( ငါ သောက်ရူးဖြစ်ဖို့ တစ်ခွက်ပဲလိုတော့တယ်!)
Vol. 10 Ch. 139
'အကယ်လို့ ငါနောက်ထပ် သာမာန် အစားအသောက်တွေ မစားနိုင်တော့ရင်.ဘယ်လိုလုပ်မလဲ?’
‘ အကယ်လို့ ငါနောက်တစ်ပွဲ စားမိသွားရင် အထက်ဘုံက နတ်ဆိုးကြီးနိုးလာပြီး ငါကအဲ့နတ်ဆိုးရဲ့ ခေါက်ဆွဲကျွန် ပြန်ဖြစ်သွားရင်ကော?’
အမှန်တော့ မင်းစားနေတာ အလကားမဟုတ်ဘူး။ မင် ဝိညာဥ်ကျောက်တုံး ပေးထားတာပဲ။
မင်းဘာမင်း တစ်ယောက်ထဲ လျှောက်တွေးပြီးကြောက်နေတာ။
ထူးဆန်းတဲ့ မေးခွန်းတွေ မေးလာရင် ဟောင် ထိုသို့ ပြန်ဖြေပေးလိုက်မှာပင်။
တစ်လုံးချင်းစီကို ထိမိစွာ ပြောပေးလိုက်လိမ့်မည်။
ဒါပေမဲ့ နီဟောင် မမေးပါချေ။ နီဟောင့်ရဲ့ စိတ်ထဲမှာ ဆိုင်ရှင်ကို မေးခွန်းမေးတာက စွမ်းအင်ဖြုန်းတီးတာလို့ပဲ ယူဆထားသည်။
ဆိုင်ရှင်က အဖြေတော့ပေးလိမ့်မည်။ ဒါပေမဲ့ အဖြေထဲမှာ အဖြေပါမနေဘူး။ အဓိပ္ပါယ်က ရှိမနေဘူး။
ဖြေတော့ဖြေပေးမည်ဆိုတဲ့.. အဓိပ္ပါယ်မရှိတဲ့ အဖြေတွေအတွက်လား?
တော်ပြီကျေးဇူးပဲ။
အစောကတင် ထိုအရှက်မရှိမှုတွေက မနည်းရုန်းကန်ပြီး ရှင်သန်ထားရတာ။
တူညီတဲ့ကျော့ကွင်းထဲထပ်ဝင်ဖို့ အစီအစဥ် မရှိဘူး။
ငါဆိုတဲ့သူက စိတ်ရှည်မှုတွေ ဒလဟော ပေါများနေတဲ့ သေရမှာမကြောက်တဲ့ အဲ့ဒီ ကျင့်ကြံသူတွေ မဟုတ်ဘူး။
‘ ငါနည်းငါ့ဟန်နဲ့ပဲ အဖြေရှာတော့မယ်’
နီဟောင် သူ့ကို ကူညီပေးနိုင်မဲ့ တစ်စုံတစ်ရာ၊ တစ်စုံတစ်ယောက်ကို တစ်ဆိုင်လုံးမှာ လှည့်ပတ်ရှာလိုက်၏။
အစောပိုင်းက သတိမထားမိတဲ့ ပုံရိပ်တစ်ခုက မျက်လုံးထဲ ဝင်ရောက်လာသည်။
ပတ်တီးအပြည့် လွှမ်းနေတဲ့ ထိုသူက လက်နှစ်ဖက်နဲ့ ခေါက်ဆွဲခွက်ကို ကိုင်ထားလေ၏။ နှစ်ကြာရှည်စွာ ကိုးကွယ်ထားတဲ့ ယုံကြည်ချက် ပြင်းထန်သူ တစ်ယောက်ရဲ့ ကျက်သရေများဖြင့်ပေါ့…။
ထိုသူရဲ့ပုံစံက အခုမှ အလင်းပွင့်ထားဟန် ရှိသည်။
မျက်လုံးနှစ်ဖက်ကို အနည်းငယ် ဖွင့်ကြည့်လာ၏။
အခုတော့လား… မျက်ရည်တွေ?
ဟမ်? ဒီလူ မျက်ရည်ကျနေတာလား?
နီဟောင် မျက်မှောင်ကြုတ်သွားကာ..
ထပ်မံအတည်ပြုကြည့်သည်။
တစ်ကယ်ကြီး ငိုနေတာပဲ။
ဒီ အလင်းပွင့်မှုက အဲ့လောက်ကြီး စိတ်လှုပ်ရှားစရာ ကောင်းသွားလို့လား?
‘ ငတုံးရေ ခေါက်ဆွဲရဲ့ ဘေးထွက်ဆိုးကျိုးကို အရင်စစ်ဆေးပါအုံးဟ!’
သူတစ်ဆိုင်လုံး ကြားအောင် အော်ဟစ် ပစ်လိုက်ချင်ပေမဲ့ ထိန်းချုပ်လိုက်သည်။
ဒီလူ.. ဆုတောင်းနေတာလား?
ဟမ်…?
သူဘာလို့ ခွက်ကို အရိုအသေပေးနေတာလဲ?
ဟမ်…?
ဟာ.. ဒီကောင်ဘာလို့ ထပ်ငိုတော့မဲ့ပုံ ဖြစ်နေတာလဲ?
နီဟောင် မျက်တောင်ခတ်မိသွားသည်။
ထို့နောက်မှာ ပုခုံးသာတွန့်လိုက်တော့၏။
ဟုတ်သည် ထူးဆန်းသည်။ ဒါပေမဲ့ သူဆိုင်ထဲကို ဝင်လာထဲက မထူးဆန်းတာ ရှိလို့လား?
ပြောရမယ်ဆိုရင် ဒီအရှေ့ကကောင်က အနည်းဆုံးတော့ ခေါက်ဆွဲစားထားသေးသည်။ အသုံးမကျတဲ့ ဆိုင်ရှင်ထဲက မေးခွန်းတောင်းမဲ့အစား ဒီကောင့်ကိုမေးတာကမှ အလုပ်ဖြစ်အုံးမည်။
နီဟောင် ထိုသူရှိရာကို သွားလိုက်တော့သည်။
ဒိုရှင်းရှီကတော့ မျက်လုံးများမှိတ်ထားရင်း ဝေဝါးစွာဖြင့် နေရာမှာ ထိုင်နေတာပင်။
လက်ထဲရှိ ခေါက်ဆွဲခွက်ကို နှလုံးသားအပြည့်နဲ့ ကျေးဇူးတင်စကား ပြောမလို့ပင်။
ပြီးလျှင် ကောင်တာနောက်က မြင့်မြတ်ပုဂ္ဂိုလ် အတွက် ဝတ်ပြုဆုတောင်းပေးမည်။
ဒါပြီးရင်တော့ ဒီနတ်အစားအသောက်အတွက် စတေးပေးခဲ့ရတဲ့ ကြက်အတွက် သူ ခဏတာ လေးစားမှုပြတဲ့အနေနဲ့ တိတ်ဆိတ်ပေးမည်။
ဒါပေမဲ့ သူ့အနားကို လာနေတဲ့ တစ်စုံတစ်ခုကို သတိထားမိသွားသည်။
မရင်းနီးတဲ့ သူတစ်ယောက်ပင်။
ဒိုရှင်းရှီ ခပ်ဖြည်းဖြည်း ခေါင်းမော့ကြည့်လိုက်၏။
'ငါ မြင့်မြတ်လှတဲ့ ဝတ်ပြုခြင်းကို ဆောင်ရွက်နေတာကို.ဘယ်အကောင်က လာတားရဲတာလဲ?’
ဒီလူက ဆိုင်က မဟုတ်ဘူးပဲ။
မျက်နှာသစ်လား?
ဈေးဝယ်အသစ်လား?
သူ့ရဲ့နှာခေါင်းက အနည်းငယ် ရှုံ့သွားသည်။
ဟုတ်တယ် ဟုတ်တယ်! သူ အရှေ့က သူထံမှ လတ်လတ်ဆတ်ဆတ် စားထားတဲ့ ခေါက်ဆွဲငွေ့နဲ့ လောလောလတ်လတ် အလင်းပွင့်ထားတဲ့ အငွေ့အသက်တစ်ချို့ကို အာရုံခံမိတယ်!.
အို?
တစ်ဖြည်းဖြည်း ထင်ရှားလာတဲ့ အိပ်မက်ဆိုးတစ်ခုလိုမျိုး ဒိုရှင်းရှီရဲ့ မျက်နှာထက်မှာ အပြုံးတစ်ခု ပေါ်လာလေရဲ့။
မျက်လုံးတွေကို ပိတ်ထားပေမဲ့ တစ်ဖြည်းဖြည်းကျယ်လာတဲ့ အပြုံးကြားကနေ ခပ်တိုးတိုး ရေရွတ်လိုက်သည်။
‘ ဒီတော့ ငါအကိုကြီးက ညီလေးတွေကို တွေ့ပေးရမှာပေါ့လေ.. ဟုတ်ပြီ..ဟုတ်ပြီ’
ကျက်သရေအပြည့်နဲ့ ခေါက်ဆွဲခွက်ကို ကိုင်ထားရင်း ခပ်ဖြည်းဖြည်း လှည့်ကြည့်လိုက်ကာ…
“ ညီလေး”
ဒိုရှင်းရှီ အက်ရှစွာ ရေရွတ်လေရဲ့။
“ မင်း ကြက်ကပေးတဲ့ အလင်းရောင်ကို မြင်လိုက်ရဲ့လား?”
နီဟောင် လှမ်းနေတဲ့ ခြေလှမ်းတွေပင် တုံ့သွားတော့၏။
ဆန်းကြယ်တဲ့ရှေ့ဖြစ်ဟောကိန်း တစ်ခုလိုလို.. ကပွဲတွေမှာ အလွန်အကြွံ သောက်ထားတဲ့ အရက်သမားတစ်ယောက်ရဲ့ မဖြစ်နိုင်တဲ့ စကားတွေလိုလို…
ဟိတ်ဟန်များလှတဲ့ စကားလုံးကြီးတွေက သူ့ကို ရိုက်ခတ်သွားလေ၏။
သူ တစ်ကြိမ် မျက်တောင်ခတ်လိုက်သည်။
နှစ်ကြိမ်မြှောက် မျက်တောင်ခတ်လိုက်သည်။
ထို့နောက်မှာ အနည်းငယ် ခေါင်းစောင်းသွားပြီး လုပ်နေကြအတိုင်း ခပ်မဲ့မဲ့ ပြုံးလိုက်တော့၏။
“အာ..ညီလေး?” နီဟောင် ပြောလိုက်သည်။
“ဟုတ်တယ်ဟုတ်တယ်! ငါထင်တာ ခေါက်ဆွဲဟင်းရည်က ထူးခြားတာပဲ။ ရွှေရောင် အလင်းတွေဖြာထွက်နေသလိုနဲ့ အစပ်အရသာပါ ခံစားရသေးတယ်”
ဒိုရှီရှီ အသက်ရှုအောင့်လိုက်တော့သည်။
ခေါက်ဆွဲဗူးကို ကိုင်ထားတဲ့ လက်ချောင်းတွေက တင်းကျပ် တုန်ယင်လာကာ..
“ မိတ်ဆွေကိုးကွယ်သူ…”
နီဟောင်ရဲ့ အပြုံးတွေ တောင့်တင်းရပြန်ပြီ။
‘ဟူး.. ငါစောက်ရူးတစ်ကောင်နဲ့ ရင်ဆိုင်နေရတာပဲ’
ထားပါလေ။ ဒီခေါက်ဆွဲ ကိုးကွယ်သူမှာ အဖြေရှိမယ်ဆိုရင်တော့ ငါလိုက်ကစားပေးမှာပေါ့။
ခဏလောက်အတွက်…။
နီဟောင် ချောင်းဆိုးလိုက်ကာ ကိုယ်ကို အရှေ့တိုးလိုက်သည်။ ထို့နောက်မှာ တိုးရှတဲ့ အသံနဲ့
“အကိုကြီး ငါရင်ထဲထိသွားတာကွာ သိလား?”
“ ဒါပေမဲ့ ငါ့အနေနဲ့မပြည့်ဝမှာ စိုးမိတယ်”
ရင်ဘတ်ပေါ် လက်တင်လိုက်ရင်း ဒရာမာဆန်စွာ ညည်းညူလေရဲ့။ နောက်လက်တစ်ဖက်က စာရှင်းပြတော့မဲ့ ကျောင်းသားတစ်ယောက်လိုမျိုး အပေါ်မြှောက်ထားလေ၏။
“ ဒီအလင်းပွင့်မှုတွေက တစ်ကယ်ပဲဘာများလဲ? အရမ်းကောင်းမွန်တဲ့ သိုင်းတစ်ခုရဲ့ အမွေအနှစ်များလား? အစားအသောက်အဖြစ် ဖုံးကွယ်ထားတဲ့ ကျင့်ကြံရေးနည်းလမ်းတစ်ခုများလား?”
ဒိုရှီရှီရဲ့မျက်လုံးတွေ ပထမဆုံးအကြိမ်ပွင့်သွားခဲ့ပြီ။ ထိုမျက်လုံးမှာ အနည်းငယ်သော မျက်ရည်စတွေပါ တွဲခိုနေလေ၏။
“ မင်းနားမလည်ပါဘူးကွာ.. အဲဲ့ဒီခေါက်ဆွဲတွေက မင်းရဲ့ စိတ်ဝိညာဥ်ကိုပါ စကားပြောနိုင်တယ်။ ဒါတွေက ကံကံရဲ့ အကျိုးကို ဖော်ဆောင်ပေးတယ်။ ခေါက်ဆွဲ တစ်ပွဲနဲ့တင် ငါ့ရဲ့ဆယ်ဘဝလောက်ကို ပြန်တွေ့ကြုံလိုက်ရသလိုပဲ”
“ အစပ်အရသာ ခေါက်ဆွဲ စားတုန်းကဆိုရင် ငါ့ရဲ့ဘိုးဘေးနဲ့ နှစ်ယောက်ထဲ တွေ့လိုက်ရတယ်! ကြက်သား…. ကြက်သား! ကောင်းကင်ဘုံရဲ့ တာအိုလမ်းစဥ်ကို ပထမဆုံး တက်လှမ်းနိုင်တဲ့ ဘိုးဘေးကြက်တစ်ကောင်နဲ့ တွေ့ဆုံခဲ့ရတာပဲ!”
နီဟောင်ရဲ့ မျက်လုံးတွေက ထိန်းမရအောင် တွန့်လိမ်လာတော့သည်။
ဒါပေမဲ့ မျက်နှာပေါ်က ခပ်မဲ့မဲ့ အပြုံးကို ဆက်ထိန်းထားတာ
“ တစ်ကယ်တော့ အကိုကြီး.. ငါလဲ ခပ်ဖျော့ဖျော့ ရေရွတ်သံတစ်ခု ကြားလိုက်ရသလို ခံစားရတယ်”
ဒိုရှီရှီက တည်တံ့နေတဲ့ ရုပ်နဲ့ ခေါင်းညိတ်ပြလေရဲ့။
“ ငါအဲ့အသံကို သိတယ်။ ခေါက်ဆွဲက ရွေးချယ်ခံတွေကိုပဲ သူ့ရဲ့လျှို့ဝှက်ချက်ကို ထုတ်ပြတာ”
‘ညီလေး?!’
နီဟောင် အရှေ့က ကောင်ကို ခေါင်းပိတ်ရိုက်ချင်စိတ် ပေါက်နေပြီ။ သူ တော်တော်လေး ထိန်းချုပ်ထားတာပင်။
ထိုအစား အသက်ဝနေအောင် ရှုလိုက်ပြီး ဒိုရှီရှီရဲ့ ဘေးခုံမှာ ဝင်ထိုင်လိုက်ကာ
“ အကိုကြီး ငါမေးလို့ရမလား? ဒီဆိုင်က တစ်ခြားအရာတွေကကော ဒီလိုပဲလား? အကုန်လုံးက ဒါမျိုး နတ်အစားအသောက်တွေလား?”
“ ပိုပြီးနက်ရှိုင်းတဲ့ပစ္စည်းနဲ့ မမိတ်ဆက်ခင် ဈေးဝယ်တွေကို အရင် ခေါက်ဆွဲနဲ့စမ်းသပ်တာ မျိုးလား?”
ဒိုရှီရှီ က ဝမ်းနည်းစွာ အဝေးကိုကြည့်လိုက်လေရဲ့။ အလှမ်းမမှီတဲ့ နေမင်းကို ငေးကြည့်နေတဲ့အတိုင်းပဲ။
“ မြင့်မြတ်ပုဂ္ဂိုလ်ကို အလွယ်တကူ မေးခွန်းသွားထုတ်လို့မရဘူး။ သူက ဆန်းကြယ်သလောက် ကြင်နာတတ်တဲ့ သူစားမျိုးပဲ”
ကောင်တာမှာရပ်နေတဲ့ လူကို နီဟောင် မျက်လုံးများမှေးပြီး ကြည့်မိသွားသည်။ ဆိုင်ရှင်က မုန့်တစ်ခုရဲ့ နာမည်ကဒ်ကို ပါးစပ်နဲ့ ကိုက်ခွာနေလေ၏။
“....”
“ အင်း..ဟုတ်ပါပြီ”
ဒိုရှီရှီက ချက်ချင်းပဲ အနားတိုးကာ ကပ်ပြောပြန်၏။
“ ငါနောက်တစ်ခေါက်ကျ မက်မွန်လက်ဖက်ရည်ကို စမ်းဖို့ စဥ်းစားထားတယ်။ တစ်ချို့ပြောကြတာတော့ မက်မွန်လက်ဖက်ရည်ကို သောက်ပြီးသွားရင် အကြီးအကဲတွေက အနားမှာ တီးတိုး လာပြောကြတယ်တဲ့”
နီဟောင် ခေါင်းညိတ်ပြလိုက်ကာ
“ ဒါပေါ့..ဒါပေါ့ သေချာပေါက် သောက်ကြည့်သင့်တယ်”
“ ဒါပေမဲ့ငါက ဘိုးဘေးတွေရဲ့ မျက်ရည်ကို အလကားမလုပ်ချင်ဘူး”
နီဟောင်ရဲ့ နှုတ်ခမ်းတွေက အလွန်အမင်း.အံ့အားသင့်မှုကြောင့် တင်းတင်း စေ့နေပြီပင်။ သူ့ရဲ့ နှုတ်ခမ်းတွေကို ကြိုးစားထိန်းချုပ်ကာ အက်ရှရှ ပြန်ပြုံးလိုက်ရ၏။
‘ဒီသောက်ကျိုးနည်းဆိုင်မှာ ဘာတွေဖြစ်နေတာလဲကွာ?’
ဒါပေမဲ့ နီဟောင် ခံစားချက်များနေဟန် လုပ်နေဆဲပဲ။ တွေးနေဟန်ဖြင့် မေးစေ့ကိုပါ ပွတ်ထားပြီး
'ငါသိပြီ ဒါက အလင်းပွင့်တာ မဟုတ်ဘူး။ အစားအသောက်ပုံလုပ်ထားပြီး တစ်ကယ်က ဦးနှောက်ထိစေတဲ့ အရာတွေဖြစ်မယ်’
‘ ရပြီ ငါအားလုံးကို နားလည်သွားပြီ!’
‘ သေချာပေါက်ကို ရှင်းရှင်းလင်းလင်း သိသွားပြီ!’
‘ ဒါက အစားအသောက်အစစ် မဟုတ်ဘူး။ ဒီဟာက အလင်းပွင့်မှု အစစ်မဟုတ်ဘူး။ တစ်ကယ်က စိတ်ကို ထိန်းချုပ်ပစ်တာ’
‘တားမြစ်ထားတဲ့ဆေးလုံးမျိုး ထည့်ထားတာနေမယ်!’
‘ ဒါက အန္တရာယ်များတဲ့ ထောင်ချောက်ဖြစ်ရမယ်!’
လက်ထဲမှာ ကိုင်ထားတဲ့ခေါက်ဆွဲခွက်ကို တတွတ်တွတ်ရွတ်နေတဲ့ ဒိုရှင်းရှီအား တိတ်တဆိတ် စိုက်ကြည့်လိုက်ကာ
‘ ဒါဆို ပါဝင်တဲ့ လက္ခဏာရပ်တွေက..အလွန်ပျော်ရွှင်ခြင်း၊ ချီသွေဖယ်ခြင်း၊ စိတ်ဝိညာဥ်ဆိုင်ရာ ထင်ယောင်ထင်မှား ဖြစ်ခြင်း၊ လက်ထဲက အရာကို တင်းနေအောင် ဆုပ်ကိုင်မိခြင်းတို့ ဖြစ်စေမယ်’
နီဟောင်ရဲ့ အပြုံးတွေ ပျောက်ကွယ်သွားသည်။
သွားပြီ..ငါလဲ စားမိထားတယ်။
စားတာမှ တစ်စက်မကျန် စားမိထားတာ။
ထို့နောက်မှာ ပဋ္ဌာန်းရွတ်နေဆဲ ဖြစ်တဲ့ ဒိုရှင်းရှီဘက်ကို သတိကြီးကြီး ကြည့်လိုက်ရင်း
‘ဒါဆို ငါလဲ အရှေ့ကကောင်လို သောက်ကျိုးနည်းတွေ ထရွတ်တော့မှာလား?’
'အစောက ငါခံစားခဲ့ရတဲ့ အလင်းပွင့်မှုနဲ့.. အစီအရင်ပိုင်း ရှင်းလင်းစွာ မြင်လာတာတွေက.. အစစ်အမှန်ကော ဟုတ်ရဲ့လား?’
‘ဒါမှမဟုတ် ငါစားလိုက်မိလို့ အတွေးအခေါ်ပိုင်း မြင့်တက်ပြီး ထင်ချင်တာ ထင်နေတာများလား?’
နီဟောင် အသက်ဝဝ တစ်ချက်ရှုလိုက်သည်။ သူ မကြောက်ပါချေ။ သူအခုထိ ကိုယ့်ကိုယ်ကို ထိန်းချုပ်နိုင်သည်။
ဖြစ်နိုင်တာပေါ့…။
ဒါပေမဲ့ မျက်နှာဘေးက ချွေးအေးတစ်ကြောင်း စီးကျသွားလေရဲ့။
နီဟောင်စတင်ပြီး အတွေးများတော့သည်။
သူ တွေးလို့ရတဲ့ ကောင်းမွန်တဲ့ ဖြေရှင်းချက်က တစ်ခုပဲရှိသည်။
သူထွက်သွားမှ ရတော့မည်။
ချက်ချင်း!
လုံခြုံတဲ့နေရာမှာ အခြေအနေကို စစ်ဆေး ရမယ်!
ဒါပေမဲ့ သိနေတဲ့ပုံ လုပ်ပြလို့မဖြစ်ဘူး။
ဆိုင်ရှင် သိသွားရင်.ဘယ်လိုလုပ်မလဲ?
သူ အမှန်မြင်နေတာကို သိသွားရင် ဘယ်လိုလုပ်မလဲ?
ဆိုင်ရှင်ရဲ့ စိတ်ကူးယာဥ် နယ်ပယ်ထဲ သူ မပိတ်မိနေတာကို သတိထားမိသွားရင်.ဘယ်လိုလုပ်မလဲ?
ငါ့ရဲ့အတွေးတွေကို တစ်ဆိုင်လုံးက နားထောင်နေရင်ရော?
ငါ့ကို တောက်လျှောက် စောင့်ကြည့်နေတာ ဆိုရင်ရော?
ကောင်တာရှိရာကို နီဟောင် တစ်ချက် ခိုးကြည့်လိုက်သည်။
မြင့်မြတ်တဲ့ပုဂ္ဂိုလ်လို့ ခေါ်တဲ့ ထိုဆိုင်ရှင်က သူဖန်တီးထားတဲ့ စိတ်ကူးယာဥ် နယ်ပယ်ရဲ့ ပြီးပြည့်စုံမှုကို အလွန်စိတ်ချလက်ချ ရှိဟန်ဖြင့် ဖျော်ရည်သောက်နေလေ၏။
‘ ကျွတ်.. ပြောရရင် တော်တော် လှတဲ့ အကွက်ပဲ။ အရင်ဆုံး အန္တရာယ်မရှိသလို ဟန်ဆောင်တယ်’
‘ လူတွေကို ဆွဲဆောင်ပြီး တော့ စိတ်ကိုထိန်းချုပ်တဲ့အစားအသောက်တွေ ကျွေးတယ်’
ခေါက်ဆွဲခွက်ကို ပွတ်သပ်ရင်း တစ်အင်းအင်း လုပ်နေတဲ့ဒိုရှင်းရှီကို နီဟောင် လှည့်ကြည့်လိုက်သည်။ ထို့နောက်မှာ ခပ်ဖြည်းဖြည်း ပြုံးလိုက်ကာ
“ အကိုကြီး..အဟမ်း.. ဒါက တစ်ကယ် စိတ်ဝိညာဥ်ကို နိုးကြားစေတာပဲ”
ဒိုရှင်းရှီ ကတော့သူတော်စင်ဆန်ဆန် ခေါင်းညိတ်ပြလေရဲ့။
“ တစ်ကယ်တော့ ငါတို့က မပျံသန်းရသေးတဲ့ငှက်ငယ်လေးတွေ ပါကွာ”
“...ဒါပေါ့ဗျာ..အဟင်းဟင်း”
နီဟောင် မတ်တပ်ရပ်ပြီး အနောက်ကို ဖြည်းဖြည်းချင်း ဆုတ်လိုက်သည်။
လက်နှစ်ဖက်ကို နောက်ပစ်ကာ နံရံကြီးကို လေးစားသမှုအပြည့်နဲ့ ကြည့်နေရင်း တတွတ်တွတ် ရွတ်နေသေး၏။
စိတ်ထဲမှာကတော့လား?
ပြည့်စုံတဲ့ တပ်ဆုတ်မဲ့အကြံကို တွေးနေတာပင်။
အဆင့်တစ်-အပြင်ထွက်မယ်။
အဆင့်နှစ်- အဆိပ်ဖြေမယ်။
အဆင့်သုံး- ပြုစားခံရတာ ဖျက်ဖို့လုပ်ရမယ်။ ပရောဂဆရာဖြစ်ဖြစ် သမားတော်ဖြစ်ဖြစ် အဆင်မပြေရင် နှစ်ယောက်လုံးဆီ သွားမယ်ကွာ။
သူ တံခါးပေါက်ကို လှမ်းကြည့်လိုက်သည်။
တံခါးပေါက်က ရှိနေသေးတာပဲ။
တံခါးပေါက်က တစ်ကယ်ပဲ ရှိနေပါ့မလား?
တစ်ကယ်လို့ တံခါးပေါက်က တူပဲတူပြီး တစ်ကယ်မရှိရင် ဘယ်လိုလုပ်မလဲ?
အကယ်လို့ သူ အပြင်ထွက်တာနဲ့ ဒီစင်တွေကြားပဲ ပြန်ရောက်လာရင်ကော?
ဒီပြုံးနေတဲ့ ဆိုင်ရှင်က တစ်ကယ်တမ်းကျ အမှန်တရားကို ပြောင်းလဲပစ်နိုင်တဲ့ နယ်မြေ ကျင့်ကြံသူကြီးဖြစ်နေရင်ကော?
နီဟောင် အသက်ဝဝ တစ်ချက် ရှုသွင်းလိုက်သည်။
တစ်ကယ်ပဲ ဆိုင်ရှင်က ဒီနေရာတစ်ခုလုံးကို ဖန်တီးခဲ့သူမှန်ရင်တော့ အင်အားသုံးပြီး ထွက်ပြေးမဲ့အစီအစဥ်ကို မေ့လိုက်တော့။
နီဟောင် ကျောတစ်ပြင်လုံး အေးစက်သွားတော့သည်။
‘ ငါ့ရဲ့ အပြုအမူက သံသယဝင်ဖွယ် ကောင်းနေရင် သတိထားမိသွားလိမ့်မယ်။ ဒါဆိုငါ့ဆီကို ဒုတိယမြောက် ခေါက်ဆွဲကြီး ရောက်လာမှာပေါ့? ပြီးရင် အချိုရည်ပါ ရောက်လာမယ်? ပြီးရင်တော့…?’
‘ ငါလဲ ဟိုရူးနေတဲ့အကောင်လို ဘုရားစာ ရွတ်တော့လား?!’
‘ ဟိုသောက်ရူးကြည့်ရတာတော့ တော်တော် လွတ်နေပြီ။ ခေါက်ဆွဲအများကြီး စားမိထားပုံပဲ’
နီဟောင် တစ်ချက်ချောင်းဟန့်ပြီး ကိုယ်မတ်လိုက်ကာ
“အာ..အင်းပေါ့။ ဒါဆိုငါသွားလိုက်အုံးမယ်နော် အကိုကြီး။ ကြီးမြတ်တဲ့ ကြက်ဘိုးဘေးနဲ့ ပတ်သတ်ပြီး ငါလေ့ကျင့်လိုက်အုံးမယ်”
“ ပိုဝေးတဲ့နေရာမှာ”
“ တစ်ယောက်ထဲ”
“ အာ..” ဒိုရှင်းရှီ ပြောလိုက်သည်။
“ ကောင်းတယ်။ တစ်ခါတစ်လေမှာ တစ်ယောက်ထဲဆိုရင် စိတ်ဝိညာဥ်ထဲထိ အရသာစိမ့်ဝင်ဖို့ ပိုအထောက်အကူ ဖြစ်တာပေါ့ကွာ”
နီဟောင်ရဲ့ အပြုံးက တောင့်တင်းရပြန်သည်။
“ အဟင်းဟင်း ဒါပေါ့ အတိအကျပဲ”
သူ ချက်ချင်းပဲ တံခါးပေါက်ရှိရာကို လှည့်တော့သည်။
ခြေလှမ်းတိုင်းကို သတိကြီးကြီးဖြင့် ဖြည်းဖြည်းချင်း သွားသည်။
သုံးလို့ရသမျှ ပစ္စည်းတိုင်းကို အချိန်မရွေး ထုတ်သုံးနိုင်အောင် အသင့်ပြင်ထားသေးသည်။
ဒီလိုနဲ့ တံခါးကို ရောက်တဲ့အခါမှာ…
ဆွဲဖွင့်လိုက်သည်။
တံခါးကပွင့်သွားတာပဲ!
ကြီးမားလှတဲ့ အတွေးကြီးတွေ အဖျားရူးရပြီမို့ နီဟောင် အနည်းငယ် မှင်သက်သွားသည်။ သူ မျက်တောင် တစ်ကြိမ်ခတ်လိုက်ကာ
‘ တစ်ကယ်ကြီး တံခါးပွင့်သွားတာလား?’
‘မိုးကြိုးထောင်ချောက်လဲမရှိဘူး? စိတ်ဝိညာဥ်ကို ရိုက်ချမဲ့ ထောင်ချောက်လဲ မရှိဘူး? စိတ်ဝိညာဥ်ကို လှည့်စားပြီး မှတ်ဉာဏ်ကိုရှုတ်ထွေးစေတဲ့ အစီအရင်လဲ မချထားဘူးပေါ့?’