ချိုမြိန်တဲ့ အခိုက်အတန့်လေး
Vol. 31 Ch. 451
စူးချင်း ပန်းပဲဆိုင်သို့ သွားနေကြောင်း သိလိုက်ရချိန်တွင် ရှောင်းကျဲယွိက သူမ လက်ပစ်ဗုံးများ ထပ်လုပ်ရန် သွားနေကြောင်း သူ နားလည်သွားခဲ့သည်။
ချင်းအာက ဝမ်မိသားစုစစ်တပ် မြို့ကို ပြန်လာတိုက်ခိုက်မှာကို စိုးရိမ်နေပြီး သူတို့မှာ ခုခံကာကွယ်ဖို့ ဘာလက်နက်မှ မရှိတာကို တွေးပူနေတဲ့ ပုံပဲ။
ကောင်းကင်က ချင်းအာကို သူ့အနားရောက်အောင် စေလွှတ်လိုက်တာဖြစ်နိုင်လား? ချင်းအာ သူ့အနားမှာ ရှိနေတာက တပ်သားတစ်ထောင်ရှိနေတာထက် ပိုအားဖြစ်စေတယ်။
ယခု စူးချင်း အန္တရာယ်နေကြောင်း သိလိုက်ရသောကြောင့် ရှောင်းကျဲယွိက လက်သမားများ ရှာရန်နှင့် သစ်သားများ ရနိုင်ရန် တစ်မြို့လုံးအနှံ့လိုက်လံ ရှာဖွေနေခဲ့သည်။ မနေ့ညက ဖြစ်ပွားခဲ့သည့်တိုက်ပွဲကြောင့် မိုးလင်းသည်အထိ လမ်းများပေါ်တွင် လူသူကင်းမဲ့နေသေးသည်။
ရှောင်းမိသားစုစစ်သည်များဘက်တွင်လည်း ဗိုက်ဖြည့်ရန်ပင် မနားနိုင်ဘဲ အလွန်အလုပ်များနေခဲ့ရသည်။ မနေညက သူတို့ ကျင်းချန်သို့ ရောက်လာခဲ့ပြီး ရောက်ရောက်ချင်း မြို့ကို တိုက်ခိုက်သိမ်းပိုက်ခဲ့ကြသည်။ မြို့ကို သိမ်းပိုက်ပြီးချိန်တွင်လည်း ပျက်စီးသွားသော မြို့တံခါးကို ပြန်ပြင်ရန် အလုပ်များနေကြပြန်သည်။ ရှောင်းကျဲယွိ ကိုယ်တိုင်လည်း ခဏတာမျှ ပျင်းရိမနေခဲ့ပေ။ သူ ရေသောက်ရန်ပင် အချိန်မရှိဖြစ်နေခဲ့ပြီး ယခု သူ ဗိုက်ဆာနေပြီဖြစ်သော်လည်း စားစရာ ဝယ်စားရန် နေရာမရှိသေးပေ။
“စားစရာ ရှိ မရှိ စစ်ဆေးဖို့ ထမင်းချက်သမားတွေကို စစ်တန်းလျားဆီ သွားခိုင်းလိုက်။ စားစရာ ရှာတွေ့ရင် တွေ့သမျှ အရင် ချက်ခိုင်းလိုက်တော့”
ရှောင်းကျဲယွိက လက်သမားဆိုင်များကို ဆက်လက်ရှာဖွေနေရင်း သူ့သက်တော်စောင့်များကို အမိန့်ပေးလိုက်သည်။ ထို့နောက် သူ မြို့အနောက်ဘက်သို့ သွားနေသည့်လမ်းပေါ်တွင် ငြင်းခုံသံတစ်ချို့ ကြားလိုက်ရသည်။
"မင်းက သူခိုးလား? ဘာလို့ ငါ့ဆိုင်ကို ခိုးဝင်ရတာလဲ? ပြီးတော့ မင်း ငါ့ရဲ့သံတွေကို ဘာလုပ်ပစ်လိုက်တာလဲ? မင်း... မင်း ငါ့ရဲ့ပေါက်ပြားတွေနဲ့ ဓားရှည်တွေကိုတောင် အရည်ကျိုပစ်လိုက်တာလား?”
ပန်းပဲဆိုင်၏သူဌေးက သူ့ဆိုင်ကို စိတ်ပူနေသောကြောင့် စစ်ဆေးရန် မနက်အစောကြီး ပုန်းရှိုးကွယ်ရှိုး ရောက်လာခဲ့ခြင်း ဖြစ်သည်။ လမ်းပေါ်တွင် ဟူလူမျိုးများ သို့မဟုတ် နန်မန်လူမျိုးများကို မတွေ့ရသောကြောင့် သူ သူ့ပန်းပဲဆိုင်ဆီသို့ ဝင်လာရဲခြင်း ဖြစ်သည်။ သို့သော်လည်း သူ ရောက်လာချိန်တွင် သူ့ဆိုင်၏သော့က ဖျက်ဆီးခံထားရပြီး အတွင်းထဲတွင် အမျိုးသမီးငယ်တစ်ယောက် ရှိနေကာ တစ်ဒေါက်ဒေါက်အသံများ ထွက်နေသည်ကို သူ မြင်လိုက်ကြားလိုက်ရသည်။ သို့တိုင်အောင် သူမ ဘာလုပ်နေသည်ကိုတော့ သူ လုံးဝ နားမလည်နိုင်ခဲ့ပေ။
ပန်းပဲဆရာက သူ ဆိုင်မှားဝင်သွားသည်ဟု ထင်ကာ စူးချင်းနှင့် အငြင်းအခုံ မလုပ်မီ ဤဆိုင်က သူ့ဆိုင်ဟုတ် မဟုတ် အတည်ပြုရန် အပြင်သို့ ပြေးထွက်ကြည့်ခဲ့သေးသည်။
"ဒီမှာ ယူလိုက်"
စူးချင်းက စကားများများ မပြောချင်သလို အချိန်လည်း မဖြုန်းချင်သောကြောင့် လျန်ငါးဆယ်တန် ငွေစက္ကူတစ်ရွက်ကို ထုတ်ယူပြီး ပန်းပဲဆိုင်၏ဆိုင်ရှင်ဆီသို့ လှမ်းပေးလိုက်သည်။
"ကျွန်မ ဒါတွေကို ဝယ်လိုက်ပြီ"
“ဝယ်... ဝယ်တာလား?”
စူးချင်း၏ ပြတ်ပြတ်သားသားနှင့် ရက်ရောသော ပေးကမ်းမှုက ပန်းပဲဆရာကို အံ့အားသင့်သွားစေခဲ့သည်။
သူ့ဆိုင်ကို ဝယ်ဖို့ လျန်ငါးဆယ်လား? ဒီကောင်မလေးက ရူးနေတာလား?
“ကျွန်မကို သံနည်းနည်းလောက် ထပ်ရှာပေး။ ရှင့် ဆိုင်မှာက သံနည်းနည်းပဲရှိတယ်၊ လျန်ငါးဆယ်က မတန်သေးဘူး”
စူးချင်းက အေးစက်လွန်းသော အသံဖြင့် တောင်းဆိုလိုက်သည့်တိုင် ပန်းပဲဆရာက ချက်ချင်း သဘောတူလိုက်သေးသည်။
"ရမယ်၊ ရမယ်၊ ငါ အခု မင်းအတွက် သံတွေ သွားရှာပေးမယ်"
ပန်းပဲဆရာက လျန်ငါးဆယ်ကို ယူကာ ပျော်ပျော်ရွှင်ရွှင် ပြန်ထွက်လာခဲ့သည်။
ဒီမနက်ခင်း သူ့ရဲ့ဘယ်ဘက်မျက်ခွံ လှုပ်နေတာ အံ့သြစရာမရှိတော့ဘူးပဲ။ အခု ကောင်းကင်ကနေ မုန့်ထုပ်အကြီးကြီး ပြုတ်ကျလာတဲအထိ သူ ကံကောင်းသွားပြီ။
ပန်းပဲဆရာက ပန်းပဲဆိုင်ထဲမှ ထွက်လာခဲ့ပြီး သွေးများဖုံးလွှမ်းနေသည့် ရှောင်းကျဲယွိကို တွေ့လိုက်ရသောကြောင့် သူ့မျက်နှာပေါ်မှ အပြုံးက ချက်ခြင်း ပြန်ပျောက်ကွယ်သွားတော့သည်။ သူက ရှောင်းကျဲယွိကို ကြောက်လန့်တကြား စိုတ်ကြည့်နေပြီး သူ့တစ်ကိုယ်လုံး တောင့်တင်းနေကာ လုံးဝ မလှုပ်ရဲတော့ပေ။
"ငါက ရှောင်းမိသားစုစစ်တပ်ကပါ၊ အရပ်သားတွေကို ဒုက္ခမပေးဘူး"
ရှောင်းကျဲယွိက သူ့ကို ညင်သာစွာ ပြုံးပြလိုက်ပြီး သူ့၏အထောက်အထားကို ထုတ်ဖော်လိုက်သည်။
“မြို့ထဲက လူတွေကို မကြောက်ဖို့နဲ့ ပုံမှန်အတိုင်း နေလို့ရကြောင်း ပြောပေးပါဦး”
"ရှောင်းမိသားစုစစ်တပ်လား?"
'ရှောင်းမိသားစုစစ်တပ်' ဟူသော စကားကို ကြားလိုက်သည်နှင့် ပန်းပဲဆရာ၏ မျက်လုံးများမှ စိတ်လှုပ်ရှားနေသည့် အရိပ်အယောင်များ ထွက်ပေါ်လာပြီး ထိုအရာက ယခုန ကြောက်စိတ်များနှင့် လုံးဝ မတူတော့ပေ။
"မင်းက ရှောင်းမိသားစုစစ်တပ်ကလား? ကောင်းတယ် ကောင်းတယ်၊ ငါတို့လို သာမန်လူတွေက မင်းတို့ ပြန်လာတာကို စောင့်နေတာကွ"
“ဟေး မကြောက်ကြနဲ့တော့ဟေ့.... ရှောင်းမိသားစုစစ်တပ် ပြန်လာပြီ၊ ငါတို့တွေ ကယ်တင်ခံလိုက်ရပြီကွ”
ပန်းပဲဆရာက လူသူကင်းမဲ့နေသော လမ်းပေါ်တွင် အောဟစ်ပြေးလွှားနေပြီး သူ၏ တက်ကြွပျော်ရွှင်နေသောအသံက လမ်းမကြီးပေါ်မှတဆင့် လမ်းသွယ်များ၏အဆုံးအထိ ပျံ့နှံ့သွားတော့သည်။ ထိုအရာက သူ့နှလုံးသားထဲမှလာသော ပျော်ရွှင်မှု ဖြစ်ပြီး ရှောင်းမိသားစုစ်တပ်အပေါ်ထားသည့် ပြည်သူများ၏ချစ်ခြင်းမေတ္တာက သူတို့၏အရိုးများထဲမှာ ကိန်းအောင်းနေဆဲပင်။
ရှောင်းကျဲယွိက ပန်းပဲဆရာ၏နောက်ကျောကို ကြည့်နေခဲ့ပြီး သူ စိတ်လှုပ်ရှားစွာ အော်ဟစ်နေသည့်အော်သံများကို ကြားနေခဲ့ရသည်။ ထိုအချိန်တွင် သူ့မျက်လုံးများ နီရဲလာပြီး သူ့စိတ်ထဲမှ တိုးတိုးလေး ရေရွတ်လိုက်မိသည်။
‘အဖေ၊ လူတွေကို အဖေ့ကို ဘယ်လောက်ချစ်တယ်ဆိုတာ ကြည့်လိုက်ပါဦး။ ဒီလောက်နှစ်တွေကြာပြီးတာတောင် သူတို့က ရှောင်းမိသားစုစစ်တပ်ကို မမေ့နိုင်ကြသေးဘူး’
ထိုအချိန်တွင် စူးချင်းကလည်း ကုန်ကြမ်းများ ကုန်သွားပြီး အလုပ်နားလိုက်ရတော့သည်။ သူမက ပန်းထိမ်ဆိုင်၏တံခါးကို ပျင်းတိပျင်းတွဲ မှီနေကာ နွေဦးလေပြေကဲ့သို့ ပြုံးနေရင်း နူးညံ့ညင်သာသောအသံဖြင့် ရှောင်းကျဲယွိကို နှုတ်ဆက်လိုက်သည်။
"ရှင် ရောက်လာပြီလား?"
မအိပ်ရသည့် ညတစ်ည ကျော်လွန်လာပြီးနောက် သူမ၏မျက်လုံးအောက်တွင် အမည်းရောင်စက်ဝိုင်းများ ရှိနေကာ သူမ၏အသံကလည်း အနည်းငယ် အက်ရှရှ ဖြစ်နေခဲ့သည်။ သို့သော်လည်း သူမ၏မျက်လုံးလေးများက ပုလဲလုံးလေးများကဲ့သို့ တောက်ပနေပြီး သူမ၏မျက်တောင်ကော့ကော့လေးများအောက်မှ ထိုရွှန်းလဲ့လဲ့ မျက်လုံးလေးများက ဣတ္ထိယကျက်သရေအပြည့်ဖြင့် တောက်ပနေလေသည်။ လက်ရှိအချိန်တွင် သူမက တံခါးဘောင်ကို မှီထားရင် ရှောင်းကျဲယွိကို အပြုံးဖြင့် လှမ်းကြည့်နေခဲ့သည်။
ဤကဲ့သို့သော အခိုက်အတန့်လေးတွင် သူမထံ၌ ယမန်နေ့က စစ်မြေပြင်တွင် တိုက်ပွဲဝင်နေသည့် သူရဲကောင်းဆန်သော အရှိန်အဝါများ မရှိတော့ဘဲ သူမက ချစ်စရာကောင်းသော မိန်းကလေးတစ်ယောက်မျှသာ ဖြစ်နေပြန်သည်။
သို့သော်လည်း ထိုအခြေအနေကပင် ရှောင်းကျဲယွိ၏နှလုံးသားကို အလွန်အကျွံ နာကျင်သွားစေခဲ့သည်။ သူက သူမထံသို့ လျှောက်လာပြီး သူမ၏လက်ကို လှမ်းဆွဲလိုက်သည်။ သူမ၏လက်များက အေးခဲနေပြီး သူမ၏ညာဖက်လက်ဖဝါးများတွင် အသားမာများ ရှိနေခဲ့သည်။ ထို့အပြင် ပန်းပဲဆိုင်၏ကြမ်းပြင်ပေါ်၌ လက်ပစ်ဗုံးအကြမ်းထည်များ ရှိနေသည်ကိုလည်း သူ သတိပြုလိုက်မိသည်။
သူ့ရဲ့ချင်းအာက ဒီလောက် လက်ပစ်ဗုံးတွေ အများကြီးလုပ်ဖို့ ဘယ်လောက်တောင် ပင်ပန်းနွမ်းနယ်နေလိမ့်မလဲ?
ရှောင်းကျဲယွိက စူးချင်းကို သူ့ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်ပြီး သူ့ခေါင်းကို သူမပုခုံးလေးပေါ် တင်ထားလိုက်သည်။
"ချင်းအာ၊ မင်း အရမ်း ပင်ပန်းနေပြီ။ ရေချိုးပြီး အနားယူဖို့ တည်းခိုဆောင် တစ်ခုလောက် သွားရှာကြမယ်"
“ကျွန်မ အိပ်လို့ မရသေးဘူး။ လက်ကိုင်တွေ အမြန်လုပ်ရဦးမယ်။ ဒီလက်ပစ်ဗုံးတွေက တစ်ဝက်ပဲ ပြီးသေးတာ၊ စနက်တံတွေ လုပ်ပြီး ယမ်းမှုန့်တွေ ထပ်ထည့်ရဦးမယ်။ ကျွန်မ မြန်မြန် လုပ်မှဖြစ်မယ်၊ ဝမ်မိသားစု စစ်တပ် ပြန်ရောက်လာမှာကို ကျွန်မ စိုးရိမ်တယ်"
စူးချင်းက ရှောင်းကျဲယွိ၏ရင်ခွင်ကို မှီလိုက်ပြီး သူမ၏မျက်လုံးများကို မှိတ်ထားလိုက်သည်။ သူမ ရှုသွင်းလိုက်သော ဝင်သက်ထဲတွင် ရင်းနှီးသောရနံ့များ ပြည့်နှက်နေသောကြောင့် သူမကို သက်တောင့်သက်သာရှိစေသည်။ စူးချင်းက ပိုသက်တောင့်သက်တာ ဖြစ်စေမည့် အနေအထားကို ရှာဖွေလိုက်ပြီး ကြောင်လေးတစ်ကောင်ကဲ့သို့ သူ့လက်မောင်းများကြားထဲသို့ တိုးဝင်ကာ မှီထားလိုက်သည်။
ရှောင်းကျဲယွိ၏ရင်ခွင်ထဲမှ သူမ၏အသံတိုးတိုးလေး ထွက်ပေါ်နေပြီး သူမ၏အသံက အိမ်မက်ထဲမှ ယောင်ဝါးဝါး ပြောနေသလိုမျိုး ဖြစ်နေခဲ့သည်။ ထိုအသံလေးက အလွန်နူးညံ့သိမ်မွေ့နေပြီး နောက်ဆုံးစကားသံကို ကြားလိုက်ရပြီးနောက် ဘာသံမှ ထပ်ထွက်မလာတော့ပေ။
ရှောင်းကျဲယွိက သူ့ရင်ခွင်ထဲမှ စူးချင်းကို ငုံကြည့်နေခဲ့ပြီး သူ့မျက်လုံးများထဲတွင် နာကျင်ရိပ်များ ပြည့်နှက်လာပြန်သည်။
အခြားအမျိုးသမီးတွေက အတွင်းဆောင်မှာ အေးအေးချမ်းချမ်း နေထိုင်းပြီး ပန်းတွေနဲ့ ငှက်လေးတွေရဲ့ အလှအပတွေ တေးဆိုသံတွေကို ခံစားနိုင်ကြတယ်။ သူမတို့မှာ ကျေးကျွန်တွေ အစေခံတွေ အပြည့်ရှိနေပြီး ချောင်းလေးဟန့်မိရင်တောင် ပျာပျာသလဲ ဂရုစိုက်ခံရတယ်။၊ ပျင်းနေရင်တောင် ငါးစာလေးကျွေးရင်’ အစေခံတွေဆီက ချော့မော့သံတွေကို နားထောင်လို့ရသေးတယ်။
သူ့အမျိုးသမီးလေးကတော့ သူ့နောက်ကို လိုက်ရင်း စစ်မြေပြင်ကို ရောက်နေရရှာတယ်။ အခုလည်း ပင်ပန်းလွန်းလို့ မတ်တပ်ရပ်ပြီး အိပ်ပျော်သွားခဲ့တယ်။
"ချင်းအာ၊ ကိုယ် ကမ္ဘာကြီးကို သိမ်းပိုက်ပြီးတဲ့အချိန်ရောက်ရင်တောင် မင်းကို ဘယ်တာ့မှ စိတ်ပျက်စေမှာ မဟုတ်ပါဘူး"
ရှောင်းကျဲယွိက စူးချင်း၏ ဦးခေါင်းထိပ်လေးကို ချစ်စနိုး နမ်းလိုက်ပြီး သူ့နှလုံးသား အောက်ခြေမှ ကတိကို တိုးတိုးလေး ဖွင့်ဟလိုက်သည်။
“အင်း”
အိပ်ပျော်နေသော စူးချင်းက စကားလုံးတစ်လုံးတည်းဖြင့် ပြန်ဖြေလာခဲ့သည်။ သူ့ရင်ခွင်ထဲတွင် မျက်လုံးစုံမှိတ်လျှက် ခိုအောင်းနေသည့် စူးချင်းကို ငုံကြည့်ကာ ရှောင်းကျဲယွိတစ်ယောက် ကူကယ်ရာမဲ့ ဖြစ်သွားရပြန်သည်။
ထို့နောက် သူ ခပ်အုပ်အုပ် ရယ်မောလိုက်ပြီး "အိပ်ချင်ယောင်ဆောင်နေပေါ့လေ... ဟုတ်လား?"
“ဟင့်အင်း၊ ကျွန်မ အိပ်ပျော်နေတာ။ အခုမှ ပြန်နိုးလာတာပါနော်"
စူးချင်းက ရှောင်းကျဲယွိ၏ လက်နှစ်ဖက်ကြားမှ ရုန်းထွက်သွားပြီး အကြောဆန့်လိုက်သည်။ တစ်ရေးတစ်မောမျှသာ အိပ်လိုက်ရသော်လည်း သူမက ပြန်လန်းဆန်လာပြီ ဖြစ်ကာ သတ်ဖြတ်ရန် ပြေးလွှားနိုင်သည့်အခြေအနေသို့ ပြန်ရောက်သွားခဲ့သည်။
"မင်း ဗိုက်ဆာနေပြီလား? ကိုယ် မင်းအတွက် စားစရတစ်ခုခု သွားရှာပေးမယ်"
ရှောင်းကျဲယွိက စူးချင်း၏လက်ကို ဆွဲကာ အပြုံးဖြင့် မေးလိုက်ပြီး သူ့အသံတွင် စူးချင်းအတွက် ချစ်ခင်မြတ်နိုးမှုများ ပြည့်နှက်နေလေသည်။
"အင်း၊ ကျွန်မ ဗိုက်ဆာနေပြီ"
စူးချင်းက အပြစ်ကင်းစင်ပြီး ချိုသာလွန်းသော အပြုံးလေးဖြင့် ရှောင်းကျဲယွိကို တုံ့ပြန်လိုက်သည်။ ယခုအချိန်တွင် သူမက အလိုလိုက်ခံရသော မင်းသမီးငယ်လေးတစ်ဦးကဲ့သို့ ပြုမူနေခဲ့သည်။
တကယ်တော့ သူမလည်း တခုခုကို ကာကွယ်ပေးဖို့ ဒါမှမဟုတ် တစ်စုံတစ်ခုကို တိုက်ခိုက်သိမ်းပိုက်ဖို့ သူမရဲ့အေးခဲနေတဲ့ ချပ်ဝတ်တန်ဆာတွေကို မဝတ်ချင်ဘူးလေ။ သူမက ရွှေရှန့် အနားမှာနေပြီး သူနဲ့ ရှေ့သွားနောက်လိုက်ညီတဲ့ ချစ်စရာမိန်းမပျိုလေးတစ်ယောက်ပဲ ဖြစ်ချင်ခဲ့တာပါ။
အရှေ့အရပ်ဆီမှ နေမင်းကြီး ထွက်ပေါ်လာချိန်တွင် စူးချင်းက ကောင်းကင်မှ ထွက်ပြူစအလင်းရောင်ကို မော့ကြည့်လိုက်ပြီး သူမ၏ဘေးမှ ရှောင်းကျဲယွိကို ရုတ်တရက် ပြန်လှည့်ကြည့်ကာ တောက်ပသော ပန်းပွင့်ပုံပြုံးလေးတစ်ခုကို ပုံဖော်လိုက်ပြန်သည်။
"ရွှေရှန့်၊ ဒီစစ်ပွဲတွေပြီးသွားရင် ကျွန်မတို့ လယ်လုပ်ကြရအောင်။ ရေခံမြေခံကောင်းတဲ့ မြေမူတစ်သောင်းလောက်ရှာပြီး အတူတူ စိုက်ပျိုးကြမယ်၊ ခြောက်လပိုင်းမှာ ရွှေရောင် ဂျုံတွေကို ရိတ်သိမ်းကြမယ်၊ ကိုးလပိုင်းမှာ စပါးတွေ ရိတ်သိမ်းကြမယ်၊ ရေရှိတဲ့နေမှာ စပါးတွေ စိုက်ပြီး ကုန်းခြောက်တဲ့နေရာတွေမှာ ကန်စွန်းဥနဲ့ အာလူးတွေ စိုက်ကြမယ်၊ သိုးတွေ အများကြီး မွေးမြူကြမယ်၊ ဝက်တွေ ရောပဲ၊ ကြက်တွေ၊ ဘဲတွေ၊ ငန်းတွေ ဘာမှ ချန်မထားဘူး၊ အကုန်မွေးမြူကြမယ်၊ ပြီးတော့ ခွေးတစ်ကောင်လည်း မွေးရမယ်။ ကြက်ဥစားချင်ရင် ကြက်တွေဆီကနေ သွားယူမယ်။ အသားစားချင်ရင် ကြက်တွေ၊ဝက်တွေ၊ သိုးတွေကို သတ်လိုက်မယ်။ ကျွန်မတို့ ကိုယ်တိုင် စိုက်ပျိုးထားတဲ့ ဆန်ဖြူနဲ့ ဂျုံဖြူတွေကို ကျွန်မတို့ဘာသာ ကြိတ်ခွဲ စားသောက်ကြမယ်၊ ပြီးရင် ကလေး ဆယ်ယောက်လောက် မွေးပြီး သူတို့ကိုပါ လယ်တောထဲ ပို့ပစ်မယ်… သူတို့လည်း ကျွန်မတို့နဲ့အတူ စိုက်ပျိုးပြီး တိရစ္ဆာန်တွေကို ထိန်းကျောင်းရမယ်”
စူးချင်းက စကားပြောနေရင်းဖြင့် သူမ ပိုပြောလေလေ သူမ၏မျက်ဝန်းလေးများက ပိုမိုတောက်ပလာလေလေ ဖြစ်နေခဲ့သည်။ စားစရာများကို ရိတ်သိမ်းနေမည့် မိသားစု၏ ပျော်ရွှင်မှုကို သူမ မြင်ယောက်နေပြီး မြက်ခင်းပြင်ပေါ်တွင် ကလေးများ ပျော်ပျော်ရွှင်ရွှင် ပြေးလွှားနေမည့်ပုံရိပ်များကိုလည်း သူမ စိတ်ကူးယဥ် နေမိသည်။
စူးချင်း သရုပ်ဖော်နေသည့် မြင်ကွင်းက ရှောင်းကျဲယွိကိုလည်း ဆွဲဆောင်နေခဲ့သည်။
အခုတောင်မှ သူ့မျက်လုံးရှေ့မှာ ဂျုံပင်တွေ တလှိုင်းပြီး တစ်လှိုင်း ပေါ်လာနေပြီ။ ရွှေရောင်ကောက်နှံတွေထဲကြားထဲမှာ စူးချင်းနဲ့ သူရဲ့ကလေးလေးတွေ ရှိနေပြီး သူတို့က သူ့ကို ဝှေ့ယမ်းပြနေကြတယ်...
ဒီမြင်ကွင်းကို တွေးလိုက်ရုံနဲ့တောင် အဲ့ဒါက သူကို အရမ်းပျော်ရွှင်စေတယ်။
ရှောင်းကျဲယွိက စူးချင်း၏ပုခုံးလေးကို ပွေ့ဖက်လိုက်ပြီး နေထွက်ချိန်၏တက်ကြွလမ်းဆန်းမှုကို သူမနှင့်အတူတူ ခံစားနေခဲ့သည်။ ထို့နောက် သူက လေးနက်သော အသံဖြင့် ထာဝစဥ်တည်မြဲနိုင်မည့်ကတိတစ်ခုကို အခိုင်အမာ အာမ ခံလိုက်သည်။
"ကောင်းပါပြီ၊ စစ်ပွဲတွေပြီးတာနဲ့ ချင်းအာ လုပ်ချင်တာတွေ အကုန်လုပ်ဖို့ ကိုယ် ချင်းအာနောက်ကို အမြဲလိုက်ခဲ့ပေးမှာပါ"
"ကတိနော်"
စူးချင်း၏ နှလုံးသားတွင်လည်း ပျော်ရွှင်မှုများ ပြည့်နှက်နေခဲ့သည်။ သူမက သူမ၏သေးငယ်သောလက်သန်းလေးကို ဆန့်ထုတ်လိုက်ရင်း ရှောင်းကျဲယွိကို ပြုံးပြလိုက်ပြန်သည်။ ရှောင်းကျဲယွိက အပြုံးဖြင့် ခေါင်းယမ်းနေကာ စူးချင်းကို ကြည့်နေသည့် သူ့မျက်ဝန်းများထဲတွင် လေးနက်သည့် ချစ်ခြင်းမေတ္တာများ ပြည့်လျှံနေလေသည်။ သူကလည်း သူ့လက်သန်းကို ဆန့်ထုတ်ပြီး စူးချင်း၏လက်သန်းလေးနှင့် ချိတ်ဆက်လိုက်သည်။
"ဒီမှာ.... သူတို့ ဒီမှာ၊ သူတို့က ဒီမှာ ရှိနေတာ!"