တာအိုဘုန်းကြီး
Vol. 31 Ch. 458
ရှောင်းကျဲယွိက စင်မြင့်ပေါ်ရှိ သန်မာထွားကြိုင်းသောလူ၏ အကြည့်စူးစူးများကို မြင်သွားခဲ့ပြီး ကျန်းကျင့်လင်းကို သတိပေးလိုက်သည်။
"ကျင့်လင်း သတိထား၊ ဒီလူက ကြမ်းတမ်းပုံရတယ်”
"သတိပေးမှုအတွက် ကျေးဇူးတင်ပါတယ် သခင်လေး”
ကျန်းကျင့်လင်းက ရှောင်းကျဲယွိကို လေးလေးနက်နက် ဦးညွှတ်လိုက်သည်။ စူးချင်းနှင့် ရှောင်းကျဲယွိတို့ကို မျက်နှာချင်းဆိုင်နေသည့်အချိန်တွင် ကျန်းကျင့်လင်းက သိမ်မွေ့ပြီး ယဉ်ကျေးသော စာပေပညာရှင်တစ်ယောက်သာ ဖြစ်နေလေသည်။ သို့သော် စင်မြင့်ပေါ်ရှိ လူထွားကြီးကို လှည့်ကြည့်လိုက်သည့် သူ့မျက်လုံးများကတော့ စူးရှတောက်ပနေပြီး အလင်းတန်းများ ဖြာထွက်နေသလို ဖြစ်နေခဲ့သည်။ သူက တည်ငြိမ်အားကောင်းပြီး ပြတ်သားသော ခြေလှမ်းများဖြင့် စင်မြင့်ဆီသို့ လျှောက်သွားနေခဲ့ပြီး သူ့ခန္ဓာကိုယ်မှ အရှိန်အဟုန်က သူရှေ့တိုးလေလေ ပိုပြင်းထန်လေလေ ဖြစ်နေခဲ့သည်။
“နို့နံ့သင်းနေသေးတဲ့ ကောင်ငယ်လေး၊ မင်းရဲ့မျက်နှာဖြူဖြူလေးကို ကြည့်ရတာ ဘာအတွေ့အကြုံမှ မရှိသေးပုံပဲ၊ ငါ မင်းကို အခွင့်အရေး တစ်ခု ပေးမယ်။ အခု ဒီစင်မြင့်ကနေ ထွက်သွား၊ အဲ့လိုမှမဟုတ် ငါ့ရဲ့ရိုင်းစိုင်းမှုအတွက် ငါ့ကို အပစ်မတင်နဲ့"
စင်ပေါ်မှာ လူထွားကြီး၏အမည်မှာ လီဝမ်တုန်း ဖြစ်ပြီး သူ့အမည်က အတော်လေး ပြေပြစ်သော်လည်း လူကတော့ ရက်စက်ကြမ်းကြုတ်သူ ဖြစ်သည်။ သူက ငယ်စဉ်ကတည်းက ထူးခြားသော ခွန်အားကို ပိုင်ဆိုင်ခဲ့ပြီး သက်တော်စောင့်လုပ်ငန်းတစ်ခုတွင် အလုပ်လုပ်ခဲ့သည်။ ထို့နောက် သူ သိုင်းပညာတချို့ကို သင်ယူခွင့်ရခဲ့သောကြောင့် ပိုမောက်မာလာခဲ့သည်။ ထို့အပြင် လက်ရှိ သူနှင့်ယှဉ်ပြိုင်ခဲ့သူများအားလုံး ဒဏ်ရာအပြင်းအထန် ရခဲ့ကြသည်။ ထိုအရာက သူ့ကို ပို၍ပင် ယုံကြည်မှုတိုးလာစေပြီး မောက်မာလာစေခဲ့သည်။
(t/n: သူ့နာမည်မှာပါတဲ့ “ဝမ်” က ယဥ်ကျေးမှု/စာပေအနုပညာ/စနစ်ကျတာ အဲ့လိုမျိုးအဓိပ္ပါယ်မျိူးတွေပါ)
ကျန်းကျင့်လင်းက သူ့ကို နှုတ်လှန်ထိုးရန် စိတ်မ၀င်စားဘဲ တည်ငြိမ်သော ခြေလှမ်းများဖြင့် စင်မြင့်ပေါ်သို့ လျှောက်သွားကာ ယဥ်ယဉ်ကျေးကျေးဖြင့် လီဝမ်တုန်းကို လက်သီးအုပ် နှုတ်ဆက်လိုက်သည်။
"ကျေးဇူးပြုပြီး...."
သို့သော်လည်း လီဝမ်တုန်းက ထိုအခြေအနေကို အခွင့်ကောင်းယူကာ အလစ်လိုက်ရန် ကြိုးစားခဲ့သည်။ လီဝမ်တုန်း၏ အတွေးများက ရိုးရှင်းပြီး ကျန်းကျင့်လင်း၏ခါးပတ်ကြိုးစကို ကိုင်ကာ သူ့ကို စင်ပေါ်မှ ပစ်ချလိုက်ရန်သာ လိုအပ်သည်ဟု သူ တွေးနေခြင်း ဖြစ်သည်။ အကယ်၍ သူ ဤပွဲတွင် အနိုင်ရရှိခဲ့ပါက ယနေ့အတွက် သူ ငါးပွဲဆက်တိုက် အနိုင်ရရှိမည် ဖြစ်သည်။ ထိုအချိန်တွင် သူက ကိုယ်ခံပညာပြိုင်ပွဲအတွက် အမှတ်အများဆုံးလူ ဖြစ်လာပေလိမ့်မည်။
သူက သူ ကျန်းကျင့်လင်းဆီသို့ တရှိန်ထိုး ပြေးဝင်သွားပြီး ကျန်းကျင့်လင်းကို တစ်ချက်တည်း ဖမ်းဆွဲနိုင်မည်ဟု တွေးကာ အောင်ပွဲခံရန် ကြိုတင်ပြင်ဆင်ထားခဲ့သော်လည်း ကျန်းကျင့်လင်းက မယုံနိုင်ဖွယ် ရှောင်တိမ်းသွားခဲ့သည်။ လီဝမ်တုန်း သူ့အရှိန်ကို ပြန်မထိန်းနိုင်သေးခင်မှာပင် ကျန်းကျင့်လင်းက လီဝမ်တုန်း၏လက်ကောက်ဝတ်ကို အားမာန်အပြည့်ဖြင့် ဆုပ်ကိုင်ကာ လီဝမ်တုန်းကို စင်ပေါ်မှ တွန်းချလိုက်သည်။
ထိုမြင်ကွင်းက ကြည့်ရှုနေသည့်လူများအားလုံးကို ရုတ်ရုတ်သဲသဲ ဖြစ်သွားစေခဲ့သည်။
မာနကြီးတဲ့ လီဝမ်တုန်းက အဲ့လောင်တောင် ပျော့ညံ့သွားပြီလား? အားနည်းတဲ့ ပညာရှင်တစ်ယောက်ကတောင် သူ့ကို စင်ပေါ်ကနေ ပစ်ချနိုင်ခဲ့တယ်ပေါ့။
လီဝမ်တုန်းက ဒေါသတကြီး အော်ဟစ်လိုက်ပြီး ပြိုင်ပွဲကွင်းပြင်၏စည်းကမ်းများကို လျစ်လျူရှုကာ ကျန်းကျင့်လင်းကို သေသည်အထိ တိုက်ခိုက်ရန် တိုက်ပွဲကွင်းပြင်ရှိရာ စင်မြင့်ပေါ်သို့ ပြန်ခုန်တက်သွားခဲ့သည်။ အဆုံးတွင် ကျန်းကျင့်လင်းက နှစ်ချက်သာ လှုပ်ရှားခဲ့ပြီး သူ့ကို စင်ပေါ်မှာ ပြန်ပစ်ချလိုက်ပြန်သည်။ သူက ပြန်အားမာန်သွင်းရင်း စင်မြင့်ပေါ်သို့ ခုန်တက်ရန် ကြိုးစားလိုက်သော်လည်း ဓားရှည်များ ကိုင်ဆောင်ထားသည့် စစ်သည်များက သူ့ကို တားဆီးလိုက်ကြသည်။
တိုက်ပွဲကွင်းပြင်များတွင် စည်းကမ်းများ ရှိပြီး တကြိမ်ရှုံးသွားလျှင် စင်မြင့်ပေါ်သို့ ထပ်တက်ခွင့်မရှိတော့ပေ။ လီဝမ်တုန်း မည်မျှပင် မကျေမနပ် ဖြစ်နေပါစေ လက်ရှိတွင် သူ ဘာမှ မတတ်နိုင်တော့ပေ။
ရှောင်းကျဲယွိနှင့် စူးချင်းတို့ကလည်း ကျန်းကျင့်လင်း ဤမျှအစွမ်းထက်မည်ဟု မမျှော်လင့်ထားခဲ့ကြပေ။ နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက် ကြည့်ကာ အကြည့်ချင်းဖလှယ်လိုက်ကြပြီး ရှောင်းကျဲယွိက စူးချင်းကို ပြုံးပြလိုက်သည်။
"ချင်းအာကတော့ ရတနာတစ်ခု ကောက်ရလာပြန်ပြီ။ ဒါတွေအားလုံးအတွက် မင်းကို ကျေးဇူးတင်ပါတယ်"
"အင်း၊ မဆိုးဘူး"
စူးချင်းက အခြားသူများကို ချီးကျူးခဲပြီး ယနေ့ ကျန်းကျင့်လင်း၏တင်ဆက်မှုက သူမကို ကျေနပ်နေစေခဲ့သည်။ ကျန်းကျင့်လင်းက အမှန်တကယ် အရည်အချင်းရှိပြီး ရဲရင့်ကာ စစ်မှန်သော ရဲစွမ်းသတ္တိ၊ စစ်ရေးနည်းဗျူဟာများနှင့် ထူးခြားသော သိုင်းပညာစွမ်းရည်များကို အမှန်တကယ် ပိုင်ဆိုင်ထားပုံရသည်။
စူးချင်းက ရှားရှားပါးပါး ကျန်းကျင့်လင်းကို သေသေချာချာ အကဲခတ်နေတော့သည်။
သူ့မှာ ချောမွေ့တဲ့ အသားအရေ၊ ထင်ရှားတဲ့ မျက်ခုံးမွှေးနဲ့ နဂါးငွေ့တန်းထဲက ကြယ်တွေလို တောက်ပနေတဲ့ မျက်လုံးတွေ ရှိတယ်။ သူက ချောမောပြီး သတ္တိလည်း ရှိပုံပဲ၊ အခု လေတိုက်ထဲမှာတောင် ကျက်သရေ နေပုံပဲ။ စင်မြင့်ပေါ်မှာ မတ်မတ်ရပ်နေတဲ့ ပုံစံကလည်း ချောမောပြီး ပြေပြစ်တဲ့ လူငယ်တစ်ယောက်လို ဆွဲဆောင်မှု ရှိနေသေးတယ်။
ရှောင်းကျဲယွိက စူးချင်း ကျန်းကျင့်လင်းကို ရှားပါးရတနာတစ်ပါးကဲ့သို့ မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေသည်ကို မြင်သွားပြီး သူမကို လှမ်းမေးလိုက်သည်။
"ချင်းအာက သူ အရမ်းထူးချွန်တယ်လို့ ထင်နေတာလား?"
“အင်း”
စူးချင်းက အမှန်အတိုင်း ပြန်ဖြေလိုက်သည်။ သို့သော်လည်း ရုတ်တရက်ဆိုသလိုပင် ရှောင်းကျဲယွိ၏အကြည့်များထဲတွင် တစ်ခုခု လွဲချော်နေသည်ကို သူမ ခံစားလိုက်ရသည်။
ဘာတုန်းဟ...လေထဲမှာ ရှေးခတ်က ရှာလကာရည်နံ့တွေ ပြည့်လျှံလာတာလား?
ရှောင်းကျဲယွိ၏မနာလိုမှုက သူ့ကို သတိလက်လွှတ်ဖြစ်သွားစေခဲ့သည်။
စူးချင်းက တခစ်ခစ်ရယ်မောလိုက်ပြီး သူ့ကို ဆက်ပြောလိုက်သည်။
"ရွှေရှန့်၊ ကျန်းကျင့်လင်းနဲ့ လွမ်ဟုန်တို့က လိုက်ဖက်တယ်လို့ ရှင် ထင်လား?"
စူးချင်းက သူမ၏ဝမ်းကွဲညီမ လွမ်ဟုန်အတွက် ဖူးစာရှင် ရှာပေးရန် တွေးနေသည်ကို ကြားလိုက်ရချိန်တွင် ရှောင်းကျဲယွိက ချက်ချင်း စိတ်သက်သာရာရသွားပြီး သူက ကျန်းကျင့်လင်းအား အသစ်တဖန် မျက်နှာသာပြန်ပေးကာ တစ်ချက်ကြည့်လိုက်ပြီး ပြုံးပြုံးရွှင်ရွှင်ဖြင့် ပြန်ပြောလာခဲ့သည်။
"ချင်းအာရဲ့အမြင်က မဆိုးဘူး။ ကျန်းကျင့်လင်းနဲ့ လွမ်ဟုန်တို့က ပြီးပြည့်စုံတဲ့ စုံတွဲဖြစ်လာနိုင်တယ်။ သူ ပြိုင်ပွဲမှာ အနိုင်ရခဲ့ရင် သူမှာ အိမ်ထောင်ရှိလားလို့ ကိုယ် မေးကြည့်ပေးမယ်"
စူးချင်းက သူမ၏မျက်ခုံးလေးကို ပင့်ကာ ရှောင်းကျဲယွိကို ပြန်နောက်ပြောင်လိုက်သည်။
"အခုန ဘာတွေ တွေးနေတာလဲ?"
"ဘာတွေးလို့လဲ?"
ရှောင်းကျဲယွိက သူ မနာလိုဖြစ်ခဲ့သည်ကို မဝန်ခံချင်ခဲ့ပေ။ သို့သော်လည် စူးချင်းက အရာအားလုံးကို ရှင်းရှင်းလင်းလင်း မြင်နေရသည်ဟု အဓိပ္ပါယ်ရသော မျက်လုံးကြည်ကြည်လေးများဖြင့် သူ့ကို ကြည့်နေသည်ကို မြင်လိုက်ရသောကြောင့် အပြုံးဖြင့် ဝန်ခံလိုက်တော့သည်။
"ဟုတ်ပါပြီ၊ ကိုယ် ခုန နည်းနည်း မနာလို ဖြစ်မိသွားတယ်"
"နည်းနည်းတဲ့လား? ရှင့်ရဲ့မနာလိုစိတ်ကြောင့် ပြင်းပြတဲ့အနံ့တွေကိုတောင် ကျွန်မ ခံစားလိုက်ရတယ်"
ရှောင်းကျဲယွိက ဝန်ခံလိုက်သော်လည်း စူးချင်းက သူ့ကို ရွှတ်နောက်နောက်ဖြင့် ထပ်ရယ်နေသေးသည်။
"အင်း အင်း အခု မရှိတော့ဘူး။ ဟား ဟား၊ မနာလို မဖြစ်တော့ပါဘူးကွာ"
ရှောင်းကျဲယွိက စူးချင်း၏နောက်ပြောင်မှုကြောင့် ရှက်ရွံ့သွားပြီး သူ့၏ရှက်ရွံ့မှုကို ဖြေလျှော့ရန် သူမနှင့်အတူ လိုက်ရယ်မောနေခဲ့သည်။
သူတို့နှစ်ဦး စင်အောက်၌ နောက်ပြောင်နေကြချိန်တွင် စင်မြင့်ပေါ်မှ ကျန်းကျင့်လင်းက အခြားစိန်ခေါ်သူတစ်ဦးနှင့် ရင်ဆိုင်နေခဲ့ရသည်။ ဤလူက အသက်လေးဆယ်ကျော်ရှိ တာအိုဘုန်းကြီး ဖြစ်ပြီး သူက အစိမ်းရောင်ဝတ်ရုံကို ၀တ်ဆင်ထားကာ ဆံပင်ကို ဝါးဆံထိုးဖြင့် ထုံးဖွဲ့ထားသည်။ သူက ပိန်လှီနေသော်လည်း သူ့ခြေထောက်များ ကျစ်လျစ်နေဟန်ရကာ ကြော့ကြော့မော့မော့ လျှောက်လမ်းနေလေသည်။ သူ့ထံတွင် မုတ်ဆိတ်မွေးသုံးပင်လည်း ရှိနေသေးပြီး အခြားလောကမှ လူဟု ထင်မြင်ရစေကာ မတူညီသော လေထုကို ပေးစွမ်းနေလေသည်။
"တာအိုဆရာကြီး၊ ကျေးဇူးပြုပြီး လမ်းညွှန်ပေးပါဦး"
ကျန်းကျင့်လင်းက ထိုတာအိုဘုန်းကြီးအား ယဉ်ကျေးစွာ ဦးကြိုနှုတ်ဆက်လိုက်သည်။
ထိုတာအိုဘုန်းကြီးကလည်း အလွန် ယဉ်ကျေးပုံရပြီး သူတို့၏ဓလေ့အတိုင်း လက်တစ်ဖက်တည်းဖြင့် အရိုအသေပေးကာ သူ့၏မြင်းမြီးယပ်ကို ဝှေ့ယမ်းလိုက်သည်။
"ဝူလျန်ထျန်းကျွမ်း၊ ငါ ကျိုးပေါ်ပါ၊ ဒီသခင်လေးရဲ့ အရည်အချင်းက မဆိုးဘူးလို့ တွေးမိတာကြောင့် ကျုပ် မင်းနဲ့ ပညာချင်း နှီးနှောဖလှယ် ချင်ပါတယ်"
(t/n: ဝူလျန်ထျန်းကျွမ်း ဆိုတာက တရုတ် (Taoism/Daoism) မှာ ဘုန်းကြီးတွေ သုံးလေ့ရှိတဲ့ စကားပါတဲ့ အနီးစပ်ဆုံးပြောရရင်တော့ အဆုံးမရှိတဲ့ ကောင်းကင်တာအိုလို ပြောချင်တာပါ)
"ဆရာကြီး အရင် ညွှန်ကြားပေးပါ"
ကျန်းကျင့်လင်းက နှိမ့်ချမှု မရှိသလို မောက်မာမှုလည်း မရှိဘဲ ဂုဏ်သိက္ခာရှိသော အပြုအမူကို ဆက်ထိန်းထားနိုင်ခဲ့သည်။ ယင်းက ရှောင်းကျဲယွိနှင့် စူးချင်း၏ အထင်ကြီးမှုကို ပိုအားကောင်းလာစေခဲ့သည်။ ထိုသို့သော အမူအရာကြောင့် သူ၏ကိုယ်ခံပညာက အနည်းငယ် နိမ့်ကျနေလျှင်ပင် သူက အလွန်အသုံးဝင်နေသေးသည်ဟု သတ်မှတ်နိုင်သည်။
တိုက်ပွဲကွင်းပြင်မှာ တိုက်ပွဲက စတင်နေပြီ ဖြစ်ကာ တာအိုဘုန်းကြီးက ထိုက်ချိကို အသုံးပြုနေခဲ့ပြီး ကျန်းကျင့်လင်းကဲ့သို့ပင် ပြိုင်ဘက်၏အင်အားကို အသုံးပြု၍ ပြိုင်ဘက်ကို တန်ပြန်တိုက်ခိုက်နိုင်သူ ဖြစ်သည်။ သူတို့နှစ်ဦးသည် ရှီးချန်ဝက်ကြာ တိုက်ခိုက်ခဲ့ကြသော်လည်း တိကျသော ပြိုင်ပွဲရလဒ်ထွက်မလာသောကြောင့် ထိုတိုက်ပွဲကို သရေအဖြစ် အဆုံးသတ်လိုက်ရသည်။
ထို့နောက် လက်နက်ချင်း ပြိုင်ဆိုင်ခဲ့ကြပြီး တာအိုဘုန်းကြီး ရှုံးနိမ့်သွားခဲ့သည်။ ကျန်းကျင့်လင်းက ဆရာသခင်တစ်ဦး၏ လမ်းညွှန်မှုကို ရရှိထားပုံရပြီး သူ့၏ဓားရေးက အလွန်ကောင်းမွန်လှသည်။ နောက်ဆုံးတွင် သူက တာအိုဘုန်းကြီး၏ မြင်းမြှီးယပ်ကို ရှုပ်ယှက်ခတ်အောင် လုပ်ခွင့်မပေးဘဲ အပိုင်းပိုင်း ဖြတ်တောက်ပစ်ခဲ့သည်။
"ဝူလျန်ထျန်းကျွမ်း၊ မင်းရဲ့ဓားက တကယ့်ကို အဖိုးတန်တဲ့ဓားပဲ!"
ထိုတာအိုဘုန်းကြီးက ညစ်ပတ်သော အတွေးများမရှိဘဲ အရှုံးကို အေးအေးဆေးဆေး ဝန်ခံလိုက်ပြီး ကျန်းကျင့်လင်းကို အပြုံးဖြင့် ချီးကျူးလိုက်သည်။
"ဒါ ကျွန်တော့်အဖေ လက်ဆင့်ကမ်းပေးခဲ့တဲ့ ဘိုးဘွားအမွေပါ"
ကျန်းကျင့်လင်းက ယဉ်ကျေးစွာ ပြန်ဖြေပြီး ပြုံးနေလေသည်။ ရှောင်းကျဲယွိက သူ့စကားကြောင့် ဓားကို သေသေချာချာ လှမ်းကြည့်လိုက်သည်။
သူ မမှားရင်...
ရှောင်းကျဲယွိက စိတ်လှုပ်ရှားစွာ ထရပ်လိုက်ပြီး စူးချင်းက ရှောင်းကျဲယွိ၏ ပုံမှန်မဟုတ်သော အမူအရာကို မြင်လိုက်သည်။ သို့သော် သူ ပါရမီရှင်တစ်ယောက်ကို ရလိုက်သည့်အတွက် ပျော်ရွှင်သည်ဟုသာ သူမ ထင်လိုက်မိသည်။ သို့သော်လည်း ရှောင်းကျဲယွိ ထပ်ပြောသည့်စကားကို သူမ ကြားလိုက်ရသည်။
"ချင်းလုံဓား" (အသူရာနဂါးဓားရှည်)
"ရွှေရှန့်၊ ရှင် ကြိုက်လို့လား? အဲ့ဒါဆို ကျွန်မ သူ့ဆီကနေ ရှင့်အတွက် တောင်းပေးမယ်လေ”
ဘာပဲဖြစ်ဖြစ် ကျန်းကျင့်လင်းက သူမကို ကျေးဇူးဆပ်ဖို့ ကျန်နေသေးတယ်လေ။ ရွှေရှန့်က ဒီဓားရှည်ကို နှစ်သက်ပြီး လိုချင်တယ်ဆိုရင် သူမ သူ့အတွက် ရအောင် ကြိုးစားပေးနိုင်တယ်။
ရှောင်းကျဲယွိက ဟက်ဟက်ပက်ပက် ရယ်မောနေရင်း ခေါင်းယမ်းလိုက်သည်။ သူက အလွန်စိတ်ဓာတ်တက်ကြွနေသည့်ဟန်ဖြင့် စူးချင်းကို ပြောပြလာခဲ့သည်။
"ဟား ဟား၊ ကိုယ် ချင်းအာကို ကျေးဇူးတင်ပါတယ်၊ ဒါပေမယ့် ကိုယ်က ဒီဓားကို စိတ်ဝင်စားနေတာ မဟုတ်ပါဘူး၊ ကိုယ့်မွေးစားအဖေ ပြောခဲ့တဲ့ စကားကို ပြန်တွေးမိသွားလို့ပါ၊ ချင်းလုံဓား ပြန်ပေါ်လာတဲ့နေ့က စစ်တပ်ကို ပြန်တည်ထောင်ဖို့ အကောင်းဆုံးအချိန် ဖြစ်လိမ့်မယ်လို့ မွေးစားအဖေက ပြောခဲ့ဖူးတယ်၊ အဲဒါက ကောင်းကင်ဘုံရဲ့အကူအညီပဲ၊ 'ချင်းလုံနဲ့တွေ့ရင် ကိုယ် အမြဲအနိုင်ရနိုင်မယ်တဲ့'”
ရှောင်းကျဲယွိက စူးချင်းကို စူးရှသောအကြည့်ဖြင့် စိုက်ကြည့်နေပြန်သည်။
အရင်တုန်းက သူ ဘာလို့ သူ့ရဲ့မွေးစားအဖေ ပြောတဲ့စကားတွေကို ပြန်မတွေးမိခဲ့ရတာလဲ။ ဟုတ်တာပေါ့ ချင်းအာရဲ့နံမည်ကလည်း “ချင်း”ပဲ။
“....”
စူးချင်းက ထိုလောကဓာတ်ရေးရာပညာများအကြောင်း ဘာမှ မသိသော်လည်း သူမကိုယ်တိုင်အတွက်လည်း သူမ၏ ပြန်လည်မွေးဖွားခြင်းက အကြီးမားဆုံးသော လျှို့ဝှက်ဆန်းကြယ်မှုတစ်ခု ဖြစ်နေခဲ့သည်။
ရွှေရှန့်ရဲ့မွေးစားဖခင်မှာ ကျွမ်းကျင်မှုတချို့တော့ ရှိပုံရတယ်။ အဲဒါက ထူးဆန်းတဲ့အရာမျိုးတွေ ဖြစ်ကောင်းဖြစ်နိုင်တယ်။
သူတို့ စကားပြောနေစဉ်မှာပင် တာအိုဘုန်းကြီးက ရှောင်းကျဲယွိကို နှုတ်ဆက်ရန် စင်ပေါ်မှ ဆင်းလာခဲ့ပြီး ရှောင်းကျဲယွိ ရှေ့သို့ရောက်လာကာ လက်ဝါးတစ်ဖက်ထောင်သည့်အမူအရာဖြင့် အရိုအသေပေးလိုက်သည်။
"ဝူလျန်ထျန်းကျွမ်း၊ ငါက ကျိုးပေါ်ပါ၊ တွေ့ရတာ ဝမ်းသာပါတယ်၊ သခင်လေး"
“ကျေးဇူးပြုပြီး ထပါ”
ရှောင်းကျဲယွိက အလျင်အမြန် ထရပ်လိုက်ပြီး သူ့ကို တယဉ်တကျေး ပြန်နှုတ်ဆက်လိုက်သည်။ သူ့အမြင်တွင် ယေဘုယျအားဖြင့် တာအိုကျင့်ကြံသူများအားလုံးက ထူးထူးခြားခြား အရည်အချင်းရှိသူများ ဖြစ်ကြပြီး သူ၏မွေးစားဖခင် ချန်ကျင့်ရှန်းကလည်း တာအိုဂိုဏ်းမှ ဖြစ်သည်။ ထို့ကြောင့် ရှောင်းကျဲယွိက ဤတာအိုဘုန်းကြီးကို အလွန် လေးလေးစားစား ပြောဆိုဆက်ဆံနေခဲ့သည်။
နောက်အခိုက်အတန့်တွင် ရှောင်းကျဲယွိက တာအိုဘုန်းကြီးကို အရိုအသေပေးရန် ပြင်လိုက်သည်။ သို့သော်လည်း ထိုတာအိုဘုန်းကြီးက အကြီးအကဲတစ်ဦး၏ လေယူလေသိမ်းဖြင့် ပြောလာခဲ့သည်။
"ချန်ကျင့်ရှန်းက ငါ့ရဲ့ဆရာတူညီလေးပါ"
"ဆရာဦးလေး?"
ရှောင်းကျဲယွိက ကျင်းချန်တွင် သူ၏ဆရာဦးလေးနှင့် တွေ့ဆုံရမည်ဟု ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ပေ။ သူ့၏မွေးစားဖခင် သူ့၏ဆရာဦးလေး အကြောင်းပြောသည်ကို သူ ကြားဖူးခဲ့သော်လည်း လူကုတော့ တစ်ခါမှ မတွေ့ဖူးခဲ့ပေ။ သို့သော် သူ့မွေးစားဖခင်က သူ့ဆရာဦးလေး၏ ဂမ္ဘီရပညာက အလွန်အစွမ်းထက်ကြောင်း ပြောပြခဲ့သည်။ အကယ်၍ သူ သူ့ဆရာဦးလေးထံမှ အကူအညီရနိုင်ခဲ့လျှင် ကြိုးစားမှုတစ်ဝက်လောက်ဖြင့် ရလဒ် နှစ်ဆရနိုင်ကြောင်း ပြောခဲ့ဖူးသည်။
ရှောင်းကျဲယွိက သူ့၏ဆရာဦးလေးအား ပင်မထိုင်ခုံတွင် ထိုင်ရန် အလျင်အမြန် ဖိတ်ခေါ်လိုက်ပြီး စည်းကမ်းများအတိုင်း ဒူးထောက်ကာ အရိုအသေပေးလိုက်သည်။ ကျိုးပေါ်က သူ့၏မုတ်ဆိတ်မွေးများကို ပွတ်သပ်ရင်း ရှောင်းကျဲယွိကို ငုံ့ကြည့်နေကာ ပြုံးနေလေသည်။
"ဆရာဦးလေးက ကျွန်တော်ကို ရှာဖို့ ရောက်လာခဲ့တာလား?"
(T/n: အရှေ့အခန်းတွေမှာ ရှောင်းကျဲယွိရဲ့ မွေးစားအဖေကို ပိုင်ကျို့ရှန်းလို့ သုံးထားပါတယ်၊ အခုအခန်းမှာတော့ ချန်ကျင့်ရှန်းလို့ သုံးထားတယ်၊ မူရင်းစာရေးဆရာက ဘာမှ မပြောပေမယ့် ရွှေရှန့်တို့တောင် နာမည်ပြောင်းထားတာဆိုတော့ ပိုင်ကျို့ရှန်းကလည်း ပြောင်းထားတဲ့နာမည် ဖြစ်မယ်ထင်တယ်)