ငါလုပ်ချင်တာကို လုပ်နိုင်တယ်။
Vol. 39 Ch. 459
ကြယ်စုစည်းခြင်း အဆင်သို့ ဝင်ရောက်သောအခါ တာအိုမျိုးစေ့သည် ကြယ်အဖြစ် အသွင်ပြောင်းပေမည်။
ကြယ်စုစည်းခြင်းအဆင့် အပေါ် အကဲဖြတ်ရန် စံနှစ်ရပ်ရှိသည်။ ပထမအဆင့်မှာ ကြယ်စွမ်းအင် မည်မျှပေါင်းစည်းထားသည်ကို ကြည့်၏။
ဒုတိယအဆင့်သည် ကြယ်စွမ်းအင် အရည်အသွေးဖြစ်သည်။ ကြယ်အရေအတွက် နှင့် အရည်အသွေးသည် စွမ်းအင်မျိုးစေ့အပေါ် အခြေခံ၏။
ဆိုလိုသည်မှာ အတွင်းပိုင်း သန့်စင်ခြင်းအဆင့်သည် မြေယာထွန်ယက်ခြင်း ဖြစ်ကာ မူလနန်းတော်သည် မျိုးစေ့ချခြင်းဖြစ်သည်။
သို့မှသာ ကြယ်စုစည်းအဆင့်၌ ကြယ်ပွင့်များပေါက်လာပေမည်။ ပျမ်းမျှအားဖြင့် ကျင့်ကြံသူတစ်ဦးသည် ကြယ်တစ်ထောင်ခန့် စုစည်းနိုင်မည်ဖြစ်သည်။
ကြယ်သုံးထောင်ကို စုစည်းနိုင်သူသည် အမာခံတပည့်များ ဖြစ်သည်။ ခြောက်ထောင်မှ ကိုးထောင်သည် တစ်ထောင်တွင် တစ်ဦးသာလျှင် တွေ့နိုင်၏။
ကြယ်တစ်သောင်းသည် ဘီလူးများဖြစ်သည်။ ယင်းသည် အလားအလာ အပေါ် ဆုံးဖြတ်ခြင်းလည်းမည်၏။
စုရီအမြင်၌မူ ကြယ်သုံးသောင်းသည်သာ ပြိုင်ဘက်ကင်း ပါရမီရှင်ဟု ခေါ်ဆိုထိုက်သည်။ ဤသို့သော ပါရမီရှင်သည် ကံကောင်းခြင်းဖြင့် မွေးဖွားလာကာ ထူးကဲသော အရည်အချင်းများ ပိုင်ဆိုင်ထား၏။ ထိပ်တန်း တာအိုဂိုဏ်းများ၏ အမွေခံများ၌သာ တွေ့နိုင်မည်။
ကြယ်ခြောက်သောင်းသည် နှစ်ထောင်ဂဏန်းအတွင်း၌ ရှားရှားပါးပါး တွေ့ရခဲလေသည်။
ထိုစဉ်က ပဉ္စမမြောက်တပည့်နှင့် နဝမတပည့်တို့သည် ထိုအဆင့် ပါရမီရှင်များ ဖြစ်သည်။
ပဉ္စမမြောက်တပည့် ဝမ်ချွယ်သည် ကြယ်ပေါင်း (၆၃၀၀၀)ကို ပေါင်းစည်းနိုင်ကာ ချင်းတန်သည် (၇၂၀၀၀) ရရှိခဲ့၏။ သူသည်ပင် (၆၉၀၀၀)ကိုသာ စုစည်းနိုင်သည်။
ယခုမူ ယခင်ဘဝနှင့် မတူချေ။ အတွင်းပိုင်းသန့်စင်ခြင်းအဆင့်၌ ပန်းသုံးထောင် ပွင့်စေပြီး တန်ခိုးအကြီးဆုံး တာအိုမျိုးစေ့ကို တည်ဆောက်ထား၏။
မူလနန်းတော်ကို ဖွင့်လှစ်စဉ် နတ်နန်းတော်ပွင့်လာပြီး ကြယ်စုစည်းခြင်း ရောက်သောအခါ ထိုက်ချိဝင်ရိုး၌ ကြယ်ပေါင်း (၉၀၀၀၀) လည်ပတ်နေသည်။
သူ့အတွေ့အကြုံများအရ ထိုမျှများပြားလှသော ပမာဏအပေါ် ရရှိခဲ့သူ တစ်ယောက်မှ မရှိချေ။
ရှေးစာအုပ်များတွင် ရှာဖွေသော်လည်း အလားတူ ဥပမာများကို မတွေ့နိုင်သောကြောင့် သဘာဝအားဖြင့် ၎င်းသည် မကြုံစဖူးဟု ဆိုနိုင်သည်။
“ ဒါကိုအောင်မြင်တာက နယ်ပယ်တစ်ခုချင်းစီးမှာ ငါဖိနှိမ်ထားခဲ့တဲ့ အုတ်မြစ်နဲ့ ငရဲဘုံကိုးပါးဓားရဲ့ တံဆိပ် စွမ်းအင်တွေကြောင့် ဖြစ်နိုင်တယ်။ ”
ကိုးငရဲဘုံကိုးပါးဓားသည် အလွန် လျှို့ဝှက်ဆန်းကြယ်သည်။ နယ်ပယ်တစ်ခုတွင် အောင်မြင်မှုရရှိသည့်အခါတိုင်း အုတ်မြစ်ကို ခိုင်မာစေသော ထူးထူးခြားခြား စွမ်းအားများ ထုတ်ပေးမည်ဖြစ်၏။
ဝိညာဉ်တာအိုနယ်ပယ် ရောက်သော် ကြယ်(၉၀၀၀၀)အတွက် ငရဲဘုံကိုးပါးဓား၏ ကောင်းချီးမင်္ဂလာဖြင့် အံ့ဖွယ်ကောင်းပေမည်။
လက်ရှိအချိန်၌ ဓားကဲ့သို့ ထက်ရှပြီး လျှို့ဝှက်ဆန်းကြယ်မှုများနှင့် ပြည့်နှက်နေသော ကြယ်များသည် ဒါန်တမ်အတွင်း နဂါးငွေ့တန်းကဲ့သို့ ရစ်ဖွဲ့နေ၏။
“ ဂုဏ်ယူပါတယ် အစ်ကိုစု၊ အောင်မြင်စွာ ကျော်ဖြတ်နိုင်ပြီ။ ”
ဝမ်ရှင်းကျောက်မှ ချီးကျူးဂုဏ်ပြုသည်။
“ ဒီရလာဒ်ကို ငါမျှော်လင့်ထားပြီး ဖြစ်တဲ့အတွက် ချီးကျူးစရာ ဘာမှမရှိပါဘူး။ ”
စုရီမှ တုန့်ပြန်သည်။ အဆင့်ချိုးဖြတ်ခြင်းနှင့် နှိုင်းယှဉ်သော် မိုးကြိုးတာအို နားလည်ခြင်းသည် သူ့ကိုပို၍ ကျေနပ်စေ၏။
ယခုအချိန်၌ ဒြပ်စင်ငါးပါးတာအို၊ ယင်ယန်တာအို၊ လေနှင့်မိုးကြိုးတာအိုတို့ကို နားလည်ထားသည်။
ဝိညာဉ်တာအိုနယ်ပယ်သို့ ဝင်ရောက်သောအခါ မူလစွမ်းအားကို ပြန်လည် သန့်စင်နိုင်မည်ဖြစ်သည်။
“ ဝှစ် ... ။ ”
ထိုစဉ် ငွေရောင်ဝတ်လုံ၀တ် လူငယ်တစ်ဦး ဦးဆောင်သော လူအချို့ အပြေးအလွှားရောက်ရှိ လာသည်။
ဤသည်မှာ ချင်းရီတာအိုဂိုဏ်း၏ မျိုးဆက်သစ်ပါရမီရှင်လူငယ် လီဟန်ထောင် ဖြစ်၏။ ချင်းရီတာအိုဂိုဏ်းအတွင်း ထိပ်တန်း အဆင့်ဖြစ်ကာ တာအိုဆွေးနွေးပွဲ၌ အဆင့်(၅)ရရှိခဲ့သည်။
သူ့စွမ်းအားသည် ရှေးခေတ် အကြွင်းအကျန်နတ်ဆိုးများထက် မနိမ့်ကျချေ။ သူ့ဘေးတွင် အဝါရောင်၀တ် အမျိုးသားတစ်ဦး၊ အနက်ရောင်၀တ် အမျိုးသမီးတစ်ဦးတို့ လိုက်ပါလာသည်။
အဝါရောင်၀တ်စုံဝတ်ထားသော အမျိုးသားကို ဝူရွှမ်ဟုခေါ်ပြီး အနက်ရောင်ဝတ် အမျိုးသမီးကို ကူဟန်ချွယ်ဟုခေါ်၏။
ထိုနှစ်ယောက်လုံးသည် ချင်းရီတာအိုဂိုဏ်းကြီး၏ အမာခံတပည့်များ ပေပင်။ လီဟန်ထောင်သည် သူတို့သုံးယောက် အနက် ဝိညာဉ်ထင်ရှားခြင်းအဆင့်သို့ ရောက်ရှိထားသူဖြစ်၏။
မကြာသေးမီကမှ အဆင့် ချိုးဖြတ်ထားသည်မှာ ထင်ရှားသော်လည်း သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်သောရောင်ဝါသည် မျိုးဆက်ဟောင်းများထက် ပိုအားကောင်း၏။
“ စုရီ ... ။ ”
လီဟန်ထောင်က စုရီနှင့်အဖွဲ့ကို မြင်သောအခါတွင် ထူးဆန်းသောအကြည့်တစ်ခု ပေါ်လာသည်။
“ စောစောက ထူးဆန်းတဲ့ ဖြစ်စဉ်က မင်းကြောင့်ဖြစ်နိုင်မလား။ ”
ထင်ရှားသည်မှာ လီဟန်ထောင်နှင့် အဖွဲ့သည် အစောပိုင်း ဖြစ်စဉ်ကြောင့် ရောက်ရှိ လာခဲ့ခြင်းပေပင်။ စုရီမှ တုန့်ပြန်ခြင်းမပြုသဖြင့် ဝမ်ရှင်းကျောက်က၊
“ ဟုတ်တယ် တာအိုလီ၊ ဒါအစ်ကိုစု ကြယ်စုစည်းခြင်းအဆင့်ကို ဝင်ရောက်သွားလို့ ထွက်ပေါ်လာတဲ့ဖြစ်စဉ်ပဲ။ ”
အဝါရောင်ဝတ် အမျိုးသားက အံ့အားသင့်သွားပြီး၊
“ ဒီလောက်ကြီးကျယ်တဲ့ ရုန်းရင်းဆန်ခတ်ဖြစ်စဉ်ကြောင့် ဘဘ်သူများ ဝိညာဉ်တာအိုနယ်ပယ်ထဲ ဝင်သွားပြီလဲလို့ ထင်နေခဲ့တာ ကြယ်စုစည်းခြင်းတဲ့လား။ ”
-ဟု ရေရွတ်လိုက်သည်။
သူ့အသံတွင် လှောင်ပြောင်လိုဟန်များ ပါရှိနေသည်။ ဝမ်ရှင်းကျောက်က အနည်းငယ် မျက်မှောင်ကြုတ်ကာ၊
“ ဒါဆို နင် ကြယ်စုစည်းခြင်း နယ်မြေကို ဝင်သွားတုန်းက ဒီလိုထူးထူးခြားခြား ဖြစ်ရပ်မျိုး ဖြစ်ခဲ့သလား။ ”
-ဟု ပြန်လည်မေးမြန်းလိုက်၏။
ဝူရွှမ်ခမျာ ရုတ်တရက် စကား မပြောနိုင်တော့ဘဲ ဓားနှင့်အထိုးခံလိုက်ရ သကဲ့သို့ မျက်နှာတင်းမာသွား၏။
“ ဝူရွှမ် မရိုင်းနဲ့ ... ။ ”
စုရီမှ စကားမပြောချင်မှန်း မြင်သဖြင့် လီဟန်ထောင်က ဝမ်ရှင်းကျောက်ထံ လှည့်ကာ၊
“ မိန်းကလေးရှင်းကျောက် ငါပြောစရာရှိတယ် ဒါပေမယ့် ပြောသင့်ရဲ့လား ငါ မသိဘူး။ ”
“ အစ်ကိုလီ၊ ငါ့အတွက် မင်းမှာ ဘာအကြံဉာဏ်များရှိလဲ။ ”
သူမတို့နှစ်ဦးသည် သက်ဆိုင်ရာ ဂိုဏ်းကြီးများတွင် ပါရမီရှင်များဖြစ်ကြသဖြင့် မကြာခဏဆိုသလို တွေ့ဆုံဖူးကြသည်။ ထို့ကြောင့် ယဉ်ကျေးစွာ မေးမြန်းလိုက်၏။
“ ဟွမ်ရှောင်ယုက ဝိညာဉ်ထင်ရှားခြင်း အဆင့်ကို ဝင်ရောက်ခဲ့ပြီး မင်းတို့ရဲ့တည်နေရာ အပေါ် ရှာဖွေနေတယ်ကြားတယ်။ ”
ဝမ်ရှင်းကျောက်နှင့် အဖွဲ့သည် မျက်နှာအမူအရာ အနည်းငယ် ပြောင်းသွား တော့သည်။
စုရီသာလျှင် လုံးဝလျစ်လျူရှုလျက် အဝေးရှိကောင်းကင်ကို ငေးကြည့်ကာ နစ်မျော နေခဲ့လေသည်။
“ အစ်ကိုစု၊ မင်း စိတ်မပူဘူးလား။ ”
သို့မှသာ စုရီအကြည့်သည် အဝေးမှ လီဟန်ထောင်ဆီသို့ ဖြည်းညှင်းစွာ ရွေ့သွားပြီး၊
“ မင်း ငါ့ကို ခြိမ်းခြောက်ဖို့ ကြိုးစားနေတာလား။ ”
-ဟု မေးလိုက်၏။
ထိုမေးခွန်းကြောင့် လီဟန်ထောင် တစ်ယောက် မျက်နှာတင်းမာသွားလေသည်။ သူသည် အဆင့်ချိုးဖြတ်နိုင်ပြီးနောက် စုရီအပေါ် အလေးအနက် မထားချေ။
ဤသို့သော အတွေးများကို ကောင်းစွာဖုံးကွယ်နိုင်သည်ဟု ထင်သော်လည်း တစ်ဖက်လူသည် တစ်ချက်ကြည့်ရုံဖြင့် မြင်နိုင်နေခဲ့သည်။
“ ငါမင်းအပေါ် ခြိမ်းခြောက်နေတာ မဟုတ်ပါဘူး မင်း ပြင်ဆင်မှုတွေ လုပ်မထားရင် မမျှော်လင့်ထားတဲ့ အရာတစ်ခု ဖြစ်သွားနိုင်ပါတယ်။ ”
“ ဟုတ်လား ... တစ်ချိန်က ချင်းရီတာအိုဂိုဏ်းရဲ့ အကြီးအကဲလီမြောင်ဟုန် တစ်ယောက် ငါ့လက်မှာ သေသွားခဲ့တယ် ဒီအတွက် မျိုးဆက်သစ် ပါရမီရှင်တစ်ယောက် အနေနဲ့ ...
... ဝိညာဉ်တာအိုနယ်ပယ်ကို ရောက်သွားတဲ့အခါ လက်စားချေဖို့ ငါ့အပေါ် မင်း စိတ်မ၀င်စားဘူးလား။ ”
ဤမေးခွန်းကြောင့် လီဟန်ထောင်မှ အနည်းငယ် မျက်ခုံးပင့်မိသွားသည်။ သူ့ဘေးရှိ အမျိုးသားက သည်းမခံနိုင်တော့ဘဲ၊
“ စုရီ၊ မင်းလွန်မလာနဲ့ ဒီနေ့ဟာ အတိတ်မဟုတ်တော့ဘူး ... မင်းရဲ့ကျင့်ကြံမှုနဲ့ အရင်လို မင်းလုပ်ချင်တာကို လုပ်နိုင်သေးတယ် ထင်နေတာလား။ ”
“ သေချာတာပေါ့ ... ဒီလိုလျှို့ဝှက်နယ်မြေထဲမှာ ငါလုပ်ချင်တာကို လုပ်နိုင်ပါသေးတယ်။ ”
လူတိုင်း ပါးစပ်ပိတ်သွားတော့သည်။ ဤစုရီသည် အဘယ့်ကြောင့် သည်မျှ မာနကြီး နေသည်ကို နားမလည်နိုင်တော့ချေ။
လီဟန်ထောင်တစ်ယောက် အသက်ပြင်းပြင်းရှူလျက် သူ့နှလုံးသားထဲ ပေါက်ကြားလာသော လူသတ်ချင်စိတ်ကို မျိုသိပ်နေရသည်။
“ ဒါဆို ငါ စောင့်မျှော်နေမယ် ... ဟွမ်ရှောင်ယုနဲ့ မိုရှင်းဇီတို့လို လူတွေအပေါ် မင်း လုပ်ချင်တာ မှန်သမျှ တကယ်လုပ်နိုင်ပါစေ။ ”
လီဟန်ထောင်မှ ပြောကြားလိုက်သည်။ စုရီက ခေါင်းယမ်း၏။
“ ဟမ့် လီဟန်ထောင် ... မင်းလို တစ်စုံတစ်ယောက်ဟာ ဝိညာဉ်ထင်ရှားခြင်း အဆင့် ရောက်ပြီးရင် ... ပြတ်ပြတ်သားသား သတ္တိရှိလိမ့်မယ်လို့ ငါထင်နေခဲ့တာ နောက်ဆုံးမှာတော့ ...
... မင်းငါ့ကို ရင်ဆိုင်ဖို့ တခြားသူကို အသုံးချချင်နေသေးတုန်းပဲ တကယ့်ကို စိတ်ပျက်စရာ ကောင်းလွန်းတယ်။ ”
“ မင်း ... ။ ”
လီဟန်ထောင်တစ်ယောက် မျက်နှာ ရုတ်တရက် မည်းမှောင်သွားလေသည်။ စုရီက ဂရုမစိုက်ဘဲ၊
“ ဘယ်လိုလဲ မင်းသတ္တိရှိလား။ ”
-ဟု ထပ်မံမေးမြန်းလိုက်၏။
ဤတစ်ကြိမ်၌ တင်းမာလာပြီး လီဟန်ထောင် အမူအရာ တုန်ခါနေခဲ့လေသည်။ အချိန်အတော်ကြာပြီးနောက် ပြန်လည် ငြိမ်သက်စေလျက်၊
“ မင်းငါ့ကိုဘာလို့ ဒီလိုရန်နေတာလဲ ငါမသိဘူး ဒါပေမယ့် ဟွမ်ရှောင်ယုနဲ့ လူတွေက မင်းကို အမဲလိုက်နေပြီဆိုတော့ ... ငါဘာလို့ ဒီလိုစိတ်ရှုပ်ခံနေရမှာလဲ ... သွားရအောင်။ ”
ထိုစကားကို ပြောပြီးနောက် လီဟန်ထောင်က လှည့်ထွက်သွားလေသည်။ ဝူရွှမ်နှင့် ကူဟန်ချွယ်မှ လိုက်ပါသွား၏။
“ ဒီကောင် အခုထိ အစ်ကိုစုကို ကြောက်နေသေးတယ်။”
လီဟန်ထောင်နှင့် အခြားသူများ ပျောက်ကွယ်သွားသည်ကို ငေးကြည့်နေပြီး ဝမ်ရှင်းကျောက်မှ ဆိုလိုက်သည်။
“ ဒါက ပုံမှန်ပါပဲ ... အစ်ကိုစုက မူလနန်းတော်အဆင့်မှာရှိတုန်း သူ့ဂိုဏ်းရဲ့ ဝိညာဉ်ထင်ရှားခြင်းအဆင့် အကြီးအကဲကို သတ်ခဲ့တယ် အခုအစ်ကိုစုက ...
... ကြယ်စုစည်းခြင်းအဆင့် ဖြစ်နေပြီမို့ သူ့မှာနည်းနည်း စိုးရိမ်မှုတွေရှိနေမယ်ဆိုတာ နားလည်နိုင်ပါတယ်။ ”
ကောချင်မှ မှတ်ချက်ပေးသည်။
“ ဒါပေမယ့် ... သူလိုထိပ်တန်း ပါရမီရှင်တစ်ယောက်က ဝိညာဉ်တာအိုနယ်ပယ် ရောက်ပြီးတာတောင် အရမ်း သတိထားနေ လိမ့်မယ်လို့ မမျှော်လင့်ထားဘူး။ ”
ဝမ်ရှင်းကျောက်မှ ပြောကြားလိုက်သည်။
“ သတိရှိခြင်းက ... အသက်ကို ကယ်တင်နိုင်တယ် သူ တိုက်ဖို့ ရွေးချယ်ခဲ့မယ် ဆိုရင် ... အခုလိုထွက်သွားနိုင်မှာ မဟုတ်ဘူး။ ”
ဤတစ်ကြိမ်တွင် စုရီစကားကြောင့် လူတိုင်းမျက်ခုံးပင့်လိုက်သည်။ ထို့နောက် စုရီမှ၊
“ သတိထားတာ မဆိုးပါဘူး ပြီးတော့ ဓားငှားသတ်ဖို့ အခွင့်အရေးရှိနေတာမို့ သဘာဝ အတိုင်း အန္တရာယ်ကို မခံယူချင်တာပဲ။ ”
-ဟု သူ့အမြင်ကို ထုတ်ပြောပြ၏။
“ အစ်ကိုစု၊ မင်းဘာလို့ သူ့ကို မတိုက်တာလဲ။ ”
ဝမ်ရှင်းကျောက်က စိတ်ဝင်စားလာ၏။
“ ငါလူသတ်သမား မဟုတ်ဘူး ပြီးတော့ ဟွမ်ရှောင်ယုနဲ့ မိုရှင်းဇီကို ငါသတ်လိုက်ပြီးရင် သူ့လိုလူက ငါ့ရန်သူဖြစ်လာနိုင်ဦးမယ်လို့ မင်းထင်လား။ ”
လူတိုင်း ခေါင်းခါသွားသည်။
“ သွားကြရအောင်။ ”
စုရီက ဆက်မပြောတော့ဘဲ လက်နှစ်ဖက်နောက်ပို့လျက် ချက်ချင်း ထွက်ခွာ သွားတော့သည်။
***