← Chapters

စစ်သူကြီးကောင်းတစ်ဦးရှိခြင်း

Vol. 31 Ch. 457

စစ်သူကြီးကောင်းတစ်ဦးရှိခြင်း

Vol. 31 Ch. 457

"မောင်မင်း ဘာပြောလိုက်တယ်? ချိုးယုံခန်းက ကျန်းကို လိမ်နေတာလား?"

ထိုသတင်းကို ကြားလိုက်သည်နှင့်တပြိုင်နက် ဝမ်ရှန်းချန်၏ဒေါသက အကြီးအကျယ် ပေါက်ကွဲထွက်လာတော့သည်။ သူက သူ့ဘဝတစ်လျှောက်လုံး တခြားသူများကို ဆန့်ကျင်ရန် လှည့်ကွက်ပေါင်းများစွာ ကြံစည်ခဲ့ဖူးပြီး ထိုကဲ့သို့သောအပေါက်ကလေးတစ်ကောင်ထံမှ သူ လှည့်စားခံခဲ့ရသည်ကို သူ လုံးဝ လက်သင့်ခံနိုင်သေးချေ။

အဲဒါက ဘယ်လိုမှ မဖြစ်နိုင်ဘူး?

ချိုးယုံခန်းက သူ့ကို လူသတ်လက်နက်ကြီးတွေ ပံ့ပိုးပေးခဲ့ပြီး အဲ့တာတွေကို ဖန်တီးဖို့တောင် ကူညီပေးခဲ့တယ်။ ပြီးတော့ သူလည်း အဲ့ဒီလူသတ်လက်နက်ကြီးတွေရဲ့ စွမ်းအားကို ကိုယ်တိုင်တွေ့မြင်ခဲ့ရတယ်။ တကယ်လို့ ချိုးယုံခန်းက သူ့လက်အောက်ကို ဟန်ဆောင် ခိုဝင်လာတာဆိုရင် ဘယ်လိုလုပ်ပြီး သူ့ကို ဒီလောက်အရေးကြီးတဲ့ လက်နက်တွေ ထုတ်ပေးနိုင်မှာလဲ?

သူ အဲ့ဒီလူသတ်လက်နက်ကြီးတွေကို ရဖို့အတွက် သူ့ရဲ့လူတွေ အများကြီးကို တစ်သုတ်ပြီး တစ်သုတ်စေလွှတ်ခဲ့တယ်။ ဒါပေမယ့် သူတို့ထဲက ဘယ်သူမှ အဲ့တာကို မယူလာနိုင်ခဲ့ကြဘူး။

ပြီးတော့ သူ့ကို လှည့်ဖျားချင်တယ်ဆိုရင် ကျောက်မီးသွေးတွင်းနဲ့ သံရိုင်းတွင်းအကြောင်းကို ဘာကြောင့် ပြောပြခဲ့ရတာလဲ?

အဲဒီလိုမျိုးတွေအထိ လိမ်လည်နိုင်တဲ့ လူလိမ်မျိုးရှိလို့လား?

“ကျွန်တော်မျိုးတို့ ကျောက်မီးသွေးတွင်းကို ရောက်တော့ ချိုးယုံခန်းက သူပုန်တွေကို မော့ချန်ထဲကနေ ဆွဲထုတ်ဖို့ ‘သားကောင်ထောင်ချောက်’ကို အသုံးပြုသင့်တယ်လို့ အဆိုပြုခဲ့တယ်။ သူက မော့ချန်ကနေ ကျောက်မီးသွေးတွင်းကို သွားတဲ့လမ်းမှာ ထောင်ချောက်ဖွဲ့စည်းမှုတစ်ခု လုပ်ထားဖို့ ကျွန်တော်မျိုးတို့ကို တောင်းဆိုခဲ့တယ်။ ပြီးတော့ သူက စူးချင်းကို လုပ်ကြံသတ်ဖြတ်ဖို့ မြို့ထဲကို ဝင်သွားခဲ့တယ်၊ သူနဲ့အတူ သွေးစွန်းဓားမြှောင်အဖွဲ့ပါသွားပြီး သူက လက်နက်ကြီးကိုလည်း ကျွန်တော်မျိုးတို့နဲ့အတူ ချန်ထားပေးခဲ့တယ်။ အဲ့ဒါကြောင့် ကျွန်တော်မျိုးလည်း ဘာမှ သံသယဖြစ်စရာ မရှိဘူးလို့ ယူဆပြီး သူ့အစီအစဉ်ကို သဘောတူပေးခဲ့တယ်။ မမျှော်လင့်မိတာက... သူက သူနဲ့အတူ မော့ချန်က တစ်ဖွဲ့တစ်ခုလုံးကို ခေါ်လာပြီး ကျွန်တော်မျိုးတို့ကို ထောင်ချောက်ထဲ ပြန်ဆွဲသွင်းခဲ့တယ်... ပြီးတော့ ဒီလက်အောက်ငယ်သား ကြားခဲ့တာက အဲ့အမျိုးသမီး နှုတ်ကနေ ချိုးယုံခန်းရဲ့နည်းဗျုဟာက အရမ်းကောင်းပြီး ကျွန်တော်မျိူးတို့အားလုံးကို မြှားခေါ်လာနိုင်တယ်လို့ ပြောနေတာကို ကြားခဲ့ရပါတယ်”

စစ်သူကြီးက ကြမ်းပြင်ပေါ်တွင် ဒူးထောက်နေပြီး သူ ကြုံတွေ့ခဲ့ရသော အခြေအနေအရပ်ရပ်အား ဒေါသထွက်နေသည့် ဧကရာဇ်ထံသို့ အစီရင်ခံနေခဲ့သည်။ သူက စူးချင်း ပြောလိုက်သည့်စကားကိုပင် ဧကရာဇ်ထံသို့ ပြန်တင်ပြနေပြီး သူတို့ထွက်ပြေးလာခဲ့သည့်အတွက် အပြစ်မတင်စေရန် စူးချင်း၏ စကားများကို ချဲ့ကားပြောဆိုနေပြီး ဧကရာဇ်၏ဒေါသများအားလုံးကို ချိုးယုံခန်းဆီသို့ အရောက်ပို့နေခဲ့သည်။

“သစ္စာဖောက်ကောင်၊ ကျန်းက သူ့ကို အရမ်းယုံပြီး အမြင့်ဆုံးဂုဏ်အသရေကို အပ်နှင်းခဲ့တယ်၊ ဒါပေမယ့် သူက ကျန်းကို လှည့်စားဝံ့သတဲ့လား? သူက ကျန်းကို ဘယ်လိုလုပ်ပြီး လိမ်ညာရဲရတာလဲ? ဒီသစ္စာဖောက် ချိုးယုံခန်းကို ဖမ်းဆီးဖို့ ဆုကြေးငွေ ထုတ်လိုက်တော့။ သူကို အပိုင်းတစ်ထောင်ပိုင်းပြီး သေဒဏ်ပေးမယ်။ မဟုတ်ဘူး၊ မဟုတ်ဘူး၊ သူ့ကို ရှောင်းဟမ်လိုပဲ သေခိုင်းရမယ်။ သူ့ကို အပိုင်းပိုင်းဖြတ်မယ့်အပြင် သူ့ရဲ့ဆွေစဥ်မျိုးဆက် ကိုးဆက်အထိ သုတ်သင်ပြီး ပိုင်ဆိုင်မှုတွေကို သိမ်းယူရလိမ့်မယ်”

ဝမ်ရှန်းချန်က အလွန်အကျွံ ဒေါသထွက်နေခဲ့သည်။ သူက သူ့စစ်တပ်တစ်ခု ပျက်သုဉ်းသွားရသည့်အတွက် ဒေါသထွက်နေခဲ့သော်လည်း သူ့ကို ထို့ထက်ပို၍ ဒေါသထွက်စေသည့်အရာက သူ့လိုမျိုး လိမ္မာပါးနပ်သူတစ်ယောက်က ချိုးယုံခန်း၏လှည့်ကွက်ထဲသို့ ဝင်မိသွားခြင်းကြောင့်သာ ဖြစ်သည်။

ဝမ်ရှန်းချန်တစ်ယောက် ဒေါသထွက်လွန်းသောကြောင့် သူ့နဖူးဆီသို့ သွေးများဆောင့်တက်လာသလို ခံစားနေရပြီး မူးဝေနေလေသည်။ သို့သော် ထိုအချိန်တွင် သူ့၏တပ်မှူးက သူ့အတွက် ပြင်းထန်လွန်းသည့် ထိုးနှက်ချက်တစ်ခုကို ထပ်ပေးလိုက်ပြန်သည်။

"အရှင်မင်းမြတ်၊ ရှောင်းမိသားစုက အဲ့သစ္စာဖောက်က ကျင်းချန်ကို သိမ်းပိုက်လိုက်ပါပြီ။ သူက ဝမ်မိသားစုရဲ့စစ်အလံကို ဆုတ်ဖြဲပြီး ရှောင်းမိသားစုစစ်အလံကို အစားထိုးလိုက်တယ်။ အခု သူ့ကို တိုက်ခိုက်ဖို့ တပ်ဖွဲတွေ အမြန် စေလွှတ်ရပါမယ်"

"ဘာ?"

ထိုအံ့အားသင့်စရာ သတင်းက ဝမ်ရှန်းချန်ကို နဂါးပလ္လင်ပေါ်သို့ ဖင်ထိုင်ကြသွားစေခဲ့သည်။

အခုအချိန်မှာ သူတို့ပြည်တွင်ရေးမငြိမ်မသက်ဖြစ်နေတာကို အခွင့်ကောင်းယူချင်တဲ့သူတွေ ရှိနေတယ်။ တောင်ဘက်က ဟူလူမျိုးတွေနဲ့ နန်မန်လူမျိုးတွေက ဒီအခွင့်အရေးကို အသုံးပြုပြီး သူတို့ရဲ့ ပိုင်နက်တွေကို ကျူးကျော်နေပြီ။ အရင်မင်းဆက်ရဲ့အကြွင်းအကျန်တွေကလည်း ရံဖန်ရံခါ ပြန်ကုန်ထကြွလာတတ်ပြီး သူ့ကို ခက်ခဲအောင် လုပ်နေကြသေးတယ်။ အဲ့ဒါတွေအပြင် သူ့ကို စိတ်ပူနေစေတဲ့ ကပ်ဘေးဒုက္ခသည်တွေနဲ့ စစ်ဘေးဒုက္ခသည်တွေလည်း ရှိနေသေးတယ်။ ဒါပေမယ့် အခု ရှောင်းဟမ်ရဲ့သား ကျင်းချန်ကို သိမ်းပိုက်လိုက်တဲ့ သတင်းလောက်တော့ သူကို ဘယ်အရာကမှ မတုန်လှုပ်စေနိုင်ခဲ့ဘူး။

တခြားသူတွေက သူ့အတွက် ဘာမှ ကြောက်စရာမရှိဘူး၊ သူ့လက်ထဲမှာ လက်နက်ကြီးတွေ ရှိနေသရွေ့ ဒီပုန်ကန်မှုတွေကို အလျင်အမြန် ချေမှုန်းနိုင်လိမ့်မယ်။

ရှောင်းမိသားစုစစ်တပ်ကတော့ သူ့အတွက် နံရိုးဘေးကို စိုက်ဝင်နေတဲ့ ဆူးပင်လိုမျိုး ဖြစ်နေဆဲပဲ။ ရှောင်းဟမ်ကွယ်လွန်သွားခဲ့ပေမယ့် သူက ရှောင်းမိသားစုစစ်တပ်မှာ ဝိညာဉ်တစ်ခု ချန်ထားခဲ့သေးတယ်။ အဲ့လိုကြောက်မက်ဖွယ်ကောင်းတဲ့ စည်းလုံးညီညွတ်မှုနဲ့ သူတို့ရဲ့ ရှောင်းဟမ်အ‌ပေါ်ထားတဲ့ အမြင့်မြတ်ဆုံး လေးစားမှုနဲ့ သစ္စတရားက သူ့ကို တချိန်လုံး စိတ်မသက်မသာ ဖြစ်စေခဲ့တယ်။

အခု ကျင်းချန်ကိုပဲ ဆုံးရှုံးခဲ့တာ ဆိုပေမယ့် ကျင်းချန်နဲ့ လော့ချန်က မြို့တော်ကို ဦးတည်နေတဲ့ အဓိက လမ်းကြောင်းတွေ မဟုတ်ဘူးလား? သူအနေနဲ့ လော့ချန်ကို ထပ် ဆုံးရှုံးလိုက်ရရင် ရှောင်းမိသားစုရဲ့သားက လော့ချန်ကို သီးခြားနယ်မြေတစ်ခုအဖြစ် ထူထောင်နိုင်သွားလိမ့်မယ်။ နောက်တစ်ဆင့်အနေနဲ့ကတော့ မြို့တော်ကို တည့်တည့် ချီတက်လာပြီး သူ့ပုလ္လင်ကို တိုက်ခိုက်သိမ်းပိုက်ဖို့ပဲ ဖြစ်နိုင်တော့တယ်။

"သွားကြစမ်း၊ စစ်သူကြီးဝမ်ကို အမြန်သွားခေါ်ကြ"

ဝမ်ရှန်းချန်က တရိပ်ရိပ် မူးဝေသော ဝေဒနာနှင့်အတူ သူ့ပါးစပ်ထဲမှ ငန်ကျိကျိနှင့် ညှီစို့စို့ အရသာကို ခံစားလိုက်ရသည်။ သူ့အမိန့်သံ ဆုံးသွားချိန်တွင် သူ့နှာခေါင်းထဲမှ သွေးများ စီးကျလာပြီး အစပိုင်းမှာတွင် တစ်စက်နှစ်စက်သာ ဖြစ်သော်လည်း နောက်ပိုင်းတွင် ရုတ်တရက် အဆက်မပြတ် စီးကျလာ‌တော့သည်။ သွေးများ ထိန်းမနိုင်သိမ်းမရ စီးဆင်းလာချိန်တွင် ဝမ်ရှန်းချန်၏ အမြင်အာရုံကလည်း တဖြည်းဖြည်း မည်းမှောင်လာပြီး နောက်ပြန်လဲကျသွားတော့သည်။

ဧကရာဇ်မင်း မူးမေ့လဲကျသွားသဖြင့် ရန်ရှင်းနန်းတော်တွင် အမှုထမ်းနေသော မိန်းမစိုးများနှင့် အစီရင်ခံရန် ရောက်ရှိနေသော စစ်သူကြီး အပါအဝင် ထိုနန်းဆောင်၌ ရှိနေသည့်လူများအားလုံး ထိတ်လန့်သွားခဲ့ကြသည်။ နောက်ဆုံးတွင် အရင်ဆုံး ထိတ်လန့်တုန်လှုပ်မှုမှ ရုန်းထွက်နိုင်သူက တော်ဝင်ဆေးခန်းသို့ ပြေးသွားကာ တော်ဝင်သမားတော်အားလုံးကို ရန်ရှင်းနန်းတော်သို့ ခေါ်ဆောင်လာခဲ့သည်။

ထိုအချိန်တွင် ဆင့်ခေါ်ခံရသောကြောင့် နန်းတော်ထဲသို့ ဝင်ရောက်လာခဲ့သော ဝမ်ယွိလင်လည်း ရောက်ရှိလာပြီ ဖြစ်သည်။ သူ ရောက်သွားချိန်တွင် ဝမ်ရှန်းချန်က သေလုမြောပါးဖြစ်နေပြီ ဖြစ်သည်။ သူက တာအိုဘုန်းကြီးများ ပြင်ဆင်ပေးသည့် မသေဆေးများကို အများအပြားကို စားသုံးခဲ့ပြီး ခဲဆိပ်က သူ့၏သွေးလမ်းကြောင်းထဲသို့ စိမ့်ဝင်သွားပြီဖြစ်ကာ ကုသရန် မဖြစ်နိုင်တော့ပေ။ တော်ဝင်သမားတော်များအားလုံး ခိုကိုးရာမဲ့ ဖြစ်နေကြပြီး ဧကရာဇ်အား မကုသပေးနိုင်သည့်အတွက် ခေါင်းဖြတ်ခံရမည်ကို စိုးရိမ်နေကြသည်။ သို့သော်လည်း သူတို့အားလုံး မြေပြင်ပေါ်တွင် ဒူးထောက်နေကြပြီး စိတ်ပျက်အားငယ်မှုများ ပြည့်နှက်နေသော မျက်လုံးများဖြင့် သေခြင်းတရားကို စောင့်မျှော်ရန်သာ တတ်နိုင်ကြတော့သည်။

အခြားသော မင်းသားများကလည်း သူတို့ခမည်းတော်၏ပြင်းထန်သောရောဂါအခြေအနေကို သိသွားကြပြီး သူတို့၏အစီအစဥ်များကို စတင်ပုံဖော်လာကြသည်။

ဘယ်သူက ဧကရာဇ်မဖြစ်ချင်လို့လဲ? အမြင့်ဆုံးအာဏာကို မလိုချင်တဲ့သူရယ်လို့ ရှိပါ့မလား?

ဝမ်ယွိလင်ကလည်း သူ့အဖေ၏နောက်ဆုံးအချိန်ကို တွေ့မြင်နိုင်သောကြောင့် ဘာကိုမှ တွန့်ဆုတ်မနေတော့ပေ။ သူက ရန်ရှင်းနန်းတော်ကို ဝန်းရံရန် သူ့တပ်များကို ချက်ချင်း စေလွှတ်ခဲ့ပြီး မင်းသားအားလုံးကို ဖမ်းဆီးကာ ပြင်ပကမ္ဘာနှင့် မဆက်သွယ်နိုင်ရန် တားဆီးထားခဲ့သည်။

မင်းသားများနှင့် သူတို့၏ကြင်ယာတော်များကလည်း ဝမ်ယွိလင်ကို တန်ပြန်တိုက်ခိုက်ရန် သူတို့ ရရှိနိုင်သမျှ အဆက်အသွယ်အားလုံးကို လှုံ့ဆော်ပေးနေခဲ့ကြသည်။

အလယ်ပိုင်းလွင်ပြင်ရှိ ချိုးယုံခန်း၏ခြေကုပ်စခန်းကို လုံးဝ ဖျက်ဆီးရန် ကြိုးပမ်းခဲ့သည့် သူမ၏အစီအမံက ဝမ်ရှန်းချန်ကို သေလုနီးပါးအထိ ဒေါသထွက်သွားစေခဲ့မှန်း စူးချင်းပင်လျှင် မသိနိုင်ခဲ့ပေ။ လက်ရှိတွင် ဝမ်ရှန်းချန်တစ်ယောက် ရာဇပလ္လင်ကိုပင် နွေးအောင် မထိုင်ရသေးမီ သေရပေတော့မည်။

မင်းသားများက ထီးနန်းအတွက် အားကုန်သုံးကာ အသေအကျေ တိုက်ခိုက်နေကြပြီး နန်းတွင်းနှင့် တော်ဝင်ရုံးတော်တွင် မတည်မငြိမ်ဖြစ်နေကာ သွေးရောင်လွှမ်းနေခဲ့သည်။ ရာဇပလ္လင်ကို သိမ်းပိုက်လိုရန် ဆန္ဒက ဦးစားပေးဖြစ်နေသောကြောင့် ဝမ်ယွိလင်ကလည်း ကျင်းချန်မှ အရေးကိစ္စကို အာရုံစိုက်ရန် အချိန်မရှိခဲ့ပေ။ ထိုအခြေအနေများက ရှောင်းကျဲယွိနှင့် ရှောင်းမိသားစုစစ်တပ် အားကောင်းစေရန် ကောင်းကင်မှ ပေးထားသော အခွင့်အရေးသဖွယ် ဖြစ်နေခဲ့သည်။

ငါးရက်ကြာပြီးနောက် ကိုယ်ခံပညာစစ်ဆေးပွဲကို တရားဝင်စတင်ခဲ့ပြီး နောက်ဆုံးအဆင့်အတွက် အရည်အချင်းပြည့်မီသူများအတွက် စစ်ရေးအနုပညာစစ်ဆေးမှုနှင့် သိုင်းပြိုင်ပွဲများကို စတင်ကျင်းပပေးခဲ့သည်။ ထိုပြိုင်ပွဲများက ထိပ်တန်းပညာရှင်များကို ရွေးချယ်လေ့ရှိသည့် တော်ဝင်ရုံးတော်၏ ရွေးချယ်မှုကိုပင် ယှဉ်နိုင်နေပြီ ဖြစ်သည်။

ယခုအချိန်တွင် ရှောင်းမိသားစုစစ်တပ်က တော်ဝင်ရုံးတော်ကို စတင်ပုန်ကန်နေပြီ ဖြစ်ကြောင်း ကျင်းချန်မှလူများအားလုံး သိထားပြီး ဖြစ်သည်။ အချို့က ထိတ်လန့်တုန်လှုပ်နေကြပြီး အချို့ကတော့ တခြားသူများ တုန်လှုပ်ချောက်ချားနေသည့်အချိန်ကို အခွင့်ကောင်းယူကာ သူတို့၏ကံကြမ္မာကို ပြောင်းလဲရန်နှင့် အောင်မြင်မှုများ ရယူပြီး ထင်ပေါ်ကျော်ကြားလာရန် မျှော်လင့်နေကြသည်။

မည်သို့ပင်ဖြစ်စေ ပြိုင်ပွဲအတွက် စာရင်းသွင်းသူ ပို ပိုများလာပြီး အကောင်းဆုံး စစ်သူကြီးများကို ရွေးချယ်ရန် ဆန္ဒရှိနေသည့် ရှောင်းကျဲယွိကလည်း အချိန်ကို မကန့်သတ် ထားဘဲ နောက်ဆုံးအချိန်အထိ စာရင်းသွင်းမည်ဆိုလျှင်ပင် သူက လက်ခံနေဦးမည် ဖြစ်သည်။

စစ်မှုထမ်းရန် စာရင်းသွင်းသူများ ပိုများလာပြီး နောက်ဆုံးတွင် တပ်သားသစ် အ‌ရေအတွက် နှစ်ထောင်ကျော်အထိ အလျင်အမြန် တိုးတက်လာခဲ့သည်။ တပြိုင်တည်းမှာပင် ထိုအချက်က စစ်တပ်အတွက် လိုအပ်မည့် အသုံးစရိတ် အမြောက်အမြား လိုအပ်နေပြီဟု ဆိုလိုသည်။ ကံကောင်းထောက်မစွာဖြင့် ရှောင်းကျဲယွိက အမျှော်အမြင်ကြီးစွာ အကျင့်ပျက်ခြစားသော အရာရှိများနှင့် အမြတ်ကြီးစားသော ကုန်သည်များ၏ ပိုင်ဆိုင်မှုများကို သိမ်းယူထားပြီး ဖြစ်ကာ ထိုငွေများက စစ်အသုံးစရိတ်အတွက် နှစ်နှစ်စာအထိ လုံလောက်နိုင်ပေသည်။

ရှောင်းမိသာစုစစ်တပ်တွင် ပါ၀င်မည့် စစ်သည်များအားလုံးကို အခြေချ ထောက်ပံ့ကြေးအဖြစ် ငွေနှစ်လျန် ပေးအပ်ခဲ့ပြီး ထိုကဲ့သို့ ရက်ရောသော အခြေအနေများကြောင့်လည်း လူအများအပြား စာရင်းသွင်းခဲ့ခြင်း ဖြစ်သည်။

ယနေ့က ပြိုင်ပွဲ၏ ပဉ္စမမြောက်နေ့ ဖြစ်ပြီး ရှောင်းကျဲယွိနှင့် စူးချင်းတို့က ပြိုင်ပွဲကို ကြီးကြပ်ရန် ကွင်းထဲသို့ ကိုယ်တိုင်ရောက်လာခဲ့ကြသည်။ အရေးကြီးသော ရာထူးအတွက် အရည်အချင်းရှိသူများကို ရွေးချယ်ရမည် ဖြစ်သောကြောက့် အခြားမည်သူ့ကိုမှ မျက်နှာလွှဲထားရန် မဖြစ်နိုင်ပေ။

စူးချင်းကတော့ အနည်းငယ် ပျင်းရိငြီးငွေ့နေလေသည်။

လာပြိုင်ကြတဲ့ လူတွေအားလုံးက ဘာကြောင့် ဒီလောက်ညံ့ဖျင်းနေကြတာလဲ? ထူးချွန်တဲ့ သိုင်းပညာပညာစွမ်းရည် မရှိရင် ဒီလူတွေက စစ်သူကြီးမပြောနဲ့ စစ်သည်အဖြစ် အမှုထမ်းဖို့တောင် မထိုက်တန်ဘူး။

ရှောင်းကျဲယွိကလည်း အနည်းငယ် စိုးရိမ်နေခဲ့သည်။ သူက လေးလံသောဝန်ထုပ်ဝန်ပိုးကို လက်ခံနိုင်မည့် လူတစ်ဦးအား ရှာဖွေနေခဲ့သော်လည်း ယနေ့အထိ ရှာမတွေ့သေးသောကြောင့် သူ အနည်းငယ် စိတ်စောနေမိသည်။

ကျင်းချန်မှာ သိုင်းပညာရော စစ်ရေးအနုပညာမှာပါ နှံ့နှံ့စပ်စပ် နားလည်ကျွမ်းကျင်တဲ့သူ မရှိတာမျိုး ဖြစ်နိုင်လား?

ရှောင်းကျဲယွိက ရင်တထိတ်ထိတ်ဖြင့် စောင့်စားနေချိန်တွင် တစ်စုံတစ်ယောက်က စာရင်းသွင်းရန် ရောက်လာခဲ့သည်။ ဤလူ၏ရောက်ရှိလာမှုက ရှောင်းကျဲယွိ၏မျှော်လင့်ချက်များအတွင်းမှ လုံးဝ မဟုတ်ခဲ့ပေ။

သူ့ကို မြင်လိုက်ရချိန်တွင် စူးချင်းလည်း အံ့ဩသွားခဲ့သည်။

ဘာလဲ? သူက စာပေရော သိုင်းပညာရော တတ်ကျွမ်းတယ်တဲ့လား?

"ကျွန်တော် ကျန်းကျင့်လင်း ကိုယ်ခံပညာပြိုင်ပွဲအတွက် စာရင်းသွင်းထားပါတယ်"

ကျန်းကျင့်လင်းက သူ့လက်သီးတစ်ဖက်ပေါ် လက်ဖဝါးအုပ်ထားရင်း ရှောင်းကျဲယွိကို လှမ်းကြည့်ကာ ရှင်းလင်းပြတ်သားသော အသံဖြင့် ပြောလိုက်သည်။ သူက တူညီသော အင်္ကျီကို ၀တ်ဆင်ထားဆဲ ဖြစ်သော်လည်း ရုံးတော်သို့ အကူအညီ တောင်းခဲ့သည့်အချိန်နှင့် လုံး၀ ကွဲပြားနေခဲ့သည်။ သူ၏ခံ့ညားသောအသွင်အပြင်တွင် စွမ်းအင်များ ပြည့်ဝနေခဲ့ပြီး သူ့မျက်လုံးများက အားမာန်အပြည့်ဖြစ်နေကာ သူ့၏ခြေလှမ်းက လေ၏အရှိန်အတိုင်း ရွေ့လျားနေလေသည်။ သူ့၏ဒျန်ကျန်းထဲမှ အတွင်းအားများ ထိုးထွက်နေသလို အသံများကိုပင် ကြားယောင်နေစေပြီး သိုင်းပညာရှင်တစ်ယောက်၏ သူရဲကောင်းဆန်သောဟန်ပန်ကို အပြည့်အဝ ဖော်ပြနေလေသည်။

"ကောင်းပြီ၊ မင်းရဲ့စွမ်းဆောင်ရည်ကို ငါ စောင့်မျှော်နေပါ့မယ်"

ရှောင်းကျဲယွိက ကျန်းကျင့်လင်းကို ဝမ်းသာအားရ လှမ်းကြည့်နေခဲ့သည်။ သူ့ဘက်တွင် စာပေနှင့် ကိုယ်ခံပညာနှစ်ခုစလုံးတွင် ထူးချွန်သူများ နည်းပါးလှပြီး ကျန်းကျင့်လင်းက စာပေနှင့် ကိုယ်ခံပညာ ကျွမ်းကျင်သူဖြစ်ပါက သူ့ကို အရေးပါသောရာထူးတွင် ထားရှိနိုင်တော့မည် ဖြစ်သည်။

ကျန်းကျင့်လင်းက နောက်သို့ ပြန်လှည့်ပြီး စူးချင်းဘက်သို့ မျက်နှာမူလိုက်သည်။ ထိုအချိန်တွင်တော့ သူက သူ့အင်္ကျီကို မတင်လိုက်ပြီး ဒူးတစ်ဖက်ထောက်အနေအထားဖြင့် အရိုအသေပေးလိုက်သည်။

“ကျွန်တော့်ရဲ့အမေကို ကယ်တင်ပေးခဲ့တဲ့အတွက် သခင်မလေးကို ကျေးဇူးတင်ပါတယ်၊ အခု အမေရဲ့ကျန်းမာရေး ပြန်ကောင်းလာပါပြီ။ ဒီနေ့က စပြီး ကျန်းကျင့်လင်းရဲ့ဘဝကို သခင်မလေး ပိုင်ပါတယ်။ စူးသခင်မလေး အမိန့်ပေးရင် ကျွန်တော် မီးတောင်ကို ကျော်ပြီး ဓားပင်လယ်ကို ဖြတ်ပါ့မယ်”

"အဲ့စကားတွေကို ပြိုင်ပွဲမှာ အနိုင်ရမှ ပြောဖို့ ချန်ထားလိုက်"

စူးချင်းက အေးစက်သောအမူအရာဖြင့်သာ သူမ၏လက်ကို ဝှေ့ယမ်းပြလိုက်သည်။ သူမလည်း ကျန်းကျင့်လင်း၏ တကယ့်စွမ်းရည်ကို မြင်ချင်နေမိသည်။

သူ မီးတွေ ရေတွေကို ဖြတ်ရဲရင်တော့ တိုက်ပွဲမှာ ရှုံးနိမ့်ပြီး အသုံးမဝင်တဲ့သူ ဖြစ်နေရင် ဘယ်နေရာ သွားသုံးရမှာလဲ?

“ဟုတ်ကဲ့”

စူးချင်း သူ့အမေကို ကုသပေးစဥ်ကတည်းက ကျန်းကျင့်လင်းက သူမတွင် အေးစက်သော စိတ်နေစရိုက်ရှိကြောင်း သိထားပြီး ဖြစ်သည်။ ထို့ကြောင့် သူက သူမ၏ လျစ်လျူရှုမှုအပေါ် အနည်းငယ်မျှပင် မကျေမနပ် ဖြစ်သွားခြင်ူ မရှိပေ။ သူက မတ်တပ်ထရပ်ပြီး လက်သီးအုပ်ကာ လေးလေးစားစား တုံ့ပြန်လိုက်သည်။ သူ့စိတ်ထဲတွင် စူးချင်းကို သူ့၏သခင်အဖြစ် အသိအမှတ်ပြုထားပြီး ဖြစ်သည်။

ကွင်းထဲတွင် ဝက်ဝံနက်ကြီးကဲ့သို့ သန်မာထွားကြိုင်းသော အမျိုးသားတစ်ဦး ရှိနေပြီး သူက အကြွင်းမဲ့ခွန်အားကို ပိုင်ဆိုင်ပြီး ထိုခွန်အားကို ကောင်းမွန်စွာ အသုံးချနိုင်သည့် စစ်မှန်သော စွမ်းအားရှင်တစ်ဦး ဖြစ်သည်။ ချောမောလှပသော ကောင်လေးတစ်ယောက်က သူနှင့်ပြိုင်ချင်နေသည်ကို မြင်လိုက်ရချိန်တွင် သူက နှုတ်ခမ်းတွန့်ကာ ပြုံးနေခဲ့သည်။ သူက သူ့လက်ကောက်ဝတ်ကို လိမ်လိုက်ပြီး မောက်မာဟန်ဖြင့် ရောက်လာသော ကောင်ချောလေးကို စင်ပေါ်မှ ပစ်ချရန် အဆင်သင့်ဖြစ်နေပြီ ဖြစ်သည်။

All Chapters