ပိုကြီးသောငါးများ .... ။
Vol. 39 Ch. 457
မိန်ယန်ပိုင်နှင့် အခြားသူများသည် စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။ ကံကြမ္မာအတွက်လာခြင်း ဖြစ်သော်လည်း ထောင်ချောက်အတွင်းပိတ်မိခဲ့၏။
ဝင်္ကပါပညာတွင် ကျွမ်းကျင်သော မိန်ယန်ပိုင်ပင်လျှင် သူ့ဝှက်ဖဲများ အသုံးပြုပြီး နောက်တွင်၌ ရုန်းမထွက်နိုင်ခဲ့ချေ။
အဆင်မပြေမှုများ ဆက်တိုက် ကြုံဆုံလာသော် မည်သူသည် စိတ်အခြေအနေ ကောင်းနိုင်မည်နည်း။ အထူးသဖြင့် သူတို့သည် အလွန်ဆိုးရွားသော အခြေအနေ၌ ပိတ်မိနေချိန်ဖြစ်၏။
“ စုရီ၊ မင်းဘာလို့ တချိန်လုံး ပုန်းနေရတာလဲ။ ”
မိန်ယန်ပိုင်က အော်ဟစ်လိုက်သည်။
“ ငါပုန်းနေတယ်လို့ ဘယ်သူပြောလဲ ငါဒီနေရာမှာ တစ်ချိန်လုံးရှိနေခဲ့တာ ... မင်းငါ့ကို မမြင်ရအောင် မျက်စိကန်းနေလာလား။ ”
ထို့နောက်တွင် စုရီအသွင်သည် လေဟာနယ်ကိုခွဲပြီး ထွက်ပေါ်လာသကဲ့သို့ သူတို့ရှေ့ ပေါ်လာသည်။
လက်တစ်ဖက် နောက်ပို့လျက် ကျန်တစ်ဖက်တွင် တောက်ပြောင်သော ရွှေကြိုး တစ်ချောင်း ကိုင်ထား၏။
“ မင်းရဲ့ အကူအညီအတွက် ကျေးဇူးအများကြီးတင်ပါတယ် မဟုတ်ရင် ငါ့အတွက် အချိန်ပေးရလိမ့်မယ် ... ဒါကြောင့် မင်းရဲ့ ရတနာတွေ ပေးစရာမလိုပါဘူး။ ”
ဤစကားကြောင့် အံ့အားသင့် သွားကြလေသည်။ ထို့နောက် လူတိုင်းသည် သံသယဖြင့် ဖုန်တုထံ ကြည့်လာ၏။
“ စုရီ၊ အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်တွေနဲ့ ကစားဖို့မကြိုးစာနဲ့ ။ ”
ဖုန်တုမှ ထိတ်လန့်တကြားပြန်အော်၏။ ထို့နောက် မိန်ယန်ပိုင်နှင့်အဖွဲ့ထံ ပြန်ကြည့်ကာ၊
“ ဒီနေရာကို စုရီသိမ်းပိုက်လိုက်ပြီလို့ လမ်းမှာ ငါတစ်ကြိမ်ထက်ပိုပြီး သတိပေးခဲ့တယ် ဒါပေမယ့် မင်းတို့က ဒီဝှက်ဖဲတွေနဲ့ ကံကြမ္မာကို ဖမ်းဆုပ်နိုင်မယ်လို့ ထင်တဲ့အတွက် ငါနဲ့အတူ လိုက်လာခဲ့ကြတာပဲ ငါ့အပေါ် အထင်မလွဲနဲ့။ ”
-ဟု ပြန်လှည် ဖြေရှင်းလိုက်၏။
သို့မှသာ လူတိုင်း ဖုန်တုမှ သတိပေးခဲ့ကြောင်း ပြန်သတိရလာတော့သည်။ ချင်ယွင်က တွေဝေနေဟန်ဖြင့်၊
“ အစ်ကိုဖုန် ... မင်းငါ့တို့ကို ထောင်ချောက်ထဲ တကယ်ပဲ ဆွဲခေါ်ခဲ့တာ မဟုတ်ဘူး မဟုတ်လား။ ”
“ ဟမ့် ... စောစောက မင်းတို့ ရောက်လာတုန်း ဒီဝင်္ကပါကို ဖြိုဖျက်နိုင်တာမို့ ကြာကန်ဆီသွားရအောင်ဆိုပြီး ... အစ်ကိုမိန်ပဲ ဦးဆောင်ခဲ့တာ မဟုတ်လား ... ဒါဆို မင်းတို့ ဘာလို့ ငါ့ကို အပြစ်တင်ချင်နေတာလဲ။ ”
ဤအဖြေက မိန်ယန်ပိုင်ကို မျက်နှာမည်းမှောင်လျက် ပြောစရာစကားလုံး မဲ့သွားစေသည်။
“ ကံကြမ္မာအတွက် တိုက်ပွဲဝင်တဲ့အခါ အမှားအမှန်ဆိုတာ မရှိပါဘူး အရေးကြီးတာက အနိုင်နဲ့အရှုံးကို အသိအမှတ်ပြုပြီး ...
... ဘာဆက်လုပ်ရမလဲဆိုတာ မင်းတို့ ဆုံးဖြတ်ဖို့ပါပဲ အခု မင်းတို့ဆုံးဖြတ်ချက်ချရမယ့် အချိန်ရောက်ပြီ။ ”
စုရီမှ ပြုံးလျက် ပြောကြားလိုက်သည်။ ဆိုလိုသည်မှာ ရှင်သန်ရန်အတွက် ရတနာများ စွန့်လွှတ်ရန်ဖြစ်၏။ မဟုတ်သော် သတ်ပြီး ယူမည်ဟု အဓိပ္ပါယ်ရသည်။
“ ငါတို့ မင်းကိုရတနာတွေပေးရင် မင်းတကယ်လွှတ်ပေးမှာလား ။ ”
သော်ခိုမှ ပထမဆုံး တုန့်ပြန်သည်။
“ သဘာဝပါပဲ ... မင်းရဲ့အသက်နဲ့ သေခြင်းတရားကို မင်းရဲ့ရတနာတွေလောက် ငါစိတ်မဝင်စားဘူး။ ”
ထိုစကားများသည် အထိနာဖွယ် ဖြစ်သော်လည်း လူတိုင်းအတွက် အနည်းငယ် သက်သာရာ ရသွားစေသည်။ သူတို့အတွက် အသက်သည် တန်ဖိုးအရှိဆုံးဖြစ်၏။
“ ကောင်းပြီ ငါရှုံးနိမ့်တာကို ဝန်ခံတယ်။ ”
သော်ခိုက သိုလှောင်လက်စွပ်ကို လက်ညှိုးမှချွတ်ကာ မြေပြင်ပေါ်ချပေးသည်။ စုရီက ခေါင်းယမ်းလျက်၊
“ မင်းရဲ့ဆံညှပ်၊ ခါးပတ်၊ ခြေကျင်း၊ နှလုံးကာကွယ်သော့နဲ့ လက်ပတ်တွေကိုလည်း ထားခဲ့ပါ။ ”
-ဟု ပြောကြားလိုက်၏။
သော်ခိုခမျာ ခန္ဓာကိုယ်တောင့်တင်းလျက် အဆုံးတွင် ထိုအရာများကိုချွတ်ကာ မြေပြင်ပေါ် ချပေးလိုက်လေသည်။
“ ဒါဆို လုံလောက်ပြီလား ... ။ ”
သူမမျက်နှာပေါ်ရှိ အရှက်တရားနှင့် နာကျင်မှုကို ဖုံးကွယ်ထားနိုင်ခြင်း မရှိတော့ချေ။
“ မလုံလောက်သေးဘူး။ ”
စုရီမှ ခေါင်းခါပြန်သည်။
“ မင်းရဲ့ အသိစိတ်ပင်လယ်ထဲက ရတနာကိုထားခဲ့ဦး အဲဒါက ဘာလဲဆိုတာ ... ငါ မပြောနိုင်ပေမယ့် ... သူ့ရဲ့တည်ရှိမှုကို ငါ ခံစားနိုင်တယ်။ ”
“ နင် ... ။ ”
လူတိုင်း သော်ခိုအခြေအနေကို ကြည့်ကာ ထိတ်လန့်သွားကြလေသည်။ ထိုစဉ် သော်ခို၏ မျက်ခုံးနှစ်ဖက်ကြား၌ ဝိညာဉ်ရေးအလင်းရောင် တောက်ပလာပြီး ခရမ်းရောင်ပုလဲတစ်လုံး ထွက်ပေါ်လာ၏။
“ ဒါငါ့အတွက်သာ သန့်စင်ထားတဲ့ ငါ့မိသားစုရဲ့ ရတနာတစ်ခုပဲ သွေးအနှစ်သာရနဲ့ စိတ်ဝိညာဉ်တွေ ရောယှက်နေတယ် ... မင်းကို ပေးလိုက်ရင်တောင် အသုံးဝင်မှာ မဟုတ်ဘူး ဖြစ်နိုင်ရင် ... ။ ”
စုရီက ခရမ်းရောင်ပုလဲကို တစ်ချက်ကြည့်ကာ အနည်ငယ် အံ့ဩသွားပြီး သော်ခိုထံ မော့ကြည့်၏။
“ ဒါ ... မင်းနဲ့အတူ မွေးဖွားလာတာပဲ ... ။ ”
“ တာအိုမိတ်ဆွေ ကျေးဇူးပြုပြီး ... ။ ”
ထိုစကားကြောင့် သော်ခိုတစ်ယောက် မျက်ဝန်းများမှေးစင်းကာ ချက်ချင်းပင်ကြားဝင် ဟန့်တားလိုက်ရသည်။
“ ကောင်းပြီ ဒီရတနာကို မင်းပြန်ယူသွားလို့ရပြီ။ ”
သို့မှသာ တောင်တန်းကြီးကို ထမ်းထားရသောအဖြစ်မှ ကင်းလွတ်သွား သကဲ့သို့ သူမ သက်သာရာရသွား၏။
တစ်ဆက်တည်းမှာပင် ခရမ်းရောင်ပုလဲကို ပြန်သိမ်းပြီး၊
“ ကျေးဇူးတင်ပါတယ် တာအိုမိတ်ဆွေ။ ”
-ဟု ဦးညွှတ်လိုက်သည်။
စုရီမှ ဂရုမစိုက်တော့ဘဲ ကျန်လူများထံ လှည့်ကြည့်သည်။ ခဏမျှ တိတ်ဆိတ်သွားပြီး အဆုံးတွင် မိန်ယန်ပိုင်က သက်ပြင်းချ၏။
“ ဝင်္ကပါတာအိုမှာ မင်းရဲ့ နားလည်မှုက ငါ့ထက်အများကြီးသာတာ ဝန်ခံပါတယ် ။ ”
သူ့လေသံ၌ စိတ်ပျက်အားငယ်နေသည်။ ထို့နောက် သိုလှောင်လက်စွပ်ချွတ်ပေးလိုက်၏။ သော်ခိုဖြစ်စဉ်အပေါ် ဥပမာယူကာ မည်သည့် အရာကိုမျှ ချန်ထားဝံ့ခြင်း မရှိခဲ့ချေ။
ချင်းယွင်နှင့် နင်းလီသည်လည်း အလားတူလုပ်ဆောင်လာသည်။ ချင်းယွင်ထံမှ ရတနာများသည် အဖိုးအတန်ဆုံးပေပင်။ ဤခရီးအတွက် သူ့မျိုးနွယ်စုထံမှ ချေးငှားယူလာခြင်းဖြစ်သည်။
ယခုမူ စုရီထံ အားလုံးကို ပေးအပ်လိုက်ရချေပြီ။ သူ ပြန်သွားသည့်အခါ ဒေါသကြီးသော ထိုအဖိုးကြီးများသည် မည်သို့ သင်ခန်းစာပေးမည်ကို မသိတော့ချေ။
နင်းလီအတွက်မူ ငြိမ်သက်နေသည်။ စုရီသည် သူ့အပေါ် ခက်ခက်ခဲခဲ မလုပ်ခဲ့ချေ။ သွေးနက်ဓားကိုသာ ယူသည်။
ဖုန်တုအတွက်မူ စုရီသည် သူ့စကားများအတိုင်း မည်သည့်ရတနာကိုမျှ မယူခဲ့ချေ။ ထိုအချင်းအရာကို ကြည့်ခြင်းဖြင့် သူ့ကိုပို၍ ဝမ်းနည်းကြေကွဲစေသည်။
အဘယ်ကြောင့်ဆိုသော် သူသည် လက်စားချေရန်နှင့် ဆုံးရှုံးသွားသောမျက်နှာကို ပြန်လည်ရယူရန် မျှော်လင့်ချက် မရှိတော့ သောကြောင့် ဖြစ်သည်။ တစ်ဖက်လူသည် အရမ်းသန်မာချေပြီ။
ထိုလူငယ်သည် ကောင်းကင်ဘုံကို စိန်ခေါ်နိုင်သော တိုက်ပွဲဝင်စွမ်းအားများ ရှိရုံသာ မဟုတ်ချေ။ ဝင်္ကပါနှင့်ပင် မိန်ယန်ပိုင်ကို အရှုံးကို ဝန်ခံခိုင်းခဲ့သည်။
လက်ရှိ သူ့စွမ်းအားဖြင့် တစ်ဖက်လူအပေါ် အနိုင်ယူရန်စိတ်ကူးသည် အရူးတစ်ယောက်နှင့် တူနေပေမည်။
“ မင်းတို့ သွားလို့ရပြီ။ ”
စုရီက လက်ဝှေ့ယမ်းလိုက်ရာ လမ်းကြောင်းတစ်ခု ပေါ်လာပြီး အပြင်ဘက်သို့ ဦးတည်နေချေပြီ။ သို့မှသာ လူတိုင်း စိတ်အေး လက်အေး ဖြစ်သွားသည်။
မည်သူမျှ တုံ့ဆိုင်းမနေကြတော့ဘဲ ချက်ချင်းလှည့်ထွက်သွား၏။ ဝင်္ကပါအတွင်းမှ လွတ်မြောက်ပြီးနောက် ဖုန်တုက လှည့်ကာ၊
“ စုရီ၊ ဝိညာဉ်ထင်ရှားခြင်းအဆင့်ကို ဝင်ရောက်ပြီးရင် လက်စားချေဖို့ ငါတို့ပြန်လာမှာ မင်း မကြောက်ဘူးလား။ ”
-ဟု မေးမြန်းလိုက်သည်။
မိန်ယန်ပိုင်နှင့် အခြားသူများသည် ဖုန်တု၏မိုက်မဲသော ထိုမေးခွန်းအပေါ် ကျိန်ဆဲ လိုက်ကြသည်။ စုရီသည်သာ စိတ်ပြောင်း သွားသော်ခက်ပေမည်။
“ အမှန်အတိုင်း ပြောရမယ်ဆိုရင် ဝိညာဉ်တာအိုနယ်ပယ်ထဲ ဝင်ရောက်ပြီးရင် မင်း သတ္တိရှိရှိပြန်လာဖို့ ငါမျှော်လင့်နေတယ် ... ။ ”
“ ဘာလို့လဲ ... ။ ”
“ ငါ့အတွက် ပြိုင်ဘက်ကောင်း တစ်ယောက်လိုနေတယ်။ ”
ဖုန်တုခမျာ မျက်ခုံးပင့်လိုက်သည်။
“ ဒါဆို ဟွမ်ရှောင်ယုနဲ့ မိုရှင်းဇီက မင်းဆန္ဒကို ဖြည့်ဆည်းပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ”
ထို့နောက် ဆက်မပြောတော့ဘဲ လှည့်ထွက်သွားလေသည်။ ဖုန်တုစကားသည် စုရီကို ခြိမ်းခြောက်ခြင်းမည်၏။ မိန်ယန်ပိုင်နှင့် အဖွဲ့မှာ မျက်လုံးပြူးလျက် ချက်ချင်း ထွက်ခွာလာခဲ့သည်။
သို့သော် စုရီမှ ကျေနပ်သွားသည်။ ဤလူသည် မိတ်ဆွေကောင်း ပီသလွန်းချေပြီ။ နောက်ထပ် ဆူဖြိုးသော ငါးကြီးများကို ထပ်မံ ပို့ဆောင်ပေးရန် ဆန္ဒရှိနေ၏။
များမကြာခင် ယင်ယန်နတ်မီးတောက် ကြာပန်း အပြည့်အဝပွင့်လာသည်။ ယန်တာအို ပါရှိသော ကြာပန်းကို သူ့အတွက်ယူလိုက်၏။
ယင်တာအိုကို ယွီရှစ်ချန်ထံပေးပြီး မီးတာအိုအရွက်များကို ဝမ်ရှင်းကျောက်ထံ ကမ်းပေးလိုက်သည်။ ကောချင်အတွက်မူ အရိုးနှင့်အရွက် အနည်းငယ်ဖြစ်ချေ၏။
***