(အလင်းပွင့်စေတဲ့အရာကို မင်း.ခိုးယူလို့ မရဘူး။ ဒါပေမဲ့ မင်း စားယူလို့ရတယ်)
Vol. 10 Ch. 138
နီဟောင် ကျွတ်သပ်လိုက်ကာ
‘ငါဒီနေရာကို ဓားပြတိုက်လိုက်သင့်လား?’
ဓားပြတိုက်မဲ့ကိစ္စကို အတည်အတံ့ တွေးတောနေတာမို့ လမ်းလျှောက်နေတာပင် ရပ်သွားခဲ့သည်။ ပြောရရင် ဒီဆိုင်က နေ့ခင်းကြောင်တောင်ကြီးကို လူတွေကို မျက်နှာပြောင်ပြောင်နဲ့ လိမ်စားနေတဲ့ဆိုင်ပဲ မလား?
သူ့ရဲ့ လုပ်ရပ်ကို ပြည်သူ့အတွက် လုပ်ပေးတဲ့ ဝန်ဆောင်မှုလို့ ပြောလို့ရသည်။
ပြောရရင် မျှတတဲ့ ဓားပြတိုက်မှုပေါ့။
လုံးဝကို တရားမျှတသည်..
ဈေးမတန်တဆ တင်ရောင်းတဲ့ လောဘကြီးတဲ့ ဆိုင်ရှင်ကို စစ်မှန်မှုပြပေးခြင်း ဖြစ်စဥ်ပေါ့။
…..
သူ မျက်တောင်ခတ်လိုက်သည်။
နေအုံး။
ဈေးများတဲ့ ခေါက်ဆွဲတစ်ပွဲကြောင့်နဲ့ ငါ ဆိုင်တစ်ခုလုံးကို ဓားပြတိုက်ရတော့မယ်ပေါ့?
ပြီးတော့ သူက အခုချိန်မှာ သူခိုးတစ်ကောင်ဖြစ်နေပြီ?
ဖမ်းနေတဲ့သူ အရမ်းများတဲ့ ဝရမ်းပြေးတစ်ယောက်လေ?
ထိုသို့တွေးမိတာနဲ့ ချောင်းတစ်ချက်ဟန့်ပြီး ခန္ဓာကိုယ်ကို ပြန်မတ်လိုက်သည်။ ခေါက်ဆွဲခွက်ကိုပါ စင်ပေါ်ပြန်ထားလိုက်သည်။
‘ကျွတ် ဒီဆိုင်က ငါ့ကိုအကျင့်ပျက်အောင် လာလုပ်နေတာပဲကွာ’
ဒီ မဖြစ်နိုင်လောက်အောင် လိမ်စားနေတဲ့ဆိုင်ကို သူ ဓားပြတိုက်ချင်ရင်တောင်မှ တိုက်မရတာ ကောင်းကောင်းသိပါသည်။
သူ သတိကောင်းနေလို့ သိတာတော့ မဟုတ်ဘူး။
ဘာလို့ဆို အစောပိုင်းက ဆိုင်ထဲလှည့်ပတ်ကြည့်ချိန်မှာ တစ်နေရာကို ကြည့်မိတာနဲ့ ကျောရိုးတစ်လျှောက်လုံး တောင့်တင်းစေတဲ့အရာတစ်ခုကို မြင်လိုက်ရလို့ပဲ။
ဆိုင်ရဲ့ထောင်မှာ ရှိနေတာ သူ့လိိုမျိုး ပတ်တီးတွေပြည့်နေတဲ့ ခေါက်ဆွဲအငမ်းမရ စားနေတဲ့သူတစ်ယောက်ပဲ မဟုတ်ခဲ့ဘူး။
ထိုပတ်တီးစည်းထားတဲ့သူကို သူ ဂရုမစိုက်ပါချေ။ ဘာလို့ဆို သူ့ရဲ့ပုံစံက ကြည့်လိုက်တာနဲ့ သုံးစားမရတဲ့ပုံပဲလေ။
ဒါပေမဲ့ အဖိုးကြီးတစ်ယောက်…။
မရင်းနီးတဲ့ပစ္စည်းကြီးရဲ့ ဘေးမှာရှိတဲ့ အဖိုးကြီးရဲ့လက်ထဲမှာ ထူးဆန်းတဲ့ အစားအသောက်ကို ကိုင်ထားသေးသည်။ တရိစ္ဆာန်တစ်ကောင်ရဲ့ ဂျိုလိုမျိုးကို အပေါ်က အေးခဲတဲ့ အညိုရောင်အခွေလေးတွေ တင်ထားသည်။
နီဟောင့်ရဲ့ မျက်လုံးတွေ ကျဥ်းမြှောင်းသွားသည်။
ထိုအဖိုးအိုက စားသောက်နေရင်း ပျော်ရွှင်စွာဖြင့် ဆူညံသံတွေပါ ထုတ်နေလေရဲ့!
ဒါပေမဲ့ အစားအသောက်ပဲလေ။
နီဟောင် စိတ်ဝင်စားတာက အစားအသောက် မဟုတ်ဘူး။ ထိုသူ ဘယ်လိုရေခဲနတ်ဆိုးသားရဲကို ကိုင်ထားပါစေ သူ ဂရုမစိုက်ဘူး။
သူ စိတ်ဝင်စားတာက စားနေတဲ့သူပဲ!
အဲ့ဒီလူကို မြင်လိုက်တာနဲ့ နှစ်ပေါင်းများစွာအတွင်းရရှိခဲ့တဲ့ အန္တရာယ် သတိပေးချက်တွေအကုန် ပေါင်းပြီး အချက်ပြနေသလိုပဲ။
ထိုသူက ကျားအိုကြီးကျောင်းပင်။
နီဟောင်ရဲ့ မျက်နှာပေါ်က ခပ်မဲ့မဲ့အပြုံးတို့ တောင့်တင်းလာရပြီ။
ဒီအပေါ်ပိုင်း အဝတ်မပါတဲ့ ခန္ဓာကိုယ်ကျင့်ကြံသူသည် ဝိညာဥ်မီးတောက်မြို့တော်တွင် လူသိများသည်။ ပျံသန်းနေတဲ့သားရဲကို လေပေါ်ခုန်ပြီးထိုးတာတို့… မနက်ခင်းသွေးပူလေ့ကျင့်ခန်း လုပ်တဲ့အနေနဲ့ အဆောက်အဦးကြီးတွေကို မတာတို့… ရေနေသားရဲတွေနဲ့ ရေပြိုင်သောက်ဖို့ စိန်ခေါ်တာတို့.. ထိုသို့ ရူးနှမ်းတဲ့ လုပ်ရပ်တွေကြောင့် လူသိတာပင်။
ပြီးတော့.. သူတစ်ခုခုကို စိတ်ဝင်စားသွားရင်တော့လား?
သေချာပေါက် လွတ်လမ်းမရှိဘူး။
နီဟောင့်ရဲ့ တစ်ကိုယ်လုံးတုန်သွားသည်။
သူ့ရဲ့ နောက်ဆုံးတစ်ခေါက် သတင်းအရဆိုရင် လူတစ်ယောက်သည် ကျားအိုကြီးကျောင်းရဲ့ အကြိုက်ဆုံးကျောက်တုံးကို ထိမိခဲ့သည့်အတွက် ထိုကျောက်တုံးရှိသည့် နံရံမှာ ထိုကျောက်တုံးအစား ထိုသူကို ရိုက်ထည့်လိုက်သည်ဆိုပဲ။
ထိုသူက ထာဝရမြုပ်နှံခံလိုက်ရသည်တဲ့။
သူသာ လှုပ်ရှားမှု မှားသွားပြီး ကျားအိုကြီးကျောင်းရဲ့ အပိုင်လို့ သတ်မှတ်ထားတဲ့အရာကို ထိမိသွားရင်တော့လား?
ဒါဆိုရင်တော့ အဖမ်းခံရရုံတင် ဖြစ်မှာ မဟုတ်ဘူး။
တစ်စစီ အလုပ်ခံရမှာ!
အပြစ်အကြီးကြီး လုပ်ခဲ့လို့ မဟုတ်ဘဲ သူစားနေတာကို နှောက်ယှက်မိရုံနဲ့တင် တစ်စစီ အလုပ်ခံရနိုင်သည်။
နီဟောင် ဟန်မပျက် ခပ်မဲ့မဲ့ ပြုံးလိုက်သည်။ ဒါပေမဲ့ သူ့ရဲ့အပြုံးက အနည်းငယ် တောင့်တင်းနေလေ၏။
ဒီဆိုင်ကို ဓားပြတိုက်ဖို့က အကြံကောင်းမဟုတ်ဘူး.ထင်တယ်။
ဓားပြမတိုက်သင့်တဲ့ နံပါတ်တစ် အချက်လား? ကျားအိုကြီးကျောင်းပဲ။
နံပါတ်နှစ်..နံပါတ်သုံး… နံပါတ်ငါး.. နံပါတ်ဆယ့်နှစ်လား?
အဲ့ဒါလဲ ကျားအိုကြီးကျောင်းပဲ။
‘ငါက အတွေ့အကြုံရှိတဲ့ သူခိုးတစ်ယောက်!.. ငါ့မှာ စံနှုန်းဆိုတာ ရှိတယ်။ ငါ့မှာ ကန့်သတ်ချက်ဆိုတာရှိတယ်။ ငါက သတ်သေတာမျိုး မလုပ်ဘူး’
နီဟောင် သက်ပြင်းတစ်ချက်သာ ချလိုက်သည်။
ဒီနေရာကို ရောက်လာပြီးမှတော့ ဒါတွေအားလုံးကို အိပ်မက်တစ်ခုလို့ပဲ သတ်မှတ်လိုက်တော့မည်။.သူ့ရဲ့ ထူးခြားလှတဲ့ အဆင့်မြင့်သူခိုးဘဝမှာ ကြုံတွေ့ခဲ့ရတဲ့ မဖြစ်နိုင်တဲ့ အခိုက်အတန့်တစ်ချို့ အနေနဲ့ပေါ့။
ဒီနေရာကို ဘယ်တော့မှ ပြန်မလာဘူး။
လုံးဝပဲ…လုံးဝ လုံးဝ ပြန်မလာဘူး။
ဒါပေမဲ့ သူက ဆင်းရဲနေတဲ့သူတော့ မဟုတ်ပါချေ။
ဒီကို မလာခင်လေးကတင် မြို့ဝင်ပေါက်နားရှိ မောက်မာတဲ့သခင်လေးတစ်ယောက်ဆီကနေ ဝိညာဥ်ကျောက်တုံး အများကြီးပါတဲ့ ပိုက်ဆံအိတ်ခိုးခဲ့တာလေ။ ထိုသူက သူ့ရဲ့ ဓားပျံအကြောင်း ကြွားလုံးထုတ်ရင်း မအားနေတာမို့ ခိုးခံရမှန်းတောင်မသိခဲ့ဘူး။
ဒီတော့ ဒီနေ့ သူ့ရဲ့လက်ထဲမှာ ငွေလျှံသည် ပြောရမှာပေါ့။
ဒါပေမဲ့ ဖြုန်းတီးဖို့ကိုလား?
လုံးဝပဲ။
ဒါကြောင့်မို့ စင်တွေပေါ်ရှိ ဈေးအနည်းဆုံး ပစ္စည်းကိုပဲ ကောက်ကိုင်လိုက်တော့သည်။ ကြက်သားအရသာအစပ်ခေါက်ဆွဲ…. ဘာလို့ဆို ဝိညာဥ်ကျောက်တုံးတစ်တုံးပဲ ကျမှာလေ။
ဈေးအနည်းဆုံး ပစ္စည်းကို.ယူပြီးတာတောင်မှ ရင်ထဲမှာ အနည်းငယ် ခါးသက်နေဆဲပဲ။
ဆိုင်ရှင်ရဲ့ ပျင်းရိစွာ ရှင်းပြချက်တွေအတိုင်း လိုက်လုပ်ပြီးနောက်မှာ ထိုင်ခုံမှာ ထိုင်လိုက်သည်။
သုံးမိနစ်စောင့်ရမည်တဲ့။
ဒါပဲလေ။
ဒီလိုနဲ့ သုံးမိနစ်ပြည့်သွားခဲ့သည်။
ဒါကြောင့် သူ အဖုံးဖွင့်လိုက်တော့၏။
ဝေါင်း!
မွှေးပျံ့လာတဲ့အနံ့က နှာခေါင်းဝကို အလုံးအရင်း လာတိုက်ခိုက်တော့၏။
သူတစ်ချက် အနံ့ခံကြည့်လိုက်သည်။
ဒီလောက်နဲ့တင် အရာအားလုံးရှင်းပြပြီးသွားပြီပင်။
အစောပိုင်းက ပြောခဲ့တာတွေကိုလား?
အကုန်ရုတ်သိမ်းသည်။
တွေးထားတဲ့မကောင်းတဲ့ အတွေးတွေနဲ့ ပြင်ဆင်ထားတဲ့အပြစ်တင် စကားလုံးတွေလား?
အကုန်ပျောက်ကွယ်သွားပြီ။
နှုတ်ခမ်းထောင့်က သွားရေတစ်ချက် စည်းကျသွားပြီး သူ့ရဲ့မျက်ခုံးတန်းတွေ ချက်ချင်းတောင့်တင်းသွားလေ၏။
မသိလျှင် ခေါက်ဆွဲဗူးက သူ့ကို ကောင်းကင်ဘုံရဲ့လျှို့ဝှက်ချက်တွေ ပြောပြနေသည့်နှယ် မျက်လုံးမလွှဲစတမ်း စိုက်ကြည့်နေလိုက်သည်။
တူကိုကိုင်ပြီးတာနဲ့ အမြန်မွှေကာ တစ်လုပ်ထည့်လိုက်တော့သည်။
ထို့နောက်မှာတော့…
ငါးလုံးလောက် ဆက်တိုက်သွပ်တော့သည်။
ခေါက်ဆွဲက ပူပြီးစပ်သည်။ ဒါပေမဲ့ လုံးဝသင့်တော်တဲ့ အပူချိန်မှာ ရှိနေပြီး လျှာဖျားကို လှုံ့ဆော်သွားကာ ဝင်သွားတာနဲ့ ပါးစပ်တစ်ခုလုံးကို နွေးထွေးသွားစေသည်။
အနံ့ကလဲ အရမ်းမွှေးလွန်းသည်။ ဟင်းရည်ထဲမှာ ကြက်သားအရသာ စိမ့်နေအောင် ဆန်းကြယ်တဲ့အိုးတစ်ခုထဲ အချိန်အကြာကြီး စိမ်ထားပုံရှိသည်။ အရသာကလဲ လုံးဝစိမ့်နေတာပင်။
ခေါက်ဆွဲဖတ်တွေကလဲ ပျော့ဖတ်နေတာပဲ။ အနီရောင်ဟင်းရည်ထဲ စိမ်ထားသည်မို့ ခေါက်ဆွဲဖတ်တွေမှာ အနီရောင်ဆီလေးဝေ့နေသည်။ ရေမြုပ်တစ်ခုက အရည်ကို စုပ်ယူသလိုမျိုး ခေါက်ဆွဲဖတ်တွေမှာလဲ အရည်ရဲ့အရသာက စိမ့်ဝင်နေခဲ့သည်။
တစ်လုပ်စားလိုက်တိုင်း အစပ်နံ့နဲ့ ကြက်သွန်ဖြူကင်နံကို ရောနှောပြီး ရနေတဲ့အပြင် ရင်းနီးသလိုခံစားရပေမဲ့ အတိအကျမပြောနိုင်တဲ့ အရသာတစ်ခုကိုပါ ခံစားမိသေးသည်။
မသိလျှင် တစ်ယောက်ယောက်က မီးတောင်မှာ မွေးဖွားခဲ့တဲ့ ကြက်သားရဲရဲ့ဝိညာဥ်ကိုထုတ်ယူပြီး ဟင်းရည်ချက်ထားသည်။ အဲ့ဒီဟင်းရည်နဲ့ သူ့ကို အာရုံခံအဖုကို လာရိုက်နှက်နေသည့်နှယ် ထိမိနေအောင် ခံစားနေရ
ဒီီလိုနဲ့ ခေါက်ဆွဲကမသိလိုက်ခင်မှာပဲ အကုန် ပြောင်သွားတော့သည်။
အသိစိတ်နဲ့အာရုံ ပြန်ကပ်ချိန်မှာ သိလိုက်တာတစ်ခုက ပါးစပ်ထဲ နောက်ဆုံးဝင်သွားတဲ့ ခေါက်ဆွဲရည်ရဲ့ အသံတစ်ချက်ပဲ။
အငွေ့တွေလဲ ပျောက်ကွယ်သွားခဲ့ပြီ။
ခွက်တစ်ခုလုံးလဲ ပြောင်သွားပြီ။
ထိုအချိန်မှာပဲ စတင်တော့သည်။ သူ့ရဲ့ ခြေလက်တွေကို သူ မပိုင်တော့သလို ခံစားနေရ၏။
ခန္ဓာကိုယ်တစ်ခုလုံး အနောက်မှီကျသွားကာ မျက်လုံးလဲပိတ်သွားသည်။
အာရုံတစ်ခုလုံးကို မွှေနှောက်လိုက်သည်မို့ အတွေးစတွေက စာလိပ်ဟောင်းတစ်ခုကို ဖွင့်ဖတ်သည့်နှယ် ဟိုတစ်စ ဒီတစ်စ ပျံ့ကျဲကုန်သည်။
နီဟောင် အရင်က ခပ်ရွဲ့ရွဲ့ ပြောခဲ့ဖူးသည်။
ဒီလောက်ဈေးကြီးတဲ့ခေါက်ဆွဲက အလင်းပွင့်စေမှာမလို့လားလို့ လှောင်ပြောင်ခဲ့သည့်အတိုင်း သူ ပြန်ကြုံနေရပြီပင်။
မိနစ်သုံးဆယ်လောက် နေရာမှာပင် တိတ်ဆိတ်သွားခဲ့သည်။ အသိစိတ်နယ်ပယ်ရဲ့ တိုးတက်မှုကို ရှာဖွေနေတဲ့ ဘုန်းတော်ကြီးတစ်ယောက်လိုမျိုး သူ နေရာမှာတင် မလှုပ်မယှက် ရှိနေခဲ့သည်။
သူ မျက်လုံးဖွင့်ပြီးတာတောင်မှ အချိန်တစ်ခုကြာသည်အထိ စကားမပြောနိုင်နေပေ။
“....”
အရာအားလုံးကို သူပြန်ရုတ်သိမ်းလိုက်ပါပြီ။
အစောပိုင်းက အမြင်တွေအားလုံး… အစောပိုင်းက အပြစ်တင်မှုတွေအားလုံး…
အသင့်စားခေါက်ဆွဲနဲ့ ပတ်သတ်ပြီး.. ဆိုင်နဲ့ ပတ်သတ်ပြီး.. ဆိုင်ရှင်နဲ့ပတ်သတ်ပြီး ပြောခဲ့သမျှ အပြစ်တင်မှုတွေကိုအကုန် သူ ပြန်ရုတ်သိမ်းလိုက်ပါပြီ။
ဒီနေရာက…လုံးဝ နတ်ပြည်ပဲ။
အန္တရာယ်များလွန်းတဲ့ နတ်ပြည်…။
ဒါပေမဲ့ နီဟောင်က အရမ်းခံစားမနေပါချေ။
အသင့်စားခေါက်ဆွဲကို မမြည်းစမ်းဖူးတဲ့ ဘယ်သူမဆို ဈေးနှုန်းမြင်တာနဲ့ ဒီစကားထွက်မှာပဲလေ။
အသင့်စားခေါက်ဆွဲတစ်ပွဲက မျက်နှာဖြတ်ရိုက်နိုင်ပြီး ဆုံးဖြတ်ချက်ကို ပြန်တွေးစေလိမ့်မယ်လို့ ဘယ်သူက ထင်ခဲ့မှာမလို့လဲ?
ဒါပေမဲ့ အခုတော့သူတစ်ကယ် အသင့်စားခေါက်ဆွဲဆီက မျက်နှာဖြတ်ရိုက်ခံရပြီ။
ကျင့်ကြံရေးပိုင်း အဆင့်မတက်သော်ငြား နီဟောင် စိတ်မပျက်ပါချေ။
ဘာလို့ဆို သူရရှိခဲ့တဲ့အရာက အစီအရင်ပိုင်းဆိုင်ရာ အလင်းပွင့်မှုတွေလေ။ ရရှိခဲ့တဲ့အစီအရင်ကလဲ သာမာန်အခြေခံ အစီအရင်တွေမဟုတ်ဘူး။
အလယ်အလတ်အဆင့်မှာ အကောင်းဆုံး ဖြစ်တဲ့ ခုခံမှုပိုင်းအစီအရင်ကို ချိုးဖောက်နိုင်မဲ့ နည်းလမ်းသုံးမျိုးကိုပါ သဘောပေါက်သွားခဲ့သည်။
ဖြိုခွဲမဲ့နည်းလမ်းတစ်ခုအတွက်ဆို လိုအပ်တာက သွားကြားထိုးတံတစ်ခုရယ် ကျောက်စရစ်ခဲတစ်ခုရယ်နဲ့ သင့်တော်တဲ့ အချိန်ကိုက်မှာ ချောင်းဆိုးပေးမဲ့ သူတစ်ယောက်ပဲ။
သူ အစီအရင်ကိုတင် နားလည်တာမဟုတ်ဘဲ ခိုးယူခြင်းဆိုင်ရာ ပင်ကိုယ်ဗီဇလဲ တိုးတက်လာ၏။
လူနောက်လိုက်တဲ့အခါမျိုးမှာ ထိုသူ.ဘယ်အချိန် နောက်လှည့်ကြည့်မယ်ကို သူ ဝါးတားတား ခံစားနိုင်သွားပြီ။ လက်ချောင်းတွေကနေလဲ ပေါ့ပါးမှုကို ခံစားရသည်။
သူပြုံးလိုက်သည်။
သူ တွေးမိလေလေ အပြုံးတို့ ပိုနက်ရှိုင်းရလေလေပဲ။
ခေါက်ဆွဲတစ်ပွဲကနေ အလင်းပွင့်တယ်တဲ့လား?
တော်တော်ထူးဆန်းတာပဲ။ ပြီး ပေးရတဲ့ ပိုက်ဆံကလဲ ဝိညာဥ်ကျောက်တုံးတစ်တုံးပဲတဲ့?
သေချာပေါက် ဘေးထွက်ဆိုးကျိုးတော့ ရှိရမယ်။
ဒီကမ္ဘာမှာ ဘယ်အရာကများ အလကားရလို့လဲ?
ကောင်းကင်ဘုံရဲ့ဆုလာဘ်တွေတောင်မှ ပြန်ပေးရမဲ့ အခြေအနေတွေ ကန့်သတ်ချက်တွေဆိုတာ ရှိစမြဲပဲလေ။
'အကယ်လို့ ဒါက ငါ့ရဲ့အရသာခံနိုင်စွမ်း ပျက်ဆီးသွားရင်ကော?’