လက်တွဲဖော်အဖြစ် ရည်မှန်းထားတယ်
Vol. 31 Ch. 465
လွမ်ဟုန်နှင့် ကျန်းကျင့်လင်း၏မိခင်တို့ ထူးထူးဆန်းဆန်း အတူတူလာကြသည်ကို မြင်တွေ့လိုက်ရသောကြောင့် စူးမိသားစုမှ လူများ အံ့သြတုန်လှုပ်သွားကြသည်။ သူမတို့က တစ်ယောက်ကိုတစ်ယောက် ကူတွဲပေးထားကြပြီး အလွန်ရင်းနှီးပုံပေါက်နေသောကြောင့် အားလုံးက အထူးတလည် ဝိုင်းကြည့်နေကြသည်။
ကျန်းကျင့်လင်းကလည်း လွမ်ဟုန်ကို မြင်လိုက်ရပြီး သူမက သူ ငယ်စဉ်ကတည်းက အိပ်မက်မက်ခဲ့ရသော နတ်သမီးလေးဖြစ်နေသည့်အတွက် အကြီးအကျယ် အံ့သြတုန်လှုပ်နေလေသည်။ ကျန်းကျင့်လင်းက သူ့အိပ်မက်ထဲမှ နတ်သမီးလေး၏ပုံရိပ်များကို အခြေခံကာ ပုံတူများ ရေးဆွဲထားခဲ့ပြီး ထိုပုံတူများကို သူ့၏စာကျက်ခန်းထဲတွင် ချိတ်ဆွဲထားခဲ့သည်။
သူ့ရဲ့အိပ်မက်နတ်သမီး မျက်မှောင်ကြုတ်လိုက်တဲ့ပုံစံလေးတွေ၊ ပြုံးလိုက်တဲ့ ပုံစံလေးတွေကတောင် သူ့မျက်လုံးထဲမှာ စွဲထင်နေပြီး သူ့ရှေ့က မိန်းကလေးနဲ့ အတူတူဖြစ်နေခဲ့တယ်။
သူက လွမ်ဟုန်ကို တောက်လောင်ပြင်းပပြီး စိတ်လှုပ်ရှားနေသည့် အကြည့်များဖြင့် စူးစူးရှရှ စိုက်ကြည့်နေခဲ့သည်။ လွမ်ဟုန်ကလည်း အိမ်ထဲသို့ ဝင်ဝင်ချင်း သူမ၏ပါးပြင်များကိုပင် ပူလောင်သွားစေသည့် အကြည့်တစ်ချက်ကို ခံစားလိုက်ရသည်။ သူမက ထိုသူကို ဒေါသထွက်သွားပြီး ပြန်စိုက်ကြည့်သော်လည်း ကျန်းကျင့်လင်းကို မြင်လိုက်ရချိန်တွင် သူမ စွဲဆောင်ခံလိုက်ရပြန်သည်။
ဘယ်လောက်တောင် ချောမောတဲ့ အစ်ကိုလေးလဲ?
ချူကျင်းဖုန်းက မိန်းမဆန်သော အလှမျိုးဖြစ်ပြီး သူ၏ အပြုအမူများက မွန်မြတ်တင့်တယ်ပြေပြစ်ဟန်ရသော်လည်း သူ့ထံတွင် သူရဲကောင်းဆန်သည့်ပုံရိပ်မျိုး လုံးဝ မရှိပေ။ သူမ၏ရှေ့မှ အစ်ကိုငယ်လေးကတော့ ရဲရင့်ပုံရပြီး သူရဲကောင်းတစ်ယောက်၏ဟန်ပန်ကို အပြည့်အဝ ပိုင်ဆိုင်ထားကာ ယောကျာ်းပီသလွန်းလှသည်။
လွမ်ဟုန်က အဝေးသို့ အကြည့်မီလွှဲနိုင်မီ သူ့ကို ခဏတာမျှ ငေးကြည့်နေခဲ့ပြီး ချက်ချင်း အကြည့်ပြလွှဲလိုက်သည်။ သူမက ချူကျင်းဖုန်းနှင့်ပတ်သက်သည့် ကိစ္စများကြောင့် ချစ်မှုရေးရာများကို ထိတ်လန့်ကြောက်ရွံ့နေပြီ ဖြစ်သည်။
သူမက သူမကိုယ်သူမ တစ်ဖက်သတ်အချစ်ရူးတစ်ယောက်ဟု ခံစားနေမိသည်။ စူးချင်း ယောက်ျားလေးကဲ့သို့ ၀တ်ဆင်ထားသည်ကို ပထမဆုံး မြင်လိုက်ရချိန်က သူမ စူးချင်းနောက်သို့ တောက်လျှောက်လိုက်သွားခဲ့ပြီး ဝမ်မိသားစု၏ သူခိုးများထံတွင် အဖမ်းခံရလုနီးပါး ဖြစ်ခဲ့ရသည်။
ကျင့်ရှီလျိုမြောင်တွင် ချူကျင်းဖုန်းနှင့်တွေ့ဆုံရသည့်အခါတွင်လည်း သူမက သူ့ကို တစ်ဖက်သတ် ချစ်မိသွားပြန်သည်။ ဤတစ်ကြိမ်တွင်တော့ သူမ ထိုကဲ့သို့ မဖြစ်ချင်တော့ပေ။
အခုအချိန်မှာ သူမ တစ်ဖက်သတ်အချစ်ပဲ ဖြစ်ဖြစ် နှစ်ဦးနှစ်ဖက် ကြည်ဖြူတာပဲဖြစ်ဖြစ် ဘာခံစားချက်တွေမှ မရှိချင်တော့ဘူး။
လွမ်ဟုန်က သူမ၏နှလုံးသားထဲတွင် တံတိုင်းတစ်ခုကို တည်ဆောက်ထားခဲ့သည်။ ထို့ကြောင့် ယခု အစပိုင်းတွင် ဖြစ်ပေါ်ခဲ့သော သူမ၏စိတ်ဝင်စားမှုအနည်းငယ်က လုံး၀ ပြန်ရပ်တန့်သွားတော့သည်။
"သခင်မကြီးက ကျန်းကျင့်လင်းရဲ့အမေ မဟုတ်လား? ကြိုဆိုပါတယ်၊ အိမ်ထဲဝင်ပြီး ထိုင်ပါဦး”
ယန်ရုပင်းက အပြုံးဖြင့် ရှေ့တိုးလာပြီး ကျန်းကျင့်လင်း၏အမေကို ထိုင်ခုံတွင် ထိုင်ရန် ဖိတ်ခေါ်လိုက်သည်။ လူတစ်ယောက်၏ ရုပ်ရည်သွင်ပြင်ကို တစ်ချက်ကြည့်ရုံဖြင့် တချို့အရာများကို အကြမ်းဖျင်း ခန့်မှန်းနိုင်သည်။ ကျန်းကျင့်လင်း၏မိခင်က နူးညံ့သိမ်မွေ့ပြီး ကြင်နာမှုတတ်သည့်ဟန်ပန်မျိုးဖြစ်ကာ ပထမအကြည့်တစ်ချက်တွင်ပင် သူမ၏အကျင့်စရိုက်က ကောင်းမွန်မှန်း သိသိသာသာ ပေါ်လွင်နေလေသည်။ ယန်ရုပင်းက ဤခမည်းခမက်ကို သဘောကျသွားပြီး အလွန်တက်ကြွနေကာ နွေးနွေးထွေးထွေး ကြိုဆိုနှုတ်ဆက်နေခဲ့သည်။
ကျန်းကျင့်လင်းကလည်း သူ့အမေကို ကူညီရန် ရှေ့တိုးသွားခဲ့သည်။
“အမေ၊ ဒါက စူးသခင်မလေးရဲ့ အဖေနဲ့အမေပါ၊ ဒီနှစ်ယောက်ကတော့ စူးသခင်မလေးရဲ့ အဒေါ်နဲ့ ဦးလေးပါ”
လွမ်ဟုန်က ကျန်းကျင့်လင်းထံမှ “အမေ” ဟူသော ခေါ်သံကို ကြားလိုက်ရသည့်အတွက် ရုတ်တရက် စိတ်မသက်မသာ ဖြစ်သွားခဲ့သည်။
ဒီအမျိုးသမီးကြီးက သူ့အမေလား?
ကျန်းကျင့်လင်း၏မိခင်ကတော့ သူမတို့၏ ကျေးဇူးရှင်ဖြစ်သော စူးချင်း၏ ဆွေမျိုးများကို တွေ့လိုက်ရသောကြောင့် အလျင်အမြန် ဦးညွှတ်အရိုအသေပေးလိုက်သည်။
"လူကြီးမင်းတို့ကို နှုတ်ခွန်းဆက်သပါတယ်"
ကျန်းကျင့်လင်းက လွမ်ဟုန်ကို ထပ်မကြည့်နိုင်ဘဲ မနေနိုင်ခဲ့ပေ။ တိုက်ဆိုင်စွာပင် လွမ်ဟုန်ကလည်း ရှက်ရွံ့နေသည့်အမူအရာဖြင့် သူကို ပြန်ကြည့်လာခဲ့သည်။ သူတို့ အကြည့်ချင်း ဆုံသွားချိန်တွင် လွမ်ဟုန်၏မျက်နှာက ချက်ချင်း နီရဲသွားကာ သူမ ချက်ချင်း အကြည့်လွှဲလိုက်သော်လည်း သူမ၏နှလုံးခုန်သံက ခုန်ပေါက်သွားပြန်သည်။
ကျန်းကျင့်လင်းက လွမ်ဟုန်က သူ့၏အိပ်မက်ထဲမှ နတ်သမီးလေး ဖြစ်ကြောင်း ပို၍ ပို၍ သေချာလာခဲ့သည်။
သူမ ရှက်သွားပြီး ခေါင်းလေး ငုံ့လိုက်တဲ့ဟန်ပန်လေးတွေကတောင် အတူတူပဲ။
ထိုအတွေးများကြောင့် ကျန်းကျင့်လင်းက အလွန်စိတ်လှုပ်ရှားနေပြီး သူ့၏စိတ်လှုပ်ရှားမှုကို ထိန်းချုပ်ရန် ခက်ခဲနေခဲ့သည်။ သူက လွမ်ဟုန်ကို စိတ်အားထက်သန်သော မျက်လုံးများဖြင့် ကြည့်နေပြီး စိတ်မထိန်းနိုင်တော့ဘဲ ကယောင်ကတမ်းဖြင့် ယောင်ဝါးဝါး ရေရွတ်လိုက်မိသည်။
“နတ်သမီးလေး”
သူ့အသံက ခပ်တိုးတိုး ဖြစ်သော်လည်း ကျန်းကျင့်လင်း၏အနားတွင် ရှိနေသည့် စူးဟန်ရွှမ်ကတော့ သေသေချာချာ ကြားလိုက်ရသည်။ ထိုစကားက သူ့ကို အနည်းငယ် မပျော်မရွှင် ဖြစ်သွားစေခဲ့သည်။
ကျန်းကျင့်လင်းက လွမ်ဟုန်ကို နတ်သမီးလေးလို့ ခေါ်လိုက်တာလား? ဒီလိုဆိုရင်တော့ ဒီကောင်လေးက မိန်းမလိုက်စားတတ်တဲ့ ပေါ့ပျက်ပျက်လူဖျင်းတစ်ယာက်လား?
ဒါပေမယ့် အခုန သူတို့ စကားစမြည်ပြောနေတုန်းကတော့ သူ့အမူအရာက ကောင်းနေတာပဲ မဟုတ်ဘူးလား? သူက သူ့ရဲ့အတွင်းစိတ်ကို ဖုန်းကွယ်ထားခဲ့တာလား?
စူးချင်းက လွမ်ဟုန်၏ တစ်သက်တာပျော်ရွှင်မှုအတွက် သူတို့နှစ်ယာက်ကို မိတ်ဆက်ပေးခဲ့ခြင်းဖြစ်ပြီး ကျန်းကျင့်လင်းက လူယုတ်မာဖြစ်နေခဲ့လျှင် လွမ်ဟုန်၏ဘဝကို ပျက်စီးစေမည် ဖြစ်သည်။ ထိုတာဝန်က ကြီးမားလွန်းသောကြောင့် စူးဟန်ရွှမ်က သတိကို လုံးဝ မလျော့ချရဲပဲ ကျန်းကျင့်လင်းကို သူ့အနားကို ဆွဲခေါ်ကာ လေးလေးနက်နက် မေးမြန်းလိုက်သည်။
"ကျင့်လင်း၊ မင်းက ဘာလို့ လွမ်ဟုန်ကို နတ်သမီးလေးလို့ ခေါ်တာလဲ?"
စူးဟန်ရွှမ်က သွယ်ဝိုက်မနေတော့ဘဲ ကျန်းကျင့်လင်းကို တိုက်ရိုက်မေးမြန်းလိုက်သည်။
ကျန်းကျင့်လင်းကလည်း ယခုန သူ ခေါ်လိုက်သည့်အခေါ်အဝေါ်က အနည်းငယ် ပေါ့ပျက်ပျက် ဖြစ်သွားစေသည်ကို နားလည်သွားပြီး သူက စူးဟန်ရွှမ်ကို အမြန် ပြန်ရှင်းပြလိုက်သည်။
“သခင်မလေးက ကျင့်လင်း ငယ်ငယ်ကတည်းက အိပ်မက်မက်ခဲ့တဲ့ နတ်သမီးလေးနဲ့ အရမ်းတူနေလို့ပါ။ ရုတ်တရက်မို့ ကျင့်လင်း ဇဝေဇဝါ ဖြစ်သွားပြီး သခင်မလေးကို နတ်သမီးလေးလို့ မှားခေါ်လိုက်မိတာပါ"
"ဒီလိုမျိုးတွေ ရှိတာလား?"
စူးဟန်ရွှမ်၏ စိတ်ဝင်စားမှုက ချက်ချင်း တိုးမြင့်လာခဲ့သည်။
ဒီကောင်လေး ပြောနေတာတွေက အမှန်ဆိုရင်တော့ ဒါက ကံတရားပဲ။ ကျန်းကျင့်လင်းက လွမ်ဟုန်အတွက် ကံကြမ္မာက ဖန်တီးပေးတဲ့ ခင်ပွန်းသည်ဖြစ်နိုင်တယ်။
"ဟုတ်ပါတယ်၊ ကျင့်လင်း ဦးလေးတို့ကို မလိမ်ညာရဲပါဘူး။ ကျွန်တော့်ရဲ့ရထားလုံးပေါ်မှာ နတ်သမီးလေးရဲ့ပုံတူ ရှိပါတယ်။ ဦးလေးစူး မယုံရင် သွားယူဖို့ တစ်ယောက်ယောက်ကို လွှတ်လိုက်လို့ ရပါတယ်”
ကျန်းကျင့်လင်းက သေသေချာချာ ပြန်ရှင်းပြလိုက်ပြီး သူ့ထံတွင် အပြစ်မရှိကြောင်း သက်သေပြရန် သူ ကျင့်ရှီလျိုမြောင်သို့ ယူဆောင်လာခဲ့သော နတ်သမီးလေး၏ပုံတူကိုပင် ထုတ်ပြရန် ကြိုးစားနေခဲ့သည်။
လွမ်ဟုန်ကလည်း ကျန်းကျင့်လင်း၏ခေါ်သံကို ကြားလိုက်ရပြီး ဒေါသထွက်သွားခဲ့သည်။ သူမက ထိုယုတ်မာသူကို ကြိမ်းမောင်းချင်နေသော်လည်း သူမ၏ဦးလေးက သူ့ကို ဆွဲခေါ်သွားသောကြောင့် သူမက သူမ၏ဒေါသကို မျိုသိပ်ထားလိုက်သည်။ ထို့အပြင် ကျန်းကျင့်လင်းက စူးချင်း ဖိတ်ကြားထားသော ဧည့်သည်ဖြစ်သည်ကို သတိရသွားသောကြောင့် သူမ သူ့ကို အော်ငေါက်ရန် မဖြစ်နိုင်ကြောင်းလည်း တွေးမိသွားသည်။
သို့သော်လည်း သူမက ဤနေရာတွင် မနေချင်တော့ဘဲ သူမ နေလို့ သိပ်မကောင်းသည့်အတွက် အနားယူချင်သည်ဟု အကြောင်းပြကာ စောစော ထွက်သွားရန် လူကြီးများကို ခွင့်တောင်းလိုက်သည်။ လွမ်ဟုန်က သူမ မထွက်သွားခင် ကျန်းကျင့်လင်းကို စိုက်ကြည့်နေသေးသည်။
ကျန်းကျင့်လင်းကလည်း လွမ်ဟုန် ဒေါသထွက်သွားသည်ကို မြင်လိုက်ပြီး အလွန်စိတ်မကောင်းဖြစ်သွားတော့သည်။
သူက ဘာလို့ ပထမဆုံးအကြိမ်တွေ့ဆုံမှုမှာတင် သူ့ရဲ့နတ်သမီးလေးကို ဒေါသထွက်အောင် လုပ်ခဲ့မိတာလဲ?
ကျန်းကျင့်လင်း၏မိခင်ကလည်း ထိုအဖြစ်အပျက်များ အားလုံးကို မြင်နေရသည်။ သူမ၏သားဖြစ်သူက ချစ်စရာကောင်းသည့် ကလေးမလေးကို ဒေါသထွက်သွားစေမှန်း သတိပြုမိချိန်တွင် သူမလည်း အလွန်စိုးရိမ်သွားခဲ့သည်။
သူမနှင့် ပင်မဝင်ပေါက်တွင် တွေ့ဆုံခဲ့ပြီး အတွင်းခန်းထဲသို့ ၀င်လာသည်အထိ လွမ်ဟုန်က သူမကို ကြင်ကြင်နာနာဖြင့် ဂရုတစိုက် ဖိတ်ခေါ်လာခဲ့သည်။ လွမ်ဟုန်က ချမ်းသာသော မိသားစုမှ သခင်မလေးများကဲ့သို့ မောက်မာခြင်းမျိုး မရှိသောကြောင့် အမျိုးသမီးကြီးက သူမကို မိန်းကလေးကောင်းတစ်ဦးဟု သတ်မှတ်ထားခဲ့သည်။ သို့သော်လည်း သူမ၏မိသားစု အခြေအနေက မြင့်မားလွန်းသောကြောင့် သူမတို့ နီးကပ်နိုင်သည့် အဆင့်အတန်း မဟုတ်သည်ကို သူမ နားလည်နေခဲ့သည်။
ထို့အပြင် စူးချင်းက သူမ၏ကျေးဇူးရှင် ဖြစ်ပြီး ရှောင်းကျဲယွိက သူမသား၏ ကျေးဇူးရှင် ဖြစ်သည်။ ထို့ကြောင့် ကျင့်လင်းအနေဖြင့် သူမတို့၏ကျေးဇူးရှင်မိသားစုကို မစော်ကားသင့်ဟု သူမ ယူဆလိုက်သည်။
ပုံတူ သွားယူရန် စေလွှတ်ခံလိုက်ရသည့် အစေခံက ပြန်ရောက်လာပြီး ထိုပုံတူကို စူးဟန်ရွှမ်လက်ထဲသို့ တိုက်ရိုက် ပေးအပ်လိုက်သည်။ စူးဟန်ရွှမ်က ပုံတူကားချပ်ကို ချက်ချင်း ဖွင့်ကြည့်လိုက်ပြီး သူလည်ူ အလွန်အကျွံ ထိတ်လန့်သွားရသည်။
လောကမှာ ဒီလို တိုက်ဆိုင်မှုမျိုး ရှိတယ်တဲ့လား?
သူက ထိုပုံတူကို လွမ်ချင်းရှန်နှင့် ယန်ရုပင်းတို့ကိုလည်း ပြသခဲ့သည်။ ထိုစုံတွဲကလည်း ပုံတူကားချပ်ပေါ်မှ နတ်သမီးလေး၏မျက်နှာကို မြင်သွားကြပြီး ဤသည်မှာ သူတို့သမီးလေးဖြစ်ကြောင်း လုံးဝ သတ်မှတ်လိုက်ကြသည်။ သူတို့သမီးလေး၏အပြုံးလေးများနှင့်၊ အမူအရာလေးများကို ထိုပုံတွင် အတိအကျ ရေးဆွဲထားခဲ့သည။
လွမ်ဟုန်ကို အရင်က တစ်ခါမှ မမြင်ဖူးတဲ့ လူတစ်ယောက်က ဒီလိုအသက်ဝင်တဲ့ ပုံတူကို မဆွဲနိုင်ဘူးလို့တောင် သူတို့ ခံစားနေရတယ်။
ထိုပုံတူကို ရေးဆွဲခဲ့သည့် နေ့ရက်ကလည်း လွန်ခဲ့သော သုံးနှစ်ခန့်က ဖြစ်ပြီး ကျန်းကျင့်လင်းက နေ့ရက်ကို သေသေချာချာ ရေးထိုးထားခဲ့သည်။
ကျန်းကျင့်လင်းက ထပ်ရှင်းပြလာခဲ့သည်။
“ကျွန်တော့်အိပ်မက်ထဲက နတ်သမီးလေးက ကျွန်တော်အတွက် မမေ့နိုင်စရာပုံရိပ်ပါ၊ ကျွန်တော် နတ်သမီးလးကို လေပြင်းတွေ တိုက်ခတ်နေတဲ့နေရာမှာ ခဏခဏ တွေ့ခဲ့ရတယ်”
ကျန်းကျင့်လင်းက ကျင့်ရှီလျိုမြောင်ကို အခုမှ ရောက်ဖူးတာလေ။ သူက လွမ်ဟုန်ကို မမြင်ဖူးဘဲနဲ့တောင် သူမကို အိပ်မက်မက်ပြီး ဒီလိုပုံတူကို စေ့စေ့စပ်စပ် ရေးဆွဲထားနိုင်တယ်ပေါ့။ ဒါက ကံတရားရဲ့အစီအမံ မဟုတ်ဘူးလား?
ကောင်းကင်က ဒီကံကြမ္မာကို ချမှတ်ပေးထားမှတော့ သူတို့လူသားတွေက ကောင်းကင်ရဲ့စီမံရာကို လိုက်နာကြရမှာပေါ့။
ပြီးတော့ ကျန်းကျင့်လင်းက သိုင်းပညာရော စာပေပညာပါ နှစ်မျိုးစလုံး ကျွမ်းကျင်တယ်။ သူ့မှာ ထူးခြားတဲ့ ရုပ်ရည်သွင်ပြင်ရှိသလို ထက်မြက်တဲ့ အရည်အချင်းတွေလည်း ရှိနေသေးတယ်။ ဒီကလေးက အနာဂတ်မှာ အောင်မြင် ကျော်ကြားလာမှာ မဟုတ်ဘူးလား? ဒီလို ငယ်ငယ်ရွယ်ရွယ်နဲ့ အရည်အချင်းရှိတဲ့ လူငယ်တစ်ယောက်ကို သူမတို့ အခိုင်အမာ ဆုပ်ကိုင်ထားရမယ်။
ထိုအတွေးများကြောင့် ယန်ရုပင်းက သူမ၏ စိတ်လှုပ်ရှားမှုကို မထိန်းနိုင်ဘဲ နတ်သမီး၏ပုံတူကို ကိုင်ကာ လွမ်ဟုန်နေထိုင်သည့် ခြံဝင်းဆီသို့ ပြေးသွားတော့သည်။
လွမ်ဟုန်ကလည်း ထိုပုံတူကို ကြည့်ရင်း အံ့အားသင့်နေခဲ့သည်။
ပန်းချီဆရာတစ်ယောက်တောင် ဒီလို ပုံမဖော်နိုင်လောက်ဘူးလေ။
ထို့အပြင် ပုံတူပေါ်တွင် ရေးထားသည့်နေ့ရက်ကလည်း သူမ၏နှလုံးသားကို တုန်လှုပ်သွားစေခဲ့သည်။
"ဟုန်အာ၊ မင်းတို့နှစ်ယောက်က ကောင်းကင်ဘုံကနေ တွဲဖက်ပေးလိုက်သလိုမျိုး လိုက်ဖက်ညီနေတာ မဟုတ်ဘူးလား? အဲ့လိုမှ မဟုတ်ရင်လည်း ချင်းအာက မင်းတို့ကို အောင်သွယ်လုပ်ပေးမှာ မဟုတ်ဘူး"
ယန်ရုပင်းက ပုံတူကို ကြည့်နေရင်း စကားတစ်ခွန်းမှ မပြောဘဲ မျက်နှာလေး တဖြည်းဖြည်း နီရဲလာသော သမီးဖြစ်သူကို အကဲခတ်နေခဲ့သည်။
ဟုန်အာက ရှားရှားပါးပါး ရှက်ရွံ့တဲ့အမူအရာလေးတွေကို ထုတ်ဖော်ပြသနေတာပဲ။ ဟုတ်ပြီ သံကို ပူနေတုန်း ထုတာပေါ့။
ထို့အတွေးကြောင့် ယန်ရုပင်းက ကျန်းကျင့်လင်းက သူမ၏သမီးအတွက် စူးချင်း ရှာတွေ့ထားသူ ဖြစ်ကြောင်း သမီးဖြစ်သူကို ပြောပြလိုက်သည်။
လွမ်ဟုန်က စူးချင်းကို အလွန်လေးစားသဘောကျသူ ဖြစ်သည်။ အစ်မဝမ်းကွဲက သူမအတွက် ခင်ပွန်းရွေးချယ်ရန် ကူညီပေးခဲ့သည်ကို ကြားလိုက်ရချိန်တွင် သူမ၏မျက်နှာက ပိုနီရဲသွားပြန်သည်။ သူမက ရှက်ရွံ့စွာ ခေါင်းငုံ့ထားပြီး သူမ၏ သေးသွယ်လှသော လက်ချောင်းလေးများက သူမ၏အဝတ်အစားများကို လိမ်ကျစ်နေခဲ့သည်။ သူမက သူမ၏နှုတ်ခမ်းရဲရဲလေးကို ကိုက်ထားပြီး သူမ၏ မျက်လုံးများထဲတွင် စိတ်လှုပ်ရှားမှုနှင့် ချစ်ခြင်းအရိပ်အယောင်များ ပြည့်နှက်နေလေသည်။
ဟုန်အာက သဘောတူလိုက်ပြီလား?
ယန်ရုပင်းက စိတ်လှုပ်ရှားစွာဖြင့် သူမ၏သမီးကို ထပ်မေးလိုက်သည်။
“ဟုန်အာ၊ သမီး သဘောတူလား?”
လွမ်ဟုန်က ဘာမှ ပြန်မပြောပေ။ သူမက သူမ၏ခေါင်းကို ပိုငုံ့သွားခဲ့ပြီး သူမ၏နှင်းဖြူရောင် လည်ပင်းလေးတွင် အနီရောင်တိမ်များ ဖုံးလွှမ်းနေပြီ ဖြစ်သည်။ သူမ၏ ကျောက်မျက်ရတနသဖွယ် တောက်ပနေသည့် မျက်လုံးနက်နက်လေးများထဲတွင် မိန်းမငယ်လေးတစ်ယောက်၏ ရှက်ရွံ့မှုဖြင့် ပြည့်နှက်နေလေသည်။
(T/n ; အမလေး ရှေ့ကြောင်း ပြန်တာကလည်း နှစ်ပိုင်းနီးပါးပဲ၊ ဒီမှာ နတ်သမီလို့ ခေါ်တာကို စိတ်ဆိုးကြတာကလေ ဟို ပလေးဘွိုင်းတွေက ကောင်မလေးတွေကို တွေ့ရင် နတ်သမီးလေး၊ နတ်မိမယ်လေး ဘာညာ ပါးစပ်သရမ်းကြလို့ ထင်ပါတယ်၊ အဲ့တာကြောင့် ကျန်းကျင့်လင်း ပါးစပ်ဆော့တယ် ထင်နေကြတာပါ)
သူမ၏မိခင် ဖြစ်သူ ပြန်ပြောပြနေသည့် သူမ၏ဝမ်းကွဲညီမလေးနှင့် ကျန်းကျင့်လင်းအကြောင်းကို ကြားလိုက်ရချိန်တွင် စူးချင်းလည်း အံ့သြသွားခဲ့ရသည်။
လွမ်ဟုန်က တခြားတစ်ယောက်ရဲ့ အိမ်မက်ထဲက နတ်သမီးလေးတဲ့လား? ဒါဆိုရင်တော့ ဒါက သူမနဲ့ ရွှေ့ရှန့်တို့ ကြားထဲက ကံကြမ္မာလိုမျိုး နောက်ထပ် ကံကြမ္မာတစ်ခု ဖြစ်နိုင်တယ်။ သူမတို့အတွက် ပြောရရင်လည်း သူမလိူမျိုး ခေတ်သစ်က စစ်နတ်ဘုရားတစ်ပါးက ရှေးခေတ်မှာ လာပြီး လက်ထပ်ရလိမ့်မယ်လို့ ဘယ်သူက တွေးနိုင်မှာတဲ့လဲ?
မိခင်နှင့်သမီး စကားစမြည် ပြောနေကြစဉ်တွင် ရှောင်းကျဲယွိက သူ့ယောက္ခမကို ထိတ်လန့်စွာ ကြည့်နေပြီး သူမနှင့် ချင်းအာ၏လက်ထပ်ပွဲအား သဘောမတူမည်ကို စိုးရိမ်နေခဲ့သည်။
ရှောင်းကျဲယွိက ယောက္ခမများ၏ ခွင့်ပြုချက်ကို စောင့်ဆိုင်းနေစဉ်တွင် ယန်ရူရွှယ်က သမီးဖြစ်သူ၏လက်ကို ဆုပ်ကိုင်ထားပြီး စိုးရိမ်တကြီး မေးမြန်းနေခဲ့သည်။
"ချင်းအာ၊ အမေ့ကို ပြောပါဦး၊ သမီး အခု ကိုယ်ဝန်ရှိနေပြီလား?"