← Chapters

အလွန်အမင်း နှစ်သက်ခံရခြင်း

Vol. 31 Ch. 452

အလွန်အမင်း နှစ်သက်ခံရခြင်း

Vol. 31 Ch. 452

စူးချင်းနှင့် ရှောင်းကျဲယွိတို့ အနာဂတ်ကို စောင့်မျှော်ကာ စိတ်ကူးယဥ်နေကြချိန်တွင် ပန်းပဲဆရာက လူတစ်စုကို ခေါ်ဆောင်လာခဲ့သည်။ ဤလူများက လမ်းပေါ်တွင် ရှိနေသည့် သာမန်ပြည်သူများသာ ဖြစ်သည်။ ရှောင်းမိသားစုစစ်တပ် ဤနေရာတွင် ရှိနေသည်ဟု ကြားလိုက်ရချိန်တွင် လူတိုင်းက ပန်းပဲဆရာလိုမျိုး စိတ်လှုပ်ရှားသွားကြပြီး သူတို့ကို တွေ့ချင်လာကြသည်။

လူများစွာက ရှောင်းမိသားစုစစ်တပ်ကို ချစ်မြတ်နိုးကြောင်း စူးချင်းလည်း မြင်လိုက်ရပြီး ရှောင်းကျဲယွိကို အပြုံးဖြင့် လှမ်းပြောလိုက်သည်။

"ရွှေရှန့်၊ ဒါက ရှင့်အဖေ ရှင့်အတွက် ချန်ထားပေးခဲ့တဲ့ အကောင်းဆုံးလက်ဆောင်ပဲ"

ရှောင်းမိသားစုစစ်တပ်အနေဖြင့် လူအများ၏ချစ်ခင်မှုကို ရရှိခဲ့ခြင်းက စစ်သူကြီးရှောင်းဟမ်က သူတို့အတွက် အကောင်းဆုံးလုပ်ဆောင်ခဲ့ပြီး သူတို့ကို သူ့ကိုယ်သူ နှစ်မြုပ်ကာ ပြည်သူများကို အကြွင်းမဲ့သော စိတ်နှလုံးဖြင့် ဂရုတစိုက် ကာကွယ်ပေးခဲ့သောကြောင့် ဖြစ်သည်။ ထို့ကြောင့် နှစ်ပေါင်းများစွာကြာပြီးသည့်တိုင် လူအများက သူ့ကို တမ်းတနေကြခြင်း ဖြစ်သည်။

“အင်း၊ ကိုယ်လည်း အဖေလိုမျိုး ဖြစ်ချင်တယ်၊ အနာဂတ်မှာ တိုင်းသူပြည်သားတွေ အတွက် ငြိမ်းငြိမ်းချမ်းချမ်းနဲ့ နေထိုင်လုပ်ကိုင်စားသောက်နိုင်မယ့် ဘဝမျိုးတွေ ဖန်တီးပေးချင်တယ်၊ ပြည်သူတွေကို ချစ်မြတ်နိုးပြီး သူတို့ကို စောင့်‌ရှောက်ပေးနိုင်တဲ့သူ ဖြစ်ချင်တယ်”

ရှောင်းကျဲယွိလည်း အလွန်စိတ်လှုပ်ရှားနေခဲ့သည်။

သူ ဒီလူတွေကို ငြိမ်းချမ်းပြီး ချမ်းသာပျော်ရွှင်တဲ့ဘဝတွေ ပေးချင်တယ်။ သူတို့ အငတ်ဘေးတွေ စစ်ဘေးတွေကို ကြောက်နေစရာ မလိုဘဲ ပျော်ပျော်ရွှင်ရွှင်နဲ့ အပူအပင်ကင်းကင်း နေထိုင်နေကြတာကို သူ မြင်ချင်မိတယ်။ သာယာဝပြောတဲ့ ခေတ်တစ်ခေတ်ကို သူ တည်ဆောင်နိုင်ရမယ်။

သာမန်အရပ်သားများက ပန်းပဲဆိုင်၏အဝင်ဝတွင် စုရုံးနေကြပြီး ရှောင်းကျဲယွိကို စိတ်လှုပ်ရှားစွာ လှမ်းကြည့်နေကြသည်။ အချို့သော သက်ကြီးရွယ်အိုများက စစ်သူကြီးရှောင်းဟမ်ကို မြင်ဖူးသူများ ဖြစ်နေသောကြောင့် သူတို့က စစ်သူကြီးရှောင်းဟမ် ပြန်ရောက်လာသည်ဟု ခံစားနေကြရသည်။ သူတို့က ‘စစ်သူကြီးရှောင်း’ဟု ရေရွတ်ရင်း စိတ်လှုပ်ရှားမှုကို မထိန်းနိုင်ဘဲ မျက်ရည်များ စီးကျလာကြသည်။

"စစ်သူကြီးရှောင်း၊ နောက်ဆုံးတော့ စစ်သူကြီးမင်း ပြန်ရောက်လာပြီ။ စစ်သူကြီးမင်း ရှိနေသရွေ့ လူတွေအားလုံး အေးချမ်းသာယာတဲ့ဘဝကို ပိုင်ဆိုင်နိုင်ကြလိမ့်မယ်”

လူတိုင်း၏အော်သံများကို နားထောင်နေရင်း ရှောင်းကျဲယွိ၏ သွေးများ ဆူပွက်လာခဲ့သည်။ သူက ပန်းထိမ်ဆိုင်၏အဝင်ဝတွင် ရပ်နေပြီး သူ့အကြည့်များက ရိုးသားသောမျက်နှာများစွာပေါ်သို့ လွှမ်းခြုံသွားခဲ့သည်။

ဒီလူတွေကို ကာကွယ်ပေးဖို့ သူ့ သွေးတွေကို ဖောက်ထုတ်ရမယ်ဆိုရင်တောင် သူ တုံ့ဆိုင်းနေတော့မှာ မဟုတ်ဘူး။

ရှောင်းကျဲယွိက သူ့လက်ဖဝါးကို ထောင်ကာ အောက်ဘက်သို့ နှိမ့်ချပြလိုက်ပြီး လူတိုင်းက အလိုအလျောက် ပါးစပ်ပိတ်သွားကာ သူ့ကို စိတ်အားထက်သန်စွာ လှမ်းကြည့်နေကြပြန်သည်။ ရှောင်းကျဲယွိက လူတိုင်းကြားနိုင်လောက်မည့်အသံဖြင့် အော်ပြောလိုက်သည်။

“သားက ဖခင်ရဲ့နာမည်ကို မယူသင့်ဘူးဆိုတဲ့ စကားရှိတယ်။ ကျုပ်က စစ်သူကြီးရှောင်းရဲ့သား ရှောင်းကျဲယွိပါ။ အခုကစပြီး ရှောင်းမိသားစုစစ်တပ်က ကျင်းချန်ကို သိမ်းပိုက်လိုက်ပြီ။ လူတိုင်း ပုံမှန်ဘဝနဲ့ နေထိုင်နိုင်တယ်။ ရှောင်းမိသားစုစစ်တပ်က ခင်ဗျားတို့ရဲ့လုံခြုံရေးကို ကာကွယ်ပေးမယ်။ ကျင်းချန်ရဲ့ စီရင်စုအမတ်က ခင်ဗျားတို့ အပေါ် အနိုင်ကျင့်ခဲ့တာတွေရှိရင် ရုံးတော်ကို သတင်းပို့တိုင်ကြားနိုင်တယ်။ လူတိုင်းရဲ့ မကျေနက်မှုတွေကို တရားနည်းလမ်းအတိုင်း ဖြေရှင်းပေးမယ်”

ရှောင်းကျဲယွိ၏စကားကို ကြားလိုက်ရချိန်တွင် လူများက ပို၍ပင် စိတ်လှုပ်ရှားလာကြသည်။ သူတို့အားလုံးက သတင်းဖြန့်ရန် ပြန်သွားကြသည်။ သူတို့ နှစ်ပေါင်းများစွာ ဖိနှိပ်ခံခဲ့ရပြီး ယခုအချိန်တွင် သူတို့အတွက် တရားမျှတမှုများ ကူညီရှာဖွေပေးနိုင်သူ ရောက်ရှိလာပြီ ဖြစ်သည်။

အရပ်သားများ ပြန်ထွက်ခွာသွားပြီးနောက် စူးချင်က သူ့ကို ပြုံးပြုံးလေး စိုက်ကြည့်နေသည်ကို ရှောင်းကျဲယွိ တွေ့လိုက်ရသည်။ သူကလည်း သူမနည်းတူ လိုက်ပြုံးလိုက်ပြီး သူမ၏ပုခုံးကို ဖက်ကာ တိုးတိုးလေး ကပ်မေးလိုက်သည်။

"ကိုယ်ရဲ့ချင်းအာက ဘာတွေ သဘောကျနေတာလဲ?"

"ရှင်က အခုတောင်မှ အာဏာရှင်ကြီးရဲ့ဟန်ပန်နဲ့ လေသံတွေ ရှိနေပြီပဲ"

စူးချင်းက ပြုံးပြီး "ဘာပဲဖြစ်ဖြစ် ကျွန်မက ဒီလိုလူမျိုးကို သဘောကျတယ်။ သူ့ရဲ့ခန့်ညားတဲ့ အုပ်စိုးရှင်ဟန်ပန်ကိုလည်း သဘောကျတယ်။ ​သူက ဖြောင့်​မတ်​တယ်။ အဲဒါကြောင့် သူက လူတွေရဲ့ စိတ်နှလုံးသား ပိုင်ဆိုင်နိုင်တယ်။ သူက သူ့အရည်အချင်းနဲ့ ကျင်းချန်ကို တည်ငြိမ်အောင် ထိန်းထားနိုင်လိမ့်မယ်။ ဆိုးရိုးစကားတစ်ခု ရှိတယ်လေ၊ နဂါးက နဂါးကို မွေးပြီး ဖီးနစ်က ဖီးနစ်ကို မွေးတယ်တဲ့”

လက်ရှိတွင် ရှောင်းကျဲယွိက ကြီးမားသော စည်းရုံးရေးဗျုဟာကို ထုတ်ဖော်လိုက်ပြီ ဖြစ်သည်။

စူးချင်း၏ချီးကျူးစကားများကို ကြားလိုက်ရပြီးနောက် ရှောင်းကျဲယွိက စိတ်အခြေအနေကောင်းနေပုံဖြင့် ရယ်မောနေခဲ့သည်။ သို့သော်လည်း ခဏအကြာတွင် သူ့မျက်နှာက ပြန်တည်တံ့သွားပြီး လေးနက်လာခဲ့သည်။

“ချင်းအာ၊ ကိုယ် ကျင်းချန်ရဲ့စီရင်စုအမတ်ကို ဖမ်းပြီး ရဲမက်အားလုံးကို အလုပ်ထုတ်ပစ်လိုက်မယ်။ ဒီလူတွေ အားလုံးက ပြည်သူတွေအပေါ် အမြတ်ထုတ်ပြီး လုယက်ခဲ့တဲ့ လူဆိုးတွေပဲ။ ပြီးတော့ စပါးကျီကို ဖွင့်ပြီး ကောက်နှံတွေ ဝေပေးမယ်၊ ရှောင်းမိသားစုစစ်တပ် ရှိနေရင် သူတို့ ဆာလောင်တော့မှာ မဟုတ်ဘူးဆိုတာ လူတိုင်း သိစေရမယ်။ ကိုယ်တို့ ကျင်းချန်အတွက် စီရင်စုအမတ်တစ်ယောက် ရွေးဖို့လည်း ပြန်စီစဉ်ရမယ်။ လော့ချန်ကို တိုက်ခိုက်ဖို့ ကျင့်ရှီလျိုမြောင်နဲ့ မော့ချန်က စစ်သည်တွေကို လှမ်းမခေါ်ချင်ဘူး။ ကိုယ် ကျင်းချန်မှာ တပ်သားအသစ်တွေ စုဆောင်းပြီး စစ်အင်အား တိုးချဲ့မယ်”

ရှောင်းကျဲယွိက သူ၏အတွေးအမြင်များကို စူချင်းအား ပြောပြပြီး သူမနှင့် ဆွေးနွေးတိုင်ပင်ရန် စကားစလိုက်သည်။ သူ့ထံတွင် ယခုခေတ်မှ ယောက်ျား၏ မိန်းမများအပေါ် ထားတတ်သည့် နိုင်ထက်စီးနင်း အပြုအမူမျိုး မရှိပေ။ သူက စူးချင်းကို အလွန် လေးစားပြီး သူမ၏ထင်မြင်ချက်များအား နားထောင်ရခြင်းကို သဘောကျသူ ဖြစ်သည်။

“အင်း၊ ရှင့်အတွေးတွေက ဖြစ်နိုင်လောက်တယ်။ လူတို့ရဲ့စိတ်နှလုံးကို သိမ်းပိုက်နိုင်တာနဲ့ ကျွန်မတို့ မအောင်မြင်စရာ အကြောင်းမရှိဘူး။ လက်ရှိ ရှောင်းမိသားစုစစ်တပ်အပေါ် ထားတဲ့ ပြည်သူတွေရဲ့ မေတ္တာကို အခြေခံပြီး ကျွန်မတို့ဘက်ကနေ ကျင်းချန်တစ်နယ်လုံး သာယာဝပြောလာအောင် လုပ်ရမယ်၊ ကြင်နာမှုရော ခွန်အားကိုပါ အသုံးချပြီး အခြေအနေအားလုံးကို ထိန်းချုပ်ထားနိုင်ရမယ်။ ဒါပေမယ့် စီရင်စုအမတ်ကို ဖမ်းပြီး ရဲမက်တွေကို ဖယ်ရှားဖို့ကတော့.... ကျင်းချန်ကို စောင့်‌ရှောက်ဖို့ ရှင် ဘယ်သူ့ကို တာဝန်ပေးမှာလဲ?"

စူးချင်းက ရှောင်းကျဲယွိ၏အကြံဥာဏ်ကို သဘောတူသော်လည်း ကျင်းချန်တွင် စီရင်စုအမတ် မရှိပါက သူမတို့ ကျင်းချန်တွင် ပိတ်မိနေပြီး သူမတို့ ထိုးစစ် နှောင့်နှေးသွားမည်ကိုတော့ သူမ စိုးရိမ်နေသေးသည်။

"အင်း... ကိုယ် တွေးထားတာက ကျင်းချန်ရဲ့ပတ်ဝန်းကျင်မှာ ရှိတဲ့ အရည်အချင်းရှိတဲ့ လူတွေကို စုဝေးစေမယ်၊ ပြီးရင် ဆောင်းဦးစာမေးပွဲ ကျင်းပပေးပြီး သူတို့ထဲက အထူးချွန်ဆုံးလေတွေကို ရာထူးရွေးချယ် ခန့်ထားပေးချင်မယ်"

(T/N: ဒီနားလေးမှာ ပြောချင်တာတစ်ခု ရှိလို့ပါ၊ တရုတ်ရှေးဟောင်းsettingတွေမှာ တိုင်းပြည်၊ ပြည်နယ် (Province/State) ၊ စီရင်စု (Prefecture) ၊ ခရိုင် (County)၊ မြို့၊ ရွာ အဲ့လိုမျိူး သတ်မှတ်တာပါ၊ ဆောင်းဦးစာမေးပွဲဆိုတာက သူတို့ရဲ့ အမှုထမ်းရွေးချယ်တဲ့ စနစ်ပါ၊ အဆင့်သုံးဆင့်နဲ့ ကျင်းပတာမျိုးပေါ့.... ခရိုင်/ ပြည်နယ်/နန်တွင်း အဆင့်သုံးဆင့်မှာ ပြည်နယ်အဆင့်ကို ဆောင်းဦမှာ ကျင်းပပြီး ဆောင်းဦးစာမေးပွဲလို့လည်း ခေါ်တယ်။ ဒီနေရာမှာကတော့ စီရင်စုပဲ ရှိသေးပေမယ့် အချိန်အခါလည်း မဟုတ်ပေမယ့် Etran မှာ ဆောင်းဦးစာမေးပွဲလို့ သုံးထားလို့ အဲ့တိုင်းလေးပဲ ရေးလိုက်တယ်နော်)

ရှောင်းကျဲယွိက ထိုကိစ္စကိုလည်း ကြိုတွေးထားပြီးသား ဖြစ်သည်။ ယခုအချိန်တွင် သူ အလိုအပ်ဆုံးအရာက လူတစ်ယောက်ချင်းစီ၏ပင်ကိုယ်စွမ်းရည်များ ဖြစ်သည်။ ထို့ကြောင့် ထိုအရည်အချင်းရှိသူများကို သူ ရွေးထုတ်ရမည်ဖြစ်ပြီး ဆောင်းဦးစာမေးပွဲက အကောင်းဆုံးနည်းလမ်း ဖြစ်သည်။

"မဆိုးဘူး၊ ဒါက အကြံကောင်းပဲ"

စူးချင်း၏ မျက်လုံးများက တောက်ပလာပြန်ပြီး ရှောင်းကျဲယွိကို ကြည့်နေသည့် သူမ၏မျက်ဝန်းများတွင် ချစ်မြတ်နိုးမှုများ ပိုတိုးလာခဲ့သည်။

သူက တကယ်ပဲ စာပေရော သိုင်းပညာ ထူးချွန်တဲ့ပုဂ္ဂိုလ်ပဲ။

ရှောင်းကျဲယွိက ကျင်းချန်၏စီရင်စုအမတ်နှင့် စိရင်စုရုံးတော်ကို ချုပ်ကိုင်နိုင်ရန် သူ့၏ကိုယ်ရံတော်များအား ဦးဆောင်ခဲ့ပြီး ထိုလူများကို အကျဥ်းချထားရန် အမိန့်ပေးခဲ့သည်။ ထို့နောက် ပြည်သူများ၏ တိုင်ကြားစာများကို လက်ခံရရန် ရုံးတော်၏တံခါးများကို ဖွင့်လှစ်ပေးခဲ့သည်။ အရာအားလုံးက နည်းစနစ်ကျကျဖြင့် ချောချောမွေ့မွေ့ ပြီးဆုံးသွားခဲ့သည်။

ထိုကိစ္စများကို စီမံပြီးနောက် ရှောင်းကျဲယွိက စူးချင်း၏လက်ကို ဆုပ်ကိုင်ထားကာ သူမကို ပြုံးပြရင်း လှမ်းပြောလိုက်သည်။

"ချင်းအာ၊ ကိုယ်တို့ တစ်ခုခု သွားစားရအောင်"

“အင်း”

စူးချင်းက သူမ၏ အေးစက်သောလက်လေးကို အုပ်ကိုင်လိုက်သည့် သူ့၏လက်ဖဝါးကြီးမှ နွေးထွေးမှုကို ခံစားလိုက်ရပြီး ထိုနွေးထွေးမှုက သူမဆီမှ အအေးဓာတ်ကို မောင်းထုတ်နိုင်ပုံရသည်။ စူးချင်းက ချစ်ခြင်းမေတ္တာ နောက်သို့ အရူးအမူးလိုက်နေသည့် မိန်းမငယ်လေးများကဲ့သို့ ဖြစ်နေပြီး သူမ၏ မျက်လုံးများတွင် ကြယ်ရောင်များ ပြည့်နှက်နေကာ သူမ၏အပြုံးများက ပျားရည်စမ်းထားသလို ချိုမြနေလေသည်။

နောက်ဆုံးတွင် မြို့ကို သိမ်းပိုက်ဝင်ရောက်လာသူများက ရှောင်းမိသားစု၏စစ်တပ်မှ လူများဖြစ်နေသည်ကို မြို့တွင်းရှိ သာမန်အရပ်သားများအားလုံး သိသွားကြသည်။ ဟူလူမျိုးများနှင့် နန်မန်လူမျိုးများ မဟုတ်သောကြောင့် သူတို့ မကြောက်ကြတော့ဘဲ ရှောင်းမိသားစုစစ်တပ်၏ ရောက်ရှိလာမှုကို ကြိုဆိုရန် အိမ်တိုင်းအိမ်တိုင်း တံခါးဖွင့်ထားကြသည်။ လမ်းဘေးဆိုင်များလည်း အလျင်အမြန် ပြန်ဖွင့်လာကြပြီး ကျင်းချန်က ပြန်လည် သက်ဝင်တက်ကြွလာခဲ့သည်။

ရှောင်းကျဲယွိက ဤသာယာဝပြောသောအခြေအနေကို ကြည့်နေပြီး အနာဂတ်တွင် လူများအားလုံး ယခုကဲ့သို့ ပျော်ရွှင်နိုင်ကြရန် မျှော်လင့်နေမိသည်။ သူ့မျက်လုံးများက မျှော်လင့်ချက်ရောင်ခြည်များဖြင့် တောက်ပနေခဲ့သည်။

ရှောင်းကျဲယွိက စူးချင်းကို လက်ဖက်ရည်ဆိုင်တစ်ဆိုင်သို့ ခေါ်သွားပေးခဲ့သည်။ ဤလက်ဖက်ရည်ဆိုင်က အရသာရှိသော အစားအသောက်များကို တည်ခင်းပေးပြီး သပ်ရပ်စွာ အလှဆင်ထားသည်။ သူတို့ ရောက်သွားချိန်တွင် လက်ဖက်ရည်ဆိုင်၌ စားသုံးသူများ အများကြီး ရှိနေပြီ ဖြစ်သည်။ လက်ဖက်ရည်ဆိုင်ထဲသို့ ချောမောလှပသော အမျိုးသမီးတစ်ဦးနှင့် ခန့်ညားသော အမျိုးသားတစ်ဦး ဝင်လာသည်ကို တွေ့လိုက်ရချိန်တွင် သူတို့အားလုံးက ထိုနှစ်ဦးကို ငေးကြည့်နေကြတော့သည်။

"အဲဒါ စစ်သူကြီး‌‌ရှောင်းရဲ့သား"

တစ်စုံတစ်ယောက်က စတင်အော်ဟစ်လိုက်သောကြောင့် လက်ဖက်ရည်ဆိုင်ရှိ စားသုံးသူများ အားလုံး မတ်တတ်ထရပ်ကာ ရှောင်းကျဲယွိအား စိတ်ရင်းမှန်သော မျက်လုံးများဖြင့် ကြည့်နေကြသည်။ ထိုအပြုအမူများက ရှောင်းမိသားစုစစ်တပ်ကို ကြိုဆိုခဲ့သည့်အချိန်ကနှင့် အတူတူသာ ဖြစ်ပြီး ဆိုင်ရှင်ကိုယ်တိုင် သူတို့ကို လာရောက်ဧည့်ခံပေးခဲ့သည်။ သူက ရှောင်းကျဲယွိကို ပြုံးပြနေပြီး လက်သီးအုပ်ကာ တရိုတသေ နှုတ်ဆက်လာခဲ့သည်။

“သခင်လေးရှောင်း ရောက်ရှိလာတာက ဒီနိမ့်ကျတဲ့ဆိုင်လေးအတွက် ဂုဏ်ယူစရာပါ။ သီးသန့်ခန်းမှာ အနားယူဖို့ သခင်လေးရှောင်းကို ဖိတ်ခေါ်ပါရစေ”

"ကောင်လေး၊ သခင်လေးရှောင်းအတွက် ရေနွေးဇလုံ ယူလာပေးဦး"

ဆိုင်ရှင် သူဌေးက စူးချင်းနှင့် ရှောင်းကျဲယွိတို့၏ခန္ဓာကိုယ်ပေါ်မှ သွေးမျး တွေ့သွားပြီး သူတို့ သန့်ရှင်းရေးလုပ်ရန် ရေယူလာပေးဖို့ စားပွဲထိုးကို အဆောတလျင် ညွှန်ကြားလိုက်သည်။ သူက ရှောင်းကျဲယွိနှင့် စူးချင်းတို့အတွက် အကောင်းဆုံး လက်ဖက်ရွက်ကိုလည်း ပြင်ဆင်ခိုင်းခဲ့သည်။

သူဌေးက အရမ်းသတိထားနေပြီး ရှောင်းကျဲယွိကို မယုံနိုင်လောက်အောင် ဂရုစိုက်ပေးနေခဲ့သည်။ စူးချင်းက ထိုသို့လူများနှင့် ဆက်ဆံရခြင်းကို အသားမကျသေးဘဲ သူမ၏ထိုင်ခုံတွင် သွားထိုင်ကာ ရှောင်းကျဲယွိနှင့် စကားပြောရန် တစ်ဦးချင်းစီ ဝင်လာနေသည့် လူများကို စောင့်ကြည့်နေခဲ့သည်။ ရှောင်းကျဲယွိကတော့ သူတို့နှင့် စိတ်ရှည်ရှည် စကားပြောပေးနေခဲ့သည်။

စူးချင်းကတော့ ထိုသို့သော ချဉ်းကပ်မှုမျိုးကို လုံးဝ လက်မခံနိုင်သေးပေ။ သူမက သူမ၏ အအေးဓာတ်ကို အလိုအလျောက် ထုတ်ဖော်ထားခဲ့ပြီး ဖြည်းညှင်းစွာ စားသောက်နေကာ တင်းမာသောအမူအရာဖြင့် ထိုင်နေခဲ့သည်။

နေ့ရောညပါ အလုပ်လုပ်ပြီးတောက် သူမ ပင်ပန်းနွမ်းနဘ်နေသည့်အပြင် အေးစက်မှုနှင့် ဆာလောင်မှုကို ခံစားနေခဲ့ရသည်။ လက်ဖက်ရည်ပူပူလေးတစ်ခွက်သောက်ပြီးချိန်တွင် သူမ၏တစ်ကိုယ်လုံး နွေးထွေးသွားသလို ခံစားလိုက်ရပြီး ဤလက်ဖက်ရည်ဆိုင်မှ လက်ဖက်ရည်က အရသာရှိကြောင်း သူမ သတ်မှတ်ပေးလိုက်သည်။

ချိုမြပြီး ရေငတ်ပြေစေတယ်။ တကယ်ကို ထိပ်တန်းအဆင့်ပဲ။

နောက်ဆုံးတွင် ရှောင်းကျဲယွိတစ်ယောက် စိတ်အားထက်သန်သော အရပ်သားများကို ဧည့်ခံခဲ့ပြီး ဖြစ်သည်။ သူ နောက်သို့ ပြန်လှည့်ကြည့်လိုက်ချိန်တွင် လက်ဖက်ရည်ကို အေးအေးဆေးဆေး အရသာခံကာ သောက်နေသည့် စူးချင်းကို တွေ့လိုက်ရသည်။

သူက အပြုံးဖြင့် သူမကို စနောက်လိုက်သည်။

"အနာဂတ်ရဲ့တိုင်းပြည်မိခင်ကြီးက အနာဂတ်ပြည်သူတွေနဲ့ ရောနှောနေရမှာ မဟုတ်ဘူးလား?"

"ဟင့်အင်း၊ သူတို့ ကျွန်မကို ကြောက်နေတာကိုပဲ ကျွန်မ လိုချင်တာ"

စူးချင်းက သူမ၏ခွက်ထဲမှ လက်ဖက်ရည်ကို တစ်ကျိုက်တည်း မော့သောက်လိုက်ပြီး သူမ၏ လက်ဖက်ရည်ခွက်ကို ပြန်ချလိုက်ကာ သူမ၏မျက်ခုံးကို ပင့်လိုက်ရင်း သူ့ကို အေးစက်စက် လှမ်းကြည့်နေခဲ့သည်။

“ဟား ဟား၊ ကောင်းပြီ၊ ပြောတာ ကောင်းတယ်”

ရှောင်းကျဲယွိက စူးချင်း၏ပြက်လုံးကို သဘောကျနေခဲ့သည်။

ဟုတ်တာပေါ့.... ဟုတ်တာပေါ့.... အုပ်စိုးရှင်ကြီးတစ်ယောက်အနေနဲ့ လူတွေနဲ့ ဆက်ဆံရေးကောင်းဖို့ မလိုအပ်ဘူး။ လူတွေက သူ့ကို ကြောက်နေဖို့ပဲ လိုတယ်။ အကြောက်တရားရှိနေမှ သူ့ကို လေးစားမှာလေ။ ချင်းအာရဲ့ စကားတွေက မှန်ပေမယ့် လက်ရှိအချိန်မှာတော့ သူက ပြည်သူတွေကို သိမ်းသွင်းရဦးမယ်။ သူ အေးတ်အေးစက်နဲ့ ခပ်ခွာခွာနေလို့ မဖြစ်သေးဘူး။ ဒါပေမယ့် သူ ဘယ်လောက် ဖော်ရွေနေပါစေ ဒီလူတွေကို အရမ်းနီးတဲ့နေရာအထိလည်း တိုးလာခွင့် မပေးနိုင်ဘူး။

ရှောင်းကျဲယွိက မျက်နှာသုတ်ပုဝါကို ရေနွေးထဲသို့ စိမ်လိုက်ပြီး ရေပြန်ညှစ်ကာ စူးချင်းအား လှမ်းပေးလိုက်ရင်း "ကိုယ် ကူသုတ်ပေးရမလား?"

စူးချင်း၏မျက်နှာတွင် ရန်သူများ၏သွေးများ စွန်းထင်းနေဆဲဖြစ်ကာ ထိုအရာက ရှောင်းကျဲယွိ၏နှလုံးသားကို နာကျင်နေစေသည်။ ထို့ကြောင့် သူက သူ ကူသုတ်ပေးရန် ကမ်းလှမ်းလိုက်သည်။ စူးချင်းက မျက်လုံးများ မှိတ်ချလိုက်ပြီး ရှောင်းကျဲယွိ၏ ဂရုစိုက်မှုကို လက်ခံရန် အဆင်သင့် စောင့်ဆိုင်းနေတော့သည်။ သူမ၏ ထိုအပြုအမူက ရှောင်းကျဲယွိကို ပို၍ နူးညံ့သွားစေပြီး သူ့၏လက်ချောင်းများ စူးချင်း၏ချောမွတ်သောမျက်နှာလေးနှင့် ပွတ်တိုက်မိသွားချိန်တွင် သူ့ရင်ထဲ၌ ပလောင်ဆူလာပြန်သည်။

ရှောင်းကျဲယွိက စူးချင်း၏နှုတ်ခမ်းရဲရဲလေးများကို နမ်းရန် ခေါင်းငုံလိုက်သော်လည်း တစ်စုံတစ်ယောက်က သီးသန့်ခန်း၏တံခါးကို တွန်းဖွင့်လိုက်သည်။

All Chapters