ဒါက သနားစရာဖြစ်အောင်လုပ်ပြီး သိမ်းသွင်းချင်နေတာလား?
Vol. 31 Ch. 463
"ဒီလရဲ့ နှစ်ဆယ့်ကိုးရက်နေ့က မင်္ဂလာရှိတဲ့နေ့ပဲ၊ မင်္ဂလာပွဲအတွက် ပြင်ဆင်ဖို့ အချိန်ဆယ်ရက်လောက် ရနိုင်သေးတယ်"
ကျိုးပေါ်က သူ့၏တူတပည့်လေးအတွက် ဘေးမှာ ကူညီပေးနေခဲ့သည်။
သူက မင်္ဂလာပွဲရက်မြက်ကိုတောင် တွက်ချက်ပေးပြီးပြီ။
သူ့၏ဆရာဦးလေးက သူ့အတွက် နေ့ရက်ပင် တွက်ချက်ပေးထားကြောင်း သိလိုက်ရသောကြောင့် ရှောင်းကျဲယွိတစ်ယောက် ပို၍ပင် ကျေနပ်ပျော်ရွှင်လာတော့သည်။
မင်္ဂလာပွဲအတွက် ပြင်ဆင်ချိန်ဆယ်ရက်ဆိုတာက လုံလောက်ပါတယ်လေ။
သူက စူးချင်းကို စိတ်အားထက်သန်စွာ ကြည့်နေခဲ့ပြီး သူ့ချင်းအားလေး မင်္ဂလာဝတ်စုံ ဝတ်ဆင်ထားမည့်ပုံစံကို မြင်ယောင်လိုက်မိချိန်တွင် သူ့၏ခံစားချက်များက ပိုပိုပြီး မြင့်တက်လာလေသည်။
"နွေဦးပန်းတွေ ပွင့်တဲအချိန်အထိ စောင့်ကြရအောင်!"
စူးချင်းက ဆောင်းရာသီတွင် မင်္ဂလာပွဲကျင်းပရမည်ကို မကြိုက်ပေ။
အခုလို အေးတဲ့အချိန်မှာ မင်္ဂလာပွဲကျင်းပရင် အဝတ်အစားအထူကြီးတွေ ဝတ်ဆင်ရပြီး သူမတစ်ကိုယ်လုံး ဖောင်းကားနေမှာ မဟုတ်ဘူးလား? ပြီးတော့ ရွှေရှန့်က သူမကို ကာကွယ်ဖို့ ကြိုးစားနေတယ်ဆိုရင် ဒါက လုံးဝကို မလိုအပ်ဘူးလေ။
သူမ၏စကားများက ရှောင်းကျဲယွိ၏ခေါင်းပေါ်သို့ ရေအေးတစ်ပုံးလောင်းချလိုက်သလို ဖြစ်သွားခဲ့သည်။ ကျိုးပေါ်က သူ့၏တူတပည့်လေးကို အထင်အမြင်သေးစွာဖြင့် ကြည့်လိုက်ရင်း ကဲ့ရဲ့လိုက်သည်။
"တွေ့လား? ချင်းကောင်မလေးက မင်းကို မကြိုက်တော့ဘူး!"
ထိုစကားက ရှောင်းကျဲယွိကို ပို၍ စိတ်မကောင်း ဖြစ်သွားစေပြီး သူ၏ ဆရာဦးလေးအား လှမ်းကြည့်ကာ ဝမ်းနည်နေသည့်လေသံဖြင့် အပြစ်တင်နေပြန်သည်။
"အဲ့ဒါ ဆရာဦးလေးကြောင့် မဟုတ်ဘူးလား? ဆရာဦးလေးက ကျွန်တော်ကို မိုက်မဲတယ်၊ တုံးအတယ်၊ ညံ့ဖျင်းတယ်လို့ ခဏခဏ ပြောနေတော့ ချင်းအာ နောင်တရသွားတာ ဖြစ်နိုင်တယ်"
စူးချင်းက တစ်ယောက်နှင့်တစ်ယောက် အသံညီညီ အပြန်အလှန်ပြောဆိုနေသည့် လူနှစ်ယောက်ကို ကြည့်ကာ ရယ်မောနေခဲ့သည်။
ဒါက သူ့ကိုယ်သူ သနားစဖွယ်ဖြစ်အောင် ပြုမူပြီး သူမကို ဒုက္ခတွင်းထဲ ဆွဲသွင်းဖို့ ဆွဲဆောင်နေတာ မဟုတ်ဘူးလား?
"ချင်းကောင်မလေး၊ ငါ့တူလေးကို လက်ထပ်လိုက်ပါ။ ငါ သေသေချာချာ တွက်ချက်ထားပြီးပြိ၊ ဒီလ နှစ်ဆယ့်ကိုးရက်နေ့က တကယ်ကို နေ့ကောင်းရက်မြတ်ပဲ၊ မင်း အဲ့နေ့မှာ လက်ထပ်ရင် တကယ်ကို ကြီးကြီးမားမား အောင်မြင်ပြီး တိုင်းပြည်ရဲ့မိခင် ဖြစ်လာနိုင်တယ်နော်"
ရှောင်းကျဲယွိ၏ဆရာဦးလေးက သူ့၏တူတပည့်လေးကို ကူညီရန် 'တိုင်းပြည်၏မိခင်' ဟူသော အသုံးအနှုန်းကိုပင် သုံးနေပြီ ဖြစ်သည်။ သို့သော် သူ ပေါက်ကရလျောက်ပြောနေခြင်း မဟုတ်ပေ။ ထိုနေ့က အမှန်တကယ် သူတို့ လက်ထပ်ရန် သင့်တော်သည့်နေ့ ဖြစ်ပြီး ကြင်စဦးဇနီးမောင်နှံအတွက် သူတို့ အလိုရှိသည့် ကြီးမြတ်သောအရာများကို ရနိုင်စေမည့် ကောင်းချီးများ ပိုင်ဆိုင်နိုင်ပေလိမ့်မည်။
သို့သော် စူးချင်းကလည်း အလွယ်တကူ လှည့်စားခံရနိုင်သည့်လူ မဟုတ်ဘဲ သူမက ကျိုးပေါ်ကို ပြန်မေးလိုက်သည်။
"ဆရာကြီး၊ ကျွန်မ ဂမ္ဗီရပညာကို မသိဘူးဆိုပြီး ကျွန်မကို လှည့်စားချင်နေတာလား? ဒါဆို နှစ်ဆယ့်ကိုးရက်နေ့က နေ့ကောင်းရက်မြတ်မို့ လူတော်တော်များများ လက်ထပ်ကြရရင် အားလုံးက တိုင်းပြည်ရဲ့မိခင် ဖြစ်လာမှာလား?"
"သူတို့အားလုံး အဲ့နေ့မှာ လက်ထပ်ကြရင်တောင် လူတိုင်းရဲ့ မွေးဇာတာနဲ့ စရိုက်တွေက မတူတဲ့အတွက် သူတို့ဆီကို ရောက်ရှိလာမယ့် ကံကြမ္မာက သဘာဝအတိုင်း ကွဲပြားမှာပေါ့။ သူတို့မှာ မင်းလိုမျိုး ဧကရီဖြစ်လာဖို့ ကံဇာတာ မရှိဘူး၊ ဒါပေမယ့် လုံးဝ မကောင်းတာတော့ မဟုတ်ဘူး၊ သူတို့အတွက်လည်း သူတို့ရဲ့မူရင်းကံကြမ္မာထဲကို ကံကောင်းခြင်းတစ်ခု ဒါမှမဟုတ် နှစ်ခုလောက် ထပ်ရောက်လာနိုင်လိမ့်မယ်၊ ဒါက နေ့ကောင်းရက်မြတ်ကနေ ပေးတဲ့ အကျိုးကျေးဇူးပေါ့"
စူးချင်းက သူ၏ တွက်ချက်မှုအပေါ် မေးခွန်းထုတ်လိုက်ချိန်တွင် တာအိုဘုန်းကြီးကျိုးပေါ်၏အမူအရာက လေးနက်သွားပြီး စူးချင်းကို စတင် သင်ကြားနေတော့သည်။
"ချင်းအာ၊ လူကြီးတွေ ပြောကြတာက ‘ယောကျာ်းတစ်ယောက်က အသက်မွေးဝမ်းကြောင်း မစခင် မိသားစုတစ်ခုကို အရင် ထူထောင်သင့်တယ်’တဲ့၊ မိသားစုကို အောင်အောင်မြင်မြင် ထူထောင်နိုင် ကြီးကျယ်ခမ်းနားတဲ့ အရာတွေကိုလည်း အောင်မြင်နိုင်မှာပါ"
ရှောင်းကျဲယွိက သူ၏ဆရာဦးလေး သူ့အတွက် အစွမ်းကုန်ကူညီပေးနေသည်ကို နားလည်နေပြီး မီးပူနေချိန်တွင် သံကို နာနာထုနှက်ရန် ဆုံးဖြတ်လိုက်သည်။
"ကျွန်မတို့ လော့ချန်ကို သိမ်းပိုက်ပြီး ပြန်အုပ်ချုပ်ရမယ်ဆိုတာကို ရှင် မမေ့နဲ့ဦး။ ရှင့်မှာ လက်ထပ်ဖို့တောင် အချိန်ရှိသေးတယ်ပေါ့"
စူးချင်းက ရှောင်းကျဲယွိအား လော့ချန်ကို တိုက်ခိုက်သိမ်းပိုက်ရန်က အရေးကြီးဆုံးကိစ္စဖြစ်ကြောင်း သတိထပ်ပေးလိုက်သည်။
လော့ချန်ကို အမြန်ဆုံး သိမ်းပိုက်နိုင်လေလေ၊ သံရိုင်းတွင်းအတွက် ပိုပြီး စိတ်ချရလေလေပဲ။
"..."
ထိုအကြောင်းအရာက ရှောင်းကျဲယွိကို လုံးဝ ပြန်မငြင်းနိုင် ဖြစ်သွားစေခဲ့သည်။ လော့ချန် တိုက်ခိုက်ပြီး အလုံးစုံ သိမ်းပိုက်ကာ ပြန်အုပ်ချုပ်နိုင်ရန်ပင် အနည်းဆုံး ဆယ်ရက်လောက် အချိန်ယူရပေလိမ့်မည်။ သူ့ထံမှာ လက်ထပ်ရန် အချိန် လုံးဝ ရှိမနေသေးပေ။
"လော့ချန်ကို သိမ်းပိုက်ဖို့က ကျိုးချွမ်နဲ့ ငါ ရှိနေရင် လုံလောက်ပြီ။ ပြီးတာ့ မင်း ကျင်းချန်က အဲဒီကလေးတွေကို လေ့ကျင့်ပေးချင်တယ်မလား? အုပ်ချုပ်ရေးပိုင်းကို သူတို့ဆီ အပြည့်အဝ လက်လွှဲခဲ့လိုက်၊ ဘာကိုမှ စိတ်ပူမနေနဲ့။ ကျင့်ရှီလျိုမြောင်ကို ပြန်သွားပြီး မင်္ဂလာပွဲအတွက် ပြင်ဆင်ထားလို့ရတယ်။ လော့ချန်ကို သိမ်းပိုက်လိုက်ပြီဆိုတဲ့သတင်းကတော့ မင်းအတွက် ဒီဆရာဦးလေးရဲ့ မင်္ဂလာလက်ဆောင်ဖြစ်လာလိမ့်မယ်"
ကျိုးပေါ်က အလွန်စိတ်ပူပန်နေပြီး သူ့၏တူတပည့်ဖြစ်သူနှင့် စူးချင်းကို ကူညီရန် သူ့ကိုယ်သူ စတေးရန် တွန့်ဆုတ်မနေတော့ပေ။
တကယ်လို့ သူတို့ အဲ့နေ့ကို လွတ်သွားခဲ့ရင် သူတို့အတွက် နေ့ကောင်းရက်မြတ် ပြန်ရွေးနိုင်ဖို့ အချိန်သုံးနှစ်လောက် စောင့်ရလိမ့်မယ်။ ဒီအခွင့်အရေးကို သူ လုံးဝ လက်လွတ်မခံနိုင်ဘူး။
"ကျေးဇူးတင်ပါတယ် ဆရာဦးလေး"
ရှောင်းကျဲယွိက သူ့၏ဆရာဦးလေးအား လေးလေးနက်နက် ဦးညွှတ်လိုက်ပြီး စူးရှပူးလောင်သောအကြည့်များဖြင့် စူးချင်းကို ပြန်ကြည့်လိုက်သည်။
"ချင်းအာ၊ ဆရာဦးလေးက ကိုယ်တို့ကို ဘယ်လောက်အထိ ကူညီပေးနေလဲဆိုတာ တွေ့တယ်မလား? သဘောတူလိုက်ပါတော့နော်!"
လက်ထပ်ရမှာလား? ပြီးရင် နေ့ရောညပါ အတူတူ နေနိုင်သွားမယ်ပေါ့...
သူ ဘာလို့ အိမ်ထောင်ပြုဖို့ အဲ့လောက် အလျင်လိုနေရတာလဲ?
စူးချင်းက ရှောင်းကျဲယွိ၏ပူလောင်သောအကြည့်များကို ခပ်တည်တည် ပြန်ရင်ဆိုင်လိုက်သော်လည်း သူမ၏နှလုံးသားကတော့ တုန်လှုပ်သွားခဲ့သည်။
သူမတို့နှစ်ယောက် လက်ထပ်ပြီးရင် အတူတူ စစ်မြေပြင်ကို သွားတဲ့အခါ ဘာကိုမှ စိတ်ပူစရာ မလိုတော့ဘူး။
နောက်ဆုံးတွင် ကျိုးပေါ်နှင့် ရှောင်းကျဲယွိတို့၏ တညီတညွှတ် ဖြားယောင်းမှုများ စူးချင်းကို အယုံသွင်းနိုင်ခဲ့ပြီး သူမ ခေါင်းညိတ်လိုက်ရတော့သည်။
"အင်းပါ၊ ပြန်သွားပြီး လက်ထပ်ဖို့ ပြင်ဆင်ကြမယ်"
ထိုစကားက ရှောင်းကျဲယွိကို အလွန်အမင်း ဝမ်းသာသွားစေပြီး သူက စူးချင်းကို ပူလောင်သောအကြည့်များဖြင့် ဆက်ကြည့်နေဆဲဖြစ်သည်။
ချင်းအာနဲ့ နေ့ရောညပါ အတူတူ ရှိနေပြီးကို တစ်ဘဝလုံး အတူတူ ဖြတ်သန်းရတော့မယ် ဆိုတာကို စဉ်းစားလိုက်တာနဲ့ သူ့ခံစားချက်တွေက သမုဒ္ဒရာကြီးတွေကိုတောင် လွမ်းခြုံနိုင်လောက်အောင် ကြီးမားကျယ်ပြန့်လာပြီ။ သူ ခဏလောက်တောင် မစောင့်နိုင်တော့ဘူး။
"သွားရအောင်၊ ကိုယ်တို့ ဒီပစ္စည်းတွေကို ကျင်းချန်ကို အရင် ပြန်ပို့ကြမယ်၊ ပြီးရင် အဖိုးသွားခေါ်ပြီး လက်ထပ်ဖို့ ဆွေးနွေးကြမယ်"
သူ့အိမ်တွင် အေးအေးဆေးဆေး ထိုင်နေသည့် ချင်ဖုန်းတစ်ယောက် ရုတ်တရက် နှာချေမိသွားပြီး သူ့နှာခေါင်းကို ပွတ်သပ်ကာ မျက်မှောင်ကြုတ်လိုက်သည်။
"ငါ့ကို ဘယ်သူက ကျိန်ဆဲနေတာလဲ?"
ရှောင်းကျဲယွိ မော့ချန်သို့ ပြန်ရောက်လာမှသာ သူ့မြေးက လမ်းပေါ်တွင် သူ့ကို တမ်းတနေမှန်း အဘိုးကြီး သိသွားခဲ့သည်။ သို့သော် သူက ထိုကိစ္စကို ချက်ချင်း ထောက်ခံလိုက်သည်။
"ကောင်းတယ်၊ ကောင်းတယ်၊ ငါ ငါ့ရဲ့အရိုးအိုကြီးတွေကို ထည့်မတွက်ဘဲ မင်းနဲ့အတူ ကျင့်ရှီလျိုမြောင်ကို လိုက်ခဲ့ပေးမယ်။ မင်း တတ်နိုင်သမျှ မြန်မြန် လက်ထပ်သင့်တယ်၊ အဲ့တာမှ မင်းမိန်းမ ထွက်ပြေးသွားမှာကို မင်း စိတ်မပူရတော့မှာ"
ထိုစကားက ရှောင်းကျဲယွိကို ဆွံ့အသွားစေပြန်သည်။
သူ့အဖိုးနဲ့ သူ့ရဲ့ဆရာဦးလေးက စူးချင်း စိတ်ပြောင်းသွားပြီး သူ့ကို မလိုချင်တော့မှာကို ဘာလို့ အဲ့လောက် စိုးရိမ်နေကြတာလဲ? သူတို့က သူ စိတ်ပြောင်းသွားမှာကိုတော့ ဘယ်သူမှ မစိုးရိမ်ကြပေါ့။
ထိုအရာများက သူတို့ မော့ချန်သို့ ပြန်ရောက်မှ ဖြစ်ပျက်မည့်အကြောင်းအရာများသာ ဖြစ်သည်။
လက်ရှိတွင် ရှောင်းကျဲယွိနှင့်စူးချင်းတို့က လက်နက်များဖြင့် ကျင်းချန်သို့ အရင်ပြန်လာခဲ့ကြသည်။ ယခုအချိန်တွင် ရှောင်းကျဲယွိကို ကူညီပေးနိုင်သည့် လက်အပိုများ ရှိလာပြီ ဖြစ်သောကြောင့် အရာအားလုံးကို ရှောင်းကျဲယွိ ကိုယ်တိုင် လိုက်လုပ်နေစရာ မလိုတော့ပေ။
ရှောင်းကျဲယွိက သူယူလာသည့် လက်နက်များကို ကျိုးချွမ်ဆီကို လွှဲပေးလိုက်ပြီး တပ်သားသစ်များကို အရင် သွားစစ်ဆေးနေခဲ့သည်။ ကျိုးချွမ် တပ်မှူးအဖြစ် တာဝန်ယူခဲ့သည်မှာ ရက်အနည်းငယ်သာ ရှိသေးသော်လည်း သူက တပ်သားသစ်များကို ကောင်းကောင်းမွန်မွန် လေ့ကျင့်ပေးထားခဲ့သည်။ သူက ရှားရှားပါးပါး အရည်အချင်းရှိသူတစ်ယောက် ဖြစ်နေခဲ့သည်။
ထို့ကြောင့် ရှောင်းကျဲယွိက လော့ချန်ကို တိုက်ခိုက်ရန်စေလွှတ်မည့် တပ်ဖွဲ့များကို ကျိုးချွမ်၏လက်ထဲသို့ ယုံယုံကြည်ကြည် ထည့်ပေးလိုက်တော့သည်။ သူက လေးနက်ပြီး ခန့်ထည့်သောအမူအရာဖြင့် ကျိုးချွမ်ကို အမိန့်ပေးလိုက်သည်။
"ကျိုးချွမ်၊ အမိန့်နာခံပါ၊ မင်း ထိပ်တန်းစစ်သည်နှစ်ထောင်ကို ဦးဆောင်ပြီး လော့ချန်ကို သုံးရက်အတွင်း သိမ်းပိုက်နိုင်ရမယ်"
လော့ချန်ကို တိုက်ခိုက်ရမည်ဟု ကြားလိုက်ရချိန်တွင် ကျိုးချွမ်လည်း စိတ်မလှုပ်ရှားဘဲ မနေနိုင်ခဲ့ပေ။ သူက ချက်ချင်း လက်သီးအုပ်ကာ ဦးညွှတ်လိုက်ပြီး အမိန့်ကို လက်ခံလိုက်သည်။
"ဒီလက်အောက်ငယ်သားက သခင်လေးကို စိတ်မပျက်စေရပါဘူး"
ရှောင်းကျဲယွိက ရုံးတော်တွင် လေ့ကျင့်သင်ယူနေသော လူများထဲမှ အနည်းငယ်ကိုလည်း စစ်တပ်နှင့်အတူ လော့ချန်သို့ လိုက်သွားရန် စေလွှတ်ခဲ့သည်။ လော့ချန်ကို တိုက်ခိုက်သိမ်းပိုက်ပြီးနောက် သူတို့က ကျိုးပေါ်ကို ကူညီကာ လော့ချန်၏စီမံခန့်ခွဲမှုအတွက် တာဝန်များ ခွဲဝေယူကြရမည် ဖြစ်သည်။
ရှောင်းကျဲယွိတစ်ယောက် အလွန်အလုပ်များနေချိန်တွင် စူးချင်းကလည်း သတို့သမီးတစ်ယောက်အနေဖြင့် ရင်ခုန်ထိန်လန့်နေခြင်း မရှိခဲ့ပေ။ သူမက သူမ၏ပုံမှန်နေ့များအတိုင်း ပန်းပဲဆိုင်သို့ သွားခဲ့ပြီး လက်နက်များ ထုလုပ်နေဆဲဖြစ်သည်။ ရှောင်းကျဲယွိက လော့ချန်ကို တိုက်ခိုက်ရန် အစီအစဥ်များ ရေးဆွဲပေးနေခဲ့ပြီး အားလုံးကို စနစ်တကျစီမံကာ တာဝန်များ ခွဲဝေပေးရန် တစ်ရက်တာလုံး အချိန်ယူခဲ့ရသည်။ ထိုအချိန်တွင် စူးချင်းက လှည်းတစ်စီးစာအပြည့် လက်နက်များကို ထုလုပ်နိုင်ခဲ့သည်။ ထိုအရှိန်က ရှောင်းကျဲယွိကိုပင် အံ့သြသွားစေခဲ့သည်။
"ချင်းအာ၊ မင်း ဘယ်လို လုပ်လိုက်တာလဲ?"
သူမ၏ သတ္ထုသွင်းလောင်းစွမ်းရည် အဆင့် ၆ သို့ ရောက်ရှိပြီးနောက် သူမ၏ ပန်းပဲထုနိုင်စွမ်းက အရှိန်ပိုမိုမြန်ဆန်လာခဲ့သည်။ အကယ်၍ သူမ အဆင့် ၁၀ သို့ ရောက်ရှိသွားပါက သူမ တစ်နေ့လျှင် လက်နက်လှည်းငါးစီးစာ ဖန်းတီးနိုင်မည် ဖြစ်သည်။ ထို့အပြင် သူမ ထုနှက်ပုံသွင်းထားသော လက်နက်များက ပိုမို မာကျော ထက်ရှက်နေမည်ဖြစ်ပြီး မည်သည့်အရာနှင့်မျှ ဖျက်ဆီးနိုင်မည် မဟုတ်တော့ပေ။
သို့သော်လည်း စူးချင်းက ထိုအကြောင်းများကို ရှောင်းကျဲယွိအား မပြောပြနိုင်သေးပေ။ သူမ ပြောလျှင်တောင် သူ ယုံမည် မဟုတ်သောကြောင့် သူမကို ကူညီမည့် တစ်စုံတစ်ယောက်ကို ရှာတွေ့ခဲ့သည်ဟုသာ ပြန်ပြောလိုက်သည်။ သူမကို မည်သူက ကူညီပေးခဲ့သည်ကိုတော့ စူးချင်းက ထပ်မပြောတာသလို ရှောင်းကျဲယွိကလည်း မမေးတော့ပေ။
တခါတရံတွင် စူးချင်းက အလွန်လျှို့ဝှက်ဆန်းကြယ်သည်ဟု ရှောင်းကျဲယွိ အမြဲတမ်း ခံစားနေပြီး သူက သူမနှင့် နေ့ရောညပါ အတူရှိနေသော်လည်း သူ သူမကို ကောင်းကောင်းမသိသေးဟုသာ ယူဆထားခဲ့သည်။
သို့သော် သူက အလျင်လိုခြင်း မရှိပေ။
ချင်းအာက သူ့ကို ပြောပြဖို့ ဆန္ဒရှိလာတဲ့ တနေ့ရောက်ရင် သူမက သူ့ကို ပြောပြမှာ သေချာပါတယ်။
တပ်သားသစ်များအတွက် ချပ်ဝတ်နှင့် လက်နက်များ ဖြန့်ဝေပေးပြီးနောက်တွင် စူးချင်းက ကျိုးချွမ်ကို လက်ပစ်ဗုံး ခြောက်လုံးပေးခဲ့ပြီး အလောတကြီး တစ်ပြိုင်တည်း မသုံးရန် ညွှန်ကြားခဲ့သည်။ အလွန်အကျွံ ကျပ်တည်းသည့် အခြေအနေသို့ ရောက်သွားမှသာ ၎င်းတို့ကို အသုံးပြုသင့်ကြောင့် သေသေချာချာ အမိန့်ပေးလိုက်သည်။
အစပိုင်းတွင် ကျိုးချမ်က လော့ချန်ကို သိမ်းပိုက်ရန် အနည်းငယ် စိုးရိမ်နေခဲ့သေးသည်။ သို့သော် သူလည်း ဤလက်ပစ်ဗုံးများ၏ လူသတ်စွမ်းအားကို သိထားခဲ့သောကြောင့် ယခုအချိန်တွင် ယုံကြည်မှုအပြည့်နှင့် စူးချင်းကို အရိုအသေပေးလိုက်သည်။
"သခင်မလေးရဲ့အကူအညီအတွက် ကျေးဇူးတင်ပါတယ်။ ကျွန်တော် လော့ချန်ကို အလုံးစုံ သိမ်းယူခဲ့ပါ့မယ်လို့ ကတိပေးပါတယ်"
စူးချင်းက စစ်တပ်အတွင်းမှ စစ်သည်များ အသေအပျောက် များမည်ကိုလည်း စိုးရိမ်နေပြီး ရှောင်ချီ ညတွင်းချင်း ပြုလုပ်ပေးထားသည့် ဆေးအမျိုးမျိုးကို ကျိုးချွမ်ဆီသို့ လွှဲပေးခဲ့သည်။ ယခုတစ်ကြိမ်တွင် ကျိုးချွမ်က ပို၍ပင် ကျေးဇူးတင်မိသွားတော့သည်။
သူ့ရဲ့ပထမဆုံးတိုက်ပွဲမှာ စူးသခင်မလေးက သူ့ကို အများကြီး ကူညီပေးခဲ့တယ်။
လော့ချန်ကို တိုက်ခိုက်ရန် ကိစ္စအဝဝကို စီစဥ်ပေးပြီးနောက် ရှောင်းကျဲယွိနှင့် စူးချင်းတို့က သူတို့၏အဘိုးကို ခေါ်ကာ ကျင့်ရှီလျိုမြောင်သို့ သွားရန် မော့ချန်သို့ အရင် ပြန်လာခဲ့ကြသည်။
နှစ်ရက်အကြာတွင် စူးချင်းနှင့် ရှောင်းကျဲယွိတို့က အဘိုးဖြစ်သူကို ကျင့်ရှီလျိုမြောင်သို့ ခေါ်ဆောင်လာခဲ့သည်။ ရှောင်းကျဲယွိက အဘိုးဖြစ်သူနှင့် အောင်သွယ်တော်ကို လက်ထပ်ထိမ်းမြားလက်ဆောင်များနှင့်အတူ စူးအိမ်တော်သို့ အလျင်စလို မခေါ်သွားသေးဘဲ သူ့ကိုယ်သူ သန့်ရှင်းရေးလုပ်ပြီး အဝတ်အစားလဲရန် တည်းခိုဆောင်သို့ အရင် ပြေးသွားခဲ့သည်။
စူးချင်းက အိမ်သို့ အရင်ပြန်သွားခဲ့ပြီး ထိုအကြောင်းကို သူမ၏မိဘများအား ပြောပြလိုက်သည်။ စူးဟန်ရွှမ်နှင့် ယန်ရူရွှယ်တို့က လုံးဝ ပြင်ဆင်ထားခြင်း မရှိဘဲ အံ့အားသင့်နေကြသည်။
မင်္ဂလာပွဲကို ရှစ်ရက်အတွင်း ပြင်ဆင်ဖို့က အရမ်းအလျင်လိုနေတာ မဟုတ်ဘူးလား?
သူတို့ဇနီးမောင်နှံနှစ်ယောက် စိတ်ပူနေချိန်မှာပင် ရှောင်းကျဲယွိနှင့် သူ့အဘိုးက အောင်သွယ်တော်နှင့်အတူ ရောက်ရှိလာကာ တွေ့ခွင့်တောင်းနေပြီ ဖြစ်သည်။
စူးဟန်ရွှမ်က အိမ်အပြင်သို့ အလျင်စလို ထွက်သွားပြီး သူတို့ကို အမြန် ကြိုဆိုလိုက်သည်။ ချင်ဖုန်းက သူ့၏ ချောမွေ့ပြေပြစ်သော စွမ်းရည်ကို လက်တွေ့အသုံးချကာ စူးဟန်ရွှမ်ကို တွေ့လိုက်ရသည်နှင့်တပြိုင်နက် ဝမ်းသာအာရ နှုတ်ဆက်လိုက်သည်။
"ခမည်းခမက်ရေ... ရုတ်တရက် ရောက်လာမိတဲ့အတွက် ငါ့ကို အပြစ်မတင်ဖို့ ကြိုတောင်းပန်ပါရစေ"
"ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ? ဘာကို အပြစ်တင်ရမှာလဲ? အဖိုး၊ ကျေးဇူးပြုပြီး ဝင်ပါ"
စူးဟန်ရွှမ်က ချင်ဖုန်းကို အိမ်ထဲသို့ နွေးနွေးထွေးထွေး ဖိတ်ခေါ်လိုက်ပြီး သူ့နောက်သို့ ကြည့်လိုက်မိချိန်တွင် သူမြင်လိုက်ရသည့်အရာက သူ့ကို အလွန်အကျွံ အံ့အားသင့်သွားစေပြန်သည်။