ထိပ်ဆုံးသုံးယောက်
Vol. 31 Ch. 455
."ချင်းအာက ဒီစာရှစ်ပိုဒ်စာစီစာကုံးကို နားလည်တယ်လား?"
ရှောင်းကျဲယွိက သူ့ခေါင်းကို မော့ကာ အပြုံးဖြင့် မေးလိုက်သည်။
သူ တစ်ညလုံး စာမေးပွဲစာရွက်တွေကို စစ်ဆေးပြီး အမှတ်အသားတွေ လုပ်နေခဲ့ပေမယ့် ချင်းအာက ဘာမှ ဝင်မပြောခဲ့ဘူး။ ဒါပေမယ့် ချင်းအာရဲ့အမြင်က အရမ်းကောင်းပုံရတယ်။ နောက်ဆုံးတော့ ဘာပဲဖြစ်ဖြစ် ဒီစာရှစ်ပိုဒ်လုံးစာစီစာကုံးတွေက အရမ်း ရှုပ်ထွေးပြီး သာမန်အမျိုးသမီးတွေ လုံးဝ မဖတ်နိုင်ကြဘူးလေ။
“ကျွန်မက ဒီလက်ရေးက မဆိုးဘူးလို့ တွေးမိရုံပါပဲ၊ ဒီလက်ရေးမှာ အရမ်းခိုင်မာတဲ့ ပုံစံတစ်ခု ရှိတယ်၊ အဲ့တော့ ဒီဖြေဆိုသူက ရည်မှန်းချက် အရမ်းကြီးတဲ့သူ ဖြစ်နိုင်တယ်လို့ ကျွန်မ ယူဆတယ်”
စူးချင်းက ပြုံးလိုက်ပြီး သူမ၏ခံစားချက်တွေကိုသာ ပြောပြလိုက်သည်။
ဒီစာရှစ်ပိုဒ်စာစီစာကုံးဆိုတာ ဘာလဲ? သူမ သိတောင်မသိဘူးလေ၊ ဘယ်လိုလုပ်ပြီး ပြောတတ်မှာလဲ?
“ဟား ဟား၊ အဲ့ဒါတော့ အမှန်ပဲ၊ လူတစ်ယောက်ရေးတဲ့ စာလုံးတွေက အများအားဖြင့် အဲ့လူနဲ့ တူတယ်။ ချင်းအာလည်း ဒီလူကို အရင်က မြင်ဖူးတယ်လေ”
ရှောင်းကျဲယွိက ရယ်မောကာ ခေါင်းညိတ်ပြလိုက်ပြီး စူးချင်းလည်း ထိုလူကို သိနေသောကြောင့် သူက စူးချင်းကို တမင်တကာ မှန်းဆခိုင်းလိုက်သည်။
ရှောင်းကျဲယွိက စူးချင်း ခဏတဖြုတ် အချိန်ယူကာ မှန်းဆရမည်ဟု တွေးထားခဲ့ပြီး သူမက ထိုသူ မည်သူမည်ဝါဖြစ်သည်ကို ချက်ချင်း ခန့်မှန်းနိုင်လောက်အောင် ထက်မြက်နေလိမ့်မည်ဟုတော့ သူ မမျှော်လင့်ထားပေ။
"အဲ့ဒါ ချန်ချင်းကျိုး?"
"ချင်းအာက အံ့သြစရာပဲ၊ တော်လိုက်တာ၊ မှန်တယ်၊ သူပဲ”
ရှောင်းကျဲယွိက စူးချင်းကို အံ့သြတကြီး စိုက်ကြည့်ကာ ချီးကျူးလိုက်သည်။
သူရဲ့ချင်းအာက ကမ္ဘာပေါ်မှာ ဉာဏ်အကောင်းဆုံး အမျိုးသမီးလေးပဲ။ သူမရဲ့ခန့်မှန်းချက်က လုံဝ ကွက်တိ မှန်တယ်။
“သူ့လက်ရေးက အရမ်းကောင်းသလို သူ့ရဲ့စာပေစွမ်းရည်ကလည်း ပထမတန်းစားပဲ၊ သူ့မှာ ရည်မှန်းချက်အကြီးကြီးတွေ ရှိမှန်းသိသာနေပြီး တိုင်းပြည်ကို အုပ်ချုပ်ဖို့နဲ့ ပြည်သူတွေအတွက် ငြိမ်းချမ်းရေး ယူဆောင်ပေးနိုင်တဲ့ အရည်အချင်းတွေ ရှိတယ်၊ ကျင်းချန်ကို သူ့ဆီလက်လွှဲပေးနိုင်ရင် ကိုယ်တို့ စိတ်ချလို့ရပြီ"
ချန်ချင်းကျိုးအပေါ် ရှောင်းကျဲယွိ၏ အကဲဖြတ်မှုက မြင့်မားလွန်းပြီး သူ ထိုလူကို မည်မျှ သဘောကျကြောင်း သိသာထင်ရှားနေခဲ့သည်။
"အဲဒါ ကောင်းတယ်။ ကျင်းချန်အတွက် သေချာစီမံပြီးတာနဲ့ လော့ချန်ကို သွားဖြိုချပစ်မယ်”
စူးချင်းက လော့ချန်ကို တိုက်ခိုက်သိမ်းပိုက်ရန်သာ အမြဲတွေးတောနေသူ ဖြစ်သည်။
ဒီအတောအတွင်းမှာ သူမ သံရိုင်းတွင်းကို ပြေးကြည့်ခဲ့သေးတယ်။ ရွှေရှန့်ရဲ့ထောင်ချောက်တွေက အရမ်းကောင်းတယ်။ ဝမ်မိသားစုစစ်တပ်က လူတွေ အဲ့တောင်ပေါ်မှာ ရက်ပေါင်းများစွာ လှည့်ပတ်ရှာဖွေနေခဲ့ကြပေမယ့် အဲ့သံရိုင်းတွင်းကို ရှာမတွေ့ကြသေးဘူး။ သူမ သူတို့နဲ့ထိပ်တိုက်တွေ့ခဲ့ပြီး သူတို့ငရဲဘုရင်ဆီ ပို့ပေးခဲ့တယ်။
လက်ရှိမှာ သံရိုင်းတွင်းက လုံခြုံနေသေးတယ်။ ဒါပေမယ့် ဒါက ယာယီအတွက်ပဲ အဆင်ပြေလိမ့်မယ်။ သူမတို့ လော့ချန်ကို တတ်နိုင်သမျှ အမြန်ဆုံး ဖြုတ်ချနိုင်မှပဲ သံရိုင်းတွင်းက အပြည့်အဝ လုံခြုံသွားလိမ့်မယ်။
"ချင်းအာ၊ ဒီကိုလာ"
ရှောင်းကျဲယွိက စူးချင်း သူ့ပေါင်ပေါ်တွင် ထိုင်နိုင်ရန် သူမကို ဆွဲခေါ်လိုက်ပြီး သူမ၏နူးညံ့ပြီး မွှေးကြိုင်သော ခန္ဓာကိုယ်လေးကို သူ့လက်နှစ်ဖက်ဖြင့် ရစ်ပတ်ပွေ့ဖက်ထားလိုက်သည်။ သူ့မျက်နှာက ရွှင်လန်းနေပြီး သူ ထိန်းမနိုင်သိမ်းမရ ပျော်ရွှင်နေပုံရသည်။
“မင်းအတွက် သတင်းကောင်း ရှိတယ်။ စာပေစာမေးပွဲနဲ့ မတူတာက ရှောင်းမိသားစုစစ်တပ်အတွက် တပ်သားသစ် စုဆောင်းမှုက ထူးထူးခြားခြား တက်ကြွနေတယ်၊ သူတို့က အရမ်းစိတ်အားထက်သန်နေကြပြီး လွန်ခဲ့တဲ့ သုံးရက်အတွင်း တပ်ထဲကို ဝင်ဖို့ စာရင်းလာသွင်းတဲ့သူ တစ်ထောင်ကျော်ရှိတယ်။ ဒီလူတွေကြားထဲကနေ သင့်တော်တဲ့ စစ်သူကြီးတွေ ရွေးချယ်ဖို့တော့ ကိုယ် စီစစ်ရဦးမှာပေါ့လေ။ သိပ်မကြာခင် ရက်အနည်းငယ်အတွင်း စာရင်းလာသွင်းတဲ့သူ နှစ်ထောင်ကျော်ရှိလာလိမ့်မယ်လို့ ကိုယ် ယုံကြည်တယ်။ ကိုယ်တို့ရဲ့စစ်အင်အားကို တိုးချဲ့ပြီးတာနဲ့ လော့ချန်ကို သိမ်းပိုက်ဖို့ဆိုတာ အချိန်တစ်ခုပဲ ကြာလိမ့်မယ်”
ရှောင်းကျဲယွိက အမှန်တကယ် ဝမ်းသာနေခဲ့သည်။ သူက ထူးထူးခြားခြား ဉာဏ်ရည်ထက်မြက်သော ဉာဏ်ကြီးရှင်တစ်ယောက်ကို ရရှိခဲ့ပြီး ချန်ချင်းကျိုး၏ရလဒ်က သူ့မျှော်လင့်ချက်များထက် ကျော်လွန်နေခဲ့ပြီ ဖြစ်သည်။ ထို့အပြင် တပ်သားသစ်စုဆောင်းရေးကလည်း မယုံနိုင်လောက်အောင် အောင်မြင်ခဲ့သောကြောင့် အရာအားလုံးက ချောမွေ့လွန်းနေခဲ့သည်။
"အရမ်းကောင်းတယ်"
စူးချင်းက စိတ်အားထက်သန်ပြီး တက်ကြွနေသော ရှောင်းကျဲယွိကို ကြည့်ကာ သူ့အတွက်ဝမ်းသာနေမိသည်။
တကယ်တော့ အောင်မြင်ချင်ရင် မျှော်လင့်ရုံပဲ မျှော်လင့်နေပြီး ထိုင်နေလို့ မရဘူး။ ကိုယ့်ဘက်ကနေ စတင်တိုက်ခိုက်ရမယ်။ တိုက်ပွဲတွေကနေတဆင့် ရှောင်းမိသားစုစစ်တပ်မှာ ဝမ်မိသားစုစစ်တပ်ကို အနိုင်ယူနိုင်တဲ့ စွမ်းအားနဲ့ အရည်အချင်း ရှိတယ်ဆိုတာ သက်သေပြရမယ့်အချိန်ရောက်လာပြီ၊ အဲ့ဒါကို မြင်မှပဲ သာမန်အရပ်သားတွေက စစ်တပ်ဝင်ရဲတော့မှာပေါ့။
“ဒီတစ်ကြိမ် ဆောင်းဦးစာမေးပွဲ ဖြေဆိုတဲ့သူ ဆယ့်တစ်ယောက်မှာ သုံးယောက်ကတော့ အလယ်အလတ် လောက်ပဲ။ ဒါပေမယ့် ကျန်တဲ့ ရှစ်ယောက်လုံးက အရမ်းတော်လွန်းနေတယ်”
ရှောင်းကျဲယွိက သူ့အတွက် အရည်အချင်းရှိသည့်သူများ အရေးတကြီး လိုအပ်နေကြောင်းနှင့် သတ္တိနှင့် အရည်အချင်းရှိသရွေ့ ထိုလူများကို သူ ခေါ်ထားချင်ကြောင်း စူးချင်းကို ပြောပြနေခဲ့သည်။
"ရှင် အားလုံးကို ခေါ်ထားမှာလား?"
စူးချင်းက အပြုံးဖြင့် ပြန်မေးလိုက်သည်။
"အင်း။ ကိုယ် သူတို့ကို ပျိုးထောင်ပေးဖို့ စီစဉ်ထားတယ်။ လက်ရှိ ကျင့်ရှီလျိုမြောင်ရဲ့ စီရင်စုအမတ်က နန်းတွင်းက လွှတ်ထားတဲ့သူပဲ။ ကိုယ် သူ့နေရာမှာ အခြားသူကို အစားထိုးဖို့ ဆုံးဖြတ်ထားတယ်။ တော်ဝင်တရားရုံးရဲ့အရာရှိတွေကို ကိုယ်တို့နယ်မြေထဲမှာ ထားဖို့ မဖြစ်နိုင်ဘူး။ ပြီးတော့ သိပ်မကြာ လော့ချန်ကို ဖြုတ်ချနိုင်လိမ့်မယ်၊ အဲဒီနေရာအတွက်လည်း စီရင်စုအမတ်အသစ် လိုလာလိမ့်မယ်”
ရှောင်းကျဲယွိက စုန့်ဖူ၏ အဖြေစာရွက်ကို ထောက်ပြလိုက်သည်။ လက်ရှိစာမေးပွဲစနစ်အရ ဤပုဂ္ဂိုလ်က ထိပ်တန်းအောင်မြင်သူ ဖြစ်သင့်ပြီး လော့ချန်သို့ စီရင်စုအမတ်အဖြစ်ရန် စေလွှတ်ရန် သင့်တော်သည်။ တတိယနေရာမှ ကျန်းကျင့်လင်းအား ကျင့်ရှီလျိုမြောင်သို့ စီရင်စုအမတ်အဖြစ် စေလွှတ်ရမည်သူ ဖြစ်သည်။ လောလောဆယ်တွင် ထိုရာထူးသုံးခုသာ လစ်လပ်နေပြီး ကျန်သည့်လူများကို ရုံးတော်များတွင် တာဝန်ထမ်းဆောင်စေကာ ရာထူးများ လစ်လပ်သည်နှင့် ချက်ချင်း ရာထူးတိုးမြှင်ခန့်ထားရန် လျာထားရမည် ဖြစ်သည်။
"ရှင် အကောင်းဆုံးလို့ သတ်မှတ်ပြီးရင် တွေးမနေနဲ့ လုပ်သာ လုပ်လိုက်"
စူးချင်းက ဤအရာရှိရာထူးများကို စိတ်မဝင်စားပေ။ သူမက စစ်ရေးကိုသာ စိတ်ဝင်စားသု ဖြစ်သည်။
ဝမ်မိသားစုစစ်တပ် မြန်မြန်ကျရှုံးလေလေ သူမနဲ့ ရွှေ့ရှန့်က သူမရဲ့ဆန္ဒအတိုင်း အေးအေးချမ်းချမ်း နေထိုင်နိင်မယ့်ဘဝလေးကို မြန်မြန်ဆန်ဆန် ရရှိနိုင်လေလေပဲ။
နောက်ဆုံးတွင် ထိပ်တန်းသုံးဦးကို ရွေးချယ်ခဲ့ပြီး ရှောင်းကျဲယွိက ဧကရာဇ်မဟုတ်သေးသောကြောင့် တော်ဝင်မိသားစုသုံးသော ထိပ်တန်းသုံးဦး၏အမည်များကို အသုံးမပြုနိုင်သေးပေ။ ထို့ကြောင့် ပထမ၊ ဒုတိယနှင့် တတိယနေရာများကိုကိုယ်စားပြုရန် ချင်းယွင်၊ ကျန်းဖုန်းနှင့် ယွိယွဲ့ဟူသော အမည်များကို အသုံးပြုခဲ့သည်။
ထိုလူသုံးဦးကို ရွေးချယ်ပြီးနောက် ရှောင်းကျဲယွိက ထိုလူများ၏ နောက်ခံသမိုင်းကြောင်းကို အရင်စုံစမ်းရန် သူ့လူများကို အမိန့်ပေးလိုက်သည်။ သူတို့က တော်ဝင်ရုံးတော်၏ သူလျှိုများမဟုတ်ကြောင်း အတည်ပြုပြီးသာ သတင်းကောင်းပေးပို့ရန် သူ့လူများကို စေလွှတ်ခဲ့သည်။
သူ စာမေးပွဲတွင် ပထမ ရခဲ့ပြီး သူတို့သုံးယောက်ကို ရုံးတော်သို့ ဆင့်ခေါ်ကြောင်း သိလိုက်ရချိန်တွင် ချန်ချင်းကျိုးတစ်ယောက် အလွန်အကျွံ စိတ်လှုပ်ရှားနေပြီး တစ်ညလုံး အိပ်မပျော်နိုင်ဖြစ်နေခဲ့သည်။
သူ ရှို့ချိုက်ဖြစ်လာတာ ဆယ်နှစ်ကျော်နေပြီ၊ ဆောင်းဦးစာမေးပွဲကို သုံးကြိမ်တိုင်တိုင် ပါဝင်ဖြေဆိုခဲ့ဖူးတယ်၊ ဒါပေမယ့် သူ ကျွီရန်တောင် ဖြစ်မလာခဲ့ဘူး။ လက်ဖက်ရည်ဆိုင်မှာ သခင်လေးရှောင်းနဲ့ မတွေ့ခင်အထိ သူ့အရည်အချင်းတွေက တန်ဖိုးအထားမခံရဘူးလို့ သူ အမြဲတမ်း ခံစားခဲ့ရတယ်။ အခုတော့ သူ့ရည်မှန်းချက်တွေကို အကောင်အထည်ဖော်ဖို့ အချိန်ရောက်လာပြီဟု သူ တွေးနေမိတာကြောင့် အရမ်းစိတ်လှုပ်ရှားနေမိတယ်။
(t/n: ရှို့ချိုက် - ခရိုင်အဆင့်စာမေးပွဲ အောင်မြင်သူ။ ကျွီရန်- ပြည်နယ်အဆင့်စာမေးပွဲ အောင်မြင်သူ)
ရုံးတော်တွင် ရှောင်းကျဲယွိက စိတ်အားထက်သန်သော ချန်ချင်းကျိုးနှင့် စုန့်ဖူတို့ကိုသာ တွေ့လိုက်ရပြီး တတိယနေရာမှ အောင်မြင်သူ ဖြစ်သည့် ကျန်းကျင့်လင်းကို မတွေ့ခဲ့ရပေ။
ထိုအရာက ရှောင်းကျဲယွိကို အနည်းငယ် စိတ်ပျက်သွားစေခဲ့သည်။
ဒီလူက ရည်မှန်းချက်ကြီးပေမယ့် အမြင်ကျဉ်းမြောင်းပြီး စိတ်အပြာင်းအလဲမြန်တဲ့သူ ဖြစ်နိုင်တယ်။
သူက တတိယနေရာကို ဂရုမစိုက်မှတော့ ထားလိုက်တော့။ သူ့နေရာမှာ စတုတ္ထနေရာက ဝူရှန်းယန်ကို အစားထိုး မြှင့်တင်ပေးလိုက်မယ်။
ရှောင်းကျဲယွိက ကျန်းကျင့်လင်းအကြောင်းကို အကြာကြီး မစဥ်းစားတော့ဘဲ သူက ချန်ချင်းကျိုးကို ကြည့်ကာ မေးလိုက်သည်။
"ချန်ချင်းကျိုး၊ ငါ မင်းကို ကျင်းချန်ရဲ့စီရင်စုအမတ်အဖြစ် ခန့်ထားချင်တယ်။ မင်းမှာ လက်ခံဖို့ သတ္တိရှိလား?"
အုပ်ချုပ်သူတစ်ယောက်က အရည်အချင်း ရှိနေရုံနဲ့ မလုံလောက်သေးဘူး။ သတ္တိလည်း ရှိရမယ်။ အခု သူက ဧကရာဇ် မဟုတ်သေးဘူး။ ဒီတော့ ဒီလူက စီရင်စုအမတ်လုပ်ဖို့ သတ္တိရှိ မရှိ ကြည့်ကြရအောင်။
"ကျွန်တော် လက်ခံပါတယ်။ ရာထူးခန့်အပ်တဲ့အတွက်လည်း သခင်လေးကို ကျေးဇူးတင်ပါတယ်။ ကျွန်တော် ဇွဲမလျှော့ဘဲ အစွမ်းကုန် ကြိုးစား အလုပ်လုပ်ပါ့မယ်။ ကျင်းချန်ကို ကြီးပွားတိုးတက်လာစေပြီး ပြည်သူကို မမောမမန်း အလုပ်အကျွေးပြုပါ့မယ်လို့ ကတိပေးပါတယ်"
ရှောင်းကျဲယွိက သူ့ကို ကျင်းချန်၏စီရင်စုအမတ် အဖြစ် ကမ်းလှမ်းလိက်ချိန်တွင် ချန်ချင်းကျိုးလည်း အလွန်စိတ်လှုပ်ရှားသွားခဲ့သည်။ သူက ရှောင်းကျဲယွိကို ကျေးဇူးတင်ရန် ဒူးထောက်လိုက်ပြီး ရှောင်းကျဲယွိ၏ မျှော်လင့်ချက်အတိုင်း သူ အသက်ရှင်မည်ဟု ကတိပေးလိုက်သည်။
ကျင်းချန်က ချမ်းသာကြွယ်ဝသော နေရာဖြစ်ပြီး တော်ဝင်ရုံးတော်အတွက် အမြတ်အစွန်းရစေသည့် နေရာတစ်ခု ဖြစ်သည်။ ပုံမှန်အားဖြင့် တော်ဝင်စာမေးပွဲတွင် အမှတ်အများ ရသည့် ပါရမီရှင်ပင်လျှင် ကျင်းချန်၏စီရင်စုအမတ် ဖြစ်လာရန် အရည်အချင်း မပြည့်မီပေ။
လက်ရှိအနေအထားတွင် ရှောင်းကျဲယွိက ဧကရာဇ်မဟုတ်သောကြောင့် ဧကရာဇ်က ခန့်အပ်ခြင်း မဟုတ်သည့်တိုင် တော်ဝင်ရုံးတော်က ကျင်းချန်ကို ဘယ်တော့မှ ပြန်သိမ်းယူနိုင်တော့မည်မဟုတ်ကြောင်း ချန်ချင်းကျိုး သိထားပြီး ဖြစ်သည်။ သူက ရှောင်းကျဲယွိ၏ယုံကြည်မှုကို ရခဲ့ပြီး ဤသခင်လေး၏ ယုံကြည်မှုနှင့်အညီ သူ နေထိုင်နိုင်မည်ဟု ယုံကြည်နေခဲ့သည်။
“ဂုဏ်ယူပါတယ် အစ်ကိုချန်၊ ဂုဏ်ပြုပါတယ်" စုန့်ဖူက ချန်ချင်းကျိုးအတွက် ပျော်ရွှင်နေပြီး သူ့ကို ဂုဏ်ပြုရန် ရှေ့တိုးလာခဲ့သည်။
စူးချင်းက စုန့်ဖူကို ဘေးမှ စောင့်ကြည့်နေခဲ့ပြီး သူ့မျက်လုံးများတွင် မာနာလိုခြင်းနှင့် စိတ်ပျက်ခြင်း အရိပ်အယောင်များ မရှိဘဲ သဘောရိုးနှင့် ဂုဏ်ပြုနေကြောင်း အတိုင်းသား မြင်နေခဲ့သည်။ ထို့ကြောင့် သူက စိတ်သဘောထား ကျယ်ပြန့်သူဟု သူမ သတ်မှတ်လိုက်သည်။
ရှောင်းကျဲယွိကလည်း စုန့်ဖူကို စောင့်ကြည့်အကဲခတ်နေခဲ့သည်။ လော့ချန်က ကျင်းချန်ထက် ပိုအရေးကြီးသောကြောင့် သတ္တိမရှိသည့်သူ၊ အမြင်ကျဉ်းသည့်သူကို အသုံးပြုရန် မဖြစ်နိုင်ပေ။ ထို့ကြောင့် သူက ယခုလက်ရှိ စုန့်ဖူ၏စွမ်းဆောင်မှုက အလွန်ကျေနပ်နေခဲ့သည်။
ထို့နောက်တွင် ရှောင်းကျဲယွိက အပြုံးဖြင့် ထပ်ပြောလိုက်သည်။
"စုန့်ဖူ၊ လောလောဆယ်တော့ မင်းလည်း ကျင်းချန်ကို စီမံခန့်ခွဲရာဖို့ ချန်ချင်းကျိုးကို ကူညီပေးရလိမ့်မယ်။ သိပ်မကြာခင်မှာ မင်းအတွက် အရေးကြီးတဲ့ရာထူးတစ်ခု ရောက်လာလိမ့်မယ်"
"ကျေးဇူးတင်ပါတယ် သခင်လေး" စုန့်ဖူကလည်း သူ ဤမျှအရေးကြီးသောတာဝန်တစ်ခု အပ်နှင်းခံရရန် မမျှော်လင့်ထားခဲ့ပေ။ သူလည်း အလွန်စိတ်လှုပ်ရှားသွားပြီး ရှောင်းကျဲယွိကို ကျေးဇူးတင်ရန် ဒူးထောက်ထိုင်ချလိုက်သည်။
ရှောင်းကျဲယွိက သူ့ကို ထူမပေးလိုက်ပြီး ချန်ချင်းကျိုးနှင့် စုန့်ဖူတို့ကို ထိုင်ခုံများ၌ ထိုင်စေခဲ့သည်။ ထို့နောက် သူက သူတို့နှင့် ပွင့်ပွင့်လင်းလင်း စကားပြောရင် သူ့ဘက်မှ စတင်လိုက်သည်။
“ကျုပ် သစ္စာဖောက် ဝမ်ရှန်းချန်ကို အနိုင်ယူပြီးတာနဲ့ ပြည်သူတွေအတွက် ငြိမ်းချမ်းမှုနဲ့ သာယာဝပြောမှုတွေ ပြန်ပေးမယ်။ ခင်ဗျားတို့နှစ်ယောက် ကျုပ်နောက်ကို တသက်လုံးလိုက်ဖို့ ဆန္ဒရှိရဲ့လား?"
"ချန်ချင်းကျိုးက သေတဲ့အထိ သခင်လေးနောက်ကို လိုက်ဖို့ ဆန္ဒရှိပါတယ်"
"ဒီစုန့်ဖူက သခင်လေးနောက်ကို လိုက်ဖို့ ဆန္ဒရှိပါတယ်"
သူတို့ နှစ်ယောက်လုံးတွင် ကြောက်ရွံ့နေသည့် အရိပ်အယောင်မရှိဘဲ သူတို့က သူတို့၏သစ္စာစောင့်သိမှုကို ဖော်ပြရန် ဒူးထောက်ကာ ကတိပေးလိုက်ကြသည်။
ဒီစုတ်ပျက်ကျိုးပဲ့နေတဲ့ မင်းဆက်ကို ဖြုတ်ချသင့်တာ ကြာနေပြီ။ သူတို့လည်း ပြည်သူတွေ ငြိမ်းငြိမ်းချမ်းချမ်း နေနိုင်ဖို့ သခင်လေးနဲ့အတူ တိုက်ပွဲဝင်ချင်တယ်။
ရှောင်းကျဲယွိကလည်း ဤပါရမီရှင်နှစ်ယောက်ကို လက်ခံရရှိခဲ့သည့်အတွက် အလွန် ပျော်ရွှင်နေခဲ့သည်။ သူက သူတို့နှစ်ယောက်ကို ကြိုဆိုရန် စီရင်စုရုံးတော်တွင် ဂုဏ်ပြုပွဲ ကျင်းပပေးခဲ့သည်။ တော်ဝင်ရုံးတော်၏စည်းမျဉ်းအရဆိုလျှင် ဤထိပ်တန်းပညာရှင်သုံးဦးကို ဆုချီးမြှင့်ရမည် ဖြစ်သည်။
ရှောင်းကျဲယွိက သူတို့ကို တော်ဝင်ရုံးတော်၏စည်းမျဉ်းများမှ ထိပ်တန်းပညာရှင်သုံးဦးအတွက် ဆုကြေးနှင့်အညီ ဆုချီးမြှင့်ခဲ့သည်။ ပထမဆုရှင်အတွက် ငွေစ လျန်တစ်ရာနှင့် ဒုတိယဆုရှင်အတွက် လျန်ရှစ်ဆယ် ချီးမြှင့်ခဲ့သည်။ ချန်ချင်းကျိုးက ဆင်းရဲသော မိသားစုမှ ဆင်းသက်လာပြီး ဤငွေလျန်တစ်ရာက သူ့အတွက် များစွာ အထောက်အကူ ဖြစ်စေပေလိမ့်မည်။ သူက စိတ်လှုပ်ရှားစွာ မတ်တတ်ထရပ်လိုက်ပြီး ရှောင်းကျဲယွိကို ကျေးဇူးတင်လိုက်သည်။
"ကျေးဇူးတင်ပါတယ် သခင်လေး"
စုန့်ဖူ၏မိသားစုက ကုန်သည်မျိုးရိုး ဖြစ်သည်။ သူတို့ထံတွင် ငွေမရှားသော်လည်း အဆင့်အတန်း မရှိကြပေ။ သူက ပိုက်ဆံကို ဂရုမစိုက်ဘဲ သူ့ဘိုးဘေးများအတွက် သူတို့မိသားစု၏ ဂုဏ်သိက္ခာကို မြှင့်တင်ချင်နေသူ ဖြစ်သည်။ သို့သော်လည်း သူက ချန်ချင်းကျိုးနှင့်အတူ ရှောင်းကျဲယွိကို ကျေးဇူးတင်ကြောင်း ဖော်ပြခဲ့သည်။
"သခင်လေး၊ ကျန်းကျင့်လင်းက အပြင်ဘက်မှာ ရှိနေပြီး သခင်လေးကို တွေ့ခွင့်ရဖို့ တောင်းဆိုနေပါတယ်"