ကြယ်ကိုးသောင်းလင်းနေသည့် ထိုက်ချိဝင်ရိုး။
Vol. 39 Ch. 458
“ နောက်ဆုံးတော့ အချိန်ကျပြီ ... ။ ”
နှင်းများဖုံးလွှမ်းနေသော တောင်ထိပ်တစ်ခုတွင် မိုရှင်းဇီသည် ဆံပင်များ လွင့်ပျံလျက်ရပ်နေသည်။
သူ ခေါင်းအထက်တွင် တိမ်ညိုများ အရူးအမူး စုပြုံလာနေ၏။ လူတို့၏ စိတ်နှလုံးကို ညှဉ်းဆဲလိုသော အဖျက်စွမ်းအားပေပင်။
မိုရှင်းဇီတစ်ယောက် မကြောက်မရွံ့ ဖုံးကွယ်၍မရသော စိတ်လှုပ်ရှားမှုများစွာနှင့် ကြည့်နေခဲ့သည်။
အနှစ်သုံးသောင်း အိပ်စက်ပြီးနောက် ယနေ့ဝိညာဉ်တာအိုနယ်ပယ်သို့ ဝင်ရောက်ရန် အချိန်တန်လာချေပြီ။
“ ဂျိန်း ... ။ ”
“ ဟိတ် ... ။ ”
များမကြာခင် ဝိညာဉ်ပြောင်းလဲခြင်း ဘေးဆိုးကြီး ဆိုက်ရောက်လာ၏။ ချက်ချင်း လေထဲခုန်တက်ကာ ကပ်ဘေးကို ခံယူတော့သည်။
ထိုနေ့တွင် မိုရှင်းဇီသည် နှင်းတောင်ထိပ်ပေါ်၌ ကောင်းကင်ကပ်ဘေးကို အောင်မြင်စွာ ကျော်လွှားပြီး ဝိညာဉ်တာအို နယ်ပယ်သို့ ဝင်ရောက်နိုင်ခဲ့၏။
အနက်ရောင်မြူများသည် သူ့ခန္ဓာကိုယ် တဝိုက် သိုင်းခြုံလျက် ငရဲကမ္ဘာ၏မြင်ကွင်းများ လွင့်မျောနေချေပြီ။
“ ချိုးဖြတ် ... ။ ”
တောင်တန်းတစ်နေရာတွင် ဟွမ်ရှောင်ယုသည် ရုတ်တရက် လေထဲခုန်တက် သွားပြီး ဟောက်သံပြုလိုက်၏။
သူ၏ရှည်လျားလှသော ခရမ်းရောင် ဆံပင်များက ရိုင်းစိုင်းစွာ လွင့်မျောကုန်ကာ ၀တ်ရုံများ တဖျပ်ဖျပ်ခတ်သွားသည်။
ခန္ဓာကိုယ်ထဲ ချိတ်ပိတ်ထားသော စွမ်းအားများသည် ဤအခိုက်အတန့်တွင် လုံးဝ လွတ်မြောက်လာခဲ့၏။
“ လာခဲ့ ... ။ ”
ပကတိမျက်စိဖြင့် မြင်နိုင်သည်အထိ တောက်လောင်နေသော နတ်ဆိုးမီးလျှံများက သူ့ခေါင်းထိပ်၌ တောက်လောင်လာသည်။
“ ဂျိန်း ... ။ ”
ကောင်းကင်ကြီး တစ်ခုလုံး တဆတ်ဆတ်တုန်ပြီး တိမ်တိုက်များနေရာအနှံ့ ပျံကျဲသွားတော့၏။
“ ဖျစ် ဖျစ် ဖျစ် ... ။ ”
လျှပ်စီးများက ကြောက်မက်ဖွယ် ကောင်းသော ရေတံခွန်အလား မိုးကြိုးနှင့်အတူ ကျဆင်းလာလေသည်။
ဤသည်မှာ ဝိညာဉ်အသွင်ပြောင်း ကပ်ဘေးဖြစ်၏။ နတ်ဆိုးဟွမ်မျိုးရိုးမှ တိုက်ရိုက် ဆင်းသက်လာသူ ဖြစ်သဖြင့် ကောင်းကင် နတ်မိစ္ဆာသွေး ပိုင်ဆိုင်ထားသည်။
သည့်ပြင် မကြာသေးမီက သူ့တာအိုအုတ်မြစ်ကို နတ်ဆိုးအသွင်ပြောင်း ရေကန်၌ သန့်စင်ထားခဲ့သေး၏။
ထို့ကြောင့် ဤမကြုံစဖူးသော ကောင်းကင်ဘုံကပ်ဘေးအတွင်းမှ လွယ်ကူစွာ လွတ်မြောက်လာခဲ့သည်။
နာရီဝက်အကြာ၌ မိုးကြိုးတိမ်တိုက်များ ပျောက်ကွယ်သွားကာ နတ်ဆိုးမီးတောက်များ ခြုံလျက် ဟွမ်းရှောင်ယုတစ်ယောက် လေထုအလယ် ရပ်နေ၏။
“ ဒါဝိညာဉ်တာအို နယ်ပယ်ရဲ့ စွမ်းအားပဲလား ... ငါအရင်ထက် အဆမတန် အားကောင်းနေပြီ ... မျှော်လင့်ထားသလိုပဲ ... ဒီလျှို့ဝှက်နယ်မြေအတွင်း ...
... အဆင့်ချိုးဖြတ်တာက အမှန်တကယ်ပြီးပြည့်စုံတဲ့ အောင်မြင်မှုတွေ ရရှိအောင် ကူညီပေးနိုင်တယ် ... ။ ”
ဟွမ်ရှောင်ယုတစ်ယောက် တစ်ကိုယ်တည်းရေရွတ်ကာ သွေးဆာသော အငွေ့အသက်များဖြင့်၊
“ စုရီ၊ မင်းမှာ ဝှက်ဖဲတွေရှိသေးလား ငါကြည့်မယ်။ ”
-ဟု ကြုံးဝါးလိုက်တော့သည်။
မိုရှင်းဇီနှင့် ဟွမ်ရှောင်ယု၏ အောင်မြင်မှုများသည် အချက်ပြမှုတစ်ခုလိုပင်။ နောက်ရက်အနည်းငယ်အတွင်း ကောင်းကင် ကပ်ဘေးများ ထပ်မံထွက်ပေါ်လာ၏။
ကျန့်လင်ကျန်း၊ ကျန်းဖူ၊ ချန်လု၊ လီဟန်ထောင်စသည့် လူအများအပြားတို့သည် ကြယ်စုစည်းခြင်းအဆင့်၌ နှစ်ပေါင်းစွာ ရောက်ရှိထားသူများ ဖြစ်သည်။
ထိုသို့သော အခြေအနေအောက်တွင် ဝိညာဉ်တာအိုနယ်ပယ်ထဲသို့ ဝင်ရောက်ခြင်း ဟူသည် လွယ်ကူလွန်းချေ၏။
သည့်ပြင် ဤနယ်မြေသည် ပြင်ပကမ္ဘာနှင့် မတူချေ။ ကောင်းကင်နှင့် မြေကြီးကြား တာအို ကျက်သရေများဖြင့် ပြည့်နှက်နေသည်။
တစ်ဖက်တွင်လည်း ကောင်းချီးဖြင့် ပြည့်စုံနေသောနယ်မြေသည် လူတိုင်းအပေါ် ကြီးမားသောအသွင်ပြောင်း ဘေးဆိုးနှင့် စမ်းသပ်ခဲ့သည်။
ဤနည်းဖြင့်သာ တည်ဆောက်မည့် အုတ်မြစ်နှင့်တာအိုသည် အပြင်လောကထက် ကျော်လွန်မည်ဖြစ်၏။ ဆိုလိုသည်မှာ ဝိညာဉ် ထင်ရှားခြင်းအဆင့် မျိုးဆက်ဟောင်းအချို့နှင့် ယှဉ်နိုင်နေပြီဖြစ်သည်။
“ ဂျိန်း ... ။ ”
အိုမင်းနေသော သစ်တောအတွင်း မြည်သံများ ပဲ့တင်ထပ်လာသည်။ ကောချင်က အဝေးမှ မိုးကြိုးတိမ်တိုက်များထံ မော့ကြည့်ကာ စိုးရိမ်လာ၏။
ဤအသံသည် ကောင်းကင် ကပ်ဘေးသံဖြစ်သည်။ တောင်ကြားလွင်ပြင်မှ ထွက်ခွာလာပြီးနောက် ငါးရက်အတွင်း အကြိမ်ကြိမ်မြင်လာရ၏။
အနည်းဆုံး လူဆယ်ဦးကျော် ဝိညာဉ်အသွင်ပြောင်းကပ်ဘေးကို ရင်ဆိုင်ပြီး ဖြစ်ကြသည်ဟု ဆိုလိုသည်။
“ ဒီအတိုင်းသာ ဆက်သွားနေမယ်ဆိုရင် ငါတို့လို မူလတာအိုနယ်ပယ် လူတွေက ရှေ့ကို ဆက်မသွားနိုင်တော့ဘူး ထင်တယ် ... အခွင့်အရေးတွေကို ...
... ဆုပ်ကိုင်ဖို့ နေနေသာသာ ရန်သူနဲ့တွေ့လ’ရင် သူတို့သားကောင် ဖြစ်လာနိုင်မယ်။ ”
“ ပါးစပ်ပိတ်ထား ... ။ ”
ဝမ်ရှင်းကျောက်က ကောချင်ကို ထိတ်လန့်စွာ ဟန့်တားတော့၏။ ကြာကန်၌ ဤသို့ပြောပြီးမကြာခင် ချောင်းမြောင်း လုပ်ကြံခံရလေသည်။
“ ငါတို့ထဲမှာ မိန်းကလေးရှင်းကျောက် တစ်ယောက်ပဲ ကြယ်စုစည်းခြင်းအဆင့်ကို ပြီးပြည့်စုံထားတယ် ... မိန်းကလေးရှစ်ချန်က မနေ့ကမှ ကြယ်စုစည်းခြင်းအဆင့် နှောင်းပိုင်းဝင်ရောက်တယ် ...
... ငါနဲ့အစ်ကိုစုက မူလနန်းတော်အဆင့်ပဲ ရှိသေးတယ် ဒီလိုအခြေအနေမျိုးမှာ ငါမစိုးရိမ်ပဲ နေနိုင်ပါ့မလား။ ”
ကောချင်မှ သက်ပြင်းချကာ ပြောကြားလိုက်သည်။ ထိုစကားကို ကြားချိန်၌ ဝမ်ရှင်းကျောက်နှင့် ယွီရှစ်ချန်က တိတ်ဆိတ်သွားတော့၏။
ရှေးဟောင်း အကြွင်းအကျန်များ ဝိညာဉ်တာအိုနယ်ပယ်သို့ ဝင်ရောက်သောအခါ ခွန်အားအရာ၌ ပြောင်းလဲသွားမည်ကို နားလည်ထားချေပြီ။
“ ခွန်အားကို ကျင့်ကြံမှုနဲ့ တိုင်းတာလို့ မရဘူး။ ”
စုရီက ကျောက်ပြားတစ်ချပ်ထံ စိုက်ကြည့်နေလျက်မှ ပြောကြားလာတော့၏။
“ တာအိုကို ရှာဖွေတဲ့အခါ ... မှန်မှန်သွားနေဖို့လိုတယ် အလျင်စလိုမလုပ်နဲ့ မဟုတ်ရင် မင်းတို့တည်ဆောက်ထားတဲ့ အခြေခံအုတ်မြစ်က အကန့်အသတ် ရှိလာလိမ့်မယ်။ ”
စုရွှမ်ကြွယ်ဘဝတွင် သူသည် အရိုင်းမြေကိုးပါး၏ အထွတ်အထိပ်၌ ရပ်တည် နိုင်ခဲ့သည်။
သို့သော် ဤသည်မှာ သူ့အတွက် အကန့်အသတ်ဖြစ်သဖြင့် ပြန်လည်မွေးဖွားရန် ဆုံးဖြတ်ခဲ့ခြင်းပေပင်။
“ ဟွမ်ရှောင်ယုက မင်းထင်သလို ဝိညာဉ်ထင်ရှားခြင်းအဆင့်ရောက်လို့ ဆန္ဒရှိတာ မှန်သမျှ သူလုပ်နိုင်မယ်ထင်နေရင် သနားစရာ ကောင်းတဲ့ ... သေခြင်းတရားမျိုးနဲ့သာ သူ အဆုံးသတ်ရလိမ့်မယ်။ ”
ဤအိုမင်းနေသော သစ်တောကြီးသည် သံသရာဘုံကျောင်း၏ ဉာဏ်အလင်းသစ်တော ဖြစ်လေသည်။
နေရာတိုင်းတွင် ကျောက်ပြားများ ခင်းထားကာ ဘုန်းကြီးများ တရားထိုင်လျက် တာအိုကိုရှာဖွေနေသည့်ပုံရိပ်များ ဝိုးတဝါး ထွက်ပေါ်လာသည်။
တောအုပ်အတွင်း ကျောက်ပြား ငါးဆယ်ကျော်ပျံနှံ့နေသော်လည်း အများစုသည် နှစ်ပေါင်းများစွာ တိုက်စားခံရပြီးနောက် တာအို ကျက်သရေများ မှုန်ဝါးဝါးဖြစ်နေ၏။
“ မိုးကြိုးတာအိုလား ... ။ ”
ရုတ်တရက် သူကြည့်နေသည့် ကျောက်ပြားတစ်ပြားသည် မိုးကြိုးတာအို ကျက်သရေ ပါရှိနေခဲ့သည်။
၎င်းသည် မှုန်ဝါးနေခဲ့သော်လည်း မိုးကြိုးတာအိုကို နားလည်ရန် လုံလောက်၏။ ထို့ကြောင့် တုန့်ဆိုင်းခြင်းမရှိဘဲ တက်ထိုင် လိုက်တော့သည်။
အချိန်များ တရွေ့ရွေ့ ကုန်လွန်သွား၏။ ညမိုးချုပ်၌ ကျောက်ပြားပေါ်တွင် ထိုင်နေသည့် စုရီမျက်ဝန်းများ ပွင့်လာခဲ့၏။ အဆုံးတွင် မတ်တပ်ထရပ် လိုက်တော့သည်။
အနားတွင် စောင့်ဆိုင်းနေသော ဝမ်ရှင်းကျောက်တို့သုံးယောက်က တစ်စုံတစ်ရာ ခံစားမိပြီး စုရီထံပြန်ကြည့်လာ၏။
တစ်ဖက်လူ မတ်တပ်ရပ်လိုက်ချိန်၌ သူ့ခန္ဓာကိုယ်မှ အလွှာတစ်ခု ကျိုးသွားသကဲ့သို့ ရောင်ဝါများ တဖြည်းဖြည်း မြင့်တက်လာ သည်ကို မြင်နေရချေပြီ။
ထို့နောက်တွင် သဏ္ဍန်မဲ့စွမ်းအားတစ်ခု ကျဆင်းလာသကဲ့သို့ ပြင်းစွာသောလှိုင်းလုံးများ ကောင်းကင်မှ ထွက်ပေါ်လာ၏။
ဤသည်မှာ တာအိုလှိုင်းဖြစ်သည်။ လူတိုင်းအံ့အားသင့်နေစဉ် ကောင်းကင်ပေါ်၌ နဂါးငွေ့တန်းကြီးပေါ်လာ၏။
နဂါးငွေ့တန်းအတွင်း ကြယ်တာရာများ တဖျပ်ဖျပ်လှည့်ပတ်ကာ ကြီးမားကျယ်ပြန့်သော ပုံစသဏ္ဍာန်တစ်ခုကို ဖွဲ့စည်းတော့သည်။
ယင်းသည် ထိုက်ချိဝင်ရိုးနှစ်ထပ်ပေပင်။ ကြယ်တာရာများသည် ထိုဝင်ရိုးပေါ်စက်ဝိုင်းပုံ ဆန့်ကျင်ဘက် လည်ပတ်လာ၏။
ထို့နောက်တွင် ဓားရောင်ဝါကြီးသည် ထိုထိုက်ချိဝင်ရိုးနှစ်ထပ် စက်ဝိုင်းထံမှ ပွင့်ထွက် လာခဲ့သည်။
“ ဘာတွေ ဖြစ်နေတာလဲ။ ”
ဝမ်ရှင်းကျောက်နှင့် အခြားသူများမှာ အံ့ဖွယ်အမှုကို မြင်တွေ့နေရဖြင့် နားမလည် နိုင်ခဲ့ချေ။ ကြည့်နေဆဲမှာပင် ထိုခမ်းနားသော မြင်ကွင်းသည် ရုတ်ချည်းပျက်ပြယ်သွား၏။
စုရီသည် သူ့နောက်ကျောသို့ လက်နှစ်ဖက်ပို့ထားကာ ထိုမြင်ကွင်းအပေါ် မျှော်ကြည့်နေခဲ့သည်။
ကျောက်စိမ်းရောင် ဝတ်ရုံစများသည် လေပြေအတွင်း တဖျပ်ဖျပ်လွင့်မျောနေလျက် အင်မော်တယ်အလား ထင်မှားစေ၏။
သူ့ပတ်ဝန်းကျင်ရှိ လေထုသည်ပင် သိသိသာသာ ပြောင်းသွားသည်။ တာအိုမျိုးစေ့ ပုံသဏ္ဍာန်ဖြစ်တည်ပြီဖြစ်ရာ ကြယ်ကိုးသောင်း ပေါ်လာခြင်းပေပင်။
“ ဒါက ငါ့အရင်ဘဝထက် အများကြီး ပိုပြင်းထန်တယ် ... ။ ”
သူ့မျက်နှာပေါ်တွင် ခံစားချက် အရိပ်အမြွက်ပေါ်လာ၏။ ဤဖြစ်စဉ်များသည် ပြည့်လျှံနေသော ရေခွက်နှင့်တူသည်။
ကြယ်စုစည်းခြင်းအဆင့်သို့ အတင်းအကြပ်ဖြတ်ကျော်ရန် မလိုအပ်တော့ဘဲ သဘာဝအတိုင်း အလွယ်တကူ ဖြတ်ကျော်နိုင် တော့မည်ဖြစ်၏။
***