တိုင် ဖန်တီးထားတဲ့အရာပဲ။
ဒီအဆောင်က ရှောင်တိမ်းနိုင်ဖို့ အခွင့်အလမ်း ဖန်တီးပေးသည်။ အတွေး ထင်ယောင်ထင်မှား ဖြစ်စေမှုကို လေထုထဲ ပျံ့နှံ့စေတာမို့ သတိမထားမိဘဲ ထွက်ပြေးနိုင်ဖို့ အခွင့်ကောင်းပဲ။
အဲ့ဒီလိုမှမဟုတ်ရင်တောင် ကောင်းကောင်း မွန်မွန် ထွက်ပြေးဖို့အတွက် ပရမ်းပတာအခြေအနေကို ဖန်တီးပေးနိုင်သည်။
ဒီအဆောင်လေးက သူ့ကို အကြိမ်များစွာ ကယ်တင်ဖူးသည်။ ဂိုဏ်းတွေရဲ့ ပူးပေါင်း လိုက်ခံရတာတွေ…. ထောင်ချောက်တွေ.. တစ်ခါကဆို ပေါက်ကွဲလွယ်တဲ့ ဒေါသအိုး ကျင့်ကြံသူထံကနေပါ ကင်တင်ပေးသေးသည်။
သူ့ရဲ့လက်ချောင်းတွေက အဆောင်ထဲမှ အစီအရင်တွေ မထုတ်သေးပေမဲ့ အဆောင်နားမှာ မြွေတစ်ကောင်လို ရစ်ပတ် ဆော့ကစားနေသည်။
ဒါက ဟိုမဖြစ်နိုင်တဲ့ ရယ်ချင်စရာ ကောလဟာလတွေနဲ့ သက်ဆိုင်နေလောက်လား?
အရင်အပတ်တွေထဲက ဝိညာဥ်မီးတောက်မြို့တော်ရဲ့ လမ်းကြားတွေကြားမှာ ပျံ့နှံ့နေတဲ့ ထူးဆန်းတဲ့ သတင်းတွေမလား?
မြို့ရဲ့အရှေ့ဘက်က စွန့်ပစ်အိမ်တစ်ခုက ဝင်လိုက်တာနဲ့ ပုံရိပ်ယောင်နယ်ပယ်ထဲ ပို့ပေးတယ်ဆိုတဲ့ သတင်းလေ?
နီဟောင် ထိုသတင်းကြားတုန်းက ခေါင်းမူးမတတ်ကို မျက်လုံးလှိမ့်ချင်ခဲ့မိသည်။
ဘယ်လိုစိတ်မှန်နေတဲ့သူက စွန့်ပစ်နေရာတစ်ခုမှာ အစီအရင်တွေ သုံးမှာမလို့လဲ?
ပြီး အကြောင်းအရင်းကကော? ဘာလဲ စနောက်ဖို့လား?
ပြီးတော့ အဓိပ္ပါယ်မရှိတဲ့ နောက်ဆက်တွဲတွေကိုပါ ပြောကြသေးသည်။.ဘာတဲ့.. အထဲဝင်သွားတဲ့သူတွေထဲမှ မကျိုးမကန်း၊ ဒဏ်ရာမရဘဲ ထွက်လာတဲ့သူ မရှိဘူးတဲ့။
ဘယ်သူက အားယားပြီး အဲ့ဒီလို လိုက်လုပ်နေမှာလဲ?
သူ လုံးဝ မယုံကြည်ခဲ့ဘူး… လုံးဝပဲ!
အခုချိန်ထိပေါ့။
အောက်ခြေ ကြမ်းခင်းပေါ်ကို သူ အနည်းငယ် ရွှေ့လျားလိုက်သည်။ ကြမ်းခင်းသည် ပြောင်ချောနေပြီး ခြစ်ရာတစ်ခုတောင် မရှိချေ။
သူ မျက်မှောင်ကြုတ်မိလေပြီ။
သူ ဒီတံခါး ဖွင့်လိုက်ချိန်က အထဲဝင်တာနဲ့ အိုဟောင်းနေတဲ့ မီးလောင်ရာအပြည့် သစ်သားတွေကို တွေ့ရမယ်ဆိုတာ သေချာခဲ့သည်။
ဒါပေမဲ့ အခုများတော့….
သူ.အာရုံခံကြည့်ပေမဲ့ ပတ်ပတ်လည်မှာ ချီစွမ်းအင် တုံ့ပြန်မှု နည်းနည်းတောင် မခံစားရပါချေ။
ဒီနေရာကို အတုအယောင်လို့ မခံစားရဘူး!