အောင်သွယ်တော်
Vol. 31 Ch. 460
ရှောင်းကျဲယွိက ကျိုးချွမ်နှင့် ကျန်းကျင့်လင်းတို့ကို စမ်းသပ်စစ်ဆေးရန် သူကိုယ်တိုင် အစီအစဥ်တစ်ခု ရေးဆွဲပေးခဲ့သည်။ သူက လော့ချန်၏မြို့ကာကွယ်ရေးမြေပုံကို အသုံးပြုပြီး တိုက်ပွဲတစ်ခု ဆင်နွဲစေကာ တစ်လှည့်စီတွင် တစ်ယောက်က တိုက်ခိုက်ရမည် ဖြစ်ပြီး တစ်ယောက်က ခုခံကာကွယ်ရမည် ဖြစ်သည်။ သူတို့တစ်ဦးစီအတွက် စစ်သည်ငါးရာစီ ပေးအပ်လိုက်သည်။
ကျိုးချွမ်နှင့် ကျန်းကျင့်လင်းတို့နှစ်ယောက်လုံးကလည်း စစ်ပွဲအနုပညာနှင့် ရင်းနှီးနေကြပြီး စစ်ရေးနည်းဗျူဟာများကို ကောင်းစွာတတ်မြောက်ကြသည်။ ထို့ကြောင့် သူတို့၏အတုအယောင်တိုက်ပွဲကပင် အံ့သြစရာကောင်းလောက်အောင် အသက်ဝင်လှသည်။
စူးချင်းက ထိုတိုက်ပွဲကို ကြည့်ရှုရန် ရှောင်းကျဲယွိနှင့်အတူ လိုက်ပါခဲ့သည်။ သူမက စစ်ပွဲအနုပညာ နားမလည်သော်လည်း လက်တွေ့ကျသည့်စစ်ရေးနည်းဗျူဟာများကို ကျွမ်းကျင်သောကြောင့် သူတို့ နှစ်ဦးစလုံးက တိုက်ခိုက်မှုနှင့် ခုခံကာကွယ်မှုနှစ်မျိုးလုံးတွင် ကျွမ်းကျင်ကြောင်း သူမ မြင်နေရသည်။ သူတို့က သိသာထင်ရှားသည့် အောင်ပွဲတစ်ခု ရရှိရန် မိမိဘက်မှ အသေအပျောက် အနည်းဆုံး ဖြစ်အောင် ကြိုးစားတိုက်ခိုက်နိုင်သူများ ဖြစ်နေကြသည်။
နောက်ဆုံးတွင် ကျန်းကျင့်လင်းက နှာတစ်ဖျားအသာဖြင့် ထပ်မံအနိုင်ရရှိခဲ့သည်။ ကျိုးချွမ်၏တပ်က လုံးဝ ချေမှုန်းခြင်း မခံလိုက်ရသော်လည်း မြို့ထဲသို့ မဝင်နိုင်ခဲ့သည့်အတွက် ရှုံးနိမ်းသွားရခြင်း ဖြစ်သည်။
ကျန်းကျင့်လင်း ထိပ်တန်းကိုယ်ခံပညာရှင် ဖြစ်လာသည့်အတွက် ကျိုးချွမ်က ကျေကျေနပ်နပ် ဂုဏ်ပြုပေးခဲ့သည်။ စူးချင်းက ကျန်းကျင့်လင်းကို စိတ်အားထက်သန်စွာ စောင့်ကြည့်နေခဲ့ပြီး သူမ ပိုကြည့်လေလေ ထိုလူက သူမ၏ဝမ်းကွဲလွမ်ဟုန်နှင့် လိုက်ဖက်လေလေဟု သူမ ခံစားနေရသည်။
စူးချင်းက ကျန်းကျင့်လင်းကို နောက်တစ်ကြိမ် စိုက်ကြည့်နေသည်ကို မြင်လိုက်မှ ရှောင်းကျဲယွိက စူးချင်း ပေးခဲ့သောတာဝန်ကို သတိရသွားပြီး ကျန်းကျင့်လင်းကို ကမန်းကတန်း မေးလိုက်သည်။
"ကျင့်လင်း၊ မင်းမှာ အိမ်ထောင်ရှိလား?"
“...”
ကျန်းကျင့်လင်းက သခင်လေးထံမှ ထိုမေးခွန်းကို လုံးဝ မမျှော်လင့်ထားခဲ့ပေ။ ရှောင်းကျဲယွိက သူ့၏အိမ်ထောင်ရေးအကြောင်း မေးလာသောကြောင့် သူ့မျက်နှာက ချက်ချင်း နီရဲသွားတော့သည်။ ကျိုးချွမ်က ရယ်မောပြီး သူ့ကို နောက်ပြောင်လိုက်သည်။
"သခင်လေးက မင်းကို အောင်သွယ်ပေးချင်နေတာ ထင်တယ်၊ မင်း ဘာလို့ သခင်လေးကို အမြန်ကျေးဇူးမတင်ရတာလဲ?"
ကျန်းကျင့်လင်းက ပို၍ပင် ရှက်ရွံ့သွားသော်လည်း ရှောင်းကျဲယွိက သူ့အဖြေကို စောင့်ဆိုင်းနေသဖြင့် လက်သီးအုပ်ကာ ပြန်ဖြေလိုက်ရသည်။
"သခင်လေးကို အကြောင်းပြန်ပါတယ်၊ ကျင့်လင်းမှာ အိမ်ထောင်မရှိသေးပါဘူး"
"ကောင်းတယ်၊ မင်း အိမ်ထောင်မပြုရသေးရင် ငါ မင်းကို ကျင့်ရှီလျိုမြောင်ရဲ့ စီရင်စုအမတ် အဖြစ် ပို့ပေးလိုက်မယ်။ မင်း ငါ့ရဲ့တံဆိပ်ပြားကို ရန်ရှစ်ခွမ်းဆီ ယူသွားပြီး ကျင့်ရှီလျိုမြောင်ရဲ့ စီရင်စုအမတ်ကို ဖြုတ်ချပေးဖို့ သူ့ကို အကူအညီ တောင်းလိုက်”
ရှောင်းကျဲယွိတစ်ယောက် အောင်သွယ်လုပ်တော့မည်ဟု လူတိုင်း တွေးနေကြချိန်တွင် ရှောင်းကျဲယွိ၏အမူအရာက အေးစက်သွားပြီး လေးနက်သောအမူအရာ ဖြစ်သွားကာ ကျန်းကျင့်လင်းကို ကျင့်ရှီလျိုမြောင်၏ စီရင်စုအမတ် အဖြစ် ခန့်အပ်လိုက်သည်။
ကျန်းကျင့်လင်းကလည်း ခဏတာမျှ အံ့အားသင့်နေခဲ့သည်။
သူက အကောင်းဆုံး ကိုယ်ခံပညာရှင် ဖြစ်လာပြီး စစ်တပ်နောက်ကို လိုက်ရမှာ မဟုတ်ဘူးလား? အနည်းဆုံးတော့ မြို့တွေကို ကာကွယ်ဖို့ မြို့စောင့်တပ်ကို ဦးဆောင်ရမယ်လို့ သူ ထင်ထားခဲ့တာလေ။ အခု ဘာလို့ သူ့ကို စီရင်စုအမတ် လုပ်ဖို့ ကျင့်ရှီလျိုမြောင်ကို စေလွှတ်ရတာလဲ?
သို့သော်လည်း သခင်လေးက အမိန့်ပေးလိုက်ပြီ ဖြစ်သောကြောင့် သူက လက်အောက်ငယ်သားတစ်ဦးအနေဖြင့် အမိန့်ကို နာခံရန်သာ ကျန်ရှိတော့သည်။ ကျန်းကျင့်လင်းက ချက်ချင်း လက်သီးအုပ်လိုက်ပြီး ရှင်းလင်းပြတ်သားသော အသံဖြင့် ကျေးဇူးတင်စကားဆိုလိုက်သည်။
"ကျင့်လင်းကို အခုလို ချီးမြှင့်ပေးတဲ့အတွက် သခင်လေးကို ကျေးဇူးတင်ပါတယ်"
ရှောင်းကျဲယွိက ကျန်းကျင့်လင်း၏ ပခုံးကို ပုတ်လိုက်ပြး လေးလေးနက်နက် ထပ်ပြောလိုက်သည်။
“မင်း အစွမ်းကုန် ကြိုးစားရမယ်။ မင်း စူးသခင်မလေးကို ကျေးဇူးမဆပ်ချင်ဘူးလား? ကျင့်ရှီလျိုမြောင်မှာ ရှိတဲ့ သူ(မ)ရဲ့ အိမ်နဲ့ စားသောက်ဆိုင်ကို ကာကွယ်ပေးပြီး သူ့(မ)ရဲ့မိသားစုဝင်တွေကို စောင့်ရှောက်ပေးပါဦး”
"ဟုတ်ကဲ့၊ ကျင့်လင်းက သူတို့ကို ကောင်းကောင်း ဂရုစိုက်ပေးပါ့မယ်"
နောက်ဆုံးတွင် ကျန်းကျင့်လင်းက သခင်မလေးစူးကြောင့် သူ ကျင့်ရှီလျိုမြောင်သို့ စေလွှတ်ခံရကြောင်း ရုတ်တရက် နားလည်သွားပြီး မဆိုင်းမတွ ချက်ချင်း သဘောတူလိုက်သည်။
ရှောင်းကျဲယွိက သူ့ဘေးတွင် ရပ်နေသော စူးချင်းကို တစ်ချက်ကြည့်လိုက်ပြီး ကျန်းကျင့်လင်း မမြင်နိုင်သော ထောင့်တစ်ခုမှ သူမကို မျက်လုံးတစ်ဖက်မှိတ်ပြကာ ကျယ်ကျယ်လောင်လောင် ထပ်ပြောလိုက်သည်။
"ချင်းအာ၊ ဦးလေးစူးဆီ စာရေးချင် ရေးလေ၊ အဲ့စာကို ကျင့်လင်းနဲ့ ပြန်ထည့်ပေးလိုက်လို့ရတယ်"
စူးချင်းက ရှောင်းကျဲယွိကို ရွှင်မြူးရိပ်များနှင့် ပြန်ကြည့်နေခဲ့သည်။
အခုလို အချိန်မျိုးမှတော့ သူရဲ့တောက်ပတဲ့ အပြုံးတွေက ကောက်ကျစ်တဲ့ မြေခွေးအိုကြီးရဲ့ အပြုံးတွေနဲ့ အတူတူပဲ။ သူ အောင်သွယ်လုပ်နေတာကို လူတွေ မသိအောင် လှည့်ဖြားဖို့ ကြိုးစားနေသေးတယ်။
"ကောင်းပါပြီ၊ ကျွန်မ အခု ချက်ချင်း သွားရေးလိုက်မယ်"
စူးချင်းက ရှောင်းကျဲယွိနှင့် ပူးပေါင်းခဲ့ပြီး စာကို ချက်ချင်း သွားရေးကာ စာပါအကြောင်းအရာများကို လျှို့ဝှက်ထားလိုက်သည်။
ကျန်းကျင့်လင်းကလည်း စူးချင်းကို ကူညီပေးနိုင်သည့်အတွက် ဝမ်းသာနေခဲ့သည်။
သူ စူးသခင်မလေးကို ဘယ်လိုကျေးဇူးပြန်ဆပ်ရမယ်ဆိုတာ သေသေချာချာ မသိသေးဘူး။ အခုလောလောဆယ် သူမအတွက် တစ်ခုခုလုပ်ပေးနိုင်တာကလည်း ကောင်းပါတယ်လေ။
"ကျိုးချွမ်၊ အမိန့် နာခံ"
စူးချင်း ပေးအပ်ထားသည့် သူ့တာဝန်ကို ပြီးမြောက်ပြီးနောက်တွင် ရှောင်းကျဲယွိက ချက်ချင်းဆိုသလို သူ့၏ သခင်လေး အာဏာကို ပြန်ရယူလိုက်ပြီး ကျိုးချွမ်ကို လေးလေးနက်နက် အမိန့်ပေးလိုက်သည်။
"ဟုတ်ကဲ့ ကျိုးချွမ် အမိန့်ကို တသွေမသိမ်း လိုက်နာပါ့မယ်!"
ကျိုးချွမ်က ကျန်းကျင့်လင်းအတွက် ပျော်ရွှင်ပေးနေပြီး ဂုဏ်ပြုစကားပြောရန် ပြင်ဆင်နေချိန်တွင် သခင်လေးက သူ့ကို ခေါ်လိုက်သောကြောင့် လက်သီးအမြန်အုပ်လိုက်ပြီး အမိန့်ကို လက်ခံရန် တရိုတသေ ဦးညွှတ်လိုက်သည်။
"မင်းကို ကျင်းချန်ရဲ့ ဒုတပ်မှူးကြီးအဖြစ် ငါ ခန့်ထားလိုက်ပြီ၊ အခု လူသစ်စုဆောင်းဖို့နဲ့ ကျင်းချန်ကို ကာကွယ်ဖို့က မင်း တာဝန်ပဲ"
ကျန်းကျင့်လင်း၏မျက်လုံးများမှ အားကျရိပ်များ တဖျပ်ဖျပ် ထွက်ပေါ်လာခဲ့သည်။
သူတို့လို သိုင်းပညာကျွမ်းကျင်သူတွေက တိုက်ပွဲတွေကို နှစ်သက်ကြတယ်လေ၊ သူရဲ့ ရည်မှန်းချက်အစစ်က ရှောင်းကျဲယွိနဲ့အတူ ကမ္ဘာကြီးကို တိုက်ခိုက် သိမ်းပိုက်ဖို့ပါ။ ဒါပေမယ့် သခင်လေးက သူ့ကို အရာရှိရာထူး ပေးလိုက်တယ်၊ တကယ်ကို စိတ်မကောင်းစရာပဲ။
ဒေသတစ်ခုကို အုပ်ချုပ်ရတာက မဆိုးပေမယ့် တိုက်ပွဲမှာ တိုက်ပွဲဝင်နေရာတာနဲ့ယှဉ်ရင်တော့ စိတ်လှုပ်ရှားစရာ နည်းပါလွန်းတယ်။
သို့သော်လည်း ကျန်းကျင့်လင်းက ကျိုးချွမ်ကို ဂုဏ်ပြုလိုက်သည်။
"ဂုဏ်ယူပါတယ် အစ်ကိုကျိုး၊ သခင်လေးနဲ့အတူ ကြီးကျယ်ခမ်းနားတဲ့ အရာတွေကို အောင်မြင်အောင် စွမ်းဆောင်ခွင့်ရသွားတဲ့အတွက် ဂုဏ်ပြုပါတယ်"
ကျိုးချွမ်ကလည်း အံ့သြနေခဲ့သည်။
သူ ကျန်းကျင့်လင်းလိုမျိုး ထိပ်တန်းကိုယ်ခံပညာရှင်ကို ပထမဆုံးအကြိမ် တွေ့ဖူးတာပါ။ အရင်က နန်းတွင်းမှာ ကျင်းပတဲ့ ကိုယ်ခံပညာရှင် တိုက်ပွဲတွေမှာ အောင်နိုင်တဲ့ ထိပ်တန်း ကိုယ်ခံပညာရှင်က တပ်ဖွဲ့ဝင်တွေကို ဦးဆောင်ဖို့ တာဝန်ပေးအပ်ခဲ့ရလေ့ရှိတယ်။ ဒါပေမယ့် သခင်လေးကတော့ ကျန်းကျင့်လင်းကို အရာရှိအဖြစ် ခန့်အပ်ခဲ့တယ်။
သူ့ကိုတော့ မြို့ကို စောင့်ကြပ်ရန် စစ်မှုထမ်းတာဝန် ထမ်းဆောင်ခိုင်းပြီး တပ်သားသစ်တွေကို လေ့ကျင့်ပေးတဲ့အလုပ်လိုမျိုး အရေးကြီးတဲ့ တာဝန်ကို ပေးနေတယ်လေ။
"ဘာလို့လဲ? မင်း မလုပ်နိုင်ဘူးလား?"
ကျိုးချွမ်၏ အံ့အားသင့်နေသော အမူအရာကို မြင်လိုက်ရသောကြောင့် ရှောင်းကျဲယွိက လက်နှစ်ဘက် ကျောပစ်ကာ တင်းမာသေ အမူအရာဖြင့် ထပ်မေးလိုက်သည်။
"ဒီလက်အောက်ငယ်သားက သခင်လေးရဲ့ မြင့်မားတဲ့ မျှော်လင့်ချက်တွေအတိုင်း တသွေမသိမ်း ဆောင်ရွက်မှာ သေချာပါတယ်"
ကျိုးချွမ်က ရှောင်းကျဲယွိအား စိတ်လှုပ်ရှားစွာ အရိုအသေပေးရင်း တုံ့ပြန်လိုက်သည်။ ကျန်းကျင့်လင်းက အားကျနေပြီး သူ့မျက်လုံးများတွင် စိတ်လှုပ်ရှားနေသည့် အရိပ်အယောင်များ ရှိနေခဲ့သည်။
သူရော ဘယ်အချိန်ကျမှ စစ်တပ်ကြီးကို ဦးဆောင်ပြီး သခင်လေးနဲ့အတူ လိုက်ပါနိုင်မှာလဲ?
“ဝူရှန်းယန်”
ရှောင်းကျဲယွိက ဘေးမှ အားကျနေဟန်ဖြင့် ငေးကြည့်နေသော ဝူရှန်းယန်ကို တစ်ချက်ကြည့်လိုက်ပြီး ရုတ်တရက် လှမ်းခေါ်လိုက်သည်။ ဝူရှန်းယန်က အလျင်စလို ပြန်ထူးလိုက်သည်။
"ဒီလက်အောက်ငယ်သား ရှိပါတယ်"
ရှောင်းကျဲယွိက ဝူရှန်းယန်အတွက် အမိန့်ကို ပြတ်ပြတ်သားသား ထပ်ပြောလိုက်သည်။
"မင်းက ကျန်းကျင့်လင်းနဲ့အတူ ကျင့်ရှီလျိုမြောင်ကို လိုက်သွားပြီး စီရင်စုရုံးတော်ကို စီမံခန့်ခွဲဖို့ ကူညီပေးရမယ်"
“ဟုတ်ကဲ့ပါ သခင်လေး”
သူက စီရင်စုအမတ် မဟုတ်သော်လည်း စီရင်စုအမတ်နှင့်အတူ ရုံးတော်ကို စီမံခန့်ခွဲခွင့်ရခြင်းက လေ့ကျင့်ရန် အခွင့်အရေးတစ်ခု ဖြစ်သည်။ ထို့ကြောင့် ဝူရှန်းယန်ကလည်း ပျော်ရွှင်မှုအပြည့်ဖြင့် သဘောတူလိုက်သည်။
“ကျင့်ရှီလျိုမြောင်က အရမ်းကို အေးစက်တဲ့နေရာပဲ။ ခနနေရင် မင်းတို့အပါအဝင် မင်းတို့ရဲ့မိသားစုတွေအတွက် ဝါချည်အဝတ်အစားတွေနဲ့ စောင်တွေ ပို့ဖို့ ငါ့လူတွေကို အမိန့်ပေးလိုက်မယ်။ မင်းတို့အတွက် ပြင်ဆင်ချိန် နှစ်ရက်ပေးမယ်၊ သုံးရက်မြောက်နေ့မှာ မင်းတို့နဲ့ မင်းတို့ရဲ့ မိသားစုတွေကို ကျင်းရှီလျိုမြောင်လိုက်ပို့မယ့် ရထားလုံးတွေ အဆင်သင့် စောင့်နေပေးမယ်”
အချိန်ဆွဲရန် မဖြစ်နိုင်သောကြောင့် ရှောင်းကျဲယွိက သူတို့အတွက် ပြင်ဆင်ချိန် နှစ်ရက်သာ ပေးခဲ့သည်။ ဝူရှန်းယန်နှင့် ကျန်းကျင့်လင်းတို့ကလည်း အချိန်နည်းလွန်းသည်ဟု ခံစားနေမိသည့်တိုင် သူတို့က ရှောင်းကျဲယွိကို ကျေးဇူးတင်နေကြဆဲဖြစ်ပြီး ပြင်ဆင်ရန် အိမ်သို့ အမြန်သွားကြသည်။
စူးချင်းက သူမ၏အဖေဆီသို့ စာတစ်စောင် ရေးခဲ့ပြီး ထိုစာထဲတွင် ကျန်းကျင့်လင်းက သူမ လွမ်ဟုန်အတွက် ရွေးချယ်ခဲ့သော ခင်ပွန်းလောင်းဖြစ်ကြောင်း ပြောပြထားခဲ့သည်။ လွမ်ဟုန်ကို ကျန်းကျင့်လင်းနှင့် တိတ်တဆိတ် တွေ့ဆုံပေးရန်လည်း သူမ၏အဖေကို တောင်းဆိုခဲ့သည်။ သူတို့ နှစ်ယောက် တစ်ယောက်ကို တစ်ယောက် စိတ်ဝင်စားကြောင်း အတည်ပြုပြီးမှ သူမ၏အစီအစဥ်ကို ပြောကြားရန် စာထဲတွင် ထည့်ရေးလိုက်သေးသည်။
စူးချင်း သူမ၏ဖခင်ထံသို့ ပေးလိုက်သည့်စာတွင် ရှောင်းကျဲယွိ၏ခန့်အပ်လွှာအသစ်ကိုလည်း ထည့်ပေးလိုက်သည်။ လက်ရှိ ကျင်းရှီလျိုမြောင်၏ စီရင်စုအမတ်ကို ဖြုတ်ချပြီး အားလုံးပြန်တည်ငြိမ်သွားချိန်တွင် ဝူရှန်းယန်ကို ကျင့်ရှီလျိုမြောင်၏စီရင်စုအမတ် တိုးမြှင့် ခန့်ထားပြီး ကျန်းကျင့်လင်းကို လော့ချန်၏တပ်မှူးအဖြစ် ပြန်ခေါ်မည် ဖြစ်သည်။
"ရွှေရှန့်၊ ကျေးဇူးတင်ပါတယ်"
စူးချင်းက ရှောင်းကျဲယွိ ထပ်ထည့်ပေးလိုက်သည့်စာကို ကြည့်လိုက်ပြီး သူ့ကို ကျေးဇူးတင်စကားဆိုလိုက်သည်။
ကျန်းကျင့်လင်းကို ကျင့်ရှီလျိုမြောင် လွှတ်လိုက်တာက သူမကြောင့်ပဲ။ အခုလိုမျိုး လူစွမ်းအားအရင်းအမြစ်တွေ လိုအပ်နေတဲ့အချိန်မှာ အရည်အချင်းရှိတဲ့သူကို အရေးမကြီးတဲ့ နေရာ ပို့လိုက်ရတယ်။
“ချင်းအာကိစ္စက ကိုယ့်ကိစ္စပါပဲ။ ပြီးတော့ ကိုယ်တို့အတွက် အရည်အချင်း ရှိတဲ့သူတွေကို အလျင်စလို ရှာနေခဲ့ပေမယ့် အရမ်းကြီးအလျင်စလို အသုံးပြုရဦးမှာတော့ မဟုတ်သေးဘူး။ ကိုယ်တို့ လော့ချန်ကို ဖြုတ်ချပြီးရင်တောင် အဲ့နေရာကနေ ချက်ချင်း ထပ်မထွက်နိုင်လောက်ဘူး။ အရင်ဆုံး အခြေချပြီး ပြန်လည် တည်ငြိမ်အောင် လုပ်ရဦးမယ်၊ အားလုံး သေသေချာချာ အခိုင်အခံ ဖြစ်သွားရင်တော့ လာမယ့်နွေဦးပေါက်လောက်မှာ မြို့တော်ကို စစ်ချီနိုင်လိမ့်မယ်”
လမ်းကို တစ်ကြိမ်မှာ ခြေတစ်လှမ်းပဲ လှမ်းသင့်တယ်၊ အမြန် မပြေးသင့်ဘူး။ တပ်သားသစ်တွေကို လေ့ကျင့်သင်ကြားပေးဖို့ လိုအပ်သလို သူတို့ သိမ်းပိုက်ပြီးသွားမယ့် မြို့တွေမှာ နေထိုင်တဲ့ ပြည်သူတွေ အတွက်လည်း ပြင်ဆင်ပေးရမယ်၊ သူတို့တွေ စိတ်အေးလက်အေး နေထိုင်နိုင်ဖို့ သူတို့ရဲ့ နေ့စဉ်ဘ၀အတွက် လိုအပ်တဲ့ စားဝတ်နေရေးအတွက် အာမခံချက်ပေးနိုင်ရမယ်။ မြို့ရဲ့၏ခံစစ်ကို ခိုင်ခံ့အောင် ပြင်ဆင်ရမယ်၊ အဲ့လိုအလုပ်တွေ အကုန်လုံးက အချိန်လိုအပ်တယ်။
အရပ်ဘက်နှင့် စစ်ဘက်ဆိုင်ရာ အရာရှိများ အားလုံးကို ရွေးချယ်ပြီး ဖြစ်သောကြောင့် ချန်ချင်းကျိုးက ရုံးတော်ကို တာဝန်ယူထားပြီး ကျိုးချွမ်က တပ်သားသစ်များကို ဦးဆောင်လေ့ကျင့်ပေးနေခဲ့သည်။ သူတို့အားလုံးက သူတို့၏ အခန်းကဏ္ဍအသီးသီးသို့ တက်တက်ကြွကြွ ဝင်ရောက်နေကြပြီ ဖြစ်သည်။
သို့သော်လည်း ရှောင်းကျဲယွိနှင့် စူးချင်းတို့လည်း အလုပ်များနေဆဲဖြစ်သည်။ တပ်သားသစ်များ တိုးလာသောကြောင့် သူတို့အတွက် လက်နက်အများအပြား လိုအပ်လာပြီး စူးချင်းက သူမ၏ ပန်းပဲပညာ ကျွမ်းကျင်မှုကို အဆင့်မြှင့်တင်ချင်သောကြောင့် သံရိုင်းတွင်းသို့ ရောက်နေခဲ့သည်။
ရှောင်းကျဲယွိက သူ တည်ဆောက်ထားသည့် ထောင်ချောက်များက နန်းတွင်းမှ လူများအပေါ် အလုပ်မဖြစ်တော့မည်ကို စိုးရိမ်နေပြီး စူးချင်းနှင့်အတူ သံရိုင်းတွင်းကို လိုက်နိုင်ရန် တောင်းဆိုခဲ့သည်။ ထို့အပြင် သူက သူ့၏ဆရာဦးလေးကိုပါ သံရိုင်းတွင်းသို့ ခေါ်ဆောင်လာခဲ့သည်။
ဘုန်းကြီးအိုကြီးကတော့ စူးချင်း၏ အရက်အိုးများမှတပါး အခြားဘာကိုမျှ မတောင်းဆိုခဲ့ပေ။ အရက်အိုးဆယ်လုံးကျော် ယူလာခဲ့သော်လည်း သူက မလုံလောက်သေးဟု ညည်းတွားနေသေးသည်။
သူတို့သုံးဦး သံရိုင်းတွင်းသို့ ရောက်လာကြချိန်တွင် နန်းတော်မှ သံရိုင်းတွင်းကို ရှာဖွေရန် စေလွှတ်ထားသည့် စစ်သည်များကို တွေ့ခဲ့ကြရပြီး ၎င်းတို့အားလုံးကို စူးချင်းနှင့် ရှောင်းကျဲယွိတို့က သုတ်သင်ရှင်းလင်းလိုက်ကြသည်။
မြို့ထဲမှ စီရင်စုအမတ်နှင့် သူ့၏နောက်လိုက်များကို ရှင်းလင်းပြီးချိန်ကတည်းက စူးချင်းက မြိုထဲ၌ ပန်းပဲဆိုင် ဖွင့်လှစ်ထားခဲ့သည်။ သူမက နေ့တိုင်း လက်နက်များ ထုလုပ်နေခဲ့ပြီး သူမ၏ ကျွမ်းကျင်မှု အမှတ်များလည်း တဖြည်းဖြည်း တိုးလာခဲ့သည်။ သို့သော် စူးချင်းက အရှိန်က နှေးကွေးလွန်းသည်ဟု ထင်နေကာ လူသုံးယောက် ထပ်ခေါ်ခဲ့သည်။ ထိုလူများအားလုံးက သူမ၏တပည့်များ ဖြစ်လာကြပြီး သူတို့ လက်နက်ထုလုပ်နေသည်နှင့်အမျှ သူမ၏ကျွမ်းကျင်မှုရမှတ်များကလည်း တိုးပွားလာခဲ့သည်။ ထို့ကြောင့် အမှတ်တိုးနှုန်းက သုံးဆ ပိုမြန်လာခဲ့သည်။
ကျိုးပေါ်နှင့် ရှောင်းကျဲယွိတို့က ယန္တရားများကို ပြန်လည်မွမ်းမံခဲ့ကြပြီး ရှောင်းကျဲယွိကတော့ သူ့၏ဆရာဦးလေး တပ်ဆင်နေသည့် ယန္တရားများကို ကြည့်ကာ သူ့ဘာသာသူ ရှက်ရွံ့နေတော့သည်။
ဆရာဦးလေးရဲ့ယန္တရားတွေ ရှိနေသရွေ့ နန်းတွင်းက လူတွေ သံရိုင်းတွင်း ရှာဖွေသွားမှာကို စိတ်ပူနေဖို့ မလိုတော့ဘူး။
စူးချင်းနှင့် ရှောင်းကျဲယွိက မြို့တော်ကို တိုက်ခိုက်ရန် အခြေခံမှ စ၍ တလှမ်းစီ ပြန်ဆင်နေချိန်တွင် မြို့တော်၌ ကြီးမားလွန်းသော တစ်စုံတစ်ခု ဖြစ်ပျက်သွားခဲ့သည်။