ပါရမီရှင်တစ်ယောက် ထပ်ရလိုက်ခြင်း
Vol. 31 Ch. 456
"ဝင်ခိုင်းလိုက်!"
ကျန်းကျင့်လင်း ရောက်လာသည်ဟု ကြားလိုက်ရချိန်တွင် ရှောင်းကျဲယွိ အနည်းငယ် အံ့အားသင့်ခဲ့သည်။ သို့သော်လည်း သူ့အမူအရာက အနည်းငယ်စိတ်ပျက်နေဟန် ဖြစ်နေသေးသည်။
သူက သူ့ကိုယ်သူပေါ်လွင်အောင် ကြိုးစားချင်လို့ နောက်ကျမှ ရောက်လာတာလား? ဘာပဲဖြစ်ဖြစ် ကျန်းကျင့်လင်း ပြောလာမယ့်စကားကိုတော့ သူ နားထောင်ချင်သေးတယ်။
တကယ်က သူက မာနကြီးပြီး ရင့်ကျက်မှု မရှိတဲ့သူဆိုရင် အရေးကြီးတဲ့ ရာထူးတွေမှာ ထားလို့ရမှာ မဟုတ်တော့ဘူး။ အခုတောင် သူ ခေါ်တာကို လျစ်လျူရှုနိုင်တယ်ဆိုမှတော့ နောင်မှာ သူ့အမိန့်ကို ဘယ်လိုနာခံမှာလဲ?
"ကျန်းကျင့်လင်းက ကိစ္စတစ်ခုကြောင့် နှောင့်နှေးသွားခဲ့မိပါတယ်၊ သခင်လေးက ခွင့်လွှတ်ပေးဖို့ တောင်းဆိုချင်ပါတယ်”
ဆောင်းရာသီအလယ်တွင်ပင် ကျန်းကျင့်လင်းက အဝတ်တစ်လွှာတည်းဖြင့် ဧည့်ခန်းထဲသို့ ဝင်ရောက်လာခဲ့သည်။ သူက ဝင်လာပြီးပြီးချင်း သူ့အင်္ကျီ၏ရှေ့ဖုံးကို ရုတ်တရက် မတင်ကာ ကြမ်းပြင်ပေါ်တွင် ဒူးထောက်တောင်းပန်လိုက်သည်။ သူ့မျက်နှာက မွဲခြောက်ခြောက် ဖြစ်နေပြီး သူ့မျက်ခုံးများကြာထဲတွင် စိုးရိမ်သောက ရောက်နေသည့် အရိပ်အယောင်များ ရှိနေလေသည်။
ရှောင်းကျဲယွိက မျက်ခုံးပင့်လိုက်သည်။
သူ တစ်ခုခုဖြစ်ခဲ့တာလား?
ရှောင်းကျဲယွိ၏ ယခင်မကျေနပ်မှုများ ပျောက်သွားပြီး သူက ကျန်းကျင့်လင်းဆီသို့ လျှောက်သွားလိုက်ကာ ထိုလူကို သူ့လက်နှစ်ဖက်ဖြင့် ထူမပေးလိုက်သည်။
ထိုအပြင် သူက စိုးရိမ်တကြီး ထပ်မေးလိုက်သေးသည်။
"အခု အဆင်ပြေသွားပြီလား? အကူအညီလိုသေးလား?"
ထိုစကားက ကျန်းကျင့်လင်း၏ ရင်ထဲအထိ ရောက်သွားခဲ့ပြီး သူ့မျက်လုံးထဲတွင် မျက်ရည်များ ဝဲလာခဲ့သည်။
သူက နောက်ကျခဲ့တယ်၊ ဒါပေမယ့် သခင်လေးက သူ့ကို အပြစ်မတင်တဲ့အပြင် သူ့ပြဿနာကို ကူညီဖြေရှင်းပေးချင်နေတုန်းပဲ။ ဒါဆို သူ အခု ဆေးကုသပေးဖို့ တောင်းဆိုရင် သခင်လေးက သဘောတူပေးမှာလား?
ကျန်းကျင့်လင်းက ဒူးပြန်ထောက်လိုက်ပြီး နီရဲနေသော မျက်လုံးများဖြင့် ရှောင်းကျဲယွိကို မော့ကြည့်ကာ ပြန်ဖြေလာခဲ့သည်။
"ကျေးဇူးတင်ပါတယ် သခင်လေး။ ကျွန်တော်ရဲ့အမေက မနေ့ညက ရုတ်တရက် နေမကောင်းဖြစ်ခဲ့ပါတယ်။ ကျွန်တော် ကျင်းချန်မှာရှိတဲ့ အကောင်းဆုံးသမားတော်တွေကို ဖိတ်ခေါ်ခဲ့ပေမယ့် သူတို့လည်း ဘာမှ မတတ်နိုင်ခဲ့ဘူး။ အခု သခင်လေးရဲ့စစ်တပ်သမားတော်က ဆေးပညာမှာ ထူးချွန်လွန်းတယ်လို့ ကျွန်တော် ကြားခဲ့လို့ ဒီနေရာကို အပြေးရောက်လာမိတာပါ၊ သခင်လေးအနေနဲ့ ကျွန်တော်ရဲ့အမေကို အမေ့ကို သနားငဲ့ညှာပေးပြီး အမေ့ကို ကယ်တင်ပေးဖို့ စစ်တပ်သမားတော်ကို လွှတ်ပေးနိုင်မလား? အမေကို ကုသပေးသရွေ့ ကျင့်လင်းက သခင်လေးကို နှလုံးသားနဲ့ ပြန်ပေးဆပ်ပါ့မယ်"
ဆိုတော့ သူ့အမေ နေမကောင်း ဖြစ်နေလို့တော့ သူ နောက်ကျနေတာပေါ့။
ရှေးခတ်တွင် မိဘအပေါ်ရိုသေပြီး မိဘကို ပြုစုလုပ်ကျွေးသော သားများနှင့် မြေးများကို လူတိုင်းက လေးစားကြပြီး ရှောင်းကျဲယွိကလည်း ထို့အတူပင် ဖြစ်သည်။ သူက ကျန်းကျင့်လင်းကို ပိုသဘောကျသွားခဲ့ပြီး သူကို အမြန် ထခိုင်းလိုက်ကြ စူးချင်းကို လှည့်ကြည့်လိုက်သည်။
စစ်တပ်သမားတော်မှာ ဘယ်လိုလုပ်ပြီး ဒီလိုမြင့်မားတဲ့ ဆေးပညာကျွမ်းကျင်မှု ရှိနိုင်မှာလဲ? အဲဒီဆေးတွေအားလုံးကို ချင်းအာက ပေးထားတာ မဟုတ်ဘူးလား?
"ကျွန်မ သွားကြည့်ပေးပါ့မယ်။"
စူးချင်းက ပါရမီရှင်များအပေါ်ထားသည့် ရှောင်းကျဲယွိ၏ မြတ်နိုးမှုကို သိနေပြီးဖြစ်ကာ သူ ကျန်းကျင့်လင်း၏ သားသမီးဝတ်ကျေပွန်မှုကို လေးစားနေမှန်းလည်း သူမ နားလည်နိုင်သည်။ ထို့ကြောင့် ရှောင်းကျဲယွိ ဘာမှ မပြောခင် သူမက အရင် ဝင်ပြောလိုက်သည်။
ကျန်းကျင့်လင်းက စစ်တပ်သမားတော်ထံ အကူအညီတောင်းချင်နေခဲ့ပြီး စူးချင်း သူနှင့်အတူ လိုက်ချင်နေသည်ကို သိလိုက်ရချိန် သူ့မျက်လုံးများတွင် စိုးရိမ်ရိပ်များ ပြည့်နှက်လာပြန်သည်။
ကျင်းချန်က နာမည်ကြီးသမားတော်တွေတောင် ဘာမှ မတတ်နိုင်ဘဲ လက်မှိုင်ချပြန်သွားရတာလေ။ ဒီမိန်းမငယ်လေးက ဘယ်လိုလုပ်ပြီး သူ့အမေရဲ့အသက်ကို ကယ်တင်ပေးနိုင်မှာလဲ?
ရှောင်းကျဲယွိက သူ့၏သံသယကို လှမ်းမြင်နေပြီး ပြုံးလိုက်ကာ "စစ်တပ်သမားတော်ရဲ့ ဆေးတွေက စူးသခင်မလေး လုပ်ထားတာပါ။ ကျင့်လင်း စိတ်မပူပါနဲ့"
ကျန်းကျင့်လင်းက သူ၏အစောပိုင်းသံသယများကြောင့် စူးချင်းကို အားနာသွားပြီး စူးချင်းကို လေးလေးနက်နက် ဦးညွှတ်ကာ ကျေးဇူးတင်စကားဆိုလိုက်သည်။
"ကျေးဇူးတင်ပါတယ် စူးသခင်မလေး"
စူးချင်းကတော့ မျက်နှာအမူအရာ မပြောင်းဘဲ သူ့ကို တစ်ချက် ကြည့်ကာ တံခါးအပြင်သို့ ထွက်သွားခဲ့သည်။ သူမက ယဉ်ကျေးသိမ်မွေ့သော စကားမျိုး ပြောလေ့မရှိဘဲ သူမ၏ အေးစက်ပြီး သီးသန့်ဆန်သော အမူအရာကို ထိန်းသိမ်းထားဆဲ ဖြစ်သည်။
ကျန်းကျင့်လင်းကတော့ အနည်းငယ် ရှက်ရွံ့ပြီး အားတုံ့အားနာ ဖြစ်နေခဲ့သည်။
စူးသခင်မလေးက သူ သူမအပေါ် သံသယဝင်မိလို့ စိတ်ဆိုးနေတာ ဖြစ်နိုင်တယ်။
သူက ရှောင်းကျဲယွိကို ဦးညွှတ်ကာ နှုတ်ဆက်လိုက်သည်။
"ကျွန်တော်ကို သွားခွင့်ပြုပါ၊ သခင်လေး"
“သွားသွား၊ မြန်မြန်သွား။ မင်းအမေ နေပြန်ကောင်းလာတဲ့အခါမှ ငါ့ကို လာတွေ့ပါ"
ရှောင်းကျဲယွိက ခေါင်းညိတ်ပြလိုက်ပြီး အလွန်အမင်း ယဉ်ကျေးရန် မလိုကြောင်း တုံ့ပြန်လိုက်သည်။
စူးချင်းက ကျန်းကျင့်လင်း၏အိမ်သို့ လိုက်ပါသွားခဲ့သည်။ သူတို့အိမ်က လုံးဝ ဗလာဖြစ်နေပြီး အလွန်အမင်း ဆင်းရဲနွမ်းပါးမွဲတေသူများဟု သတ်မှတ်လျှင်ပင် ချဲ့ကားခြင်း မဟုတ်ပေ။ ရွံ့အိမ်နိမ့်နိမ့်လေးထဲတွင် ကိုယ်တိုင်လုပ်ထားပုံရသည့် သစ်သားဗီရို နှစ်လုံးရှိပြီး ထိုမှတပါး အခြားသော ပရိဘောဂများ လုံးဝ ရှိမနေပေ။
ဆောင်းရာသီအလယ်တွင် ကျန်းကျင့်လင်းတစ်ယာက် ဝါဂွမ်း မပါသောအဝတ်အစားများ ဝတ်ဆင်ထားသည်မှာလည်း အံ့သြစရာမဟုတ်တော့ပေ။ သူ့မိသားစုက အလွန် ဆင်းရဲလှသည်။
ကျန်းကျင့်လင်းက စူးချင်းကို စိုးရိမ်တကြီး အကူအညီတောင်းလိုက်သည်။
"စူးသခင်မလေး၊ ကျွန်တော့်အမေကို ကြည့်ပေးပါဦး"
စူးချင်းက လူနာ၏အခြေအနေကို စစ်ဆေးရန် အထဲသို့ ဝင်သွားလိုက်ပြီး ခန်ပေါ်မှ အမျိုးသမီးက အသက်လေးဆယ်ခန့် ရှိပုံရသည်ကို သူမ တွေ့လိုက်ရသည်။ သူမ၏ မျက်နှာက သူမ နာကျင်နေမှန်း သိသာနေပြီး သူမက သူမခန္ဓာကိုယ်ကို ကွေးထားကာ ညည်းတွားရနေင်း သူမ၏ဗိုက်ကို သူမ၏လက်နှစ်ဖက်ဖြင့် ပြန်ဖိထားသည်။
စူးချင်းက ခုတင်ဘေးတွင် ထိုင်ကာ သူမ၏ သွေးခုန်နှုန်းကို စမ်းသပ်လိုက်သည်။ သူမက ထိုခပ်ပိန်ပိန်အမျိုးသမီးကို ကြည့်နေရင်း ကျန်းကျင့်လင်းက မေးမြန်းလိုက်သည်။
“ရှင့်အမေ စားသမျှ ပြန်အန်နေတာလား? ဒီလိုဖြစ်နေတာ တစ်ရက်တည်းတော့ မဟုတ်ဘူးမလား?”
“ဟုတ်ပါတယ်၊ စားသမျှ ပြန်အန်နေတာ တစ်လကျော်လောက် ရှိနေပါပြီ။ မကြာသေးမီကတော့ အမေရဲ့ဗိုက်က ဆိုးဆိုးရွားရွား ထိုးအောင့်လာပြီး သမားတော်တွေ အများကြီးလည်း လာကြည့်ပေးခဲ့တယ်။ ဒါပေမယ့် သူတို့အားလုံးက စမ်းသပ်ပြီးတာနဲ့ မကုသနိုင်တော့ဘူးလို့ ပြောခဲ့ကြတယ်”
ကျန်းကျင့်လင်းက မှန်ကန်ကြောင်း ခေါင်းညိတ်ပြလိုက်ပြီး ဖြစ်စဥ်ကိုပါ ရှင်းပြလိုက်သည်။
သူလည်း သူ့အမေရဲ့ရောဂါကို ကုသပေးဖို့အတွက် ပြီးခဲ့တဲ့ရက်အနည်းငယ်အတွင်း သူတို့တတ်နိုင်သမျှ အကုန်ရောင်းချခဲ့တယ်။ အခု ပိုက်ဆံလည်း မရှိတော့ဘူး။ စားစရာတွေလည်း ကုန်သွားနေပြီ။ အဲ့ဒါကြောင့် သူက သူ့အမေအတွက် ဆေးဖိုးရအောင် ဆောင်းဦးစာမေးပွဲကို မကြောက်မရွံ့ ဝင်ဖြေခဲ့တယ်။
ပထမဆုက လျန်တစ်ရာ ရမှာလေ၊ တတိယဆုဆိုရင်တောင် လျန်ခြောက်ဆယ် ချီးမြှင့်ခံရနိုင်သေးတယ်။ သူ့အမေရဲ့ရောဂါကိုသာ ကုသပေးနိုင်မယ်ဆိုရင် သူ နန်းတွင်းကိုလည်း ကြောက်မနေတော့ဘူး။ အဲ့ဒါအပြင် ရှောင်းမိသားစုစစ်တပ်ကလည်း သူ့နှလုံးသားထဲမှာ အရမ်းမြင့်မြတ်တဲ့နေရာတစ်ခုကို သိမ်းပိုက်ထားနိုင်ခဲ့တယ်။ စစ်သူကြီးရှောင်းဟမ်ရဲ့သား အနာဂတ်မှာ မအောင်မြင်ခဲ့ရင်တောင် သူက သခင်ရှောင်းနဲ့အတူ သေရဲတယ်။
ဘာပဲဖြစ်ဖြစ် ဝမ်မိသားစုက သူရဲ့ရန်သူပဲ။ တစ်ယောက်ယောက်က ဝမ်မိသားစုကို ဖြုတ်ချနိုင်ရင် အဲ့ဒါက သူ လက်စားချေဖို့ ကူညီတာနဲ့ အတူတူပဲ၊ သူ အဲ့လူနဲ့အတူ သေဖို့ ဆန္ဒရှိတယ်။
"စူးသခင်မလေး... အမေ့ကို ကုသပေးနိုင်မလား?"
ကျန်းကျင့်လင်းက စူးချင်း သူ့အမေ၏လက်အား ပြန်ချလိုက်သည်ကို မြင်ပြီးလိုက် သူမကို အလျင်စလို မေးလိုက်သည်။
“မင်းအမေရဲ့ အစာအိမ်ထဲမှာ ပြည်တည်နာတစ်ခု ရှိနေတယ်။ ဒီရောဂါမျိုးက အရမ်းအန္တရာယ်များပြီး ပျောက်ကင်းဖို့လည်း ခက်တယ်။ ကုသဖို့အတွက်က အနှစ်တစ်ထောင်လင်ဇီးကို သုံးပြီး ဆေးဝါးဖော်ဖို့ လိုတယ်။ ဒါပေမယ့် အခုလိုအချိန်မျိူးမှာ အနှစ်တစ်ထောင်လင်ဇီးကို ရှာဖွေဖို့တော့ ခက်ခဲလိမ့်မယ်။ ကျွန်မ ဆေးဆိုင်မှာ သက်တမ်းရင့် လင်ဇီးတစ်ခုလောက် ရနိုင်မလား သွားရှာကြည့်ဦးမယ်၊ လောလောဆယ် သုံးနှစ်လောက်အထိ အသက်ရှည်အောင် ထိန်းထားလို့ ရမယ်”
ကျန်းကျင့်လင်း၏မေးခွန်းကို ကြားလိုက်ရပြီးနောက် စူးချင်းက သူကို အပြင်သို့ ပြန်ထုတ်လာခဲ့ပြီး သူ့အမေ၏အခြေအနေကို အသေးစိတ် ရှင်းပြလိုက်သည်။
ပြည်တည်နာဆိုတာက ရှေးဟောင်းရိုးရာတိုင်းရင်းဆေးပညာက အသုံးအနှုန်းပဲ။ အနောက်တိုင်းဆေးပညာအရတော့ ဒီလိုအခြေအနေမျိုးကို အစာအိမ်ကင်ဆာလို့ သတ်မှတ်ကြတယ်။ ဒီအမျိုးသမီးရဲ့ အစာအိမ်ကင်ဆာက နောက်ပိုင်းအဆင့်ကို ရောက်နေပြီ။ သူမကို ကယ်တင်ချင်ရင် အတွင်းအင်္ဂါပြုပြင်ဆေးကို သုံးရလိမ့်မယ်။ သာမာန်ပြန်လည်ထူထောင်ရေးဆေးလုံးတွေက အလုပ်မဖြစ်တော့ဘူး။ သူမကို ကုသပေးနိုင်ဖို့ အနှစ်တစ်ထောင်သက်တမ်းရှိတဲ့ လင်ဇီးကို အသုံးပြုပြီး ဆေးဖော်ရမယ်။
ဒါပေမယ့် သာမန်ပြန်လည်ထူထောင်ရေးဆေးလုံးတွေက သူမရဲ့ရောဂါကို အရှင်းပျောက်စေမှာ မဟုတ်ဘူး။ ရောဂါပြန့်ပွားတဲ့ နှုန်းကို နှောင့်နှေးအောင်ပဲ လုပ်လို့ရနိုင်တယ်၊ အဲ့တော့ နောက်ထပ်သုံးနှစ်လောက်အထိပဲ အသက်ရှင်နိုင်လိမ့်မယ်။ ဒါပေမယ့်လည်း လက်ရှိအချိန်မှာ ဒါက အကောင်းဆုံးဖြေရှင်းချက်ဖြစ်နေပြီ။
"စူးသခင်မလေး.... သခင်မလေးက ကျွန်တော်အမေ့ကို ကယ်တင်ပေးနိုင်သရွေ့ ကျွန်တော်အသက်က သခင်မလေး အပိုင် ဖြစ်လာမှာပါ"
စူးချင်းက သူ့၏အမေကို ကယ်တင်ပေးနိုင်သည်ဟု ကြားလိုက်ချိန်တွင် ကျန်းကျင့်လင်းက ဒူးထောက်ကာ စူးချင်းအား အရိုအသေပေးလိုက်သည်။
အခု သူ့မှာ ဘာမှ မရှိတော့ဘူး၊ သူ့ဘဝနဲ့ပဲ ပြန်ဆပ်နိုင်တော့မယ်။
“ဒါက အကိုက်အခဲပျောက်ဆေး။ ရှင့်အမေရဲ့ နာကျင်မှုတွေ သက်သာစေဖို့ ဒီဆေးကို အရင် တိုက်ထားလိုက်ပါ"
စူးချင်းက ကျန်းကျင့်လင်းထံသို့ အကိုက်အခဲပျောက်ဆေး လှမ်းပေးလိုက်သည်။
ကင်ဆာဝေဒနာ လူအများစုအတွက်တော့ နာကျင်ခံခဲမှုက ဘာလိုမှကိုသည်းမခံနိုင်တဲ့အတိုင်းအတာအထိ နာကျင်ကိုက်ခဲတဲ့ ဝေဒနာပဲ။ သူမ ဒီလူနာကို ကယ်တင်ဖို့ ဆုံးဖြတ်ပြီးပြီ ဆိုမှတော့ သူမရဲ့လူနာကို နောက်ထပ် ဒုက္ခတွေ မခံစားခိုင်းချင်တော့ဘူး။
“ကျေးဇူးတင်ပါတယ် သခင်မလေးစူး”
ကျန်းကျင့်လင်းက စူးချင်းကို အလွန့်အလွန် ကျေးဇူးတင်နေလေသည်။ စူးချင်းက ခေါင်းညိတ်လိုက်ပြီး ယဥ်ကျေးနေစရာ မလိုကြောင်း ပြောလိုက်သည်။
“ကျွန်မ လင်ဇီးရှာပြီး ဆေးသွားဖော်လိုက်ဦးမယ်။ ရှင်က ရှင့်အမေအတွက် ဂျုံယာဂု ကျိူပြီး တိုက်ထားလိုက်ဦး!"
“ပြီးတော့ ဒါက ပိုးသတ်ဆေး။ ယာဂုမတိုက်ခင် ဆေးအရင်တိုက်လိုက်"
စူးချင်းက ကျန်းကျင့်လင်းထံသို့ နောက်ထပ်ပိုးသတ်ဆေးတစ်လုံး ထပ်ပေးလိုက်ပြီး ဆေးတိုက်ရမည့်အချိန်ကိုပါ ညွှန်ကြားကာ ကျန်းမိသားစုမှ ပြန်ထွက်ခွာလာခဲ့သည်။
"အမေ၊ ကျွန်တော်တို့ လူကောင်းတစ်ယောက်နဲ့ တွေ့ခဲ့ပြီ"
သူမ ခြံတံခါးသို့ ရောက်ချိန်တွင် စူးချင်းက ကျန်းကျင့်လင်း၏အသံကို ကြားလိုက်ရသည်။ ထိုအသံကြောင့် သူက ကျေးဇူးသိတတ်သူတစ်ယောက်ဖြစ်ပြီး ယခုအချိန်တွင် သူမက သူ့အမေကို ကယ်တင်ပေးခဲ့သဖြင့် သူက ရှောင်းကျဲယွိအပေါ်တစ်သက်လုံး သစ္စာစောင့်သိသွားတော့မည်ကို စူးချင်းခန့်မှန်းနိုင်ခဲ့သည်။
ကျန်းမိသားစုမှ ထွက်ခွာလာပြီးနောက် စူးချင်းက မြို့အတွင်းရှိ ဆေးဆိုင်များအားလုံးသို့ သွားကာ လင်ဇီးများအားလုံးကို ရှာဖွေဝယ်ယူနေခဲ့သည်။ စစ်ပွဲများအပြီးတွင် ထိခိုက်ဒဏ်ရာရသူများ ပိုများလာပြီး သူမ၏စနစ်ထဲတွင် သိမ်းထားသည့်လင်ဇီးများ မရှိတော့ပေ။ ထို့ကြောင့် သူမ တတ်နိုင်သမျှ အမြန်ဆုံး ပြန်ဖြည့်ထားရမည်ပင်။
စူးချင်းက ကျန်းကျင့်လင်း၏မိခင်အတွက် ဆေးရှာနေချိန်တွင် ရှောင်းကျဲယွိက ချန်ချင်းကျိုးကို ရာထူးယူစေခဲ့ပြီး ကျင်းချန်ကို တာဝန်ယူရန် ညွှန်ကြားစေခဲ့သည်။
စုန့်ဖူကိုလည်း ရုံးတော်တွင်ပင် နေစေကာ ချန်ချင်းကျိုးကို အရင်ကူညီခဲ့ပြီး ရှောင်းကျဲယွိက ကျန်စာဖြေသူ ငါးဦးထံသို့လည်း သူ့လူများကို စေလွှတ်ခဲ့ပြီး သူ့နောက်ကို လိုက်ရန် ဆန္ဒရှိနေသရွေ့ နောင်တစ်ချိန်တွင် တရားဝင်ရာထူးများ ပေးအပ်မည်ဟု ပြောခိုင်းခဲ့သည်။
နောက်ဆုံးတော့ သူတို့မှာ သတ္တိရှိ၊ မရှိဆိုတဲ့ အပေါ်မှာပဲ မူတည်တော့တယ်။
ရှောင်းကျဲယွိ မျှော်မှန်းထားသည့်အတိုင်း ဤလူငါးဦးစလုံးက သွေးရဲသောလူငယ်လေးများ ဖြစ်ကြသည်။ သူတို့က စာမေးပွဲကိုပင် ရဲရဲဝံ့ဝံ့ ဖြေဆိုခဲ့ကြသောကြောင့် ရှောင်းမိသားစုစစ်တပ်နှင့်အတူ ပြည်သူများအတွက် တိုက်ပွဲဝင်ရန် ဆန္ဒရှိနေခဲ့ကြသည်။
သူတို့ငါးယောက်လုံး လေ့ကျင့်နိုင်ရန် နေရာများ ခွဲဝေပေးပြီးနောက်တွင် ရှောင်းကျဲယွိက ကိုယ်ခံပညာစာမေးပွဲအတွက် စတင်ပြင်ဆင်ခိုင်းလိုက်သည်။
စစ်သည်တစ်ထောင်ကို ရှာရန်လွယ်ကူသော်လည်း စစ်သူကြီးတစ်ယောက်ကို ရှာရန် ခက်ခဲလှသည်။ ရှောင်းကျဲယွိက စစ်သူကြီးကောင်းတစ်ဦးကို ရှာဖွေရန် ကိုယ်ခံပညာစာမေးပွဲ ကျင်းပရန် ဆုံးဖြတ်ခဲ့သည်။ စစ်သူကြီးတစ်ဦးအနေဖြင့် သိုင်းပညာတွင် ထူးချွန်ရမည့်အပြင် စစ်ပွဲအနုပညာကို နားလည်းပြီး စစ်ရေးဗျုဟာများကို ကျွမ်းကျင်ရမည် ဖြစ်သည်။
ရှောင်းကျဲယွိနှင့် စူးချင်းတို့က တိုက်ပွဲတိုင်းကို ကိုယ်တိုင်ကိုယ်ကျ တိုက်ခိုက်ကြမည် မဟုတ်ပေ။ သူနှင့် စူးချင်းတို့ လော့ချန်သို့ သွားရောက် တိုက်ခိုက်မည်ဆိုလျှင်ပင် ကျင်းချန်ကို ကာကွယ်ရန် တပ်ဖွဲ့များကို ဦးဆောင်နိုင်မည်လူများ လိုအပ်နေဆဲ ဖြစ်သည်။
ထို့ကြောင့် နောက်ထပ် စစ်သူကြီးအနည်းငယ်ကို ရွေးချယ်လိုက်ခြင်းက အကောင်းဆုံး ဖြစ်သည်။ ဤရွေးချယ်ပွဲပြီးသွားသည်နှင့် ကျင်းချန် ကာကွယ်မည့် တပ်ဖွဲ့ဝင်အတွက် ခေါင်းဆောင်တစ်ဦး ရှိလာပေလိမ့်မည်။
ရှောင်းကျဲယွိက ကိုယ်ခံပညာစာမေးပွဲ ကျင်းပမည်ဟု ကြားလိုက်ရချိန်တွင် ထိုလူငါးယောက်က သူတို့ မှန်ကန်သည့်လူနောက်သို့ လိုက်ခဲ့မိကြောင်း ရှင်းရှင်းလင်းလင်း မြင်နိုင်လာကြသည်။
နောက်ဆုံးတော့ ဘာပဲဖြစ်ဖြစ် သူက စစ်သူကြီးမင်းရှောင်းဟမ်ရဲ့သားလေ။ သူရဲ့ခြေလှမ်းတွေက တည်ငြိမ်လွန်းတဲ့အပြင် ရှေ့ကို မာန်ပါပါနဲ့ လျောက်လှမ်းနေပြီ။ ဒီလို ဥာဏ်ပညာပြည်ဝတဲ့ ခေါင်းဆောင်နောက်ကို လိုက်မှသာ သူတို့လည်း ပြည်သူတွေကို အလုပ်အကျွေးပြုရင်း သူတို့ရဲ့ဂုဏ်သတင်းကို တည်ဆောက်နိုင်လိမ့်မယ်။
ရှောင်းကျဲယွိက နောက်ငါးရက်အကြာတွင် ကိုယ်ခံပညာစာမေးပွဲကို ကျင်းပရန် စီစဥ်ခဲ့ပြီး ဤငါးရက်က လူတိုင်းအတွက် ပြင်ဆင်ချိန်ဖြစ်သည်။ ရှောင်းကျဲယွိတစ်ယောက် ကျင်းချန်၌ စစ်သူကြီးများ ရွေးချယ်ရန် ပြင်ဆင်နေချိန်တွင် မြို့တော်၌ရှိနေသည့် ဝမ်ရှန်းချန်က ကျောက်မီးသွေးတွင်းမှ လွတ်မြောက်သွားသော စစ်သူကြီးနှင့် တွေ့ဆုံနေပြီ ဖြစ်သည်။