← Chapters

လူတိုင်းသေရမယ် ... ။

Vol. 39 Ch. 464

လူတိုင်းသေရမယ် ... ။

Vol. 39 Ch. 464

တိုက်ပွဲကိုဗဟိုပြုသော ထိုဧရိယာသည် ပျက်စီးသွားခဲ့ပြီး လေထုအလယ် သတ်ဖြတ်ခြင်း ရည်ရွယ်ချက်များ တဝဲလည်လည်ဖြစ်နေ၏။

အဝေးမှ ကြည့်ရှုသူများသည်ပင် အံ့သြထိတ်လန့်မှုများနှင့် ပြည့်နှက်လာသည်။ စုရီသည် မျက်စိတစ်မှိတ် အတွင်းမှာပင် ဝိညာဉ်ထင်ရှားခြင်းအဆင့် သုံးဦးကို သတ်ပစ်ခဲ့၏။

သူ၏တိုက်ပွဲဝင်စွမ်းအားသည် ကောင်းကင်နှင့်မြေကြီးကို မှောက်လှန်နိုင်သည့် အစွမ်းမျိုးရှိချေပြီ။

ဟွမ်ရှောင်ယု၊ မိုရှင်းဇီနှင့် ကျန်ရှေးဟောင်း နတ်ဆိုးလေးယောက်တို့သည် ဖော်မပြနိုင်သော ခံစားချက်များ ဖြစ်ပေါ်လာခဲ့သည်။

သူတို့အားလုံး၏ အမြင်တွင် မဟာမိတ်ဖွဲ့ပြီးနောက် စကြာဝဠာကျွန်းကို စိုးမိုးနိုင်လိမ့်မည်ဟု ထင်ခဲ့၏။

ယခုမူ ကြောက်ရွံ့မှု၊ စိတ်ရှုပ်ထွေးမှုနှင့် ဒေါသများ နှလုံးသားအတွင်း ရောယှက်လာခဲ့ ချေသည်။

“ ဟမ့် ... မင်းအနိုင်ရမယ် ထင်နေတာလား။ ”

ဟွမ်ရှောင်ယု၏ မျက်ဝန်းများသည် သွေးများထွက်လာပြီး အငွေ့အသက်များ ပို၍ သိပ်သည်းလာ၏။

“ သေချာတာပေါ့ ... မင်းတို့အားလုံး ဒီနေ့သေခြင်းကနေ မလွတ်မြောက်နိုင်ဘူး။ ”

စကားဆုံးသည်နှင့် စုရီက လေထဲ လှမ်းတက်ကာ အနီးဆုံးဖြစ်သော ချီရှောင်ဆီသို့ အသာအယာ ခုတ်ပိုင်းချပစ်လိုက်သည်။

“ ဝှစ် ... ။ ”

ချီရှောင်တစ်ယောက် မျက်နှာ ရုတ်တရက်ပြောင်းသွား၏။ ယခုအချိန်၌ စုရီကို ထိပ်တိုက်ရင်ဆိုင်ရန် မည်သို့သတ္တိရှိမည်နည်း။ ယင်းကြောင့် ချက်ချင်း လှည့်ပြေးသည်။

“ ဝှစ် ... ။ ”

တစ်ဆက်တည်းမှာပင် လျှို့ဝှက် သင်္ကေတတစ်ခု ရုတ်တရက် ပေါက်ကွဲသွားပြီး ရွှေရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။

“ ဝူး ... ။ ”

ခဏအတွင်း ချီရှောင်တစ်ယောက် လေထုအလယ် ပျောက်ကွယ်သွားတော့သည်။

“ လွတ်မြောက် အဆောင်လား ။ ”

စုရီက လှောင်ပြောင်လိုက်သည်။ နတ်အာရုံဖြင့် ​အမှတ်အသားပြုလိုက်ပြီးဖြစ်ရာ တစ်ဖက်လူသည် မည်သို့လွတ်မြောက် နိုင်မည်နည်း။

“ ရွှပ် ... ။ ”

အမှောင်နတ်ဓား လှုပ်ရှားသွားပြီး ပေတစ်ထောင် အကွာအဝေးတွင် သွေးပန်းများ ပွင့်ထွက်လျက် ခန္ဓာကိုယ်နှစ်ခု ကောင်းကင်မှ ပြုတ်ကျလာ၏။

ဤသည်မှာ ချီရှောင်၏ ခန္ဓာကိုယ်ကြီးဖြစ်သည်။ ထက်ဝက်ပိုင်းဖြတ် ခံထားရပြီး သနားစရာကောင်းချေ၏။

လူတိုင်းက ဦးရေပြားများ ထုံကျဉ်သွားသည်။ တစ်ဆက်တည်းမှာပင် ကူချန်နင်ထံ လှည့်ကြည့် လိုက်ကြ၏။ ထိုစဉ်က ချီရှောင်သည် ကူချန်နင်ကို ဖိတ်ခေါ်ခဲ့သည်။

ကူချန်နင်သည် ငြင်းပယ်ပြီးနောက် အသက်ရှင်ကျန်ခဲ့၏။ ဆုံးဖြတ်ချက်တစ်ခုသည် အသက်နှင့်သေခြင်းကို ပေးလေသည်။

“ စုရီ ... ကျေးဇူးပြုပြီး အခုရပ်လို့ရမလား မင်းလူတိုင်းကိုသတ်ရင် ဒီကနေထွက်တဲ့အခါ လက်စားချေခံရမှာ မင်းသိထားသင့်တယ်။ ”

မိုရှင်းဇီမှ ညှိနှိုင်းရန် ကြိုးစားသည်။ လက်ရှိဖြစ်စဉ်များအရ တစ်ဖက်လူသည် သူတို့ အပေါ်သတ်ရန် ဆုံးဖြတ်ထားပုံပေပင်။

“ ငါမင်းကို သတ်လိုက်ရင် ... ဘယ်သူ လက်စားချေဝံ့မှာလဲ။ ”

စုရီက ပြတ်သားစွာ ပြောလိုက်သည်။

“ သူ့ကိုသတ် ... ။ ”

​ဟွမ်ရှောင်ယုက လျှို့ဝှက်သင်္ကေတ ဆယ်ခုကျော်ကို ပစ်ပေါက်လိုက်၏။ သက်တံ တစ်စင်းကဲ့သို့ ရောင်ဝါများ ကောင်းကင်ပေါ် ပျံတက်သွားလေသည်။

လျှို့ဝှက်သင်္ကေတ တစ်ခုစီသည် အလင်းရောင်များတောက်ပလျက် စက်ဝိုင်းကြီး အသွင် ပေါင်းစပ်သွား၏။

အဝေးမှ ကြည့်သော် ကောင်းကင်ယံ၌ နေဆယ်စင်း လင်းနေသကဲ့သို့ လောင်မြိုက်ခြင်း ရောင်ဝါများ အဆုံးမရှိကျဆင်းလာကာ မြေကြီးတုန်ခါနေစေသည်။

တစ်ချိန်တည်းမှာပင် ခုန်ယွီသည်လည်း မျက်ဝန်းများ နီရဲလာပြီး မီးကျောက်စိမ်းတုံးကို ထုတ်ယူကာ အသက်သွင်း၏။ ‌ကျောက်တုံးတွင် နဂါးနှင့် ကျားပုံသဏ္ဍာန် ​ရူရ်များစွား ရေးထိုးထားချေပြီ။

၎င်းမှအလင်းများ ပျံထွက်သွားသော အခါတွင် နဂါးနှင့်ကျား၏ အော်ငေါက်သံများ ရုတ်ချည်းပဲ့တင်ထပ်လာ၏။

နဂါးနှင့်ကျားသည် လေနှင့်မိုးကြိုးကို ဆင့်ခေါ်လျက် လေဟာနယ်တစ်ခုလုံးအပေါ် ပိတ်ဆို့သွားချေပြီ။ စွမ်းအားသည် စိတ်ကူး မယဉ်နိုင်လောက်အောင်ပေပင်။

“ ဝှစ် ... ။ ”

ထိုစဉ် မိုရှင်းဇီသည် သွေးနီရောင် အလင်းတန်းသဖွယ် ပြောင်းလဲပြီး ဦးတည်ရာ တစ်ရပ်သို့ လှည့်ပြေးတော့၏။

“ ဟမ့် ... မင်းကိုပြောခဲ့သားပဲ ... မင်းတို့ဘယ်သူမှ မလွတ်နိုင်ပါဘူးလို့ ... ။ ”

စုရီက လှောင်ပြောင်ပြီး ဓားကို သုံးကြိမ်ဆက်တိုက် လွှဲချလိုက်လေသည်။

“ ရွှပ် ... ။ ”

ပထမဓားသည် နေဆယ်စင်းအလား တောက်ပနေသော အလင်းစက်ဝိုင်းများအပေါ် ဖြတ်တောက်လိုက်သည်။

လေဟာနယ် အက်ကွဲလျက် အရာခပ်သိမ်းကို ပြိုကွဲကာ ကောင်းကင်တခွင် အလင်းမိုးများ ရွာချလာ၏။

ဒုတိယဓားသည် တောင်ကဲ့သို့ ခိုင်ခံ့ပြီး တန်ခိုးကြီးသည်။ ၎င်း၏ စွမ်းအားအောက်တွင် နဂါးနှင့်ကျားက ကျယ်လောင်စွာ အော်ဟစ် မြည်တမ်းလျက် ပျောက်ကွယ်သွား၏။

တတိယဓားမှာမူ လေဟာနယ်အတွင်း မုန်တိုင်းတစ်စင်းလို အရပ်ရပ်သို့ ပျံ့ကားသွား လေသည်။ များမကြာခင် ပေါက်ကွဲသံများ ထွက်ပေါ်လာ၏။

မဝေးလှသော အရပ်တွင် မိုရှင်းဇီတစ်ယောက် မျက်နှာဖြူဖျော့လျက် ကြောက်ရွံ့မှုအပြည့်နှင့် ပြန်ပေါ်လာပြီး၊

“ ငါ့သွေးအနှစ်သာရ လောင်မြိုက်ပြီး တားမြစ်လွတ်မြောက်ရေး နည်းစနစ်ကို မင်း ဘယ်လို ချိုးဖျက်နိုင်ရတာလဲ။ ”

-ဟု မေးမြန်တော့သည်။

ဤသည်မှာ မရဏငရဲနန်းတော်၏ တားမြစ်ထားသော နည်းစနစ်များအနက်မှ တစ်ခုဖြစ်ပြီး ပြေးရန်အထူးပြုသည်။

ဝိညာဥ်တာအိုနယ်ပယ် ကျင့်ကြံသူ တစ်ဦးပင် ဟန့်တားနိုင်မည် မဟုတ်ချေ။ စုရီမှ လှောင်ပြုံးသည်။

“ လွတ်မြောက်ဖို့ နည်းစနစ်များစွာကို ငါတွေ့ဖူးတယ် ... မင်းရဲ့သွေးလောင်ကျွမ်းခြင်း တားမြစ်နည်းစနစ်က အစွမ်းထက်ပုံ ပေါက်ပေမယ့် ...

... တကယ်တမ်းမှာတော့ အပြစ်အနာအဆာတွေနဲ့ ပြည့်နှက်နေပါတယ် ပြောဖို့တောင် မထိုက်တန်ပါဘူး။ ”

ထို့နောက် မထီမဲ့မြင်ဟန်ဖြင့် မှတ်ချက်ပေးလိုက်ကာ အမှောင်နတ်ဓားကို လှမ်းထိုးလိုက်သည်။

လက်ရှိအချိန်၌ မိုရှင်းဇီ၏ တိုက်ပွဲဝင် ဆန္ဒများပြိုကျနေကာ လွတ်မြောက်ချင်ရုံသာ ရှိတော့၏။ ယင်းကြောင့် တောင်အောက်သို့ ချက်ချင်းခုန်ချလိုက်တော့သည်။

“ ဘောင်း ... ။ ”

သို့သော် ဓားအလင်းထိမှန်သွားကာ ခန္ဓာကိုယ်ပေါက်ကွဲလျက် သွေးများ ပန်းထွက် လာတော့သည်။

ကံကောင်းစွာဖြင့် သူ့ဝိညာဉ်သည် လွတ်မြောက်သွားပြီး တောင်ပေါ်မှ ဆက်၍ ခုန်ဆင်းသွားခဲ့၏။

“ ဝူး ... ။ ”

ထိုစဉ်တောင်ခါးပန်းရှိ ရစ်သိုင်းနေသော အနက်ရောင်မြူများသည် သူ့ဝိညာဉ်အပေါ် ချက်ချင်းဖုံးလွှမ်းလာသည်။

မိုရှင်းဇီဝိညာဉ်ခမျာ ပင့်ကူမျှင်တွင် တွယ်ညိသွားသော ပိုးဖလံငယ်တစ်ကောင်ကဲ့သို့ လွတ်မြောက်ခြင်း မရှိတော့ချေ။

ဆန့်ကျင်ဘက်အနေနှင့် အမှောင် တားမြစ်စွမ်းအား၏ တိုက်စားမှုအောက်တွင် အပေါက်များနှင့် ပြည့်နှက်လာခဲ့၏။

“ မဟုတ်ဘူး ... မဟုတ်ဘူး ... ။ ”

မိုးရှင်းဇီတစ်ယောက် ထိတ်လန့် တုန်လှုပ်နေသောအသံဖြင့် အော်ဟစ်လာချေပြီ။ သို့သော် မျက်စိတစ်မှိတ်အတွင်းမှာပင် သူ့ဝိညာဉ်တိမ်မြုပ်သွားတော့၏။

ဤမြင်ကွင်းသည် ကြောက်စရာ ကောင်းလွန်းချေပြီ။ သံသရာတောင်ပေါ်ရှိ အမှောင်တားမြစ်စွမ်းအားသည် အားပျော့နေ သော်လည်း အန္တရာယ်ရှိနေသေးကြောင်း သဘောပေါက်လာကြ၏။

“ ဒီလမ်းကို ... မင်းကိုယ်တိုင် ရွေးချယ်ခဲ့တာပဲ ... ဘယ်သူ့ကိုမှ အပြစ်တင်လို့ မရပါဘူး။ ”

ထိုမြင်ကွင်းကြောင့် စုရီမှခေါင်းခါလျက် မှတ်ချက်ပေးကာ ဟွမ်ရှောင်ယုနှင့် ခုန်ယွီထံ လှည့်ကြည့်လိုက်တော့သည်။

“ အခု မင်းတို့အလှည့်ရောက်ပြီ။ ”

စုရီစကားကြောင့် ခုန်ယွီတစ်ယောက် ဆတ်ခနဲတုန်ယင် သွားချေပြီ။ အဆုံး၌ လေထဲ ဒူးထောက်ချလိုက်ပြီး၊

“ စုရီ၊ ငါရှုံးနိမ့်တာကို ဝန်ခံပါတယ် ... မင်းငါ့အသက်ကို နှမြောနိုင်ရင် ... မင်းရဲ့ရန်သူ မဖြစ်တော့ဘူးလို့ ကျိန်ဆိုပါတယ် ... ငါ့ရဲ့ ရိုးသားမှုပြပါ့မယ်။ ”

-ဟု တောင်းပန်တော့၏။

ပတ်ဝန်းကျင် တစ်​​နေရာလုံး ချက်ချင်း တိတ်ဆိတ်​သွား၏။ ဤသို့သော မြင်ကွင်းသည် လူတိုင်းအပေါ် သက်ရောက်မှု ရှိသည်မှာ သဘာဝပေပင်။

“ မဟုတ်ဘူး မင်းတို့အားလုံးသေရမယ် ... ။ ”

စုရီက ကြင်နာခြင်းမရှိ ပေါ့ပေါ့ပါးပါး ပြောကြားလိုက်တော့၏။ ခုန်ယွီခမျာ ခန္ဓာကိုယ် တောင့်တင်းလာပြီး အဆုံးတွင် ခုန်ထလာကာ၊

“ ကောင်းပြီ ... ငါသေရင်တောင် မင်းကိုအတူခေါ်မယ်။ ”

-ဟု ဆိုလျက် စုရီထံ ပြေးဝင်လာ၏။

သွေးသားစွမ်းအင်များ တောက်လောင်လာပြီး ကြောက်မက်ဖွယ်လှိုင်း အချို့ဖြစ်ပေါ်လာကာ သူ့ကိုယ်သူ ဖောက်ကွဲရန်ပြင်လိုက်သည်။

သို့သော် သူ့ခန္ဓာကိုယ်ကြီးသည် စုရီအနားမရောင်ခင် လေထုအလယ်မှ ပြုတ်ကျ သွားနေသည်ကို သတိထားမိလိုက်၏။

“ ဒါ ... ။ ”

တစ်ဆက်တည်းမှာပင် စုရီကို ပြန်မော့ကြည့်ရန် ကြိုးစားလိုက်သော်လည်း သူ့ကမ္ဘာကြီး အမှောင်ဖုံးသွားချေပြီ။

အဝေးမှ ကြည့်ရှုနေသူအားလုံး တုန်လှုပ်ခြောက်ခြားသွားကြသည်။ သူတို့သည် စိတ်နှလုံးများ ကမောက်ကမဖြစ်ကာ အချိန်အတော်ကြာ အသက်အောင့်ထားမိ၏။

ဟွမ်ရှောင်ယုတစ်ဦး တည်းသည်သာ လေထုအလယ် နဝေတိန်တောင်ဖြင့် ရပ်တန့်ပြီး ကျန်ရစ်ခဲ့ချေပြီ။ လူတိုင်းအမြင်တွင် သတ်ခံရန် စောင့်မျှော်နေသည့် သိုးသငယ်ပေပင်။

“ မင်းတစ်ယောက်ပဲ ကျန်တော့တယ်။ ”

စုရီက သက်ပြင်းချကာ ပြောကြားလိုက် တော့၏။ ဤမတိုင်မီ ထိုလိပ်မိုက်လေးအတွက် တစ်ဖက်လူအပေါ် သတ်ပေးမည်ဟု ကတိပေးခဲ့သည်။

ယခု ထိုကတိကို ဖြည့်ဆည်းပေးရမည့် အချိန်အခါပေပင်။ ဟွမ်ရှောင်ယုတစ်ယောက် အာရုံများ ပြန်လည်ရောက်ရှိသွားပြီး အဆုံးတွင် ရူးသွပ်သွားသကဲ့သို့ အော်ဟစ် ရယ်မောလိုက် တော့၏။

“ ဟား ဟား ဟား ... ။ ”

***

All Chapters