← Chapters

ဘိုးဘေးလို့ ငါခေါ်ပြမယ် ... ။

Vol. 39 Ch. 460

ဘိုးဘေးလို့ ငါခေါ်ပြမယ် ... ။

Vol. 39 Ch. 460

တစ်ချိန်တည်းမှာပင် လီဟန်ထောင် သည်လည်း ဝူရွှမ်၏မေးခွန်းထုတ်ခြင်းခံနေရ၏။ ဝူရွှမ်က၊

“ အစ်ကိုလီ၊ မင်းဘာလို့ မသတ်တာလဲ။ ”

-ဟု သည်းမခံနိုင်စွာ မေးသည်။

“ ဒီကောင်စုရီဟာ ... မူလနန်းတော်နဲ့ ဝိညာဉ်ထင်ရှားခြင်းအဆင့် အကြီးအကဲတွေကို အလွယ်တကူ သတ်ပစ်နိုင်တယ် ...

... အခု ကြယ်စုစည်းခြင်းအဆင့်ကို ဝင်ရောက်သွားပြီ သေချာတာကတော့ ခွန်အား အရင်ထက် တိုးလာမှာပဲ။ ”

“ ဒါပေမယ့် ငါတို့ဆရာပေးလိုက်တဲ့ အစွမ်းထက်လက်နက်ရှိတာပဲ အစ်ကိုလီရဲ့ လက်ရှိခွန်အားနဲ့ ပေါင်းစပ်လိုက်ရင် သတ်နိုင်သင့်တယ် မဟုတ်လား။ ”

ဝူရွှမ်မှ ရှုပ်ထွေးဟန်ဖြင့် မေးမြန်းပြန်သည်။

“ စုရီမှာရော ဝှက်ဖဲမရှိဘူးလို့ မင်းထင်နေတာလား ... စောင့်ကြည့်ရအောင် ဟွမ်ရှောင်ယုနဲ့ မိုရှင်းဇီတို့က သူ့ကို လွှတ်မထားပါဘူး။ ”

ဝူရွှမ်မှ ထိုအကြောင်းအရာကို ဆက်မပြောတော့ဘဲ၊

“ အစ်ကိုလီ၊ အခု ငါတို့ဘယ်သွားမလဲ။ ”

-ဟုမေးလိုက်သည်။ လီဟန်ထောင်က ဦးတည်ရာတစ်ရပ်ထံ မော့ကြည့်လိုက်ပြီး၊

“ သံသရာတောင်တန်းကို သွားရအောင် ... အဲဒီမှာ သံသရာဘုံကျောင်းရဲ့ အခွင့်အလမ်းတွေ ကံကောင်းခြင်းတွေရှိတယ် ...

... ငါ့ခန့်မှန်းချက်သာ မှန်တယ်ဆိုရင် ဝိညာဉ်တာအိုနယ်ပယ်အပေါ် ခြေချနိုင်ခဲ့တဲ့ လူတိုင်း အဲဒီကိုသွားနေသင့်ပြီ။ ”

-ဟု ပြန်လည် ဖြေကြားလိုက်တော့၏။

ထိုအချိန်တွင် ကူချန်နင်သည် အဝေးကိုလှမ်းကြည့်လိုက်ရာ သူ့မျက်ဝန်းများ၌ အံ့သြမှုနှင့် သံသယများ ပေါ်လာ၏။

“ ဒါက သံသရာတောင်တန်းလား။ ”

ကျယ်ပြောသောလွင်ပြင်၌ မတ်စောက်ပြီး ရွှေရောင်တောက်ပနေသော တောင်ကြီးတစ်လုံး ထီးထီးကြီး မြင်လိုက်ရခြင်းပေပင်။

အနက်ရောင်မြူများသည် ရွှေတောင်ကြီးကိုရစ်သိုင်းကာ တောင်ထိပ် အထက်တွင် သွေးနီရောင်တိမ်များရှိပြီး နေရောင်ကို ပိတ်ဆို့ထားသည်။

မရေမတွက်နိုင်သော ကြယ်ပွင့်များသည် ထိုသွေးတိမ်အတွင်း တိတ်ဆိတ်စွာ လွင့်မျော နေခဲ့၏။

ဤမြင်ကွင်းသည် ထူးဆန်းချေပြီ။ တောင်တန်းကြီးသည် ရွှေရောင်ရှိသော်လည်း အနက်ရောင်မြူများနှင့် ဖုံးလွှမ်းပြီး သွေးတိမ်များ ဖွဲ့တည်နေ၏။

“ ဒီလျှို့ဝှက်နယ်မြေကြီးမှာ အမှောင်တားမြစ်စွမ်းအားနဲ့ ပတ်သက်တဲ့ လျှို့ဝှက်ချက်တွေ ဖုံးကွယ်ထားတယ်ဆိုတာ ဒီတောင်ကြီးကို ရည်ရွယ်တာနေမယ်။ ”

ခဏမျှ စဉ်းစားပြီးနောက် ထိုတောင်တန်းကြီးထံ ဦးတည်လျှောက်လှမ်း လာခဲ့သည်။

နီးကပ်လာသည်နှင့်အမျှ ကောင်းကင်ကို ထောက်ထားသော ထောက်တိုင်တစ်တိုင်ကဲ့သို့ ဘုန်းအာနုဘော်ကို ပို၍ခံစားလာရ၏။

လွန်ခဲ့သော နှစ်ပေါင်းသုံးသောင်းတွင် သံသရာဘုံကျောင်း၊ အင်မော်တယ်ဓားမျှော်စင် နှင့် နေမီးလျှံဂိုဏ်းတို့သည် ထိပ်တန်း နတ်ဆိုးဂိုဏ်းကြီးသုံးခုဖြစ်သည်။

အခြေခံအုတ်မြစ်နှင့် ကြံ့ခိုင်မှုအရ သံသရာဘုံကျောင်းသည် နံပါတ်တစ်နေရာကို အခိုင်အမာ သိမ်းပိုက်နိုင်ခဲ့၏။

၎င်းကိုတည်ထောင်သူသည် သံသရာဧကရာဇ်ဖြစ်ပြီး မိုးပြာတိုက်ကြီး၏ ဧကရာဇ်ကိုးပါးအဆင့်ဝင်သည်။

ထို့ကြောင့် သံသရာတောင်တန်းသည် သဘာဝအတိုင်း အကျော်ကြားဆုံးနှင့် မင်္ဂလာ အရှိဆုံး နေရာများအနက်မှ တစ်ခုဖြစ်လာ၏။

“ ဟမ့် ... ။ ”

၎င်းသည် ကမ္ဘာတစ်ဝှမ်းရှိ နတ်ဆိုး ကျင့်ကြံသူများအတွက် မြင့်မြတ်မြေကြီးပေပင်။ ရုတ်တရက် ကူချန်နင်မှ ရပ်တန့်သွားသည်။

တောင်ပေါ်တက်ရန် ကျောက်လှေထစ်များစွာရှိပြီး အဆုံးတွင် တံခါးကြီးတစ်ချပ်ရှိ၏။

( ဒီနေရာမှာ ထူးဆန်းပြီး ကြောက်စရာကောင်းတဲ့ အဖြစ်အပျက်တစ်ခု ဖြစ်ပျက်ခဲ့တာလား။ )

တံခါးဝတွင် ကျိုးပဲ့နေသော ကျောက်ဆင်းတုများနှင့် ကျောက်တုံးများစွာ ပျံ့ကျဲနေချေပြီ။ တံခါးအတွင်း၌ အနက်ရောင် မြူများနှင့် အရိပ်များ ဖုံးလွှမ်းနေသော တောင်လမ်းတစ်ခု ထပ်ရှိနေသည်။

“ ဟမ် ... အဲဒါ ကူချန်နင် မဟုတ်လား။ ”

ကူချန်နင်တစ်ယောက် တွေဝေနေစဉ် တောင်တံခါးထံမှ အသံများ ကြားလာရသဖြင့် မော့ကြည့်လိုက်ရာ လူဆယ်ဦးကျော် ရပ်နေသည်ကို မြင်လိုက်ရ၏။

ထိုလူများထဲတွင် ဟွမ်ရှောင်ယုနှင့် မိုရှင်းဇီကဲ့သို့သော ရှေးဟောင်းအကြွင်းအကျန် (၇)ယောက် ရှိနေသည်။

တစ်ဖက်တွင် ယွီဝမ်ရှ၊ ချန်လု၊ ကျန့်လီနှင့် အခြားသော ယနေ့ခေတ် ပါရမီရှင် (၅) ရှိချေ၏။ ထိုသူများအားလုံးသည် ဝိညာဉ်တာအို နယ်ပယ်၌ ရောက်ရှိနေသည်။

“ အစ်ကိုကူ၊ မင်းဒီကိုတက်လာပါ။ ”

အဖြူ၀တ်လူငယ်တစ်ဦးမှ ပြုံးရွှင်စွာဖြင့် စကားဆိုလာ၏။ ထိုလူငယ်သည် ရှေးဟောင်း အကြွင်းအကျန်ချီရှောင်ဖြစ်သည်။

“ ဒါဆို ... အစ်ကိုချီကို အရင်ကျေးဇူးတင်ရမယ်။ ”

ကူချန်နင်မှ တုန့်ပြန်ကာ လှေကားထစ်များအပေါ် လှမ်းတက်သွားခဲ့၏။ တစ်ဖက်လူသည် ဟွမ်ရှောင်ယုတို့ကဲ့သို့ ထူးထူးခြားခြား မဟုတ်သော်လည်း ခွန်အားတွင် အံ့သြဖွယ်ကောင်းနေဆဲဖြစ်သည်။

“ ဟားဟားဟား ... မင်းဘာကို ကျေးဇူးတင်နေရတာလဲ လာပါ ... ။ ”

ဤလူများသည် သံသရာတောင်တန်းသို့ ဝင်ရောက်ရန် စောင့်မျှော်နေကြခြင်း ပေပင်။ ချီရှောင်စကားများအရ အနက်ရောင်မြူသည် တားမြစ်အမှောင်စွမ်းအင် လက်ကျန်ဖြစ်၏။

သူတို့၏ ထင်မြင်ယူဆချက်များအရ သုံးရက်အတွင်း ထိုစွမ်းအား လုံးဝပျောက်ကွယ် သွားပေမည်။

ထိုအချိန်တွင် တောင်တန်းကြီးသို့ ဝင်ရောက်ရန် အကောင်းဆုံးအချိန်ဖြစ်ချေ၏။ တောင်ထိပ်ပေါ်၌ ကောင်းကင်ရင်ပြင် ရှိသည်။

ယင်းကြောင့် ထိုကောင်းကင်ရင်ပြင်ထံ ဝင်ခွင့်ကို ချီရှောင်တို့လူတစ်စုမှ သိမ်းပိုက်ထား လေသည်။

ဆိုလိုသည်မှာ ကောင်းကင်ရင်ပြင်၌ ရတနာများ ရှာဖွေသောအခါ ပြိုင်ဆိုင်ဝံ့သည့် မည်သူမဆို သူတို့၏ ဘုံရန်သူအဖြစ် သတ်မှတ်ပေမည်။

ချီရှောင်မှ စကားပြောနေစဉ် ချန်လုနှင့်ယနေ့ခေတ် လူငယ်ပါရမီရှင်များထံ ကြည့်လိုက်တော့၏။

ကူချန်နင်က သဘောပေါက်သွားသည်။ ဤရှေးဟောင်းအကြွင်းအကျန် နတ်ဆိုးများမှာ မဟာမိတ်ဖွဲ့ထားခြင်းဖြစ်၏။

ဤနည်းအားဖြင့် ကော်ငးကင်ရင်ပြင်၌ အခွင့်အလမ်းများရှာဖွေရာတွင် အားသာချက် ရရှိမည်ဖြစ်သည်။

“ ငါတို့အားလုံးက ရှေးခေတ်က ကျန်ရစ်ခဲ့တဲ့မျိုးဆက်တွေပဲ ငါတို့တွေအတူတူ ပူးပေါင်းသင့်တယ် မဟုတ်လား အစ်ကိုကူ။ ”

ထိုသို့ပြောကြားနေစဉ် ချီရှောင်က တစ်စုံတစ်ရာကို သတိရသွားသကဲ့သို့ နဖူးထံ ပြန်ရိုက်ကာ၊

“ စကားမစပ်၊ မင်း ငါတို့နဲ့ မဟာမိတ်ဖွဲ့ဖို့သဘောတူရင် အခြေအနေ နှစ်ရပ်ကို နားလည်ထားရမယ်။ ”

-ဟု စည်းကမ်းကို ပြောပြရန် သတိရသွားသည်။ ကူချန်နင်မှ စိတ်ဝင်စား သွားတော့၏။

“ ငါနားထောင်နေပါတယ်။ ”

“ နံပါတ်တစ် ... မင်းမဟာမိတ်ဖွဲ့ပြီးရင် ငါတို့အားလုံးက တာအိုဟွမ်နဲ့ တာအိုမိုတို့ရဲ့ အမိန့်ကို လိုက်နာရမယ်။ ”

ဤတစ်ကြိမ်တွင် ကူချန်နင်တစ်ယောက် အနည်းငယ် မျက်မှောင်ကြုတ်သွားလေသည်။

“နံပါတ်နှစ် ... ဒါကအရမ်းရိုးရှင်းပါတယ် ငါတို့ရဲ့ဘုံရန်သူက စုရီပဲ .. တကယ်လို့ ဒီကောင် ပေါ်လာရင် ... သူ့ကိုသတ်ဖို့ ပူးပေါင်းပေးပါ။ ”

သို့မှသာ ဟွမ်ရှောင်ယု မဟာမိတ်အဖွဲ့၏ အဓိကပစ်မှတ်ထားသည့် ရည်ရွယ်ချက်အပေါ် နားလည်လာခဲ့သည်။

“ မင်းဘယ်လို သဘောရလဲ။ ”

ချီရှောင်က မေးသည်။ ကူချန်နင်မှ တုန့်ပြန်ခြင်းမရှိချေ။ ယင်းကြောင့် ချီရှောင်က မျက်မှောင်ကြုတ်လိုက်ပြီး၊

“ ဘာလို့ တုံ့ဆိုင်းနေရတာလဲ အစ်ကိုကူ။ ”

-ဟု မေးမြန်း၏။

ထိုအချိန်တွင် သူတို့စကားဝိုင်းကို နားထောင်နေသော မိုရှင်းဇီက၊

“ တာအိုကူ ... မင်းအမြင်မှာ ငါတို့အားလုံး ပေါင်းလိုက်ရင်တောင် အဲဒီလူနဲ့ မယှဉ်နိုင်ဘူးလို့ မင်းထင်နေတာတော့ မဟုတ်လားဘူး မဟုတ်လား။ ”

-ဟု ဝင်ရောက် မေးမြန်းလာသည်။

“ ဟား ဟား ဟား ... ။ ”

မိုရှင်းဇီ၏ လှောင်ပြုံးဖြင့် မေးမြန်းလိုက်သံကြောင့် ရှေးခေတ်ပါရမီရှင်များ အားလုံးခမျာ မထိန်းနိုင်တော့ဘဲ ရယ်မောလိုက်ကြလေသည်။

သူတို့အားလုံးသည် ဝိညာဉ်ထင်ရှားခြင်း အဆင့်သို့ ရောက်ရှိပြီး စုရီကိုဖြေရှင်းရန်အတွက် လက်တွဲသည်မှာ သတိပိုလွန်း၏။

ဤအခြေအနေမျိုးတွင် သူတို့အားလုံး ပေါင်းစည်းခြင်းဖြင့် စုရီပြိုင်ဘက် မဖြစ်နိုင်ဟု ထင်မြင်ယူဆခြင်းသည် မိုက်မဲလွန်းရာ ရောက်ပေလိမ့်မည်။

ဟွမ်ရှောင်ယုတို့အဖွဲ့သည် လှောင်ပြောင်ရယ်မောနေသဖြင့် ကူချန်နင်မှ မျက်မှောင်ကြုတ်သွားသည်။

ဤလူများသည် နောက်ခံနှင့် အရည်အချင်းအရ မျိုးဆက်ဟောင်းများထက် ပို၍သန်မာလာသည်မှာ အမှန်ပေပင်။

“ အစ်ကိုကူ၊ မင်းဆန္ဒမရှိရင် ငါတို့အတင်းအကြပ် မလုပ်ပါဘူး ဒါပေမယ့် မင်း ရှင်းရှင်းလင်းလင်း စဉ်းစားရမယ် ကောင်းကင် ရင်ပြင်ကို မင်းဝင်တဲ့အခါ ... မင်းကငါတို့ရဲ့ ပြိုင်ဘက်ပဲ။ ”

“ တောင်းပန်ပါတယ် ငါတစ်ယောက်တည်း နေရတာ ကြိုက်တယ်။ ”

ကူချန်နင်မှ လျစ်လျူရှုူလျက် မဝေးသောအရပ်၌ တစ်ဦးတည်းတိတ်ဆိတ်စွာ သွားရပ်နေလိုက်သည်။

ထိုမြင်ကွင်းကြောင့် ချီရှောင်က အနည်းငယ်မျက်မှောင်ကြုတ်ပြီး အံ့သြသွား တော့၏။

“ မင်းအတွက် ဘာကောင်းလဲ မသိဘူး။ ”

တစ်စုံတစ်ယောက်က အေးစက်စွာ ဟစ်အော်လိုက်သည်။ သို့သော် ဟွမ်ရှောင်ယုမှ လက်ကိုဝှေ့ယမ်းပြလျက်၊

“ စိတ်မဆိုးကြနဲ့ ... လူတိုင်းမှာ ကိုယ်ပိုင်ဆန္ဒတွေရှိတယ် ဒါကို အတင်းအကြပ် လုပ်လို့မရဘူး ဒါပေမယ့် ချီရှောင်ပြောခဲ့သလိုပဲ ကောင်းကင်ရင်ပြင်ကို ဝင်တဲ့အခါ ... သူ့မှာ သတ္တိရှိလားဆိုတာ ငါသိချင်တယ်။ ”

-ဟု ပြောကြားတော့၏။

စကားလုံးများသည် ပေါ့ပေါ့ပါးပါးရှိသော်လည်း ခြိမ်းခြောက်မှု အပြည့်ပါရှိနေသည်။

ကူချန်နင်တစ်ယောက် အမူအရာ အနည်းငယ် ပြောင်းသွားလေသည်။ ဤလူသည် အလွန်ကြမ်းတမ်းပြီး ရူးသွပ်သော ဇာတ်ကောင်ဖြစ်၏။

ထိုသို့သော အရူးမျိုးသည် သူ့အပေါ် ရန်ငြိုးဖွဲ့လာသော် ကံကောင်းနိုင်တော့မည် မဟုတ်ချေ။ သို့တိုင် ဆိတ်ဆိတ်နေရန် ရွေးချယ်လိုက်၏။

ဟွမ်ရှောင်ယု၏ခြိမ်းခြောက်မှုနှင့် နှိုင်းယှဉ်ပါက စုရီနှင့်ပတ်သက်သည့် ကိစ္စများ သည်သာ တားမြစ်ချက်ဖြစ်သည်။

“ ဒီလူက ဟွမ်ရှောင်ယုတို့နဲ့ ... ပူးပေါင်းဖို့ငြင်းခဲ့တာ တကယ်ထူးဆန်းတယ်။ ”

ချန်လုက ထိုမြင်ကွင်းကို အဝေးမှကြည့်နေလျက်ဖြင့် စိတ်ရှုပ်ထွေးဟန် ရေရွတ်လိုက်၏။

“ ဒါတော့အမှန်ပဲ ... ။ ”

ကျန်လီ မျက်ဝန်းများ မှေးစင်းသွားသည်။ ဤလျှို့ဝှက်နယ်မြေတွင် ဟွမ်ရှောင်ယုအဖွဲ့မှာ အလွန်အစွမ်းထက်နေပြီဖြစ်၏။ မည်သူမျှ ၎င်းတို့အပေါ် ခုခံဝံ့မည်မဟုတ်ချေ။

သို့သော် အံ့သြစရာကောင်းစွာပင် ကူချန်နင်သည် ဟွမ်ရှောင်ယု၏ ဖိတ်ကြားချက် အပေါ် ငြင်းပယ်ခဲ့သည်။

“ ကူချန်နင်အကြောင်း ထားလိုက်ပါ ဒီလိုအခြေအနေမျိုးမှာ စုရီရောက်လာရင် ... သူ ငါတို့နဲ့လက်တွဲဖို့ ရွေးချယ်မယ်ထင်တယ်။ ”

ယွီဝမ်ရှက အကြောင်းအရာကို ဆွေးနွေးလေသည်။ လက်ရှိအချိန်တွင် အင်အား နှစ်ရပ်ကွဲနေပြီဖြစ်၏။ စုရီသည် ယနေ့ခေတ် ပါရမီရှင်များအနက် ရှားပါးသော ဘီလူးတစ်ကောင်ဖြစ်သည်။

ထို့ကြောင့် သူ့အမြင်အရ စုရီသည်သာ ဤဟွမ်ရှောင်ယုတို့နှင့် တိုက်ချင်သော် သူတို့ထ့ ပူးပေါင်းရပေမည်။ သို့သော် ချန်လုမှ ခေါင်းခါသည်။

“ ငါသဘောမတူဘူး စုရီသာ ငါတို့နဲ့ပါဝင်လာခဲ့မယ်ဆိုရင် ... ငါတို့အားလုံး ငြိစွန်းသွားလိမ့်မယ်။ ”

ယွီဝမ်ရှတစ်ယောက် တိတ်ဆိတ်သွားတော့သည်။ သူတို့အားလုံးသည် စုရီနှင့်ရင်းနှီးသော ဆက်ဆံရေးမရှိသဖြင့် လွန်အံ့မထင်ချေ။

ထိုအချိန်အတွင်း နောက်ထပ် ရှေးဟောင်းအကြွင်းအကျန် နတ်ဆိုးနှစ်ဦး ရောက်ရှိလာပြီး ဟွမ်ရှောင်ယုတို့နှင့် ပူးပေါင်းသွားသည်။

များမကြာခင် ကျန်းဖူနှင့် ချီကျန့်စုတို့ ရောက်ရှိလာ၏။ ၎င်းတို့သည် ဟွမ်ရှောင်ယု၏ ဖိတ်ခေါ်မှုကို ငြင်းဆိုသွားသည်။

ထို့ကြောင့် ဟွမ်ရှောင်ယုမှ ထပ်မံပြီး ဖိတ်ခေါ်ခြင်းမပြုတော့ချေ၊ လက်ရှိအင်အားဖြင့် ကောင်းကင်ရင်ပြင် တစ်ခုလုံးကို သိမ်းရန် လုံလောက်နေပြီဖြစ်သည်။

နေဝင်ရီတရောအချိန်တွင် လီဟန်ထောင်နှင့်အဖွဲ့ ရောက်ရှိလာလေသည်။ ဟွမ်ရှောင်ယုတို့အဖွဲ့ကို မြင်လိုက်သောအခါ မျက်ဝန်းများ မှေးစင်းလျက် ပြုံးလိုက်၏။

( ဒီကောင် စုရီလာဝံ့မလား ကြည့်မယ်။)

တစ်ချိန်တည်းမှာပင် ဖုန်တု၊ချင်ယွင်၊ မိန်ယန်ပိုင်နှင့် သော်ခိုတို့သည် တောင်ခြေသို့ ရောက်ရှိလာခဲ့သည်။

သို့သော် သူတို့အားလုံးသည် ကြယ်စုစည်းခြင်းအဆင့်၌သာရှိသဖြင့် ဤသို့သို့ တက်ရောက်ဝံ့ခြင်းမရှိကြချေ။

“ ကံမကောင်းစွာနဲ့ပဲ ငါတို့ ဒီအခွင့်အရေးကြီးကို လက်လွှတ်လိုက်ရတယ် ဒါပေမယ့် ဒီခရီးမှာ အောင်မြင်မှုတွေရယူဖို့ အခွင့်အရေးရှိခဲ့တာ တော်ပါသေးတယ်။ ”

ဖုန်တုမှ ညည်းညူလိုက်၏။

“ ဟမ့် ... ဒီလိုအခြေအနေမျိုးမှာ အဲဒီစုရီလာဖို့ သတ္တိရှိမယ်လို့ မင်းထင်လား။ ”

သော်ခိုမှ ရုတ်တရက် မေးလိုက်သည်။

“ သူရောက်လာရင် သတ်သေတာနဲ့ ဘာကွာခြားမှာလဲ။ ”

ချင်းယွင်မှ ဒေါသတကြီးပြောသည်။ စုရီအမည်ကြားလိုက်ချိန်တိုင်း လုယူသွားသော ရတနာများပြန်သတိရကာ နှလုံးသားတစ်ခုလုံး နာကျင်စေ၏။

“ ဒါပေမယ့် စုရီက သူနဲ့ထိုက်တန်တဲ့ ပြိုင်ဘက်တချို့ကို မျှော်လင့်နေပါတယ်လို့ ပြောထားတာပဲ။ ”

သော်ခိုမှ တွန့်ဆုတ်စွာ ထပ်ပြော၏။

“ ဟား ဟား ဟား ... ဒါဆို ... မင်းရဲ့စုရီလာဝံ့ရင် သူ့ကိုဘိုးဘေးလို့ ငါ ခေါ်ပြမယ်။”

သို့သော် ချင်းယွင် စကားမဆုံးခင် လွင်ပြင်ကိုဖြတ်ကာ ပျံသန်းလာနေသော လူရိပ်များ မြင်လိုက်ရချေသည်။

ဦးဆောင်လာသော လူငယ်သည် ကျောက်စိမ်းရောင်ဝတ်ရုံစ တဖျပ်ဖျပ်ခတ်လျက် စုရီဖြစ်ချေ၏။

“ ဒီကောင် တကယ်လာတာလား။ ”

***

All Chapters