( အသက်ကို ဖက်နဲ့ထုတ်ချင်နေသော တပည့်လေးနှစ်ယောက်)
Vol. 10 Ch. 128
ကျားအိုကြီးကျောင်းရဲ့ ပုံံစံသည် ရေခဲသဏ္ဍာန် မြင့်မြတ်တဲ့အမွေအနှစ် တစ်ခုကို ထိတွေ့နေရသည့်နှယ်….။
အလွန်မြင့်မြတ်လွန်းတာမို့ အသိစိတ် တစ်ဝက်လောက် လွင့်ပါသွားဟန်ရှိသည်။
အကြီးအကဲပိုင်ရဲ့ မျက်လုံးတွေ အနည်းငယ် ကျဥ်းမြောင်းသွားသည်။
သူသည် လူတွေကို ဝေဖန်တတ်သူ မဟုတ်ပါချေ။
ဒါပေမဲ့ ထိုအေးခဲတဲ့အရာကို အရှေ့က အဖိုးကြီးစားနေပုံက…..
မသိလျှင် အသိစိတ်နဲ့ ခန္ဓာကိုယ်ကို တစ်ချိန်ထဲမှာ ချောမွေ့နိုင်စေတဲ့ ကောင်းကင်.အစားအသောက်တစ်ခုကို စားနေတဲ့အတိုင်းပဲ။
အကြီးအကဲပိုင်ရဲ့ စိတ်ထဲ အတွေးတစ်ခု တိတ်တဆိတ် ဝင်ရောက်လာသည်။
ဒီအဖိုးကြီးစားနေတဲ့ဟာကို စားကြည့်ရမယ်။
ကြည့်ရသလောက် အရမ်းကို စွမ်းအားကြီးမဲ့ပုံပဲ…..။
ဖြစ်နိုင်တာ အဲ့ဒီထူးဆန်းတဲ့အရာက အချိုပွဲ ပဲ မဟုတ်လောက်ဘူး။
ကျင့်ကြံသူတွေကြားမှာ လုယက်ပြီး အချင်းချင်း သတ်ဖြတ်စေလောက်တဲ့အထိ အဖိုးတန်တဲ့ ရတနာတစ်ခု ဖြစ်နေနိုင်တာပဲ။
ဒီလိုနဲ့ အကြီးအကဲပိုင်က စိတ်ထဲမှာ မှတ်ထားလိုက်ပြီး တံခါးပေါက်က ဖြတ်ကာ…
သွားလိုက်တော့သည်။
“.....”
တစ်ဆိုင်လုံး တိတ်ဆိတ်နေဆဲပဲ။
လင်ယွီကျွင်းနဲ့ ရှောင်လျန်ဖန်းကတော့ နေရာမှာတင် အေးခဲနေလေရဲ့။ မသိလျှင် ပိတ်သွားတဲ့တံခါးပေါက်က ချက်ချင်း ပြန်ပွင့်ပြီး သူတို့ကို အန္တရာယ် ပေးတော့မည့်နှယ် တံခါးပေါက်ကို သဲကြီးမဲကြီး စိုက်ကြည့်နေကြ၏။
ထို့နောက်မှာ အလွန်ရှုံးနိမ့်စွာဖြင့် လင်ယွီကျွင်း သက်ပြင်းရှည်ကြီး ချလိုက်လေသည်။
“ အရင် ပြန်ပြီး ငါတို့ဆရာနဲ့ဂိုဏ်းခေါင်းဆောင်ကို တင်ပြရအောင်”
ရှောင်လျန်ဖန်းလဲ ခေါင်းညိတ်ပြလိုက်သည်။
ဒါကမေးခွန်းထုတ်စရာမလိုတဲ့ ရွှေးချယ်စရာပဲ။
ဒါ့အပြင် သူတို့တွေ အသင့်စားခေါက်ဆွဲအတွက် အခုထိ ပိုက်ဆံ မရှင်းရသေးဘူး။ အကယ်လို့ ပိုက်ဆံရှင်းပြီးခဲ့ရင်တောင်မှ မစားဘဲ ချက်ချင်း ကောက်ထွက်သွားရင် အလွန်ကြီးမားတဲ့ ဆုံးရှုံးမှု ဖြစ်သွားလိမ့်မည်။
ဒီလိုပူဆွေးမှုလောက်အထိ သူတို့ ခံနိုင်ရည် မရှိသေးဘူး။
ကောင်လေးနှစ်ယောက်သည် ယွဲ့ရှုယန်နဲ့ ဟွာဖေးရှုဘက်ကို လှည့်ကာ ဦးညွတ်လိုက်ရင်း
“ ငါတို့အရင် သွားနှင့်ပါတော့မယ်”
ဟွာဖေးရှု မျက်တောင်တစ်ဖြတ်ဖြတ် ခတ်သွားပြီးမှ သွားအပြည့်ပေါ်အောင် ပြုံးပြပြီး ခေါင်းညိတ်လိုက်ကာ
“ သွားသွား!”
“ နင်တို့ကိစ္စ အရင်သွားရှင်းပါ! ငါတို့က ပျောက်သွားမှာလဲ မဟုတ်ဘူး။ ငါတို့ဒီမှာ ခံတပ်ကို စောင့်ကြပ်ပေးထားမယ် စိတ်မပူနဲ့!”
သူမရဲ့ တောက်ပတဲ့အသံကြားမှာ နားလည်ပေးနိုင်မှု တစ်စွန်းတစ်စ စွန်းထင်းနေ၏။ ဟွာဖေးရှုက ပေါက်ပေါက် ဖောက်တတ်ပေမဲ့ တုံးအသူတော့ မဟုတ်ပါချေ။
ယွဲ့ရှုယန်ကတော့ ခေါင်းတစ်ချက် ညိတ်ပြသည်။
“ အင်း”
“ မကြာစေနဲ့”
လင်ယွီကျွင်းနဲ့ ရှောင်လျန်ဖန်းတို့ နှစ်ယောက်လုံး.ယဥ်ကျေးစွာ ထပ်အရိုအသေ ပေးလိုက်သည်။
သူတို့ရဲ့ မထိရသေးတဲ့ အသင့်စားခေါက်ဆွဲ နှစ်ဗူးကို စင်ပေါ်ပြန်သွားထားလိုက်တော့သည်။
ကိုလာနဲ့ သံပုရာဆိုဒါအတွက် ပိုက်ဆံရှင်းပြီးသည်နှင့် ဟောင့်ကို နှုတ်ဆက်ကာ ချက်ချင်း ထွက်သွားကြလေ၏။
ထိုနှစ်ယောက်လုံး တံခါးပေါက်မှ ပျောက်ကွယ် သွားခဲ့သည်။
အခြေအနေတစ်ခုလုံးကို ကြည့်ရှုနေခဲ့တဲ့ ဟောင် တစ်ယောက် အရှေ့မှာ မြင်နေရတဲ့ ပုံရိပ်ယောင်မျက်နှာပြင်ကို ကြည့်နေရင်း မျက်လုံးတွေကျဥ်းမြောင်းလာသည်။
အမည်- ပိုင်ချင်းရှီ။
အသက်- ၂၅၇ နှစ်။
ကျင့်ကြံဆင့်- ကောင်းကင်ဧကရာဇ်နယ်ပယ် ဒုတိယအဆင့်။
“ဟမ်”
ဒီတော့ ဒီလူကြီးက တစ်ကယ်ကို အကြီးအကဲပေါ့။
သူက လင်ယွီကျွင်းရဲ့ ဆရာထက်တောင် သန်မာသေးတယ်!
ခုနက ချမ်းစိမ့်စိမ့်ကြီး ခံစားနေရတာ မအံ့သြတော့ပါဘူး။
ဒါပေမဲ့ တစ်ခုခုက မှန်မနေဘူး။
စနစ်က အဆင့်နှစ်လို့ပဲ ပြောထားပေမဲ့ အကြီးအကဲပိုင်ချင်းရှီရဲ့ အတွင်းထဲမှာ ဖုံးကွယ်ထားတဲ့ အင်အားတစ်ချို့ရှိမယ်လို့ ဟောင် ခံစားရသည်။ ဒီအဖိုးကြီးက စိတ်ပါလို့ ဒါမှမဟုတ် ကျိန်စာတစ်ခုခု ကြောင့်မလို့ အစစ်အမှန်ကို မပြနိုင်သလိုမျိုးပဲ။
ဘာလို့ဆို ဒီအဖိုးကြီးကို ကြည့်ရတာ နောက်ထပ် နယ်ပယ်တစ်ခုကို တက်ဖို့ ခြေတစ်လှမ်းလောက်ပဲ လိုတော့သလို ခံစားရသည်။
ဒါမှမဟုတ်လဲ ကျားအိုကြီးကျောင်းရဲ့ ရေခဲမုန့် လျပ်နေပုံကိုမြင်ပြီး ဟောင် ထင်ယောင်ထင်မှား ဖြစ်နေတာလဲ ဖြစ်နိုင်ပါသည်။ အဲ့ဒီပုံရိပ်တစ်ခုထဲနဲ့တင် ရှေ့နှစ်များစွာရဲ့ အိပ်မက်ကောင်းတွေ အမဲလိုက်ခံရဖို့ လုံလောက်နေခဲ့ပြီ။
ဒီလိုနဲ့ စက္ကန့်တွေ မိနစ်တွေ နာရီတွေ ပြောင်းလဲရင်း တစ်ဖြည်းဖြည်း အချိန်ကုန်လာခဲ့သည်။
ထိုအချိန် တောင်တန်းများ သစ်တောများရဲ့ အလွန်ရှိ နေရာ များစွာရဲ့ အဝေးတွင်….
ကောင်းကင်ကြီးရဲ့အောက်မှာ အဆုံးမရှိတဲ့ ပင်လယ်ပြင်ကြီး တည်ရှိနေသည်။
ငွေရောင်မြူခိုးပြင်တို့က အဆုံးမရှိ ဖုံးအုပ်ထားသည်မို့ ဖန်သားသဖွယ် လေထုသည် သိပ်သည်းနက်ရှိုင်းကာ လေတိုက်ရင်တောင် ထိုးဖောက်နိုင်ချေ မရှိပေ။
ရေလှိုင်းတို့ရဲ့ ပြင်းထန်တဲ့အရှိန်ကိုလဲ မမြင်ရပဲ ပင်လယ်ပြင်သည် တိတ်ဆိတ်မှု ကြီးစိုးနေ၏။
မြူခိုးကြာပွင့်ဖြူ ပင်လယ်။
တိမ်လွှမ်းမိုးအင်ပါယာ အနီးရှိ အဓိက ပင်လယ်တွေထဲက တစ်ခုပင်။
“ ရှင်သန်မှုနဲ့ သေဆုံးမှုတို့ အတူယှဥ်တွဲတဲ့ အခါမှာ”
ထိုနေရာကို နယ်မြေတစ်ခွင်ရှိ ကျင့်ကြံသူတွေ ကြောက်ရွံ့ကြသည်။
လေထုက အေးမြရုံတင်မဟုတ်ဘဲ အာရုံကြောတွေကိုပါ ထုံထိုင်းစေသည်။
အသံရဲ့စူးရှုမှုကို ပိတ်ပင် ပစ်နိုင်တဲ့ လေထုကြောင့် ကိုယ်တွင်းက အတွေးများပင် တစ်ခုထဲနဲ့ တစ်ဝဲလည်လည် ဖြစ်စေနိုင်သည်။
ကျယ်ပြန့်ပြီး ငြိမ်သက်တဲ့ ရေပြင်ကျယ်တစ်လျှောက်တွင် မရေမတွက်နိုင်တဲ့ ကြာပွင့်ဖြူတို့ ပေါလောပေါနေသည်။
ကြာပွင့် တစ်ပွင့်တစ်ပွင့်သည် အိမ်တစ်ခုနီးနီး ကြီးမား၏။
တစ်ချို့ ကြာပွင့်များမှ ကုသနိုင်တဲ့ချီစွမ်းအင်တို့ ပါဝင်တဲ့ ငွေရောင်အလင်းတစ်ချို့ ဖြာထွက်နေသည်။ သေခါနီးသူကိုပင် မျက်စိတစ်မှိတ်အတွင်း ရှင်သန်စေနိုင်သည်ဟု ပြောကြသည်။
ကျန်တဲ့ ကြာပွင့်များတွင် ပါဝင်သော ချီစွမ်းအင်ကတော့ အသက်မရှုနိုင်လောက်တဲ့ တည်ရှိမှုကို သယ်ဆောင်ထားသည်။ နှလုံးကို ဝေဝါးစေပြီး ခြေလက်တွေကို ထုံထိုင်းစေလိမ့်မည်။
ဘယ်ကြာပွင့်မှ ဘယ်ချီစွမ်းအင်ကို ထုတ်ပေးနေလဲ ပြောဖို့ခက်ပေသည်။
ကြာပွင့်များ၏ တုံ့ပြန်မှုသည် မျက်လုံးအပေါ် မသက်ရောက်ဘဲ နှလုံးသားကိုသာ သက်ရောက်သည်။
အခုချိန်မှာ ထို ထိတ်လန့်ဖွယ် ကောင်းသော ပင်လယ်ပြင်ထက်၌…
လူငါးယောက်သည် ဓားပျံပေါ်မှာ ရပ်နေကြသည်။ ဝတ်ရုံနက်များသည် တိမ်စိုင်များကဲ့သို့ လေထဲမှာ လွင့်မြောနေသည်။
ဟောင် သူတို့ကို ချက်ချင်း မှတ်မိမှာပင်။
ရေလှိုဏ်းသခင် အကြီးအကဲထျန်းရှန့်။
တည်မြဲမှုထောက်တိုင်ကြီး အကြီးအကဲပိုင်ချင်းရှီ။
ပြီးတော့ သေချာပေါက်…
အနည်းငယ် တောင့်တင်းနေတဲ့ ကျောပြင်များနဲ့ လင်ယွီကျွင်းနဲ့ ရှောင်လျန်ဖန်းပဲပေါ့။
သူတို့ဒီနေရာရောက်နေရတဲ့ အကြောင်းအရင်းလား?
သူတို့လဲ တော်တော်လေး သိချင်နေပါသည်။
သူတို့ရဲ့ဆရာ အဖိုးကြီးက လိုက်ခဲ့ဖို့ ခေါ်လာတော့ သူတို့လဲ မငြင်းရဲဘူး။
သူတို့တွေ ဆိုင်ထဲက မထွက်ခင်တည်းက အကြီးအကဲထျန်းရှန့်မှ စိတ်ထဲကနေ ဆက်သွယ်လာတာပင်။
‘ ဖြစ်နိုင်တာ ဒါက မင်းတို့နှစ်ယောက်ကိုလဲ အများကြီး အကျိုးအမြတ် ရစေမယ်’
ဒီလောက်ပဲ။
ဘာမှ သေချာမပြောသလို ရှင်းလဲမရှင်းပြဘူး။
ထိုတစ်ကြောင်းထဲပင်။
လင်ယွီကျွင်းနဲ့ ရှောင်လျန်ဖန်းကို ပိုပြီး သံသယများကာ သိချင်စိတ် ပေါ်စေခဲ့သည်။
ဒီတော့ အခုချိန်မှာ သူတို့နှစ်ယောက်လဲ အကြီးအကဲများနှင့်အတူ သရဲကားရိုက်သင့်တဲ့ ပင်လယ်ကြီးပေါ်မှာ ရပ်နေရတော့သည်။
“ ငါအသင့်ဖြစ်ပြီ ဂိုဏ်းခေါင်းဆောင်နဲ့ အကိုရှန့်”
အကြီးအကဲပိုင်ရဲ့ တည်ငြိမ်တဲ့အသံက တိတ်ဆိတ်မှုကို ဖြိုခွင်းသွားသည်။
သူ့ရဲ့ဓားပေါ်မှ မီးခိုရောင် ပိတ်စကို ခပ်ဖြည်းဖြည်း ဖြည်လိုက်ချိန်မှာအနက်ရောင် ဓားရှည်တစ်ခု ထွက်ပေါ်လာခဲ့သည်။ ထို့နောက်မှာ ပိတ်စက အလိုလို တစ်ဝက်ခေါက်လိုက်ကာ သိုလှောင်လက်စွပ်ထဲ ဝင်ရောက်ပျောက်ကွယ် သွားလေ၏။
မျက်နှာချင်းဆိုင်က ကျန်းရှန်ဝေ့သည် ပေါ့ပါးစွာ ခေါင်းညိတ်ပြပြီးသည်နှင့် သူ့ရဲ့လက်နက်ကို ဖော်ထုတ်လိုက်သည်။
သူ့ရဲ့လက်နက်သည် သစ်သားဓား ဖြစ်သည်။
ရိုးရှင်းချင်ယောင် ဆောင်ထားတဲ့ ရှေးဟောင်းလက်နက်မျိုး မဟုတ်ဘဲ တစ်ကယ်ကို ရိုးရှင်းတဲ့ ဆေးမသုတ်ရသေးတဲ့ သစ်သားဓားတစ်ခုပင်။
အပြင်တပည့်တွေ လေ့ကျင့်ရင် သုံးကြတဲ့ သစ်သားဓားမျိုးပင်။
လင်ယွီကျွင်း မျက်တောင်ခတ်သွားသလို ရှောင်လျန်ဖန်းလဲ မျက်ခုံးပင့်မိသွားသည်။ ဒါပေမဲ့ တစ်ယောက်မှ စကားမပြောကြပေ။
ထိုအချိန်မှာ အကြီးအကဲ ထျန်းရှန့်လဲ ဓားထုတ်လိုက်သည်။ လရောင်ကို သံထဲ ထည့်သွင်းထားသလိုမျိုး ပါးလွှာတဲ့ ဓားရှည်တစ်ချောင်း ထွက်ပေါ်လာသည်။ ကျက်သရေရှိတဲ့ဟန်ပန်က ဂိုဏ်းခေါင်းဆောင် ကျန်းရှန်ဝေ့ရဲ့ ရယ်ချင်စရာ တုတ်ချောင်းနဲ့ လားလားမှ မဆိုင်ဘူး။
စကားတစ်ခွန်းမှ မပြောဘဲ အကြီးအကဲနဲ့ ဂိုဏ်းခေါင်းဆောင်သည် ဆန့်ကျင်ဘက်ကို သွားလိုက်ကာ အကြီးအကဲပိုင်နဲ့ တြိဂံပုံ လမ်းကြောင်းဖြစ်အောင် ဖန်တီးလိုက်သည်။
ထို့နောက်မှာ လက်ဖဝါးတစ်ဖက်ဆီကို ကောင်းကင်ကို ပို့လိုက်ပြီး ဓားရှည်ကို အောက်တည့်တည့် စိုက်ထားရင် ထောင့်တစ်ခု ဖြစ်ပေါ်စေသည်။
ကိုယ်တွင်းမှ ချီစွမ်းအင်များ ထိုးထွက်လာသည်။
ဓားမှ အရှိန်အဝါများ ထွက်ပေါ်လာကာ.. မမြင်နိုင်တဲ့ လှိုင်းလုံးများသဖွယ် ပြင်းထန်စွာ မြင့်တက်လာသည်မို့ ပတ်ပတ်လည်က ငွေ မြူခိုးများပင် အနည်းငယ် ယိမ်းယိုင်သွားရ၏။