သူက ရှောင်ချီထက်တောင် ကလေးဆန်သေးတယ်
Vol. 31 Ch. 459
"ငါ ဒီဘက်ကို ခရီးထွက်လာရင်း ရှောင်းမိသားစုစစ်တပ်က အင်အားပြန်ကောင်းလာပြီလို့ ပြောနေတဲ့အသံတွေကို ကြားခဲ့ရတယ်။ အဲ့ဒါကြောင့် ရှောင်းမိသားစုက ကလေးတွေကို တွေ့ဖို့ လာခဲ့တာ"
ကျိုးပေါ်က သူ့ဆရာတူညီလေး၏ တပည့်ကောင်းလေးကို ကျေနပ်ပြုံးဖြင့် ကြည့်နေခဲ့သည်။
သူ့ရဲ့ပုံပန်းသဏ္ဍာန်အရ သူက မြင့်မြတ်တဲ့ ယောက်ျားတစ်ဦး ဖြစ်နိုင်တာ သိသာလွန်းတယ်။ သူ့မှာ ကောင်းကင်သားတော်တစ်ဦးရဲ့အသွင်အပြင် ရှိနေပြီး သူရဲ့ မျက်နှာပေါ်က နဂါးမျက်ခုံးနဲ့ ဖီးနစ်မျက်လုံးတွေက သူက ကြီးကျယ်မြင့်မြတ်ပြီး စည်းစိမ်ဥစ္စာ ကြွယ်ဝတဲ့သူတစ်ဦးဖြစ်လာမှာကို ပြသနေတယ်။
သူ့ရဲ့ဆရာတူညီလေးက သူ့တပည့်က လူတွေကြားထဲက နဂါးတစ်ကောင်လို့ ပြောခဲ့တာ အံ့သြစရာမရှိတော့ဘူး။
"ဆရာဦးလေး၊ ကျေးဇူးပြုပြီး ဒီနေရာမှာ နေပေးနိုင်မလား? ဖြစ်နိုင်မယ်ဆိုရင် ကျွန်တော့်အတွက် လက်တစ်ဖက်လောက် ငှားပေးပါဦး"
ရှောင်းကျဲယွိက သူ့၏ဆရာဦးလေးဖြစ်သူကို ဤနေရာတွင် ဆက်နေပြီး သူ့ကို ကူညီပေးရန် တောင်းဆိုလိုက်သည်။ ကျိုးပေါ်က ထပ်ပြုံးလိုက်ပြီး သူ့ကို ကူညီပေးမည်ဟု ပြန်ပြောလာခဲ့သည်။
"မင်း ရည်ရွယ်ထားတဲ့ ကြီးကျယ်ခမ်းနားတဲ့ အရာတွေ အောင်မြင်သွားအောင် ကူညီပေးဖို့ ငါ သီးသန့်ကျင့်ကြံနေရာကနေ ထွက်လာခဲ့တာပါ"
"ကျေးဇူးတင်ပါတယ် ဆရာဦးလေး"
ရှောင်းကျဲယွိက ဝမ်းသာအာရ ကျေးဇူးတင်လိုက်သည်။
ကောင်းကင်က တကယ်ပဲ သူ့ကို ကူညီပေးနေပြီ။ သူ့အတွက် ပင်ကိုယ်စွမ်းရည်ရှိတဲ့လူတွေ ပို့ပေးခဲ့ရုံသာမက သူ့ရဲ့ဆရာဦးလေးဆီကနေတောင် အကူအညီတွေ ရလာတော့မယ်။ သူ ဘာလို့ ကလဲ့စားမချေနိုင်မှာကို စိုးရိမ်နေရမှာလဲ? ပြီးတော့ ကြီးကျယ်ခန်းနားတဲ့ကိစ္စတွေ မအောင်မြင်မှကိုလည်း စိတ်ပူနေစရာ မလိုတော့ဘူး?
ကျိုးပေါ်၏အကြည့်က စူးချင်း၏မျက်နှာပေါ်သို့ ကျရောက်သွားပြန်သည်။ ထိုသူက ရှောင်းကျဲယွိ၏ ဆရာဦးလေး ဖြစ်သည်ကို သိနေသောကြောင့် စူးချင်းက သူမ၏ခေါင်းလေးကို ညင်ညင်သာသာ ငြိမ့်ပြကာ နှုတ်ဆက်လိုက်သည်။ ထိုအရာက သူမ အတော်လေး ကြိုးစားပြီး ပြုမူပြနေသည့် အပြုအမူကောင်းလေးသာ ဖြစ်သည်။ အမှန်တကယ်တွင် စူးချင်းက ဤရှုပ်ထွေးသောဆက်ဆံရေးများကို ကိုင်တွယ်ဖြေရှင်းရခြင်းအား အမုန်းတီးဆုံး ဖြစ်သည်။
ကျိုးပေါ်က စူးချင်း၏မျက်နှာကို ကြည့်နေရင်း သူ့မုတ်ဆိတ်မွေးများကို ပွတ်သတ်နေကာ အံ့သြတကြီး ရေရွက်လိုက်သည်။
“အထူးအဆန်းပဲ၊ တကယ်ကို အံ့အားသင့်စရာပဲ”
စူးချင်းက သူ့ကို ဘာသိဘာသာ ပြန်ကြည့်နေခဲ့သည်။
သူမ နှစ်ဘဝနေထိုင်ခဲ့တာကို သူ သိတယ်လို့ ဆိုလိုချင်နေတာလား?
“မိန်းမပျိုလေး၊ မင်းမှာ မွန်မြတ်တဲ့ ကံကြမ္မာရှိတယ်။ ဒါပေမယ့်က အတိတ်ဘဝတွေမှာရော ပစ္စုပ္ပန်ဘဝမှာပါ လူပေါင်းများစွာကို သတ်ခဲ့ဖူးတယ်။ ဒါတွေ လျော့ပါးသွားအောင် ကုသိုလ်ကောင်းမှုတွေ များများလုပ်ရမယ်။ ဒီဘုန်းကြီးက မင်းအတွက် အဆောင်ကမ္ပည်းတစ်ခု ပေးမယ်။ ဘေးဥပဒ်တွေကို ကာကွယ်နိုင်ဖို့ ကိုယ်နဲ့မကွာ ဆောင်ထားနော်"
ကျိုးပေါ်က လေးနက်သော အမူအရာဖြင့် အဝါရောင်အဆောင်စာရွက်တစ်ရွက်ကို ထုတ်ယူပြီး စူးချင်းဆီသို့ လှမ်းပေးလိုက်သည်။
စူးချင်းက မျက်ခုံးပင့်ကာ ထိုအဆောင်စာရွက်ကို လှမ်းကြည့်လိုက်သည်။
သူမက ကိုယ့်ကိုကိုယ်ပဲ ယုံကြည်တယ်။ သူမရဲ့ကံကြမ္မာကို သူမပဲ ထိန်းချုပ်မယ်။ မှော်ဆရာတစ်ယောက်က စာရွက်တစ်ရွက်နဲ့ သူမရဲ့ ဘေးဒုက္ခတွေကို တားဆီးပေးနိုင်ပါ့မလား? သူမကတော့ လုံးဝ မယုံဘူး။
"ချင်းအာ၊ ကိုယ့်ဆရာဦးလေးရဲ့ အဆောင်တွေက အရမ်းစွမ်းအားကြီးတယ်"
ရှောင်းကျဲယွိက စူးချင်း လက်ခံရန် ကူပြောပေးလိုက်သည်။
အရင်တုန်းကလည်း ဆရာဦးလေးက သူ့အဖေ သေတော့မယ်လို့ ပြောပြီး အဆောင်တစ်ခုပေးခဲ့ဖူးတယ်တဲ့။ ဆရာဦးလေးက အဲ့အဆောင်ကို ကိုယ်နဲ့မကွာဆောင်ထားဖို့ သူ့အဖေကို ညွှန်ကြားခဲ့ပေမယ့် သူ့ဖခင်ကတော့ ချင်းအာလိုမျိုးပဲ အဆောင်လက်ဖွဲ့တွေကို မယုံကြည်ဘဲ လုံးဝ ဂရုမစိုက်ခဲ့ဘူး။ ရလဒ်အနေနဲ့ကတော့ သူ့အဖေက မြို့တော်ထဲကို ဝင်သွားခဲ့ပြီး အသက်ရှင်လျက် ပြန်မလာနိုင်တော့ဘူး။ ဒါတွေ အားလုံးက သူ သူ့မွေးစားအဖေဆီကနေ ပြန်သိခဲ့တဲ့ အကြောင်းအရာတွေပါ။
စူးချင်းက ရှောင်းကျဲယွိကို တစ်ချက်ကြည့်လိုက်ပြီး ထိုအဆောင်ကို လက်ခံလိုက်သည်။ သူမက ကျိုးပေါ်ကို ခေါင်းညိတ်ပြလိုက်ပြီး ကျေးဇူးတင်စကား ပြောလိုက်သည်။
"ကျေးဇူးတင်ပါတယ်"
"မင်းတို့နှစ်ယောက်က ကောင်းကင်ဘုံက တွဲဖက်ပေးထားတဲ့ ကြင်ဖော်တွေပဲ၊ ကောင်းကင်က ပေးအပ်တဲ့ ကံကြမ္မာကို တန်ဖိုးထားပါ"
စူးချင်း ထိုအဆောင်ကို လက်ခံလိုက်ချိန်တွင် ကျိုးပေါ်က ရှောင်းကျဲယွိနှင့် စူးချင်းကို ပြုံးပြုံးကြီး ကြည့်နေရင်း ထပ်ပြောလာခဲ့သည်။
"ဟုတ်ကဲ့ပါ၊ ကျွန်တော် ချင်းအာနဲ့တွေ့ခွင့်ရတာက တစ်ကယ့်ကို ကောင်းကင်ကပေးတဲ့ ကောင်းချီးပါပဲ။ ကျွန်တော် သူ(မ)ကို မြတ်နိုးပြီး တန်ဖိုးထား ဆက်ဆံပါ့မယ်"
ရှောင်းကျဲယွိက လူတိုင်းရှေ့တွင် ထိုသို့ ပွင့်ပွင့်လင်းလင်း ပြောခဲ့သည်။
တကယ်လည်း ချင်းအားက သူ့အတွက် ကောင်းကင်ဘုံကနေ ပေးခဲ့တဲ့ အကောင်းဆုံးလက်ဆောင်လေ။
စင်အောက်မှ ရှောင်းကျဲယွိနှင့် သူ့၏ဆရာဦးလေးတို့ တစ်ယောက်ကို တစ်ယောက် အသိအမှတ်ပြုနေကြချိန်တွင် စင်ပေါ်မှ ကျန်းကျင့်လင်းကတော့ စိန်ခေါ်သူအသစ်နှင့် ရင်ဆိုင်နေရပြီ ဖြစ်သည်။ နှစ်ယောက်သား လက်လက်ချင်း ခြေထောက် ခြေထောက်ချင်း အချက်ပေါင်းများစွာ ထိုးသတ်ခဲ့ကြပြီး နောက်ဆုံးတွင် လက်နက်ချင်း ယှဥ်ပြိုင်နေခဲ့ကြသည်။
ကျန်းကျင့်လင်းက သူ့၏ချင်းလုံဓားကို သုံးကာ သူ့ပြိုင်ဘက်၏ အသွားနှစ်ဖက်ပါ ဓားပြားရှည်ကို ခုခံနေခဲ့သည်။ သူတို့နှစ်ဦး၏ တိုက်ခိုက်နိုင်စွမ်းက အညီအမျှ ဖြစ်နေပြီး သူတစ်ပြန် ကိုယ်တစ်လှည့် ဖြစ်နေကာ စင်အောက်မှ လူများက အားတက်သရော အော်ဟစ်အားပေးနေကြသည်။
ဒါက တကယ့်ကို မြင်ရခဲ့တဲ့ ပွဲကြီးမျိုးလေ၊ တကယ့်ကို စိတ်လှုပ်ရှားစရာ မြင်ကွင်းပဲ။
ထိုလက်ခုပ်သြဘာပေးသံများက ရှောင်းကျဲယွိနှင့် စူးချင်းတို့၏အာရုံကို စင်မြင့်ဆီသို့ ပြန်ဆွဲခေါ်သွားခဲ့သည်။ အသစ်ရောက်လာသည့်လူက လေးထောင့်ဆန်သော မျက်နှာ၊ ထူထဲသော မျက်ခုံးမွှေးနှင့် နီညိုရောင် အသားအရည်ရှိပြီး အရပ်ရှည်သော လူငယ်တစ်ဦး ဖြစ်သည်။ သူက စုတ်ပြတ်နေသောအဝတ်များကို ဝတ်ဆင်ထားပြီး သူ့အရေပြားများပင် ပေါ်လွင်နေလေသည်။ ဆောင်းရာသီတွင် ထိုသို့ ဝတ်ဆင်ထားခြင်းက သူ ဆင်းရဲပုံရကြောင်း ဖော်ပြနေသော်လည်း ထိုစုတ်ပြတ်နေသည့် အဝတ်အစားများကပင် သူ၏ ခံ့ညားထည်ဝါသော အသွင်အပြင်ကို ဖုံးကွယ်မထားနိုင်ခဲ့ပေ။ သူက ဂုဏ်သိက္ခာအပြည့်ဖြင့် ခန့်ထည်နေသေးသည်။
"မဆိုးဘူး၊ ဒီလူငယ်နှစ်ယောက်က မင်းရဲ့ဘယ်လက်ရုံးနဲ့ ညာလက်ရုံး ဖြစ်လာလိမ့်မယ်"
ကျိုးပေါ်ကလည်း စင်မြင့်ပေါ်မှ လူနှစ်ယောက်၏တိုက်ပွဲကို စောင့်ကြည့်နေပြီး ရှောင်းကျဲယွိအား လှမ်းပြောလိုက်သည်။
"ဆရာဦးလေး ပြောတာ မှန်တယ်။ သူတို့နှစ်ယောက်စလုံး အရမ်းတော်တယ်"
ရှောင်းကျဲယွိကလည်း သူတို့ကို စိတ်ဝင်တစား စောင့်ကြည့်နေခဲ့ပြီး စင်ပေါ်သို့ ထပ်ရောက်လာသည့် လူငယ်လေးကိုလည်း သူ သဘောကျနေခဲ့သည်။ သူတို့နှစ်ယောက်က တစ်ယောက်နှင့် တစ်ယောက် အပြန်အလှန် လေးစားမှု အပြည့်ဖြင့် တိုက်ခိုက်နေသည်ဟု သူ ခံစားနေမိသည်။
သူက ဤပြိုင်ပွဲအတွက် တာဝန်ခံအဖြစ် တာဝန်ယူထားသည့် ဝူရှန်းယန်ဆီသို့ ချက်ချင်း လျောက်သွားလိုက်ကာ သူ့ သိချင်သည့်အချက်အလက်ကို ချက်ချင်း မေးမြန်းလိုက်သည်။
"ဒီလူငယ်လေးရဲ့နာမည်ကို ဘယ်လိုခေါ်လဲ?"
စင်မြင့်ပေါ်သို့ စိတ်အားထက်သန်စွာ လှမ်းကြည့်နေသည့် ဝူရှန်းယန်က ရှောင်းကျဲယွိ၏မေးခွန်းကို ကြားလိုက်သည်နှင့် ချက်ချင်း ပြန်ဖြေလာခဲ့သည်။
"ကျိုးချွမ်"
"ဘယ်ကလာတာလဲ?"
ရှောင်းကျဲယွိက ကျိုးချွမ် စာရင်းသွားသည့် စာရွက်ကို ကောက်ယူကာ သေသေချာချာ ကြည့်နေပြန်သည်။
သူ့ရဲ့လက်ရေးက နဂါးတစ်ကောင်လို အားမာန်အပြည့်နဲ့ စီးဆင်းနေတာပဲ၊ တစ်ချက်ကြည့်လိုက်ရုံနဲ့ ဒါက သာမန်လူတစ်ယောက်ရဲ့ လက်ရေး မဟုတ်မှန်း သိသာနေတယ်။
"ရှန်းယန်ကပါ"
ဝူရှန်းယန်က အမြန်ဆုံး ပြန်ဖြေလာခဲ့သည်။ ပြိုင်ပွဲဝင်များ၏ အမည်၊ အသက်နှင့် နေရပ်များက စာရင်းသွင်းရန် မဖြစ်မနေ လိုအပ်သော အချက်အလက်များ ဖြစ်သည်။
"အင်း၊ မင်းလည်း အလုပ်လုပ်တာ မဆိုးဘူး၊ ဒီအတိုင်း ဆက်ကြိုးစား"
ရှောင်းကျဲယွိက ဝူရှန်းယန်ကိုလည်း အလွန် သဘောကျနေခဲ့သည်။ သူ၏ လက်ရေးနှင့် အရေးအသားများကလည်း အထင်ကြီးလောက်စရာ ဖြစ်သည်။ သို့သော် သူက ထိပ်ဆုံးသုံးယောက်ထက် အရည်အချင်း အနည်းငယ် ပိုနိမ့်နေသောကြောင့် စတုတ္ထနေရာတွင်သာ ရပ်တည်ခဲ့ရသည်။ ထို့ကြောင့်လည်း ရှောင်းကျဲယွိက တတိယရသည့် ကျန်းကျင့်လင်း၏နေရာတွင် သူ့ကို အစားထိုးရန် တွေးတောခဲ့ခြင်း ဖြစ်သည်။
"ကျေးဇူးတင်ပါတယ်၊ သခင်လေး”
ရှောင်းကျဲယွိထံမှ ချီးမွမ်းခြင်းကို ခံလိုက်ရသည့်အတွက် ဝူရှန်းယန်ကလည်း ပီတိဖြစ်သွားခဲ့သည်။
အခု သခင်လေးက သူ့ရဲ့အရည်အချင်းကို သတိပြုမိသွားပြီ၊ နောင် သခင်လေး ကမ္ဘာကြီးကို အောင်နိုင်တဲ့အခါ သူလည်း သူနဲ့ သင့်တော်တဲ့ နေရာတစ်ခု ရလာနိုင်လိမ့်မယ်။
ရှောင်းကျဲယွိက သူ့ထိုင်ခုံသို့ ပြန်သွားထိုင်လိုက်ပြီး စင်မြင့်ပေါ်ရှိ လူနှစ်ယောက်၏ ပြင်းထန်သော တိုက်ပွဲကို ဆက်ကြည့်နေခဲ့သည်။ ချင်းလုံဓားက လေးလံသော ဓားပြားရှည်ကြီးပေါ်သို့ ခဏခဏ ကျရောက်နေပြီး နက်ရှိုင်းသော ခုတ်ဖြတ်ရာများကို ချန်ထားခဲ့သည့်တိုင် အပြီးတိုင် ခုတ်ဖြတ်နိုင်ခြင်းတော့ မရှိသေးပေ။
ကျိုးချွမ်က ကျန်းကျင့်လင်း အဖိုးတန်ဓားတစ်ချောင်း ကိုင်ဆောင်ထားသည်ကို သတိပြုမိနေပြီး သတိနှင့်ရှောင်တိမ်းနေခဲ့သည်။ ထို့ကြောင့် တိုက်ပွဲက ပိုပိုပြီး ပြင်းထန်လာခဲ့သည်။
ကျိုးချွမ်၏ခွန်အားက သူ၏ အဓိကစွမ်းရည် ဖြစ်ပြီး ကျန်းကျင့်လင်းက နည်းဗျူဟာကို အဓိကထားသူ ဖြစ်သည်။ သူ၏ရှောင်တိမ်းမှုနှင့် လှည့်ပတ်လှုပ်ရှားမှုများက လျင်မြန်ပေါ့ပါးလွန်းပြီး သူ့၏သိုင်းစွမ်းရည်ကလည်း တမူထူးခြားနေခဲ့သည်။ ထို့ကြောင့် သူတို့၏တိုက်ပွဲက ပြီးပြည့်စုံသော ပြိုင်ဘက်နှစ်ယောက်၏တိုက်ပွဲ ဖြစ်နေခဲ့သည်။
စူးချင်းကလည်း ထိုပြိုင်ပွဲကို အလွန်စိတ်ဝင်တစား လှမ်းကြည့်နေခဲ့သည်။ သူမ၏ လှပသော မျက်လုံးများက ကျောက်မျက်ရတနာများကဲ့သို့ တောက်ပနေသောကြောင့် စင်အောက်မှ လူတချို့က ပွဲကို ကြည့်လိုက်၊ သူမ၏အလှကို ကြည့်လိုက်ဖြစ်နေကြသည်။
လှမ်းကြည့်ရတာ နည်းနည်းတော့ ဝေးနေပေမယ့် မျက်စိပသာဒဖြစ်စေတယ်လေ။ မိန်းမပျိုလေးက ပြုံးနေမယ်ဆိုရင်တော့ ပိုကောင်းတာပေါ့။
မွန်းတည့်ချိန်ဖြစ်၍ နေရောင်ခြည်ကလည်း ပူပြင်းလှသည်။ စင်မြင့်ပေါ်ရှိ လူနှစ်ဦးက ချွေးများ စိုရွှဲနေပြီး စင်မြင့်အောက်ရှိ ကြည့်ရှုသူများလည်း အတူတူပင် ဖြစ်သည်။ တစ်ရှီးချန်ကျော် ကြာလာသည့်တိုင် အဆုံးအဖြတ် မပေါ်သေးဘဲ အနိုင်အရှူံးကို မခန့်မှန်းနိုင်သေးပေ။ စာရင်းသွင်းရန် နောက်ထပ်ရောက်လာသည့် လူများကလည်း ထိုလူနှစ်ယောက်၏တိုက်ပွဲကို မြင်ပြီးနောက် ချက်ချင်း ပြန်ဆုတ်ခွာသွားကြတော့သည်။ ထို့ကြောင့် ဝူရှန်းယန်လည်း ပြိုင်ပွဲကို အေးအေးဆေးဆေး ကြည့်ရှုနိုင်ခဲ့သည်။
အဆုံးတွင် ကျန်းကျင့်လင်းက အခွင့်အရေးတစ်ခု ရသွားပြီး ပွတ်ကာသီကာ အနိုင်ရရှိသွားခဲ့သည်။ ထိုအရာက ကျိုးချွမ်၏ဓားပြားရှည်ကို ဖြတ်တောက်နိုင်ခဲ့သည့် သူ့အဖိုးတန်ဓားသွားကြောင့် သူ အခွင့်ကောင်းရသွားခဲ့ခြင်းသာ ဖြစ်သည်။
"ကျုပ် ရှုံးသွားပြီ"
သူ ရှုံးနိမ့်သွားသည်နှင့် တပြိုင်နက် ကျိုးချွမ်က သူ့အရှုံးကို ကျေကျေနပ်နပ် ဝန်ခံလိုက်သည်။ သူက လုံးဝ စိတ်ထားမြင့်မြတ်သူ ဖြစ်ကြောင်း ပိုသိသာလာပြန်သည်။
“ကျွန်တော်လည်း ရှက်မိပါတယ်။ ကျွန်တော်က ရတနာဓားရဲ့ စွမ်းရည်ကို ငှားယူနိုင်ခဲ့တာပါ။ အစ်ကိုကျိုး မရှုံးပါဘူး”
ကျန်းကျင့်လင်းက လက်သီးအုပ်ကာ အရိုအသေပေးရင်း ပြန်ပြောလိုက်သည်။ သူက ကျိုးချွမ်ကို ရွှင်လန်းသော မျက်လုံးများဖြင့် ကြည့်နေခဲ့ပြီး သူ့အတွက် ထိုက်တန်သော ပြိုင်ဘက်ကောင်းတစ်ဦးနှင့် တွေ့ဆုံလိုက်ရသလို ခံစားနေမိသည်။ သူက ကျိုးချွမ်နှင့် သူ စောစော မဆုံတွေ့ခဲ့ရခြင်းအတွက် စိတ်မကောင်းဖြစ်နေလေသည်။
သူတို့နှစ်ဦး၏ အပြုအမူကြောင့် ရှောင်းကျဲယွိက သူတို့နှစ်ယောက်စလုံးကို ပိုကျေနပ်နေခဲ့ပြီး မတ်တပ်ရပ်ပြီး ရယ်မောရင်း လှမ်းပြောလိုက်သည်။
“မင်းတို့ ဒီလောက်ကျိုးနွံနေဖို့ မလိုပါဘူး။ မင်းတို့ နှစ်ယောက်စလုံး ထူးချွန်တယ်။ နေ့လယ်စာ အရင်စားလိုက်ကြဦး၊ မွန်းလွဲပိုင်းမှာ စစ်ပွဲအနုပညာအတွက် ရေးဖြေနဲ့ လက်တွေ့စစ်ဆေးမှုတွေ လုပ်ရလိမ့်မယ်”
အချိန်က မွန်းတည့်နေပြီ ဖြစ်ကာ သူ့၏ဆရာဦးလေးကလည်း အဝေးမှ လာခဲ့ရသောကြောင့် ရှောင်းကျဲယွိက အဖိုးအိုကို စားသောက်ဖွယ်ရာများဖြင့် အရင် ဧည့်ခံရန် ဆုံးဖြတ်လိုက်သည်။
စူးချင်းကလည်း ယနေ့တွင် စိတ်ပျော်နေပြီး ကျိုးပေါ်အတွက် သူမကိုယ်တိုင် ချက်ပြုတ်ရန် ဆုံးဖြတ်ခဲ့သည်။
တာအိုဘုန်းကြီးများက အသားစားခွင့် ရှိမရှိကို သူမ ပြန်တွေးလိုက်မိသော်လည်း သူမ သေသေချာချာ မသိသောကြောင့် စူးချင်းက ဟင်းသီးဟင်းရွက်ဟင်းပွဲများနှင့် အသားဟင်းများကို သက်သက်စီ ပြင်ဆင်ခဲ့သည်။ သူမက သူမ ချက်ထားသည့် ပါးဝမ်စွေ့တစ်အိုးနှင့် ကျန်းနန်ချွမ်တစ်အိုးစီ ထုတ်ယူကာ ထိုဘုန်းကြီးအိုကြီး၏ အကြိုက်အတိုင်း ရွေးချယ်ခွင့်ပေးလိုက်သည်။
ယခုက မိသားစုစားပွဲ ဖြစ်သောကြောင့် ရှောင်းကျဲယွိက တာအိုဘုန်းကြီးကိုသာ ဖိတ်ကြားခဲ့သည်။ ကျိုးပေါ်က စူးချင်း၏ဟင်းပွဲမျာကို စားနေရင်း သူ့မျက်လုံးများကို မှိတ်ကာ ကျေကျေနပ်နပ် အရသာ ခံနေခဲ့သည်။
"အရသာရှိတယ်၊ အရသာရှိတယ်! ဒါက တကယ့်ကို အရသာရှိတဲ့ ဟင်းတွေပဲ”
"ဆရာဦးလေး၊ ချင်းအာ ချက်ထားတဲ့ အရက်ကို မြည်းကြည့်ပါဦး"
ရှောင်းကျဲယွိက အရက်အိုးကို ကောက်ယူပြီး ကျိုးပေါ်အတွက် အရက်ငဲ့ပေးလိုက်သည်။ ဆရာဦးလေး၏ တခုတည်းသော ချို့ယွင်းချက်က သေရည် သောက်ရခြင်းကို ကြိုက်နှစ်သက်လွန်နေကြောင်း ဖြစ်ကြောင့် သူ့ဆရာထံမှ သူ ကြားထားခဲ့ဖူးသည်။ အရက်အိုးကို မြင်လိုက်သည်နှင့် သူက ဘာကိုမှ ဂရုမစိုက်တော့ဘဲ အလွန်အကျွံသောက်လေ့ရှိသည်။ ထို့ကြောင့်လည်း သူက တာအိုဘုရားကျောင်း၏ ပညတ်ချက်များကို မကြိုက်ဟုဆိုကာ ဂိုဏ်းချုပ်ရာထူးကို စွန့်လွှတ်ထားသူ ဖြစ်သည်။
“ကောင်းလိုက်တဲ့ သေရည်၊ သေရည်ကောင်းပဲ”
အရက်နံ့ရသည်နှင့် တပြိုင်နက် ကျိုးပေါ်က အလွန်စိတ်လှုပ်ရှားသွားပြီး ပျော်ပျော်ရွှင်ရွှင် ခုန်ပေါက်နေတော့သည်။ သူ့ထံတွင် ယခင်ကကဲ့သို့ ထက်မြက်သည့်ရောင်ဝါများ မရှိတော့ဘဲ ယခု သူက အသက်ကြီးသည်အထိ တုံးအနေသေးသည့် ကောင်လေးတစ်ယောက်နှင့် တူနေလေသည်။
"သခင်၊ သူက ရှောင်ချီထက်တောင် ကလေးနဲ့ ပိုတူနေသေးတယ်"
စနစ်ထဲမှ ရှောင်ချီက စူးချင်းကို စောဒကတက်နေခဲ့သည်။ စူးချင်းကတော့ ဆရာဦးလေး ကျိုးပေါ်၏ မူရင်းသဘောထားထက် ဤပုံစံက ပိုချစ်ဖို့ကောင်းသည်ဟု ခံစားနေရသည်။
ဘုန်းကြီးအိုကြီးကျိူးပေါ်က အမှန်တကယ် သောက်နိုင်သူ ဖြစ်ပြီး စူးချင်း ယူလာပေးသော အရက်နှစ်အိုးက တစ်စက်မျှ မကျန်တော့ပေ။ ရှောင်းကျဲယွိပင် ခွက်သုံးခွက်သာ သောက်လိုက်ရပြီး ကျန်အရက်များအားလုံး ကျိုးပေါ်၏ဗိုက်ထဲသို့ ဝင်ရောက်သွားခဲ့သည်။ စူးချင်းက သူ့ဗိုက်ကို သံသယမျက်ဝန်းများဖြင့် လှမ်းကြည့်နေခဲ့သည်။
သူ့ဗိုက်ကြီးက ဘာလို့ လုံးဝ ဖောင်းမလာတာလဲ? အရက်နှစ်အိုးနော်၊ ကျင်းလေးဆယ်လောက်ရှိတဲ့ အရက်တွေက ဘယ်ရောက်သွားတာလဲ?
နောက်ဆုံးတွင် ပြိုင်ပွဲဆက်ကျင်းပရမည့်အချိန် ရောက်ရှိလာပြီ ဖြစ်သည်။